𝐒𝐮𝐫𝐫𝐞𝐧𝐝𝐞𝐫 𝐌𝐞 𝐢𝐧 𝐀𝐮𝐠𝐮𝐬𝐭

Background color
Font
Font size
Line height
အရှုံးမရှိပေ။

"အာ...ကျွန်တော်ကဘာသိချင်ရမှာလဲ"

"သခင်ကြီး ကင်မ်မင်ဂယူ၊ သခင်မလေး ကင်မ်ဟာယွန်းတို့ အကြောင်းပေါ့"

"သူတို့ကဘယ်သူတွေလဲ"

ဝမ်းနည်းရိပ်ဖြတ်သန်းသွားသော မျက်ဝန်းတွေနှင့် ဝန်နူးအကြည့်ချင်းစုံမိသွားသည်။ လက်ဖဝါးကိုခပ်ဖွဖွပုတ်ပေးသော အဘိုးဖြစ်သူဆက်ပြောလိုက်သော စကားက ဝန်နူးရင်တစ်ခုလုံးကို ကိုင်လှုပ်ဖို့အတွက် လုံ့လောက်သွားတော့၏။

"စောင့်နေရသူလေ။ သခင်လေးကို ၇၄နှစ်ကျော်ကြာစောင့်နေရသူပေါ့"

ပြန်ပြောဖို့စကားလုံးရှာမရခင် အခန်းထဲကို လူတစ်စုဝင်လာကာ အဘိုးကိုဆွဲခေါ်သွားသည်။ ဘာမှမေးဖို့အချိန်မရှိလိုက်ခင် ဆွဲခေါ်သွားခြင်းခံရသော အဘိုးကို ဝန်နူးဘာဆက်ပြောသင့်လဲမသိတော့။

"သခင်လေး! ဖယောင်းတိုင် ၁၁ချောင်းမှာ ၂ချောင်းပဲလင်းတော့တယ်၊ ကျွန်တော့်ရဲ့ တစ်ချောင်းကမှိတ်ဖို့မကျန်တော့လို့ နောက်ဆုံးတစ်ချောင်းပိုင်ရှင်က သခင်လေးကိုယ်တိုင်ပဲ"

ဟင်...။ ဘယ်ကဖယောင်းတိုင်လဲ။

အထဲကနေပြန်ထွက်တော့ အမေ့ကိုတွေ့လိုက်ရကာ
ဝန်နူးပြုံးပြရုံသာတတ်နိုင်တော့သည်။ ကြည့်ရတာ ထိုလူတွေကရပ်ကွက်ထဲက လူကြီးတွေဖြစ်နိုင်၏။ အဘိုးကြီးကိုဆွဲခေါ်သွားတော့ အမေကအနောက်ကနေလိုက်သွားတော့သည်။ဝန်နူးလည်း သေတ္တာကိုကိုင်ကာ အိမ်ထဲပြန်ဝင်ရ၏။ အခန်းထဲထိပြေးသွားရကာ တံခါးလော့ချပြီး ကုတင်ပေါ်မှာ တင်ပါးလွဲထိုင်ချလိုက်သည်။ နှစ်အတော်ကြာပိတ်ထားပုံရတဲ့ သံသေတ္တာလေးက သံချေးကိုက်နေတာကြောင့် အားထည့်ဖွင့်ရ၏။ နောက်ဆုံးဖွင့်လို့ရသွားချိန်တွင် အထဲမှာ စာနှစ်စောင်ကိုသာအရင်ဆုံးတွေ့လိုက်ရသည်။

ခပ်နွမ်းနွမ်းရောင်ပေါ်နေသော ပထမဆုံးစာအိတ်ကိုဖောက်လိုက်ချိန်တွင် စာထဲ၌ အစချီထားသော စာလုံး ဝန်နူးနှလုံးသားကို လှိုင်ဖိုစေပြန်သည်။မှင်နက်တွေဖြင့်ရေးထားသော စာကြောင်းတွေဟာ အနည်းငယ်ပျက်ယွင်းနေသော်လည်း ဖတ်လို့တော့ အဆင်ပြေနေသေး၏။

"သို့/
ချစ်ရပါသော မောင့်သက်လယ်

မင်းမရှိတော့ဘူးဆိုတဲ့အတွေးက မောင့်ကိုနေ့တိုင်းနှိပ်စက်လွန်းတယ်။ အသက်ရှုချိန်တိုင်း မင်းရဲ့အပြုံးမျက်နှာကိုပဲ မြင်မိပြန်တော့ ကိုယ်တိုင်အသက်ရှင်ရတာ အပြစ်တစ်ခုလိုပဲ။မင်းမရှိရင်မနေနိုင်လောက်သည်ထိ မင်းကိုမြတ်နိုးလွန်းမိခဲ့တာ၊ အခုတော့ မောင့်စိတ်တွေအကုန် ခြောက်ခြားကုန်ပြီ။ သက်လယ်၊ မောင့်တို့သမီးလေးကလေ သူ့နောက်ဆုံးထွက်သက်ကို မောင့်လက်မောင်းပေါ်မှာ အဆုံးသတ်ခဲ့တာ။ ဒါပေမဲ့ မောင်အရူးလုံးလုံးဖြစ်ခဲ့ရတာကို သက်လယ်ကိုမမြင်စေချင်ခဲ့ဘူး။ ပြီးတော့လေ သမီးလေးက မောင့်ကိုဖေဖေလို့ခေါ်တယ်။ ဘဝမှာ အကြားချင်ခဲ့ဆုံးစကားလုံးက သမီးလေးရဲ့နောက်ဆုံးစကားဖြစ်နေခဲ့မယ်လို့ မထင်ထားမိဘူး။ ဘယ်လိုပဲတွေးတွေး မောင်ကတော့ မင်းကိုမျှော်နေဦးမှာ၊ ဘယ်လိုနေရာပဲရောက်ရောက်၊ ဘယ်လောက်ပဲကြာကြာ မောင့်သက်လယ်က ကတိစကားတည်စွာ မောင့်ဆီပြန်လာခဲ့ပေးပါ။ မင်းကိုစောင့်မျှော်နေပါတယ်။

မှ/
ချစ်လှစွာသော သက်လယ်ရဲ့မောင်"

စာကြောင်းတွေကနေ ရေတိမ်မှာနစ်ခံရသောလူတစ်ယောက်ရေးထားသလို ခံစားချက်မျိုးရသည်။ ဘယ်လိုလူကများ လူတစ်ယောက်ကို သည်လောက်ထိချစ်နိုင်လို့လဲ။ စာကိုဖတ်ပြီးချင်းရတဲ့ မွန်းကြပ်နေသော ခံစားချက်ကို ဝန်နူး သဘောမကျ။ ဝမ်းနည်းနေရသလို စိတ်ခံစားချက်ကြီးက စိတ်အစဥ်တစ်ခုလုံးကို အသက်ရှုကြပ်စေသည်။ စာအိတ်ထဲကိုပြန်ထည့်လိုက်ပြီး နောက်တစ်ခုကိုဖောက်ကြည့်တော့ အထဲကနေ အဖြူအမည်းဓါတ်ပုံတစ်ပုံက ခေါက်လျက်သားပင်။

"ဟင်...ဒါ..ဒါမင်မဟုတ်ဘူးလား"

ခေါက်ရိုးတစ်ဖက်ရှိဓါတ်ပုံထဲတွင် ဝန်နူးသိသော မင်က အလှဆုံးပြုံးကာ အရှေ့တည့်တည့်ကိုကြည့်နေသည်။ တစ်ခဏတာသာတွေ့ခဲ့ရသည့်သူဖြစ်နေပေမဲ့ ဝန်နူးလုံးဝ အမြင်မမှားပေ။ အခုဓါတ်ပုံထဲကလူသည် ဂျော်န်ဝန်နူးသိခဲ့တဲ့ တောင်ပေါ်အိမ်ကအိမ်ကြီးရှင် မင်ဖြစ်သည်လေ။

"မင်က ဘယ်..ဘယ်လို...လုပ်ပြီး...ဒီမှာ..ရှိ..ရှိနေရတာလဲ"

တစ်ဖက် ခေါက်ရိုးကိုလှန်ကြည့်ရန် အတွက်လက်တွေက တုန်ရီနေသည်။ နောက်ဆုံးမင့်လက်မောင်းကိုချိတ်ထားသူက ဘယ်သူလဲဖြစ်မလဲဆိုတာ သိချင်နေတဲ့စိတ်ကအနိုင်ရသွားတာကြောင့် လှန်ကြည့်မိချိန်တွင် စကားလုံးအားလုံးက လည်ချောင်းထဲတွင် တစ်ဆို့ကုန်တော့သည်။

ဘယ်ဘက်မှာရပ်နေတဲ့မင်က အနောက်တိုင်းဝတ်စုံဖြင့် သေသေသပ်သပ်ရှိနေချိန်၌ သူ၏ဘေးတွင်အမျိုးသားတစ်ယောက်က လက်ချင်းချိတ်ကာ ပခုံးချင်းယှဥ်ရပ်နေသည်။ ထူးဆန်းသည်က ထိုလက်ချင်းချိတ်ထားသော အမျိုးသား၏ မျက်နှာသည် ဝန်နူးမျက်နှာနှင့်အလွန်တူနေတာပင်။ မယုံကြည်နိုင်မှုများစွာက စိတ်ထဲအလျှိုလျှိုပေါ်လာသလို၊ မေးခွန်းပေါင်းများစွာကလည်း တစ်ခေါင်းလုံးအပြည့်ထွက်ပေါ်လာတော့သည်။ ဓါတ်ပုံ၏ အောက်ခြေတွင် ရေးထားသော "ငါတို့ရဲ့၁၉၄၈" ဆိုသော စာလုံးက ဝန်နူးကို တစ်ဖန်လန့်သွားစေ၏။

"ဘာတွေလဲ၊ ဘာတွေဖြစ်နေတာလဲ"

တစ်ချိန်လုံးထူးဆန်းတယ်ထင်နေမိတဲ့အကြောင်းက ဒါလား။ မင်ရဲ့ဆိုင်သူဆိုတာ ငါဖြစ်နေတာလား။ မဟုတ်ပါဘူး။ ၁၉၄၈ဆိုရင်ပဲ ကြာနေပြီကို၊ ဘယ်လိုလုပ်ပြီး ဒါကငါဖြစ်မှာလဲ။

"မသိတော့ဘူး၊ ငါဘာဖြစ်နေတာလဲ။ ငါ..ငါတကယ်ရူးသွားပြီလား။ မဟုတ်သေးပါဘူး၊ ငါ..ငါ"

စဥ်းစားစမ်းပါ ဂျော်န်ဝန်နူး။ အဖြေဆိုတာရှိရမယ်လေ။

ဖယောင်းတိုင် ၁၁ချောင်း!

အဘိုးကြီးပြောသွားတဲ့ ဖယောင်းတိုင် ၁၁ချောင်း။ အဲဒါကဘာလဲ၊ ဒါကိုတစ်နေရာရာမှ မြင်ဖူးသလိုပဲ။

ခြေတစ်ဖက်ကလည်း စိတ်လှုပ်ရှားမှုကြောင့်လှုပ်နေမိသလို၊ လက်ချောင်းတွေကလည်း စားပွဲကို တတောက်တောက်ရိုက်နေမိသည်။

မင့်အိမ်ထမင်းစားပွဲက ဖယောင်းတိုင်၁၁ချောင်း!

ဝန်နူးတွေ့ခဲ့တာသေချာရင် ထိုဖယောင်းတိုင်၁၁ချောင်းထဲမှာ ၂ချောင်းကသာထွန်းထားပြီး ကျန်သည့်၉ချောင်းက မလင်းတော့ပေ။ အဘိုးကြီးစကားအရဆို သူကတစ်ချောင်းဖြစ်ပြီး ငြိမ်းတော့မယ်ဟုတောင်ပြောသွားသေးသည်လေ။ ငြိမ်းတော့မယ်ဆိုတာ ဘာကိုပြောချင်တာလဲ။ သူသေတော့မှာကိုဆိုလိုချင်တာလား။

ပြန်စဥ်းစားကြည့်ရင် ကျန်တဲ့ဖယောင်းတိုင် ၉ချောင်းကလူတစ်ယောက်ဆီကို ကိုယ်စားပြုလောက်သည်။ ဝန်နူးမှတ်မိသလောက်ဆို ထိုအိမ်မှာ မင်ရယ်၊ အဘွားလီတို့မြေးအဘွားနှစ်ယောက်ရယ်၊ ဟေဆောဆိုတဲ့ ညီအစ်မနှစ်ယောက်ရယ်၊ ညီအစ်ကိုသုံးယောက်ရယ် ရှိသည်။ ဒါပေမဲ့ တစ်ယောက်လိုနေသေးတယ်၊ ဘယ်သူလဲ၊ ငါမတွေ့မိခဲ့တဲ့ တစ်ယောက်ရှိသေးတာလား။

သမီးလေး!

မင့်ရဲ့သမီးလေးရှိသေးတာပဲ။ ဒါဆိုအားလုံးပေါင်း ၉ယောက်ရှိသွားပြီ။ ဖယောင်းတိုင်၁၁ချောင်းမှာ ၉ချောင်းငြိမ်းနေတယ်ဆိုတာ သူတို့အကုန်လုံးက ဝိညာဉ်တွေဖြစ်နေတာကို ပြောချင်တာဖြစ်ပြီး လင်းနေသေးတယ်ဆိုတာ သက်ရှိနှစ်ယောက်ကိုပြောတာဖြစ်နိုင်သည်။

ဒါဆို...မင်ကဝိညာဉ်ပေါ့၊ သူပြောတဲ့အချိန်မတန်သေးတဲ့ ခြံစောင့်ဆိုတာ အဘိုးကြီးကိုပြောတာဖြစ်နိုင်၏။ နောက်ဆုံးတစ်ချောင်းက ကိုယ်တိုင်ဖြစ်တယ်ဆိုတဲ့ သဘောကကိုယ်လည်းထိုအိမ်နဲ့သက်ဆိုင်တဲ့သူဖြစ်နေတယ်ဆိုတဲ့သဘောမျိုးပေ။

မင်....မင်း စောင့်မျှော်နေရသူက ငါလား၊ မင်း၇၄နှစ်လုံးစောင့်နေရတဲ့သူက ငါလား။

အဲဒါကြောင့် ငါ့ကိုမင်းလာခေါ်တဲ့ထိ စောင့်ခိုင်းတာလား။

ဝန်နူးမျက်ရည်တွေက အတိတ်ဘဝကိုယူကြုံးမရသော သက်သေတွေပင်။နှုတ်ဖျားမှ "တောင်းပန်ပါတယ်"ဆိုသော စကားကိုသာ အထပ်ထပ်ရွတ်ဆိုမိနေသော မိမိအဖြစ်ကို ဘုရားသခင်တောင်မကယ်နိုင်တော့မှန်း ဝန်နူးသိသည်။ မသေချာသည့်ကိစ္စကိုငိုနေရတာမဟုတ်ဘဲ နှလုံးသားကနေ နက်နက်ရှိုင်းရှိုင်းခံစားမိနေသော နောင်တတရားကို ငိုကြွေးနေတာဖြစ်၏။ ပြောမထွက်နိုင်တော့တဲ့စကားတွေ၊ ရုန်းမထွက်နိုင်တော့တဲ့ အတိတ်တွေထဲကနေ ကျွန်ုပ်အား မည်သူမှမကယ်တင်စေချင်။
ဤသည်ဟာ ကိုယ်ပြုကိုယ်ခံရသည့် အချစ်ရဲ့ဝဋ်ကြွေးတစ်ခုသာဖြစ်လိမ့်မည်။

ဘာမှမဖြစ်ပါဘူး မောင်။ နှစ်ဘဝစာမင်းကိုချစ်မိသွားတဲ့ ငါက နှစ်ဘဝလုံးစာ အချစ်တွေကို မင်းထံမှာပဲ ရက်ရက်ရောရော ပုံအပ်ပါ့မယ်။

>>>>>>>>>>>
>>>>>>>>>>>

ဤအိမ်မှာနေရသည်က နှစ်နှစ်ပြည့်ခါနီးဖြစ်ကာ သြဂုတ်လကိုတစ်ဖန်ပြန်ရောက်လာချိန်တွင် ပြတင်းပေါက်ဘေးကအိပ်ယာထက်၌ ဝန်နူးလှဲလှောင်းလျက်ရှိသည်။ ဆရာဝန်ကိုယ်တိုင် လက်လျော့လိုက်ဖို့ပြောထားတဲ့ လူနာရဲ့ ဝေဒနာကို မိသားစုတွေတောင် မျှဝေမခံစားနိုင်တော့ပေ။
ဝန်နူးရဲ့စိတ်အခြေအနေက နဂိုရှိရင်း ရောဂါကိုပိုဆိုးရွားသွားစေသည်။ နလန်ပြန်ထူဖို့ ရောင်ခြည်မြင်ရခါနီးတွင် ပိုဆုတ်ယုတ်သွားသော ရောဂါက ဘာကြောင့်လဲဆိုတာ ဆရာဝန်တွေတောင် အဖြေရှာမရခဲ့။

"သားလေး၊ ခဏနေ ဒေါက်တာလာမှာသိလား။ သားကိုသောက်ဆေးရယ်၊ လိမ်းဆေးရယ်ပေးပြီး သားအခြေအနေကိုပြောပြမှာတဲ့လေ။ အရင်တစ်ခေါက်ပြောတာ သားကလေ ပိုကောင်းလာတယ်တဲ့"

အနားကိုရောက်လာတော့ သားဖြစ်သူကပြုံးတော့ ပြုံးပြရှာသည်။ "ကျွန်တော်အေးတယ် အမေ" ဟုပြောတော့ အခန်းတွင်းက temperature ကိုတိုးပေးရ၏။ ပြတင်းပေါက်ကိုတော့ အပိတ်မခံ၊ လေတိုက်ရင်လွှင့်နေတဲ့ လိုက်ကာအဖြူလေးတွေကို သားသဘောကျတယ် လို့ပြောကတည်းက တစ်နေ့ကို အချိန်အကန့်အသတ်ဖြင့် ပြတင်းပေါက်ဖွင့်ထားပေးရသည်။

"Morning ပါဗျ"

"အော် ဒေါက်တာတောင်လာပြီ၊ လာလေဆရာ။ ဝင်ပါရှင့်"

ဒေါက်တာ ဆန်းစစ်မှုတွေကိုလုပ်ပြီး ဝန်နူးနဲ့စကားနည်းနည်းပြောပေးသည်။ ကိုယ်တိုင်က လူနာစိတ်ပေါ့ပါးသွားအောင် နယ်ဘက်ကိုသွားခိုင်းပေမဲ့ လူနာ့အခြေအနေက နေရာပြောင်းသွားမှ ပိုဆိုးလာ၏။ စိတ်ပိုင်းဆိုင်ရာအခြေအနေကြောင့်ဖြစ်နိုင်ချေများစွာရှိပေမဲ့ လူနာကိုယ်တိုင်ကိုက နဂိုကတည်းက လက်လျော့ဖို့သာစဥ်းစားထားသူမဟုတ်ပေလား။

အခန်းထဲကနေ သားနှင့်စကားပြောပြီး ပြန်ထွက်လာတဲ့ ဒေါက်တာကို အရှေ့မှဆီးကြိုကာ အခြေအနေကိုမေးရသည်။ ဆရာ့မျက်နှာက အတော်လေးအားနာနေတဲ့ပုံပေါက်ကာ စကားပြောထွက်ဖို့ကိုတောင် ခက်ခဲနေပုံ။

"ဒေါက်တာလေးရယ်၊ အားမနာပါနဲ့။ ကျွန်မတို့ကိုပြောစရာရှိတာသာပြောပါ"

"ကျွန်တော့်အထင် အများဆုံးတစ်လပဲ၊ လူနာ့ရဲ့ ဒေါက်တာတစ်ယောက်အနေနဲ့ ပြောရတာအားနာပေမဲ့ ဒီတိုင်းအိပ်နေရင်းပဲ...."

"ကျွန်..ကျွန်မတို့နားလည်ပါပြီ"

လက်ခံဖို့အခက်ဆုံးအမှန်တရားက ရင်ဝကို ခြေနှစ်စုံဖြင့်ဆောင့်ကန်လိုက်သလိုပင်။ ဒီနှစ်တွေထဲမှာ သားဖြစ်သူက အကြာကြီးတောင့်ခံနိုင်ခဲ့တာပဲလေ။ အမေ့သားက သိပ်တော်ခဲ့သည်။

ရက်သတ္တပတ်၂ခုကျော်လွန်ချိန်တွင် ဝန်နူးထူးထူးခြားခြားအရာတစ်ခုကို လေထုထဲတွင်ခံစားမိခဲ့သည်။ မှေးစင်းနေသောမျက်လုံးတို့ကိုဖွင့်လိုက်ချိန်တွင် ပြတင်းပေါက်အပြင်ဘက်တွင် ကောင်မလေးတစ်ယောက် ရပ်နေ၏။ မြင်ဖူးသလိုရှိတဲ့ ကောင်မလေးက ထွက်ပြေးသွားချိန်တွင် ဝန်နူးလည်း မျက်လုံးပြန်မှိတ်လိုက်သည်။

"ဝန်..."

"ဝန်ရေ...."

"မောင် မင်းကိုလာခေါ်ပြီလေ။ မောင်တို့သွားရအောင်"

တစ်ခါကြားရုံဖြင့်တစ်သက်လုံးမှတ်မိနေမယ့် အသံပိုင်ရှင်ကြောင့် ဝန်နူးနောက်တစ်ဖန် မျက်လုံးဖွင့်ကြည့်လိုက်သည်။ စတွေ့တုန်းကလို ရှပ်အဖြူကို နက်ပြာရောင်ဘောင်းဘီဖြင့် တွဲဝတ်ထားသူ အမျိုးသားက ဝန်နူးကို သူ့လက်တစ်ဖက်ကမ်းပေးနေ၏။ နဖူးပေါ်ဝဲကျနေသော ဆံသားကောက်ကောက်လေးတွေက
နှုတ်ခမ်းပါး၏အပြုံးချိုလေးဖြင့် လိုက်ဖက်လွန်းသည်။

"အင်းပါမောင်။ ငါတို့သွားကြရအောင်"

ထိုအမျိုးသားလက်ကိုဆွဲယူလိုက်ချိန်တွင် ဝန်နူးခံစားနေရသော နောင်တတရားကြီးက အောက်ကိုလွတ်ကျသွားသလိုပင်။ ပေါ့ပါးသော ခန္ဓာကိုယ်ကလေပေါ်မှာ ပျံတက်နေရသော ငှက်လေးတစ်ကောင်လို လွတ်လပ်သည်။ ဝန်နူးပြန်သတိကပ်မိချိန်တွင် မြက်ခင်းပြင်ပေါ်က မိုးမခပင်နားမှာ မတ်တပ်ရပ်လျက်သားပင်။

ရင်းနှီးနေသော ကျောပြင်နှင့်လူတစ်ယောက်က မိုးမခပင်အောက်မှာ လှည့်လည်ကာ တစ်စုံတစ်ယောက်ကိုရှာဖွနေပုံ။ "မောင်"ဟု သံရှည်ဆွဲကာ ပြေးသွားတော့ အပြုံးတန်းတစ်ခုပေါ်လာသူက ရင်ခွင်ကျယ်ကို ဖွင့်ဟပေးထား၏။ အပြေးသွားကာဖက်လိုက်ရချိန်တွင် ထိုသူကလည်း လွတ်ထွက်သွားမည့်အလား ခါးကိုတင်းကြပ်စွာဖက်ထားလေသည်။

"ပြန်လာပြီပေါ့၊ နောက်ဆုံးတော့ မောင့်ရဲ့သက်လယ်လေး ပြန်လာပြီပေါ့"

"တောင်းပန်ပါတယ်၊ အရမ်းကြာသွားလို့တောင်းပန်ပါတယ်"

ဆံသားလေးတွေကိုခပ်ဖွဖွလေး သပ်ပေးနေတဲ့မောင်က မျက်ရည်စီးတန်းတွေ အပြည့်ဖြစ်နေသည်။ မောင့်နဖူးကို အနမ်းတစ်ပွင့်ခြွေတော့ မောင်ကခပ်ဟဟလေးရယ်ကာတင်းကြပ်နေအောင်ထပ်ဖက်ထား၏။

သြဂုတ်ရဲ့လေညင်းတွေ တဖြူးဖြူးတိုက်နေသော နေ့တစ်ရက်တွင် မိုးမခပင်အောက်၌ လှပသော အချစ်ဇာတ်လမ်းလေးတစ်ပုဒ် တစ်ဖန်အစပျိုးခဲ့လေပြီ။

The End


You are reading the story above: TeenFic.Net