Extra 2

Background color
Font
Font size
Line height


စနေနေ့ ညစာအတွက် ရှီဖုန်းတစ်ယောက် အလွန်စိတ်လှုပ်ရှားနေခဲ့တယ် ဆိုတာကို ဟေ့ယန်ရှန်းမြင်နိုင်ခဲ့တယ်။

ထိုနေ့ နေ့လည်တုန်းက ရှီဖုန်းက အိပ်ယာထဲ တစ်ရေးတမောအိပ်နေသေးကာ အဆင်ပြေနေပုံပေါ်ပေမဲ့ ပြန်နိုးလာတာနဲ့ ချက်ချင်းပဲ အဝတ်ဗီရိုမှာ ဝတ်ဖို့ အဝတ်အစားကို မွှေနှောက်ရှာတော့တယ်။ နှစ်စုံခန့်လဲ ပြီးမှ အကြိုက်တွေ့ရကာ နဖူးပေါ် ချွေးသီးပင် သီးနေလေပြီ။

ဟေ့ယန်ရှန်းကတော့ စားပွဲပေါ် ကွန်ပျူတာတစ်လုံးနဲ့ ထိုင်နေပြီး စာရွက်စာတမ်းတွေကိုကြည့်နေတာဖြစ်တယ်။ သူက ခေါင်းကို မော့လို့ ပြတင်းပေါက်အပြင်ဘက်ကို ကြည့်လိုက်တယ်။ အပြင်မှာ မှောင်လာပြီဖြစ်ပြီး ကောင်းကင်ကြီးက တိမ်တိုက်များနဲ့ ဖုံးလွှမ်းနေဟန်ရကာ အုံ့မှိုင်းလို့နေတယ်။ မကြာခင် မိုးရွာတော့မှာပဲ။

ရှီဖုန်းကတော့ ကုတင်ဘေးရပ်လျက် ညအိပ်ဝတ်ကို ခေါက်နေရာမှ ဆိုလာခဲ့တယ်။ “ ခနနေ မိုးရွာမယ်နဲ့တူတယ်။ မှောင်မဲနေတာပဲ။”

ဟေ့ယန်ရှန်းက ပြန်တုန့်ပြန်တယ်။ “ရပါတယ်။ ကားမောင်းသွားမှာပဲဟာ။”

ရှီဖုန်းက မောင်းခြင်း သောက်ခြင်းနှင့် ပတ်သက်၍ ဆက်စပ်တွေးလိုက်မိကာ ဟေ့ယန်ရှန်းအား မေးလိုက်တယ်။ “ အန်ကယ် သောက်တတ်လား?”

ဟေ့ယန်ရှန်းက သူ့ကို မော့ကြည့်လာတယ်။ “ အင်း၊ ဒါမဲ့ အများကြီးတော့ မသောက်ပါဘူး။ မစိုးရိမ်နဲ့။”

ရှီဖုန်းက ဟေ့ယန်ရှန်းနောက်ဘက်ဆီ လျှောက်လာလိုက်တယ်။ ပြီးနောက် လက်ကိုလှမ်းလို့ ဟေ့ယန်ရှန်းမေးကို ပင့်လိုက်ကာ ကိုယ်ကိုကိုင်းလျက် အနမ်းတစ်ချက်ပေးတယ်။ အချိန်တစ်ခုကြာမှ ပြန်လွှတ်ပေးပြီး ပြောတယ်။ “ အင်း၊ သောက်ရမှာကို စဉ်းစားမိတော့ စိတ်လှုပ်ရှားလာလို့။”

ဟေ့ယန်ရှန်းက ရှီဖုန်းတကယ်တမ်းဘာဖြစ်နေသလဲဆိုတာကို ဖော်ထုတ်မနေတော့ပါ။ ရှီဖုန်းရဲ့ စိုးရိမ်စိတ်က သူ့အဖေလေးနဲ့အတူ သောက်ရမှာကြောင့်မဟုတ်ပဲ သူကိုယ်တိုင်က ယနေ့ည ညစာကို မိဘတွေနဲ့ တရားဝင်တွေ့ဆုံမှုအနေနဲ့ မှတ်ယူနေလို့ဖြစ်တယ် ဆိုတာ။ သူက ရှီဖုန်းကို စိုးရိမ်နေစရာမလိုဘူးလို့ ပြောချင်ပေမဲ့ ထိုသို့ပြောလည်း အသုံးမဝင်ဘူးဆိုတာကို သိတဲ့အခါ ပြောမနေတော့ချေ။

ညနေ ငါးနာရီလောက်မှာ ကားလမ်းပိတ်မှာကို စိုးသည့်အတွက် သူတို့နှစ်ယောက် စောစောထွက်လာကြတယ်။

ရှီဖုန်းက လူကြီးတွေအတွက် ကျန်းမာရေးပစ္စည်းဖာနှစ်ဖာ ဝယ်ထားပြီး လက်ကဆွဲလာတယ်။ သူ အိမ်ပေါ်ထပ်ရောက်တော့ ဟေ့ယန်ရှန်းက ပြောတယ်။ သူက အရမ်းချဲ့ကားလွန်းနေပြီတဲ့။

ရှီဖုန်းကလည်း ပြန်ပြောလေတယ်။ “ အန်တီ့အတွက် အမွေးပွ ဆွယ်တာဝယ်လာပေးမလို့ဟာ ခင်ဗျားပဲ မလိုဘူးပြောလို့။”

“ အမေတို့ လန့်သွားလိမ့်မယ်။ အဲဒါလည်း မလိုအပ်ဘူး။”

ရှီဖုန်းက သူ့အနေနဲ့ မှန်ကန်တဲ့အရာ ဘာတစ်ခုမှ မလုပ်နိုင်ဘူးပဲလို့တွေးပြီး စိတ်ပျက်သွားမိတယ်။ သို့ပေမဲ့ သူက စိတ်ဓာတ်ပြည့်ဖြည့်လိုက်ကာ ပြောတယ်။ “ ဒီတစ်ခေါက်တော့ ထားလိုက်တော့။ နောက်ကျအန်တီနဲ့ ပိုသိကျွမ်းလာတဲ့အခါမှ တစ်ခုခုဝယ်ပေးတော့မယ်။ အန်တီ့မွေးနေ့က ဘယ်တော့လဲ?”

ဟေ့ယန်ရှန်းက ရှီဖုန်းအမူအရာ နည်းနည်းပြောင်းလဲသွားတာကို သတိထားမိလိုက်တယ်။ သူက ပြောလိုက်တယ်။ “ မားမွေးနေ့ကျရင်တော့ လက်ဆောင်ဝယ်ဖို့ အတူတူလိုက်ခဲ့ပေးမယ်။”

ရှီဖုန်းက ပျော်ရွှင်သွားမှုကို မထိန်းချုပ်နိုင်။ သူ့လက်နှစ်ဖက်လုံး ပစ္စည်းသယ်ထားရသည့်အတွက် ဟေ့ယန်ရှန်းကို မဖက်နိုင်ပေမဲ့ သူက ပြုံးလိုက်ပြီး ဆိုတယ်။

“ အိုကေပါ။”

ဟေ့ယန်ရှန်းက တံခါးခေါင်းလောင်းကို တီးလိုက်တယ်။

ဟေ့ယန်ရှန်းအမေရဲ့ အသံက ဦးဆုံး အထဲကနေ ထွက်လာတယ်။ သူမက ‘ဝင်လာပါ’ ဆိုတာကို အသံရှည်ဆွဲလို့ ပြောနေပြီး စိတ်လှုပ်ရှားနေမှန်း သိသာတယ်။

ဟေ့ယန်ရှန်းရဲ့ လိင်စိတ်တိမ်းညွှတ်မှုနဲ့ ပတ်သက်ပြီး ဟေ့ယန်ရှန်းအမေက အစကတော့ လက်မခံနိုင်ခဲ့ဘူး။ သို့ပေမဲ့လည်း နှစ်တွေအကြာကြီး တွန်းလိုက် ဆွဲလိုက်ဖြစ်နေပြီးနောက်မှာတော့ အမေတစ်ယောက်အနေနဲ့ သူ့သားက မိန်းမတွေကို လက်ခံနိုင်မှာမဟုတ်ဘဲ ယောကျ်ားတွေနဲ့သာ အဆင်ပြေလိမ့်မယ်ဆိုတာကို တဖြည်းဖြည်း သဘောပေါက်သွားရတယ်။ မပြောင်းလဲနိုင်တဲ့ အမှန်တရားဆိုမှတော့ သူ့သားက တစ်သက်လုံးတစ်ယောက်တည်း နေသွားရမဲ့အစား တစ်ယောက်ယောက်နဲ့ အတည်တကျနေဖြစ်သွားတာကမှ ပိုကောင်းပါအုံးမယ်။

တံခါးက အထဲဘက်မှ ဖွင့်လာတာဖြစ်တယ်။

သူ့အမေက အဝါရောင် ရင်ကွဲသိုးမွေးအင်္ကျီကို ဝတ်ဆင်ထားပြီး ဆံပင်လည်း အခုမှ လေမုတ်ထားပုံရလို့ တစ်ကိုယ်လုံးက သပ်ရပ်ကျော့ရှင်းနေတာကို သတိထားမိလိုက်တယ်။

သူ့အမေက ဟေ့ယန်ရှန်းကို အရင်ကြည့်တယ်။ ပြီးမှ ရှီဖုန်းကို ကြည့်ပြီး ပြောလာတယ်။

“ဝင်လာလေ။”

ရှီဖုန်းက သူဝယ်လာတဲ့ လက်ဆောင်တွေကို လှမ်းပေးလိုက်တယ်။ ဟေ့ယန်ရှန်းအမေက လက်ခံယူလိုက်တယ်။ ပြီးနောက် ပြောသေးတယ်။

“မောင်ရင်က အရမ်းကောင်းတာပဲ။ အရင်တစ်ခေါက်က ကိစ္စနဲ့ ပတ်သက်လို့တောင် မင်းကို အန်တီက သေချာ ကျေးဇူးမတင်ရသေးဘူး။”

ရှီဖုန်းက အလျင်အမြန်ပြန်ငြင်းတယ်။ “အန်တီကမှ အရမ်းသဘောကောင်းလွန်းတာပါ။ ကျွန်တော် ကူညီပေးတာကဖြင့် နည်းနည်းလေးပေမဲ့ အကြာကြီးထိ မှတ်ထားပေးတယ်။”

ဟေ့ယန်ရှန်းရဲ့ အဖေလေးကတော့ ရှေးရိုးဆန်တဲ့ လူကြီးလူကောင်းတစ်ယောက်ဖြစ်တယ်။ သူ့အနေနဲ့ သူတို့ကလေးက ဂေးဖြစ်နေတယ်ဆိုတာကို လက်မခံနိုင်ဘူး။ ဒါပေမဲ့လည်း ဟေ့ယန်ရှန်းက သူ့သားအရင်းမဟုတ်တဲ့အခါ သူလည်း သူ့ဘောင်အတွင်းမှာပဲနေဖို့ ကြိုးစားရင်း ဟေ့ယန်ရှန်းနဲ့ ရှီဖုန်းကို ယဉ်ယဉ်ကျေးကျေးပဲ ကြိုဆိုတယ်။ သူတို့နှစ်ယောက်ရဲ့ အတွင်းရေး ပတ်သက်မှုကို လျစ်လျူရှုထားပြီးတော့ပေါ့။

သူ့အမေက သူတို့နှစ်ယောက်ကို နှုတ်ဆက်ပြီးနောက် ထိုင်စေတယ်။ သူတို့လေးယောက်ပဲ ရှိတာပေမဲ့ စားပွဲဝိုင်းအပြည့် ဟင်းတွေကို ပြင်ဆင်ထားပေးတယ်။

ဟေ့ယန်ရှန်းက သူ့အဖေလေးကို ပြောလိုက်တယ်။ “ ကျွန်တော်က ကားမောင်းရမှာဆိုတော့ ရှီဖုန်းပဲ အဖေနဲ့ သောက်ဖို့ အဖော်ဖြစ်ပေးလိမ့်မယ်။”

သူ့အဖေလေးက ခေါင်းညိတ်လို့ ဝိုင်ခန်းကိုသွားပြီး ဝိုင်ပုလင်းတစ်ခု ယူထုတ်လာတယ်။ ရှီဖုန်းကတော့ တစ်ကိုယ်လုံး တောင့်တင်းနေပြီး ခပ်ငြိမ်ငြိမ်ကလေးထိုင်နေတယ်။ ဟေ့ယန်ရှန်းက သူ့နောက်ကနေ ဖြတ်သွားတဲ့အခါ သူ့ပုခုံးပေါ် ခပ်ဖွဖွ ပုပ်ပေးလိုက်တယ်။ ပြီးနောက်မှ သူ့ဘေးနေရာဆီ သွားလို့ထိုင်တယ်။

သူ့အမေလည်း ဝင်ထိုင်ပြီး ရှီဖုန်းကို ကြည့်လာတယ်။ သူမအတွက်တော့ ရှီဖုန်းနဲ့ပတ်သက်ပြီး အမြင်က အစကတည်းက ကောင်းနေပြီးသား။ ဟေ့ယန်ရှန်းရဲ့ အရင်က ရည်းစားနဲ့တုန်းကနဲ့ ဆန့်ကျင်ဘက်။ အဲ့ကောင်လေးနဲ့ ဟေ့ယန်ရှန်းကွဲသွားတာ ကြာလှရှိပြီဆိုပေမဲ့လည်းပေါ့။

တကယ်တမ်းတော့ သူမရဲ့တွေးခေါ်မှုအပေါ် ဂရုစိုက်ဖို့လိုတယ်။ အဲဒီတုန်းကတော့ သူ့သားကို ယောကျ်ားတစ်ယောက်နဲ့ အတူရှိတာကို သဘောမကျခဲ့ရုံသာဖြစ်တယ်။ သူက ရွှီဖုန်းကျားကို ဘယ်လိုပဲကြည့်ကြည့် အမြဲအမြင်စောင်းနေတတ်ပြီး စိတ်တိုင်းမကျဖြစ်တယ်။

ရှီဖုန်းက အရပ်လည်း ရှည်ပြီး ချောလည်း ချော၊ ဆေးရုံမှာတုန်းက ယဉ်ကျေးသိမ်မွေ့တဲ့ စိတ်သဘောထားလည်းရှိတာကို သိရတဲ့အခါ သူမအနေနဲ့ လက်ခံပေးနိုင်မိတယ်။
တကယ်တမ်း သူ့သားအတွက် ရေရှည်ဆက်ဆံရေးတည်ဆောက်ဖို့ ရှီဖုန်းက ကောင်းမွန်တဲ့ ရွေးချယ်မှုဖြစ်တယ်။

ညစာစားပွဲမှာ ဟေ့ယန်ရှန်းနဲ့ ရှီဖုန်းတို့ ပတ်သက်မှုနဲ့ ပတ်သက်ပြီး ဘယ်သူမှ မပြောလာခဲ့။ သူတို့စိတ်ထဲ အလိုလို နားလည်ထားကြပြီဖြစ်ပြီး အပေါ်ယံမှာတော့ ဒီတိုင်း မိတ်ဆွေ လုပ်ဖော်ကိုင်ဖက်အနေနဲ့သာ ပြောဆိုဆက်ဆံနေကြတယ်။

ဘာပဲဆိုဆို ဒီလို သဘောထားမျိုးထားပေးနိုင်တာကပဲ သူတို့နှစ်ယောက်အတွက် အလွန်ကောင်းမွန်နေပြီဖြစ်တယ်။

သူတို့ အမေအိမ်ဆီက ထွက်လာကြတော့ အပြင်မှာ မိုးရွာနေပြီဆိုတာကို သတိထားမိလိုက်ကြတယ်။

ရပ်ကွက်ဟောင်းဖြစ်တဲ့အတွက် မြေအောက်ခန်း ကားပါကင်က ပြည့်နေတယ်။ သူ့ကားကိုတော့ အနီးနားက လမ်းဘေးမှာ ရပ်ထားခဲ့တာဖြစ်တဲ့အတွက် သူတို့မိနစ်အနည်းငယ်‌ေလာက် လမ်းလျှောက်လိုက်ရမယ်။

သူတို့နှစ်ယောက်က ထီးလည်း မယူလာခဲ့မိကြ။

ရှီဖုန်းက အဆောက်အအုံ တံခါးပေါက်ရှေ့ ရပ်ရင်း အပြင်ကိုကြည့်လို့ ပြောတယ်။ “ ကျွန်တော် ပြန်သွားပြီး ထီးယူလိုက်အုံးမယ်။”

ဟေ့ယန်ရှန်းကတော့ ကောင်းကင်ကိုမော့ကြည့်လို့ ပြန်ပြောတယ်။ “ မလိုဘူး။ ဒီတိုင်း ကားဆီရောက်တဲ့ထိ လမ်းလျှောက်သွားရအောင်။” ပြောပြီးတော့ သူအရင် အပြင်ကို ထွက်လိုက်တယ်။

ရှီဖုန်းက သူထွက်သွားတာကို မြင်တဲ့အခါ နောက်ကနေ အမြန်လိုက်တယ်။ ပြီးနောက် ပြေးနေရင်းနဲ့ သူ့ကုတ်အင်္ကျီကို ချွတ်လိုက်တယ်။ ဟေ့ယန်ရှန်းကို မီတဲ့အခါမှာ သူ့ကုတ်ကို ဟေ့ယန်ရှန်းခေါင်းပေါ် ခြုံပေးလိုက်ပြီး ဟေ့ယန်ရှန်းလက်ကိုဆွဲလို့ ရှေ့သို့ ခေါ်သွားတယ်။

သူတို့နှစ်ယောက်က အဆောက်အအုံကနေလို့ လက်ချင်းတွဲပြေးလာကြပြီး ကားထဲဝင်ကြတာဖြစ်တယ်။

ဟေ့ယန်ရှန်းက ကုတ်အင်္ကျီကို ပြန်ချွတ်လို့ ရှီဖုန်းကို ပြန်ပေးတယ်။ ဟေ့ယန်ရှန်းက အင်္ကျီကို ပြန်ယူလိုက်ရင်း ပြောလာတယ်။

“ နှစ်သစ်ကျရင် ကျွန်တော်နဲ့ အတူလိုက်ခဲ့မလား?”

ဟေ့ယန်ရှန်းက ပြန်မဖြေ။ တိတ်တိတ်ကလေးပဲ သူ့ကို ကြည့်နေတယ်။

ရှီဖုန်းက ဝိုင် အများကြီးမဟုတ်ပေမဲ့ နည်းနည်းသောက်ထားတယ်။ ထို့အတွက် သူ့ခေါင်းက ရှင်းလင်းနေသေးပြီး နှလုံးခုန်သံလည်း အနည်းငယ် မြန်နေတယ်။ သူက ထိုစကားကို ပြောပြီးနောက် အကြာကြီး ထပ်မပြောဘဲ စောင့်နေတယ်။ “ မေ့လိုက်တော့။ မသွားတာ ပိုကောင်းပါတယ်။”

ဟေ့ယန်ရှန်းက စက်နိုးလိုက်ပြီး ပြောတယ်။

“မသင့်တော်သေးဘူးလို့ ထင်တယ်။”

ရှီဖုန်းက အနည်းငယ် စိတ်ဓာတ်ကျသွားပုံရတယ်။ သူက လက်ကိုမြှောက်လို့ သူ့ရှေ့ဆံပင်နဲ့ မျက်နှာပေါ်က မိုးရေတွေကို သုတ်လိုက်တယ်။ “ ကျွန်တော့် မိဘတွေက သေချာပေါက် ဆန့်ကျင်ကြမှာပဲ။”

ဟေ့ယန်ရှန်းက ချက်ချင်း ခပ်တိုးတိုးရယ်လိုက်တယ်။ “ သူတို့ ဆန့်ကျင်မယ်ဆိုတာကို မင်းသိနေတာပဲ။ အနာဂါတ်ကျရင် ဘယ်လိုလုပ်မလဲ?”

ရှီဖုန်းက ပြန်ပြောတယ်။ “ ဘာပဲဖြစ်ဖြစ် ကျွန်တော် ပြောပြဖို့တော့ လိုတာပဲ။ ကျွန်တော်တစ်ယောက်တည်း သွားပြီး အရင်ပြောပြထားလိုက်မယ်။”

ဟေ့ယန်ရှန်းက ထိုစကားကို ကြားတဲ့အခါ ရှီဖုန်းဘက် ပြန်လှည့်ကြည့်လာတယ်။

ရှီဖုန်းက သူ့ဆံပင်က ရေတွေကို လက်ချောင်းတွေနဲ့ ထပ်ခါထပ်ခါ သုတ်နေတယ်။

“ ကျွန်တော် စဉ်းစားကြည့်ပြီးသွားပြီ။ ကျွန်တော် ပထမဆုံးပြောတဲ့အချိန်တော့ သူတို့ အရမ်းစိတ်ဆိုးကြလောက်တယ်။ ခင်ဗျား အဲလိုကြုံတွေ့ရဖို့ လိုက်မလာသင့်သေးဘူး ဆိုတော့ ကျွန်တော် တစ်ယောက်တည်း သွားပြီး ရင်ဆိုင်တာက ပိုကောင်းပါတယ်။”

ဟေ့ယန်ရှန်းက ရုတ်တရက် ထိုမြင်ကွင်းနဲ့ ထိုနာကျင်ဖို့ကောင်းတဲ့ စကားလုံးတွေကို မြင်ယောင်လိုက်ရကာ စိတ်မကောင်းဖြစ်သွားတယ်။ သူက ပြောလိုက်တယ်။

“ မင်း မခံနိုင်လောက်ဘူး။”

“ကျွန်တော် ခံနိုင်မှာပါ။” ရှီဖုန်းက ယုံကြည်ချက်အပြည့်နဲ့ ပြန်တုန့်ပြန်တယ်။

ဟေ့ယန်ရှန်းက ပြန်မေးတယ်။ “ ဘယ်လိုသိနိုင်မှာမို့လို့လဲ?”

ရှီဖုန်းက ရုတ်တရက် ပြုံးလာတယ်။

“ ခင်ဗျားအကြောင်းတွေးလိုက်တာနဲ့ ဘယ်လို ဖိအားမျိုးမဆို ကျွန်တော် သီးခံနိုင်တယ်။ ခင်ဗျားကို ဆုံးရှုံးရမှာကမှ အဆိုးရွားဆုံးအရာပဲလေ မဟုတ်ဘူးလား?”

ဟေ့ယန်ရှန်းတစ်ယောက် ရှီဖုန်းရဲ့ လွန်လွန်ကျူးကျူးစကားကို မတုန့်ပြန်နိုင်တော့။ သို့သော်လည်း ထိုကောင်လေးကြောင့် သူ့နှလုံးသားအတွင်းထဲက တစ်နေရာက လှုပ်ခါသွားရတယ်ဆိုတာကိုတော့ မငြင်းနိုင်ခဲ့။

နှစ်သစ်ကူး အားလပ်ရပ်မှာ ရှီဖုန်းက မွေးရပ်မြေ ပြန်သွားတယ်။

ဟေ့ယန်ရှန်းကတော့ ချုံဖုန်းမြို့မှာပဲ နေထားပြီး နှစ်သစ်ကူးညစာစားဖို့ သူ့အမေအိမ်ဆီသွားလိုက်သေးတယ်။ ကျန်တဲ့အချိန်တွေမှာတော့ သူအိမ်မှာပဲနေတယ်။

ရှီဖုန်းက နှစ်သစ်ကူးအကြိုညမှာပဲ ဖုန်းဆက်လာပြီး အဲနောက်မှာတော့ သတင်းမကြားရတော့။

ရှီဖုန်း မသွားခင်တုန်းက အပြန်လက်မှတ်ကိုလည်း တစ်ခါတည်း ဝယ်သွားခဲ့တယ်။ နှစ်သစ် ပဉ္စမမြောက်နေ့ နေ့လည် သုံးနာရီမှာ သူ့ကို လေဆိပ်မှာ သွားကြိုဖို့ စီစဉ်ထားခဲ့ကြတယ်။

ဟေ့ယန်ရှန်းက နှစ်နာရီမှာ အိမ်ကနေ ကားနဲ့ စထွက်လာတယ်။ လေဆိပ် မော်တော်ကားလမ်း ထွက်ပေါက်ကိုရောက်တော့ အဲဒီမှာ ကားအက်ဆီးဒန့်တစ်ခု ဖြစ်လို့ ကားလမ်းပိတ်နေတာကို သိလိုက်ရတယ်။ သူက ပြန်လှည့်ထွက်ပြီး တခြား လမ်းအဟောင်းဘက်ကနေ ပြန်ဝင်လိုက်ရတယ်။ လမ်းတစ်လျှောက် ကားအတော်လေး ကြပ်နေတယ်။ သူက လေဆိပ်ကားပါကင်ဆီ ရောက်တဲ့အချိန် သုံးနာရီတောင် ထိုးနေပြီ။ ရှီဖုန်းလေယာဉ် ဆိုက်တာ အချိန်အနည်းငယ် ကြာလောက်ရှိပြီ။

ဟေ့ယန်ရှန်းက ဖုန်းကို ထုတ်ကြည့်ပေမဲ့ ရှီဖုန်းဆီက ဖုန်းခေါ်ဆိုထားမှုကို မတွေ့ရဘူး။
ရုတ်တရက်ပဲ ဟေ့ယန်ရှန်းခေါင်းထဲ အတွေးတစ်ခုက ဝင်လာခဲ့တယ်။ ရှီဖုန်းက ဖိအားကိုခံနိုင်လို့ ပြန်လာတော့ဖို့ ဆုံးဖြတ်လိုက်တာများလား? ဒါမှမဟုတ် ရှီဖုန်း မိဘတွေက သူ့ကို ပြန်သွားနိုင်အောင် အခန်းထဲ ပိတ်ခတ်ထားလိုက်ပြီး ဆရာဝန်နဲ့တွေ့ခိုင်းတာ ဒါမှမဟုတ် blind date သွားတွေ့ဖို့ အတင်းခိုင်းနေပြီများလား?

ထိုလက်တွေ့မကျတဲ့ အတွေးတွေက ဟေ့ယန်ရှန်းရဲ့ ခြေလှမ်းတွေကို ပိုမြန်ဆန်လာစေပြီး စိုးထိတ်မှုကို ဖြစ်လာစေတယ်။

သူက ခရီးသည်စောင့်ဆိုင်းနေရာထိ သွားလိုက်သည့်အခါမှ သူ့အတွေးတွေက ဒီတိုင်း အသုံးမဝင်တဲ့ ဂယောင်ခြောက်ခြားအတွေးတွေသာဖြစ်ကြောင်း သဘောပေါက်သွားရတယ်။ ဘာလို့ဆို သူဝင်ဝင်လိုက်ချင်း ခရီးဆောင်အိတ်ပေါ် ထိုင်နေတဲ့ ရှီဖုန်းကို တွေ့လိုက်ရလို့ဖြစ်တယ်။

ရှီဖုန်းရဲ့ အနက်ရောင်ဂျက်ကက်က ဇစ်ဖြုတ်ထားလျက် ခေါင်းအောက်စိုက်လို့ ထိုင်နေခဲ့တယ်။ ရှိဖုန်းက အရပ်ရှည်တဲ့အခါ အိတ်ပေါက်ထွက်သွားမှာကို ဟေ့ယန်ရှန်းစိုးရိမ်လိုက်မိတယ်။ သူ့ရဲ့ ခေါင်း၊ ပုခုံး၊ လက်မောင်းတွေက အားလျော့နေပြီး ခေါင်းလည်း စိုက်ကျနေလို့။

ဟေ့ယန်ရှန်းက ရှီဖုန်းဆီလျှောက်သွားလိုက်တယ်။

ရှီဖုန်း ခေါင်းမော့လာတဲ့အခါ သူ့မျက်လုံးထောင့်တွေက အနာတရဖြစ်နေပြီး ပါးစပ်ထောင့်မှာလည်း ပေါက်နေသေးတယ် ဆိုတာကို တွေ့လိုက်ရတယ်။ ရှီဖုန်းက ပြောလာတယ်။ “ကျွန်တော့်သွားတစ်ချောင်း နှဲ့သွားပြီ။”

“ ဘယ်သူလုပ်တာလဲ?” ဟေ့ယန်ရှန်းက မေးတယ်။

“ကျွန်တော့် အဖေ”

“ မင်း ပြန်တော့ မလုပ်ခဲ့ဘူးမလား?” သူက ရှီဖုန်းကို ဆွဲထူပေးရင်း ဆိုတယ်။

ရှီဖုန်းလည်း ထရပ်ကာ လည်ပင်းကို လှုပ်လိုက်ပြီး “ မလုပ်ပါဘူး။ အဖေက နောက်ပြန်မလာနဲ့တော့တဲ့။”

ဟေ့ယန်ရှန်းက သူ့ခရီးဆောင်အိတ်ကို ဆွဲပေးတယ်။

“ ပြန်သွားမှာလား?”

ရှီဖုန်းက ပြန်ဖြေတယ်။ “ နောက်ရက်နည်းနည်းကြာမှ မားကို ဖုန်းခေါ်လိုက်မယ်။”

ဟေ့ယန်ရှန်းက ရှေ့မှာ လျှောက်နေတာဖြစ်တယ်။ ထိုအချိန် ရှီဖုန်းက သူ့ကို ခေါ်လာတယ်။

“ ဟေ့ယန်ရှန်း ”

ဟေ့ယန်ရှန်းလည်း ကိုယ်ကိုလှည့်လို့ ပြန်ကြည့်တယ်။ ရှီဖုန်းက ရပ်နေရင်း ပြောလာတယ်။

“ ကျွန်တော် ဆက်သွားနိုင်တယ်။”

ဟေ့ယန်ရှန်းက ခေါင်းညိတ်တယ်။

“ ကိုယ်သိတယ်။ သွားစိုက်ဖို့ အရင်သွားချင်လား?”

ရှီဖုန်းက သူ့လက်ကို မြှောက်လို့ သူ့ပါးကို ထိကြည့်လိုက်ရင်း “ မနက်ဖြန်မှ အဲဒါနဲ့ ပတ်သက်ပြီးဆွေးနွေးရအောင်။ အခုတော့ တစ်ခုခု အရင်သွားစားရအောင်။ ဗိုက်ဆာနေပြီ။”

ဟေ့ယန်ရှန်းက သူ့လက်ကို လှမ်းပေးလိုက်တာ။

“လာခဲ့။”

ၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐ

Random thought from me;

ဟေ့ယန်ရှန်းက မကြိုက်တော့ဘူးဆိုရင် သူ့ရည်စားဟောင်း သေကြောင်းကြံပြရင်တောင် ပြန်မလှည့်လာတဲ့သူဆိုတော့ သူရှီဖုန်းဆီ လိုက်လာခဲ့တာက တကယ် ရှီဖုန်းကို သဘောကျနေလို့ဆိုတာ သိသာလှပါတယ်။ စကားလုံးတွေနဲ့ ထုတ်မပြောတာက သပ်သပ်ပေါ့။

Anyway I am so happy they  finally decided to accept their hearts and to be together. Their story officially ends here. ...

အကယ်၍ တစ်ယောက်ဆို တစ်ယောက် ပိတောက်ဆိုပိတောက် ချစ်ခြင်းမျိုးကိုသဘောကျတယ်ဆိုရင် Guanshun mountain ကို အားပေးလို့ရပါတယ်  <⁠(⁠ ̄⁠︶⁠ ̄⁠)⁠>


You are reading the story above: TeenFic.Net