0.3 _
Background color
Font
Font size
Line height
-UNICODE-
ဆောင်းဟွန်း သူ့ဆီရောက်မလာတာ တစ်ပတ်ကျော်လို့ နှစ်ပတ်နားကပ်နေပြီ။ ဖုန်းလည်း ဆက်မလာခဲ့တဲ့ ဆောင်းဟွန်းကို သူ့ဘက်ကလည်း အဆက်အသွယ် မလုပ်ခဲ့။
သုံးရက်လောက်အထိ နားလည်ပေးပြီး အမြင်ကြည်နိုင်သေးပေမဲ့ နှစ်ပတ်နီးပါးဖြစ်လာတော့ သောင်းကျန်းချင်တဲ့စိတ်က ထိန်းမရ ဖြစ်လာရသည်။ အလုပ်ကိစ္စရှိတယ်လို့ သတင်းလည်း မကြားတာကြောင့် တမင်သက်သက် မလာတာပဲ ဖြစ်ရမည်ဟု တွေးမိလေ ဒေါသက အစိုးမရနိုင်လေ။
" ကျစ် ! "
တွေးနေရင်းကနေ ဒေါသက ပိုပိုဖြစ်လာမိတော့ အသံမြည်အောင် စုပ်သပ်လိုက်ပြီး၊ ဆိုဖာပေါ်သို့ ကိုယ်ကို ပစ်လှဲပစ်လိုက်သည်။ ပက်လက်လှဲနေရာကနေ မှောက်ခုံအဖြစ် ပြောင်းလှဲလိုက်ကာ စိတ်မပါစွာနဲ့ပဲ ဖုန်းသုံးနေမိ၏။
သည်ရက်ပိုင်း သူကိုယ်တိုင်လည်း အလုပ်များနေသည်။ လက်ခံထားတဲ့ ဒရမ်မာက စတင်ရိုက်ကူးနေပြီဖြစ်ပြီး အခြားသော ကမ်းလှမ်းထားတဲ့ web dramaတွေအတွက်လည်း အချိန်ပေးနေရတာကြောင့် အပြင်လည်း မထွက်ဖြစ်ဘူး။ တစ်ဆက်တည်းမှာပင် သည်နေ့ညတော့ ထွက်ရင်ကောင်းမလားဆိုတဲ့ အတွေးက ဝင်လာသည်။
ဆောင်းဟွန်းရှိရင်တော့ ရိုက်ကူးရေး လုပ်နေတဲ့အချိန်မျိုးမှာ သူ့အတွက် ချက်ပြုတ်ပေးပြီး ညဘက်တွေ အဖော်လုပ်ပေးတတ်သည်။ အခုများမှာတော့ ရောက်မလာတဲ့အပြင် အဆက်အသွယ်တောင် မလုပ်။ ပြန်တွေးမိပြန်တော့ အောက်နှုတ်ခမ်းကို နာနာဖိကိုက်မိပြီး မျက်မှောင်ကြုံ့မိပြန်ပါသည်။
" သူကများ စိတ်ဆိုးရတယ်ရှိသေးတယ်။ "
ဆောင်းဟွန်း သူ့ဆီမလာတာ အရင်တစ်ခေါက် သူလုပ်ခဲ့တဲ့ ကိစ္စကြောင့်မှန်း သူသိသော်လည်း သူ့အမှားဆိုတဲ့အတွေး တစက်ကလေးတောင် မဝင်တာကြောင့် တောင်းပန်ဖို့ အတွေးမရှိခဲ့။
" ဟုတ်တယ်၊ ငါမှ မမှားတာ။ "
ပွေရှုပ်တဲ့ သူ့အတွက် ပထမဆုံးအနမ်းက ဆောင်းဟွန်းတော့ဖြစ်ခဲ့ပေမဲ့ သူ့အနမ်းတွေက ဆောင်းဟွန်းတစ်ယောက်တည်းအတွက် မဟုတ်သလို၊ ဆောင်းဟွန်း၏အပိုင်လည်း မဟုတ်ပါ။ နမ်းချင်တဲ့သူနဲ့ နမ်းနိုင်ခွင့်၊ တွဲချင်တဲ့သူနဲ့ တွဲနိုင်ခွင့် သူ့မှာရှိသည်။ ဒါကို မကျေနပ်ရင် ရန်ရှာနိုင်ခွင့်က ဆောင်းဟွန်းဆီမှာ။
--
" ဘယ်လိုတောင် စုတ်ပြတ်သတ်နေရတာလဲ ? "
ကြယ်သီးနှစ်လုံးဖြုတ်ထားတာကြောင့် အနည်းငယ် ဟ,နေတဲ့ ရင်ဘတ်ဖွေးဖွေးထက်၌ အနီရောင်ကုတ်ခြစ်ရာတွေက မလိုက်ဖက်လှစွာ တည်ရှိနေသည်။ ခုံပေါ်မှာ ခပ်လျှောလျှော အနေအထားဖြင့် ထိုင်နေပြီး မျက်လုံးတွေကို မှိတ်ထားသည်။
ခရမ်းနုရောင်နံရံ၏ တစ်ထောင့်တစ်နေရာတွေမှာ အနီရင့်ရောင် အရည်တွေက ဟိုတစ်ကွက်၊ သည်တစ်ကွက်။ ထိုအနီရည်ကွက်တွေက နံရံအောက်ခြေက စုတ်ပြတ်သတ်နေတဲ့ ဖန်ကွဲစတွေထဲက ဝိုင်တွေပဲလား၊ လက်သီးတောင် ဆုပ်လို့မရတော့သည်အထိ ဖြစ်သွားသည့် သူ့လက်က သွေးတွေပဲလား မသဲကွဲ။
ညာဘက်လက်က လှုပ်လို့တောင် မရတော့တာကြောင့် ဝိုင်ပုလင်းကို ဘယ်ဘက်မှ ကိုင်ထားရသည်။ နာကျင်မှု မပြေပျောက်သေးတဲ့ ညာဘက်လက်ဆစ်တွေက သွေးအလိမ်းလိမ်းဖြစ်နေပြီး လက်က သွေးစက်တွေက အောက်သို့ တစက်ချင်းစီ ကျနေ၏။
" ဒီလိုပုံစံကို မမြင်ချင်ဘူးလို့ ဘယ်နှခါပြောရမလဲ !! "
အော်ငေါက်လာတဲ့ သူကြောင့် မှိတ်ထားတဲ့ မျက်လုံးတွေက မဖွင့်ချင်ဘဲ ဖွင့်လာကာ သူ့ဆီသို့ လျှောက်လာသည့်သူကို တစ်ချက်ကြည့်ပြီး အကပ်သပ်သာကျန်တော့တဲ့ ဝိုင်ကို အတင်းမော့နေသည်။
" ယန်းဂျောင်ဝန်းကို သတ်ပစ်မယ် !! "
" သူ့ကို မထိနဲ့ !!!! "
ထင်ထားသလိုမျိုး အသည်းအသန် အော်ဟစ်လာသည့်သူကြောင့် ဟက်ဟက်ပက်ပက် အော်ရယ်လိုက်မိသည်။ မူးရူးနေတာတောင်မှ ယန်းဂျောင်ဝန်း ဆိုတာနဲ့ ဆတ်ဆတ်ထိမခံဖြစ်နေတုန်း။ ထိုယန်းဂျောင်ဝန်းကပဲ သူ့ကို အခုလိုဖြစ်စေတဲ့တရားခံ။ ယန်းဂျောင်ဝန်းသာ ဆောင်းဟွန်း၏ဘဝက စုတ်ပြတ်သတ်နေရတာ။ အပြစ်ခံသင့်တာက ယန်းဂျောင်ဝန်းကိုယ်တိုင်ပဲ။
" သူ့ကို ထိတာနဲ့ အစ်ကို့ကိုလည်း သတ်မှာ။ အစ်ကို့ကို မသတ်ခင် အစ်ကို သိပ်ချစ်ရတဲ့သူကို အရင်သတ်ပစ်မယ်။ "
ခပ်မဲ့မဲ့ ပြုံးနေတဲ့သူ၏မျက်နှာက ချက်ချင်း တည်တံ့သွားပြီး ကြောက်စရာကောင်းလောက်သည့် အကြည့်တွေနဲ့ ဆောင်းဟွန်းကို စူးစိုက်ကြည့်လာသည်။ သူ့အား အရွဲ့တိုက်တာ ပြုံးပြနေသော ဆောင်းဟွန်း၏ကော်လံစကို ဆောင့်ဆွဲလိုက်ရင်း ...
" မင်းက စောက်ရူးဖြစ်နေပြီ ဟွန်းလေး။ မင်းဘဝကို ဘာကြောင့် အဆုံးရှုံးခံချင်နေရတာလဲ ? "
သူ့လက်တွေကို လွှတ်ချပစ်လိုက်တဲ့သူက လက်ဆစ်က မခြောက်တခြောက်ဖြစ်နေတဲ့ သွေးကို လျှာနဲ့သပ်လိုက်ပြီး ပြုံးမြဲပြုံးပြနေတုန်း။ ထိုင်နေရာမှ ထ,ကာ ခြေတစ်လှမ်းချင်းလှမ်ပြီး အနီရင့်ရောင်အရည်တွေ ပေကျံနေတဲ့ နံရီဆီသို့ ဖြည်းဖြည်းချင်း တိုးကပ်သွားသည်။
" ဒါတွေတွေ့လား ? "
ခရမ်းနုရောင်နံရံပေါ်က အနီကွက်တွေသည် မြင်ရသူအတွက် အကျည်းတန်စရာသာ ကောင်းနေသည်။ ထိုအနီကွက်တွေအား ဆောင်းဟွန်းသည် ညွှန်ပြလိုက်ပြီး ...
" ကျွန်တော့်သွေးတွေလေ။ ဒီလက်က ထွက်ထားတာ။ "
လက်ခုံကို ဖြန့်ပြသည်။ လက်သည်းခွံတွေကလည်း ပွန်းပဲ့လို့။ ကြာကြာမကြည့်နိုင်တာကြောင့် တစ်ဖက်ကို လှည့်လိုက်ရတဲ့ သူ့အဖြစ်ကို ဆောင်းဟွန်းက အသံထွက်သည်အထိ ရယ်၏။ ဆောင်းဟွန်း အနာတရဖြစ်တာကို သူ လုံးဝမကြိုက်။ ငယ်ငယ်ကတည်းက ဆောင်းဟွန်းကို အထိခိုက်မခံခဲ့တာမို့ ဘေးမှာ သူရှိနေတဲ့ကာလအတွင်း ဆောင်းဟွန်းမှာ ဒဏ်ရာတစ်ခုတောင် မရခဲ့ပါ။ အခုတွင်တော့ ပြောင်းလဲသွားတဲ့ ဆောင်းဟွန်းကို မြင်ရတာ သူ့ရင်တွေ သေမတတ် နာကျင်နေရသည်။
" ကျွန်တော် ကြိုက်တယ်။ ဂျောင်ဝန်းကြောင့် ဖြစ်လာတဲ့ ကျွန်တော့်ဒေါသတွေ၊ ဝမ်းနည်းစိတ်တွေ၊ မနာလိုမှုတွေကို ဖြေဖျောက်ရတာ သဘောကျတယ်။ အနည်းဆုံးတော့ ဒီရင်ဘတ်ထဲက တင်းကြပ်မှုတွေ မဆိုသလောက် သက်သာသွားတာပဲလေ။ အစ်ကိုရော သဘောမကျဘူးလားဟင် ? "
သူမြင်နေရတဲ့ ပတ်ခ်ဆောင်းဟွန်းက လူအများ လေးစား၊အားကျ၊ သဘောကျရတဲ့ ပတ်ခ်ဆောင်းဟွန်းအဖြစ် ဟုတ်မနေဘဲ ယန်းဂျောင်ဝန်းအတွက် ရူးနေတဲ့ အသုံးချခံဖြစ်သော အသုံးမကျသည့် ပတ်ခ်ဆောင်းဟွန်းတစ်ယောက်အဖြစ်သာ။ ဘယ်လောက်တောင် အသုံးမကျလိုက်တဲ့ မြင်ကွင်းမျိုးလဲ။
ရင်ထဲကနေ အထပ်ထပ်အခါခါ အော်ငေါက်ပြောဆိုမိနေသော်လည်း ပါးစပ်ကနေတော့ မည်သည့်စကားမှ ထွက်မလာခဲ့။ တစ်ဦးတည်းသော သွေးသားကို သည်လိုပုံစံမျိုးနဲ့ မြင်ရတာဟာ သူ့အတွက် ငရဲတမျှ ပူလောင်လှ၏။
" သိပ်သဘောကျတယ် အစ်ကိုရယ် ~ "
သူ့သွေးတွေသူ တစိမ့်စိမ့်ကြည့်ရင်း ဆိုလာတဲ့ ဆောင်းဟွန်းက သူ့မျက်လုံးထဲ၌ သွက်သွက်ခါနေသည့် အရူးတစ်ယောက်ထက် မပို။ ကြည်နူးခြင်းအပြည့်နဲ့ ကြည့်နေတဲ့ မျက်လုံးတွေက သူ့ဆီသို့ ရောက်လာတော့ ကျားတစ်ကောင်လိုမျိုး ပြောင်းလဲသွားသည်။
" ဒီကိစ္စကို ဂျောင်ဝန်း မသိစေနဲ့နော်။ ဒီလိုပုံစံကို ဂျောင်ဝန်းသိလို့မဖြစ်ဘူးဆိုတာ သိတယ်မလား ? ဂျောင်ဝန်း စိတ်ညစ်သွားမှာကို မလိုချင်ဘူး။ သူသိသွားတဲ့အခါကျ အစ်ကို ကျွန်တော့်ကို ဘယ်တော့မှ တွေ့ရတော့မှာ မဟုတ်ဘူးနော်။ "
ပြောနေရင်းကနေ သူ့ဆီသို့ လျှောက်လာပြန်သည့်သူက ခက်ထန်ရိုင်းစိုင်းနေတဲ့ အကြည့်တွေကို နူးညံ့သည့်ဘက်သို့ လွယ်လင့်တကူ ပြောင်းလဲလိုက်ရင်း သူ့အား ဖက်လာသည်။
" အစ်ကိုက ကျွန်တော့်အတွက် အစ်ကိုကောင်းပါပဲ။ "
ဆောင်းဟွန်းက သိပ်ကို ပါးနပ်လှသည်။ သူ့စိတ်ကိုလည်း သိသည်။ ဆောင်းဟွန်းကို သူ,မလွန်ဆန်နိုင်ဘူးဆိုတာကိုလည်း ကောင်းကောင်းကြီး သိပါသေးသည်။ ဆောင်းဟွန်းကြောင့်ပဲ သူသည် ယန်းဂျောင်ဝန်းကို မထိနိုင်တာမဟုတ်လား။
ချစ်တတ်လွန်းပါတယ်ဆိုတဲ့ သူ့ကို ဆာင်းဟွန်းက သေချာပေါက် လှောင်နေမှာပေါ့။ ကြောက်စရာကောင်းလှတဲ့ ဆောင်းဟွန်း၏အချစ်တွေကို ယန်းဂျောင်ဝန်း မမြင်နိုင်တာပဲလား၊ တမင် မကြည့်တာပဲလား မသိပေမဲ့ မြင်ရသူတိုင်းအဖို့တော့ အင်မတန်မှ သနားစရာကောင်းနေသည်။
--
" နင် အဲ့ဘားကို ဘယ်အချိန်ထိ သွားနေဦးမှာလဲ ? "
သူ့အနောက်ကနေ ထပ်ကြပ်မကွာ လိုက်လာတဲ့ အင်ဟာက ပါးစပ်ကနေ ဗျစ်တောက်ဗျစ်တောက် ပြောဖို့ကိုလည်း မမေ့မလျော့ဖြင့်။ ဂျုံဆောင်း သူ့ခြေလှမ်းတွေကို တိခနဲရပ်လိုက်တော့ အနောက်က အရှိန်နဲ့ လိုက်လာတဲ့ သူ(မ)၏နံဖူးက သူ့ကျောနဲ့ ကွက်တိ။
" ဟ ! မပြောမဆိုနဲ့ ရပ်လိုက်ရလား ! "
လိုက်လာဖို့ မခေါ်ပါဘဲ သူ(မ)ဘာသာ လိုက်လာပြီး ရန်လိုနေသေးတာမို့ ဂျုံဆောင်းတစ်ယောက် နောက်လှည့်လိုက်ကာ မဆိုသလောက် ပြောင်ပြောင်တင်းတင်း ဖြစ်နေတဲ့ နဖူးကို လက်နဲ့ နာအောင် တောက်ပစ်လိုက်သည်။ ထုံးစံအတိုင်း အော်သံစူးစူးက သူ့နားစည်သို့ ကွဲမတတ် ရိုက်ခတ်လာ၏။
" လူလိုအော်စမ်းပါ ! "
" အသားနာအောင် လုပ်တာက ဘယ်သူလဲ ! အရမ်းအားယားနေရင်လည်း ငါ့ကော်ဖီဆိုင်မှာသာ အချိန်ပိုင်းလာလုပ်စမ်းပါ။ အထက်တန်းကောင်မလေး ထွက်သွားလို့ လူလိုနေတယ်။ "
အလုပ်ကိစ္စထည့်ပြောလာတဲ့ အင်ဟာ့ကို နဖူးထပ်တောက်မယ်ကြံတော့ လျင်သွားသည့်သူ(မ)က အမြန်ရှောင်ပြီး လျှာထုတ်ပြကာ လက်ခါပြလာသည်။
" ဒီတစ်ခါတော့ မရတော့ဘူး။ "
" နင့်ကို မလိုက်လာပါနဲ့လို့ပြောထားတာကို ဘာလို့လိုက်လာတာလဲ အရူးမရဲ့။ ကော်ဖီဆိုင်ကို ပစ်ထားခဲ့တာလား ? "
" ဒီနေ့ ဆိုင်ပိတ်ရက်လေ အရူးကောင်ရဲ့။ "
ခုတလော အတွေးတွေများနေတာကြောင့် သွားနေကျ ဆိုင်ပိတ်ရက်ကိုလည်း မေ့နေသည့်အဖြစ်။ အင်ဟာက လက်မောင်းနှစ်ဖက်ကို ပိုက်လိုက်ရင်း ...
" ပြီးတော့ နင်တစ်ယောက်တည်း ဒီကိုလာနေတာ အလုပ်က ပြန်တိုင်းလို့ကြားတယ်နော်။ မလာစဖူး ဒီလိုနေရာကို ဘာလာလုပ်တာပါလဲ သခင်လေးရှင့် ? "
မေးခွန်းပြန်ထုတ်လာတဲ့ သူ(မ)ကြောင့် နှုတ်ခမ်းအတွင်းသားကို ခပ်ကြိတ်ကြိတ် ကိုက်လိုက်မိရင်း ရူးချင်ယောင်ဆောင်ကာ ခပ်သုတ်သုတ် ထွက်လာလိုက်သည်။ သူ့အကြောင်း အထာနပ်နေတဲ့ သူ(မ)ကလည်း နှာခေါင်းကို လက်ညှိုးဖြင့် ပွတ်ကာ ခြေလှမ်းရှည်တွေနဲ့ မပြေးရုံတမယ် လိုက်သွားလေ၏။
" အဲ့ပတ်ခ်ဂျုံဆောင်း တစ်ခုခုတော့ တစ်ခုခုပဲ ! "
--
" ဟက် ! တစ်နှစ်ခွဲ၊ နှစ်,နှစ်နီးပါးလောက်ကြာမှ ပထမဆုံးအကြိမ် လာတွေ့တာပဲ။ ဘယ်လိုလဲ ? သိပ်ချစ်ရပါတယ်ဆိုတဲ့သူနဲ့ အတူနေရတော့ အရမ်းပျော်နေရဲ့လား ? "
ခနဲ့ကာ မေးခွန်းထုတ်နေတဲ့ ဂျောင်ဝန်း၏ပုံစံဟာ သူကြားထားသည့် သတင်းတွေအတိုင်း တစ်ပုံစံတည်း ဖြစ်နေသည်။ သူသိခဲ့တဲ့ ဂျောင်ဝန်းက ထိုသို့မှမဟုတ်ဘဲ။ ဒါကလည်း သူ့အပြစ်မှ မကင်းတာ။ သူ့အပြစ် တချို့တစ်ဝက်လည်း ပါတာပေါ့။
" အစစအရာရာ အဆင်ပြေရဲ့လား ? "
" ကြားထားတဲ့အတိုင်း၊ မြင်နေရတဲ့အတိုင်းပဲ။ ဒီထက် ပိုသိချင်ရင် မင်း သိပ်ချစ်ရတဲ့ ယောက်ျားကို မေးပေါ့။ ငါ့အကြောင်း သူက သိပ်သိတာ မဟုတ်လား။ "
အရွဲ့တိုက်နေတဲ့စကားတွေကြား သူသည် သက်ပြင်းသာ ချမိတော့သည်။ သူ့ပုံစံကြောင့် ဂျောင်ဝန်းက ဟက်ခနဲ လှောင်ရယ်၏။
" မရွဲ့ပါနဲ့ ဂျောင်ဝန်းရာ။ အခုလိုတွေ မလုပ်ပါနဲ့တော့လား။ "
" ငါက ဘာလုပ်နေလို့လဲ ? "
သိရဲ့သားနဲ့ မသိသလိုလုပ်ကာ မေးခွန်းထုတ်နေပြန်သည့်သူ၏မျက်လုံးဝိုင်းတွေဟာ အရင်လို လှပနေဆဲဆိုပေမဲ့ ဖြူ စင်မှုတွေတော့ ကွယ်ပျောက်သွားပုံရသည်။ မုန်းတီးစိတ်တွေနဲ့ အာဃာတတွေသာ ခိုအောင်းနေ၏။
" ပတ်ခ်ဆောင်းဟွန်း "
သူ့နှုတ်က ထုတ်ပြောလိုက်တဲ့ အမည်တစ်ခုကြောင့် ဂျောင်ဝန်း၏မျက်ခုံးတွေ ပင့်တက်သွားတာကို မြင်လိုက်ရသည်။ နှုတ်ခမ်းတွန့်ရုံမျှ ပြုံးပြလာတဲ့သူကြောင့် စိတ်ကို လျှော့နိုင်သလောက် လျှော့ချလိုက်ရင်း ...
" ပတ်ခ်ဆောင်းဟွန်းက ဘာမှမဆိုင်တာမို့ မနှိပ်စက်ပါနဲ့။ "
" မင်းနဲ့လည်း မဆိုင်ဘူးထင်တယ်ရော်။ ဘာလဲ။ အစ်ကိုဖြစ်သူနဲ့တင် မလုံလောက်လို့ ညီဖြစ်သူကိုပါ စိတ်ဝင်စားနေတာလား ? "
" ဂျောင်ဝန်း ! မင်း မဟုတ်တာတွေ မပြောနဲ့။ ငါ အခုလို ပြောနေတာက မင်းအတွက်ဆိုတာ သိရဲ့လား ? "
သူ့စကားကို အံ့သြသလိုလုပ်ပြပြီး တဟားဟားဖြင့် အော်ရယ်လေသည်။ တခြားလူတစ်ယောက်အတွက် နာကျင်ရတဲ့အရာက သူ့အတွက် သိပ်ရယ်ချင်စရာကောင်းတဲ့ ပြက်လုံးတစ်ခု ဖြစ်နေသည်ထင်၏။
အရယ်မရပ်သေးတဲ့သူက အကြည့်စူးစူးတွေနဲ့ သူ့ကို စေ့စေ့ကြည့်ပြီး ...
" ငါ့အတွက် တကယ်တွေးပေးတယ်ဆို အခုချိန် မင်း ငါတို့နဲ့အတူ ရှိနေရမှာ မဟုတ်ဘူးလား ? အဖေရယ်၊ မင်းရယ်၊ ငါရယ် သုံးယောက်တူတူ အေးအေးချမ်းချမ်းနဲ့ ရှိနေရမှာပေါ့။ ငါ့အတွက်၊ ငါတို့အတွက် မတွေးပေးခဲ့တဲ့မင်းက သူစိမ်းဖြစ်တဲ့ ပတ်ခ်ဆောင်းဟွန်းအတွက် တွေးပေးနေတာကြီးက အရမ်းအံ့သြဖို့ကောင်းတာပဲ။ သြော် ... သူစိမ်းဘယ်ဟုတ်မလဲ။ ယောက်ဖပေါ့။ အေးလေ၊ ယောက်ဖဆိုတော့လည်း မိသားစုဝင်ပဲပေါ့လေ။ "
အရှိုက်ထိသွားတော့ အကြည့်လွှဲသွားတဲ့သူကို ဂျောင်ဝန်း စိတ်ထဲရှိသလောက် ရိုက်ပစ်လိုက်ချင်မိသည်။ သူ့မှာ နာကျင်ခဲ့ရသလောက် ဘာမှမဖြစ်ခဲ့သလိုမျိုး နေနိုင်ခဲ့တဲ့ မျက်စိရှေ့က သူကို နာကျည်းမုန်းတီးလွန်းလို့ သတ်ပစ်ချင်မိသည်အထိ။ သတ်လို့သေသွားလည်း နာကျင်ရဦးမည့်သူက ကိုယ်တိုင်ပဲ ဖြစ်နေရဦးမှာ။ ဘာထူးမှာမို့လို့လဲ။
ရုတ်တရက် ထ,ရပ်လိုက်တဲ့သူက ထွက်မသွားခင် အသံအေးအေးနဲ့ သူ့နားထဲသို့ စကားလုံးတချို့ကို ရိုက်သွင်းဖို့ ကြိုးစားသည်။
" မင်းက ငါ့အတွက် ထာဝရသူငယ်ချင်းကောင်း၊ မိသားစုဝင်တစ်ယောက်ပါပဲ။ တစ်ခါတလေတော့လည်း ကိုယ့်အတွက်ပဲ ကိုယ်ကြည့်ပါ ဂျောင်ဝန်း။ တခြားလူတွေအတွက် ကြည့်ပေးရတာ သိပ်ပင်ပန်းရတယ်မလား။ ရည်ရွယ်ပြီး လုပ်ခဲ့တာမဟုတ်တဲ့ ကိစ္စတွေက အမှားဖြစ်သွားလို့ ငါလည်း ရူးမတတ် ခံစားနေရတုန်းပါပဲ။ "
တုန်ရီစပြုချင်လာတဲ့လက်တွေကို တစ်ဖက်လူ မမြင်နိုင်အောင် ခပ်တင်းတင်း ဆုပ်ထားမိသည်။ သူ့ဘက်က တုံ့ပြန်သံ ထွက်မလာတော့ ဆက်ပြောသည်။
" ပတ်ခ်ဆောင်းဟွန်းအပေါ် ကျူးလွန်နေတဲ့ မင်းအပြစ်တွေက ငါ မရည်ရွယ်ဘဲ လုပ်မိသွားတဲ့ အမှားတွေထက် ပိုကြီးမားနေတယ်ဆိုတဲ့အတွေး တစ်ခါလေးတောင် မဝင်ဖူးဘူးလား ?  သေချာစဉ်းစား၊ဆုံးဖြတ်ကြည့်ပါ။ နောက်မှ နောင်တတော့ မရစေနဲ့ပေါ့ကွာ။ "
ထွက်သွားတဲ့သူက ထွက်သွားပြီဆိုပေမဲ့ မရေရာ၊ မသေချာတဲ့ နာကျင်မှုတွေနဲ့ မလှုပ်မယှက် ထိုင်နေမိဆဲဖြစ်တဲ့ သူ့ရင်ဘတ်ထဲမှာ အသက်ရှူမတတ် တင်းကြပ်လာရသည်။ ပေါက်ထွက်မတတ် နာကျင်လာတဲ့ ရင်ဘတ်ကို ခပ်တင်းတင်း ဆုပ်ကိုင်ရင်း ယိုင်နဲ့နေတဲ့ ခြေလှမ်းတွေကို အားတင်းကာ မပြေးရုံတမယ် ထွက်လာပြီး အနား၌ အဆင်သင့် ရပ်ထားသည့် ကားထဲသို့ အမြန်ဝင်လာလိုက်ရသည်။
--
" ငါမမှားဘူး ! ဟုတ်တယ်၊ ငါ လုံးဝ မမှားဘူး။ အားးးး !!! "
ခန္ဓာကိုယ်တစ်ခုလုံးလည်း ပျော့ခွေလာရသည်။ ခြောက်ကပ်နေတဲ့ လည်ချောင်းတစ်လျှောက်လုံးက နာကျင်နေပြီး၊ အသက်ရှူ ဖို့လည်း ခဲယဉ်းနေသည်။ ချာချာလည်နေတဲ့ခေါင်းထဲမှာ ရှိနေတဲ့ အသိဥာဏ်တွေက ဝေဝေဝါးဝါး။ လူသူရှင်းတဲ့နေရာမို့ တစ်ခုခုဖြစ်သွားရင်တောင် ဘယ်သူမှ သိလိုက်မှာမဟုတ်ဘူး။ သေသွားရင်လည်း ကောင်းသားဟု တွေးမိပေမဲ့ တကယ်တမ်း သေသွားလို့ မဖြစ်သေးဘူး။ လွယ်လွယ်နဲ့ သေသွားလို့မှ မဖြစ်တာ။
အခြေအနေ မကောင်းတော့တာကြောင့် ဆေးသောက်ဖို့ ဆေးက ရှာမတွေ့။ အရေးကြီးတဲ့အရာကိုမှ မေ့ကျန်ခဲ့ရတာမို့ ဂျောင်ဝန်းသည် တစ်ယောက်တည်း ရုန်းကန်နေရတဲ့ကြားထဲမှာ ခြောက်ကပ်ကပ် အော်ရယ်မိသည်။
ယိမ်းယိုင်နေတဲ့ ခြေထောက်ကို အားကုန်သုံးပြီး ကားထိုးထားသည့် နေရာဆီသို့ သွားဖို့ပြင်နေမိသော်လည်း မလှုပ်ရှားနိုင်တော့။ မန်နေဂျာကို ပြန်လွှတ်လိုက်မိတာ မှားသွားပြီ။ မျက်လုံးတွေ မှိတ်သွားလို့ မဖြစ်ဘူးဟု ကိုယ့်ကိုယ်ကို အတန်တန် သတိပေးနေရပေမဲ့ အခြေအနေက သိပ်မဟန်ချင်တော့။
" လဲလို့မဖြစ်သေးဘူး။ "
ရေရွတ်လိုက်တဲ့ စကားသံ ခပ်တိုးတိုးနောက် သူ့တစ်ကိုယ်လုံး ပစ်လဲကျသွားရသည်။ လဲလို့မဖြစ်ဘူးဟု ဘယ်လောက် သတိပေးပေး၊ သူ့ခန္ဓာကိုယ်က လက်လျှော့လိုက်သည်ထင်၏။
" ဟေ့ ! သတိထားဦးလေ။ သတိထားဦး ! "
--
" ဟင်းးးးမ် "
မျက်လုံးတွေကို အလျင်စလို ဖွင့်လိုက်မိတော့ စူးခနဲ ဖြစ်သွားတာကြောင့် ချက်ချင်း ပြန်ပိတ်လိုက်ရပြီး ဖြည်းဖြည်းချင်းသာ ပြန်ဖွင့်နေမိသည်။ မျက်နှာကျက်က သူ့အခန်း၏မျက်နှာကျက်နဲ့မတူ။ ဘေးပတ်ပတ်လည်ကို ကြည့်မိတော့မှ သူ့အခန်းမဟုတ်မှန်း ပိုသေချာသွားသည်။ နှာခေါင်းထဲသို့ တိုးဝင်လာတဲ့ ပန်းရနံ့က ခပ်သင်းသင်း။ ပန်းအနံ့တွေ မကြိုက်တဲ့သူက သည်တစ်ခေါက်တော့ လိုလိုလားလားနဲ့ ရှူ ရှိုက်လိုက်မိသည်။
ထူးထူးဆန်းဆန်း အားတွေပြည့်နေပြီး နေလို့ကောင်းလာသည်။ သူ့ကိုယ်ပေါ်က စောင်ပါးပါးလေးကို ဘေးသို့ဖယ်လိုက်ပြီး အခန်းဝနားသို့ ခြေသံလုံလုံနဲ့ လျှောက်သွားလိုက်မိသည်။ ဘယ်သူ့ဆီရောက်လာတာလဲဆိုတာကို မသိတာကြောင့် ဘယ်လိုနည်းနဲ့ ပြန်ထွက်ရမလဲဆိုတာလည်း အခက်တွေ့နေမိသည်။ သူ့ကို သိနေတဲ့သူသာဆိုရင် လွယ်ကူမှာ မဟုတ်။ အရှုပ်တွေ ပါလာနိုင်သည်။
" စကားများလိုက်တာဟာ။ ဘယ်ဘားမှလည်း မသွားတော့ဘူး။ အဲ့တာကြောင့် အဘွားကြီးပေါက်စလို ဗျစ်တောက်ဗျစ်တောက် လုပ်မနေစမ်းပါနဲ့။ ငါ မအားဘူး။ ဒါပဲ ! "
ဖုန်းပြောနေတဲ့သူကို အနောက်ကနေ ရပ်ကြည့်မိနေတုန်း သူ့ဘက်သို့ လှည့်ဖို့ပြင်လာတာကြောင့် ဂျောင်ဝန်း အခန်းထဲ အမြန်ပြန်ပြေးရသည်။ ကျောပြင်ကျယ်ကျယ်နဲ့လူ၏အသံက နားထောင်လို့ကောင်းပြီး ဆွဲဆောင်မှုရှိတယ်လို့ ပြီးဆုံးအောင်တောင် မတွေးလိုက်ရပါ။
" အိပ်မောကျနေတုန်းထင်တယ်။ "
အခန်းထဲကို ဝင်လာတဲ့သူက ခပ်လှမ်းလှမ်းကနေ သူ့ဘာသာသူ ရေရွတ်သည်။ ထို့နောက် အိပ်ချင်ယောင်ဆောင်နေတဲ့ သူ့အနားသို့ တိုးကပ်လာသည်။ ခြေသံနီးလာတာနဲ့အမျှ သူ့လက်တွေက မသိမသာ တုန်လာမိသည်။ နဖူးပေါ်သို့ ရောက်လာသည့် လက်နွေးနွေးကြောင့် အတွေးကျဲကျဲတွေက ပျောက်ချင်းမလှ ပျောက်သွား၏။
" တော်သေးတယ်။ အဖျားမရှိတာ သေချာလို့။ "
ပြောပြီး အသံပြန်တိတ်သွားတဲ့သူကြောင့် နားစွင့်မိနေတုန်း သူ့ကိုယ်ပေါ်သို့ တဖန် ပြန်ရောက်လာသည့် စောင်။ သူ့ရင်ထဲ ထိတ်ခနဲ ဖြစ်သွားရသည်။ အစောက ပြေးလာတုန်း အောက်ကို ပစ်ချလိုက်မိတာ။
" အိပ်ရေးကလည်း ကြမ်းလိုက်တာ။ စောင်တောင် အောက်ပြုတ်ကျရတယ်လို့။ "
သူ့နှုတ်ခမ်းလေး မသိမသာ စူမိသွားသည်။ အိပ်ရေးကြမ်းတာ မဟုတ်ကြောင်း ပြောပြချင်မိသော်လည်း မျက်လုံးတို့ကို ခပ်တင်းတင်း မှိတ်ထားရသည်။ တံခါးပိတ်လိုက်တဲ့ အသံကို ကြားတော့မှ သက်ပြင်းချလိုက်ပြီး စိတ်အေးလက်အေးဖြင့် ထ,ထိုင်လိုက်နိုင်တော့သည်။
" ကဲ ... ဒါဖြင့် နိုးတာကြာပြီပေါ့။ "
မျက်နှာချင်းဆိုင်ရှိနေတဲ့ တံခါးဝက အသံကြောင့် သူ့တစ်ကိုယ်လုံး တောင့်တင်းသွားမတတ်။ မျက်ခုံးပင့်ပြလာတဲ့သူကို ဘယ်လိုတုံ့ပြန်ရမလဲမသိတာကြောင့် သွားဖြီးပြပြီးသာ ရယ်ပြလိုက်မိတော့သည်။ တော်တော်လည်တဲ့လူပဲ။
--
" ယန်းဂျောင်ဝန်းအကြောင်းကို ဘယ်သူမှ မသိစေရပါဘူး။ ကျွန်တော်သာ အဲ့နားမှာ ရှိမနေရင် ယန်းဂျောင်ဝန်းတော့ ဒုက္ခရောက်လောက်တယ်။ "
ကူညီပေးထားတယ်ဆိုတဲ့အသိကြောင့် ဂျောင်ဝန်း ဘာမှပြန်မပြောဘဲ ငြိမ်သာငြိမ်နေမိသည်။ အလိုက်မသိတဲ့သူကတော့ ချောင်းဟန့်ပြီး ဆက်ပြောသည်။
" နောက်တစ်ခါ အော်ဟစ်သောင်းကျန်းချင်ရင် ကိုယ့်အိမ်မှာပဲ အော်ပါ။ ကိုယ်က နာမည်ရှိတဲ့ အနုပညာတစ်ယောက် မဟုတ်လား ? "
အောင့်သက်သက်နိုင်စွာနဲ့ပဲ ဂျောင်ဝန်းသည် ခေါင်းညိတ်ပြလိုက်ရသည်။ သူစိမ်းတစ်ယောက်ဆီက ဆုံးမခံနေရတာမို့ ခံစားချက်က စိတ်ပျက်စရာကောင်းလှပြီး အင်တင်တင်ဖြင့်။ ပြန်ပြောလိုက်ချင်ပေမဲ့လည်း အပိုကိစ္စတွေ မဖြစ်ချင်တာကြောင့် စိတ်သာ ဖြေနေရ၏။
" သတိလက်လွတ်ဖြစ်သွားမိလို့ပါ။ "
ထိုသူက သဘောပေါက်တယ်ဆိုတဲ့ သဘောဖြင့် ခေါင်းတညိတ်ညိတ်လုပ်ပြီး ထိုင်နေရာ ထွက်သွားသည်။ ခေါင်းလေး စောင်းပြီး ကြည့်နေမိတုန်း ပန်းကန်တစ်ချပ်ရယ်၊ နို့တစ်ခွက်ရယ်ဖြင့် ပြန်ထွက်လာသည်။
" ဘာကြိုက်တတ်လဲမသိလို့ ပေါင်မုန့်ကြက်ဥကြော်နဲ့ နို့ ပြင်ပေးထားတယ်။ တစ်မနက်လောက် စားလို့လည်း ဝိတ်အရမ်းမတက်လောက်ဘူးမလား။ ကြည့်ရသလောက် တော်တော်လေး သေးနေတာမို့ စားလို့အဆင်ပြေလောက်ပါတယ်။ စားလိုက်နော်။ "
ပြောခွင့်မပေးဘဲ ဆက်တိုက်ပြောကာ သူ့ရှေ့ကို ချပေးလာတဲ့ ပန်းကန်နဲ့ နို့ခွက်ကို စိတ်ရှုပ်သလို ကြည့်လိုက်ပြီးနောက် ခပ်တည်တည် မျက်နှာဘေးနဲ့ပဲ ...
" ကျွန်တော် ဒါတွေမစားဘူး။ "
ပျက်သွားတဲ့ မျက်နှာကြောင့် စိတ်မကောင်းဖြစ်မိပေမဲ့ မတတ်နိုင်ပါ။ အရှုပ်တွေ မဖြစ်လာအောင် သူ့ဘက်က ပြောသင့်တာ ပြောရမည်ဆိုတာကိုပဲ ခေါင်းထဲ ထည့်ထားလိုက်တော့သည်။
" ကူညီပေးပြီး အိမ်အထိ ခေါ်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော့်မန်နေဂျာလည်း ကျွန်တော့်ကို ရှာနေလောက်ပြီမို့ မြန်မြန်ပြန်မှဖြစ်မယ်။ ဘာလိုချင်တာလဲသာ ပြောပါ။ "
တည်တင်းသွားတဲ့ တစ်ဖက်လူကြောင့် ဂျောင်ဝန်း အနည်းငယ် လန့်သွားမိသည်။ သူ့အကျင့်အတိုင်း ပါးစပ်က လွှတ်ခနဲ ထွက်လာတာကြောင့် သူလည်း မတားလိုက်နိုင်။ တစ်ဖက်လူ၏စေတနာကို စော်ကားလိုသည့် ရည်ရွယ်ချက်နဲ့ မဟုတ်တာတော့ သေချာသည်။
" လိုချင်တာလား ရှိတာပေါ့။ "
နှုတ်ခမ်းတွေ ကွေးတက်သွားတဲ့အထိ ပြုံးပြလာသူကို ခဏတာ ငေးမောကြည့်နေပြီးတော့မှ ရှိန်းဖိန်းဖိန်း ခံစားရလာတာကြောင့် အကြည့်လွှဲလိုက်ရသည်။ 
" ကိုယ့်နာမည်က ပတ်ခ်ဂျုံဆောင်း။ လိုချင်တာထက် ဖြစ်ချင်တာက တစ်ခုရှိတယ်။ မင်းရဲ့ချစ်သူ ဖြစ်ချင်တယ်။ မင်းနဲ့ တွဲချင်တယ်။ ယာယီ မဟုတ်ဘဲ ရေရှည်။ အပျော်မဟုတ်ဘဲ အတည်။ "
--
4,3,2022
♡
--
-ZAWGYI-
" ကျစ် ! "
" ဟုတ်တယ်၊ ငါမှ မမှားတာ။ "
--
" သူ့ကို မထိနဲ့ !!!! "
You are reading the story above: TeenFic.Net