နိုးစက်နာရီမြည်တာ အကြိမ်၁၀လောက် ရှိလာတဲ့အခါမှာတော့ ဟေ့ယန်ရှန်းက လက်ဆန့်ထုတ်လို့ ပိတ်လိုက်တယ်။ ဘေးနားမှာ ရှီဖုန်းက ဆက်အိပ်နေတုန်း။ နိုးလာမဲ့ ပုံလည်း မပေါ်သေးဘူး။ ပြောခဲ့တုန်းကကျ ဟေ့ယန်ရှန်းအတွက် မနက်တိုင်းထလို့ မနက်စာပြင်ပေးမယ်တဲ့။ ဒါပေမဲ့လည်း alarm မြည်နေတာကဖြင့် ကြာလှပြီ။ ဟေ့ယန်ရှန်းကပဲ နိုးသွားရတယ်။ ရှီဖုန်းက လှုပ်ပင် မလှုပ်လာ။
ဟေ့ယန်ရှန်းက အိပ်ယာပေါ်က ထလိုက်တယ်။ အင်္ကျီကိုကောက်ဝတ်လို့ ရေချိုးခန်းထဲ ရေမိုးချိုးပြီးတော့ မနက်စာပြင်ဖို့ မီးဖိုချောင်ဆီ သွားလိုက်တယ်။
ချုံဖုံးမြို့ဆီလာပြီး ရှီဖုန်းနဲ့အတူနေဖို့က ဟေ့ယန်ရှန်းရဲ့ ကိုယ်တိုင်ဆုံးဖြတ်ချက်ဖြစ်တယ်။ အဲဒါက အရမ်းစွန့်စားရာကျ မလားမသိပေမဲ့ သစိတ်လှုပ်ရှားဖို့ကောင်းလွန်းတဲ့အတွက် သူမငြင်းပယ်နိုင်ခဲ့ဘူး။ ဒီလိုမျိုး ခံစားချက်မရတာက အတော်ကလေး ကြာလှပြီ။ သူ့ကိုယ်သူ တက္ကသိုလ်ကျောင်းသား ဘဝပြန်ရောက်သွားပြီးတော့ သိပ်မကြာသေးခင်ကမှ ရွှီဖုန်းကျားနဲ့ တွေ့ခဲ့တဲ့ကာလဆီ ပြန်ရောက်သွားသလိုပဲ။ သူက အပေါ်ယံမှာ တည်ငြိမ်သယောင်ရှိပေမဲ့ သူ့နှလုံးသားလေးကတော့ လမ်းပျောက်သွားတဲ့ သမင်လေးလို ဂနာမငြိမ် စိတ်လှုပ်ရှားနေရတယ်။
တစ်ယောက်ယောက်က ခံစားချက်ကို ဆက်ပြီး ပျိုးထောင်မယ်ဆိုရင် ချစ်ခြင်းမေတ္တာအဖြစ် ပြောင်းလဲသွားလိမ့်မယ်။ ဒါပေမဲ့ စောစောပဲ ဟန့်တားလိုက်မယ်ဆိုရင်တော့ ဒီတိုင်း စိတ်လှုပ်ရှားမှုတစ်ခုအဖြစ်သာ နောက်ကျရင် မြင်ရလိမ့်မယ်။
ဟေ့ယန်ရှန်းက အရင်က တွေးဖူးတယ်။ သူနဲ့ ရှီဖုန်းမှာသာ အဆင်မပြေတဲ့ အတိတ်မရှိခဲ့ဘူးဆိုရင် စစကတည်းက သူ့ရှေ့ပေါ်လာတဲ့ ရှီဖုန်းနဲ့ပဲ ယခုလို ရှိရမယ်ဆိုရင် ပိုကောင်းမှာပဲ ဆိုပြီးတော့။ ဒါပေမဲ့ သေချာစဉ်းစားကြည့်တော့လည်း တကယ်လို့ ထိုအတိတ်တွေသာ မရှိဘူးဆိုရင် သူက ဒီထိလာပြီး ရှီဖုန်းက လက်ခံဖို့ ကြိုးစားမှာမဟုတ်ဘူး။ ဘာကြောင့်ဆို သူက သံသယဝင်ပြီးတော့ စိတ်ပူပန်နေရမှာ။ ထိုအဖြစ်အပျက်တွေကြောင့်ပဲ ဝေးကွာမှုနဲ့ ဆုံးရှုံးသွားမှုကို ခံရပြီးတဲ့ ယောကျ်ားတစ်ယောက်က အဆုံးထိ သူ့အပေါ်ပဲ ဆက်နစ်မြှုပ်နေသေးတယ်ဆိုရင် ဒီလိုလူမျိုးကမှအမှတ်ပိုရသင့်တာမဟုတ်ဘူးလား?
နောက်ဆုံးတော့လည်း အရာရာက ကျိုးကြောင်းဆီလျော်ပါတယ်။ ကမ္ဘာပေါ်မှာ မှန်းဆရ အခက်ဆုံးအရာက လူသားတွေရဲ့ နှလုံးသားပင်။ ပြီးတော့ လောင်းကြေးမထပ်သင့်ဆုံး အရာကတော့ ကိုယ်ကိုယ်တိုင်ရဲ့ ပျော်ရွှင်မှု။ ဟေ့ယန်ရှန်းအနေနဲ့ ရှီဖုန်းဆီ လာပြီးတော့ လက်ခံပေးခဲ့ပေမဲ့ သူ့စိတ်ထဲ သီးသန့်နေရာ တစ်ခုတော့ ရှိနေသေးတယ်။ ရှီဖုန်းက တစ်လှမ်းလောက် မှားလိုက်တာနဲ့ သူက ထွက်သွားဖို့ တွန့်ဆုတ်နေမှာ မဟုတ်ဘဲ ချက်ချင်းပျံသန်းသွားမှာပင်။ အများကြီး နာကျင်ခဲ့ရတဲ့သူတွေက သူတို့ကိုယ်သူတို့ ဂရုအစိုက်ဆုံး ဆိုတာ။
ရှီဖုန်းက နောက်မှ နိုးလာခဲ့တယ်။ သူက အိပ်ချင်မူးတူးရုပ်နဲ့ အခန်းထဲက ထွက်လာပြီး မီးဖိုချောင်ဆီ တိုက်ရိုက် လာခဲ့တယ်။
“ ခင်ဗျား ဘာလို့ ကျွန်တော့်ကို မနိုးလိုက်သလဲ?”
ဟေ့ယန်ရှန်းက ကြက်ဉကြော်နေတာဖြစ်တယ်။ “ နိုးစက်တောင် မနိုးပေးနိုင်တာ။ အဲဒါကြောင့် ကိုယ်လည်း မင်းကို နည်းနည်းလောက် ထပ်အိပ်ခိုင်းလိုက်တာ။”
ဒီမနက် မနက်စာက ကြက်ဉခရမ်းချဉ်သီးခေါက်ဆွဲဖြစ်တယ်။ တကယ်တမ်းတော့ သူတို့က မနက်စာကို အပြင်ထွက်စားနိုင်ကြပေမဲ့ ရှီဖုန်းက မရဘူး။ ဟေ့ယန်ရှန်းအတွက် မနက်စာ ကိုယ်တိုင်ပြင်ပေးမယ် ပြောပြီး အမယ်တွေကို ဝယ်လို့ ရေခဲသေတ္တာထဲ ထည့်ထားခဲ့တယ်။ မနက်ကျတော့ ထပြီး ကိုင်တွယ်လိုက်ရတဲ့သူက ဟေ့ယန်ရှန်းဖြစ်သွားတယ်။ ရှီဖုန်းလည်း အလျင်အမြန် ဆေးကျောလိုက်တယ်။ ဟေ့ယန်ရှန်းက ခေါက်ဆွဲနှစ်ပွဲချက်ပြီးလို့ ထမင်းစားပွဲဆီ သယ်လာတယ်။
ဒီအိမ်က ရှီဖုန်း ငှါးထားတဲ့ အိမ်ဖြစ်တယ်။ အိပ်ခန်းတစ်ခန်းရယ်၊ ဧည့်ခန်းတစ်ခု၊ထမင်းစားခန်း တစ်ခုနဲ့ ရေချိုးခန်းတစ်ခုပါတာကြောင့် လူနှစ်ယောက်စာ ကွက်တိပဲဖြစ်တယ်။
ပြီးတော့ ထမင်းစားခန်းက စားပွဲအကြီးကြီးမဆန့်ဘူး။ ခပ်သေးသေး လေးထောင့် စားပွဲတစ်ခုပဲ ရှိပြီး သူတို့နှစ်ယောက်က မျက်နှာချင်းဆိုင် ဝင်ထိုင်တယ်။
ရှီဖုန်းက ဖုန်းထုတ်လိုက်ပြီး ခေါက်ဆွဲစားရင်းနဲ့ ကြည့်နေတယ်။ ဟေ့ယန်ရှန်းက စားပြီးတော့မှာကို တွေ့တဲ့အခါ သူက လက်ကျန် ခေါက်ဆွဲတွေကို နှစ်လုတ် သုံးလုတ်လောက်နဲ့ အပြတ်ရှင်းလိုက်ပြီးတော့ ထရပ်လို့ နှစ်ယောက်လုံးရဲ့ ပန်းကန်တွေကိုဆွဲယူပြီး မီးဖိုချောင်ထဲ သွားဆေးတယ်။
ဟေ့ယန်ရှန်းက ပစ္စည်းတွေ ထည့်ပြီး ရုံးသွားဖို့ ပြင်ဆင်တယ်။
ရှီဖုန်း ငှါးထားတဲ့ အိမ်က ကုမ္ပဏီနဲ့ နီးနီးလေး။ သူတို့နှစ်ယောက် နေ့တိုင်းတောင် လမ်းလျှောက်သွာလို့ရတယ်။ ဒါပေမဲ့ ကုမ္ပဏီနဲ့ နီးလွန်းတော့ သူတို့က အတူမသွားကြဘဲ တစ်ယောက်ပြီးမှ တစ်ယောက်ထွက်လေ့ရှိတယ်။
ရှီဖုန်းက သူဂရုမစိုက်ဘူးလို့ ပြောတယ်။ သူ့အနေနဲ့ သူတို့နှစ်ယောက်ရဲ့ ပတ်သက်မှုကို လူသိရှင်ကြား ချပြဖို့ စိတ်ဆန္ဒရှိတယ်။ သူကတော့ သူတို့ရဲ့ ဆက်ဆံရေးကို လူသိရှင်ကြားလုပ်လိုက်ရင် ဟေ့ယန်ရှန်းအနေနဲ့ သူ့ဆုံးဖြတ်ချက်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်မှာပဲ လို့တွေးတယ်။ ဒါပေမဲ့ ဟေ့ယန်ရှန်းက ငြင်းလိုက်တယ်။
ဟေ့ယန်ရှန်းကိုယ်တိုင်လည်း အဲလိုအတင်းသတင်းတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးပြီ။ သူကိုယ်တိုင်းက ရှီဖုန်းလောက် အကောင်းမမြင်တတ်လို့ ဖြစ်မယ်။ အကယ်၍သာ လူသိရှင်ကြားတွဲမယ်ဆိုရင် ဒီအရာက သူတို့ရဲ့ စိတ်ခံစားချက်ကို ထိခိုက်စေရုံတင်မကဘဲ သူတို့ရဲ့ အလုပ်အကိုင်အပေါ်လည်း ထိခိုက်စေလိမ့်မယ်။ ပြီးရင် သူတို့ရဲ့ ကိုယ်ပိုင်ဘဝအကြောင်းကို သူများ ညစာစားရင် ပြောကြတဲ့ စကားခေါင်းစဉ်လည်း မဖြစ်စေချင်ဘူး။
မနက်ရောက်တော့ ဟေ့ယန်ရှန်းက သူ့ရုံးခန်းဆီ သွားလိုက်ပြီး တစ်နာရီကျော်လောက် ထိုင်လိုက်ရပြီးနောက်မှာတော့ စီးပွါးရေးဌာနရဲ့ မန်နေဂျာက သူ့ရုံးခန်းဆီလာပြီးတော့ ပရောဂျက်တစ်ခုနဲ့ ပတ်သက်ပြီး လာငြင်းခုံတယ်။
ဒီလိုအရာတွေက မကြာမကြာ ဖြစ်လေ့ရှိတဲ့ အရာတွေပဲ။ အစတုန်းကတော့ ဟေ့ယန်ရှန်းဒီလိုအရာတွေကို နေသားမကျဖြစ်သေးတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ သူက တည်တည်ငြိမ်ငြိမ်နဲ့ ဖြေရှင်းနိုင်နေပြီ။ သူက လူနှစ်ယောက်ငြင်းခုံနေကြတာကို ကော်ဖီသောက်ရင်းနဲ့ပဲ တည်ငြိမ်စွာနဲ့ နားထောင်နေတယ်။
အထွေထွေမန်နေဂျာ လက်ထောက်ရာထူးအတွက် အလကားသက်သက် ယှဉ်ပြိုင်ကြိုးစားလိုက်ရပြီးနောက် ဒီလူကြီးနှစ်ယောက်က သူတို့မျက်နှာဖုံးတွေကို ဖယ်လိုက်ပြီးတော့ ပေါ်ပေါ်လွင်လွင်ပဲ ချကြတော့တယ်။ တခါတလေ ဟေ့ယန်ရှန်းအနေနဲ့ တွေးမိတာက ဒီနှစ်ယောက်က ရလဒ်တစ်ခုအတွက် ငြင်းကြတာမဟုတ်ဘဲ ဒီတိုင်း ငြင်းခုံရတာကို သဘောကျနေကြတာများလို့။
ဒီပရောဂျက်နဲ့ပတ်သက်ပြီးတော့ ဟေ့ယန်ရှန်းက အထွေထွေမန်နေဂျာနဲ့ ဆွေးနွေးပြီးသွားပြီ။ သူ့စိတ်ထဲလည်း ရလဒ်က ရှိနေပြီးသား ဖြစ်ပေမဲ့ အချိန်မတန်ခင် ထုတ်မပြောချင်တာပဲဖြစ်တယ်။ သူက လူနှစ်ယောက်ပြောတာကို အမူအရာကင်းမဲ့စွာနဲ့ နားထောင်နေဟန်ပေါ်ပေမဲ့ တကယ်တမ်းတော့ သူ့စိတ်က ပြန့်လွင့်နေတာဖြစ်တယ်။
ကော်ဖီသောက်နေရင်းနဲ့ သူ့မျက်လုံးတွေက ကော်ဖီခွက်ကိုကျော်လို့ ဆိုဖာပေါ် ထိုင်နေတဲ့ ရှီဖုန်း မျက်နှာဆီ ရောက်သွားတယ်။
တကယ်တမ်းတော့ သူက ခုထိ တစ်လုံးမှ ဝင်မပြောရသေးဘူး။ သူက ဟေ့ယန်ရှန်းကိုပဲ စိုက်ကြည့်နေတယ်။
ဟေ့ယန်ရှန်းက ရှီဖုန်းကို ပြန်ကြည့်လိုက်ပြီး နည်းနည်းထိန်းထိန်သိမ်းသိမ်းနေဖို့ အရဲကြီး မရဲတင်းဖို့ အချက်ပြတယ်။
သို့ပေမဲ့လည်း ရှီဖုန်းက သတိမထားမိ။ သူ့အကြည့်တွေက ဟေ့ယန်ရှန်းမေးစေ့၊ လည်ချောင်းနဲ့ ညှပ်ရိုးတစ်ဝိုက် ပြီးတော့ခွက်ဖြူဖြူနဲ့ တစ်ရောင်တည်းလောက် ဖြူဖွေးတဲ့ လက်သွယ်သွယ်တွေဆီ ကျရောက်သွားတယ်။ သူ့လက်ချောင်းတွေက သွယ်ပြီးတော့ လက်သည်းတွေက ပန်းရောင်သန်းတယ်။ ပြီးတော့ သန့်ရှင်းနေပြီး အသားမာတက်တာမျိုးတွေလည်း မရှိဘူး။ သူ အဲ့လက်ချောင်းတွေကို ဆုပ်ကိုင်လိုက်တုန်းကဆို.. ရှီဖုန်းမှာ မနေနိုင်စွာနဲ့ ကိုယ်ကို မတ်လိုက်ပြီး တံတွေးမြိုချလိုက်မိတယ်။
ဟေ့ယန်ရှန်းက ကော်ဖီခွက်ကို ချလိုက်ပြီးတော့ ခနက ရှီဖုန်းအတွေးထဲ နေရာယူနေခဲ့တဲ့ လက်ချောင်းနဲ့ သူ့ကို လက်ညိုးထိုးလာတယ်။
“ ရှီဖုန်း မင်းရဲ့ ဒီဇိုင်းပလန်ကို ပြောပြပါ။” သူက နောက်ထပ် ဆက်နားမထောင်နိုင်တော့ဘဲ တာဝန်ခံနှစ်ယောက် ငြင်းခုံနေကြတုန်း ဖြတ်ပြောလိုက်တယ်။
ရှီဖုန်းက နာမည်အခေါ်ခံလိုက်ရတဲ့အခါ ဆိုဖာပေါ်က ချက်ချင်းထရပ်ပြီး အနေအထားကို မြန်မြန်ပြင်ဆင်လို့ ဘေးမှာချထားတဲ့ ဖိုင်အိတ်ကိုယူလိုက်တယ်။ ပြီးတော့ ဟေ့ယန်ရှန်းဆီ ဂရုတစိုက်နဲ့ ရှင်းပြလိုက်တယ်။
ရုံးခန်းတစ်ခုလုံးမှာ ရှီဖုန်းအသံပဲ ပြန့်လွင့်နေတယ်။ ရုတ်တရက် ဟေ့ယန်ရှန်းစိတ်အခြေအနေက ပိုကောင်းသွားသလိုပဲ။
မျက်မှန်နောက်က သူ့မျက်လုံးတွေက အောက်ကို စိုက်ကျပြီး ကော်ဖီခွက်ကို ပြန်ကြည့်တယ်။ သူ့စိတ်ကတော့ ဆက်ပြီး ပြန့်လွင့်နေတယ်။
စနေညနေမှာတော့ ဟေ့ယန်ရှန်းက သူ့အမေဆီ ညစာသွားစားရတယ်။ သောကြာညတုန်းက သူရှီဖုန်းကို ပြောလိုက်တယ်။ “ မနက်ဖြန် အတူတူသွားရအောင်။”
အဲဒီတုန်းက ရှီဖုန်းက လပ်တော့နဲ့ အကြံပြုစာတစ်ခုရေးနေတာ။ သူက ဟေ့ယန်ရှန်းစကား ကြားတဲ့အခါ အရမ်းအံ့သြသွားရသလိုနဲ့ ချက်ချင်းခေါင်းထောင်ကြည့်လာတယ်။
ဟေ့ယန်ရှန်းက ညနေတုန်းက ပါတီတစ်ခုက ပြန်လာတာဖြစ်ပြီး နည်းနည်းသောက်ထားတယ်။
သူတို့ တိုက်ခန်းမှာ စာကြည့်ခန်းမရှိဘူး။ အိပ်ယာနားက စားပွဲပေါ်မှာပဲ လုပ်ရတယ်။ ရှီဖုန်းက စားပွဲပေါ် ထိုင်ပြီး စာရိုက်နေတုန်း ဟေ့ယန်ရှန်းက ဘေးမှာရပ်ပြီး အင်္ကျီချွတ်နေတယ်။ သူက ကြယ်သီးကို ဖြုတ်လို့ နက်ကတိုင်ကို ဆွဲချွတ်လိုက်တယ်။ ပြီးနောက် ကော်လာကိုဖြန့်တယ်။
ရှီဖုန်းက ကီးဘုတ်ပေါ် ဆက်နှိပ်နေပြီးတော့ တစ်ခဏနေမှ ပြန်မေးလိုက်တယ်။ “ အန်တီ့ကို ကျွန်တော်တို့အကြောင်း ဖွင့်ပြောတော့မလို့လား?” သူ့အနေနဲ့ ဟေ့ယန်ရှန်းအမေက သူ့သားရဲ့ လိင်စိတ်တိမ်းညွှတ်မှုကို သိထားတယ်လို့ ရေးရေးလေး ခံစားမိတယ်။ တိုက်ရိုက်မေးဖို့ကျတော့ ခက်တယ်။
ဟေ့ယန်ရှန်းက သူ့ကို ပြန်ဖြေလာတယ်။ “ ဆိုပါတော့။” ပြီးနောက် သူက ထပ်ပြောတယ်။ “ မင်းဆန္ဒရှိရဲ့လား?”
“ အင်းပေါ့။” ရှီဖုန်းက ရုတ်တရက် ထရပ်လာကာ ဟေ့ယန်ရှန်းနောက်ဘက်ဆီ လျှောက်သွားလိုက်ပြီး သူ့လက်တွေကို ဟေ့ယန်ရှန်းခါးပေါ် တင်လိုက်တယ်။
ဟေ့ယန်ရှန်းကိုယ်ပေါ်မှာ အရက်နံ့ နည်းနည်းကျန်နေသေးတယ်။ ရှီဖုန်းက သူ့ခေါင်းကို ငုံ့ချပြီး တစ်ဖက်လူရဲ့ လည်တိုင်ပေါ် ကပ်လို့ အသက်ပြင်းပြင်းတစ်ချက် ရှူရှိုက်လိုက်တယ်။ ပြီးတော့ မသေချာ မရေရာစွာနဲ့ မေးတယ်။ “ ဒါက တရားဝင် မိသားစုနဲ့ တွေ့ဆုံပွဲလို့ မှတ်ယူလို့ရလား?”
“ ဒီတိုင်း ညစာစားကြရုံပဲ။” ဟေ့ယန်ရှန်းကလည်း ကိုယ်ကို မရုန်းလိုက်။ “ အများကြီး မတွေးနဲ့။”
ရှီဖုန်းက ထပ်ပြောတယ်။ “ ဘာပဲဖြစ်ဖြစ် ဒါက အရေးကြီးတာပဲ။ သွားပြီး ခင်ဗျားအမေနဲ့ တွေ့ကြမယ်။ ပြီးတော့ အန်တီ့ကို ခင်ဗျားက အခုဆို ကျွန်တော်နဲ့ ပျော်ပျော်ရွှင်ရွှင်နေနေပြီဖြစ်ကြောင်း ပြောပြကြမယ်။ အဲဒါမှ သူမလည်း အနာဂါတ်မှာ ခင်ဗျားအတွက် စိတ်မပူရမှာ?”
ဟေ့ယန်ရှန်းက ခပ်တိုးတိုး မေးလာတယ်။ “ ကိုယ်က မင်းနဲ့ ပျော်ပျော်ရွှင်ရွှင် နေနေတယ်လား?”
ရှီဖုန်းက သူ့စကားကြောင့် အေးခဲသွာားတယ်။ ဟေ့ယန်ရှန်းသာ သူ့ကို အဲ့မေးခွန်းမေးမယ်ဆိုရင် သူက သံသယမရှိစွာနဲ့ အရမ်းပျော်တယ်လို့ ဖြေမှာပင်။ ဒါပေမဲ့ ဟေ့ယန်ရှန်းအတွက်ကျတော့ သူက ဘယ်လိုအဖြေမျိုးလဲ ဆိုတာကို မသိသလို အဖြေကို ကြားဖို့လည်း ကြောက်နေမိတယ်။
သူက ဟေ့ယန်ရှန်းကို လွှတ်ပေးလိုက်ပြီးတော့ ဘာမဟုတ်တဲ့ အသံနဲ့ ပြောတယ်။ “ ခင်ဗျားပျော်သင့်တာက ပုံမှန်ပဲလေ။ ခင်ဗျားကောင်းကောင်းစား ကောင်းကောင်းအိပ်နေတာပဲ။ နေ့ရက်တွေက အရမ်းတော့မဆိုးပါဘူး။ ကောင်းမွန်နေတာပဲလေ။ ရေသွားချိုးတော့။ အဝတ်လဲလိုက်။ ကျွန်တော်မနက်ဖြန် အခြောက်လျှော်ဖို့ ယူသွားပေးမယ်။”
ဟေ့ယန်ရှန်းက ရှီဖုန်းကို ကြည့်ပြီးတော့ ဘာမှ ထပ်မပြော။ သူက အဝတ်ဗီရိုကို ဖွင့်ပြီးတော့ အတွင်းခံတစ်ခုနဲ့ ညအိပ်တစ်စုံကို ထုတ်ယူလိုက်တယ်။ ပြီးတော့ ရေချိုးခန်းထဲ ဝင်သွားလိုက်တယ်။
ရှီဖုန်းက ကုတင်နားပဲ ရပ်လို့ သီချင်းညည်းနေတယ်။ ဟေ့ယန်ရှန်းကတော့ သူ့ရုံးသွားဝတ်စုံပြည့်ကို ချွတ်ပြီး သေချာခေါက်လို့ နောက်ရက် မနက်စောစောထွက်ပြီး အဝတ်လျှော်ဆိုင် ယူသွားလို့ရအောင် အိတ်ထဲထည့်ထားလိုက်တယ်။
ရေချိုးခန်းထဲကနေလို့တောင် ရှိဖုန်းရဲ့ သီချင်းညည်းသံကို ကြားနေရဆဲ။ ဒါပေမဲ့ သူသိတယ်။ ရှီဖုန်းရဲ့ စိတ်အခြေအနေက ထင်သလောက် သက်သောင့်သက်သာရှိနေတာ မဟုတ်ဘူးဆိုတာ။ အခုနလေးက သူ့စကားလုံးတွေက ရှီဖုန်းအပေါ် မညှာမတာ သက်ရောက်မှု ဖြစ်သွားစေတယ် ဆိုတာကို သူသိတယ်။
တကယ်တမ်းတော့ သူနဲ့ အတူ ရှီဖုန်းကို လိုက်ခိုင်းတယ်ဆိုတာက သူတို့ ဆက်ဆံရေးကို သူ့အမေဆီ ဝန်ခံတာဖြစ်ပြီး သူ့အနေနဲ့ ရှီဖုန်းကို လက်ခံကြောင်း ပြတာပင်။ ဒါပေမဲ့လည်း တစ်ခါတလေ သူဒီတိုင်း တစ်ဖက်လူကို စကားလုံးနဲ့ အနိုင်ယူချင်စိတ်က ဖြစ်မိတယ်။ ဘယ်သူက သူ့ကို အရင်တုန်းက ဈေးပေါတဲ့ စကားတွေပြောပြီး အကြာကြီး နာကျင်စေခိုင်းခဲ့တာလဲ။
အခုအချိန်မှာတော့ ရှီဖုန်းက တခါတလေ စကားကို ပြောင်ပြောင်တင်းတင်းပြောလိုက်မိတဲ့အခါတွေဆို သူမှားသွားတယ်ဆိုတာကို ချက်ချင်းပြန်သဘောပေါက်မိတတ်တယ်။ ပထမဆုံး သူက ဟေ့ယန်ရှန်းကို တောင်းပန်တယ်။ ပြီးတော့ လူကောင်ကြီးကြီးနဲ့ ဝတ်ရည်စုပ်ယူနေတဲ့ ပျားလိုမျိုး သူ့ကို တွယ်ကပ်နေတတ်တယ်။ဟေ့ယန်ရှန်းက စိတ်မဆိုးတော့ဘူးဆိုတာကို မသေချာခင်အထိ သူ သက်ပြင်းမချရဲ။
ဟေ့ယန်ရှန်းအနေနဲ့လည်း ရှီဖုန်းက ဒီလိုမျိုးခက်ခဲနေရတယ်ဆိုတာကိုသိတယ်။ ဒါပေမဲ့လည်း သူ့အနေနဲ့ ရှီဖုန်းကို လက်ညိုးထိုးပြီး မင်းနဲ့ ထိုက်တန်တာပဲလေလို့ ပြောချင်နေမိတယ်။
ထိုညမှာ သူတို့နှစ်ယောက်က အိပ်ယာပေါ် လဲလျောင်းနေကြတယ်။ ရှီဖုန်းက အကျင့်အတိုင်း သူ့လက်တွေကို ဟေ့ယန်ရှန်းခါးပေါ် တင်ထားတယ်။ သူက စိတ်ပြန့်နေပြီး အိပ်ပျော်တော့မလို့ အချိန်ကျမှ ဟေ့ယန်ရှန်းစကားပြောလာတာကို ကြားလိုက်ရတယ်။
“ တကယ်တမ်းတော့ မဆိုးပါဘူး။”
ဟေ့ယန်ရှန်းက ပြန်နိုးလာပြီး ဟေ့ယန်ရှန်းကို မေးတယ်။ “ ဘာက မဆိုးတာလဲ?”
ဟေ့ယန်ရှန်းက ပြန်ဖြေတယ်။ “ တကယ်တမ်း အခုအခြေအနေမှာ ဘဝကြီးက မဆိုးပါဘူးလို့။”
ရှီဖုန်းက မျက်လုံးတွေကို ဖွင့်လိုက်ပြီး အမှောင်ထဲက ဟေ့ယန်ရှန်းမျက်နှာကို တစ်ခဏကြည့်လိုက်တယ်။
“ အဲဒါဆိုလည်း ပိုကောင်းအောင် လုပ်ကြတာပေါ့။ ဟုတ်ပြီလား?”
ဟေ့ယန်ရှန်းက တစ်ခန တိတ်ဆိတ်နေပြီးမှ ပြန်တုန့်ပြန်လာတယ်။
“ ကောင်းပါပြီ။”
ၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐ
[I find the scenes in this chapter quite realistic... ]
You are reading the story above: TeenFic.Net