Chapter - [8]

Background color
Font
Font size
Line height

ခြေလှမ်းဆိုတာ တစ်လှမ်းနောက်ကျရင် တစ်ဘဝစာလောက် ကွာဝေးသွားတတ်လား။ ဖေဖေကတော့ မာရသွန်ပွဲမှာ တာထွက်နောက်ကျလည်း သက်လုံနဲ့ခြေလှမ်းမြန်မြန်လှမ်းနိုင်မှုက အရေးကြီးတယ်လို့ ပြောခဲ့ဖူးပါတယ်။ ဒါဆိုရင် ဘာဖြစ်လို့များ ဗျူးက နောက်ကျကျန်နေရစ်ခဲ့တာလဲ။

အစ်မရဲ့အင်စတာက နှစ်ယောက်တွဲပုံလေးတွေကိုကြည့်ရင်း ဗျူးဟာ ဖုန်းကိုကျစ်နေအောင် ဆုပ်ထားမိတယ်။ အံကိုကြိတ်ထားလည်း လည်ချောင်းတွင်းကနေဆန်တက်လာတဲ့ ဝမ်းနည်းမှုတွေကို မထိန်းနိုင်ပါ။ အဲ့ဒီသူက ဗျူးထက်အများကြီးနောက်ကျမှ အစ်မနားကိုရောက်လာခဲ့ပြီး ဗျူးထက် ပိုပြီးတော့ အစ်မဘဝထဲကို ရောက်လာခဲ့တယ်။

ဘယ်သူနဲ့မှ ရင်းနှီးမလွယ်တဲ့အစ်မက သူနဲ့ဆိုရင်တော့ ထူးထူးခြားခြားပဲ ရင်းနှီးလွယ်ခဲ့တယ်။ အလုပ်ချိန်ပြင်ပမှာလည်း အစ်မနားမှာ တစ်ချိန်လုံးလိုလိုရှိနေတတ်တဲ့ သူ့အကြောင်းတွေကို ဗျူးပြန်ကြားမိပါရဲ့။ အစ်မကလည်း စိတ်ရှုပ်ပုံမရ။ အဲ့ဒီအစား အစ်မက ပျော်နေခဲ့ပုံပါပဲ။ အစ်မမျက်ဝန်းထဲက အရောင်လေးတွေကိုကြည့်ရင်း ဗျူးဟာ ရှင်သန်လျက်နဲ့သေဆုံးရ။

သူက ဘာလို့အစ်မအနားမှာရှိနေရတာလဲ။ ဘာလို့ အစ်မရဲ့တရားဝင်ပါတနာဖြစ်နေရတာလဲ။ အဲ့ဒီနေရာက ဗျူးရဲ့နေရာလေ။ အစ်မနားမှာရှိနေသင့်တဲ့သူက ဗျူးပဲဖြစ်သင့်တာ။ စိတ်ပျက်လက်ပျက်နဲ့ ဖုန်းကိုပစ်ချလိုက်ပြီး ရှင်းလင်းနေတဲ့ မျက်နှာကြက်ကိုမော့ကြည့်တော့လည်း မွန်းကြပ်နေတာတွေမပျောက်သွား။

အစ်မကိုကြည့်တဲ့သူ့အကြည့်တွေက အရင်က အစ်မကိုဗျူးကြည့်ခဲ့တဲ့ အကြည့်မျိုးတွေပဲ။ အစ်မဆီမှာပျော်ဝင်ခဲ့ဖူးတဲ့ ကိုယ့်ပုံရိပ်ကို သူ့ဆီမှာ တစ်ခေါက်ပြန်မြင်ရတဲ့အခါ ဗျုးဟာ ကြီးစွာသောတုန်လှုပ်ခြင်းမျိုးနဲ့ တုန်လှုပ်ရတယ်။ ပွင့်နေတဲ့ဖုန်းကနေ မတော်တဆလာနေတဲ့ Conan Grayရဲ့ Heather သီချင်းသံကိုကြားရတဲ့အခါ ဗျူးဟာ မျက်လုံးတွေကို မှိတ်ချလိုက်မိပါတယ်။

အစ်မက သိပ်သရုပ်ဆောင်ကောင်းတဲ့သရုပ်ဆောင်တစ်ယောက်ဆိုတာ သိနေပေမဲ့လည်း သူ့ကိုရွှန်းရွှန်းစားစားကြည့်တဲ့အခါ ဗျူးဟာ လွင့်နေတဲ့မီးခိုးငွေ့တွေလို တငွေ့ငွေ့သေရတာပါပဲ။ ကိုယ်တိုင်မီးရှို့ပြာချခဲ့တဲ့ အရာတွေကြောင့်ပဲမလား။ ဗျူးမှာ အစ်မနဲ့မျက်နှာချင်းဆိုင်ခွင့်တောင် မရှိခဲ့ပေမဲ့လည်း၊ အစ်မလက်ကိုကိုင်ထားခွင့်တောင် မရှိတော့ပေမဲ့လည်း သူကတော့ လိုချင်တာတွေအကုန်လုံးရနေခဲ့တာ။

ပင်ကိုနွေးထွေးတဲ့အစ်မရဲ့ ဂရုစိုက်မှုတွေ၊ အမှတ်တရလက်ဆောင်လေးတွေ၊ အချိန်ပေးပြီးနားထောင်ပေးတတ်မှုတွေကို လက်ခံယူဖို့ အခွင့်အရေးရှိနေခဲ့တာက သူဖြစ်နေခဲ့တယ်။ အစ်မလက်တွေကို သူချိတ်ထားတိုင်း ဗျူးဟာ ဒီကမ္ဘာကနေ ပျောက်ကွယ်သွားခဲ့ချင်တယ်။ ဗျူးဝန်မခံရင်တောင်မှ ဗျူးဘဝထဲမှာနေရာယူထားတဲ့အစ်မရဲ့နေရာက သိပ်များလွန်းတယ်။

ကမ္ဘာကြီးဟာ ထိခိုက်ရှနာတွေများတယ်။
ဒါကြောင့်လည်း ဂြိုဟ်သားတွေက ခြေမချတာဖြစ်မယ်။ မတူညီကွဲပြားမှုတွေကြားက တစ်ခါက ပုန်းရှောင်ခွင့်ရခဲ့ဖူးတဲ့ လကလေးကိုတော့ မထိခိုက်စေချင်ပါ။




•

"နင့်ကြည့်ရတာ ဒီနေ့ စိတ်မပါသလိုပဲ။"

ဆိုက်ဇီက သူ့ကိုပြောရင်း ကြက်တောင်ကွင်းကြမ်းပြင်မှာတင် ပစ်လှဲချလာပါ၏။ ဆိုက်ဇီနဲ့သူက အသက်ကွာပေမဲ့ သူငယ်ချင်းအရင်းလိုဖြစ်နေတာကြောင့် နင်နဲ့ငါပဲ ပြောဖြစ်ပါတယ်။ မစ်ခ်မျက်နှာကြက်ကိုမော့ကြည့်နေရာကနေ အသက်ကို ဖြည်းဖြည်းရှုရင်း မျက်ဝန်းတွေကို မှိတ်ချလိုက်မိတယ်။ ရင်ထဲမှာ အဖြေမရှိတဲ့မေးခွန်းတွေစိုးမိုးထားလွန်းလို့ ဒီရက်ပိုင်း မစ်ခ်မှာ အသက်ရှုတောင်မဝချင်။

"အင်း...ဗျူးနဲ့ဂျွန့်အကြောင်း စဥ်းစားနေတာ။"

"ဗျူးက အခုထိ ဘာမှမလုပ်သေးဘူးလား။"

ဆိုက်ဇီကို မစ်ခ်တအံ့တသြကြည့်လိုက်တော့ ဆိုက်ဇီက ပုခုံးတွန့်ပြတယ်။ ပြီးတော့ သူ့ရေဘူးထဲက ရေတစ်ငုံစုပ်သောက်တယ်။ ပြီးတော့ ဆက်ပြောလာတယ်။

"မထူးဆန်းဘူးလေ...ဗျူးက အဲ့အတိုင်းပဲကို။"

ခေါင်းမာလွန်းတဲ့ ဗျူး။ ဇွတ်တရွတ်နိုင်လွန်းတဲ့ ဗျူး။ သူမှန်တယ်ထင်တာကို ဘယ်သူဘာပြောပြော ရအောင်လုပ်တဲ့ ဗျူး။ ဒီလိုသူငယ်ချင်းအကြောင်းကို တွေးမိတော့ မစ်ခ်ဟာ သက်ပြင်းချမိရပြန်တယ်။ တဒင်္ဂဆုံးဖြတ်ချက်ကြောင့် အခုထိခိုက်တာလည်း သူကိုယ်တိုင်ပဲမလား။ ဘာကြောင့်နဲ့များ ဒီလိုရွေးချယ်လိုက်ရလဲဆိုတာကို မစ်ခ်သေချာမသိ။ ဗျူးကို တစ်ခါတစ်ခါ မစ်ခ်နားမလည်ပါ။

"လက်ဗ်ရာ့က်က ဘာပြောသေးလဲ။"

ဆိုက်ဇီက မျက်နှာကြက်ကိုငေးကြည့်နေရင်း ခပ်တိုးတိုးမေးလာတယ်။ လက်ဗ်ရာ့က်။ သူငယ်ချင်းတွေဆိုရင် ချစ်လွန်းတဲ့ ဆိုက်ဇီက လက်ဗ်ကိုတော့ အဲ့ဒီလိုမျိုးပဲ ခပ်စိမ်းစိမ်းခေါ်တတ်တယ်။ တစ်နှစ်တောင်မကွာတဲ့ ဆိုက်ဇီနဲ့ လက်ဗ်က အခုနောက်ပိုင်း ချိတ်တိတ်တိတ်။ လက်ဗ်ကလည်း ဆိုက်ဇီနဲ့ဆိုရင် ခပ်တန်းတန်း။

တစ်ခါတစ်လေတော့လည်း ဆိုက်ဇီနဲ့လက်ဗ်နှစ်ယောက်ကြားမှာ မစ်ခ် ခေါင်းကိုက်ချင်မိတယ်။ ဘယ်အရာတွေက သူတို့ကို ကွဲလွဲစေတာလဲဆိုလည်း မစ်ခ်မသိ။ ဒါကြောင့် သူတို့နှစ်ယောက်ကြားက တင်းမာတဲ့သဘောထားဟာ မစ်ခ်ကို အနေခက်စေပါတယ်။ ကိုယ့်သူငယ်ချင်းနဲ့ ကိုယ့်ပါတနာမလား။

"လက်ဗ်က ဘာမှမပြောပါဘူး။"

လက်ဗ်အကြောင်းကိုပြောမိတော့ မစ်ခ်မျက်နှာမှာ အပြုံးရိပ်သမ်းလာရတယ်။ ဒီတလော လက်ဗ်က မစ်ခ်နဲ့ အမြဲတမ်းတူတူရှိနေခဲ့တာ။ မစ်ခ်ဆီမှာပဲနေပြီး အိမ်မပြန်တော့တာမို့လို့ ဒီနေ့ဆိုလည်း မိသားစုညစာစားပါစေဆိုပြီး အတင်းလွှတ်လိုက်ရတာ။ ဒါတောင် လက်ဗ်က စိတ်ကောက်သွားသေးတယ်။

တစ်ခါတစ်လေတော့လည်း လက်ဗ်က ကလေးလေးအတိုင်းပဲ။ မစ်ခ်ကို ချွဲနွဲ့တတ်တယ်။ မစ်ခ်မှာလည်း သူကလေးကိုမတွေ့ရရင် မနေနိုင်။ အစကတော့ ရည်းစားရှိနေလို့ ရှောင်နေခဲ့သေးပေမဲ့ သူ့ရည်းစားနဲ့ပြတ်သွားတဲ့အခါကျတော့ မရှောင်နိုင်တော့။ ကာဆီးထားတဲ့ မစ်ခ်ရဲ့နံရံကြားကို လက်ဗ်က ရဲရဲတင်းတင်းပဲ ဖောက်ဝင်လာခဲ့တယ်။ မစ်ခ်ရဲ့အိပ်ယာခင်းတွေ ကြားထဲကိုရောပေါ့။

ကိုယ့်အတွေးနဲ့ကိုယ်ပြုံးနေမိပြီးမှ ဆိုက်ဇီပြောတဲ့စကားကို ပြန်သတိထားမိသွားရတယ်။ ဆိုက်ဇီက ဘာလို့ လက်ဗ်က တစ်ခုခုပြောသေးလားလို့ မေးရတာလဲ။ မစ်ခ် သူ့ကိုလှည့်ကြည့်လိုက်တော့ ဆိုက်ဇီက ခပ်လှမ်းလှမ်းက ကြက်တောင်ကွင်းဆိုင်းဘုတ်ကို ငေးနေတယ်။

"လက်ဗ်က တစ်ခုခုပြောမယ်ထင်နေလို့လား။"

မစ်ခ် မေးလိုက်တော့ ဆိုက်ဇီက တစ်ချက်တုံ့ဆိုင်းသွားပြီးမှ မစ်ခ်ကို ပြန်လှည့်ကြည့်လာတယ်။ ပြီးတော့ စကားပြောဖို့ ပါးစပ်ကိုဖွင့်တယ်။ ဒါပေမဲ့ တစ်ခုခုကို သတိထားမိသွားပုံရပြီး မျက်မှောင်ကြုတ်သွားခဲ့တယ်။ ပြီးတော့ မစ်ခ်ကို မကြည့်ဘဲနဲ့ အကြည့်လွှဲသွားတယ်။

"လက်ဗ်ရာ့က်ကို ထူးဆန်းတယ်လို့ မထင်မိဘူးလား။"

"ဘာထူးဆန်းနေတာလဲ။"

"မသိဘူး။ သူအခုတလော အရင်လိုမဟုတ်ဘူးလေ။"

သူငယ်ချင်းဖြစ်သူရဲ့ ခပ်စူးစူးအကြည့်တွေကြောင့် မစ်ခ်ဟာ နေရခက်စွာ ချောင်းတစ်ချက်ဟန့်ပြီး အကြည့်လွှဲလိုက်မိပါတယ်။ အခုတလော လက်ဗ်အရင်လိုမဟုတ်တာ အကုန်လုံး သတိထားမိနေကြမှာပါပဲ။ လက်ဗ်နဲ့ သူ့ရဲ့ဆက်ဆံရေးက ပြောင်းလဲသွားတာကိုး။

"ဘာက ထူးဆန်းစေတာလဲ။"

"ဗျူးက သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းလေ။ အခုလို ဖြစ်နေတာကို သူဘာတစ်ခွန်းမှမပြောတာက အရမ်းထူးဆန်းမနေဘူးလား။"

ဒီစကားက မစ်ခ်ကို ထူးဆန်းသွားစေတယ်။ ဆိုက်ဇီကိုပြန်ကြည့်မိတော့ ဆိုက်ဇီက သူ့ကိုပြန်ပြီးတော့ စိုက်ကြည့်လာခဲ့တယ်။ မစ်ခ်သိချင်နေခဲ့တဲ့ ပုစ္ဆာရဲ့ ထူးခြားချက်တစ်ခုကို ရှာတွေ့လိုက်သလိုပဲ။

ဗျူးနဲ့ လက်ဗ်ရာ့က်။ ပြီးတော့ Powerpuff Girls။
မဟုတ်မှ ဒီလောက်ရင်းနှီးကြတာကို လက်ဗ်က ဗျူးကို ဒီကိစ္စနဲ့ပတ်သက်ပြီး တစ်ခွန်းမှမပြောခဲ့ဘူးလား။ ဗျူးပါတနာပြောင်းတဲ့ကိစ္စကို သူတို့တွေ တစ်ခုမှမသိလိုက်ဘူးဆိုတာက မဖြစ်နိုင်ဘူးမလား။

အဲ့ဒီအချိန်တုန်းက ဒီသတင်းကိုမကြားခင် ဂျွန်နဲ့နောက်ဆုံးတွေ့ခဲ့တာပဲ။ ဗီယက်နမ်မှာ မစ်ခ်လက်ဗ် ဖန်မီတင်လုပ်တော့ ဂျွန့်ကိုအားရင်လာခဲ့ဖို့ မစ်ခ်ဖိတ်ခဲ့သေးတယ်။ ဒါပေမဲ့ ဂျွန်က ဗီယက်နမ်ကိုရောက်နေခဲ့ပေမဲ့ ဖန်မီတင်ကိုမလာခဲ့။

အဲ့ဒီသတင်းကိုကြားခဲ့တုန်းက ရှော့ခ်ရသွားတာက မစ်ခ်ဖြစ်ခဲ့သလို Whalestorexoxoအတွက် ဂျွန် Auditionလာဖြေတုန်းကလည်း သိသိချင်း မစ်ခ်သူနဲ့သွားတွေ့ခဲ့တာ။ ဗျူးကို စောင့်နေပေးဖို့အတွက်။ ဒါပေမဲ့ ဂျွန့်ကိုမြင်ရတဲ့အချိန်မှာ မစ်ခ်ဟာ ပြောမထွက်ခဲ့။ အဲ့ဒီအကြောင်းကို လက်ဗ်ကို ပြောပြတော့ လက်ဗ်က နားထောင်နေရင်း ခေါင်းတစ်ချက်ညိတ်ပြီးသာ တုံ့ပြန်တယ်။ ပြီးတော့ အခုထိလည်း လက်ဗ်က တစ်ခွန်းမှ မပြောသေး။

"ငါ လက်ဗ်ရာ့က်ကို မယုံဘူး။"

ဆိုက်ဇီကို မစ်ခ်ဖြတ်ခနဲမော့ကြည့်လိုက်တော့ ဆိုက်ဇီက ခပ်ဝေးဝေးကို ငေးကြည့်နေရာကနေ ထရပ်တယ်။ မစ်ခ်ဟာ သူ့ကို တားလည်းမတား​ဖြစ်။ အဲ့ဒီအစား ဆိုက်ဇီက လှည့်ထွက်မသွားခင် စကားဆက်ပြောလာခဲ့တယ်။

"တွေဝေတတ်တဲ့ လူတစ်ယောက်အတွက် သူငယ်ချင်းတစ်ယောက်ရဲ့အမြင်က ထင်ထားတာထက်ပိုပြီး အရေးပါနေတတ်တယ်။ ဗျူးအတွက် လက်ဗ်ရာ့က်က အဲ့ဒီလိုသူငယ်ချင်းပဲ။"

_________________________________

#tobecontinued

Charm || 9 Mar,2025
Copyright 2025,Charm,All rights reserved
License - CC-BY-NC-SA


You are reading the story above: TeenFic.Net