အပိုင်း ၇ အိမ်မှ ထွက်ပြေးခြင်း

Background color
Font
Font size
Line height


သွားရမလား .. မသွားရဘူးလား?

ဒါက မေးခွန်းတစ်ခုပဲ။

နေရမလား.. မနေရဘူးလား?

ဒါက ဒုတိယ မေးခွန်းပဲ။

ယန်ရှင်းကျီ တံခါးကို ဖွင့်ကြည့်လိုက်တဲ့အခါ သူ့နှလုံးဟာ ရုတ်တရက် ဒိန်းခနဲ ခုန်သွားတယ်။

မကောင်းတာ တစ်ခုခု လုပ်နေချိန်မှာ လက်ပူးလက်ကြပ် မိသွားတဲ့အချိန်မျိုးမှာ ထိတ်လန့်မှုနဲ့ တုန်လှုပ်အံ့သြမှုက သူ့ဆီ ဝင်လာတယ်။ ယန်ရှင်းကျီ အေးခဲသွားတာ သူ့အမူအရာက တောင့်တင်းသွားတယ်။

ရွှီရှန်းက ဘာလို့ အပြင်မှာ ရှိနေတာလဲ?

သူတစ်ခုခုများ ကြားသွားသေးလား?

အိုမီဂါက စိတ်ဆိုးသွားမှာလား? သူ့ရဲ့ အေးတိအေးစက် မျက်နှာပေါ်မှာ ဒေါသတစွန်းတစ ဒါမှ မဟုတ်... ဝမ်းနည်းမှု တစ်စုံတစ်ရာများ ပေါ်လာလေမလား?

ယန်ရှင်းကျီ ရွှီရှန်းရဲ့ အမူအရာကို တစ်ချက်ကြည့်လိုက်တယ်။ အိုမီဂါက သူ့ခေါင်းကို ငုံ့ထားကာ အလင်းရောင်မှိန်ပျပျက သူ့မျက်တောင်တွေကို အရိပ်ထင်စေတယ်။

အဲ့ဒီမျက်တောင်တွေမှာ မျက်ရည်စတစ်ချို့များ တွဲခိုနေမလား? ပုံဆောင်ခဲလိုမျိုး၊ ဖောက်ထွင်းမြင်နိုင်ပြီး အဲ့ဒီအရိပ်ကို ဆွဲဖြဲနေသလိုမျိုး အေးချမ်းတဲ့ တိတ်ဆိတ်မှုသာ ရှိတယ်။ ယန်ရှင်းကျီရဲ့ အတွေးတွေလည်း မျောပါသွားတော့တယ်။

အယ်လ်ဖာရဲ့ အကြည့်တွေက ရွှီရှန်းရဲ့ လက်တွေ အပေါ်ကို ကျရောက်သွားတယ်။ အိုမီဂါက စာရွက်တစ်ရွက်ကို ဆုပ်ကိုင်ထားတယ်။ ဒါပေမဲ့ အဲ့စာရွက်က မှောက်ထားတာမို့ ယန်ရှင်းကျီ စာရွက်ထဲက အကြောင်းအရာကို မမြင်နိုင်ဘူး။

"အပြင်သွားမလို့လား?" ရွှီရှန်းက အရင် စကားစသူပါ။ သူ တစ်ခုခုကို အတည်ပြုချင်သလိုမျိုး သူ့ရဲ့ အသံက နူးညံ့ပေမဲ့လည်း ပြတ်သားတိကျတယ်။ 

"အင်း။ အပြင်သွားမလို့" တစ်ချို့ သော အကြောင်းပြချက်များကြောင့် ယန်ရှင်းကျီ မငြင်းခဲ့ဘူး။

"ကောင်းပြီ" ရွှီရှန်းသူ့နှုတ်ခမ်းတွေကို ပိတ်သွားကာ ဘာမှ ဆက်မပြောတော့ဘူး။ အိုမီဂါဟာ လှည့်ထွက်သွားကာ သူ့ခြေသံတွေက ဗလာဖြစ်နေတဲ့ လျှောက်လမ်းမှာ ပဲ့တင်ထွက်သွားတယ်။

သူ့လက်ထဲက စာရွက်က ကြေမွသွားတယ်။ ယန်ရှင်းကျီ မမြင်နိုင်တဲ့ နေရာ အ‌ရောက်မှာတော့ ရွှီရှန်း ငေးကြည့်နေမိတယ်။


ချိုမြိန်တဲ့ Oလေး?

မကြိုက်ဘူး?

ဟုတ်ပါတယ်။ သူကအမြဲတမ်း ကြိုက်ချင်စရာမှ မကောင်းခဲ့တာ။ ရွှီရှန်း တွေးလိုက်တယ်။

သူက ချိုမြိန်တဲ့ Oလေး တစ်ယောက် မဟုတ်ခဲ့ဘူးလေ။ ရွှီရှန်းလည်း သူ့အကြောင်းသူ သိပါတယ်။ မှိုင်းထိုင်းပြီး စိတ်ဝင်စားစရာ မကောင်းဘူး။ ငြီးငွေ့ဖွယ် ကောင်းတယ်။

သူ စာရွက်ကို ပြန်ဖြန့်ကာ သူ့အချိန်စာရင်းကို စိုက်ကြည့်နေမိတယ်။ သူက  စကားပြောတဲ့နေရာမှာ သိပ်မကောင်းတာကြောင့် အခုလေးတင်ပဲ ဒါကို အချိန်အတော်လေး ကြာအောင် ပြင်ဆင်ခဲ့ရတာ။ ရွှီရှန်းက ယန်ရှင်းကျီကို သူ့အချိန်စာရင်းကို ပြင်လိုက်ပြီဆိုတာကို ပြောပြချင်ခဲ့တာ။ ဒါဆို သူ ယန်ရှင်းကျီကို ထပ်ပြီး အကြာကြီး‌ စောင့်ခိုင်းစရာ မလိုတော့ဘူးလေ။

ဒါပေမဲ့ အခုတော့ ကြည့်ရတာ မလိုအပ်တဲ့ပုံပါပဲ။

ယန်ရှင်းကျီက ချိုမြိန်တဲ့ အိုမီဂါကို ကြိုက်တာ။

ယန်ရှင်းကျီက သူ့ကို မကြိုက်ဘူး။

ရွှီရှန်း သူ့အခန်းထဲ ပြန်ဝင်သွားတယ်။ တံခါးပိတ်သံ ခပ်တိုးတိုးက ဗလာကျင်းနေတဲ့ လျှောက်လမ်းပေါ်မှာ ထွက်ပေါ်လာပြီး ယန်ရှင်းကျီကို အသိစိတ် ပြန်ဝင်လာစေတယ်။

ရွှီရှန်းက "ကောင်းပြီ" လို့ ပြောခဲ့တယ်?

ရွှီရှန်းက တကယ်ပဲ "ကောင်းပြီ" လို့ ပြောခဲ့တာလား?

ဘာလို့ ရွှီရှန်းက "ကောင်းပြီ"လို့ ပြောခဲ့တာလဲ?

ယန်ရှင်းကျီ ပိုပြီးတောင် စိတ်တိုသွားသလို ခံစားရတယ်။ သူခုနတုန်းက ပျာယာခတ်သွားတာက အခုကျ ဟာသတစ်ခုလိုပဲ။ 

သူကရော ဘာလို့ ပျာယာခတ်သွားရမှာလဲ?



လန့်သွားတာ? ရွှီရှန်းက သူ့အတွက် ဘာမို့လို့လဲ?

သွားတာပေါ့ ! သွားဆိုတော့လည်း သွားတာပေါ့!

သူပဲ "ကောင်းပြီ" လို့ ပြောခဲ့တာမဟုတ်လား? သူ ဒီည အပြင်သွားမယ်။ အခုချက်ချင်းကို သွားမယ်။ ဒီမှာ တစ်စက္ကန့်တောင်မှ ပိုမနေချင်ပါဘူး။

ယန်ရှင်းကျီ တံခါးကို အားနဲ့ ပိတ်ခဲ့တာမို့ အိပ်ခန်းနံရံတွေအထိ "ဘန်း"ခနဲ မြည်သွားကာ ဘယ်သူမှ မရှိတဲ့ ဗီလာထဲမှာ အသံအကျယ်ကြီး ထွက်သွားတယ်။ 

"ဟေး.. ငါ့ကို နေရာပို့လိုက်" အယ်လ်ဖာက ဖုန်းကို အော်ပြောနေတာမို့ အသံက အကျယ်ကြီး ထွက်နေတယ်။ 
"ငါ အခုချက်ချင်း လာခဲ့မယ်"

သူ့အသံက ကြမ်းတမ်းနေတယ်။

--တကယ်လို့ ဖုန်းက ဖုန်းခေါ်တဲ့နေရာမှာသာ မရှိနေခဲ့ဘူး ဆိုရင်ပေါ့..

သူ့ခြေလှမ်းတွေက အောက်ထပ်ကို ဦးတည်သွားတယ်။ တစ်လှမ်း၊ နှစ်လှမ်း၊ သုံးလှမ်း.....

ဘယ်သူမှ သူ့ကို အရေးမစိုက်နေဘူး။ အိုမီဂါရဲ့ တံခါးကလည်း ပိတ်နေဆဲပဲ။

ယန်ရှင်းကျီ တုန့်ဆိုင်းစွာ ပြေးထွက်သွားပြီးနောက် တံခါးမကြီးကို အားနဲ့ ပိတ်ခဲ့တာမို့ "ဘန်း"ဆိုတဲ့ အသံက ထွက်လာပြန်တယ်။

ကားစက်နှိုးသံက ထွက်ပေါ်လာပြီး ကားမီးရောင်က လမ်းထောင့်မှာ ပျောက်ကွယ်သွားခဲ့တယ်။ 

၅မိနစ်လောက် မောင်းလာပြီးနောက် ယန်ရှင်းကျီ ကားကို လမ်းဘေးမှာ ရပ်လိုက်ကာ ကားထဲက ထွက်လာတာနဲ့ စပြီး ကျိန်ဆဲနေတော့တယ်။

သူ့ဖုန်းကလည်း အချိန်ကိုက်ပဲ လင်းလာပြီး ချန်းအာဆီက နောက်ထပ် စာတစ်စောင် ရောက်လာတယ်။

[ချန်း] : ရှင်းကျီ မင်းဘယ်မှာလဲ? ငါတို့ အားလုံး မင်းကို စောင့်နေကြတာ သားကြီး။

သွားမယ်? ဘယ်ကို သွားရမှာလဲ?

ဘာကို စောင့်နေတာလဲ?

ယန်ရှင်းကျီ သူ့ရင်ထဲမှာ မီးတောက်နေသလို ခံစားရတယ်။ ရွှီရှန်း တံခါးကို ပိတ်လိုက်တဲ့အချိန်က စလို့ အဲ့ဒီမီးတောက်က သူ့ရင်ထဲမှာ ပိုဆိုးလာပေမဲ့ သူဟာ လုံးဝကို အကူအညီမဲ့နေသလို ခံစားရတယ်။ အဲ့ဒီ အေးစက်ပြီး ခံစားချက်မရှိတဲ့ မျက်လုံးတွေက သူဘာလုပ်လုပ် ခံစားချက် အရိပ်အယောင်လေး တစွန်းတစမှတောင် ထင်မကျန်နေခဲ့ဘူး။

အဲ့မျက်လုံးတွေထဲမှာ သူ့အတွက် နေရာမရှိသလိုပဲ။

စိုးရိမ်ပူပန်နေပြီး စိတ်တိုနေမိတယ်။ 

ယန်ရှင်းကျီ စီးကရက် တစ်လိပ်ကို ထုတ်ကာ မီးညှိဖို့ ပြင်လိုက်ပေမဲ့ အိမ်က တစ်စုံတစ်ယောက် ဆေးလိပ်ငွေ့ကြောင့် ချောင်းဆိုးတတ်တာကို သတိရသွားတယ်။

စီးကရက်ဟာ ဘေးကို ပစ်ခံလိုက်ရတယ်။

ပိုပြီးတောင် စိတ်ရှုပ်စရာ ကောင်းလာတာပဲ။

လမ်းတစ်လျှောက်မှာ လေအေးတစ်ချက်က တိုက်ခတ်သွားပြီးနောက် ယန်ရှင်းကျီ သူကုတ်အကျီ မဝတ်လာခဲ့ဘူးဆိုတာ သတိထားမိသွားတယ်။ သူ့အကျီလက်တွေထဲကို ‌အေးခဲမှုက တိုးဝင်လာခဲ့ကာ သူ့ကို တုန်ရီသွားစေတယ်။

သူကားထဲကို ပြန်ဝင်ကာ ပြတင်းပေါက်တွေကို ပိတ်လိုက်တယ်။ ယန်ရှင်းကျီ သူ့ဖုန်းကို ဖွင့်ကာ ချန်းအာကို ဘလက်လစ်ထဲ ပြတ်ပြတ်သားသားကို ထည့်ပစ်လိုက်တယ်။ 

အင်ဂျင်ဟာ အသက်ပြန်ဝင်လာပြီးနောက် မိနစ်၃၀ မကြာလိုက်ခင်လေးမှာပဲ "အိမ်က ထွက်ပြေး"လာတဲ့ ယန်ရှင်းကျီဟာ အိမ်ကို ပြန်ကွေ့လာ‌‌တော့တယ်။

ဒါပေမဲ့ တံခါးမကြီးက ခုနကအတိုင်းပဲ ပိတ်ထားတုန်းပဲ။ အယ်လ်ဖာက လက်တစ်ဖက်မှာ ကားသော့ကို ကိုင်ကာ ကျန်လက်တစ်ဖက်နဲ့ တံခါးကို ခေါက်လိုက်တယ်။ 

"ရွှီရှန်း တံခါးဖွင့်" ယန်ရှင်းကျီ အံကြိတ်လိုက်ကာ သူ့အသံက တင်းမာနေပေမဲ့လည်း အဆုံးသတ်မှာတော့ အသံက တုန်ရီဖျော့တော့နေတော့တယ်။

"အပြင်မှာ အရမ်းအေးတယ်"

__________

စာရေးဆရာ၏ မှတ်ချက် :

ယန်ရှင်းကျီ : ငါသွားမယ်! (ပြင်းထန်၊ အလွန်တရာမှ ပြင်းထန်နေ)

 နာရီဝက် ကြာသောအခါ : အပြင်မှာ အရမ်းအေးတယ် QAQ 


You are reading the story above: TeenFic.Net