𝐒𝐮𝐫𝐫𝐞𝐧𝐝𝐞𝐫 𝐌𝐞 𝐢𝐧 𝐀𝐮𝐠𝐮𝐬𝐭

Background color
Font
Font size
Line height

ဇူလိုင်လအကုန် သြဂုတ်လအစမှာ ကိုးရီးယားနိုင်ငံရဲ့ဆိုးလ်မြို့က တစ်နှစ်လုံးရဲ့အပူဆုံးလလိုပင်။ ကျစ်ကျစ်တောက်အောင်ပူပြင်းတဲ့နေမင်းရဲ့အရှိန်ကြောင့် ဝန်နူး ကားစီးရင်းပင် ခေါင်းမူးလာသည်။ မနက်ခင်းစောစောကတည်းက ဆိုးလ်မြို့ကနေ ထွက်လာပြီး တစ်ခေါက်မှ မနားရသေး။ သွားရမယ့်ခရီးက သုံးနာရီကျော်လောက်ပဲဟု ပြောထားတာကြောင့် ဝန်နူး မုန့်နည်းနည်းနှင့် ရေတစ်ဘူးသာထည့်လာလိုက်သည်။ မပါမဖြစ် ကင်မရာလေးတစ်လုံးကတော့ လက်ထဲကိုင်ထား၏။ လမ်းခရီးတစ်လျှောက်လုံးလည်း ဘေးမြင်ကွင်းတွေကိုသာ ကြည့်ရင်း စိတ်ဘဝင်မကျစွာ လိုက်ခဲ့ရသည်။

ဝန်နူး ဘယ်သောအခါမှ အိမ်အပြင်မထွက်ချင်ခဲ့။ ဆရာဝန်ပြောစကားကို နားထောင်ရမယ်ဆိုသော စိတ်တစ်ခုတည်းကသာ သည်ခရီးအတွက် ချမိသော ဆုံးဖြတ်ချက်သေးသေးလေးပင်။ မိမိရဲ့ ဆေးစစ်ချက်အရ ခန္ဓာကိုယ်က သက်သောင့်သက်သာရှိနေရမည်၊လေကောင်းလေသန့်ရှူရမည်၊ ကျန်းမာရေးအတွက် စားသင့်သည်ကိုသေချာစားပေးရမည် ဆိုသော အချက်တွေကြောင့် ဝန်နူးအမေက သူ(မ)၏ မွေးရပ်မြေမြို့ငယ်လေးကို ခေါ်သွားပေးနေတာဖြစ်သည်။

၃နာရီကျော်လောက်မောင်းပြီး မြင်နေရတဲ့ မြို့ဝင်ပေါက်ဟောင်းလေးက ဝန်နူးကို စိတ်ဝင်စားမှုမဖြစ်စေ။ မြို့ထဲက လမ်းတစ်လျှောက်ကလည်း လူအများကြီးမရှိတာကြောင့် တိတ်ဆိတ်ငြိမ်သက်သည်။ ကားအသွားအလာလည်း နည်းသလို လမ်းဘေးမှာ ဆိုင်ခန်းတွေဖွင့်လှစ်ဆူညံ့တာမျိူးလည်း သိပ်မရှိ။ အေးချမ်းသာယာတဲ့ နယ်မြို့အသွင်လေးကိုဆယ်ကျော်သက်အရွယ် ဝန်နူးသာဆို ဓါတ်ပုံတွေရိုက်ရင်း အတော်ကိုပျော်နေမည်ဆိုတာ အသက် ၂၄နှစ်အရွယ်ဝန်နူးက ခံစားမိနေသည်။ သို့ပေမဲ့ ဂျော်ဝန်နူးက အခုတော့ ပျော်ရွှင်နေတဲ့ ဆယ်ကျော်သက်လေးမဟုတ်တော့သလို ပျော်ရွှင်နိုင်တဲ့ လူလတ်ပိုင်းလည်းမဟုတ်တော့ပေ။

ဝန်နူးတို့ကားက မြို့လေးကိုဖြတ်သန်းလာပြီး မြို့ရဲ့ လယ်ကွင်းစိမ်းစိမ်းတွေ၊ စပါးခင်းတွေကိုပါကျော်လွန်ပြီးချိန်တွင် နီညိုရောင်အမိုးလေးမိုးထားသော နှစ်ထပ်အိမ်ခြံဝင်းထဲ ဝင်လာသည်။ ခြံတစ်ဝိုက်မှာလည်း သစ်ပင်၊ ပန်းပင်တွေစိုက်ထားပြီး ကားပေါ်ကနေ လှမ်းကြည့်ရင်တောင် မြင်ရတာကတော့ ခြံနားက နှင်းဆီဖြူတွေ။ ခြံကတော့ ဆိုးလ်ကအိမ်ထက် ကြီးပြီး အိမ်ကလည်း ပိုကျယ်သည်။ ဝန်နူးတို့လာတော့ ခြံစောင့်ဦးလေးကြီးက တံခါးဖွင့်ပေးကာ ကားရပ်ဖို့ ပေါ်တီကို အောက်ကိုညွှန်ပြပေး၏။ ကားစက်သတ်ပြီးသည်နှင့် ညီငယ်လေးက အထုပ်တွေကို အမေနဲ့အတူချကူနေပြီး အဖေကတော့ ခြံစောင့်နဲ့စကားသွားပြောနေသည်။ ဝန်နူးကတော့ အမေလာမခေါ်ခင်ထိ တစ်ယောက်တည်း ကားပေါ်မှာ စောင့်မနေပါ။ ကိုယ့်ဘာသာတံခါးဖွင့်လိုက်ပြီး ကျောပိုးအိတ်လွယ်ကာ ကားပေါ်ကဆင်းလာလိုက်သည်။

ကားပေါ်ကဆင်းဆင်းချင်း ဝန်နူးအရင်ဆုံး သတိထားမိသည်က ပေါ့ပါးသောလေထု။ မြို့ငယ်လေးဖြစ်တာကြောင့် ဆိုးလ်လိုမြို့ပြလောက် လေထုသိပ်သည်းမှုမရှိပေ။ လတ်လတ်ဆတ်ဆတ်လေနွေးနွေးလေးက သည်မြို့လေးရဲ့ ပြပုဒ်တစ်ခု။ အဝါနုရောင် မနက်ခင်းနေရောင်ခြည်က မျက်နှာပေါ် တိုက်ရိုက်ကျလာချိန်တွင် ဝန်နူး အိမ်ထဲဝင်ဖို့သာ ဆုံးဖြတ်လိုက်သည်။

"Hyung ကိုယ့်ဘာသာဆင်းလာတာလား"

"အေးပေါ့။ ငါ့ ခြေထောက်တွေဆိုတာလည်း အကောင်းကြီး။ ငါဒီလောက်တော့ လုပ်နိုင်ပါတယ်"

"ဟုတ်ပါပြီဗျာ။ ကျွန်တော် အကို့အထုပ်တွေကို အခန်းထဲထည့်ထားပေးတယ်။ အပေါ်ထပ်လှေကားကိုတက်သွားရင် ဘယ်ဘက်အခန်းကအကို့အခန်း၊ ကျွန်တော်က ညာဘက်မှာ"

"ဟုတ်ပြီ။ ဒါဆိုအစ်ကိုသွားတော့မယ်"

ဆောလ်လေးပြောတဲ့အတိုင်း ဝန်နူးလျှောက်လာလိုက်သည်။ဝန်နူးတို့မိသားစုခဏပြောင်းလာမည်ဖြစ်တာကြောင့် ခြံစောင့်က အိမ်တစ်ခုလုံးကို သန့်ရှင်းရေးခေါ်လုပ်ခိုင်းထားသည့်အကြောင်းအဖေ့ကိုပြောနေတာ ကြားလိုက်၏။ အိမ်ပုံစံကရှေးခေတ်ပုံစံမျိုးဖြစ်ပြီး အုတ်သားတွေနဲ့သာ ဆောက်လုပ်ထားသည်။ အပြင်ပိုင်းရော၊ အတွင်းပိုင်းမှာပါ အဝါအနုခပ်ဖျော့ဖျော့လေးကိုသာ သုတ်ထားတာကြောင့် ဝန်နူးစိတ် မျက်စိအေးသည်ဟုထင်မိ၏။ ဘိုးဘွားပိုင်အိမ်ကိုမှ အနည်းငယ်ပြန်လည်ပြုပြင်ထားတာကြောင့် အခုခေတ်အိမ်လောက် ပြည့်ပြည့်စုံစုံမဖြစ်ပေမဲ့ ပစ္စည်းတွေအကုန်လုံးက နေရာတကျနှင့် ရုပ်လုံးကြွကာကြည့်ကောင်းသည်။

ပြောင်လက်နေတဲ့ လှေကားကနေတစ်ဆင့် အခန်းတံခါးဝထိလျှောက်သွားသည့် ဝန်နူး၏ ဖိနပ်သံကစည်းချက်ညီလှသည်။ ရွှေရောင်တံခါးလက်ကိုင်ဘုလေးကို ဆွဲဖွင့်လိုက်တော့ ဝန်နူးအခန်းက ထင်ထားသည်ထက် အများကြီး သာလွန်နေ၏။ မနက်ခင်းနေရောင်ကျဖို့အတွက် ပြတင်းပေါက်နှစ်ချပ်ရယ်၊ တဖျပ်ဖျပ်လွင့်နေသော လိုက်ကာစအဖြူလေးတွေရယ်၊ ပြတင်းပေါက်ဘေးနားက စာကြည့်စားပွဲနှင့် သစ်သားထိုင်ခုံလေးရယ်က မြင်ကွင်းထဲ ပထမဆုံးဝင်လာသည်။ ဘေးတစ်ဖက်စီတွင် သစ်သားဗီရိုတစ်လုံးနှင့် ခုတင်သာရှိ၏။ ထင်ထားတာထက် ရိုးရှင်းနေခြင်းက ဝန်နူးကို ပျော်ရွှင်စေသည်။ ယူလာသော လွယ်အိတ်ကို စားပွဲပေါ်တင်ပြီး ကင်မရာကိုကိုင်ရင်း ပြတင်းပေါက်နားသွားလိုက်၏။

မြို့ငယ်လေးဖြစ်တာကြောင့် တိုက်အမြင့်ကြီးတွေက မြင်ကွင်းကိုပိတ်တာမျိုးတွေမရှိ။ တောင်တန်းတွေ၊ လယ်ကွင်းတွေကို သေချာမြင်ရတာကြောင့် ဓါတ်ပုံရိုက်ဖို့အတွက် ဤပြတင်းပေါက်နေရာက သင့်တော်သည်ဟု တွေးလိုက်မိသည်။ ပြတင်းပေါက်ကနေတစ်ဆင့် လှမ်းရိုက်ထားတဲ့ပုံတွေကို ဝန်နူးပြန်ကြည့်ပြီး စိတ်ထဲကျေနပ်နေ၏။ ဓါတ်ပုံကောင်းတစ်ပုံမရတာ အတော်ကြာနေပြီမဟုတ်လား။

"Hyung ဒါ ဆေးသောက်ဖို့။ ထမင်းမစားခင်လေးသောက်လိုက်နော် ရေခွက်လည်းထားခဲ့ပေးမယ်"

ဆောလ်လေးရဲ့စကားကို ဝန်နူး ခေါင်းငြိမ့်ပြလိုက်သည်။ "ကျွန်တော်သွားပြီ" ဆိုသည်အသံသည် ကင်မရာထဲ အာရုံရောက်နေတဲ့ ဝန်နူးနားထဲမကြားမိခဲ့။ အချိန်ကြာလာသောအခါ ပြတင်းပေါက်ကမြင်နေရသော စံပယ်ပန်းပင်ရဲ့ သစ်ရိပ်သည် နေမွန်းတည့်ချိန်ကျော်သွားတာကြောင့် တဖြည်းဖြည်းနေရာပြောင်းလာသည်ကိုပါ ဝန်နူးကင်မရာက တစ်ပုံချင်းရိုက်ထားမိသည်။ ဝန်နူးသည် ထိုမျှလောက်ကြာသည်ထိ ပြတင်းပေါက်နားမတ်တပ်ရပ်ရင်း မြင်ကွင်းတစ်ခုတည်းကိုသာ ဓါတ်ပုံရိုက်နေ၏။ သတိပြန်ကပ်မှ အခန်းဘက်ကိုပြန်လှည့်ပတ်ကြည့်မိကာ စာကြည့်စားပွဲပေါ်မှ အဖြူရောင်စားပွဲတင် နာရီတစ်လုံးကို တွေ့လိုက်သည်။ အချိန်အားဖြင့် ၁၂နာရီ ၄၇မိနစ်။

ထမင်းစားဖို့လာမပြောသည်က ဝန်နူးကို တစ်ယောက်တည်းသက်သောင့်သက်သာဖြစ်စေချင်သည့် စေတနာပင်။ ဝန်နူးကိုဘယ်သောအခါမှ ထမင်းစားဖို့ လာခေါ်ရသည်မရှိ။ အမြဲတမ်းစားချင်သည့် အချိန်မှ ကိုယ့်ဘာသာစားတတ်သူဖြစ်တာကြောင့် အမေတို့ကလာမခေါ်မှန်းသိသည်။ အခုချိန်ဆို ဝန်နူးကို ပို၍ပင် လွတ်လွတ်လပ်လပ်ထားဦးမည်။ ဆရာဝန်က စိတ်ညစ်မခံဖို့ပြောလိုက်သည်မလား။

ထမင်းစားချိန်က သာမန်ထက်ပိုနောက်ကျလို့မဖြစ်တော့။ ရိုက်လက်စ ကင်မရာကို ပြတင်းပေါက်ဘေးက သစ်သားခုံလေးပေါ်တင်ထားလိုက်ပြီး ဆေးသောက်ဖို့ စားပွဲနားကိုသွားလိုက်ချိန် ရုတ်တရက်ဆိုသလို ခေါင်းကကိုက်လာသည်။ မြင်နေရတဲ့ မျက်စိရှေ့က စားပွဲသည် မှုန်ဝါးဝါး။ ဘယ်ဘက်ခြမ်းက တဆစ်ဆစ်ထိုးကိုက်လာတာကြောင့် လမ်းတောင် ဖြောင့်ဖြောင့်လျှောက်ဖို့ခက်ခဲလာသည်။

"ဘုန်း!"

စားပွဲစောင်းနဲ့ တိုက်မိပြီး ဝန်နူး ကြမ်းပြင်ပေါ်လဲကျသွားသည်။ အမြင်တွေကအစ ဝေဝါးလာပြီး ခြေထောက်တွေက အားမရှိတော့သလို။ အသက်ရှုပါကြပ်လာသည့် ခံစားချက်ကြီးကြောင့် ဝန်နူးလည်ပင်းနားကို လက်ဖြင့်ကိုင်ထားမိသည်။ လျင်မြန်လာသော အသက်ရှုသံတွေကြားမှာ ဝန်နူးတစ်ယောက်တည်း လမ်းပျောက်နေမိ၏။ လက်ကကြွက်သားတွေရဲ့ ထိန်းချုပ်နိုင်စွမ်းမဲ့လာမှုကကြောက်ဖို့ကောင်းလှသည်။ စားပွဲကို အားယူပြီးပြန်ထဖို့လုပ်ချိန် ဖန်ခွက်ကို လက်ဖြင့်တိုက်မိသဖြင့် ကျကွဲသံက အပေါ်ထပ်တစ်ခုလုံးကျယ်ကျယ်လောင်လောင်။

"ခွမ်း!"

ပြန်ထရပ်ဖို့အားယူခဲ့သော်လည်း ခန္ဓာကိုယ်ကို သယ်ပိုးဖို့ မနိုင်တော့သော ခြေထောက်တွေက လက်လျော့သွားပုံပင်။ ကြမ်းပြင်ပေါ်တစ်ဖန်ပြန်လဲကျလာပြီး ဝန်နူး မတ်မတ်ထိုင်နေရန် မဖြစ်နိုင်တော့။ ချောင်း အဆက်မပြတ်ဆိုးလာသောအခါ ဝန်နူးရင်ဘတ်ကပါ အောင့်လာသည်။

"အဟွတ် အဟွတ်... အဟွတ်"

"သားလေး!"

"အစ်ကို!"

အမေဖြစ်သူရော၊ ညီဖြစ်သူပါ ဖန်ခွက်ကျကွဲသံကြောင့် အခန်းထဲရောက်လာပုံရ၏။ ကြမ်းပြင်ပေါ်မှာ ဒူးကွေးရင်း လဲကျမတတ်ဖြစ်နေသော ဝန်နူးရဲ့ ပုံရိပ်က အတွေးတွေကိုခြောက်ခြားစေသည်။ ချောင်းဆိုးသံ တဟွတ်ဟွတ်ဖြင့် အားနည်းနေပုံပေါက်တဲ့ ဝန်နူးကို ဆောလ်လေးက ဆွဲထူပေးပြီး ကုတင်ပေါ်မှာဖြည်းဖြည်းချင်း လှဲစေ၏။ အမေဖြစ်သူကတော့ ဝန်နူးအတွက် ရေသွားခပ်ပေးရင်း ဆေးပါပြန်ယူလာပေးသည်။ ရောဂါလက္ခဏာပြလာသည့်အချိန်တိုင်း ညီဖြစ်သူက အတတ်နိုင်ဆုံး လက်တွေ၊ ခြေထောက်တွေ ကိုနှိပ်ပေးနေကြဖြစ်၍ အမေကတော့ ဝန်နူးခေါင်းလေးကို သာသာလေးပုတ်ပေးပြီး သီချင်းညည်းပြတတ်သည်။ အဖေသာအိမ်မှာရှိရင် ဝန်နူး ငယ်ငယ်က သင်္ချာအိုလံပစ်မှာ ဘယ်လိုနိုင်ခဲ့ကြောင်း ဂုဏ်ယူဝံ့ကြွားစွာ ပြန်ပြောလိမ့်မည်။ ဝန်နူး၏ ရောဂါနဲ့ ပတ်သက်ပြီး ဝန်နူးမတွေးမိအောင် တတ်နိုင်သလောက်သူတို့ အာရုံလွှဲဖို့ကြိုးစားကြလိမ့်မည်။ အကြောင်းကတော့ ရောဂါလက္ခဏာပြတိုင်း ဝန်နူးသည် သူသေဖို့အကြောင်းကိုသာ တွေးနေတတ်သောကြောင့်ပင်။

ရောဂါ ထဖောက်သလိုဖြစ်ပြီး ခဏအကြာတွင် ဝန်နူး အိပ်ရာပေါ်မှာတောင် ပြန်ထိုင်နိုင်နေပြီ။ အရင်ကဆို ဝန်နူးမှာ တစ်ရက်လောက်တော့ ကုတင်ပေါ်ကနေ ခေါင်းမထောင်နိုင်အောင် ခံစားနေရမှာ အမှန်ပင်။ ထိန်းချုပ်မရသော ကြွက်သားတွေရယ်၊ အာရုံစူးစိုက်မှု လျော့နည်းသွားတတ်သော ဦးနှောက်တို့ နှစ်ခုကြားမှာ စိတ်ပိုင်းဆိုင်ရာကပါ ပိုဆိုးလာသည်။ ၄နှစ်ကျော်ကြာ နေသားကျလာတဲ့ ရောဂါက အခုတော့ ချက်ချင်းဆိုသလို တိုးတက်မှုရှိလာသည်က ထူးဆန်းနေသည်။ ဆရာဝန်တွေပြောပုံအရဆို "Huntington Disease" ကနှေးသွားတာလည်းမရှိသလို၊ ကုသလို့လည်းမရသည်မဟုတ်လား။

"သားလေး အဆင်ပြေရဲ့လား။ အမေတို့ ခြံထဲက နှင်းဆီဖြူတွေသွားကြည့်ကြမလား။ နှင်းဆီပန်းတွေက အရမ်းလှတာ သားရဲ့။ အမေကတော့ တကယ်သဘောကျနေတာ၊ သားလည်းကြိုက်မှာ"

"ကျွန်တော် အောက်ဆင်းဖြစ်ရင် ကြည့်ကြတာပေါ့ အမေရယ်၊ အခုတော့ အပေါ်မှာပဲ အေးဆေးနေချင်သေးတယ်"

၂နာရီလောက်လှဲနေသူ၏ မျက်နှာက အရင်ကလို ဖြူဖတ်ဖြူရော် မဟုတ်တော့ဘဲ ကြည်ကြည်လင်လင်ရှိနေခြင်းက ဝန်နူးအမေကို ပျော်ရွှင်စေသည်။ ဤဒေသရောက်ရောက်ချင်း သားဖြစ်သူ၏ မထင်မှတ်ထားသော တိုးတက်လာမှုက စိတ်ထဲအတိုင်းမသိ ဝမ်းသာလာမိသည်။ ဆရာဝန်ပြောသည့်စကားကို မယုံချင်တာ မဟုတ်သော်လည်း မျက်စိရှေ့က သားဖြစ်သူ၏ လန်းဆန်းနေပုံက သူ(မ) ကို မျှော်လင့်ချက် ရောင်ခြည်သန်းလာစေ၏။

"အဲဒါဆို အမေအောက်မှာ ပရိဘောဂတွေ ပြန်ဆင်ရင်း စောင့်နေမယ်နော်။ သား ဆင်းလာချင်ရင် အမေအောက်ထပ်မှာ ရှိနေမယ်၊ သားညီလေးက ဘေးခန်းမှာ"

"ဟုတ်ကဲ့ပါ အမေရယ်၊ အမေလည်း နားနားနေနေ နေပါ"

ဝန်နူး နဖူးလေးကို တယုတယနမ်းရှိုက်ပြီး အောက်ထပ်ပြန်ဆင်းသွားသူကို ဝန်နူး မြင်ကွင်းထဲပျောက်သည်ထိ လိုက်ကြည့်နေမိ၏။ တစ်ကိုယ်ကောင်းဆန်တယ် တွေးမိပေမဲ့ မိမိကို အသည်းအသန်ဖြစ်နေသော ရောဂါသည်တစ်ယောက်လို မျက်စိဒေါက်ထောက်ကြည့်နေတာမျိုးကို ဝန်နူးမကြိုက်ပါ။ အိမ်ကလူတွေကို အလုပ်ပျက်စေသလိုဖြစ်စေပြီး ကိုယ့်ကိုယ်ကိုယ်လည်း မလွတ်လပ်စေသလို ခံစားမိသည်။ ချုပ်နှောင်ခံထားရတဲ့ လှောင်အိမ်ထဲက ငှက်ကလေးက လွတ်မြောက်မှုကိုရှာဖွေမိချင်သလိုမျိုး၊ ဝန်နူးလည်း နေရာအနှံ့ပတ်ပြီး လွတ်လပ်မှုကို ခံစားလိုက်ချင်မိသေး၏။ သို့ပေမဲ့ ဒီဘဝအတွက်တော့ ဝန်နူးမမျှော်မှန်းရဲတော့ပါ။

ကုတင်ပေါ်မှာ တစ်နေ့လယ်လုံးလှဲနေမိပြီး ညနေစောင်းလောက်မှ စားပွဲပေါ်မှာ တင်ထားခဲ့သော ကင်မရာကို ပြန်သွားယူလိုက်သည်။ မနက်ခင်းကရိုက်ထားမိသော ဓါတ်ပုံတွေကို ပြန်ကြည့်ရင်း နှုတ်ခမ်းပါးက ကွေးညွန့်လာပြန်၏။ လွန်ခဲ့သော ၂နှစ်ကျော်က ရခဲ့သော ဝန်နူးရဲ့ ဓါတ်ပုံရိုက် ဝါသနာက အခုချိန်ထိ ရှင်သန်နေဆဲ။ ဓါတ်ပုံတွေကို ပြန်ကြည့်ရင်း ဝန်နူး ကင်မရာပေါ်စခရင် ပေါ်မှာ ပေနေပုံရတဲ့ အမည်းစက်သေးသေးလေးတစ်ခုကို သတိထားမိသွားသည်။ အရင်ပုံတွေမှာ မရှိဘဲ အခုဓါတ်ပုံတစ်ခုတည်းပေါ်မှာသာ တွေ့မြင်ရသည်က ဝန်နူးကို ကြောင်အသွားစေပြန်၏။ တစ်ခုခုကိုပေနေသည်ဟု ထင်မိတာကြောင့် လက်ဖြင့် စခရင်ကို ပွတ်ကြည့်သေးသည်။ သူကင်မရာကို သေချာလေးသုတ်ခဲ့သားရဲ့။

အမည်းစက်ဟုပြောရမည်ဆိုတာထက် သေချာကြည့်ရင် လူတစ်ယောက်လိုလို၊ အရိပ်တစ်ခုလိုလိုနဲ့တောင် ပိုတူသေးသည်။ လူတစ်ယောက်ရပ်နေတာလား။ ဝန်နူး ပြတင်းပေါက် အပြင်ဘက်ကို ကြည့်လိုက်ပြီး ဓာတ်ပုံထဲက ထိုအမည်းစက်ရှိသောနေရာနှင့် အပြင်ဘက်က နေရာကို တိုက်ကြည့်လိုက်သည်။ တကယ့်နေရာက ဝန်နူးတို့အိမ်နဲ့ အတော်လှမ်းတဲ့ တောင်တန်းတွေရဲ့ သစ်ပင်တွေကြားထဲမှာသာ ဖြစ်၏။ နေဝင်ချိန်ဖြစ်နေတာကြောင့် ပုစွန်ဆီရောင် ကောင်းကင်ကြီးကို နောက်ခံထားသော တောင်တန်းတွေက ခဲပန်းချီကားတစ်ချပ်လို။ လှပသလိုရှိ၍ ကြောက်မက်ဖွယ်လည်းကောင်းလှသည်။

အဲအပေါ်မှာ လူတစ်ယောက်ရှိနေတာလား။ ဒါပေမဲ့ အဲဒါတောကြီးမဟုတ်ဘူးလား။

"အစ်ကိုရေ၊ အမေတို့က ခြံစောင့်တို့မိသားစုနဲ့ မိတ်ဆက်ပေးချင်လို့။ ခဏဆင်းလာပါဦးတဲ့"

ဆောလ်လေးစကားကြောင့် ဝန်နူးအာရုံက ထိုတောင်တန်းတွေအကြောင်းမတွေးမိတော့ဘဲ ဆောလ်လေးနောက်ကိုသာ လိုက်သွားပြီးအောက်ထပ်သို့ဆင်းသွားမိသည်။ အမေတို့က ဧည့်ခန်းက သစ်သားခုံပေါ်မှာထထိုင်နေပြီး အမေ့ရှေ့က ထိုင်ခုံမှာ ဦးလေးကြီးတစ်ယောက်ရယ်၊ အန်တီကြီးတစ်ယောက်ရယ် အပြင် ၇နှစ်အရွယ်လောက်ရှိမည့် ကောင်မလေးငယ်ငယ်လေးတို့က ထိုင်နေ၏။ သူတို့တွေကြားမှာ ကနုတ်တွေဖြင့် အလှဆင်ထားသော ကျွန်းစားပွဲတစ်ခုက ခြားထားလေသည်။ထိုပေါ်မှာတော့ ကော်ဖီခွက်နှစ်ခွက်နှင့် ကိတ်မုန့်ပန်းကန်ပြားတစ်ချပ်ပါ တင်ထား၏။ဝန်နူးကိုတွေ့တော့ အမေက ဘေးတစ်ဖက်ကို တိုးပေးကာ သူ့အနားလာထိုင်ဖို့ လက်ပြသည်။ အမေပေးတဲ့နေရာမှာ ထိုင်တော့ မိမိအရှေ့က ကလေးမလေးက ဝန်နူးကို ပြုံးပြလေ၏။

"ဒါက ကျွန်မသားအကြီးလေ။ ဂျောင်ဝန်နူးတဲ့၊ ဒီကိုပြန်လာဖြစ်တာလည်း သူ့ကြောင့်ပဲလေ။ ဂရုစိုက်ပေးပါဦးနော်"

"စိတ်ချပါရှင်၊ မမလေးတို့ မိသားစုအတွက် ကျွန်မတို့က အကုန်အသင့်ပြင်ထားပေးတာ။ လိုအပ်တာရှိရင် အချိန်မရွေးပြောပါနော်။ သားလေးကတော့ အဖေတူလေးပဲ။ လူချောလေး"

"အန်တီလေးက စောနကကြတော့ သားကိုလူချောလေးလို့ပြောပြီး အခုကြတော့ ကိုကိုကချောသွားပြီပေါ့"

"အမယ်လေးတော်၊သားငယ်လေးကလည်း ချောပါတယ်ရှင်။ ရှင်က အချောဆုံးပါပဲ၊ ဟုတ်ပြီလား"

"တကယ်ပြောတာလည်း မဟုတ်ဘဲနဲ့ ဟွန့်!"

ဆော်လေးက နှုတ်ခမ်းဆူတော့ နှစ်ဖက်စလုံးရယ်မောမိကြသည်။ ကောလိပ်ကိုတောင် တစ်လခွင့်တင်ပြီး မိမိကြောင့် ဝေးလံတဲ့နယ်ဘက်ကိုလိုက်လာခဲ့သော ညီဖြစ်သူက အနည်းဆုံးပြုံးပျော်နေသည်လေ။ တစ်နေ့တည်း သူစိမ်းတွေနှင့်ရင်းနှီးအောင်နေနိုင်သော ဆောလ်လေးကို ချီးကျူးမိ၏။ ကိုယ်မရှိတော့ရင် ဆောလ်လေးကသာ မိဘတွေကို နှစ်သိမ့်ပေးနိုင်မည့်သူဖြစ်လာလိမ့်မည်။ မနက်ခင်းတိုင်း လမ်းလျှောက်သွားတတ်တဲ့ အဖေဖြစ်သူနဲ့ အတူ အဖော်လုပ်ပေးဖို့ပြောထားရမည်။ ဆောလ်လေးက အိပ်ယာထနောက်ကျတတ်သူမဟုတ်လား။ အမေနဲ့ဆို နေ့လယ်စာ၊ ညစာ ချက်ရင်ကူပေးဖို့၊ အစားစားရင်လည်း ချေး(ဂျီး)မများဖို့ သေချာမှာထားရမည်။ ဆောလ်လေးက အသီးအရွက်ဆိုမစားတာများသည်လေ။

"ကျွန်တော် အပေါ်မှာ သွားနားတော့မယ်ဗျ"

တစ်နာရီလောက်ထိုင်ပြီး စကားပြောတာတွေနားထောင်နေရတာ ဝန်နူးကို ငြီးငွေ့စေသော်လည်း အရှေ့မှာထိုင်နေသော ကလေးမလေးက သူ့ကိုပဲစိုက်ကြည့်နေတာက အနေရခက်စေ၏။ စိတ်ထဲလည်းနေလို့မကောင်းတော့တာကြောင့် အပေါ်ကအခန်းထဲကိုသာ ခပ်သွက်သွက်ပြန်လာလိုက်သည်။ အမေကတော့ ညနေစာကို အခန်းထဲလာပို့ပေးမယ်ပြောပေမဲ့ ဝန်နူးမှာ စားချင်စိတ်မရှိပါ။

အခန်းတံခါးကိုပြန်ပိတ်ပြီး ကုတင်ပေါ်မှာ တင်ပါးလွှဲထိုင်မိချိန်တွင် ကင်မရာထဲက ဓါတ်ပုံကိုပြန်ကြည့်မိသည်။ ကြည့်လေကြည့်လေ တောင်တန်းပေါ်မှာ တစ်ယောက်ယောက်ရှိနေတာ ပိုသေချာလာသလိုပင်။ ဘယ်သူများလဲ။

"ဝန်နူး၊ အမေဝင်လာပြီနော်"

အမေယူလာပေးသော ထမင်းပန်းကန်ကိုစားပြီးနောက် ဝန်နူး ပြတင်းပေါက်ဘက်ကို ပြန်သွားကြည့်လိုက်သည်။ အမေကတော့ အဖေနဲ့ စကားပြောဖို့အတွက် လသာဆောင်ဘက်ကို ထွက်သွားလေ၏။ လဆန်းရက်ဖြစ်တာကြောင့် မည်းနက်သော ကောင်းကင်ကျယ်တွင် ကြယ်မှုန်လေးတွေကသာ ဟိုတစ်စ၊ သည်တစ်စ။ လုံးဝန်းခြင်းမရှိသော လမင်းဖွေးဖွေးကြီးကို ကြည့်ရင်း ဝန်နူး စိတ်က တောထဲဘက်ကိုသာရောက်နေသည်။ အဲမှာတကယ် လူရှိတာလား။ နောက်ဆုံးတော့ လွယ်အိတ်ထဲက မှတ်စုစာအုပ်လေးကိုထုတ်လိုက်ပြီး "မသွားခင် လုပ်သွားရမည့်အရာများ" ဆိုသော ခေါင်းစဥ်အောက်မှာ နံပါတ်စဥ်ထပ်တပ်လိုက်သည်။

၂၇. သစ်ပင်တွေကြားက အရိပ်ကဘာလဲဆိုတာ သိရမယ်!

>>>>>>>>>
>>>>>>>>>

မနက်ခင်းလေအေးက ပြတင်းပေါက်ထဲကနေတစ်ဆင့် ဝန်နူး ထိုင်နေသော နေရာထံသို့တိုက်ခတ်လာ၏။ လိုက်ကာစအဖြူလေးတွေက တဝဲလည်လည်ဖြစ်သည်ထိ ဤမြို့နယ်လေးရဲ့ လေတိုက်နှုန်း မြန်လှသည်။ အမေပြင်ပေးတဲ့မနက်စာကို စားပြီး အဖေနဲ့အတူ ခြံတစ်ပတ်လမ်းလျှောက်ထွက်ဖြစ်တော့ စိတ်ကတော့ အတော်ကိုကြည်လင်နေ၏။ အခန်းထဲမှာ ထိုင်နေရသည်က ပျင်းရိဖွယ်ကောင်းလာတော့ ဝန်နူးအဖေပြထားသော နှင်းဆီဖြူတွေကို ဓါတ်ပုံရိုက်ဖို့ ခြံထဲဆင်းလာလိုက်တော့သည်။ နာရီဝက်ကျော်လောက် ရိုက်ပြီးသော်လည်း စိတ်တိုင်းကျသည်က မရှိ။ ခြံနောက်ဘက်မှာရှိနေတဲ့ ဒန်းအဖြူလေးပေါ်မှာ ထိုင်ကာ အနောက်မှီလိုက်ရင်း ကောင်းကင်ကတိမ်တွေကိုသာ ပုံဖော်ကြည့်နေလိုက်မိသည်။

"ဖျတ်"

ရုတ်တရက်ဆိုသလို ကြားလိုက်ရသောအသံကြောင့် ဝန်နူး ခေါင်းထောင်ကြည့်လိုက်မိ၏။ အိမ်နောက်ဖေးရှိ စိုက်ခင်းသေးလေးတွေကြားကနေ ဖြတ်ပြေးသွားတဲ့ မနေ့ညကကောင်မလေး။ အနှီကောင်မလေးက အခုတော့ ဆံပင်ကို ကျစ်ဆံမြီးကျစ်ထားပြီး ပန်းနုရောင် အနွေးထည်လက်ရှည်လေးကိုဝတ်ထားကာ စိုက်ခင်းတစ်လျှောက် ပြေးလွှားနေသည်။ ခြံစောင့် လင်မယားရဲ့ သမီးငယ်လေးဖြစ်ပုံရသူ ထိုကလေးမလေးက ဝန်နူးနဲ့ အကြည့်ချင်း စုံသွားခိုက်တွင် အလန့်တကြား အနောက်ဘက်က သစ်ပင်တွေကြားထဲ ထွက်ပြေးသွားလေ၏။

"ဟေ့! ဟိုကောင်မလေး၊ အဲထဲမပြေးရဘူးလေ။ အန္တရာယ်များတယ်။ ဟိုဘက်မှာ သစ်တောကြီးနော်၊ မပြေးနဲ့ ပြန်လာခဲ့!"

အနီးနားမှာ ဘယ်သူမှလည်းမရှိ။ ကောင်မလေးကလည်း ဝန်နူးအော်တော့ ပိုကြောက်သွားပုံရကာ တောထဲဘက်ကို လျင်လျင်မြန်မြန်ပြေးသွား၏။ ဝန်နူးလည်း ဘာမှထပ်စဥ်းစားမနေတော့ဘဲ ကောင်မလေးနောက်ကိုသာ ပြေးလိုက်သွားတော့သည်။ အရွယ်မရောက်သေးသော ကလေးငယ်လေးတစ်ယောက်ကို သစ်ပင်တွေကြားထဲ တစ်ယောက်တည်းလွှတ်မပေးနိုင်ပါ။ မတော်လို့ ခြေချော်ကျရင် ဘယ်သူသိမှာလဲ။

သြဂုတ်လ၏ ပူပြင်းမှုဒဏ်ကြောင့် သစ်ပင်သစ်ရွက်တွေက စိမ်းစိုနေတာမျိုးမဟုတ်ဘဲ ဝါရင့်ရောင်အရွက်တွေက မြေပေါ်မှာ ကြွေကျလျက် သစ်ကိုင်းတို့က ခြောက်သွေ့နေ၏။ သွားရင်းပင် တောင်ထိပ်နားတောင်ရောက်တော့မည်ဖြစ်ပေမဲ့ ကလေးမလေး၏ အရိပ်အခြည်က ​လုံးလုံးပျောက်ကွယ်နေသည်။

ထိုကောင်မလေး ဒီဘက်ထိတက်လာတာပါ။ ဘယ်ရောက်သွားလဲ။

သစ်ရွက်ခြောက်တွေကြားထဲ တဂျွတ်ဂျွတ်နင်းမိရင်း ဝန်နူးမထင်မှတ်ဘဲ တောင်ပေါ်နားတောင်ရောက်လာသည်။ အိမ်ကလှမ်းကြည့်တော့ ဝေးသလိုလိုထင်ရသော တောင်ထိပ်နားထိတောင်ရောက်လာတော့ ဝန်နူးလည်း ကိုယ့်သက်လုံကို ပြန်တောင် အံ့သြမိရသေး၏။ ဂျောင်ဝန်နူး အမောမခံနိုင်တာ ဂျောင်ဝန်နူးသာအသိဆုံးပင်။ ကလေးမလေးကို ဘယ်နားမှာ သွားရှာရမှန်းမသိ။ သို့ပေမဲ့ တောင်ထိပ်ပေါ်က စာဖွဲ့မမှီအောင်လှသောရှုခင်းကိုမြင်လိုက်ရတော့ ဝန်နူး တစ်ခဏကကြာအောင် ငေးကြည့်နေမိသည်။

"ဒီမှာ ဘာလုပ်နေတာလဲ"

"အမယ်လေး!"

အနောက်က ထွက်လာတဲ့အသံကြောင့် လှည့်ကြည့်မိလိုက်တော့ အရပ်ရှည်ရှည် အမျိုးသားတစ်ယောက်။ ရှပ်အဖြူကို အပေါ်ကြယ်သီးနှစ်လုံး ချန်ထားတာကြောင့် ထိုသူ၏ ရင်ဘတ်ခပ်ဟဟကို မြင်နေရသည်။ နက်ပြာရောင် style pant လိုမျိုးဘောင်းဘီကို တွဲဖက်ဝတ်ဆင်ထားကာ အမည်းရောင်သားရေဘွတ်ဖိနပ် နဲ့တော့ လိုက်ဖက်သလိုရှိလှ၏။ ကွေးကောက်နေသော ဆံပင်လေးတွေက နဖူးပေါ်မှာ ဟိုတစ်စ၊သည်တစ်စ ကျနေပြီး ညိုရဲရဲနှုတ်ခမ်းတို့ကလည်း အတိပိတ်ထားသည်။ မနက်ခင်း နေရောင်အောက်မှာ အနှီသူ၏ အညိုရောင်သန်းသောအသားအရေသည် ပြောင်လက်နေသလိုပင်။ ဝန်နူးစိတ်ထဲတွေးမိသည်က ထိုသူ အတော်ကိုကြည့်ကောင်းသည် ဟူ၍သာဖြစ်၏။

"ကျွန်တော်က ကလေးမလေးတစ်ယောက် ဒီတောင်ပေါ်ပိုင်းကိုပြေးလာလို့ လိုက်လာတာပါ။ အခုတော့ အဲ့ကောင်မလေး ဘယ်ရောက်သွားလဲ ဆိုတာ မပြောတတ်ဘူး"

ဝန်နူး စကားကြောင့် စဥ်းစားဟန်ပြုကာ ခဏအကြာမှ တစ်ဖက်အခြမ်းကို လက်ညိုးထိုးပြ၏။

"သူ စောနကပဲ အဲလမ်းကနေ ပြန်ဆင်းသွားပြီ"

"ဟင်"

"အဲကလေးမလေးက အဲလိုပါပဲ။ တောင်ပေါ်ဆင်းလိုက်၊ တက်လိုက် လုပ်နေကြ။ သိပ်စိုးရိမ်ဖို့မလိုပါဘူး။ ခင်ဗျားထက်တောင် ကျွမ်းမယ့်ပုံ"

"ဗျာ! ကျွန်....ကျွန်တော်က မနေ့ကမှ ပြောင်းလာတာလေ။ ဒီလမ်းတွေ မသိသေးဘူးဗျ"

"ဟားဟား ကိုယ်သဘောပေါက်ပြီ။ ရောက်လက်စနဲ့ အိမ်ထဲ အလည်လာပါဦးလား။ လက်ဖက်ရည်ဖြစ်ဖြစ် အတူတူ သောက်ရအောင်"

သူစိမ်းယောကျာ်းလေးတစ်ယောက်က ခေါ်နေတာကို ဝန်နူးငြင်းသင့်လား ပြန်စဥ်းစားရသည်။ တောင်ထိပ်ပေါ်မှာလည်း အိမ်ကတစ်အိမ်တည်းရှိသည့်ပုံ။ အလာလမ်းတုန်းက လမ်းမှာ ရွက်ခြောက်တွေက ကြွေခါစပုံလိုမျိုးသာရှိနေ၏။ မြေပြင်ပေါ်ကသစ်ကိုင်းတွေကလည်း ကျိုးပဲ့ခြင်းမရှိ။ လူအသွားအလာ အတော်ကိုနည်းသည့်ပုံပေါက်ကာ ဤနေရာသည် အစစ်အမှန်ဖြစ်ကြောင်းတောင် ယုံဖို့ခက်၏။

"ကိုယ့်ကို ယုံလို့ရပါတယ်။ ကိုက်မစားတတ်ပါဘူး။ အိမ်တော်မှာ မင်းကိုတွေ့ချင်တဲ့သူတွေတောင် ရှိဦးမှာ"

ဝန်နူးအတွေးတွေကို ဖတ်ကြည့်နိုင်သလိုမျို ပြောလိုက်ပုံက အံ့သြစရာပင်။ သို့မဟုတ် ဝန်နူး တွန့်ဆုတ်နေတာက သိသာသွားတာလား။ ပြီးတော့ အိမ်တော်မှာ တွေ့ချင်တဲ့သူတွေဆိုတာ ဘာကိုပြောတာလဲ။

"ကိုယ့်နောက်က လိုက်ခဲ့နော်"

အရှေ့မှ လျှောက်သွားသူနောက် ဝန်နူးကစိတ်စေရာတိုင်း လိုက်သွားမိ၏။ သိစိတ်က ကြောက်ရွံ့နေသော်လည်း မသိစိတ်က ယုံလိုက်ဖို့ တိုက်တွန်းနေသည်။ ဘယ်လိုဖြစ်ဖြစ် ဂျောင်ဝန်နူးက သေရမည့်သူဖြစ်တာကြောင့် လိုက်သွားမိလည်း အရှူံးမရှိပေ။

တောင်ပေါ်ကို အနည်းငယ်ထပ်တက်ရပြီး လမ်းကျဥ်းကျဥ်းလေးအတိုင်း လျှောက်သွားရသည်။ ရေစီးနေတဲ့ နားရောက်တော့ ရေစလေးတွေက ဝန်နူး ပေါင်ကိုလာစင်သည်။ ထိုသူက အနောက်လှည့်လာပြီး ဝန်နူး လက်ကိုကိုင်ထားပေးကာ "ဖြည်းဖြည်းလျှောက်နော်" ဟူ၍ ပြောလာတော့ ဝန်နူးခြေလှမ်းတွေကိုနှေးမိသွား၏။ ရေတံခွန်ကိုကျော်သွားပြီး နည်းနည်းထပ်လျှောက်လိုက်ရင် မြက်ခင်းပြင်ကျယ်ကြီးတစ်ခုရှိသည်။ ထိုမြက်ခင်းပြင်ပေါ်မှာ နှစ်ထပ်အိမ်ကြီးတစ်လုံးကို အနောက်က တောင်တန်းတွေက ဝိုင်းရံထား၏။

မိမိလက်ကိုဆွဲပြီး ထိုအိမ်ကြီးဆီကို တန်းတန်းမတ်မတ်လျှောက်သွားသူက ခဏအကြာ အိမ်ထဲက လူတစ်ယောက်ကို လှမ်းခေါ်လေသည်။

"အဘွားလီ! ဧည့်သည်လာတယ်ဗျ"

အိမ်ထဲမှ "လာပြီ သားရေ" ဟူသောအသံနောက်တွင် အသက်ကြီးကြီး အမျိုးသမီးတစ်ယောက် ပါလာ၏။ သူ(မ) က ဝန်နူးမြင်ဖူးနေကြပုံမဟုတ်သော ကိုးရီးယားရိုးရာအင်္ကျီကို ဝတ်ဆင်ထားကာ ခေါင်းမှာလည်း အဝတ်စတစ်ခုပတ်ထားလေသည်။ ဝန်နူးပဲ သမိုင်းမကျွမ်းလို့သေချာမသိတာထင်ရသည်။ အိမ်ကြီးက ရှေးကပုံစံကြီးနဲ့ အတော်တူ၏။ ဘယ်ခေတ်၊ ဘယ်ခါကဆောက်ခဲ့မှန်းမသိသော်လည်း အိမ်ပုံစံကတော့ ခမ်းနားလှသည်။

အိမ်ထဲကထွက်လာသောအမျိုးသမီးက ဝန်နူးကိုတွေ့တော့ မပြေးရုံတမယ်အနားရောက်လာသည်။ ဝန်နူး၏ လက်နှစ်ဖက်ကို ကိုင်ရင်း "နောက်ဆုံးတော့ ပြန်လာခဲ့ပြီ" ဆိုကာ တဖွဖွရွတ်နေ၏။

"သားလေးရယ်၊ လာခဲ့ပြီပေါ့"

ထိုအမျိုးသမီးစကားကို ဝန်နူးနားမလည်။ ဝန်နူးကသာ အခုမှမြင်ဖူးသော်လည်း ထိုအမျိုးသမီးက ဝန်နူးကို သိသလိုပြောနေသည်။

"အဘွားရယ်၊ သူကအခုမှလာတာဆိုတော့ ခဏပေးနားလိုက်ပါဦး"

"အေးကွယ်၊ ဟုတ်သား။ လာ သားလေး၊ အိမ်ထဲဝင်။ သမီးရေ ယူနာရေ"

"ရှင် ဘွားလေး၊ လာပြီ လာပြီ"

ယူနာဆိုသော ကောင်မလေးက အိမ်၏ အနောက်ဘက်ခြံကနေ ပြေးထွက်လာပုံရကာ ဝန်နူးကို တွေ့တော့ "အမယ်လေး" ဟုဆို၍ အလန့်တကြားပင်။

"သမီး၊ ဧည့်သည်အတွက် လက်ဖက်ရည်ပြင်ပေးပါဦး။ ဟေဆောလေးတို့ ညီမနှစ်ယောက်ကိုလည်း ပြောလိုက်ဦးနော်"

"ရှင်၊ ဟုတ် ဘွားလေး"

အနှီကောင်မလေးက သူ(မ)၏ စကတ်ရှည်ကို မပြီး အိမ်ထဲကို အပြေးလေးဝင်သွားသည်။ အဘွားလီ ဆိုသူကတော့ ဝန်နူးလက်လေးကို ခပ်ကျစ်ကျစ်လေးစုပ်ထားကာ အိမ်ထဲကိုခေါ်လာ၏။ အိမ်အပြင်ဘက်က ခမ်းနားခြင်းဆို အိမ်ထဲက ကျက်သရေနှင့်ပြည့်စုံခြင်းပင်။ အိမ်ထဲခြေချလိုက်သည်နှင့် လေးလံနေသော လေထုကကြိုဆိုလျက်ပေ။တစ်ခါမှ မမြင်ဖူးသော ပရိဘောဂတွေထံမှ ရင်းနှီးကျွမ်းဝင်နေသော အငွေ့အသက်အပြည့်။ အိမ်ရဲ့အဖြူရောင် မျက်နှာကျက်တွေ၊ ကော်ဇောခင်းထားသော ကြမ်းပြင်ကအစ ဝန်နူးစိတ်ထဲ တရင်းတနှီးရှိလှသည်။

"အကိုလေး ဖိနပ်"

ခပ်ငယ်ငယ်ကောင်လေးတစ်ယောက်က ဝန်နူးနားကိုရောက်လာပြီး ဖိနပ်လဲပေးဖို့ပြောလေသည်။ ထို့ကြောင့်လည်း ဝန်နူးကစီးလာသော ဖိနပ်ပါးကိုချွတ်ပေးကာ အိမ်စီးဖိနပ်ကို လဲစီးလိုက်သည်။ အဘွားလီဆိုသူကတော့ ဝန်နူးကို ဧည့်ခန်းဘက်လာရန်ပြောပေမဲ့ ထိုသူ တားလိုက်၏။

"သူ ထမင်းစားခန်းသွားပါစေ"

အဘွားကသဘောပေါက်သည့်ပုံနှင့် ဝန်နူးကို ထမင်းစားခန်းဘက်ကို လမ်းပြပေး၏။ ထိုသူကတော့ ကောင်လေးတွေကို တစ်ခုခုပြောနေသည်ရကာ "အဲဒါတွေပါဖြုတ်လိုက်" ဆိုသည်က ဝန်နူးကြားမိသော အသံပင်။ မိမိဘက်ကိုလှည့်လာတော့ မျက်လုံးချင်းစုံမိသွားတာကြောင့် ထိုသူက နှုတ်ခမ်းလေးကွေးညွှတ်သည်ထိ ပြုံးပြလာသည်။ စကားတွေမပါဘဲ နွေးထွေးကြင်နာမှုတွေသာ ယိုစိမ့်နေသော ခံစားချက်တွေက ထိုသူမျက်လုံးထဲမှာ အပြည့်။ ကွေးတက်သွားသော နှုတ်ခမ်းပါးထံအကြည့်ပြန်ရောက်တော့လည်း

You are reading the story above: TeenFic.Net