အခန်း ၁။ စနစ်အသက်ဝင်ခြင်း

Background color
Font
Font size
Line height

အခန်း ၁။ စနစ်အသက်ဝင်ခြင်း

အနက်‌ရောင်တာအိုဝတ်ရုံနှင့် အဖိုးကြီးတစ်ယောက်သည် လေပေါ်တွင် လွင့်မျောနေ၏။

စိတ်ဝိညာဉ်တောင်ကြားတစ်ခုလုံးကို မြင်လိုက်ရမှပဲ ရပ်တန့်လိုက်ပြီး လက်နောက်ပစ်ကာ လေပေါ်မှာရပ်လိုက်သည်။

သူသည် ကြိုးစားကျင့်ကြံနေကြသည့် လူများကို ကြည့်လိုက်ပြီး ခေါင်းငြိမ့်လိုက်၏။

“အာလုံးပဲရပ်လိုက်ကြဦး။ ငါ ကြေညာစရာတစ်ခုရှိတယ်။”

“အပြင်စည်းတပည့်တွေအတွက် အကဲဖြတ်မှုက ဒီလအကုန်မှာ စမယ်။ အောင်မြင်တဲ့သူတွေက အတွင်းစည်းတပည့်အဖြစ် အဆင့်တိုးပေးခံရမယ်။ မအောင်တဲ့သူတွေကတော့ ဂိုဏ်းကနေ ထုတ်ပယ်ခံရမယ်။”

“အကုန်လုံးက အချိန်ကိုကောင်းကောင်းအသုံးချ ကျင့်ကြံပြီး အကဲဖြတ်မှုမှာ တောက်ပလာအောင် လုပ်နိုင်မယ်လို့ မျှော်လင့်တယ်။”

အသံသည် အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားပြီး တောင်ကြားထဲရှိ လူတိုင်းဆီသို့‌ ရောက်ရှိသွားလေသည်။

စကားပြောပြီးသည်နှင့် အဖိုးကြီးသည် ထိုနေရာတွင် ဘယ်သူမှမရှိသကဲ့သို့ လေပေါ်၌ ပျောက်သွားတော့သည်။

“ဘယ်လိုအခြေအနေကြီးလဲ”

ကျင့်ကြံနေကြသည့် အပြင်စည်းတပည့်များသည် ထိုအသံကို ကြားလိုက်ရသည်နှင့် လေပေါ်ကိုကြည့်လိုက်ကြသည်။

သို့ပေမယ့်လည်း သူတို့သည် မည်သူ့ကိုမှ မမြင်ရတော့ချေ။

အသံသည် မည်သည့်နေရာက ထွက်ပေါ်လာမှန်း မည်သူမှ မသိကြချေ။

“ဒီလထဲ အကဲဖြတ်မှုရှိတာလား”

သူတို့လည်း လိုက်မေးပြီးနောက်မှ အကြီးအကဲတစ်ယောက် ပြောသွားမှန်း သိလိုက်ရလေ၏။

ခဏလေးအတွင်းမှာပင် လူအနည်းငယ်မှာ စုလာကြပြီး ပြောဆိုနေကြတော့သည်။

“သွားပါပြီ.. ငါတော့ အခုမှ ချီကျင့်ကြံခြင်းအဆင့်လေးမှာပဲရှိသေးတာ”

“မင်းက မဆိုးသေးပါဘူး။ ငါဆို ခုမှ တတိယအဆင့်ထိပ်ဆုံးမှာပဲ ရှိသေးတယ်”

“ဂိုဏ်းကနေတော့ အထုတ်မခံရလောက်ပါဘူးနော်”

“ဘာကြောက်စရာရှိလို့လဲ အောက်ဆုံးမှာ ကျောက်ယွမ်ရှိနေသေးတယ်လေ”

“ဟုတ်တယ် အဲ့ကောင်က ခုမှ ချီကျင့်ကြံခြင်းပထမအဆင့်မှာပဲ ရှိသေးတာလေ။ ငါက ဒုတိယဆင့် ရောက်နေပြီ။ ဘာကြောက်စရာရှိဦးမှာလဲ။”

ကျောက်ယွမ်လည်း ဤသတင်းကို ကြားလိုက်သည်။ စိတ်ထဲ၌ ခါးသီးစွာရယ်လိုက်မိ၏။

“သူတို့က တပည့်တွေကို ထုတ်ပစ်ဖို့ဆုံးဖြတ်လိုက်ပြီပေါ့။ ကြည့်ရတာ ဒီကမ္ဘာကြီးထဲက စိတ်ဝိညာဉ်ချီတွေက မလောက်တဲ့ပုံပဲ။”

အမည်မသိအကြောင်းအရင်းအချို့ကြောင့် ဤကမ္ဘာထဲရှိ စိတ်ဝိညာဉ်ချီများသည် လွန်ခဲ့သည့် နှစ်တစ်ထောင်လောက်ကစပြီး ယုတ်လျော့လာခဲ့၏။

ယင်းမှာ ပိုပိုပြီး နည်းပါးလာခဲ့သည်။
လွန်ခဲ့သောနှစ်တစ်ထောင်လောက်က  မ‌ရေတွက်နိုင်သည့် စိတ်ဝိညာဉ်စမ်းချောင်းများသည်လည်း စိတ်ဝိညာဉ်ချီများ လွင့်ပါးပျောက်ကွယ်လာခြင်းနှင့်အတူ ခန်းခြောက်လာကြတော့သည်။

စိတ်ဝိညာဉ်တောင်များနှင့် စိတ်ဝိညာဉ်စမ်းချောင်းများအပေါ် မှီခိုနေရသည့် စွမ်းအားကြီးဘဂိုဏ်းတော်တော်များများမှာလည်း ဖျက်ဆီးခံလိုက်ရလေသည်။

စိတ်ဝိညာဉ်ချီမျ နည်းပါးလွန်း၍ ကျင့်ကြံဖို့တောင်မဖြစ်နိုင်သည့် နေရာများပါ ရှိလာကြလေသည်။ စိတ်ဝိညာဉ်ချီသည် လုံးဝကို ခမ်းခြောက်နေသဖြင့် သာမန်မြေဆီလွှာအဖြစ်သို့ပါ ပြောင်းလဲသွားကြသည်။

ကျင့်ကြံခြင်းလောကအတွက် အရင်းအမြစ်များမှာ တဖြည်းဖြည်း ရှားပါလာလေသည်။

ရလဒ်အနေဖြင့် ဂိုဏ်းများစွာက ရန်စောင်လာကြတော့သည်။

သူတို့အားလုံး အရင်းအမြစ်များအတွက် စတင်တိုက်ခိုက်လာကြ‌တော့၏။

ကျင့်ကြံခြင်း၏ အရင်းအမြစ်အနည်းအငယ်အတွက်ကိုပင် အင်အားစုများစွာက  မတွေ‌ဝေပဲ တိုက်ခိုက်ကြမည်ဖြစ်သည်။

ဆယ်စုနှစ်အနည်းငယ်အတွင်း ကျင့်ကြံခြင်းလောကတစ်ခုလုံး ဗရမ်းဗတာဖြစ်သွားလေ၏။

မ‌ရေတွက်နိုင်သော အင်အားစုများမှာလည်း ပြာပုံအဖြစ်သို့ ပြောင်းလဲခံလိုက်ရလေသည်။

နောက်ပိုင်း၌ ဂိုဏ်းတော်တော်များများက ထိုသို့တိုက်ခိုက်ကြသည်မှာ မကောင်းမှန်း နားလည်လာကြလေသည်။

သူတိုလည်း တစ်ခြားနည်းလမ်းကို ရှာကြရတော့၏။

နောက်ဆုံး၌ အကုန်လုံးသည် စိတ်ဝိညာဉ်ချီပြတ်လပ်ခြင်းကို လျှော့ချနိုင်ဖို့ ဂိုဏ်းထဲရှိ အပြင်စည်းတပည့်များကို ထုတ်ပစ်ရန် ဆုံးဖြတ်ခဲ့ကြလေ၏။

ဂိုဏ်းများစဉ်းစားလို့ရသည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ချေသည်။

မလိုအပ်သော ကျင့်ကြံခြင်းအရင်းအမြစ်များ အသုံးပြုမှုကို လျှော့ချခြင်းအားဖြင့် စိတ်ဝိညာဉ်ချီလျော့ကျခြင်းကို အရှိန်လျှော့ထားနိုင်လေသည်။

ရလဒ်အနေဖြင့် ဂိုဏ်းကြီးတွေသည် စတင်ပြီး တပည့်များကို လျှော့ချလာကြတော့သည်။ စိတ်ဝိညာဉ်တောင်ကမူ ယခုမှ တပည့်များလျှော့ချရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

တပည့်များကို ထုတ်ပယ်တော့မည့် သတင်းကိုကြားပြီး‌နောက် စိတ်ဝိညာဉ်တောင်ကြားတွင်ရှိသော လူတစ်ချိုသည် ပျော်ရွှင်နေကြပြီး တစ်ချို့မှာမူ ဝမ်းနည်းနေကြလေသည်။

အတွင်းစည်းတပည့်တွေကတော့ ပျော်ရွှင်နေကြ၏။

အတွင်းစည်းတပည့်တော်တော်များများသည် ဤသတင်းကို ကြားလိုက်ရချိန်၌ ကျေနပ်သွားကြသည်။

“ဒီနှစ် အပြင်စည်းတပည့် အကဲဖြတ်မှုက‌တော့ အတော်စိတ်လှုပ်ရှားစရာကောင်းမယ့်ပုံပဲ။ ဘယ်သူပြောနိုင်မလဲ အသက်ကိုပါစွန့်ကြမယ့် လူတစ်ချို့တောင်ပါရင်ပါနေဦးမှာ”

“ဟားဟား သွေးထွက်သံယိုတွေကို ပိုမြင်ရတော့ကောင်းတာပေါ့”

သူတို့သည် သာမန်ပုံစံဖြင့် အချင်းချင်းစနောက်နေကြလေသည်။

ဤသည်ကလည်း သူတို့သည် ဝင်ပြိုင်စရာမလိုဘဲ ဘေးကနေကြည့်ရမည်သာဖြစ်သာကြောင့် ဖြစ်ချေသည်။

ထို့အပြင် အပြင်စည်းတပည့်များကို လျှော့ချခြင်းသည် ကျင့်ကြံခြင်း အရင်းအမြစ်များ တိုးလာခြင်းနှင့်ညီမျှပေသည်။

လွန်ခဲ့သည့်နှစ်တစ်ရာလောက်ကလည်း စိတ်ဝိညာဉ်တောင်ကြားက တပည့်များကို လျှော့ချမည်ဟူသော သတင်းထွက်ခဲ့လေသည်။

ထိုအချိန်က သူတို့သည် အပြင်စည်းတပည့်သာရှိသေးသည်ဖြစ်ရာ မရေမရာမှုများကြားထဲ နှစ်အတော်အတန်ကြာနေခဲ့ရသေး၏။

ချီကျင့်ကြံခြင်းအဆင့်ကို ချိုးဖောက်ပြီး အတွင်းစည်းတပည့်ဖြစ်ပြီးမှသာ စိတ်အေးလက်အေးနေနိုင်ခဲ့လေသည်။

ထုတ်ပယ်မည့်သတင်းကမူ ယခုလက်ရှိ  အပြင်စည်းတပည့်များအတွက်တော့ သတင်းကောင်းမဟုတ်ပေ။

အထူးသဖြင့် အောက်ဆုံးတွင်ရှိနေသော ကျောက်ယွမ်အတွက်မူ ပို၍ဆိုးလေသည်။ ကျောက်ယွမ်သည် လွန်ခဲ့သည့် တစ်နှစ်ကမှစ၍ ဂိုဏ်းထဲဝင်ခဲ့ခြင်းဖြစ်သည်။

သူနှင့်တစ်သုတ်ထဲ အတူတူဝင်ခဲ့ကြသော တပည့်များသည်ပင် အဆင့်လေး သို့မဟုတ် အဆင့်ငါးကို ချိုးဖောက်ပြီးကြပြီဖြစ်၏။ သူတို့သည် ဆရာအမျိုးမျိးထံတွင် တပည့်ခံခဲ့ကြသည်။

သူတစ်ယောက်ပင်လျှင် မချိုးဖောက်နိုင်သောသူဖြစ်လေသည်။ သူသည် အပြင်စည်းတပည့်အဖြစ်သာ ရှိသေးသည်ဖြစ်ရာ အကဲဖြတ်မှုကို ဝင်ပြိုင်ရမည်ဖြစ်၏။ အပြင်စည်းတပည့်များကြားထဲတွင် သူ၏ကျင့်ကြံခြင်းအဆင့်က အနိမ့်ဆုံးဖြစ်ပေသည်။

သူ့နောက်မှ ဂိုဏ်းထဲသို့ ဝင်လာခဲ့ကြသော ဂျုနီယာများသည်ပင် ဒုတိယ သို့မဟုတ် တတိယအဆင့်သို့ ချိုးဖောက်ပြီးကြပြီဖြစ်သည်။ တနည်းအားဖြင့် သူသည် စိတ်ဝိညာဉ်တောင်ကြားတစ်ခုလုံးတွင် ကျင့်ကြံခြင်းအဆင့် အနိမ့်ဆုံးဖြစ်လေသည်။

အစီအစဉ်အတိုင်းဆိုပါက သူသည်သာ ပထမဆုံး ထုတ်ပယ်ခံရမည့်သူ ဖြစ်သည်။

“တစ်လလောက်ပဲလိုတော့တယ်။ ဒီကြားထဲ မချိုးဖောက်နိုင်ရင် ငါတော့ ဒုက္ခ‌ရောက်ပြီ”

ကျောက်ယွမ်သည် သူ့ကိုယ်ထဲက အားနည်းသည့် စိတ်ဝိညာဉ်ချီများကို ခံစားမိပြီး ခါးသီးစွာပြုံးလိုက်မိသည်။ ကျင့်ကြံခြင်းမှာ ခက်ခဲလွန်းပေသည်။ သူ့အနေဖြင့် ဘဝတစ်လျှောက်လုံး မချိုးဖောက်နိုင်တော့မည်ကို ကြောက်ရွံနေမိသည်။

တစ်ယောက်ယောက်သာ အင်မော်တယ်လမ်းကြောင်းကို လျှောက်လှမ်းလိုလျှင် အရင်းအမြစ်များက မရှိမဖြစ်ပင်ဖြစ်သည်။

စိတ်ဝိညာဉ်ချီသည် ရှားပါလှသောကြောင့် ယနေ့ခေတ်ကြီးတွင် စိတ်ဝိညာဉ်ကျောက်တုံးများက ချမ်းသာမှုကို ညွှန်ပြလေသည်။ စိတ်ဝိညာဉ်ကျောက်တုံးမရှိဘဲ စိတ်ဝိညာဉ်ချီချည်းပဲ စုပ်ယူခြင်းအားဖြင့် ချိုးဖောက်ဖို့ရန်မှာ မဖြစ်နိုင်ပေ။ မူလက စိတ်ဝိညာဉ်တောင်ကြားတွင် ကျင့်ကြံခြင်းဖြင့် အကြွင်းအကျန် ကျင့်ကြံခြင်းအရင်းအမြစ်တစ်ချို့ကို ရနိုင်သေးသည်။

သူသာ တောင်ကြားမှ ထွက်သွားရမည်ဆိုပါက ထိုအတိုအစအကြွင်းအကြံများကိုပင် ရနိုင်တော့မည်မဟုတ်ပေ။

ထိုအချိန်‌ရောက်လာမည်ဆိုပါက မျှော်လင့်ချက်ရှိတော့မည် မဟုတ်ချေ။ ဤကဲ့သို့သော ရလဒ်မျိုးကို မျှော်လင့်ထားပြီးသားဖြစ်သော်လည်း စိတ်ဝိညာဉ်တောင်ကြားက တပည့်များ ထုတ်ပယ်ချင်နေပြီမှာ တစ်နှစ် နှစ်နှစ်မကတော့ပေ။ လူတိုင်းသိပြီးသားဖြစ်ပေသည်။

သို့သော်လည်း သူ့စိတ်ထဲတွင် ထိုသို့ မဖြစ်ချင်ပေ။ သူသည် တစ်ချိန်လုံးကျင့်ကြံနေခဲ့သော်လည်း ပထမအဆင့်တွင်သာ တန့်နေပြီး တစ်လက်မတောင် မချိုးဖောက်နေသေးချေ။

“ကူးပြောင်းလာတာကြောင့်များလား”

ကျောက်ယွမ်မှာ သူ မချိုးဖောက်နိုင်ရသည့် အကြောင်းအရင်းများကို စဉ်းစားလျက်ရှိသည်။ ကူးပြောင်းလာခြင်းမှလွဲ၍ တခြားဖြစ်နိုင်ချေကို မစဉ်းစားမိချေ။

သူသည် အစက ကမ္ဘာဂြိုလ်တစ်ခုပေါ်က ရုံးအလုပ်သမားတစ်ယောက်သာဖြစ်သည်။ သူနိုးလာချိန်တွင် ဤကမ္ဘာကြီးထဲသို့ ရောက်နေခဲ့သည်။ သူနှင့်တူသော လူတစ်‌‌ယောက်ဆီ၌ နိုးထလာခဲ့သည်။ သူနိုးလာချိန်ကတည်းက သူသည် ပထမအဆင့်တွင်သာဖြစ်နေပြီး ယခု တစ်နှစ်ကြာပြီးသည့်နောက်တွင်လည်း ပထမအဆင့်တွင်သာ ရှိသေးသည်။

“အဲ့ဒါက ငါက ကူးပြောင်းလာလို့များ စိတ်ဝိညာဉ်ချီတွေကို မစုစည်းနိုင်တာများလား”

ကျောက်ယွမ်သည် သူနှင့်တစ်သုတ်ထဲတူတူဖြစ်သော တပည့်အချို့ကိုတွေးမိလိုက်သည်။ သူတို့ကမူ သက်ဆိုင်ရာဆရာအသီးသီး၏ လက်အောက်တွင် ရှိနေပြီဖြစ်သည်။ သူစိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။

သူသည် သူနှင့်အသုတ်တူထဲတွင် အကြိုးစားဆုံးဖြစ်သည်။ သို့သော် သူ၏ကျင့်ကြံခြင်းအဆင့်က အနိမ့်ဆုံးဖြစ်သည်။ တစ်ချို့သော ဂျူနီယာတစ်ချို့၏ မျက်လုံးထဲတွင်ပင် အားကျမှုများမှ အထင်သေးမှုအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။ ယခုတွင် သူကသည်အထုတ်ပယ်ခံရနိုင်သည့် အခြေအနေဖြစ်နေရာ သူ့စိတ်ထဲတွင်တော့ ထိုသို့မဖြစ်ချင်ပေ။

ထိုသို့ ထိတ်လန့်နေရသော ဘဝမှာ မလွယ်ကူပေ။ သူသည် သေမျိုးတစ်ယောက်ပြန်မဖြစ်ချင်ပေ။

သူသည် စိတ်ပျက်ခြင်းပေါင်းစုံခံစားနေရသည့်အချိန်တွင် သူ့စိတ်ထဲ၌ ခံစားချက်မဲ့သောအသံတစ်ခု ထွက်ပေါ်လာသည်။

“နတ်ဘုရားဉာဏ်အလင်းရခြင်းစနစ်  အသက်ဝင်ပါပြီ။”

ကျောက်ယွမ်လည်း ခေါင်းမော့လိုက်၏။

“စနစ်လား”

သူသည် မူလက စိတ်ပျက်နေပေမယ့်လည်း ခဏအကြာတွင် မျှော်လင့်ချက်များ ဖြစ်ပေါ်လာသည်။ ထို့နောက် သူသည် အနည်းငယ် မသေမချာဖြစ်သွားသည်။

“ဤစနစ်သည် နတ်ဘုရားဉာဏ်အလင်းရခြင်းစနစ်ဖြစ်ပါသည်။ ပေါင်းစည်းမည်လား။”

စနစ်၏အသံသည် သူ့အတွက်တော့ သာယာသည့် အသံမျိုးဖြစ်နေလေသည်။

ဝတ္ထုမျိုးစုံဖတ်ဖူးသောကြောင့် ထိုစကား၏အဓိပ္ပာယ်ကို သေချာသိလေသည်။ နှစ်ပေါင်းများစွာ တင်းမာနေခဲ့သော ကျောက်ယွမ်၏ နှလုံးသားမှာ ထိုအခိုက်တွင် တည်ငြိမ်သွားတော့၏။ သူအတွက် အကူအညီရောက်လာချေပြီ။


You are reading the story above: TeenFic.Net