အခန်း ၁၄။ တကယ်ကြီး ဂိုဏ်းခေါင်းဆောင်ပဲ
"ဒီဆေးလုံးတွေကို ဘယ်ကရလာတာလဲ"
အကြီးအကဲယောင်ချန်းက ကျောက်ယွမ်ကို စိုက်ကြည့်ပြီး တင်းမာနေသောလေသံဖြင့် စစ်မေးလိုက်သည်။
ကျောက်ယွမ်သည် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်လေသည်။ ဤဆေးလုံးတွေက သူသန့်စင်ထားခြင်းသာဖြစ်လေသည်။
တစ်ခြားဘယ်ကရလာနိုင်လိမ့်မည်နည်း။
ဂိုဏ်းထဲမှာ ပြီးပြည့်စုံခြင်းအဆင့်ရှိတဲ့ ဆေးလုံးဖော်စပ်နိုင်သည့်သူ မရှိခဲ့သလော။
သူ့အနေနှင့် ဆေးလုံးများကို သူဖော်စပ်ထားမှန်း အကြိမ်ကြိမ်ပြောခဲ့လေသည်။
အဘယ့်ကြောင့် ဘယ်သူကမှ မယုံကြည်သနည်း။
"ဆေးအကြီးအကဲ အဲ့ဆေးလုံးတွေက ကျွန်တော်သန့်စင်ထားတာပါ။"
ကျောက်ယွမ်အနေနှင့် ထပ်ပြောရုံမှတစ်ပါး မည်သို့မျှမလုပ်နိုင်ချေ။
သို့သော်ငြား သူပြောပြီးသည့်နောက်တွင် အကြီးအကဲယောင်ချန်းက စတင်ကြိမ်းမောင်းတော့လေသည်။
"ရူးနေတာလား တစ်ခါတည်းမင်းကငါ့အဖေလို့သာပြောလိုက်ပါလား"
"ဆေးပညာဆိုတာ ကျင့်ကြံခြင်းနဲ့မတူဘူးကွ။ နေ့ချင်းညချင်းအောင်မြင်နိုင်တာမဟုတ်ဘူး။"
"မင်းက ဘယ်လိုလုပ် ဒီပြီးပြည့်စုံခြင်းအဆင့်ဆေးပြားတွေလုပ်နိုင်ရမှာလဲ"
ဘယ်အချိန်ကစ၍ ဆေးပညာက ဤမျှလွယ်ကူသွားသနည်း။
အကယ်၍ အခုလို ကြုံရာအပြင်စည်းတပည့်တစ်ယောက်သည်ပင် ပထမဆုံးအကြိမ်မှာတင် ပြီးပြည့်စုံခြင်းအဆင့်ရှိလေသော ဆေးလုံးဖော်စပ်နိုင်သည် ဆိုပါက သူ ယောင်ချန်းမှာ သူ့ဘဝတစ်ခုလုံး အချိန်ဖြုန်းနေခဲ့ခြင်းပေလော။
အကြီးအကဲယောင်ချန်း၏ကြိမ်းမောင်းတဲ့အသံတွေသည် အဂ္ဂိရက်ခန်းမတစ်ခုလုံး၌ ကြားနေရလေသည်။ သူ့ပါးစပ်မှ တံတွေးတို့မှာလည်း နေရာအနှံ့ပင်။ ကျောက်ယွမ်က သူ့အားစဉ်လာမည်ကို စိုးရိမ်သောကြောင့် နောက်သို့တစ်လှမ်းဆုတ်လိုက်သည်။
အမှန်တွင်မူ အကြီးအကဲယောင်ချန်းဒေါသထွက်ရသည်မှာ မှန်ကန်လေသည်။ မည်သူက ထိုသို့ မဟုတ်တန်နိုင်သည့်အကြောင်းကို ယုံနိုင်မည်နည်း။
ဤသည်က အပြင်စည်းတပည့်လေးဖြစ်သော ကျောက်ယွမ်ပထမအကြိမ် ဆေးဖော်ကြည့်ခြင်းဖြစ်လေသည်။ မည်သည့်အခြေခံကိုမျှမသိသော်ငြား အောင်မြင်သွားခဲ့လေသည်။ ထိုမျှသာမက ပြီးပြည့်စုံခြင်းအဆင့် ဆေးလုံးကိုပါဖော်နိုင်ခဲ့သည်။
မည်သူက ဤသို့သော အလိမ်အညာကိုယုံမည်နည်း။
စုဝမ်ရီသည် သူတို့ပြောနေသည်များကို ကြားလိုက်သောအခါတွင် ထိတ်လန့်သွားရသည်။ သူမအနေနှင့် ကျောက်ယွမ်၏လက်ထဲက ဆေးလုံးများသည် တကယ်ပင် ပြီးပြည့်စုံခြင်းအဆင့်ဖြစ်နေလိမ့်မည်ဟု မထင်ခဲ့ပေ။
သူမသည် အစပိုင်းတွင် အသေချာမပြောရဲခဲ့ချေ။ သို့သော် ယခုတွင်မူ အဂ္ဂိရက်ခန်းမ၏ အကြီးအကဲတစ်ယောက်ဖြစ်သော ဆေးအကြီးအကဲကိုယ်တိုင်က အမှန်ဖြစ်ကြောင်း ပြောနေလေပြီဖြစ်သည်။
အခုတွင်မူ သူမက ကျောက်ယွမ်က ဤဆေးလုံးများကို အမှန်တကယ်သန့်စင်ထားသည်ဟု ယုံကြည်လေသည်။
သူမသည် ဒေါသထွက်နေသည့်ဆေးအကြီးအကဲကို ကြည့်ပြီး အခြေအနေများ ဆိုးလာမည်ကို စိုးရိမ်နေသည်။ သူမနေနှင့် ကျောက်ယွမ်ကို စိုးရမ်နေရုံမှတစ်ပါး ဘာမှမလုပ်နိုင်ပေ။
ခဏစဉ်းစားပြီးနောက် သူမသည် အဂ္ဂိရက်ခန်းမကနေထွက်လာပြီး ဂိုဏ်းချုပ်ရှိသော တောင်ဆီသို့ သွားလိုက်သည်။
အဂ္ဂိရက်ခန်းမထဲတွင်တော့ ကျောက်ယွမ်သည် ဒေါသထွက်နေသည့် ဆေးအကြီးအကဲကို ကြည့်ပြီး နောက်တစ်လှမ်းထပ်ဆုတ်လိုက်သည်။
"ခင်ဗျားလိုအသက်အများကြီးကြီးနေတဲ့သားတစ်ယောက်လည်း ကျုပ်မှာမရှိပါဘူး" ကျောက်ယွမ်က သူ့စိတ်ထဲတွင် တွေးလိုက်သည်။
သူ့အနေနှင့် အပြင်တွင်တော့ ထုတ်မပြောရဲချေ။ သူ့အားလက်ဝါးတစ်ချက်နှင့်ပင်ရိုက်သတ်သွားနိုင်ပေသည်။
အဂ္ဂိရက်ခန်းမ၏ အကြီးအကဲဖြစ်သော ယောင်ချန်းမှာ သူ၏အချိန်နှင့်စွမ်းအားများကို ဆေးလုံးများသန့်စင်ခြင်းအပေါ်မှာသာအာရုံစိုက်ပြီး ကျင့်ကြံခြင်းနဲ့ပတ်သတ်၍ ဂရုသိပ်မစိုက်ခဲ့ချေ။
သို့သော် ဆေးပညာတွင် အကြိမ်ကြိမ်ကြိုးစားခြင်း လွဲချော်ခြင်းများလိုအပ်လေရာ သူစမ်းသပ် ဖော်စပ်ခဲ့လေသော ဆေးလုံးအမျိုးမျိုး၌ စိတ်ဝိညာဉ်ချီတို့အမြောက်အမြားပါလေသည်။ ထိုဆေးလုံးများမှ စိတ်ဝိညာဉ်ချီတို့ စုစည်းမှုကြောင့် သူက အထင်သေး၍ မရနိုင်သော အဆင့်တစ်ခုသို့ ချိုးဖောက်နိုင်ပြီးသားဖြစ်လေသည်။
အတိုအားဖြင့် သူ့အနေနှင့် ကျောက်ယွမ်ကို ရိုက်သတ်လိုက်ပါကလည်း ခြင်တစ်ကောင်ကိုရိုက်ရသလိုရှိပေလိမ့်မည်။
"ဆေးအကြီးအကဲ ဒီဆေးလုံးတွေက တကယ်ပဲ ကျွန်တော်ဖော်စပ်ထားတာပါ။ ဒီမှာရှိတဲ့လူတိုင်းကိုမေးကြည့်လို့ရပါတယ်။"
"မင်းက ဆေးပညာကို ဆားလေးဘာလေးဖြူးရုံနဲ့ရတဲ့ ဟင်းချက်တာများမှတ်နေလား"
"ကလေး ဆေးပညာမှာ ကံကောင်းတယ်ဆိုတာမရှိဘူး။ သူ့ရဲ့ရှုပ်ထွေးမှုတွေက မင်းတွေးနိုင်တာထက်ပိုတယ်"
အကြီးအကဲယောင်ချန်းက ဒေါသထွက်နေပြီး သူ့အားစိုက်ကြည့်နေသည်။ သူက သူ၏ဆေးပညာကိုစော်ကားခံလိုက်သကဲ့သို့ ကျောက်ယွမ်အား ရိုက်ပစ်ချင်နေလေသည်။
"ရှုပ်ထွေးမှန်းကျွန်တော်သိပါတယ် ဒါပေမဲ့ တကယ်ပဲ ကျွန်တော်ဖော်ခဲ့တာ"
ကျောက်ယွမ်စကားပြောပြီးသည့်နောက်မှာပဲ သူက ကမ္ဘာကြီးဇောက်ထိုးမိုးမျှော်ဖြစ်သွားသလို ခံစားလိုက်ရလေသည်။
အကြီးအကဲယောင်ချန်းက သူ့ကို မလိုက်ခြင်းဖြစ်လေသည်။
"မင်း ဒီဆေးလုံးတွေကို ဂိုဏ်းရဲ့ တစ်နေရာရာက ရလာတာဖြစ်လိမ့်မယ်။ ငါ့ကို အခုဘယ်ဆေးဆရာသခင်က ဖော်စပ်ထားလဲပြောစမ်း။"
ယောင်ချန်းက ပြောလိုက်ရင်း လက်တစ်ဖက်က ကျောက်ယွမ်အားကိုင်ကာ ကျန်တစ်ဖက်က သူ့ခန္ဓာကိုယ်ကို ကြမ်းတမ်းစွာ ခါယမ်းလိုက်တော့သည်။
ကျောက်ယွမ်အနေနှင့် သူ့ဘောင်းဘီကျွတ်မကျရန် လက်နှင့်ထိန်းထားရုံသာတတ်နိုင်တော့သည်။
ဤနေရာ၌ လူအများကြီးရှိနေလေရာ အကယ်၍ သူသာဘောင်းဘီကျွတ်ကျခဲ့ပါက ရှက်ဖွယ်အတိဖြစ်ပေလိမ့်မည်။
စိတ်ဝင်စားစရာကောင်းသည့်မြင်ကွင်းတစ်ခုက ခန်းမထဲမှာဖြစ်ပေါ်နေလေသည်။ အကြီးအကဲယောင်ချန်းသည် ကျောက်ယွမ်အား လှုပ်ခါနေကာ ကျောက်ယွမ်မှာလည်း သူ့ဘောင်းဘီကို ဆွဲထားရလေသည်။
ရှိသမျှလူတိုင်းမှာ ထိုမြင်ကွင်းကြောင့် ကြက်သေသေနေတော့သည်။ ဤသို့ မြင်ကွင်းမျိုးကို အဂ္ဂိရက်ခန်းမတွင် တစ်ခါမျှ မမြင်ဖူးချေ။
များသောအားဖြင့် သူတို့မှာ ဆေးဖော်စပ်ရန်လာကြခြင်းဖြစ်လေရာ အကြီးအကဲများနှင့် တွေ့ရခဲသည်။ ထို့ကြောင့်ပင် သူတို့သည် အကြီးအကဲများအား ဩဇာအာဏာမြင့်မားသူများအဖြစ်မှတ်ယူထားခဲ့ကြသည်။ အထူးသဖြင့် သူတို့က စကားပြောခြင်း ပြုံးခြင်း နည်းပါလေသောကြောင့်ပင်။
အကြီးအကဲများမှာ အမြဲတမ်း တည်ကြည်ပြီး စည်းကမ်းကြီးကြလေသည်။ သို့သော် တစ်ချို့သူတို့ထံတွင်တော့ မတူညီသော စရိုက်များရှိကြလေသည်။
သို့သော်ငြား ယခုတွင်မူ ဆေးအကြီးအကဲသည်ပစ္စည်းတစ်ခုခုအခိုးခံလိုက်ရသော သေမျိုးကမ္ဘာက အဖိုးကြီးတစ်ဦးပမာ ပြုမူနေလေသည်။
သူက တစ်ချိန်လုံးဆဲဆိုကြိမ်းမောင်းနေပြီး ထိုအရာနဲ့တင် သူ့ဒေါသကမလုံလောက်နိုင်ပဲ ကိုယ်ထိလက်ရောက်ပါလုပ်နေတော့သည်။
ခြားနားမှုကြီးက အားလုံးကို ကြောင်အသွားစေသည်။
လူတစ်ချို့သည် သူတို့အားတားဆီးရန် ထွက်လာကြသည်။ မည်သို့ပင်ဖြစ်စေ သူတို့နှစ်ဦးက အုတ်အော်သောင်းနင်းဖြစ်အောင် လုပ်နေကြခြင်းဖြစ်လေရာ တစ်ခြားအကြီးအကဲများရောက်လာပါက ပြသာနာတွေပိုကြီးလာပေလိမ့်မည်။
လူအုပ်ကြီးက တားဆီဖို့ကြိုးစားတော့မည့်အချိန်မှာပဲ လူတစ်ယောက်က အဂ္ဂိရက်ခန်းမဆီသို့ ကောင်းကင်ကနေ တိုက်ရိုက်ဆင်းသက်လာတော့ငည်။
ထိုလူ၏အရှိန်အဝါက အကြီးအကဲယောင်ချန်းတွင် ရှိနေသော အရှိန်အဝါထက် ပိုမိုပြင်းထန်လေသည်။ ပြင်းထန်လွန်းသောကြောင့် လူတိုင်းမှာ သူတို့အရိုးများညွှတ်ကွေးလာကြပြီး
ဒူးထောက်မတတ်ပင်
"ယောင်ချန်း ဘာဖြစ်နေတာလဲ"
လူကြီးတစ်ယောက်ထွက်ပေါ်လာသည်နှင့်အတူ အသံထွက်ပေါ်လာသည်။
"ဒီအသံ ဒါက"
"ရွှေအမြူတေအဆင့်က ကျင့်ကြံသူတွေပဲ ဒါမျိုးအရှိန်အဝါရှိတာမလား"
"လျှောက်မှန်းမနေနဲ့ အဲ့တာ ဂိုဏ်းချုပ်ပဲ"
"ဘာတွေဖြစ်ကုန်ပြီလဲ။ အပြင်မှတွေ့ရခဲတဲ့ အကြီးအကဲတွေက ဒီနေ့မှာ နှစ်ယောက်တောင်ရောက်လာကြတာလဲ"
"မင်းက မိန်းမလှလေးတွေကိုပဲကြည့်နေလို့ တကယ့်အဓိကအဖြစ်အပျက်ကိုလွတ်နေပြီ"
"မင်းက ဘာကိုကြည့်နေလို့လဲ"
"ဆေးတွေကိုကြည့်နေတာလေ"
"ဆေးတွေက ဘာအရောင်လဲ"
"အမ် အဖြူရောင်လေ။"
"ဂိုဏ်းချုပ်က ဘာလို့ဒီကိုရောက်လာတာလဲ"
တစ်ခြားကျင့်ကြံသူက ကြားဖြတ်ကာ
"ဟေ့ကောင်တွေ တော်လိုက်တော့ တိုးတိုးပြောကြစမ်း,"
တီးတိုးတီးတိုးပြောနေကြသည်များကို နေရာအနှံကြားနိုင်ပေသည်။
သူတော်စင်တစ်ပါးကဲ့သို့ ဆံပင်အဖြူရောင် မုတ်ဆိတ်အဖြူရောင်နှင့် လူကြီးက လေပေါ်တွင် လွင့်မျောနေလေသည်။
လူကြီးမှာ စိတ်ဝိညာဉ်တောင်ကြား၏ လက်ရှိဂိုဏ်းချုပ်ဖြစ်လေသောလင်းချင်းယွမ်ဖြစ်လေသည်။
လင်းချင်းယွမ်ရောက်လာပြီးနောက် တစ်နေရာလုံးမှာ ငြိမ်သက်သွားကြသည်။
လူတိုင်းက လုပ်နေသည်များကိုရပ်တန့်က ခေါင်းမော့ပြီး ကြည့်လိုက်ကြသည်။
ယောင်ချန်းတစ်ယောက်သာ ကျောက်ယွမ်ကို သယ်ထားရင်းရှိနေသေးသည်။
ကျောက်ယွမ်သည် ဂိုဏ်းခေါင်းဆောင်ကို မြင်သည်နှင့် နှုတ်ဆက်လိုက်သည်။
"နှုတ်ဆက်ပါတယ်။ ဂိုဏ်းချုပ်။"
"ဟီးဟီး ကောင်လေး မင်းက ငါ့ကို လာကစားနေတာလား။ ငါအဲ့လိုမျိုး နောက်တာတွေ မလုပ်ခဲ့တာ နှစ်ပေါင်းရာနဲ့ချီနေပြီ။ အခု ဂိုဏ်းချုပ်မကလို့ ငါ့အဖေလာရင်တောင် မင်းကလွှတ်မပေးဘူး။"
ယောင်ချန်းက ကျောက်ယွမ်သည် သူ့ကိုလာနောက်ပြောင်လှည့်ဖျားရန်ကြိုးစားနေသည်ဟု ထင်ကာ အထင်သေးစွာရယ်လိုက်သည်။
ဂိုဏ်းချုပ်က အဂ္ဂိရက်ခန်းမသို့ အကြောင်းပြချက်မရှိဘဲ လာရောက်ခဲသည်။ ဤကလေးက သူ့ကို ဂိုဏ်းချုပ်နာမည်သုံးကာခြောက်လန့်နေသည်။
ယောင်ချန်း၏ စကားများကို ကြားပြီးနောက်လင်းချင်းယွမ်၏မျက်နှာမှာ မဲမှောင်သွားလေသည်။ သူ့လက်ကို ခါလိုက်ပြီး ထိုနှစ်ယောက်အား လူခွဲလိုက်သည်။
သူတို့နှစ်ယောက် လူကွဲသွားပြီးနောက် ယောင်ချန်းမှာ လင်းချင်းယွမ်အားတွေ့လိုက်ကာ မျက်လုံးပြူးသွားတော့သည်။
"တကယ်ကြီး ဂိုဏ်းချုပ်ဟ။"
လင်းချင်းယွမ်သည် ကျောက်ယွမ်ကို သေချာ ကြည့်လိုက်သည်။ စုဝမ်ရီက သူ့အား အဖြစ်အပျက်တစ်ခုလုံးကို ပြောထားခဲ့သည်။
သူ့အနေနှင့် အနည်းငယ် တုန်လှုပ်မိသွားသည်။ တကယ်ပဲ အပြင်စည်းတပည့်တစ်ယောက် ပြီးပြည့်စုံအဆင့်ဆေးလုံးကို သန့်စင်နိုင်ခဲ့သလော။
သို့သော်လည်း သူ့အနေနှင့် အကြီးဆုံးစီနီယာတပည့်ဖြစ်လေသော စုဝမ်ရီအား ယုံကြည်သည်။ ထို့ကြောင့်ပင် သူရောက်လာရခြင်းဖြစ်လေသည်။
လင်းချင်းယွမ်က ကြည့်နေသော်ကြောင့် ကျောက်ယွမ်မှာ ခန္ဓာကိုယ်တစ်ခုလုံး ကြက်သီးထသွားသည်။
ထို့နောက် လင်းချင်းယွမ်က ပြောလိုက်သည်
"ငါတို့ သူ့ကိုနောက်ထပ်ဆေးဖော်ခိုင်းလိုက်ရင် အမှန်ဟုတ်မဟုတ်သိရမှာပဲ။"
You are reading the story above: TeenFic.Net