Chapter - [6]

Background color
Font
Font size
Line height

"အခု ဘယ်လိုလုပ်လိုက်တာလဲ အစ်မ။"

အရှေ့ကနေ ပိတ်ရပ်ရင်းမေးလိုက်တော့ သိသိသာသာနွမ်းနယ်နေတဲ့အစ်မက ဗျူးကို တစ်ချက်မော့ကြည့်တယ်။ အရင်လို အကြည့်တွေများ အစ်မဆီမှာ ရှိနေအုံးမလား ရှာဖွေကြည့်ပေမဲ့ တစ်ခုမှမရှိ။ အဲ့ဒီအစား နှင်းမှုန်လိုဝေဝါးနေတဲ့မျက်ဆန်တွေနဲ့ပဲ ကြုံရတယ်။

သော့ခတ်ထားတဲ့အစ်မအခန်းရှေ့မှာ ညနေကတည်းက စောင့်နေခဲ့ပေမဲ့ အစ်မက ညသန်းခေါင်လောက်မှ ပြန်ရောက်လာခဲ့တယ်။ အခုထိ ရိုက်ကွင်းကအဝတ်တွေကိုတောင် မလဲရသေး။ ဘာတွေဘယ်လောက်များ ရိုက်ကူးနေလို့များ ဒီလောက်ထိ ကြာနေခဲ့တာလဲ။

တင်းတင်းဆုပ်ထားတဲ့ဗျူးရဲ့လက်တွေဟာ ဒေါသနဲ့စိတ်ပျက်မှုတို့ပေါင်းပြီး သွေးရောင်ပျောက်တဲ့အထိ ဖြူဖျော့လို့။ ဗျူးရင်ထဲက သောကလှိုင်းလုံးတွေကရော အစ်မရဲ့ကမ်းမှာ လာရိုက်ခတ်ပါရဲ့လား။ ဗျူးဟာ မျှော်လင့်ချက်မဲ့တဲ့လူတစ်ယောက်လို အစ်မကိုကြည့်ပြီးမယုံနိုင်။ ဒီအကြောင်းအရာကိုစစချင်းကြားရတုန်းက ဗျူးဘယ်လောက်ထိ ရှော့ခ်ရသွားတယ်လို့ အစ်မထင်လဲ။

ညနေစာစားနေတဲ့အချိန်မှာပဲ ဒီသတင်းကိုကြားလိုက်ရတဲ့အခါ ဗျူးဟာ နားထင်ပွင့်သွားတဲ့လူတစ်ယောက်လိုပဲ။ အနားမှာတေ့ပြီးဖြုတ်ချလိုက်တဲ့ သေနတ်သံကို ပီပီသသ ကြားလိုက်ရပါတယ်။ တုန်ယင်နေတဲ့လက်တွေနဲ့ပဲ ဖုန်းကိုဆက်တိုက်နှိပ်လိုက်မိတော့ မဖြစ်နိုင်ဘူးလို့တွေးထားတဲ့အတွေးတွေဟာ တစ်စစီပြန့်ကျဲလို့။ နှစ်ယောက်တွဲဓာတ်ပုံကို ​မြင်လိုက်ရချိန်မှာ ဗျူးဟာ နေရာမှာတင် အရုပ်ကြိုးပြတ်။ ကျကွဲသွားတဲ့ပန်းကန်ကွဲတွေကြား ပြိုကျသွားတဲ့ယုံကြည်မှုတွေ။ ဗျူးဟာ အစားကိုတောင် ဆက်မစားနိုင်တော့။

ကုမ္ပဏီကလူတွေရဲ့တီးတိုးစကားသံတွေ၊ ထူးဆန်းတဲ့အကြည့်တွေကို အံကိုတင်းတင်းကြိတ်ပြီးကျော်ဖြတ်ရင်း အစ်မရှိမယ်ထင်ရတဲ့နေရာကို အပြေးလာခဲ့ရတယ်။ ဆိုရှယ်ပေါ်မှာလည်း ဒီသတင်းက ပြန့်ပြီးသားဖြစ်နေမှာပါ။ ဗျူးသိလိုက်ရတာထက်အရင် သိကြသူတွေလည်း ရှိမှာပါပဲ။

အဲ့ဒါကို ဘာကြောင့်များ ဘာကြောင့်များ ဗျူးကိုတစ်ယောက်မှ မပြောခဲ့ကြတာလဲ။ ဘာကြောင့်မို့ အစ်မက နှုတ်ဆိတ်နေခဲ့တာလဲ။ ဘာကြောင့်မို့ အစ်မက ဒီလိုလုပ်ဖို့ရွေးချယ်ခဲ့ရတာလဲ။ ရွေးချယ်စရာတွေအများကြီးရှိတာကို ဘာကြောင့် ဗျူးနဲ့ပုခုံးချင်းယှဥ်ဖို့ကို ရွေးချယ်ရတာလဲ။

ဘဝဆိုတာ ​ကဇာတ်ခုံပေါ်က တစ်ခန်းရပ်ပြဇာတ်တွေကို တစ်ခုတည်းဖြစ်အောင် တွဲချည်ထားတာမျိုးလို့ဆိုနိုင်ပေမဲ့ ဒီဇာတ်လမ်းကို ကန့်လန့်ကာအချမခံနိုင်သေးပါ။

အစ်မက ဗျူးကို ပုခုံးချင်းယှဥ်တယ်။ ဗျူးတို့က ရန်သူတွေလည်း မဟုတ်ကြတာကို။ ဘေးချင်းကပ်ရပ်နေရာကနေ မျက်နှာချင်းဆိုင်ဖြစ်သွားကြရုံပါပဲ။ ဘာကြောင့် စစ်တုရင်ခုံပေါ်ကို ရောက်ရမှာလဲ။ ဗျူးဟာ ဘယ်လိုမှအစ်မကို နားမလည်နိုင်ပါ။

ဒီနေရာအထိရောက်ဖို့ ဗျူးဘယ်လောက်ထိ ကြိုးစားလာခဲ့ရလဲဆိုတာကို သိနေတာတောင်မှ ဒီလိုနည်းလမ်းနဲ့လက်စားချေတဲ့ အစ်မရဲ့လုပ်ရပ်က ဆိုးရွားလွန်းတယ်။ ဗျူးဟာ ဘယ်လိုမှ လက်သင့်မခံနိုင်။ အစ်မဟာ ဗျူးကို အဲ့ဒီလောက်တောင် မခွဲနိုင်မခွာရက်ဖြစ်နေခဲ့တာလား။ ဒီလိုအပြုအမူမျိုးကို လုပ်ရလောက်တဲ့အထိတောင်မှလေ။

နောက်ကျောကို စထိုးခဲ့တာကိုယ့်ဓားဆိုပေမဲ့
ဓားချင်းယှဥ်လာရင်တော့ ဓားဟာလည်း
အသွေးအသားနဲ့ပဲမို့ နာတတ်ပါတယ်။

"ဖြေလေ...ဗျူးမေးတာဖြေလို့။"

အစ်မပုခုံးတွေကိုတင်းတင်းဆုပ်ပြီး အော်လိုက်တဲ့ဗျူးဟာ စိတ်လွတ်နေတဲ့ အရူးတစ်ယောက်လို။ ဒီအချိန်မှာ ပုံရိပ်တွေဘာတွေကိုလည်း ဗျူးဂရုမစိုက်နိုင်။ ကွန်ဒိုတစ်ခုရဲ့ကော်ရစ်ဒါမှာ ပါတနာဟောင်းနဲ့ရန်ဖြစ်နေတယ်လို့ ထင်ကြရင်လည်း ထင်ကြပါစေ။ အစ်မဆီက အဖြေကိုကြားရမှဖြစ်မယ်။ ဘာကြောင့် အဲ့ဒီတစ်ယောက်ကို ရွေးချယ်ခဲ့တာလဲ။

"ငါ့ကိုလွှတ်။"

အစ်မက ဗျူးလက်တွေကြားထဲကနေ ရုန်းထွက်တယ်။ အရင်လို စိတ်ကောက်ဟန်ပြပြီး ဟန်ပြရုန်းထွက်တာမျိုးမဟုတ်ဘူး။ ဗျူးဘဝထဲကနေ လုံးဝထွက်သွားချင်တာမျိုး၊ ဗျူးနဲ့ပတ်သက်ရမှာကို လုံးဝကြောက်နေတဲ့ပုံစံမျိုးနဲ့ ရုန်းထွက်တယ်။ ရုန်းရင်းကန်ရင်း လက်ထဲကအိတ်ကြမ်းပြင်ပေါ် ပြုတ်ကျသွားပြီးတော့မှ အစ်မက ဗျူးလက်တွေကြားထဲကနေ ထွက်သွားနိုင်ခဲ့တယ်။

"ဖြေလေလို့..ဗျူးမေးနေတာ ဖြေလို့။"

"ရှေ့ကဖယ်။"

မေးခွန်းထုတ်စရာကိစ္စတွေလုပ်ထားပြီးတော့ ပြဿနာရှာထားတာ သူမဟုတ်သလိုဘဲ အစ်မက ပြန်ဖြေချင်ပုံမရ။ ဗျူးကို သူ့ရှေ့က အတားအဆီးတစ်ခုလိုပဲ သဘောထားပြီးရှောင်သွားချင်နေတာ။ ဒီလိုဘယ်ရမှာလဲ။ ဗျူးရဲ့ဦးနှောက်တွေကလည်း တွေးရလွန်းလို့ ပူထူနေပြီ။ ဒီလိုပုံစံနဲ့လည်း ဘယ်လိုမှ ကြေအေးလို့ရမယ်မထင်။ တစ်ခုခုတော့ ဖြေရှင်းပြီးမှ ခေါင်းအေးနိုင်မှာ။

"ဗျူးမေးတာ အစ်မမဖြေမချင်း မဖယ်နိုင်ဘူး။"

အစ်မကိုနံရံနဲ့ဆွဲကပ်ပြီး ဘေးနှစ်ဖက်မှာလက်ထောက်ထားရင်း အစ်မကိုတည့်တည့်ကြည့်ပြီး ဗျူးပြောလိုက်တယ်။ ဗျူး စိတ်သိပ်မရှည်ချင်တော့ပါ။ ရင်ထဲကအပူမီးဟာ ဗျူးရဲ့တစ်ကိုယ်လုံးဆီကို ပျံ့နှံ့သွားပြီ။ အရာအားလုံးလောင်ကျွမ်းသွားရင်တောင်မှ ဘာကိုမှဂရုမစိုက်နိုင်။ အစ်မအနေနဲ့ ဗျူးသိချင်နေတဲ့အဖြေကို ပေးကိုပေးရမယ်။

"မင်းနဲ့ စကားပြောဖို့ ငါ့မှာအချိန်မရှိဘူး။"

ဗျူးပုခုံးတွေကို တွန်းပြီးမော့ကြည့်လာတဲ့အစ်မရဲ့ မျက်ဝန်းတွေက အေးစက်စက်။ မီးလျှံတွေတောက်နေတဲ့ ဗျူးမျက်ဝန်းတွေကို အစ်မမော့ကြည့်တဲ့အကြည့်ဟာ ရေခဲလိုအေးစက်နေတယ်။ ရေနဲ့မီးဟာ ပေါင်းစပ်လို့မရတာကို အစ်မသိသိရက်နဲ့။ ဗျူးကို ထိပ်တိုက်ဆန့်ကျင်ဖို့ကိုပဲ အစ်မက အမြဲတမ်းရွေးချယ်တယ်။

အစ်မက ဘာလို့ခေါင်းအရမ်းမာနေရတာလဲ။ ဗျူးပြောသလိုလုပ်လိုက်ရင် ပြီးနေတာကို။ ဗျူးလိုချင်တဲ့အဖြေတစ်ခုခုကို ပေးလိုက်ရင် ဗျူးအနေနဲ့လည်း အစ်မကိုခွင့်လွှတ်သင့်လားဆိုတာကို ဆုံးဖြတ်မှာပါပဲ။ အခုတော့ အစ်မက သူ့ရွေးချယ်မှုတွေက ဗျူးနဲ့ဘာမှမသက်ဆိုင်သလို လုပ်နေတာ။ သူလုပ်သမျှကိစ္စတိုင်းမှာ ဗျူးဟာ ထည့်သွင်းစဥ်းစားရမဲ့အရာတစ်ခုတောင် မဟုတ်။ အစ်မက သူ့ဘဝထဲကနေ ဗျူးကိုထုတ်ချင်နေတာ။

"အဲ့တစ်ယောက်ကြောင့်ပဲမလား။ သူကဘာတွေများ ကောင်းနေလို့ အစ်မက ဗျူးကိုအခုလို လုပ်ရတာလဲ။"

အမှန်တရားကခါးတယ်ဆိုတာ လူတွေအပိုပြောကြတာမဟုတ်ဘူးပဲ။ ဒါလေးပဲပြောလိုက်တာတောင်မှ ပါးစပ်တစ်ခုလုံးခါးသီးနေတယ်။ ဗျူးဟာ ဒီခံစားချက်ကို လုံးလုံးမကြိုက်။ အဲ့ဒီတစ်ယောက် အစ်မနားမှာရှိနေတာကို ဗျူးမကြိုက်ပါ။ အရင်ကတည်းက မကြိုက်ခဲ့တာ။ အခုဆိုရင် ပိုတောင် မုန်းမိသေးတယ်။ အစ်မဘဝထဲက ဗျူးရဲ့နေရာကို တဖြည်းဖြည်းနဲ့အစားဝင်လာတဲ့ သူ့ကို ဗျူးလက်မခံနိုင်။ အစ်မက ဗျူးအတွက်ပဲ ရှိနေပေးသင့်တာ။

"တော်တော့..."

အစ်မက ဗျူးနဲ့စကားဆက်ပြောချင်ပုံမရ။ အကြည့်တွေ လွှဲသွားတယ်။ ပြီးတော့ ဗျူးရဲ့ကိုယ်ကိုရှောင်ပြီး လှည့်ထွက်သွားဖို့လုပ်တယ်။ ဒါပေမဲ့ ဒီလိုမျိုး ထွက်သွားလို့တော့ ဘယ်ဖြစ်မှာလဲ။ လက်ကောက်ဝတ်ကို ဖြတ်ခနဲဖမ်းဆွဲလိုက်တော့ အစ်မက ဗျူးကို ထပ်မော့ကြည့်လာတယ်။

"ဖယ်လို့ ပြောနေတယ်။"

"မဖယ်နိုင်ဘူး။"

အစ်မက ရုန်းလေလေ၊ ​ဗျူးက ပိုပြီးဆွဲထားလေလေပဲ။ မရဘူး။ ဗျူးလက်တွေကြားကနေ အစ်မနောက်တစ်ခေါက်ထပ်ပြီး ထပ်ထွက်သွားလို့မရစေရဘူး။

"မင်းထွက်မသွားရင် ငါလုံခြုံရေးကို ခေါ်လိုက်တော့မယ် ဘန်ရာပါ။"

အစ်မရဲ့မျက်ဝန်းထောင့်တွေမှာ မျက်ရည်ဥတွေ ခိုတွဲလို့။ အစ်မက ဗျူးကို စိတ်နာတဲ့အကြည့်မျိုးနဲ့ကြည့်လာတဲ့အခါ ဗျူးဟာ အသက်ကိုတောင်မှန်အောင်မရှူနိုင်။ တဖျစ်ဖျစ်​လောင်နေတဲ့ ဒေါသမီးပွားတွေအစား အပြစ်ရှိစိတ်က အစားဝင်လာတာကြောင့် အစ်မလက်ကို လွှတ်လိုက်မိတယ်။

အစ်မရဲ့ဖြူဖွေးအုနေတဲ့လက်ကောက်ဝတ်မှာ ဗျူးဆွဲညှစ်ထားတဲ့ လက်ရာတို့က အချောင်းလိုက်။ ဒေါသအလျောက် ပြုမူလိုက်မိပြီးမှ အစ်မဘယ်လောက်နာသွားမလဲဆိုတာကို ပြန်သတိထားမိသွားရပါတယ်။ ဗျူးဟာ အစ်မလက်တွေဆီကို ထပ်မံလက်လှမ်းမိတယ်။

"ရတယ် မလိုအပ်ဘူး။"

ပြန်ဆုတ်သွားတဲ့အစ်မရဲ့ခြေလှမ်းတို့ကြား ဗျူးလက်တွေဟာ လေဟာနယ်ထဲမှာ။ ဗျူးမှာ အစ်မကို ထိတွေ့ခွင့်တောင် မရှိတော့ဘူးလား။ အစ်မက အခုထိကြည့်နေသေးတဲ့ ဗျူးအကြည့်တွေကို သတိထားမိဟန်နဲ့ သူ့လက်တွေကို အနောက်ကိုဝှက်တယ်။

"ညနက်နေပြီ။ ပြန်လိုက်တာပိုကောင်းလိမ့်မယ်။"

အစ်မက သိသိသာသာရဲနေသေးတဲ့ သူ့လက်ကဒဏ်ရာကို ဂရုမစိုက်ဘဲ ဗျူးကိုတစ်ချက်ပြန်ကြည့်ပြီးပြောတယ်။ ပြီးတော့ တည်တည်​ငြိမ်ငြိမ်ပဲ ကြမ်းပြင်ပေါ်က သူ့အိတ်ကိုပြန်ကောက်တယ်။ အိတ်မှာတွဲလွဲပါနေတဲ့ အရုပ်တစ်ရုပ်ကိုကြည့်ပြီး ဗျူးရင်ထဲဆစ်ခနဲ။ အဲ့ဒီတစ်ယောက်နဲ့ဆင်တူဝယ်ခဲ့တာမလား။

ဗျူးရဲ့ပုခုံးဘေးကနေ ဖြတ်လျှောက်သွားတဲ့ ခြေသံတွေကိုကြားနေပေမဲ့ ဗျူးဟာ ထိုနေရာမှာပဲ ကျောက်ရုပ်တစ်ရုပ်လို ရပ်နေခဲ့မိတယ်။ တံခါးပိတ်သံကြားတဲ့အထိ အစ်မက ပြန်လှည့်မကြည့်ခဲ့ပါ။

အစ်မက ထွက်သွားခဲ့ပြီ။

ဗျူးဘဝထဲကနေရော၊
အရာအားလုံးဆီကနေရောပေါ့။

_________________________________

#tobecontinued

Charm || 6 Mar,2025
Copyright 2025,Charm,All rights reserved
License - CC-BY-NC-SA


You are reading the story above: TeenFic.Net