𝐒𝐮𝐫𝐫𝐞𝐧𝐝𝐞𝐫 𝐌𝐞 𝐢𝐧 𝐀𝐮𝐠𝐮𝐬𝐭

Background color
Font
Font size
Line height
ပန်ထားပေးပုံက သမီးလေးကို မင်းသမီးလေးနှင့်တောင်တူစေသေးသည်။ မောင်ကတော့ သူ့သမီးကိုဘယ်လိုဆင်ပေးရမလဲဆိုတာ တကယ်သိသူပေ။

"ဘာလို့ သမီးကစားတာကို အင်္ကျီအသစ်ဝတ်ပေးလိုက်တာလဲ၊ ပေပွကုန်တော့မှာပဲ"

"သမီးလေးရဲ့ ဂယူကအများကြီးဝယ်ပေးနိုင်လို့လေ။ ဒီလောက်ပိုက်ဆံတွေရှာနေတာ ကိုယ့်သမီးဆီမှာပဲကိုယ်သုံးမှာပေါ့"

သမီးက မင်ဂယူကို ဂယူဟုသာခေါ်ပြီး ဝန်နူးကိုတော့ နူးနူးဆိုခေါ်လေသည်။ အိမ်ကိုစစရောက်လာချိန်မှာ "ဖေဖေ"ဟုခေါ်ခိုင်းဖူးသော်လည်း သမီးဖြစ်သူက အကြောက်အကန်ကိုအော်ငို၏။ "အဖေ"ဆိုသော ဝေါဟာရတစ်လုံးက သမီးဘဝအတွက် ကြောက်ဖို့ကောင်းတဲ့အရာတစ်ခုဖြစ်ခဲ့လျှင် မင်ဂယူးရော၊ ဝန်နူးကပါ သူ(မ)ကို အတင်းအကြပ်ခေါ်ခိုင်းဖို့ မစဥ်းစားပေ၊ ထိုအစား သမီးပို၍ ခေါ်လို့အဆင်ပြေမည့် နာမ်စားကိုသာရွေးချယ်ခေါ်ခိုင်းကြည့်လိုက်သည်။ အိမ်သည် သမီးအတွက်ဆို နွေးထွေးသောရပ်ဝန်းဖြစ်ရမည်။ သက်သောင့်သက်သာရှိသောနေရာငယ်သာဖြစ်သင့်ပေသည်။

"အင်းပါ၊ ဒါဆိုငါသွားပြီနော် မောင်"

"ခင်ဗျား ဘယ်တော့မှပြန်လာမှာလဲ"

"မင်းနဲ့တော့ ခက်တော့တာပဲ။ အခုက ဇူလိုင် ၂၀ရက်နေ့၊ ကုန်ပို့ဖို့လည်းရထားနဲ့သွားရမှာဆိုတော့ လမ်းခရီးမှာ ၃ရက်ပေါ့။ နယ်စပ်ဘက်ရောက်ရင်လည်း ၅ရက်လောက်တော့ ခရီးနှင်ရဦးမှာ ပြီးတော့ အစည်းအဝေးတွေထိုင်၊ ဆွေးနွေးတိုင်ပင်တာတွေပါရင် သုံးပတ်လောက်ပေါ့။ အပြန် မြို့ကြီးမှာ မင်းရယ်၊သမီးရယ်အတွက် လိုတာလေးတွေဝယ်ပြီးတော့ လမ်းခရီးဆက်။ ဒါတွေအားလုံးပေါင်းရင် အနည်းဆုံး တစ်လကျော်မယ်ထင်တယ်"

"အကြာကြီးပဲ"

"နယ်စပ်ဘက်မှာမြန်ရင်မြန်သလိုပဲလေ မောင်ကလည်း။ သူတို့တိုင်ပင်တာတွေကို ငါက လိုက်ထောက်ပြပေးရုံပဲ။ ငါအဆင်ပြေမှာပါ"

"ဒါပေမဲ့လည်း...."

"သြဂုတ်လအစမှာ အမှီပြန်လာမယ်။ မောင့်ကို ကတိပေးတယ် ဟုတ်ပြီလား"

"တကယ်နော်၊ မောင်ကမင်းကိုမျှော်နေမှာ။ မင်းပြန်မလာမချင်းစောင့်နေမှာ"

"တကယ်ပါဆို။ ဂျော်န်ဝန်နူးက ဘယ်တုန်းကများ ကတိမတည်ဖူးလို့လဲ"

"ဒါဆိုလည်း စိတ်ချလိုက်မယ်!"

"ဟားဟား....စိတ်ချပေးလို့ကျေးဇူးတင်ပါတယ်နော်။ ဒါနဲ့မောင်ကငါရွေးပေးထားတဲ့ အင်္ကျီနဲ့အရမ်းချောနေတာပဲ"

"ခင်ဗျားယောကျာ်းပဲကိုး၊ စိတ်မပူနဲ့ ခင်ဗျားပြန်လာလည်း ဒီအင်္ကျီနဲ့ပဲတွေ့စေရမယ်"

"ရေမချိုးတော့ဘူးပေါ့"

မင်ဂယူက မျက်စောင်းထိုးလာတော့ ဝန်နူးကလည်းမနေနိုင်စွာ နဖူးလေးကိုနမ်းပေးမိသည်။ စတင်တွေ့မိချိန်ကတည်းက သဘောကျခဲ့ရတဲ့ အမျိုးသားလေးက အခုချိန်ထိ အချစ်နည်းနည်းမှအလျော့မခံသူလေးပင်။

"ဒါဆို သွားပြီ"

"အင်းပါ။ လမ်းမှာဂရုစိုက်နော်"

ကျောခိုင်းထွက်သွားသူရဲ့ ကျောပြင်ကျယ်လေးပျောက်ကွယ်သွားမှ မင်ဂယူအိမ်ထဲသို့ပြန်ဝင်လာလိုက်သည်။ သို့ပေမဲ့ ထိုအချိန်သာ နောက်ဆုံးမှန်းသိခဲ့ရင်၊ နောက်ဆုံးလမ်းခွဲနှုတ်ဆက်ခြင်းမှန်းသိခဲ့ရင် မင်ဂယူအပြေးလေး လက်ကိုသွားဆွဲမိမလားပေ။

ခင်ဗျားထွက်သွားတာ ဇွန်လ ၂၀ရက်၊ ၁၉၅၀။

"သခင်ကြီး!!!"

ခြံထဲကအော်သံကြောင့် မင်ဂယူသောက်လက်စ လက်ဖက်ရည်ခွက်ကို စားပွဲပေါ်တင်လိုက်ရသည်။ ခြံစောင့်သမားကခေါ်ထားတာ ၇လပဲရှိသေးပြီး တစ်ခါတစ်ရံဆို သေးသေးလေးကအစ အကုန်လာပြောနေတတ်တာ၊ အခုလည်း ဘာဖြစ်ပြန်ပြီလဲမသိ။

"ကဲ...ဘုံဂီ။ အခုရော ဘာဖြစ်ပြန်ပြီလဲ"

"သ...ခင်ကြီး၊ ဟိုနယ်...နယ်စပ်မှာ..စ..စ..စစ်ဖြစ်နေပြီတဲ့"

"ဘာပြောတယ်!"

ဘုံဂီအသံကြောင့် အိမ်ဝန်းထဲကထွက်လာသော အဘွားလီတို့၊ ယူနာတို့တွေအားလုံးကြောင်အလျက်။ ဘုံဂီ ဘယ်စျေးထဲကကြားလာတဲ့စကားကို လျှောက်ပြောပြန်ပြီလဲမသိ။ စစ်ဖြစ်တယ်ဆိုတာ စနောက်လို့ကောင်းသည့်အရာပင်မဟုတ်ကြောင်း ဘုံဂီနားမလည်သည်လား။

"တကယ်ပြောတာ၊ သခင်ကြီး။ ခဏနေ စစ်သားတွေရောက်လာပြီးတော့လေ...."

မြို့ထဲက ခရာမှုတ်သံကတောင်ကုန်းတက်မှာရှိနေသော အိမ်တော်ကနေတောင် ကြားနေသည်။ စစ်သားတွေရဲ့ အော်ဟစ်သံကြောင့် အုတ်အုတ်သောင်းသောင်းဖြစ်သွားသော မြင်ကွင်းထက်တွင် မင်ဂယူ မယုံကြည်နိုင်ခြင်းများစွာရပ်နေမိ၏။ တကယ်စစ်ဖြစ်နေပြီလား။

"ယူနာ!! ယူနာ ဟာယွန်းဘယ်မှာလဲ"

"ဟာယွန်းက နောက်ဘက်မှာ ဗြောလ်လေးနဲ့ဆော့နေပါတယ်"

"သွား! မြန်မြန်သွား! ငါ့သမီးကိုအိမ်ထဲခေါ်ခဲ့! ဗြောလ်ကို သူ့အိမ်ပြန်ပို့ပေးလိုက်!"

"ဟုတ်..ဟုတ်ကဲ့ပါသခင်ကြီး"

"ဂျွန်းတို့ညီအစ်ကိုသုံးယောက် ဂိုထောင်ထဲကို သွားကြည့်၊ ဆန်အိတ်တွေကို သေချာရေထား၊ ရိက္ခာဘယ်လောက်ရှိသေးလဲဆိုတာ မှတ်ထား။ ဘုံဂီ..ငါမပြောရင် ဘယ်သူ့ကိုမှ ခြံထဲပေးမဝင်နဲ့"

"ဘုန်း!"

မြေကြီးကိုတောင် တုန်ခါသွားစေသည့် အားပြင်းလှသော ဗုံးသံဟာ ချက်ချင်းဆိုသလို မြည်ဟီးသွားသည်။ ဘယ်နားကိုကျသွားလဲဆိုတာ မသိပေမဲ့ အားလုံးက ဒူးကွေးချကာ ဆောင့်ကြောင့်ထိုင်လျက်သားပင်။ မြို့ထဲဘက်ကနေ နာကျင်စွာအော်နေသော လူထုရဲ့ အော်သံကလှိုင်းတက်သလို ကောင်းကင်တစ်ခွင်ပျံနှံလာတော့သည်။ရင်ခွင်ထဲထည့်ထားသော သမီးလေးကို ပွေ့ချီကာ အားလုံးနှင့်အတူ အိမ်ထဲ အလျင်အမြန်ဝင်လာရ၏။ တံခါးပေါက်တွေ၊ ပြတင်းပေါက်တွေအကုန်လိုက်ပိတ်ပြီးမှ သက်ပြင်းချမိတော့သည်။

"ဘုံဂီ မင်းဘာသတင်းတွေထပ်ကြားသေးလဲ"

"ဗျာ...ကျွန်တော်သိတာကတော့ နယ်စပ်ဘက်မှာ တင်းမာနေတာတော်တော်ကြာပြီပြောတယ်၊ ဒါပေမဲ့ ဒီနေ့မနက်မှစစ်ဖြစ်တဲ့သတင်းကြားလာတာ၊ စစ်သားတွေအများကြီး မြို့ထဲရောက်နေတယ် သခင်"

"ဒါဆို ငါတို့ဗုံးခိုကျင်းထဲဆင်းဖို့ပြင်ရအောင်"

"ဟုတ်ကဲ့ပါ သခင်ကြီး"

ရင်ခွင်ထဲတွင် ထွေးပွေ့ပေးထားသော သမီးလေးက တုန်ရင်နေကာ မင်ဂယူအင်္ကျီစကို ကျစ်ကျစ်ပါအောင်ဆုပ်ထားသည်။ ပိုပြီးတင်းနေအောင်ဖက်ထားပေးချိန်တွင် မျက်ရည်စတွေခိုတွဲနေသော မျက်လုံးလေးတွေကြောင့် မင်ဂယူနှစ်သိမ့်ပေးလိုငြား ကျောပြင်ကို ဖွဖွလေးပုတ်ပေးရ၏။

မိသားစုအတွက်၊ တိုင်းပြည်အတွက် ကမ္ဘာပျက်သလိုကြုံခဲ့ရသည့် ဇူလိုင် ၂၅၊ ၁၉၅၀။

ဝန့်ဆီက စာလည်းမလာသလို၊စာလည်းပို့မရပေ။ သတင်းအစအနကိုတောင် ရှာမရသော ချစ်ရသူကြောင့် အခုရက်ပိုင်းတွေမှာ မင်ဂယူအရူးတစ်ပိုင်းနီးနီးဖြစ်နေရသည်။ သမီးလေးကလည်း နေမကောင်းဖြစ်နေတာ ရက်တစ်ပတ်ကျော်နေကာ မြို့ထဲမှာ ဆေးကုတတ်သည့်သူဆိုတာ ရှာမရ။ ချောင်းတွေသာအမြဲမပြတ်ဆိုးနေပြီး ဘာကျွေးကျွေးမစားတော့ ပိုဒုက္ခရောက်ရတော့သည်။

တစ်ခါတစ်လေဆို မြို့ထဲကနေဖြတ်သွားတဲ့ တင့်ကားတွေ၊ သေနတ်တွေထိန်းထားတဲ့ စစ်သားတွေကို အိမ်တော်ကနေလှမ်းမြင်ရသည်။ ရှေ့တန်းသွားရတဲ့သားကို နှုတ်ဆက်နေရတဲ့ မိခင်တစ်ယောက်ရဲ့ငိုကြွေးသံက နာကျင်ဖွယ်ကောင်းလှ၏။ မမြင်ချင်မှမဆုံးဖြစ်နေခဲ့ရသော ပြည်သူတွေရဲ့ဝမ်းနည်းသံတွေက နေ့စဥ်ရက်ဆက် မင်ဂယူကိုခြောက်လန့်နေခဲ့သည်။

ညတိုင်းသမီးအခန်းမှာသာ အတူတူသွားနေပေးရပြီး သမီးအိပ်ပျော်သွားသည်ထိစောင့်ပေးရ၏။ မင်ဂယူကတော့ တစ်ရေးမှအိပ်မရပေ။ တစ်ခုခုထဖြစ်ခဲ့လို့ အိပ်ပျော်နေသည်ဆိုလျှင် ပို၍ပင်အန္တရာယ်နိုင်သည်။

"သခင် ဒီညတော့အိပ်လိုက်ပါလား"

"မဖြစ်နိုင်ပါဘူး၊ ဘုံဂီရယ်။ ငါအိပ်နေတုန်း တစ်ခုခုရင်ဘယ်နှယ့်လုပ်မလဲ"

"ဒါပေမဲ့ မအိပ်ရတာ ၅ရက်ဆက်တိုက်ရှိတော့မယ်လေ၊ ဒီဘက်က သိပ်ပြီးပြင်းပြင်းထန်မဖြစ်လောက်ပါဘူး၊ ကျွန်တော်တို့လည်းရှိနေတာပဲ"

"အင်းပါ"

သမီးလေးဘေးနားမှာ အိပ်ပျော်သွားချိန် မင်ဂယူအရာရာကိုမေ့သွားနိုင်သည်၊ နွေးထွေးရာကိုယ်လုံးလေးက အသက်ရှုသံမှန်မှန်ဖြင့် အိပ်နေတာကိုခံစားမိရသည်ကလည်း နိဗ္ဗာန်တစ်ခုပင်။

"အဟွတ်...ဟွတ်...ဟွတ်"

သမီးလေးရဲ့ ချောင်းဆိုးသံတွေကြောင့် မင်ဂယူလန့်နိုးသွားသည်။ အဆက်မပြတ်ဆိုးနေသဖြင့် မင်ဂယူက ကျောပြင်ကိုသာသာလေးပုတ်ပေးရ၏။ ထိုမျှသာရပ်မသွားဘဲ သွေးစတွေပါပြန်အန်ထွက်လာချိန်တွင် မင်ဂယူ လောကတစ်ခုလုံးရပ်တန့်သွားသည်ထိ တုန်လှုပ်သွားရတော့သည်။

"ဘုံဂီ! ယူနာ!! ဒီကိုမြန်မြန်လာ!"

နှာခေါင်းကနေ သွေးတွေပါစီးလာတော့ မင်ဂယူပို၍ပင် ထိတ်လန့်လာသည်။ အောက်ထပ်ကတက်လာသော အဘွားလီထံမှ ရေနံမီးခွက်ကိုယူလိုက်ကာ သမီးလေးကိုပွေ့လျက် အောက်ထပ်ကိုပြေးဆင်းရတော့၏။ ညအမှောင်ကို ဝန်းပြည့်နေသော လမင်းကသာအလင်းရောင်ဖြာပေးနေသည်။ မြို့ထဲက သမားတော်အိမ်ကို ဘယ်လိုခြေလှမ်းတွေနဲ့ပြေးလာမိသည်ကိုမသိခဲ့သော်လည်း ခြေလှမ်းတစ်လှမ်း လှမ်းမိတိုင်း ရင်ထဲမှာရိုက်ခတ်နေသော သမီးငယ်ရဲ့ ချောင်းဆိုးသံတွေက လူကိုအတော်လေး ကြောက်လန့်စေနေသည်။

*ဒုန်း*ဒုန်း*ဒုန်း*

သမားတော်အိမ်ရဲ့တံခါးကို ထုနှက်ပြီး ခဏအကြာ အထဲမှာ ကောင်မလေးတစ်ယောက်က တံခါးဖွင့်ပေးလေသည်။ မင်ဂယူထင်တာမမှားရင် အနှီကောင်မလေးက သမားတော်ရဲ့ သမီးလေးပင်။

"ခင်ဗျားအဖေရော"

"အ..အဖေ ရှေ့တန်းမှာဒဏ်ရာရတပ်သားတွေကို ဆေးကုဖို့ မနက်ကပဲထွက်သွားတာပါ"

"ဘယ်..ဘယ်တော့မှပြန်လာမှာလဲ"

"နောက်အပတ်လောက်လို့ ထင်ပါတယ်"

"အဲ..အဲလောက်မ...ရလောက်ဘူး၊ မင်း ဆေးပညာသိတယ်မလား"

"ရှင်..ဘာဖြစ်လို့လဲ"

"သမီးလေးကို ကြည့်ပေးပါလား။ တောင်းပန်ပါတယ်၊ ဒါပေမဲ့ သူချောင်းဆိုးနေတာ သွေးတွေပါပြန်အန်ထွက်နေလို့။ တောင်းဆိုပါတယ်။ ဒါလေးကူညီပေးပါ"

ကောင်မလေးက အိမ်ထဲကိုခေါ်ကာ ဟာယွန်းကို သေချာကြည့်ပေးသည်။ တစ်အိမ်လုံးလည်း ဆေးထုပ်တွေနှင့်သာ ပြည့်နှက်နေကာ မင်ဂယူထိုင်ဖို့နေရာတောင်ခက်ခက်ခဲခဲရှာလိုက်ရ၏။ သမီးလေးကိုလည်း တစ်ချိန်လုံးပေါင်ပေါ်တွင်သာ တင်ထားရကာ ဆရာမလေးက ဟာယွန်း၏ အခြေအနေကိုအကဲခတ်ရတော့သည်။

"ကလေးကကိုယ်တွေတော်တော်ပူနေတာပဲ။ အသက်ရှုသံတွေလည်းမမှန်ဘူး၊ ပြီးတော့ အတွင်းမှာဒဏ်ဖြစ်ထားတာတွေလည်းရှိတယ်"

"ကျွန်တော် ဘာလုပ်ပေးလို့ရမလဲ"

"ဒီလိုပြောရတာ တောင်းပန်ပေမဲ့ သခင်ကြီး ကျေးဇူးပြုပြီး စိတ်ကိုပြင်ဆင်ထားပေးပါ။ သခင်မလေးအခြေအနေတော်တော်မကောင်းဘူး"

နောက်ဆုံးမျှော်လင့်ချက်တစ်ခု ရိုက်ချိုးခံလိုက်ရသလိုပင်။ အိမ်တော်ကနေ ဒီနေရာထိပြေးလာတာ သည်လိုဖြစ်ဖို့မှမဟုတ်တာ။

"မဟုတ်သေးပါဘူး..ဘယ်..ဘယ်လို"

"သခင်မလေးက ပန်းနာရင်ကြပ်များရှိလား။ အသက်ကောင်းကောင်းမရှုဘူးဖြစ်နေတယ်။ အခုရောက်ကတည်းက ချောင်းသံလည်းတော်တော်နဲ့မပျောက်ဘူး။ အဆုတ်ကလည်းအားနည်းနေတယ်၊ ငယ်ငယ်ကပြင်းပြင်းထန် လှိမ့်ကျတာမျိုးဖြစ်ဖူးလား။ အတွင်းဒဏ်ရာတွေလည်း ဖြစ်နေတယ်ထင်တယ်၊ ကျွန်မ အဲလောက်ထိမတတ်စွမ်းပါဘူး သခင်"

လှဲနေတဲ့ သမီးလေးကို ပြန်မတ်ပေးကာ ဆရာမတိုက်သည့်ဆေးကို ခွံ့ပေးရသည်။ သို့ပေမဲ့လည်း အရာမထင်။ အကုန် ပြန်အန်ထွက်လာပြီး မင်ဂယူကိုသာ အတင်းဖက်တွယ်ထားတော့သည်။

"ကျွန်မတို့စောင့်ကြည့်မှရတော့မယ်၊ နေမထွက်ခင်ချိန်ထိ ကျွန်မတို့စောင့်ကြည့်ရမယ်။ အကယ်လို့သူသက်သာလာရင် ကျွန်မဆေးအသစ်ကို ထပ်တိုက်လို့ရတယ်။ ဒါပေမဲ့သခင်မလေးခန္ဓာကိုယ်ကတော်တော်ကို အားနည်းနေတာ။ ကျွန်မအထင်.....သူ ဒီတောင်ကို...မကျော်နိုင်လောက်ဘူး"

မင်ဂယူ၏ စကားလုံးတွေပျောက်ဆုံးကုန်ရတော့သည်။ စာမလာသတင်းမကြားရသည့် ဝန့်ကိုစိတ်ပူရသည်ထက် အခုသမီးလေးအသက်က သေမင်းတံခါးဝမှာ မျှော့မျှော့လေးတင်နေ၏။ တင်းကြပ်စွာဖက်ထားမိသော ခန္ဓာကိုယ်လေးက "ဒီနား နာတယ်" တစ်ခါပြောတိုင်း နာကျင်မှုတွေအကုန်လုံးကို ယူပေးချင်မိသည်။ ပခုံးထက်မှာ ခေါင်းလေးတင်ကာ လှဲလျောင်းနေသော သမီးလေးကို ပွေ့ချီကာ အခန်းငယ်တွင်းမှာ ခြေရာထပ်ကာ လျှောက်မိ၏။

စောင့်ဆိုင်းခြင်းတွေကို မုန်းမိပေမဲ့ သမီးငယ် ရှင်မလား၊ မရှင်ဘူးလားဆိုတာကို စောင့်ဆိုင်းရသည်က မင်ဂယူဘဝတွင် မုန်းချင်ဖွယ်အကောင်းဆုံးပင်။

"မီး..အိပ်ချင်နေပြီ"

တီးတိုးသလိုထွက်လာသောအသံငယ်လေးကြောင့် မင်ဂယူက ပြတင်းပေါက်ဘေးက ထိုင်ခုံမှာပြန်ထိုင်ကာ သမီးကိုပေါင်ပေါ်မှာအိပ်ဖို့ပြောရသည်။ ခြောက်သွေ့နေသောနှုတ်ခမ်းပါးလေးတွေက တစ်ခုခုကို ပြောဖို့လုပ်နေချိန် မင်ဂယူအနားကိုကပ်ကာနားထောင်ရ၏။

"လမင်းကြီးက...လှတယ်"

"ဟုတ်တာပေါ့၊ ဟာယွန်းလေးလိုပဲ အရမ်းလှတာ။ ဖေဖေ့သမီးလေးလိုပဲ"

ဆံသားလေးတွေကို သပ်ပေးရင်း နဖူးလေးကို အနမ်းပေးတော့ သမီးလေးပြုံးသွားသည်ကိုမြင်လိုက်သည်။ လက်ချောင်းလေးတွေက မင်ဂယူပါးပေါ်ကျရောက်လာချိန်တွင် သမီးလေးရဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေက လပြည့်ဝန်းထက်တောင် လှပနေ၏။

"ဟာယွန်းက ဖေဖေ့ကိုချစ်တယ်"

နားဝင်အချိုဆုံးစကားလုံးက ပျော်ရွှင်မှုအပေါင်းကိုသယ်ဆောင်ပေးနိုင်မှာ မှန်သော်လည်း တာတမံကျိုးသလို လျှံထွက်လာသော မျက်ရည်တွေက ပျော်ရွှင်မှုကိုမပေးပေ။ ပါးပြင်ပေါ်က လက်နုနုလေးက အောက်သို့ပြုတ်ကျသွားချိန်က ကမ္ဘာပျက်သလို မြည်ကြွေးနေသော ငိုကြွေးသံက ဆေးပေးခန်းတစ်ခုလုံးပြည့်နှံ့သွားတော့သည်။

"ဖေဖေကလည်း ချစ်တယ်၊ ဟာယွန်းလေးကိုအချစ်ဆုံးပဲ။ ဖေဖေ့သမီးလေးကိုအချစ်ဆုံးပဲ၊ ဖေဖေ့သမီးလေး..."

မွှေးကြူနေကြ ပါးပြင်ဖွေးဖွေးလေးတွေ၊ အနက်ရောင်ဆံသားလေးတွေ၊ နဖူးမောက်မောက်လေးတွေကို နွေးထွေးမှုမပျောက်ဆုံးခင်ထိ အနမ်းတွေခြွေခဲ့သည်။ ပြောမပြတတ်လောက်အောင် ချစ်ခင်ရပါသော သမီးငယ်လေးသည် ၁၉၅၁၊ သြဂုတ်လ ညသန်းခေါင်ယံတွင် ရင်ခွင်ထဲမှ အပြီးတိုင်ထွက်သွားတော့၏။

သမီးလေး၏ စျာပနာကို တိတ်ဆိတ်စွာပဲလုပ်ခဲ့ရသည်။ကိုယ်တိုင်တောင်ရင်ထုမတတ် ခံစားခဲ့ရတာ ဝန်သာရှိခဲ့ရင် ပြိုလဲနေမှာသေချာ၏။ မောင်မင်းကိုလွမ်းလှပြီ။ မောင့်သက်လယ်လေး...ခင်ဗျားဘယ်ချိန်မှပြန်လာမှာလဲ။ မောင်တို့ သမီးလေးမရှိတော့ဘူး၊ မောင်တို့ရဲ့ ကောင်းချီးမင်္ဂလာလေး ထွက်သွားပြီ။

နှစ်နှစ်နီးပါးရှိခဲ့သော အချိန်တွေက ပြည်သူကို ဒုက္ခပင်လယ်မှာ လက်ပစ်ကူးစေဖို့လုံလောက်ခဲ့သည်။ စစ်ဆိုတာ သက်ရှိတွေအတွက် ငရဲခန်းပေ။ အာဏာရလည်း အထက်ကလူတွေသာဖြစ်ပြီး ပြည်သူတွေက ကြားခံ မြေစာပင်သာသာ သာရှိသည်။ ခါးစည်းလိုက်ရတဲ့ ဒုက္ခတွေ၊ အမိမြေပေါ်မှာ ကျလိုက်ရတဲ့မျက်ရည်တွေ အားလုံးရဲ့ ပိုင်ရှင်ဟာ နောက်ဆုံးမှာ ပြည်သူတွေသာဖြစ်နေတော့၏။

ဇူလိုင် ၂၇ရက်၊ ၁၉၅၃ တွင် မြောက်နှင့်တောင်တို့၏ စစ်ပွဲအဆုံးသတ်ကြောင်း သဘောတူညီချက်ထွက်လာခဲ့သည်။ လူ၃သန်းကျော် အသက်ပေးခဲ့ရသည့် စစ်ပွဲအဆုံးသတ်ကို လူတိုင်းတောင့်တခဲ့၏။ ဝန်...မင်းအိမ်ပြန်လာချိန်တန်ပြီ။

နွေရာသီတွင် သြဂုတ်၏ အပူချိန်သည် အပြင်းဆုံးဖြစ်သည်။ ဝန်နှင့်အတူ ထိုင်နေကြ မိုးမခပင်အောက်မှာ မျှော်နေရသူကိုစောင့်ဆိုင်းနေရင်း မင်ဂယူထိုင်နေမိ၏။ မထင်မှတ်ထားသောအချိန်တွင် စစ်ကားတစ်စီးကာ ခြံရှေ့မှာ ပိတ်ရပ်ကာ ကားပေါ်မှ စစ်ဝတ်စုံဖြင့်လူသုံးယောက်ဆင်းလာလေသည်။

"ဘာဖြစ်လို့လား မသိဘူး"

"ဒီအိမ်က မြို့အုပ်မင်းဟောင်း၏သား၊ ဗိုလ်မှုးဂျော်န်ဝန်နူး၏ ခင်ပွန်း ကင်မ်မင်ဂယူ၏ နေအိမ်လားဗျ"

"ဟုတ်ပါတယ် အဲဒါကျွန်တော်ပါပဲ"

မင်ဂယူစကားကြောင့် စစ်သားတစ်ဦးကကားပေါ်ကနေ သံသေတ္တာသေးတစ်ခုကို ထုတ်လာသည်။သေတ္တာထဲက စစ်သားတွေဆောင်းတဲ့ ကာကီရောင် ဦးထုပ်ပြားကို ထုတ်ယူကာ မင်ဂယူကိုပေးလိုက်၏။ ဘာမှသေချာမပြောပေမဲ့ မင်ဂယူအခြေအနေတွေကို ခံစားမိနေသည်။ ဒါက သေဆုံးသူစစ်သားတွေရဲ့ မိသားစုဝင်တွေကို လာရောက်အကြောင်းကြားခြင်းမဟုတ်လား။

"အလေးပြု! ဗိုလ်မှူး ဂျော်န်ဝန်နူးသည် တပ်ရင်းအတွက် အားကိုးအားထားရသော စစ်ဗိုလ်တစ်ယောက်ဖြစ်ခဲ့ပါတယ်၊ ရှေ့တန်းမှာ တိုက်ပွဲဝင်ရင်း ကျရှုံးသွားခဲ့သည့်အတွက် တောင်ကိုးရီးယားမှ အထူးပင်ကြေကွဲဝမ်းနည်းမိသည်ကို စာလွှာပါးပါတယ်၊ ကျန်ရစ်သူမိသားစုနှင့်ထပ်တူ ဝမ်းနည်းရကြောင်းပါ"

"ဘာ...ဘာဖြစ်တယ်"

အနောက်ကို ယိုင်လှဲသွားသောမည့် ခန္ဓာကိုယ်ကို ဘေးက ဘုံဂီကထိန်းထားပေးသည်။ အံ့သြမှုအပေါင်းက ရင်ထဲလောင်ကျွမ်းလာချိန်တွင် မယုံကြည်နိုင်ခြင်းများက ရေနံဆီလောင်းချနေသလိုပင်။ မျက်လုံးထဲမှ မျက်ရည်များက အမြင်အာရုံကို လာရောက်နှောက်ယှက်ချိန်တွင် တုန်ရီနေသော လက်ချောင်းများကို အရှေ့ဘက်စစ်သားက ကိုင်ထားပေးလေသည်။

"စစ်ပွဲကာလအတွင်းဖြစ်လို့ ကျွန်တော်အလောင်းကိုပြန်မသယ်လာနိုင်ပေမဲ့ အစ်ကို့အတွက် ဒါလေးပြန်ယူပေးခဲ့ပါတယ်"

လက်ထဲထည့်ပေးလာသော ပြောင်လက်လက်ကွင်းလေးက မင်ဂယူတို့၏ လက်ထပ်လက်စွပ်လေးပင်။ ရိုးရိုးရှင်းရှင်း ရွှေရောင်လက်စွပ်လေးအလယ်မှာ စိန်တစ်ပွင့်သာရှိသည်။ လက်မထပ်ခင် ပန်းထိမ်ဆရာကို ကိုယ်တိုင်ထွင်းထားခိုင်းတဲ့ ဤလက်စွပ်လေးကိုမှားစရာမရှိ။ အခုကိုင်ထားသော လက်စွပ်သည် တစ်ချိန်ငဂျော်န်ဝန်နူးလက်သူကြွယ်မှာ တင့်တယ်စွာနေရာယူဖူးသည်လေ။

"ကျေး...ကျေးဇူးတင်ပါတယ်"

ဝမ်းနည်းကြောင်းစကားပါးပြီးချိန်တွင် မင်ဂယူခြံရှေ့မှာ အတော်ကြာအောင်ရပ်နေမိသည်။ ဘေးဘက်မှာလည်း ဘုံဂီရော၊ အဘွားလီတို့ကပါ ရပ်နေပေးကြပြီး စကားတစ်ခွန်းမှဝင်မပြောခဲ့ပေ။ ပြိုလဲပစ်ချင်နေတဲ့ ခန္ဓာကိုယ်ကို ရွေ့လျားဖို့လုပ်ခဲ့ချိန်တွင် စိတ်အလုံးစုံက ဗလာနတ္ထိဖြစ်နေသည်။ နောက်ဆုံးစိတ်ကို လျော့ချလိုက်ချိန်တွင် လောကကြီးတစ်ခုလုံး အမှောင်တိဖြစ်သွားတော့၏။

"သခင်ကြီး!"

မြေကြီးပေါ်လဲကျသွားပြီး ကြားလိုက်ရသည်က ဘေးဘက်က လူတွေရဲ့အော်သံပေ။

မင်ဂယူ ငါးရက်နီးပါးသတိမေ့ပြီးချိန် ပြန်နိုးလာတော့လည်း လောကကြီးကအဓိပ္ပါယ်မဲ့စွာ လည်ပတ်နေသည်။ ပြောဖို့စကားတွေတောင်ရှာမဖွေနိုင်တော့သည်ထိ ဝန်မရှိတော့ဘူးဆိုတဲ့ အသိက နှိပ်စက်လွန်းလှ၏။ အမြဲတမ်းငိုကြွေးမိနေသူရဲ့ အမည်နာမကို အိမ်ရဲ့နံ့ရံတွေတောင် သိကျွမ်းနေပြီ။ တစ်ခါတစ်ရံ နာကျင်ရလွန်းလို့ ရင်ဘတ်ထဲက နှလုံးတစ်ခုလုံးပေါက်ထွက်မတတ် ခံစားရသည်။ မျက်ရည်တွေခန်းခြောက်သွားပြန်တော့လည်း တိတ်ဆိတ်မှုက ခြောက်လန့်လာပြန်၏။ သမီးလေးမရှိတော့ကတည်းက အရှုံးပေးချင်တဲ့စိတ်ကို ကယ်တင်ပေးထားသူက ထိုအမျိုးသားရှိသည်ဆိုသော အသိပင်။ အခုသူပါမရှိတော့ရင် တစ်ဘဝလုံး အရှူးတစ်ပိုင်းဖြစ်သွားလိမ့်မည်။

ကတိမတည်တဲ့သူမှ မဟုတ်တာ၊ မောင်ချစ်ခဲ့တဲ့သူက ပြောတဲ့စကားတိုင်းလုပ်တတ်သူလေ။ ပြန်လာမယ်ပြောရင် ပြန်လာရမှာပေါ့၊ မောင်ကစောင့်နေရမယ့်သူ။ ဘယ်ချိန်ထိဖြစ်ဖြစ် မင်းသာပြန်လာမယ်ပြောရင် မောင် ကအမြဲတမ်းစောင့်နေနိုင်တယ်။

မိုးမခပင်အောက်မှာထိုင်ရင်း ရေရွတ်နေမိတဲ့စကားတွေက နှစ်နှစ်ကာကာချစ်ရပါသော အမျိုးသားတစ်ဦးကိုသာရည်ညွှန်းပါသည်။ လက်ထပ်လက်စွပ်ကိုကြည့်ပြီး စကားလုံးပေါင်းစုံကလည်း နှုတ်ဖျားကနေ တီးတိုးစွာထွက်ပေါ်နေ၏။ ဘဝရဲ့နောက်ဆုံးထွက်သက်ကိုမရှုရှိုက်မီ လက်စွပ်လေးကို ဖွဖွလေးနမ်းလိုက်ကာ လောကကြီးကိုနှုတ်ဆက်ထွက်ခွာသွားရတော့သည်။

ဘယ်ဘဝရောက်ရောက် မောင့်ဆီကိုပြန်လာခဲ့ သက်လယ်။ ဒီနေရာမှာ ဒီမောင်က ခင်ဗျားကိုစောင့်နေတယ်။

>>>>>>>>>>
>>>>>>>>>>

ဝန်နူးအခုတလော မကြာခဏအိပ်ပျော်နေတာကို သတိထားမိသည်။ သောက်ရသည့် ဆေးအရှိန်ကြောင့်လားမသိပေမဲ့ အိပ်ပျော်သွားတိုင်း ဘေးဘက်နားတွင် နွေးထွေးသောရင်ခွင်တစ်ခုရှိသည်ဟု အမြဲလိုလိုခံစားနေရ၏။

"အမေ...သားလေ၊ ခြံထဲဆင်းမလို့"

"သွားလေ သား။ လေကောင်းလေသန့်ရှူ"

အောက်ထပ်ကိုဆင်းလာကာ ခြံထဲကဒန်းမှာ ဝန်နူးထိုင်လိုက်သည်။ တစ်နေ့က တောင်ပေါ်ကပြန်ဆင်းလာချင်းချင်း သည်ဒန်းမှာထိုင်ကာ အိပ်ပျော်သွားသေး၏။ အအိပ်ဆတ်နေသော ကိုယ့်ကိုယ်ကိုယ်တကယ်အံ့သြနေရသည်။ ဘယ်တုန်းက အခုလောက်ထိအိပ်လို့လဲ။

"ဟူး....မင်....မင်းကဘယ်တော့မှ ငါ့ကိုလာခေါ်မှာလဲ၊ ဒီမှာငါပျင်းလာပြီ"

တောင်ပေါ်ကိုလှမ်းကြည့်လိုက်တော့ ပန်းချီကားတစ်ချပ်လို လှပတည်ငြိမ်နေ၏။ ထိုကဲ့သို့နေရာမှာ လူနေတာနည်းနည်းတော့ ထူးဆန်းသလိုပင်။ အကယ်၍ မင်လာမခေါ်ရင် ကိုယ့်ဘာသာတက်သွားရမလား၊ ရောက်သွားလည်းသူက ကိုယ့်ကိုဆူတာကလွဲရင် ဘာတတ်နိုင်မှာလဲ။ မမြင်ရတာ ၃ရက်လောက်ရှိတော့ သူ့ကိုမလွမ်းဘူးပြောရင် လိမ်ရာကျလိမ့်မည်လေ။

ဒန်းပေါ်မှထကာ အနောက်ဘက်ခြံတံခါးကို ဖြည်းဖြည်းချင်း တွန်းဖွင့်ပြီး တောင်ပေါ်ကိုတက်သွားဖို့ပြင်ချိန်တွင်..

"ဝန်နူး....အဲဒါဘယ်သွားမလို့လဲ!"

အမေ့အသံကြောင့် ခြေလှမ်းတွေက တန့်သွားရသည်။ အနောက်ကိုလှည့်ကြည့်မိတော့ အမေ့ကိုကြည့်ရတာ ဒေါသလည်းထွက်နေပုံပေါက်ပြီး အသံကြောင့်အနောက်မှာ ဆောလ်လေးပါရောက်လာတော့၏။

"သားက....ဟိုဘက်ကိုသွားကြည့်မလို့ပါ"

"ဘယ်ဘက်ကိုသွားမှာလဲ၊ဒီခြံတံခါးဖွင့်တာနဲ့ ဘယ်ကိုရောက်လဲဆိုတာ ငါမသိဘူးထင်နေတာလား"

အမေကတော့ မလိမ်သင့်သည့်အမျိုးသမီးပေ။ ဝန်နူးက ခြေလှမ်းတစ်လှမ်းကြိုလှမ်းရင် နှစ်လှမ်းကြိုသိနေသည့်အမေဖြစ်သူကို ဝန်နူးမလိမ်ဖို့သာ ဆုံးဖြတ်လိုက်ရသည်။ လိမ်လည်းကောင်းတာတစ်ခုမှဖြစ်လာမှမဟုတ်တာလည်းသိနေ၏။

"သား တောင်ပေါ်တက်ချင်လို့ပါ"

"ဘာ! မင်းအခြေအနေနဲ့ ဘယ်တောင်ကိုတက်မှာလဲ။ မြေပြန့်မှာတောင် လမ်းလျှောက်ရင်း ယိုင်သွားတတ်လို့ မင်းညီကကူထိန်းပေးနေရတာကို မင်းကတောင်တက်ချင်တယ်ပေါ့"

"မဟုတ်ဘူးလေ အမေ။ သားကသက်သာနေပါပြီ။ တစ်နေ့ကတောင် သားကိုယ်တိုင်တက်သွားကြည့်သေးတယ်"

အမေရဲ့ အံ့သြသွားသောမျက်နှာကိုသာမကပဲ ဆောလ်လေးရဲ့မျက်နှာကိုပါ ဝန်နူးသတိထားမိလိုက်သည်။တက်ဖူးလို့တက်ဖူးတယ်ပြောတာကို၊ ဘာလို့အံ့သြနေကြတာလဲ။

"အစ်ကို...နေဦး။ တစ်နေ့ကတက်တယ်ဆိုတာ ဘယ်နေ့ကလဲ"

"ဟမ်.....ဟိုငါတို့ ဒီရောက်ပြီး ဒုတိယရက်မှာလေ"

ဤတစ်ခါတွင် ဆောလ်လေးအံ့သြသွားပုံက အတော်ကိုထူးဆန်းသည်။ ပါးစပ်ကတောင် အနည်းငယ်ဟသွားပြီး မျက်ခုံးတွေကပါ ကျုံသွား၏။

"အစ်ကို၊ ကျွန်တော့်အထင်နည်းနည်းလွဲနေပြီထင်တယ်။ ဒီအိမ်ကိုရောက်ကတည်းက အစ်ကို ဒီခြံထဲကနေ တစ်ခါမှအပြင်မထွက်ဖူးဘူးလေ"

"ဟင်! မဖြစ်နိုင်တာ"

အခုအံ့သြရသူက ဝန်နူးကိုယ်တိုင်ဖြစ်သွားသည်။ သူကဘာလို့ ခြံထဲကမထွက်ဖူးရမှာလဲ၊ သူကိုယ်တိုင်ခြံထဲကထွက်ဖူးလို့ မင်တို့ဆီတောင်ရောက်ခဲ့ပြီးပြီလေ။

"အစ်ကို ပြောတဲ့ဒုတိယရက်တစ်မနက်လုံး အစ်ကိုက ဒန်းပေါ်မှာ အိပ်နေခဲ့တာလေ။ နေ့လယ်စာစားဖို့ ကျွန်တော်ကိုယ်တိုင် အစ်ကို့ကိုလာနှိုးခဲ့တာ၊ အစ်ကိုမမှတ်မိဘူးလား"

ကြီးကြီးမားမားလွဲနေတာကို ဝန်နူးခံစားမိနေ၏။ သူ့ကိုလိမ်နေတာလား၊ သူကိုယ်တိုင်ရောက်ခဲ့တဲ့နေရာက အိပ်မက်လို့ပြောချင်နေကြတာလား။ ဘာလဲ၊ ဘာတွေဖြစ်နေတာလဲ။

"မဟုတ်ဘူး။ မင်းငါ့ကိုလာမလိမ်နဲ့! ငါကိုယ်တိုင်တွေ့ခဲ့တာ၊ ငါိကိုယ်တိုင်ခံစားမိခဲ့တာ။ မင်းငါ့ကိုလိမ်လို့မရဘူး"

"အစ်ကို စိတ်လျော့၊ စိတ်လျော့နော်။ ကျွန်တော့်ဆီလာပါလား၊ ဖြည်းဖြည်းချင်းလျှောက်ခဲ့လေ နော်"

ဆော်လ်လေးစကားကို ဝန်နူးမကြားနိုင်တော့။ လူကိုရောဂါသည်တစ်ယောက်လို အမြဲတမ်းဆက်ဆံနေတာ တော်သင့်ပြီလေ။ လူတစ်ယောက်ရဲ့ လွတ်လပ်ခွင့်ကို အပြည့်အဝခံစားပါရစေပါဦး။ မသေခင် လူတစ်ယောက်ဖြစ်ခွင့်ပေးပါဦး!!

"အား!!!၊ လုပ်ကြပါဦး။ ကယ်ကြပါဦး! ဒီမှာ အဘိုးကြီး လူသတ်နေပြီ"

ခြံစောင့်တို့အိမ်ကနေ ထွက်လာသော အမျိုးသမီး၏ စူးစူးဝါးဝါးအသံကြောင့် ဝန်နူးတို့အကုန်အိမ်တစ်ဖက်ခြမ်းကိုပြေးရတော့သည်။ အိမ်နားရောက်လေလေ ပစ္စည်းကွဲကျသံတွေကပိုကျယ်လောင်လာလေဖြစ်ပြီး "မင်းထိရဲလား"ဆိုသော အသက်ကြီးကြီးလူတစ်ယောက်အသံကို ဝန်နူးကြားဖြစ်အောင်ကြားလိုက်၏။

"အမေ၊ ရပ်ကွက်လူကြီးတို့ကိုခေါ်ပေးပါ။ သားသွားကြည့်လိုက်မယ်"

"အေးအေး သတိထားနော်"

ဖွင့်လျက်ဖြစ်နေသော အိမ်ရှေ့တံခါးကနေ ဆောလ်လေးကအရင်ဝင်သွားကာ ဝန်နူးအနောက်ကနေ လိုက်သွားသည်။ အထဲမှာတော့ ဝန်နူးတို့ခြံစောင့်ရယ်၊ အဘိုးတစ်ယောက်ရယ်က ရန်ဖြစ်နေပုံရပြီး ခြံစောင့်ရဲ့ခေါင်းမှာသွေးအလိမ်းလိမ်းထွက်နေ၏။

"ဆွဲကြပါဦး"

အမျိုးသမီးအော်သံကြောင့် ဆောလ်လေးက ဝင်ဆွဲသည်။ ရန်ဖြစ်နေချိန်ဝင်မဆွဲတတ်ရင် ဒဏ်ရာရတတ်သည်ဆိုတာ ဆောလ်လေးမသိဘူးထင်တယ်၊ အဘိုးကြီးကလက်ထဲက တုတ်ကောက်နဲ့ ဆောလ်လေးကျောကို တဘုန်းဘုန်းရိုက်တော့သည်။

"အဘိုး! အဘိုးစိတ်လျော့ပါဦး"

နောက်ဆုံးတော့လည်း ဝန်နူးကိုယ်တိုင်ဝင်ဆွဲမှရတော့သည်။ ဒေါသကြီးနေပုံရတဲ့အဘိုးက အသက်ကြီးသော်လည်း အားမသေးပေ။ ဝန်နူးကလက်မောင်းကနေဆွဲနေတာတောင် ရိုက်နေတာမပြတ်။

"အား!"

အရှိန်ပြင်းပြင်းဖြင့် ရင်ဘက်ကိုရိုက်မိသွားသောအခါ ဝန်နူး အာမေဋိတ်သံပြုမိသည်။ ဝန်နူးအသံကြောင့် အဘိုးကဝန်နူး မျက်နှာကိုစိုက်ကြည့်မိချိန်တွင် အမှားကြီးတစ်ခုကျူးလွန်မိသလို၊ ဒေါသထွက်နေရာမှ ချက်ချင်းတိတ်သွားပြီး ဝန်နူးရှေ့မှာ ခါးကိုင်းကာ တောင်းပန်စကားဆိုတော့၏။

"သ..သခင်လေး..ဒီကျွန်အပြစ်ပြုမိပါပြီ၊ ခွင့်လွှတ်ပေးပါ။ သခင်လေး၊ ကျွန်တော်မှားသွားပါတယ်"

"ဟင်...ဘယ်လို...ဘယ်သူကသခင်လေးလဲ"

"သခင်လေးမမှတ်မိလည်းရပါတယ်၊ ကျွန်တော်က ဘယ်အချိန်မဆိုသစ္စာရှိနေမှာပါ"

ရုတ်ချည်းပြောင်းလဲသွားသော အခြေအနေကို ဝန်နူးမနည်းပင်စဥ်းစားယူရသည်။ဆောလ်လေးကလည်း တိတ်သွားသည်ကို အခွင့်ကောင်းယူကာ ခေါင်းပေါက်သွားသောခြံစောင့်တို့ဇနီးမောင်နှံကိုအပြင်ခေါ်ထုတ်သွား၏။ အဖြစ်အပျက်တွေကမြန်ဆန်လွန်းပေမဲ့ အခုဆို အခန်းထဲမှာ ဝန်နူးနဲ့ အဘိုးအိုနှစ်ယောက်သာကျန်ခဲ့တော့သည်။

"ဘာတွေပြောနေတာလဲ၊ ကျွန်တော့်ကို အကြောင်းအရင်းရေရေရာရာမပြောဘဲ ဒီလိုမလုပ်ပါနဲ့။ အဘိုးထိပါဗျာ"

"သခင်လေးက အရင်တုန်းကလို သဘောကောင်းတုန်းပဲ။ ဒီအဘိုးကြီးမသေခင်ပြန်တွေ့ရတာဝမ်းသာမိပါတယ်"

"ခင်ဗျားပြောတာ နားမလည်ဘူး"

ပါးရေတွေတွန့်နေသော မျက်နှာထက်တွင် အပြုံးတစ်ပွင့်ပေါ်လာကာ သူ့လက်ထဲမှာကိုင်ထားသော သေတ္တာသေးလေးကို ဝန်နူးလက်ထဲအတင်းကိုထည့်ပေးသည်။

"ဆန်ကုန်မြေလေးက ဒီသေတ္တာကိုလုချင်တာလေ။ အခုမှ ပိုင်ရှင်ပေးဖို့ ရည်ရွယ်ထားသူလက်ထဲ ရောက်တော့တယ်။ သခင်လေး အခုဘာတွေဖြစ်နေလဲဆိုတာ သိမှာမဟုတ်ပေမဲ့ ဒီသေတ္တာလေးကအဖြေအားလုံးပဲ"

တစ်လုံးချင်းဖြည်းညှင်းစွာပြောနေသော စကားလုံးတွေကို ဝန်နူးသေချာနားထောင်ရသည်။ အဓိပ္ပါယ်ကို နားမလည်ပေမဲ့ အနည်းဆုံးသူပြောတာကိုနားထောင်ပေးတာ

You are reading the story above: TeenFic.Net