𝐒𝐮𝐫𝐫𝐞𝐧𝐝𝐞𝐫 𝐌𝐞 𝐢𝐧 𝐀𝐮𝐠𝐮𝐬𝐭

Background color
Font
Font size
Line height
ဝန်နူးမျက်လုံးထဲ ချောမောနေဆဲ။ သူစိမ်းတစ်ယောက်ကြောင့် ဖြစ်လာတဲ့ ရှက်သွေးဖြာမှုပုံရိပ်ကို ထိုသူမမြင်ခင် အရှေ့ဘက်က်ို ခပ်မြန်မြန်လှည့်လိုက်သည်။ နီရဲနေသော ပါးနှစ်ဖက်ကိုတော့ သူမမြင်ချင်ယောင်ဆောင်ပေးပါစေ။

ထမင်းစားခန်းရောက်တော့ ကျွန်းစားပွဲရှည်ပေါ်မှာ ဖယောင်းတိုင်၁၁ချောင်းတင်ထားသည်ကိုတွေ့လိုက်ရကာ ထိုထဲမှ ဖယောင်းတိုင် ၂ချောင်းသာထွန်းထားလေ၏။ ထိုင်ခုံမှာထိုင်ဖို့ နေရာပြတော့ ဝန်နူးဝင်ထိုင်လိုက်ပြီး ယူနာဆိုသော ကောင်မလေးက လက်ဖက်ရည်လာချပေးသည်။ ထိုသူကတော့ စားပွဲထိပ်ကထိုင်ခုံမှာဝင်ထိုင်ပြီး ဝန်နူးကတော့ ထိုသူရဲ့ဘေးနေရာမှာပင်။

"သောက်လို့ကောင်းရဲ့လား။ ခင်ဗျား မကြိုက်မှာစိုးလို့ ယူနာတို့က အချိုတောင်လျှော့ပေးထားတာ"

လက်ဖက်ရည်က ဝန်နူးအကြိုက်နှင့်ကွက်တိပင်။ စသောက်မိတာနှင့် အချိုဓါတ်ကပါးစပ်ထဲဆွဲကျန်နေတာမျိုးမဟုတ်ဘဲ သူ့အချိုးအစားနဲ့သူ သောက်ရတာချိုမြိန်၏။ ဂျော်န်ဝန်နူးမွေးကတည်းကအခုချိန်ထိ ဤမျှလောက်အရသာရှိသော လက်ဖက်ရည်ကို အခုမှသောက်ဖူးတာပေ။ မသိရင် သူ့အကြိုက်ကို သေချာမှတ်သားပြီး ဖျော်ထားပေးပုံနှင့်တောင် တူသေးသည်။

"တကယ် ကောင်းတယ်ဗျ။ အပိုပြောတာမဟုတ်ဘူး။ ကျွန်တော့်အကြိုက်နဲ့ ကွက်တိပဲ"

ဝန်နူးစကားကြားတော့ ဘေးကလူတွေအကုန်လုံးက ခပ်ပြုံးပြုံး။ အဘွားလီဆို ဝန်နူးအတွက် ကွတ်ကီးတွေတောင်ယူလာပြီး အရှေ့မှာချပေး၏။ ဘေးနားက အင်္ကျီဆင်တူဝတ်ထားသော ကောင်မလေးနှစ်ယောက်ရယ်၊ ယူနာဆိုသော ကောင်မလေးတို့ကတော့ ဝန်နူး စကားကြောင့် တစ်ယောက်ကိုတစ်ယောက် ကျေနပ်စွာကြည့်နေကြသည်။ လက်ဖက်ရည်တစ်ခွက်ကြောင့် အကုန်လုံးကပျော်နေကြတာလား။

"ခင်ဗျား လက်ဖက်ရည်ကို ကြိုက်လား"

ဘေးနားက မေးလာသူအမျိုးသားကြောင့် ဝန်နူး ထိုသူကိုပြန်လှည့်ကြည့်မိလိုက်သည်။ စကားလုံးတွေထက် ပိုသော အကြည့်တစ်ချက်တွေအောက်မှာ ဝန်နူးတစ်ဖန်လမ်းပျောက်ခဲ့ရပြန်၏။ ထိုသူက ဂျော်န်ဝန်နူးတစ်ယောက်တည်းကိုသာ မြင်သည့်ပုံစံမျိုးဖြင့် လက်ဖက်ရည်ခွက်ကိုင်ရင်း တယုတယကိုထိုင်ကြည့်နေလေသည်။

"ကောင်း..ကောင်းပါတယ်"

"ဟုတ်ပါပြီ"

"ခင်ဗျား... နာမည်ဘယ်လိုခေါ်လဲဗျ"

"အင်း.. ဒါကနည်းနည်းတော့ပြောဖို့ခက်တယ် မင်းက ကိုယ့်ကို မင် လို့ မှတ်ထားပေးရင်ရပြီ"

"အွန်း... ကျွန်တော်ကလေ..."

"ပထမတစ်လုံးပဲပြော! တစ်လုံးဆိုရပြီ"

ရုတ်တရက်ဆိုသလို မင် က အလန့်တကြားနဲ့ စားပွဲပေါ်တင်ထားမိသော လက်ကိုလာကိုင်သည်။ သူရဲ့ နဖူးကချွေးစလေးတွေက ထင်ရှားစွာပေါ်လာသလို၊ တုန်နေသယောင်ရှိသော လက်ချောင်းလေးတို့လာထိချိန်တွင် ဝန်နူးလည်း ထိုသူ့ နည်းတူလန့်သွားရသည်။

"ပထမတစ်လုံးဆို.... ကျွန်တော်က ဝန် ပါ"

"အင်း ဝန် ကိုယ်တို့အိမ်ကနေ မင်းကိုကြိုဆိုပါတယ်"

ကိုင်ထားသောလက်က ပိုမိုတင်းကြပ်လာသည်ကို ဝန်နူး ခံစားမိသည်။ တီရှပ်အဖြူရောင်ဝတ်ထားသည့် အနှီအမျိုးသား ပြုံးပြလိုက်ရင် ဂျော်န်ဝန်နူး ရင်ထဲမှာ အမည်မသိ ခံစားချက်များစွာ ပျံဝဲလာ၏။ အခုမှ နာမည်တစ်လုံးတည်းသာ သိနေမိသော သူထံ ဂျော်န်ဝန်နူး၏ ဘဝတစ်ခုလုံးကျရှုံးသွားသလိုပင်။

"ဝန်...ကိုယ်တို့ ဟိုဘက်က ဧည့်ခန်းနားသွားမလား"

"ဒါပေမဲ့ လက်ဖက်ရည်က"

"ကျွန်မယူလာပေးပါ့မယ်"

ယူနာဆိုသော ကောင်မလေးက လင်ဗန်းပေါ်မှာ ဝန်နူးသောက်နေဆဲ လက်ဖက်ရည်ခွက်ကို တင်လိုက်တဲ့အချိန်မှာ မင်ကယူးက ဝန်နူးကို ဧည့်ခန်းနားဘက်ကို လက်ဆွဲလျက်ခေါ်သွားသည်။ အခန်းထဲကကော်ဇောအနီက ကြမ်းပြင်မှာရှိနေကာ ဘေးဘက်နားက စန္ဒရားကြီးကတော့ ဧည့်ခန်းအနီးတွင်တင့်တယ်လှ၏။ ဝန်နူး တစ်ဖက်တစ်ချက်ကို လှည့်ပတ်ကြည့်ပြီးချိန်တွင် မင် က စန္ဒရားရှေ့ဘက်ကထိုင်ခုံမှာ နေရာယူပြီးသားပင်။ လက်ချောင်းတွေကို ချိုးကာ စန္ဒရားရှေ့မှာထိုင်နေသူက ပထမဆုံးသံစဥ်ကို မတီးခင် ဝန်နူးကို ကြည့်လိုက်ကာ ပြုံးပြလိုက်သေးသည်။

"အကိုလေး ဒီမှာထိုင်ပါဗျ"

ကောင်လေးတစ်ယောက်က ဝန်နူးထိုင်ဖို့ ဧည့်ခန်းထဲက ထိုင်ခုံတစ်လုံးသွားယူပေးပါ၏။ ဝန်နူးထိုင်လိုက်ချိန်တွင် ယူနာဆိုသော ကောင်မလေးက ဝန်နူး သောက်လက်စ လက်ဖက်ရည်ကို လာပေးလေသည်။ ဝန်နူးလက်တွေက လုပ်နေကြအလုပ်တစ်ခုကိုလုပ်နေသလို၊ကောင်မလေးပေးတဲ့ လက်ဖက်ရည်ခွက်ကို ယူလိုက်ပြီး ခြေချိတ်ကာထိုင်မိလျက်ဖြစ်သွားသည်။ ကိုယ့်လှုပ်ရှားမှုတွေကို ပြန်အံ့သြနေချိန်တွင် မင့်ရဲ့ စန္ဒာရားသံက တစ်ခန်းလုံး ပျံနှံ့လာတော့၏။

"နားထောင်လို့ကောင်းလား"

"အွန်း.....ဒီလိုသံစဥ်လေးကြိုက်တယ်၊ တစ်ခုခုကို လွမ်းဆွတ်နေရသလိုမျိုးလေး။ စကားလုံးတွေနဲ့တောင် သေချာဖော်ပြလို့မရဘူး၊ ဒါပေမဲ့ တကယ်နားထောင်လို့ကောင်းတယ်"

"ဟုတ်လား.....ဒီလိုစကားမျိုးကို အရင်ကတစ်ယောက်ယောက်ပြောဖူးတယ်၊ ကိုယ်မျှော်နေရတဲ့သူပေါ့"

"အာ...ငါမသိခဲ့ဘူး"

"မဟုတ်ပါဘူး၊ အခုချိန်ထိ အမြင်တွေတူနေသေးမယ်လို့မထင်ထားခဲ့ရုံပါပဲ"

"ဘယ်လို...."

မင်ပြောသောစကားကို ဝန်နူးလုံးဝနားမလည်ပါ။ သေချာပြန်စဥ်းစားကြည့်ရင် အခုချိန်မှာဖြစ်ပျက်နေတဲ့အရာတွေ၊ ကြုံတွေ့နေရတဲ့လူတွေကို ဝန်နူးသဘောပေါက်ဖို့အတော်ခက်ခဲနေသည်။ သူတို့နဲ့ဘယ်တုန်းကတွေ့ဖူးလို့ နားလည်ရခက်တဲ့စကားတွေပြောနေကြတာလဲ။

"ကဲထားပါ။ ကိုယ်တို့ခြံထဲဘက်လမ်းသွားလျှောက်ကြမလား။ အညောင်းအညာပြေတာပေါ့"

"သွားကြမယ်လေ၊ ခြံကလည်းကျယ်တဲ့ပုံပဲ"

"ဒါဆိုခဏနော်၊ ကိုယ် ဦးထုပ်သွားယူပေးမယ်"

ဝန်နူးကိုထားခဲ့ပြီး အပေါ်ထပ်တက်သွားသူကြောင့် ဘာဆက်လုပ်ရမလဲမသိတော့။ နေရာမှာပဲထိုင်ပြီး ဆက်စောင့်နေရမလား၊ မဟုတ်လည်း ဧည့်ခန်းထဲမှာပဲ သွားစောင့်သင့်လားဝေခွဲမရ။ အခုချိန် ဂျော်န်ဝန်နူးထိုင်နေသည့်နေရာက လူသွားလမ်းတည့်တည့်ကြီးဖြစ်နေသည်လေ။

"ဟိုလေဗျ....ကျွန်တော် ဧည့်ခန်းထဲသွားစောင့်လို့ရမလားဟင်၊ သူတို့တွေကအထုပ်တွေရွေ့နေကြတာဆိုတော့ ကျွန်တော်လမ်းပိတ်သလိုဖြစ်နေလို့"

ဘေးနားကကောင်မလေးတစ်ယောက်ကိုမေးကြည့်တော့ အနှီကောင်မလေးကဝန်နူးကို ဧည့်ခန်းဘက်သို့ညွှန်ပြသည်။ စတီခုံတန်းတွေဖြင့် စနစ်တကျအစီအရီရှိသော ဧည့်ခန်းအလယ်တွင် သစ်သားစားပွဲတစ်လုံးက လှပစွာနေရာယူထား၏။ နံရံတွေရဲ့တစ်ဖက်တစ်ချက်စီမှာလည်း ဓါတ်ပုံဟောင်းတွေချိတ်ထားသလို၊ စားပွဲခုံပေါ်တွင် ဘောင်ခတ်ထားသည့် လူနှစ်ယောက်ပုံရှိလေသည်။ အနီးကပ်သွားကြည့်မိမှ ကျောပေးထားတဲ့အမျိုးသားနှစ်ဦးပုံဖြစ်ကာ ဝန်နူးအထင်သာမမှားခဲ့ဘူးဆို၊ ညာဘက်ခြမ်းကလူက မင်ဖြစ်လိမ့်မည်။ မင့်ရဲ့လက်ကိုချိတ်ထားလျက် တစ်နေရာကိုထိုးပြနေပုံရသော ဘယ်ဘက်ကအမျိုးသားကိုတော့ ဝန်နူးမသိ။ စိတ်ထဲမှာ တစ်မျိုးတစ်ဖုံခံစားလာရသည့်အကြောင်းကတော့ မင်ကအနှီအမျိုးသားကိုကြည့်ရင်း ပြုံးပျော်နေသည့်ပုံပေါ်နေသည်လေ။ သူကဘယ်သူလဲ။ မင်ကဘာလို့ သူ့ကိုကြည့်ရင်းပြုံးနေတာလဲ၊ မင်ပြောတဲ့စောင့်မျှော်နေတဲ့သူဆိုတာ ဒီလူလား။

"ဝန်...ကိုယ်တို့သွားရအောင်လေ၊ နေနည်းနည်းထွက်လာတော့ ဦးထုပ်ဆောင်းသွားမှ အဆင်ပြေမယ်"

"အာ...လာပြီ၊လာပြီ"

ဧည့်သည်တစ်ယောက်ဖြစ်ပေမဲ့ ဂျော်န်ဝန်နူးက သူများအကြောင်းကိုသိချင်မိပါသည်။ မေးလည်းမမေးရဲပေမဲ့ သိချင်စိတ်ကတော့ ရင်ထဲမှာတည်နေလျက်ပင်။ ထိုအချိန် မင့်ခေါ်သံကြားလို့ သွားမိတော့ ထိုအမျိူးသားက ဝန်နူးကိုဦးထုပ်ဆောင်းပေးကာ အိမ်အပြင်ခေါ်သွား၏။ ခြံနောက်ဘက်ထိရောက်လာချိန်တွင် ခြံဘေးမှာ နှင်းဆီဖြူတွေက အပြုံလိုက်ပွင့်နေပြီး ခြံစည်းရိုးတစ်လျှောက် ဖွေးဆွတ်အောင်ဖြစ်နေသည်။

"ဝါး..... နှင်းဆီဖြူတွေအများကြီးပဲ၊ ကျွန်တော်တို့အိမ်မှာလည်း ပွင့်ပေမဲ့ အခုလောက်မများဘူး"

"ဟုတ်လား၊ အမှန်ဆို ဒီမှာခြံစောင့်မရှိတော့ မပွင့်လောက်တော့ဘူးတောင်ထင်ထားတာ၊ ပြီးခဲ့တဲ့ရက်ကအစုလိုက်ပွင့်လာတော့ ကိုယ်တို့တောင် တော်တော်အံ့သြနေတာလေ"

"အော်....ခြံစောင့်ကဘာလို့မရှိတာလဲ မင်"

"သူလား....သူ့အချိန်မတန်သေးလို့ပေါ့"

လျှောက်နေတဲ့ ဝန်နူးခြေလှမ်းတွေ ရပ်တန့်သွားရသည်။ ဒီကိုရောက်ကတည်းက အခြေအနေတွေထူးဆန်းတယ်ထင်နေမိတာ မင့်စကားကြောင့် ကျောချမ်းမသွားဘူးပြောရင် လိမ်ရာကျသွားလိမ့်မည်။ သူ့အချိန်မတန်သေးလို့ဆိုတာ ဘယ်လိုစကားကြီးလဲ။

ဘေးဘက်ကဝန်နူးက လိုက်မလာတော့သည်ကိုသတိထားမိသွားတာကြောင့် ခြေလှမ်းတွေကိုနောက်ပြန်ဆုတ်လိုက်ရသည်။

"ဘာသဘောမှမဟုတ်ပါဘူး၊ အများကြီးလျှောက်မတွေးနဲ့နော်"

"အင်..အင်းပါ"

မင်ကအရှေ့ကနေဆက်လျှောက်သွားတော့ ဝန်နူးအနောက်ကလိုက်ရတော့၏။ ခြံဘေးမှာ နှင်းဆီတွေပြည့်နေတယ်ဆို နောက်ဘက်မှာတော့ ဟင်းသီးဟင်းရွက်ပင်တွေ အများကြီးရှိသည်။ ခရမ်းချဥ်သီးပင်၊ ရှားစောင်းပင်တွေအပြင် နံနံပင်တွေကိုလည်း စိုက်ပျိုးထားသေး၏။ ဝန်နူးမျက်လုံးထဲ ထင်ထင်ရှားရှားပေါ်လာသည်ဆို စိုက်ခင်းတွေရဲ့တစ်ဖက်ခြမ်းမှာရှိသော မိုးမခပင်ကြီးပေ။ စိမ်းစိုနေသော သစ်ရွက်တွေကြားထဲမှည အရိပ်အာဝါသလည်း ကောင်းစွာရမှာသေချာသည်။

မင်ကလက်ဆွဲပြီးခေါ်သွားပေးတော့ ဝန်နူး မငြင်းဆိုမိ။ နွေးထွေးတဲ့လက်တစ်စုံရဲ့ ပိုင်ရှင်အကြောင်းကို ဝန်ခံရမည်ဆိုလျှင် ဝန်နူးထိုအမျိူးသားကို တကယ်သဘောကျပါသည်။ "ငါအသက်ရှင်နေရတာ ဒီလိုကျတော့လည်း ကျေနပ်စရာပါလား" ဆိုတွေးမိသည်ထိ အနှီလူသားသည် ဂျော်န်ဝန်နူးနှလုံးသားထဲမှာ နေရာယူထားလျက်ပင်။

"ဒီမှာဆို နည်းနည်းအေးတယ်မလား"

"အွန်း.....မိုးမခပင်ကအကြီးကြီးပဲနော်၊ ပင်စည်ကလည်းတုတ်နေတာပဲ။ ဒီမှာဆို တကယ်အေးတယ်"

"အပင်ပေါက်တာ ကြာလည်းကြာပြီလေ၊ ကိုယ်၃နှစ်သားလောက်ကတည်းက ဒီအပင်ကတော်တော်ကြီးနေပြီ၊ အခုဆိုရင်တော့ ပြောမနေပါနဲ့တော့။ အရိပ်ရလွန်းလို့ ယူနာတို့အုပ်စုကဒီမှာလာထိုင်ကြတာ"

"သူတို့ကလေးတွေက မင်းအိမ်အတွက်အကူတွေလားဟင်၊ တစ်မျိုးမထင်နဲ့နော်၊ ငါကသူတို့ဒီမှာ အလုပ်လုပ်တာတွေ့နေတော့လေ...."

ဝန်နူးထင်ရသောအကြောင်းအရင်းပေါင်းများစွာရှိ၏။ သူအိမ်ကိုစစရောက်တုန်းက အဘွားလီဆိုသူက အလုပ်လုပ်ရင်းထွက်လာသည်၊ သူ့နောက်မှာ ယူနာဆိုသော ကောင်မလေးကလည်း အနောက်ဘက်မှာ အဝတ်လျှော်ရင်းထွက်လာပုံရ၏။ အိမ်ထဲမှာတွေ့ခဲ့တဲ့ ကောင်လေးသုံးယောက်ကလည်း နံရံတွေဖုန်သုတ်လိုက်၊ ပန်းအိုးတွေရွေ့လိုက်ဖြင့် အတော်အလုပ်များနေကြသည်လေ။ နောက်ဆုံးအနေနဲ့ ကောင်မလေးနှစ်ယောက်ကို ဝန်နူးဖြတ်သွားတဲ့ ခရမ်းချဥ်သီးစိုက်ခင်းမှာတွေ့ခဲ့ရသည်။ လူတိုင်းနီးပါး ကိုယ်စီအလုပ်တွေလုပ်နေကြတော့ သေချာပေါက်တစ်ယောက်ယောက်စေခိုင်းမှုကြောင့်ပင်။ ဒါဆိုအခုသူ့ဘေးမှာရပ်နေတဲ့ မင်က အိမ်ကြီးရှင်ပေါ့။

"သူတို့ကလေးတွေလား၊ အယ်....အိမ်အကူလိုမျိုးတော့မဟုတ်ဘူး။ သူတို့ကို မြောက်ဘက်က မီးရထားလမ်းဆောက်လုပ်ရေးကနေခေါ်လာတာ၊ အရွယ်နဲ့မလိုက်အောင် အခိုင်းခံနေရတော ကိုယ့်အမျိုးသား....မဟုတ်ပါဘူး၊ ကိုယ့်ရဲ့ဆိုင်သူက ဒီမှာခေါ်ထားပေးတာ"

"အဲဒါဆို သူတို့ကမိဘမဲ့တွေပေါ့နော်"

"ဟုတ်တယ်၊ ဒါပေမဲ့ ယူနာနဲ့ အဘွားလီကတော့ မြေးအဖွားတွေလေ။ ကျန်တဲ့သူတွေကတော့ ဒီလိုပဲခေါ်ထားတာ၊ ဒီမှာလူအားလုံး ၁၁ယောက်ရှိတော့ ပျော်ဖို့တော့ကောင်းပါတယ်"

"ခင်ဗျားရဲ့....ဆိုင်သူကကြင်နာတတ်လိုက်တာနော်၊ ဒီလိုမျိုးတွေတောင်လုပ်ပေးတာ"

ဝန်နူးဝမ်းမနည်းဘူးဆိုတာ အမှန်တကယ်မဟုတ်ကြောင်း အဖျားမှာတိုးသွားသော အသံလေးကသက်သေပြုပေးနေသည်။ မင့်ကိုအိမ်ထောင်ရှိမယ်လို့ စိတ်ထဲမှာတွေးတောင်မတွေးဖူးပေ။ သို့ပေမဲ့ပြန်စဥ်းစားကြည့်ရင် မင်က အရပ်ရှည်ရှည်၊အသားညိုညိုဖြင့်အတော်ကို ကြည့်ကောင်းသောအမျိုးသားတစ်ယောက်မဟုတ်လား။ ထိုကဲ့သို့သောသူမှာ အိမ်ထောင်မရှိရင် လောကကြီးက ရက်စက်ရာကျလွန်းသွားလိမ့်မည်။

"ဟုတ်တယ်၊ သူကလေ ကိုယ့်ဘဝတစ်လျှောက်တွေ့ဖူးသမျှလူတွေအားလုံးထဲမှာ အတော်ဆုံးနဲ့ အထူးချွန်ဆုံးသူပဲ၊ ရဲရင့်နေပေမဲ့ သဘောလည်းအရမ်းကောင်းတဲ့သူ။ အများကြီးလည်း ကြင်လည်းကြင်နာတတ်တယ်။သူကတကယ်ဆို ပင်လယ်ပြင်နဲတူတဲ့လူလို့ ကိုယ်ထင်တယ်၊ တည်ငြိမ်တဲ့အချိန် အေးချမ်းမှုကိုပေးစွမ်းနိုင်ပေမဲ့ ပြတ်သားလာချိန်မှာတော့ မုန်တိုင်းတစ်ခုလို ခက်ထန်တဲ့လူမျိုးလေ။ ဘယ်လိုပဲပြောပြော ကိုယ့်အတွက်တော့ ချစ်မိရင်တောင် နောင်တမရတဲ့သူမျိုးပေါ့"

"ခင်ဗျားက.... သူ့ကိုတော်တော်ချစ်တဲ့ပုံပဲ"

"ချစ်တာပေါ့၊ ပြောရမယ်ဆို သူ့ကိုချစ်လွန်းလို့ စွန့်လွှတ်ခဲ့ရတဲ့အရာတွေအများကြီးပဲ"

"ဘာ.....ဘာတွေလဲ"

မဝန့်ရဲစွာမေးမိသော စကားလုံးတွေကို ဝန်နူးနောင်တရသွားသည်။ အခုဆိုသူက သူများအိမ်တွင်းရေးတွေကို ဝင်စွက်ဖက်လွန်းသည်ထင်ရသည့် လူတစ်ယောက်ဖြစ်နေပြီလေ။ ကိုယ့်စကားကိုပြန်စဥ်းစားမိနေချိန် အရှေ့ကိုတိုးလာသော မင့်ကိုရှောင်ရင်အလို့ငြာ ခြေလှမ်းတွေကိုပါ အနောက်ရွေ့မိသွားသည်။ မင့်ရဲ့လက်က ပါးကိုကိုင်ဖို့ ရောက်လာချိန်တွင်
မမြင်ချင်ယောင်ဆောင်လျက် တစ်ဖက်ခြမ်းကိုလှည့်ထွက်မိလိုက်တော့၏။

"ဟိုဘက်ကိုသွားကြည့်ရအောင်၊ ကွင်းပြင်ကျယ်ကြီးဆိုပေမဲ့ ဘာရှိလဲသိချင်တယ်"

ပြန်ဖြေသံကိုမစောင့်ဘဲ ဝန်နူးတစ်ယောက်တည်း ကွင်းပြင်ဘက်ကို ခပ်သွက်သွက်လျှောက်လာမိသွားသည်။ သတိလွတ်သွားကာ တစ်နေရာအရောက်တွင် ခြေခေါက်လဲမလိုဖြစ်သွားချိန်တွင် လက်မောင်းကို လာဆွဲထိန်းပေးတဲ့သူရဲ့ ရင်ခွင်ထံပါးကို ကပ်ရပ်မိသွား၏။

"အောက်ကြည့်လျှောက်လေ ခင်ဗျားလေးကလည်း၊ နမော်နမဲ့နိုင်လိုက်တာ"

"ကြည့်..ကြည့်လျှောက်ပါတယ်။ အာရုံမလာတော့ နည်း...နည်းနည်းသတိလွတ်သွားတာ"

"ဟုတ်ပါပြီ...ဟွန့်"

ရယ်သံသဲ့သဲ့လေးထွက်လာချိန်တွင် ဝန်နူးအပေါ်ကိုမော့ကြည့်မိတော့ မိမိကိုယ်ကြည့်နေသော ထိုသူ၏ အနက်ရောင်မျက်ဝန်းတစ်စုံနှင့် အကြည့်ချင်းဆုံသွားသည်။ လုံးထွေးနေသော ခံစားချက်ပေါင်းစုံက နှလုံးသားထဲကနေ ဖိတ်စင်လာကာ လျှံတက်လာသော မေးခွန်းများအတွက် အဖြေကိုမင့်မျက်လုံးထဲမှာရှာဖွေနေမိသည်။ ဂျော်န်ဝန်နူးဘဝတွင် ပဟေဠိဆန်သော အရာများကိုလျစ်လျူရှုထားခဲ့ဖူး၏။ ကဗျာဆန်သည့် စာပိုဒ်တွေကို လူတွေဘာလို့ကြိုက်ကြသလဲစဥ်းစားဖူးသည်၊ ချိုမြိန်လွန်းသည့် သကြားလုံးကို ဘာလို့စားကြလဲဆိုတာစဥ်းစားဖူးသည်၊ ထိုနည်းတူ အချစ်မှာ ဘာလို့ကျရှုံးကြလဲဆိုတာပါ စဥ်းစားဖူးလေသည်။ အခုချိန်တွင်တော့ ဝန်နူးအဖြေကိုရှာတွေ့ခဲ့လေပြီ၊ ဝန်နူးဘဝတစ်လျှောက်လုံး သိချင်ခဲ့သည့်အဖြေအားလုံးက မင့်ထံတွင်ရှိနေခဲ့သည်။

ကဗျာဆန်သည့် စာပိုဒ်တွေရဲ့အနှစ်သာရကို ခံစားခဲ့ပြီ။
ချိုမြိန်လွန်းသည်ဆိုသော သကြားလုံးရဲ့ ချိုမြိန်မှုကို နားလည်ခဲ့ပြီ။

အချစ်မှာကျရှုံးသူတွေရဲ့ ဝေဒနာကို ကိုယ်ချင်းစာတတ်ခဲ့ပြီ။

ဤနွေရာသီ၏ လွမ်းဆွတ်တမ်းတခြင်း၊
ဤနွေရာသီ၏ ဝမ်းနည်းကြေကွဲခြင်း၊
ဤနွေရာသီ၏ မေတ္တာသီကုံးခြင်းတွေအားလုံးကို ဤအမျိုးသားထံပါးမှာ အပ်နှံပါသည်။ မင်းထံမှာကျရှုံးသူ ကျွန်တော့်အား ဘယ်သောအခါမှ လွတ်မြောက်ခွင့်မပေးပါနှင့်။

"ဝန်....ကိုယ်တောင်းပန်ပါတယ်၊ ဒီလိုလုပ်တာမင်းသဘောကျမှာမဟုတ်ပေမဲ့ အခုချိန်မှာ မလုပ်မိရင်နောင်တတွေပဲကျန်တော့မယ်ထင်တယ်"

"ဘာကိုပြော..."

ဝန်နူးနဖူးပေါ်ကျလာသော နှုတ်ခမ်းပါးတစ်စုံရဲ့နွေးထွေးမှုက ပြောပြမတတ်အောင်ပင် ပြည့်စုံသော အနမ်းတစ်ပွင့်ဖြစ်သည်။ မင့်ရဲ့လက်ဖဝါးတွေကို ပါးတစ်ဖက်စီမှာ ခံစားမိချိန်တွင် မင့်ရဲ့အနမ်းက ယစ်မူးပျော်ဝင်စေသော လက်နက်တစ်ခုပေ။ ဖိကပ်ထားသည့်နှုတ်ခမ်းက နဖူးပေါ်မှကွာကျသွားချိန်တွင် ဝန်နူးသည် မင့်ကိုလုံးဝမကြည်မိ။ ရဲထွတ်နေသော ပါးတစ်စုံနှင့် နားရွက်တို့ကို မင်မြင်ပြီးလောက်ပြီ။ သို့သော်လည်း အနှီသူကြောင့် ဖြစ်ပေါ်လာသော ရှက်ရွံမှုကိုကွယ်ဖွက်ထားရန် ဆန္ဒသည် ဂျော်န်ဝန်နူးထံမရှိပေ။

"ကျွန်တော်...ပြန်သင့်ပြီထင်တယ်နော်၊ ကြာလည်းကြာနေပြီဆိုတော့"

"ခင်ဗျားသဘောပါပဲ။ ကိုယ်ကတော့ အမြဲဒီနေရာမှာပဲ ရှိနေမှာ။ ခင်ဗျားလေးကိုစောင့်မျှော်နေရင်း အမြဲတမ်း ဒီမှာပဲ"

"အဲဒါဆို....ငါ..ငါပြန်တော့မယ်"

ဝန်နူးစကားကြောင့် မင်ကလက်ချောင်းလေးအချင်းချင်းကိုယှက်ရက်ရင်း ဝန်နူးကို ခြံပြင်ထိ အတူသွားခေါ်သွားပေးသည်။ ဝန်နူးလာတဲ့လမ်းမဟုတ်သော လမ်းသွယ်လေးကို မင်ကညွှန်ပြ၏။ လမ်းသွယ်လေးအတိုင်းဆင်းလျှောက်သွားဖို့၊ လမ်းမှာအသံတွေကြားရင် သွားမကြည့်ဖို့နှင့် နောက်ဆုံးအနေဖြင့် သူသာလာမခေါ်ရင် တောင်ပေါ်ကိုပြန်မတက်ဖို့မှာလိုက်သည်။

"ဟင်...တောင်ပေါ်ကဘာလို့လဲ"

"ဒီလိုပါပဲ။ ခင်ဗျားသာ တွေ့တဲ့လူနောက်ကိုမလိုက်ဘဲ မလာပါနဲ့၊ တောင်တက်လမ်းက အန္တရာယ်များတယ်"

"အင်းပါ။ ဒါဆို မင်းကငါ့ကိုဘယ်အချိန်မှလာခေါ်မှာလဲ"

ဝန်နူးအမေးကြောင့် မင်အံ့သြသွားသည်ကို မျက်ဝန်းတွေကနေတစ်ဆင့် ခံစားမိလိုက်သည်။ ပြီးမှ ဝန်နူးရဲ့ခေါင်းလေးကို ဖြည်းဖြည်းချင်းပုတ်ပေးကာ အမည်မဖော်နိုင်သော မျက်ဝန်းတွေနှင့်ကြည့်လာတော့၏။

"တစ်ချိန်ချိန်ပေါ့ ခင်ဗျားရယ်။ အချိန်ကျလာရင်ပေါ့။ အဲ့အချိန်ကျလို့ ကိုယ်လာခေါ်ရင် ခင်ဗျားလိုက်မှာလား"

"မင်းသာလာခေါ်မယ်ဆို ဘယ်ချိန်မဆို ငါလိုက်နိုင်တယ် မင်"

မင်ကဆံပင်လေးတွေကိုဖွတော့ ဝန်နူးဘာမှပြန်မပြောမိ။ မင့်ကိုကြည့်ရတာ အတော်ကိုဝမ်းနည်းနေကြောင်း ဝန်နူးခံစားမိနေသည်လေ။

"ဒါဆို ခင်ဗျားသွားတော့၊ နေရောင်ရှိတုန်းဆင်းသွားတော့"

"ငါသွားပြီနော် မင်"

ထွက်ခွာသွားသူ၏ လက်အနွေးဓါတ်လေးပျောက်ဆုံးသွားသည်ထိ မင်ဂယူက ထိုနေရာမှာသာ ရပ်နေမိသည်။ နောက်ကျောပြင်က သစ်ရိပ်တွေကြားပျောက်ဆုံးသွားမှ မင်ဂယူသက်ပြင်းချကာ လေးလံသော ခြေလှမ်းတွေနှင့် မိုးမခပင်နားကို လျှောက်လာခဲ့လိုက်၏။ ဝန်မကြည့်ခဲ့သော ပင်စည်၏ တစ်ဖက်ခြမ်းမှာ လက်တင်လိုက်ကာ ကျဆင်းလာသော မျက်ရည်တွေကို လျစ်လျူရှုလိုက်သည်။

"မောင့်အနားကို ပြန်လာခဲ့ပြီပေါ့၊ မောင့်သက်လယ်လေးက မောင့်ဆီကိုပြန်လာခဲ့ပြီပေါ့။ နောက်ဆုံးတော့ မောင့်ဆီကိုပြန်လာဖို့ရွေးချယ်ခဲ့ပြီပေါ့"

ပင်စည်ပေါ်တွင် ထွင်းထားသော စာလုံးကို မင်ဂယူး အတော်ကြာအောင်စိုက်ကြည့်နေပြီးမှ နောက်မှီကာ ထိုင်ချလိုက်သည်။

စောင့်မျှော်ခြင်းဟာ ချစ်ခြင်းမေတ္တာဆို
တမ်းတခြင်းဟာ မင်းရဲ့အမည်နာမ။

တောင်စဥ်အထပ်ထပ်ကကြားခဲ့ရသော မင်းရဲ့အမည်၊ ကုန်ခန်းသွားသော မြေဆီလွှာတွေတောင် သိခဲ့ရသော မင်းရဲ့အမည်။ တောင်လေတိုက်ရင်တောင် သဝဏ်လွှာပေးခိုင်းခဲ့သော မင်းရဲ့အမည်။ ကိုယ့်ကိုယ်ကိုယ်တောင် ချုပ်နှောင်ရသည်ထိ စိုးမိုးနိုင်ခဲ့သော မင်းရဲ့အမည်။

သြဂုတ်ရဲ့လေညင်းတွေတောင် ခင်ဗျားရဲ့ အမည်နာမကို နှလုံးသွင်းနေပြီ။ မောင့်ဆီပြန်လာတာ ကြာလှချည်လား ခင်ဗျားရယ်။

နောက်ဆုံးတစ်ခေါက်အနေဖြင့် ပင်စည်ပေါ်မှာထွင်းထားသော စာလုံးတွေကို မင်ဂယူတစ်ဖန်ပြန်ကြည့်လိုက်သည်။ ကိုယ်တိုင်ထွင်းထားခဲ့ပြီး တွေ့တောင်မတွေ့သွားသူက အခုဆို အိမ်ပြန်အိပ်နေလောက်ရောပေါ့။ ဤကဲ့သို့တွေးမိတော့လည်း အငိုမျက်နှာက အပြုံးမျက်နှာဖြစ်ရပြန်၏။ နှစ်တွေကြာတာတောင် မိန်းမောခြင်းမရှိဘဲ စောင့်နေခဲ့ရတာ၊ ပျော်ရွှင်မှုဆိုတာ အလှမ်းဝေးသေးသည်ထင်ပါရဲ့။

မိုးမခပင်၏ အဝေးကိုလျှောက်သွားသူထံတွင် အတိတ်ပုံရိပ်ကကပ်လျက်ပင်ကြီးစိုးနေသည်။ မိုးမခပင်မှာတော့ ထာဝရအတွက်လွမ်းနေရသူက စာလုံးလေး၄လုံးကို ကိုယ်တိုင်ရေးထွင်းခဲ့ဖူးလေ၏။

"ငါတို့ရဲ့၁၉၄၈"

>>>>>>>>>>>
>>>>>>>>>>>

၁၉၄၈ ခုနှစ်၊ အောက်တိုဘာလ၊ ၇ရက်။

အောက်တိုဘာတွင် တိုက်ခတ်သော ချမ်းစိမ့်စိမ့်လေအေးကြောင့် ဝန်နူးအိမ်ထဲကထွက်ကာ ခြံထဲတွင်ဆော့နေသော သားအဖေကို အနွေးထည်ထူထူဝတ်ဖို့ပြောရတော့သည်။ မောင်ကအအေးကြိုက်တတ်ပေမဲ့ သမီးလေးက လေအေးခံမိတာနဲ့ နှာစေးတတ်သူမျိုးပင်။

"ဟာယွန်းရေ!"

"ရှင်....မီးလာပြီ"

ဝန်နူးခေါ်သံကြောင့် လှုပ်လှုပ်စိစိဖြင့်ပြေးလာသော လေးနှစ်သမီးလေး အနားရောက်လာတော့ ဝန်နူးဆောင့်ကြောင့်ထိုင်ချလိုက်ကာ အနွေးထည်ကိုဝတ်ပေးရသည်။ အနွေးထည်ဝတ်ပြီးတော့ မောင့်ထံပြန်ပြေးသွားသော သမီးလေးက ခြေတံလေးတွေတိုသေးတာကြောင့် အရှေ့ကပြေးနေတဲ့ မောင့်ကိုဘယ်လိုမှမမှီ။ နောက်ဆုံးချိန်ထိ မောင့်ကိုမမှီတော့ ငိုမဲ့မဲ့ဖြစ်လာသော မျက်နှာလေးကြောင့် မောင်ကပြေးနေတဲ့ခြေလှမ်းတွေကိုရပ်လိုက်ကာ သမီးလေးကို ပွေ့ချီလိုက်သည်။ ထိုအခါမှ တစ်ခစ်ခစ်ဖြင့် သမီးလေးကရယ်တော့၏။

"မန်ထိုလေး....မန်ထိုပေါက်စီလို ပါးဖောင်းဖောင်းလေးက ဘယ်သူ့ဆီမှာလဲဟေ့"

"ဟာ..ဟာယွန်းဆီမှာ"

ပြည့်ပြည့်ဖောင်းဖောင်းလေးနှင့် သမီးငယ်လေးက ကင်မ်မင်ဂယူနှင့် ဂျော်န်ဝန်နူးတို့၏ မွေးစားသမီး ကင်မ်ဟာယွန်းပေ။ အများဆန္ဒကိုဆန့်ကျင်ကာ ဝန်နူးက မင်ဂယူနှင့်လက်ထပ်ခဲ့သည်။ ရှိခဲ့တဲ့ ရာထူးအာဏာတွေအားလုံးကိုစွန့်လွှတ်ပြီး မင်ဂယူလက်ကိုတွဲဖို့ဆုံးဖြတ်ချက်ချခဲ့တာ ဝန်နူးဘဝအတွက် အပျော်ရဆုံးပင်။ လက်ထပ်ပြီး ၆လအကြာ နှစ်ယောက်အတူ မြောက်ဘက်ကိုသွားတော့ ဘူတာရုံထဲအနီးက မီးသွေးစက်ရုံနားတွင် ကလေးမလေးကိုရှာတွေ့ခဲ့သည်။ စွန့်ပစ်ခဲ့ရမှန်းသိသိချင်း ဒဏ်ရာ၊ဒဏ်ချက်တွေနဲ့ ကလေးငယ်ကို ဝန်နူးကိုယ်တိုင် ဆေးဆရာခေါ်ကာ ကုသပေးခဲ့၏။ သွားဖို့နေရာဆိုတာလည်းမရှိ၊ ခေါ်ဖို့အိမ်ဆိုတာလည်းမရှိသော ကလေးမလေးကို မင်ဂယူနှင့်အတူ တိုင်ပင်ပြီး မွေးစားဖို့ ဆုံးဖြတ်ရတော့သည်။ အစပိုင်းမှာ အဆင်ပြေပါ့မလားဆို အများကြီးစိတ်ပူခဲ့ရပေမဲ့ အခုဆိုသမီးလေးက တစ်အိမ်လုံးရဲ့ ဆည်းလည်းလေးတောင်ဖြစ်နေတော့သည်။

"ဘွားလီ...ဘယ်ကပြန်လာတာလဲ"

မောင့်လက်ပေါ်မှာနေရင်း စျေးကပြန်လာတဲ့ အဘွားကိုတွေ့တော့ ချက်ချင်းပင် အောက်ဆင်းကာ အနောက်ကပြေးလိုက်သွားတော့သည်။ အမြဲတမ်းစျေးကနေ တစ်ခုခုဝယ်လာပေးနေကြဆိုတော့ သည်ကောင်မလေးအထာနပ်နေပြီလေ။

"ဖြည်းဖြည်းသွားနော်"

အနောက်ကိုတောင်လှည့်မကြည့်ဘဲ ပြေးသွားသူက ဝန်နူးစကားကိုတောင်မကြားတော့။ "မလွယ်ပါဘူး" ဆိုခေါင်းခါမိတော့ ဘေးကနေမောင်ကပခုံးကိုဖက်ကာ "သူပျော်ပါစေ" ဟူ၍ပြောလာသည်။ ကင်မ်မင်ကယူးနှင့် ဂျော်န်ဝန်နူးတို့ရဲ့ တစ်ခုတည်းသော ဆန္ဒက ဟာယွန်းလေး ကျန်းကျန်းမာမာကြီးပြင်းဖို့သာဖြစ်၏။

"မောင်တို့သွားကြမလား၊ ဒီနေ့မြို့ထဲသွားပြီး ဝယ်ရမှာတွေများတော့ စောစောသွားကြမယ်လေ"

"ဒါဆိုအခုသွားမယ်လေ၊ ဟာယွန်းလေးအတွက် လိုတာတွေရှိသေးတယ်၊ အဲဒါတွေလည်းဝယ်ရဦးမှာ"

သမီးလေးရောက်လာကတည်းက မင်ဂယူတို့မှာ လုံးဝမအားရပေ။ သူ့အတွက်လိုအပ်နိုင်တာတွေကိုလည်း စာရင်းမှတ်ထားရသလို၊ တစ်ချိန်တည်းမှာပဲ အိမ်ရဲ့စီးပွားရေးဖြစ်သော ကုန်သွယ်မှုကိုပါ မပြတ်မလပ်လုပ်ရ၏။ သမီးလေးရောက်လာကတည်းက စီးပွားရေးတွေပါ ကောင်းလာပြီး စိုက်ခင်းထဲမှာလည်း အသီးအနှံတွေလည်းအထွက်နှုန်းပိုတိုးလာသည်။ မင်ဂယူကတော့ ဟာယွန်းလေးကို "ကောင်းချီးမင်္ဂလာ"တစ်ပါးဟုတောင် ခေါ်ဆိုခဲ့သေး၏။ ထိုသို့နှင့် ရာသီအလီလီပြောင်းလာချိန်တွင် သမီးလေးကလည်း ပိုမိုသွက်လက်လာသလို မင်ဂယူတို့ မောင်နှံမှာလည်း ပို၍ပင် ပျော်ရွှင်လာရသည်။

"မင်း မသွားပါနဲ့၊ မောင်ပဲသွားပါ့မယ်"

"မဟုတ်တာ၊ အခုကလမ်းကြုံနေတာပဲ။ ကုန်ပို့ရင်းတစ်ခါတည်းသွားလိုက်ရုံပဲကိုး"

"ကုန်ပို့တာတော့ ဟုတ်ပါပြီ။ စစ်တပ်ကဘာလို့မင်းကိုပြန်ခေါ်နေရတာလဲ။ ရာထူးကနုတ်ထွက်ထားတဲ့ ဗိုလ်တွေကိုပြန်ခေါ်ရိုးဆိုတာမှမရှိတာ"

ကင်မ်မင်ဂယူကို လက်ထပ်ချင်ရင် ငါ့စစ်တပ်၊ ငါ့အိမ်ကနေ ထွက်သွားလို့ပြောခဲ့သော ဝန့်ရဲ့ဖခင်က အခုချိန်မှာ ပြန်ခေါ်နေတာမဖြစ်သင့်ပေ။ ဝန်ကိုယ်တိုင်ကအကုန်လုံးကို ကျောခိုင်းထွက်ခဲ့ပြီးမှ အကူအညီလိုချိန် အသည်းအသန်ပြန်လာခိုင်းနေတာပို၍တောင် မလုပ်သင့်တာ သူတို့နားမလည်သည်လား။ အထူးချွန်ဆုံး စစ်ဗိုလ်ဟောင်းတစ်ယောက်ကို လေးစားမှုမရှိခြင်းသာ မင်ဂယူမြင်သည်။

"မောင်ကလည်း၊ ဒီတစ်ခါကိစ္စကအတော်ကိုကြီးလို့နေမယ်။ အခု ဆိုဗီယက်တွေက မြောက်ကိုဖိအားတွေပေးနေတာလေ၊ ငါတို့ကညှိနှိုင်းမှုတွေလုပ်ပြီး စစ်မဖြစ်ဖို့တားရမှာ။ စစ်ဆိုတာဘယ်တော့မှ ကောင်းကျိုးမပြုတာမင်းသိရဲသားနဲ့"

"ဒါပေမဲ့ မင်းရာထူးကနားထားတာ ကြာပြီလေ၊ ဘာလို့အခုမှပြန်ခေါ်ရတာလဲ"

"မောင်....သူတို့ကငါ့ကို စစ်ဗိုလ်တစ်ယောက်အနေနဲ့ပြန်ခေါ်တာမှမဟုတ်တာ၊ ဗိုလ်မှူးကြီးတစ်ယောက်ရဲ့ သားအနေနဲ့ပြန်ခေါ်တာလေ။ ငါကဘယ်လိုငြင်းရမှာလဲ။ ပြီးတော့ နယ်စပ်ကအခြေအနေတွေကတင်းမာနေတယ် မောင်...။ ဘယ်လိုပဲပြောပြော စစ်မဖြစ်ဖို့ပဲ ငါတို့ကြိုးစားရမှာ"

မင်ဂယူကဝန်နူး သွားမယ့်အစီအစဥ်ကို ကန့်ကွက်နေတာ တစ်ပတ်တင်းတင်းရှိနေခဲ့သော်လည်း ပြတ်သားသူက ဆုံးဖြတ်ချက်ကိုလုံးဝမပြင်ပေ။ နှုတ်ခမ်းဆူပြီးကပ်ချွဲလည်းမရ၊ စိတ်ဆိုးစိတ်ကောက်ပြလည်း မရသည့်နောက်ဆုံးတွင် ဝန်နူးကိုလွှတ်ဖို့သာပြင်ရတော့သည်။ သို့သော်လည်း ဤခရီးနှင့်ပတ်သက်၍ မင်ဂယူခံစားချက်လုံးဝမကောင်းပေ။ တစ်စုံတစ်ရာကလွန်ဆွဲနေသလို ရင်ဘတ်ထဲမှာ လေးလံနေသည်။

"နူးနူး သွားတော့မှာလား"

အပေါ်ထပ်ကနေ ပြေးဆင်းလာတဲ့သမီးဖြစ်သူကို ဝန်နူးကောက်ချီလိုက်၏။ ပါးပြင်ကိုတစ်ချက်မွှေးလိုက်တော့ စန္ဒာကူးအနံ့ကမွှေးကြူနေတော့သည်။

"ဟားယွန်းလေးက မွှေးနေတာပဲ။ သမီးလေးကဘယ်သွားမလို့ အလှတွေပြင်ထားတာလဲ"

"မီးက ဗြောလ်နဲ့သွားဆော့မလို့၊ နူးကရော အခုသွားတော့မလို့လား"

"ဟုတ်တယ်၊ နူးကသွားတော့မှာလေ။ အဲဒါကို ဂယူကမလွှတ်ဘူးတဲ့"

"ဝန်! မင်း...သမီးကိုမဟုတ်တာတွေမပြောနဲ့! မောင်ကစိတ်ပူလို့ပြောတာကိုး"

"ဂယူက နူးနူးကိုအော်တယ်၊ မလုပ်ရဘူးနော် မှားတယ်"

သမီးဖြစ်သူကပြောတော့ မင်ဂယူကနှုတ်ခမ်းတဆူဆူဖြင့် ဝန်နူးကို"တွေ့လား မင်းသမီးကို ထိန်းဦး"ဆိုပုံစံဖြင့် မေးမော့ပြလေသည်။ ဝန်နူးကမသိချင်ယောင်ဆောင်ကာ သမီးလေးကိုအောက်ချပေးလိုက်ပြီး အပြင်မှာသွားဆော့ဖို့ပြောလိုက်ရ၏။ ကျစ်ဆံမြီးနှစ်ဖက်ကို သေသပ်စွာစည်းထားပေးသည်က မင့်ရဲ့လက်ရာဆိုတာ ပြောစရာမလို၊ ဂါဝန်အနီလေးအပြင် ပန်းနုရောင်ကလစ်လေးပါ

You are reading the story above: TeenFic.Net