အခန်း၂။အဆုံးမရှိသော ဉာဏ်အလင်း

Background color
Font
Font size
Line height

အခန်း၂။အဆုံးမရှိသော ဉာဏ်အလင်း

“နတ်ဘုရားဉာဏ်အလင်းရခြင်းစနစ်လား”

ကျောက်ယွမ်က တွေးလိုက်၏။ သူသည် အသိစိတ်ပြန်ဝင်လာပြီး မျက်လုံးမှာ အနည်းငယ်ကျဉ်းမြောင်းသွားသည်။

တကယ်ကြီး စနစ်ရှိနေတာပဲ။ ကူးပြောင်းလာသည်မှာ ကြာပြီးနောက် သူ့၌ ဤကဲ့သို့ အထူးစနစ်တစ်ခု ရှိလိမ့်မည်ဟု မတွေးမိခဲ့ပေ။

နောက်ဆုံးမှာတော့ သူယခင်က ဖတ်ခဲ့ဖူးသမျှ ဝတ္ထုတွေထဲရှိ အဓိကဇာတ်ကောင်တိုင်းသည် ကူးပြောင်းပြီးသည်နှင့် အထူးစနစ်များရကြလေသည်။

*ဘယ်လိုလုပ်ပြီး အဓိကဇာတ်ကောင်ဖြစ်ရမဲ့သူက ကူးပြောင်းပြီးတစ်နှစ်ကျော်ကြာပြီးမှ စနစ်ကိုရတာလဲ။*

လွန်ခဲ့သည့် တစ်နှစ်အတွင်းက အတွေ့အကြုံများကို ပြန်တွေးလိုက်မိပြီး ကျောက်ယွမ်၏ နှလုံးသာလေးမှာ နာကျင်သွားရလေသည်။ သူသည် လူတိုင်းထက်ပိုပြီး ကြိုးစားခဲ့ပေမယ့်လည်း ဘာမှပြန်မရခဲ့ချေ။ ယခုမူ သူအရှုံးပေးချင်စိတ်ပေါက်ကာမှ စနစ်ကရောက်လာခဲ့သည်။ ဘယ်လိုဟာသကြီးလဲ..။သူသည် ညီးတွားလိုက်မိ၏။

“ နာမည်အရတော့ အတော်အစွမ်းထက်မဲ့ပုံပဲ”

သူအတွေးလွန်နေတုန်းမှာပင် စနစ်၏ အသံမှာ ထပ်မံထွက်ပေါ်လာလေသည်။ အေးစက်စက် စက်ရုပ်သံကနေ ချစ်စရာကောင်မလေးတစ်ယောက်၏ အသံကိုပြောင်းသွားလေသည်။

“သခင် ဒီစနစ်က စွမ်းထက်မဲ့ပုံပေါက်ရုံတင်မဟုတ်ဘူး။ ဒီစနစ်က တိုးတက်လာနိုင်တဲ့အပြင် ကမ္ဘာကြီးထဲမှာ အစွမ်းထက်ဆုံးစနစ်ပဲ။”

မိန်းကလေးအသံကိုကြားလိုက်ရပြီးနောက် ကျောက်ယွမ်၏ စိတ်အခြေအနေမှာ အတော်ကောင်းသွားလေသည်။

သူ့နှုတ်ခမ်းများမှာ အနည်းငယ် တွန့်ကွေးသွားလေသည်။ ထို့နောက် ပြောလိုက်၏။

“အဲ့တော့ မင်းကိုယ့်ကိုကိုယ် မိတ်ဆက်ပေးလို့ရပြီလား”

“ဟုတ်ကဲ့ပါ သခင်။ ဒါကတော့ နတ်ဘုရားဉာဏ်အလင်း ခြင်းစနစ်ပဲ ဖြစ်ပါတယ်။ သူ့လုပ်ဆောင်ချက်တွေကတော့ ရိုးရှင်းပါတယ်။ ဒါက သခင့်ကို ဘယ်အချိန် ဘယ်နေရာမှာပဲဖြစ်ဖြစ် ဉာဏ်အလင်းရအောင် လုပ်ဆောင်ပေးနိုင်ပါတယ်”

ချစ်စရာအသံလေးက ဆက်လက်၍ “ သခင်ဘာပဲလုပ်နေပါစေ အတွေးတစ်ချက်နဲ့ သခင်အလိုရှိသလို ဉာဏ်အလင်းပွင့်တဲ့ အခြေအနေကို‌ရောက်နိုင်ပါတယ်။”

စနစ်၏မိတ်ဆက်မှုကို နားထောင်ပြီးနောက် ကျောက်ယွမ်သည် အသက်ရှုတောင် ရပ်တန့်သွားမိလေသည်။ မယုံကြည်နိုင်စွာ ကြည့်လိုက်မိ၏။

သူသည် စိတ်ဝိညာဉ်တောင်ကြားတွင် ကျင့်ကြံလာသည်မှာ ကြာပြီဖြစ်လေရာ  ဉာဏ်အလင်းရခြင်း၏ ထူဆန်းမှုအကြောင်းကို သိပြီးသားဖြစ်လေသည်။

ဉာဏ်အလင်းရခြင်းဆိုသည်မှာ ရုတ်တရက် အရည်အချင်းတစ်ခုကို နားလည်သဘောပေါက်ခြင်းဖြစ်လေသည်။ ဤသို့ဉာဏ်အလင်းရခြင်းသည်ကလည်း အစွမ်းထက်သည့် သူတွေမှာသာ ဖြစ်ပေါ်လေ့ရှိကြသည်။

ဥာဏ်အလင်းရသည့် အခိုက်အတန့်ဆိုသည်မှာ တစ်ယောက်ယောက်က တစ်မျိုးမျိုးသော အစွမ်းတစ်ခုခုကို ကျွမ်းကျင်သွားခြင်းဟု ဆိုလိုလေသည်။ သူတို့၏ ခွန်အားတို့မှာလည်း လွန်စွာမြင့်တက်သွားမည် ဖြစ်ပေသည်။ သူ့လိုမျိုး နိမ့်ကျသည့် သူတစ်ယောက်အတွက်မူ အိပ်မက်ထဲပင် ထည့်မမက်နိုင်ချေ။

ဉာဏ်အလင်းရခြင်းဆိုသည်မှာ တစ်ခါတစ်ရံမှသာ ကြုံရသောအရာဖြစ်လေသည်။ လူအများစုအတွက်မူ သူတို့တစ်ဘဝလုံးတွင်ပင် ထိုကဲ့သို့ မကြုံကြရနိုင်ချေ။

ဉာဏ်အလင်းရခြင်းသညာ လူတစ်ယောက်၏ ခွန်အားကို အဆမတန်တိုးတက်စေနိုင်သည်။

အကယ်၍ ကျောက်ယွမ်သာ ဉာဏ်အလင်းရခြင်း အခြေအနေကို ကြိုက်တဲ့အချိန်တိုင်း ဝင်‌ရောက်နိုင်ပါက သူကြိုက်တဲ့အချိန်တိုင်း ပိုသန်မာလာနိုင်မည်ဟု ဆိုလိုခြင်းမဟုတ်ပေလော။* ဒါကြီးက မယုံချင်စရာကောင်းလိုက်တာ*

သူသည် တွေးမိလိုက်ပြီး စိတ်ကိုငြိမ်အောင်လုပ်လိုက်ကာ ပြောလိုက်သည်။


“ငါစနစ်ကို လက်ခံတယ်”

မိန်းကလေးအသံ ထွက်ပေါ်လာလေသည်။

“ ကောင်းပါပြီ နတ်ဘုရားဉာဏ်အလင်းရခြင်းစနစ်နဲ့ စတင်ပေါင်းစည်းနေပါပြီ။”

စနစ်ပြောနေခြင်း ပြီးဆုံးသည့်နောက်မှာပင် ကျောက်ယွမ်သည် သူ့တစ်ကိုယ်လုံးနှင့်စိတ်မှာ ငြိမ်အေးပြီး လန်းဆန်းသွားစေသည့် ခံစားမှုတစ်ခုကို ခံစားလိုက်ရလေသည်။ ထိုအခြေအနေထဲ၌  မွှေ့လျော်နိုင်ဖို့အတွက် မျက်လုံးများကိုမှိတ်လိုက်လေသည်။ ထူးဆန်းသည့် အသံတစ်ခုက သူ့အား သက်တောင့်သက်သာဖြစ်သွားစေ၏။

ဆယ်မိနစ်ကြာပြီးနောက် သူခံစားနေရသည့် သာယာမှုမှာ ပျောက်ကွယ်သွားလေသည်။

“ပြီးပြီလား ဒါပဲပေါ့..”

ကျောက်ယွမ်က မျက်လုံးဖွင့်ပြီး ဟိုဟိုဒီဒီကြည့်လိုက်သော်လည်း ဘာမှထူးခြားလာသည်ကိုမတွေ့ချေ။

စနစ်၏ ချစ်စဖွယ်အသံလေးက တစ်ဖန်ထွက်ပေါ်လာလေသည်။

“ဟုတ်ပါတယ် သခင်။ နတ်ဘုရားဉာဏ်အလင်းရခြင်းစနစ်က သင်နဲ့ပေါင်းစည်းပြီးသွားပါပြီ။ အခုကစပြီး ဉာဏ်အလင်းရခြင်းအခြေအနေကို အတွေးတစ်ခုတည်းနဲ့ ဝင်ရောက်နိုင်ပါပြီ။”

“ဘာမှလည်းထူးခြားတာ မခံစားရဘူး”

ကျောက်ယွမ်က စိတ်ဝိညာဉ်ချီများကို လှည့်ပတ်ဖို့ ကြိုးစားကြည့်ပေမယ့် သူ၏မရီးဒျန်များမှာ ပိတ်ဆို့နေတုန်းပင်ဖြစ်သည်။ ဘာမှပြောင်းလဲမသွားချေ။

စနစ်က အကြံပေးလိုက်လေသည်။

“သခင် ကျင့်ကြံခြင်းနည်းတစ်ခုခုကို စမ်းကြည့်ပါလား”

ကျောက်ယွမ်သည် တုန့်ဆိုင်းခြင်းမရှိဘဲ ကျင့်ကြံလိုက်သည်။ သူသည် ချက်ချင်းပင် ခြေထောက်ချိတ်ထိုင်ပြီး စိတ်ဝိညာဉ်ချီမန္တာန်ကို ကျင့်ကြံလိုက်လေသည်။ ဤသည်မှာ အပြင်စည်းတပည့်တိုင်း ကျင့်ကြံရသည့် အခြေခံကျင့်စဉ် ဖြစ်လေသည်။ စိတ်ဝိညာဉ်ချီများကို စုပ်ယူပြီး ကျင့်ကြံခြင့်းဆင့်တိုးအောင်လုပ်ရာ၌ သုံးလေသည်။

သူ့ဘေးနားတွင်ရှိသော စိတ်ဝိညာဉ်ချီများမှာ နည်းသည်ဆိုသော်ငြားလည်း ဘာမှမရှိဘူးဟု ဆိုရလောက်အောင်တော့ နည်းနေခြင်းမဟုတ်ပေ။ ကျင့်စဉ်ကို အားကိုးပြီး သူ့ဘေးနားတွင် ရှိနေသော စိတ်ဝိညာဉ်ချီအချို့ကို စုပ်ယူ၍ ရနေသေးသည်။

အပြင်စည်းတပည့်တော်တော်များများသည် ယခုကျင့်စဉ်ကို အားကိုးပြီး ချီကျင့်ကြံခြင်း တတိယ သို့မဟုတ် လေးခုမြောက်အဆင့်ထိရောက်အောင် ကျင့်ကြံကြလေသည်။

ထိုင်ပြီးသည်နှင့် ကျောက်ယွမ်သည် မျက်လုံးကိုမှိတ်ပြီး စတင်ကျင့်ကြံလိုက်လေသည်။ သူစတင်လိုက်သည်နှင့် သူ ပထမဆုံးကျင့်ကြံတုန်းက အမှားများအားလုံး စိတ်ထဲ၌ ပေါ်လာလေသည်။

ထို့နောက် သူသည် မှန်ကန်သည်နြည်းလမ်းဆီသို့ ဉာဏ်အလင်းရသွားလေသည်။

သူ့စိတ်ထဲပေါ်လာသည့်နည်းလမ်းနှင့် စတင်ကျင့်ကြံ‌တော့သည်။

သူသည် တိုးတိုးလေးရေရွတ်လိုက်၏။

“အစမှာ နည်းနည်းအချိန်လျှော့ပြီး တဖြည်းဖြည်းနဲ့ မှန်မှန်လုပ်ရမယ်”

သူသည် သူ့ကျင့်စဉ်ကို စတင်လိုက်သည်နှင့်တပြိုင်နက် သူ့အနားက စိတ်ဝိညာဉ်ချီများ လှည့်ပတ်လာနေသည်ကို ခံစားလိုက်ရသည်။

သူ့ခန္ဓာကိုယ်ကနေလည်း အလင်းရောင် မှိန်မှိန်လေး ထုတ်လွှတ်နေလေသည်။

သူ့စိတ်ထဲက နည်းလမ်းအတိုင်းလိုက်လုပ်ရင်း သူတွေးလိုက်မိသည်။

“ ငါ ငါ့အရှိန်ကိုရှော့ပြီး အပြောင်းအလဲနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ရမယ်”

ဉာဏ်အလင်းရခြင်းကြောင့် သူသည် ကျင့်ကြံခြင်းနည်းစနစ်၏ စည်းချက်ကိုလိုက်ပြီး ကျင့်ကြံရမည်ဆိုသည်ကို တွေ့လိုက်ရ၏။ ကျင့်ကြံခြင်းအတွက် စည်းချက်ဆိုတာ ရှိတယ်ပေါ့။ ဤသည်ကို သူတစ်ခါမှ မတွေးဖူးချေ။

သို့သော်လည်း ဤအရှိန်ဖြင့် ကျင့်ကြံရသည်မှာ လွယ်လွန်းနေသည်။ မသိလိုက်မသိဘာသာနှင့် ကျောက်ယွမ်သည် နည်းစနစ်၏ စည်းချက်ထဲ၌ အာရုံ‌ရောက်နေလေတော့သည်။ သူသည် ရပ်တောင်မရပ်ချင်တော့ပေ။ အတိတ်မှာတုန်းက ကျင့်ကြံခြင်းဆိုသည်မှာ နှိပ်စက်မှုတစ်ခုလိုပင်။ ယခုတော့ ပျော်ရွှင်နေမိလေသည်။

ဤသည်ကိုကြည့်ခြင်းအားဖြင့် ကျင့်ကြံခြင်းနည်းစနစ်၏ စည်းချက်တွေအတိုင်းကျင့်ကြံဖို့က အရေးကြီးသည်ဆိုတာကို မြင်နိုင်ပေသည်။ သူသညာ သူ့ကိုယ်သူသတိ‌ပေးလိုက်၏။

"ငါနည်းနည်းအရှိန်လျှော့မှရမယ် "

ဘန်း....

ခဏကြာပြီးနောက် မသဲမကွဲ အသံတစ်ခုသည် ကျောက်ယွမ်၏ ခန္ဓာကိုယ်ထဲမှထွက်ပေါ်လာလေသည်။

ထို့နောက်မှာတော့ သံတုံးများဖြင့် ပိတ်ဆို့ထားသလို ဖြစ်နေသည့် သူ၏မရီးဒျန်များမှာ အနည်းငယ် ပြေလျော့သွားလေသည်။ သို့သော်လည်း သူကမူသတိမထားမိလိုက်ပေ။

ကျောက်ယွမ်၏အသိစိတ်သည် ယခုတွင် ဖော်ပြမရနိုင်သော အခြေအနေတစ်ခုသို့ရောက်ရှိနေလေသည်။ သူသည် အံအားသင့်စရာကောင်းသည့် ကျင့်ကြံခြင်းအခြေအနေ၌ ပျော်မွှေ့နေလေသည်။ သူ့ဘေးနားရှိ အရာအားလုံးကိုပင် မေ့လျော့နေလေသည်။ ခဏကြာပြီးနောက် တစ်ခုခု ချိုးဖျက်သွားသကဲ့သို့ သူ၏ပိတ်ဆို့နေသော မရီဒျန်များမှာ ပြေ‌လျော့သွားလေသည်။

ထို့နောက် စိတ်ဝိညာဉ်ချီများသည် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာကြပြီး သူ့အရှိန်အဝါတို့မှာလည်း လျင်မြန်စွာမြင့်တက်လာလေသည်။ ကျောက်ယွမ်ကတော့ ဂရုမစိုက်နိုင်ချေ။ ယခုလောလောဆယ်တွင် ကျောက်ယွမ်သည် သူချိုးဖောက်နိုင်ခြင်းကို ဂရုမစိုက်နိုင်သေးချေ။ သူသည် ကျင့်ကြံခြင်းစည်းချက်များကြားထဲ အာရုံရောက်နေလေသည်။

“ငါ တွန်းအားပေးမှရမယ်။ ပြီးရင် ချီတွေကို မြန်မြန်လှည့်ပတ်ရမယ်။”

သူသည် မမောမပန်းနှင့် ကျင့်ကြံခြင်းစည်းချက်များကို လိုက်ပါကျင့်ကြံရင်း ပျော်ရွှင်နေလေသည်။ သူ့စိတ်ထဲတွင် အတွေးတစ်ခုထဲသာရှိလေသည်။

သူ၏ ကျင့်ကြံခြင်းနည်းစနစ်မှာ လွယ်ကူနေပေသည်။ ကကြီးခခွေး‌ရေးနေရသလိုကို လွယ်ကူနေလေသည်။

အတော်လေး ကျေနပ်စရာကောင်းသောကြောင့် သူသည် ကျင့်ကြံနေတာကိုပင် ရပ်တောင်မရပ်ချင်တော့ပေ။

‘ဒါက ငါ ဘယ်လောက်ကြိုးစားကြိုးစား နားမလည်ခဲ့တဲ့ ကျင့်စဉ်‌ရောဟုတ်ရဲ့လား။”

ကျောက်ယွမ်သည် ဤမေးခွန်းအတွက် အဖြေကိုသိပြီးသားပင်။ သူ၏ ယခင်က ကြိုးစားမှုများသည် အမြဲတမ်း တစ်နည်းထဲဖြစ်နေခဲ့၏။ ကျင့်ကြံခြင်းနည်းစနစ်များ၌ စည်းချက်များရှိနေသည်ကို မသိခဲ့ချေ။

ဉာဏ်အလင်းရနေရင်း သူသည် ချီများကို ကျင့်ကြံခြင်းနည်းစနစ်၏ စည်းချက်အတိုင်း လှည့်ပတ်လိုက်ရာ မမျှော်လင့်ထားသည့် အကျိုးရလဒ်များကို ရခဲ့လေသည်။

ယခင်ကဆိုလျှင် ချီများကို လှည့်ပတ်တိုင်း သူ့နောက်ကျောတွင် လူတစ်ယောက် သယ်ထားရသလိုခံစားနေခဲ့ရသည်။ ယခုမူ သူသည် လေပေါ်တွင် လွင့်မျောနေသလို ခံစားနေရပြီး ဘာမှအားမစိုက်ရဘဲ ချီများကို ထုတ်သုံးနိုင်နေပြီဖြစ်သည်။

ထို့အပြင် သူ့၏ချီစုစည်းနှုန်းမှာလည်း ယခင်ကထက် ငါးဆပိုမြန်လာလေသည်။ ပိုလွယ်ကူလာခြင်းသည် ညစ်နေသလိုခံစားလာရစေသည်။ *မဟုတ်ဘူး ဒါက ညစ်နေတာပဲလေ။ ဒါကပြောင်ပြောင်တင်းတင်းကို ညစ်နေတာပဲလေ။*

လျင်မြန်စွာနှင့် သူသည် နည်းစနစ်တစ်ခုလုံးကို ရင်းနှီးလာလေသည်။

သူသည် အံ့အားသင့်စွာ ပြောလိုက်၏။

“ ဒါက ကျင့်ကြံခြင်းလား ခံစားလို့ကောင်းလိုက်တာ”

ကျောက်ယွမ်မှာ ကျင့်ကြံခြင်း၌ ပျော်ရွှင်နေလေသည်။ ယခင်က စိတ်ဝိညာဉ်ချီမန္တာန်အပေါ် သူ့နားလည်မှုမှာ အနည်းငယ်သာရှိလေသည်။ ဘာမှနားမလည်ဘဲ အလွတ်ကျက်ထားသလိုပင်။

ယခုမူ သူသည် ကျင့်ကြံခြင်းနည်းစနစ်ကို ပိုမိုနားလည်နေခဲ့ပြီဖြစ်သည်။ ကျင့်ကြံခြင်းသည် သီချင်းဆိုသကဲ့သို့ဖြစ်လေသည်။ စည်းချက်ကို နားလည်ဖို့သာလိုလေသည်။ သီချင်းများသည် သီဆိုဖို့လွယ်ကူပြီး သာယာလေသည်။ ကျင့်ကြံခြင်းမှာလည်း ထိုနည်းတူသာဖြစ်လေသည်။

တစ်ချို့နေရာတွင် ပြေလျော့၍ တစ်ချို့နေရာတွင် ပေါ့ပေါ့ပါးပါးနှင့် တစ်ခါတစ်ရံ လှုပ်ရှားကာ တစ်ခါတစ်ရံ တည်ငြိမ်နေရပေမည်။ စည်းချက်ကို နားလည်ခြင်းအားဖြင့် အားထုတ်မှုအနည်းငယ်ဖြင့် အကျိုးရလဒ်ရနိုင်သည်။ ဤကဲ့သို့ ကျင့်ကြံခြင်းမျိုးက ပျော်စရာကောင်းလှ၏။ သူသည် စွဲလမ်းသွားပြီဖြစ်လေရာ ဤအခြေအနေကနေပင် မထွက်ချင်တော့ပေ။


You are reading the story above: TeenFic.Net