တစ်ခါတစ်လေတော့လည်း ကုမ္ပဏီရဲ့စီစဥ်မှုတွေက လိုအပ်တာထက် ပိုပြီးတင်းကြပ်နေတယ်။ ပြဿနာရှိတဲ့ Artistတွေကို အဝတ်လဲခန်းတောင် တူတူပေးမသုံးနိုင်တဲ့အထိ အဲ့လောက်တင်းကြပ်စရာလိုလို့လားလို့ ဗျူး မေးချင်မိပါရဲ့။ တစ်ပွဲလုံးပြီးတဲ့အထိ အစ်မကို အရိပ်ကလေးသာ မြင်လိုက်ရတယ်။
မီးရောင်စုံအောက်မှာ ပြုံးနေတဲ့အစ်မက သိပ်လှပေမဲ့ ရင်ထဲကဒဏ်ရာကိုဖုံးကွယ်ထားသလိုပဲ။ သူ့ပါတနာသစ်ကို လှည့်ကြည့်တဲ့အကြည့်တွေမှာ ဗျူးဟာ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားမိတယ်။ လက်ဗ်ကလည်း အစ်မကို တစ်ချက်တစ်ချက်လှမ်းကြည့်ပြီး စကားသိပ်မပြောပါ။ အစ်မမစ်ခ်နဲ့ သူ့ပါတနာကသာ ဝင်မထိန်းရင် မိတ်ဆက်ပွဲက ခြောက်ကပ်ကပ်ကြီးဖြစ်နေမှာ သေချာတယ်။
ဒါပေမဲ့လည်း တွဲထားတဲ့လက်တွေကို စင်အောက်ရောက်တဲ့အထိ မလွှတ်ချတဲ့အစ်မက Professionalဆန်ဆန်ပါပဲ။ အစ်မကိုလှည့်လှည့်ကြည့်တဲ့ သူ့ပါတနာရဲ့အကြည့်တွေကိုလည်း ဗျူးမကြိုက်ပါ။ ပတ်ချွဲနှပ်ချွဲလေသံကိုရောပေါ့။ ဗျူးနဲ့ရွယ်တူဆိုပေမဲ့ ဗျူးတုန်းကတော့ အဲ့လောက်ထိ ကလေးမဆန်ဘူး ထင်တာပါပဲ။
မင်မ်က လူရှေ့သူရှေ့မှာ စကားပြောတာတော့မဆိုးပါ။ ချန်နယ် သရီးက မင်းသမီးဟောင်းမို့လားတော့ မသိ။ ဒါပေမဲ့လည်း ပါတနာကို လုံးဝစိတ်မဝင်စားတာ သေချာပါတယ်။ ဒါဆိုရင်လည်း ဘာလို့များ မိန်းကလေးချင်းကြိုက်တဲ့ကားကို လာရိုက်နေသေးလဲလို့တော့ ဗျူးမမေးနိုင်။ လူတွေက အကုန် နာမည်ကြီးချင်ကြတာပဲမလား။ ဖြည်းဖြည်းချင်းရော၊ ဖြတ်လမ်းနည်းနဲ့ရော လူတိုင်းက ကိုယ့်နည်းကိုယ့်ဟန်နဲ့တော့ ကြိုးစားနေကြတာပါပဲ။
ဗျူးတို့နှစ်ယောက်ကြားက တိတ်ဆိတ်မှုကို ဖန်တွေက သတိထားမိကြသလို အများအမြင်မှာတော့ အစ်မနဲ့သူ့ပါတနာသစ်က သိပ်ရင်းနှီးကြတယ်လို့ ထင်ကြတာပဲ။ တကယ်တော့ နောက်ကွယ်မှာ ဘာတွေရှိလဲ ဘယ်သူမှမသိနိုင်။ ဗျူးတို့ဟာ မီဒီယာဇာတ်ခုံပေါ်က ကိုယ့်အလှည့်ကျမှကပြရတဲ့ ဇာတ်ရုပ်လေးတွေမလား။
ဒါပေမဲ့လည်း အစ်မနားကို ရုတ်တရက်ကြီးရောက်လာတဲ့ သူ့ကို မြင်ကတည်းက ဗျူးမကြိုက်ခဲ့တာ။ ပုဂ္ဂိုလ်ရေးအရဖယ်ကြည့်ရင်တောင်မှ သူ့ကိုမြင်တိုင်း ဗျူးစိတ်ထဲမှာလေးနေတာကရော ဘာကြောင့်များလဲ။ သူ့တည်ရှိမှုက ဗျူးကိုခြိမ်းခြောက်နေတယ်လို့များ ခံစားနေရတာလား။ ဗျူးမှာ ရေရာတဲ့အဖြေမရှိပါ။
သူက အစ်မအနားကို ခဏချင်းမှာပဲရောက်လာခဲ့ပြီး လျင်လျင်မြန်မြန်ပဲ နေရာရလာခဲ့တယ်။ပရိသတ်တွေက ဗျူးဂရုမစိုက်ခဲ့တဲ့အစ်မကို သူဂရုစိုက်ပေးလို့ အစ်မပျော်နေတာလို့ မြင်ကြတယ်။ အစ်မအတွက် အပြန်အလှန်ရှိတဲ့ ပါတနာကောင်းရလိုက်ပြီလို့ ပြောထားကြပါရဲ့။ ဒါတွေက ဗျူးရင်ကို ဓားနဲ့မွှန်းနေသလိုပဲ။ တစ်ခါတစ်ခါလည်း အပြောင်းအလဲ မြန်လွန်းတယ်လို့သာ တွေးမိတော့တယ်။
•
လွန်ခဲ့သည့် လအနည်းငယ်က•••
/And I know the night is fading
And I know the time's gonna fly/
ဆောင်းဘောက်စ်ကနေ လွင့်လာတဲ့သီချင်းသံက အစ်မလက်တွေကိုဆုပ်ကိုင်ထားတဲ့ ဗျူးကိုပြုံးမိစေတယ်။ ဘယ်သူထင်မှာလဲ။ ကေပေါ့ကိုကြိုက်တယ်ထင်ရတဲ့အစ်မက ဒီလိုခေတ်ဟောင်းသီချင်းတွေကို နားထောင်တတ်လိမ့်မယ်လို့။ ဒီသီချင်းဟာ ဗျူးတို့မမွေးခင် နှစ်နှစ်ဆယ်လောက်တုန်းက သီချင်းမဟုတ်လား။
"အစ်မက ဒီလိုသီချင်းတွေနားထောင်တယ်ဆိုတာ မယုံနိုင်စရာပဲ။"
"ဗျူးက အစ်မကို အထင်သေးတာပေါ့လေ။"
အစ်မက ခပ်တိုးတိုးရယ်တယ်။ သူ့ပေါင်ပေါ်မှာ အိပ်နေတဲ့ ဗျူးရဲ့နှာခေါင်းကို ခပ်ဖွဖွဆွဲညှစ်ပြီးတော့ သူ့လက်တွေကို ပါးမှာ ကပ်ထားတယ်။ ပါးကိုကိုင်ထားတာလားဆိုတော့လည်း မဟုတ်။ ခပ်ဖွဖွလေး တင်ရုံတင်ထားတာ။
အဲ့ဒီခံစားချက်က ထူးဆန်းတယ်လေ။ ခပ်ပြည့်ပြည့်လေးဖြစ်နေတဲ့ ပူတင်းတုန်အိအိလေးကို လက်ညှိုးလေးနဲ့ထောက်ထားသလိုမျိုး နူးနူးညံ့ညံ့လေး။ ပြီးတော့ အစ်မက ဒီလိုထိတွေ့တာကို ဗျူးကြိုက်တယ်။ ဗျူးက အစ်မအတွက် ပဲ့ကျသွားမှာကြောက်ရတဲ့ ဝင်ရိုးလေးတစ်နေရာလိုပေါ့။
/And I don't know how you do it
Making love out of nothing at all/
ရောင်နီသမ်းနေတဲ့ အပူရှိန်ဖျော့ဖျော့ညနေခင်း။ တိမ်ရောင်စုံတွေကို အစ်မအခန်းရဲ့ပြတင်းပေါက်ကျယ်ကျယ်တွေကတစ်ဆင့် လှမ်းမြင်ရတယ်။ ညနေစာကို ခပ်စောစော အတူစားပြီးနောက် အစ်မရဲ့ကုတင်သေးသေးလေးပေါ်မှာ ပူးကပ်နေကြရင်း ဗျူးက ဇွတ်တရွတ်ပဲ အစ်မပေါင်တံတွေကြား ခေါင်းအုံးရင်း အစ်မခေါင်းလေးပွတ်ပေးတာကို ဇိမ်ခံနေတာ။
ငယ်ငယ်က ဖေဖေဖွင့်လွန်းလို့အလိုလိုအလွတ်ရနေတဲ့ Air Supplyရဲ့ Making love out of nothing at all သီချင်းကို ခပ်တိုးတိုးလိုက်ညည်းတော့ အစ်မက မျက်ဝန်းတွေကိုမှိတ်ထားရင်း ဗျူးနဲ့တူတူ သီချင်းလိုက်ညည်းနေတယ်။ အစ်မရဲ့ ဖြူသွယ်သွယ်လက်လေးတွေကတော့ ဗျူးရဲ့ခပ်ပွပွဆံနွယ်တွေကြားမှာ ဖွဖွလှုပ်ရှားနေကြဆဲ။
/Every time I see you all the rays of the sun are all Streaming through the waves in your hair/
ပြတင်းပေါက်ကဝင်နေဆဲဖြစ်တဲ့ ခပ်ဖျော့ဖျော့နေရောင်က အစ်မရဲ့ဆံနွယ်တို့ကြားမှာ ရိုးတိုးရိပ်တိတ်ဖြာကျလို့။ အစ်မရဲ့မျက်နှာနုနုလေးဟာ နေရောင်အောက်မှာ မထိရက်မကိုင်ရက်ချင်စရာ။ အိမ်နေရင်းအဝတ်အစားနဲ့တောင်မှ အစ်မက သိပ်လှလွန်းတယ်။ ဗျူးဟာ အစ်မမျက်နှာလေးကို တခုတ်တရငေးမိရပါတယ်။
/The beating of my heart is a drum and it's lost And it's looking for a rhythm like you/
နှလုံးခုန်သံဟာ တဒုတ်ဒုတ်နဲ့။ ကျန်းမာရေးကောင်းသူတစ်ယောက်မို့လို့ နှလုံးခုန်မြန်တာ ပုံမှန်ပါပဲလို့ ကိုယ့်ကိုယ်ကို ဘယ်လောက်ပဲသတိပေးပေး၊ အစ်မရှေ့ရောက်တိုင်း ဖြန်းပက်လိုက်တဲ့ ရေစက်ရေမှုန်တွေလို မွစာကြဲသွားတဲ့ ရင်ခုန်သံတွေ။ အစ်မရဲ့သဘာဝအတိုင်းရဲနေတဲ့ နှုတ်ခမ်းဖူးဖူးလေးတွေကို ကြည့်ရင်း ဗျူးဟာ တစ်သက်နဲ့တစ်ကိုယ် ကူကယ်ရာမဲ့နေခဲ့တာပဲ။
အစ်မက သိသိသာသာတိုးသွားတဲ့ဗျူးရဲ့သီချင်းညည်းသံတွေကို သတိထားမိသွားဟန်နဲ့ မျက်ဝန်းတွေကို ဖွင့်ကြည့်လာခဲ့တယ်။ အစ်မကတော့ အမှားကြီးမှားပြီပဲ။ အစ်မတစ်ကိုယ်လုံးမှာ ဗျူးသဘောအကျရဆုံးအစိတ်အပိုင်းက အစ်မရဲ့ စကားပြောတဲ့မျက်ဝန်းလှလှလေးတွေ ဖြစ်နေခဲ့တာ။
/And I'm never gonna make it like you do
Making love out of nothing at all/
ကိုယ့်ကိုယ်ကို ဘာလုပ်လိုက်တယ်ဆိုတာကို မရိပ်စားမိခင်မှာပဲ ဗျူးဟာ ထထိုင်လိုက်မိပြီဖြစ်ပါတယ်။ ပြီးတော့ အံ့သြမှုကြောင့် အနည်းငယ်ဟသွားတဲ့ နှုတ်ခမ်းလှလှလေးတွေဆီကို တိုးကပ်သွားမိတယ်။ စက္ကန့်အနည်းငယ်အတွင်းမှာပဲ ဗျူးရဲ့တုန်ရီနေတဲ့နှုတ်ခမ်းတွေက အစ်မနှုတ်ခမ်းလှလှလေးတွေ အပေါ်ကို ကျရောက်သွားခဲ့ပြီဖြစ်ပါတယ်။
ရိုက်ကွင်းမှာ နမ်းနေခဲ့သလိုမျိုး Chaste Kiss လေးတော့မဟုတ်ခဲ့ပါ။ အစကတော့ ဒီလိုရှည်ကြာသွားမယ်လို့လည်းမထင်။ အစ်မရဲ့နှုတ်ခမ်းတွေက ချိုလွန်းတယ်။ အစ်မနှုတ်ခမ်းတွေ ဒီလောက်ချိုမှန်းသာသိရင် စတော်ဘယ်ရီယိုစားဖို့ ဘယ်လိုတော့မှာလဲ။ မထင်မှတ်ထားတာမို့ အနည်းငယ်ကြောင်အသွားပုံရတဲ့အစ်မက သတိထားမိမိချင်းမှာပဲ အနမ်းတွေကို ပြန်တုံ့ပြန်လာခဲ့တယ်။
/(Making love) Out of nothing at all
(Making love) Out of nothing at all/
ရုပ်ရှင်တွေရိုက်ကူးနေရပေမဲ့ နှစ်ယောက်လုံးက မကျွမ်းကျင်ပါ။ ချွတ်ချော်မှုတွေနဲ့ အလွဲလွဲ။ စိတ်ဆန္ဒရဲ့ဦးဆောင်ရာနောက်ကိုပဲ စမ်းတဝါးဝါးလိုက်နေခဲ့ကြရတာ။ ဒါပေမဲ့လည်း ဒီခံစားချက်က သိပ်ကျေနပ်ချင်စရာ။ အစ်မခါးသိမ်သိမ်လေးကို တင်းတင်းဖက်ထားရင်း ဗျူးစိတ်တွေကိုလွှတ်ပေးလိုက်တော့ အစ်မရဲ့လက်ကလေးတွေက ဗျူးရဲ့လည်တိုင်ကို သိုင်းဖက်လာခဲ့တယ်။
အဆုံးသတ်ခါနီး သီချင်းသံအေးအေး။ သဘာဝအတိုင်း ပြတင်းပေါက်ကိုဖြတ်ပြီး တိုက်လာတဲ့လေအေးအေး။ နှစ်ယောက်စလုံးပေါ်ကို ဖြာကျနေတဲ့ လိမ္မော်ရောင် နေခြည်ဖျော့ဖျော့တို့ကြား လမ်းပျောက်နေခဲ့တဲ့ နှစ်ဦးသားဟာ ကိုယ့်ကိုယ်ကို ပြန်ရှာတွေ့ခဲ့ကြရတယ်။
_________________________________
#tobecontinued
Charm || 7 Mar,2025
Copyright 2025,Charm,All rights reserved
License - CC-BY-NC-SA
You are reading the story above: TeenFic.Net