သို့သော် ကံကောင်းစွာနဲ့ပဲ ထိုကာလမှာ သူ့အာရုံကို လွဲစေထားနိုင်မဲ့ ကိစ္စတစ်ခုပေါ်ပေါက်လာခဲ့တယ်။ အဲဒါကတော့ သူတို့ရုံးခွဲထဲမှာ လက်ထောက်ဒါရိုက်တာရာထူးလွတ်လပ်နေကာ ရှီဖုန်းတို့ ဌာနခေါင်းဆောင်နဲ့ တခြားဌာနတစ်ခုက ခေါင်းဆောင်တို့က ထိုရာထူးအတွက် ယှဉ်ပြိုင်ကြတယ်။
ရှီဖုန်းက လတ်တလောမှာ သူတို့ဠာနက လက်ထောက်မန်နေဂျာဖြစ်တယ်။ ပြီးတော့ သူနဲ့ သူတို့ မန်နေဂျာကလည်း သင့်တင့်မြတ်မြတ်ရှိတယ်။
ထိုရာထူးအတွက် ယှဉ်ပြိုင်လျက်ရှိတဲ့ ခေါင်းဆောင်နှစ်ဦး၏ လတ်တလောရာထူးမှာလည်း အတူတူပင်ဖြစ်တယ်။ ရှီဖုန်းလည်း အနည်းငယ် စိတ်သောကရောက် နေရတယ်။ သူ့ခေါင်းဆောင်သာ ရာထူးတက်သွားရင် အင်းပေါ့ အကောင်းဆုံးဖြစ်မှာပေါ့။ အဲလိုဆို သူလည်း ဌာနခေါင်းဆောင်ဖြစ်လာနိုင်တယ်။ အဲလိုမဟုတ်ပါက သူက ဆက်ပြီးတော့ နောက်လိုက်နေရပြီး ဆက်ဖိနှိပ်ခံနေရအုံးမှာပင်။
ဒီယှဉ်ပြိုင်နေစဉ်ကာလအတွင်းမှာ သူတို့ဌာနတစ်ခုလုံးက ခေါင်းစ ခြေအဆုံးဖိအားခံစားနေရတယ်။ သူတို့က နေထိုင်တာရော စားတာရော ကုမ္ပဏီမှာပဲ လုပ်ရပြီး သူတို့ စိတ်ဝိညာဉ်တစ်ခုလုံးကို အနားယူခွင့်မရှိဘဲ အလုပ်ထဲမှာပဲ နှစ်မြှုပ်ထားရသလိုပင်။
တရားဝင်ယှဉ်ပြိုင်တိုက်ခိုက်မှုအတွက် နောက်ကွယ်မှာ ရုန်းကန်ကြိုးစားရသည့်ကာလက တစ်လကျော်ကြာမြင့်ခဲ့တယ်။ ရုံးချုပ်ကနေလို့ မေ့ဆေ့ချ်တစ်ခုဝင်လာတဲ့ အခါမှသာလျင် သူတို့အားလုံး ပြန်ငြိမ်သက်သွားနိုင်ခဲ့တယ်။ လက်ထောက်ဒါရိုက်တာရာထူးကို ရုံးခွဲကလူတွေကို မတိုးမြှင့်ပေးတော့ပဲ ရုတ်တရက်ပဲ ရုံးချုပ်က လူတစ်ယောက်ကိုပဲ ရွှေ့ပြောင်းခန့်အပ်လိုက်တယ်လို့ ဆိုတယ်။
ဘယ်သူ့ကို လွဲခန့်လိုက်မှန်းတော့ သတင်းအစအနက မထွက်လာသေး။
ရှီဖုန်းက အဆင်ပြေနေသေးပေမဲ့ မန်နေဂျာကတော့ ညှိုးငယ်သွားပြီဖြစ်တယ်။ သူက ရှီဖုန်းနဲ့ သီးသန့်ညစာတွေစားပြီး ထိုအချိန်တိုင်းမှာလည်း အရက်အတော်သောက်ဖြစ်သွားတယ်။ သောက်ပြီးနောက်မှာလည်း ကုမ္ပဏီဘက်မှ တရားမျှတမှုမရှိခြင်းကို ညည်းညူတယ်။
ရှီဖုန်းက အဲဒါကို နားထောင်လို့ သောက်ပြီးသွားတဲ့အခါလည်း အပြင်မှာ ထိုကဲ့သို့ လျှောက်မပြောဖို့ သတိပေးရတယ်။
နောက်လဝက်လောက်ကြာတဲ့အခါမှ ရုံးချုပ်ကနေလို့ လက်ထောက်မန်နေဂျာအသစ်က အစီရင်ခံဖို့ လေယာဉ်စီးပြီး ရောက်လာခဲ့တယ်။
ရှီဖုန်းက သူ့အလုပ်ကို လုပ်နေပေမဲ့ သူတို့ရုံးခန်းထဲက ကောင်မလေးတစ်ယောက်က စိတ်ဝင်တစားနဲ့ အပြင်ပြေးထွက်ကြည့်တယ်။
သူမက ရုံးခန်းအတွင်းဘက် ခေါင်းကို ပြန်လှည့်လာပြီး
ရုံးချုပ်ကနေ ပြောင်းလာတဲ့သူဖြစ်ပြီး သိကျွမ်းနှံ့စပ်တဲ့သူလည်းဖြစ်တဲ့ ရှီဖုန်းက သူသိနိုင်လောက်တယ်လို့ တွေးပြီး ခေါင်းထောင်ကာ သာမန်ကာမျှ မေးလိုက်တယ်။
“ သူ့နာမည်က ဘာတဲ့လဲ?”
ကောင်မလေးက ပြန်ဖြေတယ်။ “မသိဘူး။ သူက မျက်မှန်နဲ့ ယဉ်ကျေးပုံတော့ရတယ်။ ပြီးတော့ ကြည့်ကောင်းတယ်။ အနောက်တိုင်းဝတ်စုံနဲ့လည်း တကယ် ခန့်ညားတာပဲ။”
ရှီဖုန်းက ခေါင်းပြန်ငုံ့သွားပြီး ကွန်ပျူတာ ဆက်နှိပ်တယ်။ နှစ်လုံးလောက် နှိပ်ပြီးမှ သူရုတ်တရက် တစ်ခုခုကို အမှတ်ရသွားကာ ခေါင်းဆတ်ခနဲ ပြန်မော့လာမိတယ်။
ကောင်မလေးက အချိန်တခနလောက် စဉ်းစားပြီးမှ “ သူ့မျိုးရိုးနာမည်က ‘ဟေ့’ လို့ပြောသလိုပဲ။”
ရှီဖုန်းက ချက်ချင်းမတ်တပ်ထရပ်မိတယ်။ သူကအရပ်ရှည်ပြီးတော့ သူ့ခြေတံရှည်တွေကို ကီးဘုတ်အောက် စားပွဲအောက်ပိုင်းမှ ချထားတယ်။ အဲဒါကြောင့် သူထရပ်ပြီးမှ နာကျင်မှုကြောင့် မျက်နှာရှုံမဲ့သွားတယ်။ သို့ပေမဲ့ သူနာကျင်မှုပျောက်သွားတဲ့အထိ စောင့်နေဖို့ အချိန်မရှိတာကြောင့် အချိန်မဆွဲဘဲ အခန်းအပြင်ဘက် ခပ်သွက်သွက် ထွက်သွားတယ်။
ရုံးခန်းထဲက လူတွေက အချင်းချင်း ကြည့်မိကြတယ်။ ရုတ်တရက် ဘာများ စိတ်ဝင်စားစရာ ရှိသွားရတာလဲလို့ပေါ့။
ရှီဖုန်းက လမ်းတစ်လျှောက် လက်ထောက်မန်နေဂျာရဲ့ တည်နေရာကို မေးမြန်းစုံစမ်းသွားတယ်။ နောက်ဆုံးမှာ လှေကားထိပ်က အထွေထွေမန်နေဂျာရဲ့ ရုံးခန်းဆီရောက်လာတဲ့အခါ သူထပ် မချည်းကပ်ရဲတော့။
လက်ထောက်မန်နေဂျာအသစ်က အထွေထွေမန်နေဂျာရဲ့ ရုံခန်းထဲမှာဆိုတာကို သူသိထားတယ်။
သူက ရုံးခန်းအပြင်မှာ စိတ်လှုပ်ရှားစွာနဲ့ မိနစ်၂၀ကျော်မျှ ရပ်စောင့်လိုက်ရပြီးနောက်မှာမှ အထွေထွေမန်နေဂျာရုံးခန်းတံခါးဖွင့်လာတာကို တွေ့လိုက်ရတယ်။ ပြီးတော့ ဟေ့ယန်ရှန်းက ဦးစွာ ထွက်လာတယ်။
သူတို့နှစ်ယောက်က အချင်းချင်း ကြည့်မိသွားကြတယ်။ ရှီဖုန်းက ရှေ့တစ်လှမ်းတိုးလာတော့မလို့အချိန်မှာပဲ ဒုဉက္ကဠအပါအဝင် တခြားသော စီနီယာအလုပ်အမှုဆောင် အဖွဲ့ဝင်တွေကလည်း အထွေထွေမန်နေဂျာရုံးခန်းထဲက ထွက်လာကာ ဟေ့ယန်ရှန်းကို အပြုံးနဲ့ နှုတ်ဆက်နေကြတာကြောင့် ရှီဖုန်းက ပြန်ရပ်တန့်လိုက်ရတယ်။
ဟေ့ယန်ရှန်းကတော့ ရှီဖုန်း မရှိသကဲ့သို့ပဲ ထိုလူတွေနဲ့ပဲ လက်ဆွဲနှုတ်ဆက်နေလျက်ရှိတယ်။
ရှီဖုန်းက ဝမ်းနည်းသွားကာ ကိုယ်ကိုလှည့်လို့ ထွက်ခွါလာခဲ့လိုက်တယ်။
လှေကားထစ်ကနေ အောက်ဆင်းလာနေရင်းနဲ့ ရှီဖုန်းက သူ့ကိုသူ လှောင်ပြောလိုက်တယ်။ သူက အများကြီးတွေးနေမိတာလို့။ အင်းပေါ့ ဟေ့ယန်ရှန်းက ရာထူးတိုးတာကို လက်ခံပြီး ဒီကို ပြောင်းရွှေ့လာတာပဲ ဖြစ်မှာပဲ။ ပြောင်းလာတိုင်း သူ့ကြောင့်မို့လို့မှ ပြောလို့မရတာ။
ရှီဖုန်းက သူ့ရုံးခန်းဆီ ပြန်လာပြီး သွားထိုင်နေခဲ့တယ်။ ရုံးတွင်းသုံး ဖုန်းသံက မြည်လာခဲ့တယ်။ အတွင်းရေးမှူးရုံးခန်းကနေ ခေါ်တာဖြစ်ပြီး လက်ထောက်မန်နေဂျာအသစ်က သူ့ကို သူ့ရုံးခန်းဆီ လာခဲ့ဖို့ ခေါ်ခိုင်းတယ်လို့ ပြောလာတယ်။
ရှီဖုန်းက တခနာတာသော အချိန်အပိုင်းအခြားလေးအတွင်းမှာ ပျော်ရွှင်ခြင်းကိုရော ဝမ်းနည်းမှုကိုရော ခံစားခဲ့ရတယ်။ အခုအချိန်မှာတော့ သူအလှည့်အပြောင်းတွေကို သီးမခံနိုင်တော့တာကြောင့် တည်တည်ငြိမ်ငြိမ်နဲ့ပင် ‘အိုကေ’လို့ပဲ ပြန်ဖြေလိုက်တယ်။
သူက ရုံးခန်းကနေ ထွက်ခွါလာပြီး ဓာတ်လှေကားစီးကာ ဟေ့ယန်ရှန်းရုံးခန်းဆီ သွားလိုက်တယ်။ သူက တံခါးခေါက်မလို့ လက်ကို လှမ်းမိတဲ့အချိန်မှာ သူ့လက်တွေက အနည်းငယ် တုန်ရီနေတာကို သတိထားလိုက်မိတယ်။
ဟေ့ယန်ရှန်းက ဆွဲဆောင်မှုရှိတဲ့ အသံ ဩဩနှင့်ပင် ထူးလာခဲ့တယ်။
“ ဝင်ခဲ့ပါ။”
ရှီဖုန်းက တံခါးဖွင့်ပြီး အထဲဝင်သွားလိုက်တယ်။ ကြီးမားတဲ့ စာရေးခုံနောက်မှာ ဟေ့ယန်ရှန်းထိုင်နေတာကို တွေ့လိုက်ရကာ ခေါ်လိုက်တယ်။
“မန်နေဂျာ ဟေ့”
ဟေ့ယန်ရှန်းက မျက်နှာထားတည်တည်ငြိမ်ငြိမ်နှင့်ပင် လက်မှာတော့ ဘောပင်တစ်ချောင်းကို ကိုင်ထားလျက်ရှိတယ်။ ရှီဖုန်းဝင်လာပြီး ရုံးခန်းတံခါးကို ပိတ်လိုက်ပြီးနောက်မှာမှ သူက ထိုင်ခုံပေါ်ကနေ ထလာကာ စားပွဲနောက်ကနေလို့ စားပွဲကို ဝေ့ပတ်ကာ လျှောက်လာခဲ့တယ်။
ရှီဖုန်းက အကြည့်ဗလာနဲ့ ဟေ့ယန်ရှန်းရှေ့ရပ်နေမိတယ်။ ဟေ့ယန်ရှန်းကမူ တိတ်တဆိတ် သက်ပျင်းချလိုက်ပြီး စားပွဲပေါ် မှီလိုက်တယ်။ သူ့ရဲ့လက်ထဲမှာတော့ လက်မှတ်ထိုးတဲ့အခါသုံးတဲ့ ဘောပင်ကို အနည်းငယ် ပတ်လှည့်နေပြီးပြောတယ်။
“ ကိုယ်ဒီကို ပြောင်းလာတာ ။”
ရှီဖုန်းက ဘာပြန်ဖြေရမှန်း မသိတာကြောင့် ခေါင်းပဲညိတ်လိုက်ကာ ‘ကျွန်တော်သိတယ်’ လို့ တုန့်ပြန်လိုက်တယ်။
ဟေ့ယန်ရှန်းက ဆက်ပြောတယ်။
“ ကိုယ်မနေ့က လေယာဉ်နဲ့လာခဲ့တာ။ ပစ္စည်းတွေက ဟိုတယ်မှာ ရှိနေတုန်းပဲ။ ကိုယ်အိမ်ငှါးဖို့ အချိန်လည်း မရခဲ့ဘူး။ မင်းဆီမှာ အချိန်တစ်ခုလောက်အတူနေလို့ ရမလား?”
ရှီဖုန်းက သူနားယောင်မိနေတာလို့ တွေးမိတယ်။ သူ့မှာ အစစ်အမှန်ကမ္ဘာနဲ့ ပုံရိပ်ယောင်ကမ္ဘာကြားက အပိုင်းအခြားကို မခံစားတတ်တော့။ သူက ပြူးကျယ်လျက်ရှိသော မျက်လုံးတွေနဲ့ပဲ ဟေ့ယန်ရှန်းကို ကြည့်နေမိတယ်။
ဟေ့ယန်ရှန်းက ထပ်မေးတယ်။
“ အဲလိုလုပ်လို့ ဖြစ်မလား?”
ရှီဖုန်းမှာ သူ့ကိုယ်သူ ထပ်မချုပ်သည်းနိုင်တော့။ သူ့မျက်လုံးတွေက နီရဲလျက်ရှိနေကာ နှုတ်ခမ်းထောင့်တွေလည်း ကွေးညွတ်လာလျက် မျက်ရည်ကျမိပေမဲ့ ပြုံးရယ်နေရင်း ပြောလိုက်တယ်။
“ ရတာပေါ့။ ကျွန်တော်နဲ့ တစ်ဘဝလုံး အတူနေပါလား?”
ဟေ့ယန်ရှန်းမှာလည်း တစ်ဖက်လူရဲ့ ခံစားချက်ကူးစက်ခံလိုက်ရတယ်။ သူက ပြောလိုက်တယ်။
“ အဲဒါကတော့ မင်းအပေါ်မှာ မူတည်တယ်။ မင်းတစ်သက်လုံးနေနိုင်လောက်လား မနေနိုင်လောက်လားဆိုတဲ့အပေါ်။”
“ နေနိုင်တာပေါ့”
ရှီဖုန်းက ရှေ့ကိုလျှောက်လှမ်းလာကာ တစ်ဖက်လူကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်တယ်။ ပြီးနောက် “ နေနိုင်တယ်။” ဆိုသည့်စကားလုံးကို နောက်ထပ်နှစ်ကြိမ် ထပ်ပြောလိုက်တယ်။
ဒီ ‘နေနိုင်တယ်’ ဆိုတဲ့ အခွန်းသုံးခွန်းထဲမှာ ပထမအကြိမ်ထက် နောက်အကြိမ်တွေမှာ အသံက ပိုပို ကျယ်လာလျက်။ ပိုပို သေချာနေလျက်သားပင်။
ဟေ့ယန်ရှန်းက သူ့နားနားကပ်၍ ပြောတယ်။
“ အသံလျှော့အုံး။ ”
ရှီဖုန်းက တစ်ဖက်လူကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားလျက် အားရပါးရ ခေါင်းညိတ်ကာ နောက်ထပ် မိနစ်အနည်းငယ် ကြာတဲ့အထိ ဘာမှ ထပ်မပြောနိုင်တော့။ နောက်မှပဲ သူက ဟေ့ယန်ရှန်းကို ပြောလာခဲ့တယ်။
“ ကျွန်တော် ခင်ဗျားကို ချစ်တယ်။”
ဟေ့ယန်ရှန်းလည်း တစ်ခုခုပြောချင်ပေမဲ့ သူဘာမှ မပြောရသေးခင် ရှီဖုန်းက ဆက်ပြောလာပြန်တယ်။
“ ခင်ဗျား ဘာမှ ပြောစရာမလိုပါဘူး။ ကျွန်တော် ခင်ဗျားကို ချစ်တယ်ဆိုတာကိုပဲ သိထားပေး။”
ကျွန်တော်က ကမ္ဘာပေါ်မှာ အကောင်းဆုံးအရာတွေကို ခင်ဗျားကိုပေးမယ်။ အမှန်တရားက ရက်စက်နေမယ်ဆိုရင်တောင် ကျွန်တော်က ကျွန်တော့်ရဲ့လက်တွေနဲ့ နတ်သမီးပုံပြင်တစ်ပုဒ်ကို ဖန်တီးပေးမယ်။ ကျွန်တော်တို့က ဒီပုံပြင်လေးထဲမှာ ကျွန်တော်တို့ တစ်ဘဝလုံးကို ဖြတ်သန်းကြမယ်။
ၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐ ပြီးပါပြီ။ ၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐ
You are reading the story above: TeenFic.Net