ဝေါန်ဝူဒီနေ့ကျောင်းနောက်ကျသည်။
ကိုကိုလိုက်မပို့သည်ဆိုတာထက် နဂိုကတည်းကကိုယ့်ဟာကိုယ်နှေးတတ်သည့်သူမှန်းသိပေမယ့် ဘယ်လိုဖြစ်လို့အချိန်ကဒီလောက်ထိကုန်မြန်သွားလဲမသိ။
Bus တောင်မစီးနိုင်တော့ဘဲ taxiငှားပြီးကျောင်းသို့ထွက်လာခဲ့ရသည်။
“ ကျောင်းနောက်ကျနေလို့ကိုကိုရဲ့ ”
“ အိပ်ရာထနောက်ကျတာလား။ ”
“ မဟုတ်ဘူး ဒီတိုင်းပဲပြင်ဆင်နေရင်းနဲ့ကိုဘယ်လိုဖြစ်လို့နောက်ကျမှန်းမသိတာ ”
လောကကြီးကပုံမှန်လည်ပတ်နေပေမယ့် ဖြေးဖြေးနှင့်ပုံမှန်နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုဆောင်ရွက်တတ်သည့်ဝေါန်ဝူအတွက်တော့မြန်နေသလိုပင်ဖြစ်နေမှာအမှန်ပင်။
“ အရမ်းမလောပါနဲ့ နောက်ကျတော့လည်းတစ်ရက်တလေမသွားနဲ့ပေါ့ ”
“ မနောက်နဲ့ဗျာ ” ဆိုပြီးအသံသေးသေးလေးနှင့်ပြန်ပြောတော့ဆွန်းချောလ်သဘောကျစွာရယ်နေမိသည်။
အနှောင့်အယှက်ဖြစ်မှာဆိုး၍ဆွန်းချောလ်နှုတ်ဆက်ကာဖုန်းချလိုက်ပြီး patient history ကိုကြည့်နေမိသည်။
ဂျူတီဝင်ရသည့်တစ်ပတ်ကအကြာကြီးလိုပင်ခံစားရကာ History တွေကြည့်ရတာလည်းတစ်မုန်းပင်။
တစ်ပတ်လုံးလုံး ဖုန်းပြောလိုက်စာပို့လိုက်နှင့်သာကိုယ့်စိတ်ကိုယ်ဖြေနေရပေမယ့် တကယ်တမ်းသာတွေ့ရင်ပွေ့ဖက်ထားမိမှာအသေအချာပင်။
လွမ်းလိုက်တာ .... ဂျော်န်ဝေါန်ဝူရာ လို့သာရေရွတ်နိုင်သည့်အခြေအနေပါလေ။
“ နည်းနည်းလောက်လမ်းဖယ်ပေးပါခင်ဗျ အလျင်လိုနေလို့ပါခင်ဗျ ”
လှေကားတစ်လျှောက်တွေ့သမျှလူကိုကျော်တက် ကျော်ခွနှင့်ဝေါန်ဝူစာသင်ဆောင်ကိုပြေးရပြန်သည်။
Elevator စောင့်နေရတာထက် ကိုယ့်ဟာကိုယ်လှေကားကနေတက်တာပိုမြန်မည်ပင်။
“ နည်းနည်းလောက်ဖယ်ပေးပါ ”
တစ်နေကုန်နေလို့ အစားစာချိန်နှင့်စာမေးခံရချိန်ကလွဲလို့မဟသည့်ပါးစပ်ကိုတစ်လျှောက်လုံးမနားတမ်းတောင်းပန်ရင်း ခွင့်တောင်းရင်းတောက်လျှောက်ပြောသွားနေရသည့်အဖြစ်။
“ Computer Science က မှန်ကြောင်လေးမလား။ ”
“ သိသွားရပြန်ပြီလား မင်းက !? ”
“ မဟုတ်ပါဘူး စာကြည့်တိုက်မှာနေ့တိုင်းလိုလိုတွေ့နေရတော့မျက်မှန်းတန်းမိနေတာ ”
ရိုးရိုးသားသားထင်ရပေမယ့် မရိုးသားသည့်စကားအသွားအလာကိုပြောသူကိုယ်တိုင်သာသိပေလိမ့်မည်။
အယောင်ပြစာလုပ်သည်မဟုတ်ဘဲ တစ်ယောက်တည်းကျားကုတ်ကျားခဲကြိုးစားကာအဖော်အပေါင်းလည်းအနားမှာတွေ့ရသည်မှာတစ်ခါနှစ်ခါသာ။
“ ဆေးဘက်ကစီနီယာချွဲရဲ့ညီလို့လည်းပြောသံကြားတယ်။တကယ်သာဆိုရင်သွားမရှုပ်တာကောင်းမယ် ... စီနီယာချွဲကတော်ရုံလူမဟုတ်ဘူးနော် ”
ဆွန်းချန်းယောင်းပြုံးရယ်လိုက်ရင်းသူငယ်ချင်းတွေကိုခနဲ့ဟန်ဖြင့်ကြည့်လိုက်ကာ
“ ငါကဘာလုပ်မယ်ပြောလို့မင်းတို့ကသတိပေးစာတွေကြိုကပ်နေရတာလဲ !? တကယ်ရယ်ရတဲ့ကောင်တွေပဲ ”
“ မင်းလုပ်လို့လည်းရမှာမဟုတ်ဘူး။မမွှေးသင့်တဲ့မီးကိုသွားမွှေးမိနေမှာဆိုးလို့သတိပေးရုံပဲ ”
ချန်းယောင်းပြုံးရုံသာပြုံးနေလိုက်ပြီးပြောသမျှကိုတစ်ဖက်ကနားထောင်လို့တစ်ဖက်ကပစ်ထုတ်ကာဘာမှမဖြစ်ခဲ့သလိုသာငြိမ်နေလိုက်သည်။
“ ဘယ်တုန်း ဒေါက်တာချွဲ ? ”
ညနေခင်း round လှည့်ပြီးသည်နှင့်ဆွန်းချောလ် duty coat ကိုချွတ်ကာအပြင်ဝတ်လဲနေတုန်း စီနီယာတစ်ယောက်ကဝင်လာ၍မေးတော့
“ အိမ်ကကလေးကိုကျောင်းသွားကြိုပေးမလို့ ဒီမနက်ကျောင်းသွားတာနည်းနည်း panic ဖြစ်နေတယ်ထင်လို့ ကျန်းမာရေးလည်းစစ်ဆေးပေးချင်လို့လေ ”
“ woahh ~ တကယ်ကို Good Father ပဲ ” ဆိုပြီးလက်မထောင်ကာချီးကျူးတော့ဆွန်းချောလ်ရယ်ရမလိုငိုမရလိုပင်။
သူငယ်ချင်းကျေးဇူးနှင့်အကုန်လုံးကဆွန်းချောလ်ကလေးလို့ပြောတိုင်းတကယ့်ကလေးအဖေလို့ထင်နေကြသည်။
“ ကလေးဆိုတာ ... ကျွန်တော့်ညီလေးပါ စီနီယာ ထင်နေသလိုတွေမဟုတ်ပါဘူး။ ”
“ ဒေါက်တာချွဲကညီရှိတာလား။ ”
“ ဟုတ်ကဲ့ ... ငယ်ငယ်ကတည်းကအခုထိကျွန်တော့်မျက်စိရှေ့တင် လက်ပေါ်တင်ကြီးလာတဲ့ကလေးမို့ ခုထိကလေးလို့ပဲခေါ်နေမိတာ အကုန်လုံးကအထင်လွဲနေကြတာဖြစ်မယ်။ ”
စီနီယာကပါအားနာနာနှင့်တောင်းပန်လာတော့ဆွန်းချောလ်ရပါတယ်လို့သာပြောကာ ဝေါန်ဝူကိုကျောင်းကြိုဖို့ကားပါကင်ကိုအမြန်ဆင်းလာခဲ့လိုက်သည်။
ညနေပိုင်းအတန်းချိန်ရှိလားလို့မေးထားတော့မရှိဘူးဆို၍ နောက်နာရီဝက်လောက်ဆိုဝေါန်ဝူဘတ်စ်ကားဂိတ်မှာရှိနေမယ်ဆိုတာဆွန်းချောလ်အတပ်ပြောရဲသည်။
ကားကိုသာခပ်မြန်မြန်လေးသတိနှင့်မောင်းလာကာ တစ်ဖက်ကနေလည်းဝေါန်ဝူဆီဖုန်းဆက်ပြီးလာကြိုမည်ဖြစ်ကြောင်းအသိပေးထားလိုက်ရသည်။
ညနေဘက်ဖြစ်ပေမယ့်နေအပူရှိန်ကမကျသေးတာကြောင့် ကိုကိုလာကြိုမယ်ဆို၍သာစိတ်သက်သာရာရမိသည်။
မဟုတ်လို့ကတော့ ဒီအချိန်ကားစီးလို့ကတော့ပေါင်းအိုးထဲထည့်ထားပြီးသားအသားလုံးဖြစ်သွားလိမ့်မှာအသေအချာပင်။
ကိုကို့ကိုစောင့်နေရင်း ရုတ်တရက်ဘေးတွက်လာရပ်သည့်တစ်စုံတစ်ယောက်ကြောင့် ဝေါန်ဝူသိသိသာသာပင်ခွာရပ်လိုက်ကာဘယ်သူလဲဆိုတာလည်ပြန်ပင်မကြည့်မိ ။
“ ဟားဟား ... ကိုယ်ကအဲ့လောက်တောင်ကြောက်စရာကောင်းနေတာလား။ ” ဆိုသည့်အသံကြောင့် ဝေါန်ဝူသိသည့်သူလားဆိုပြီးကြည့်လိုက်မိပေမယ့် တစ်ခါမှမမြင်ဖူး။
တစ်ခါမှမမြင်ဖူးဘူးဆိုသည်ထက် ကျောင်းတွင်ဝေါန်ဝူသိသည့်သူဆိုလို့ ဂွေါမ်ဆွန်းယောင်းရယ် သူ့ရည်းစားလေးအီဂျီဟွန်းရယ်နှင့်ပရော်ဖက်ဆာတွေသာရှိသည်ကိုး။
“ Computer Science က ဂျော်န်ဝေါန်ဝူ ... ဟုတ်တယ်မလား။ ”
“ ဟုတ်ကဲ့ ”
“ ကိုယ်စာကြည့်တိုက်မှာမင်းကိုအမြဲတွေ့နေကြမို့သိတာပါ သိပ်ပြီးအထူးအဆန်းမဟုတ်ပါဘူး။ ” လို့ပြောပေမယ့် ဝေါန်ဝူကတော့ထိုသူ့ကိုသူစိမ်းတစ်ယောက်အမြင်နှင့်သာကြည့်နေမိသည်။
ဂွေါမ်ဆွန်းယောင်းကလည်းတစ်ပတ်ဆိုပြီးပါသွားတာကိုခုထိပြန်မလာ။
တစ်ခါတည်းတစ်အိုးတစ်အိမ်ထူထောင်ပြီးအခြေချနေပြီလားတောင်မသိ ... ။
“ တောင်းပန်ပါတယ် ကျွန်တော်ဒီဘက်ကတစ်ယောက်ကိုမသိလို့ပါ။ ”
“ ကိုယ့်က ဆွန်း ချန်း ယောင်း ... Math Department က ”
အသိအမှတ်ပြုသည့်အနေဖြင့်သာခေါင်းငြိမ့်ပြလိုက်ပြီး နီးကပ်လာသည့်ကိုကို့ကားကိုမြင်လိုက်ရတာကြောင့် ဝေါန်ဝူထခုန်မိမတက်ပျော်သွားရသည်။
ကားကိုဝေါန်ဝူနှင့်အနည်းငယ်ကွာသည့်အကွာအဝေးမှာရပ်ကာကားပေါ်ကဆင်းလာသည့်ကိုကိုကမတွေ့ရသည့်ရက်တွေအတွင်းပိုကြည့်ကောင်းလာသလိုပင်။
ကိုကို့ပုံစံကကြည့်ကောင်းနေပေမယ့်ကိုကို့မျက်နှာကတော့အခြေအနေကောင်းပုံမရ။
မျက်ခုံးတို့ကိုတွန့်ချိုးထားကာ နှုတ်ခမ်းတို့ကတစ်ခုခုကိုပြောချင်နေဟန်အလိုမကျစွာရှိလို့နေသည်။
“ ဘယ်သူလဲ ဝေါန်ဝူ ? ” ဆိုပြီးအနားရောက်ရောက်ခြင်း လက်တစ်လှမ်းအကွာကသူကိုမေးငေါ့ကာမေးတော့ ဝေါန်ဝူခေါင်းခါပြလိုက်ပြီး
“ ကျွန်တော်လည်းမသိဘူး ကိုကို သူကစကားတွေလာပြောနေတာ ”
“ ကားပေါ်တက်တော့လေ ” ဟုဆိုကာတံခါးကိုအဆင်သင့်ဖွင့်ပေးကာ ဝေါန်ဝူကိုကားပေါ်တက်စေလိုက်ပြီး ထိုလူ့ကိုဆွန်းချောလ်သေချာကြည့်လိုက်တော့သူကပါကိုယ့်ကိုမချိုမချဉ်နှင့်အကဲခတ်သလိုကြည့်လာသည်မို့ လူကစိတ်ထဲအနည်းငယ်တော့ချဉ်တူးသွားမိသည်။
အရိပ်အကဲဖတ်တတ်သည့်သူမို့ ဒီလူဘာအကြောင်းကြောင့်ဝေါန်ဝူနားချဉ်းကပ်လာသလဲဆိုတာဆွန်းချောလ်ရိပ်မိနေပြီးနှင့်သားပင်။
“ ကျွန်တော်သူ့ကိုတကယ်ဘာမှပြန်မပြောတာကိုကိုရဲ့ ”
“ သူပြောတာလည်းနားထောင်စရာမလိုဘူးလေ။ ”
“ နားကြီးကသူ့ဟာသူပါလာတာကိုပဲဖြုတ်ထားရမလိုပဲ ကိုကိုပြောသလိုဆို ”
ကိုယ်ကသူ့ကိုစိတ်ဆိုးဟန်ဆောင်မလို့ပါဆို သူကစိတ်ပြန်ကောက်မည့်အခြေအနေရောက်နေ၍ ဆွန်းချောလ်စကားလမ်းကြောင်းပြန်လွှဲလိုက်ရသည်။
မျက်မှန်ကိုပင့်တင်ပြီး လူကိုဘုကြည့်ကြည့်လာသေးကာ
“ အဲ့ဒါကိုကိုကားအမြန်မောင်းမလာလို့ ” ဆိုပြီးပြောသေးသည်။
တတ်လည်းတတ်နိုင်သည့် ဂျော်န်ဝေါန်ဝူပင်။
အိမ်ကိုအရင်ပြန်မပို့ပေးသေးဘဲညစာအတူစားဖို့အတွက်အနီးနားကဝေါန်ဝူကြိုက်လောက်မည့်စားသောက်ဆိုင်တစ်ခုကိုဝင်ကာညစာအတူစားရင်းမတွေ့ဖြစ်သည့်ရက်တွေကအကြောင်းကိစ္စတွေပြန်မေးတော့ ရင်ဖွင့်လာသည့်နှယ်မနားတမ်းပြောနေ၍ ဆွန်းချောလ်နားထောင်ပေးခဲ့ရသည်။
“ ကိုကိုလည်းဂျူတီမြန်မြန်ပြီးရင်ကောင်းမယ် တစ်ယောက်တည်းကြတော့လည်းပျင်းသွားပြန်ရောလေ ”
“ ခုမှကိုကို့အကျိုးကျေးဇူးတွေနားလည်နေတာပေါ့လေ ”
“ အဲ့လိုလည်းမဟုတ်ပါဘူး မြင်နေတွေ့နေကြသူကိုမတွေ့ရတော့တစ်မျိုးကြီးခံစားရလို့လေ ”
နှုတ်ခမ်းထောင့်နားမှာစွန်းထင်နေသည့်ဟင်းအနှစ်ကိုဆွန်းချောလ်ဖယ်သုတ်ပေးတော့ငြိမ်ငြိမ်လေးရှိနေပြီး ကြယ်ကလေးတွေကိုတဖျက်ဖျက်တောက်နေသည့်မျက်ဝန်းလေးတွေနှင့်ဆွန်းချောလ်ကိုကြည့်လို့နေပြန်သည်။
ရည်းစားမထားဖို့ဆွန်းချောလ်တစ်လမ်းလုံးကတိတောင်းလာပြီး အိမ်ရှေ့အရောက်ပို့ပေးတော့သူကပါကိုယ့်ကိုပြန်ပြီးခြိမ်းခြောက်သွားသေးသည်။
“ ကျွန်တော့်ကိုတောင်းတဲ့ကတိကိုကိုပါမတည်ရင် တစ်သက်လုံးကိုကို့ကိုမခေါ်တော့ဘူးဗျ ။ ”
------------------------------------------------------------------------------
You are reading the story above: TeenFic.Net