တကယ်တမ်းတော့ အစကတည်းက ဟေ့ယန်ရှန်းကို ဦးဆုံးချဉ်းကပ်ခဲ့တဲ့သူက ရှီဖုန်းဖြစ်တယ်ဆိုတာက အထင်အရှားပင်။ ပြီးတော့ ဟေ့ယန်ရှန်းကိုယ်တိုင်ကလည်း သူ့ကို မတွန်းလှန်နိုင်ခဲ့တော့ တဖြည်းဖြည်းချင်း ရှီဖုန်းနဲ့ ပိုပို ရင်းနှီးလာခဲ့တာဖြစ်တယ်။ အခုတော့ မျက်စိတစ်မှိတ်အချိန်အတွင်းမှာပဲ ရှီဖုန်းက သူကပဲ လှည့်စားတယ်ဆိုပြီး စွပ်စွဲပြန်တယ်။ ပြီးတော့ သူကပဲ ရှီဖုန်းကို လက်မလွတ်ခဲ့တာတဲ့။
ဟေ့ယန်ရှန်းလည်း အရမ်းဒေါသထွက်သွားတယ်။ အဲဒီစားသောက်ဆိုင်ကနေ သူ့ကုတ်အင်္ကျီကို ဆွဲယူပြီး ထွက်သွားလိုက်တယ်။ ပြီးတော့ သူ့ဖုန်းကို ထုတ်ပြီး ရှီဖုန်းရဲ့ ဖုန်းနံပါတ်ကို ဖျက်လိုက်တယ်။
သူအဲဒီည အိမ်ပြန်ရောက်တဲ့အခါ ရေခဲသေတ္တာဖွင့်ပြီး ရေသန့်တစ်ဘူးထုတ်ယူလို့ မတ်တပ်ရပ်လျက် နဲ့ တစ်ဘူးလုံးကုန်အောင် သောက်လိုက်တယ်။
ရေအေးအေးကြောင့်မို့ သူ့စိတ်က နည်းနည်းပြန်ပြေသွားတယ်။ သူတစ်ညလုံး ခံစားခဲ့ရတဲ့ မကျေမချမ်းမှုတွေက ဖြည်းဖြည်းစီ ကွယ်ပျောက်သွားတယ်။
ဟေ့ယန်ရှန်းက လက်တစ်ဖက်နဲ့ ရေခဲသေတ္တာတံခါးကို ထောက်ထားပြီး ခါးခါးသီးသီးရယ်လိုက်တယ်။ သူ့ကိုယ်သူ ဒေါသမထွက်မိဖို့လည်း ပြောတယ်။ ဘာဒေါသထွက်စရာ အကြောင်းမှ မရှိတာ။ သူဒီလို ဆက်ဆံခံရတာက ပထမဆုံးအကြိမ်လည်း မဟုတ်ဘူး။ လူ့အသိုင်းအဝိုင်းထဲမှာဆို သူ့လိုလူမျိုးတွေကို ပုံမှန်မဟုတ်တဲ့လူလို့ မှတ်ယူကြတယ်။ သူ့အနေနဲ့ တစ်ယောက်ယောက်က သူ့ကို နားလည်ပေးပြီး ပုံမှန်လူလို ဆက်ဆံပေးဖို့ ချည်းကပ်လာမှာကို ဘယ်လိုတောင် မျှော်လင့်ရဲခဲ့ရတာလဲ?
ဒီအတိုင်း သူအထင်မှားခဲ့မိရုံပဲ မဟုတ်လား?
သူက တစ်ဘူးလုံးကုန်အောင် သောက်ပြီးတဲ့နောက် ဘူးခွံကို ပစ်လိုက်ပြီး ရေချိုးခန်းထဲဝင်လို့ သူ့လက်တွေကို ဆေးလိုက်တယ်။ လက်ဆေးရည်နဲ့ သူ့လက်နှစ်ဖက်စလုံးကို ဆေးခဲ့တယ်။ အရေပြားတောင် ခွါလှန်တော့မလို့ထိ။ အဲဒီနောက်သူက ကြမ်းတိုက်ဝတ်ကို ယူလို့ သန့်ရှင်းရေးစလုပ်တယ်။ တစ်ညထဲမှာတစ်အိမ်လုံးကို ပြောင်လက်နေအောင် သန့်ရှင်းရေးလုပ်လိုက်ကာ ရေချိုးလိုက်ပြီးနောက်မှပဲ မောပန်းမှုကြောင့် အိပ်ပျော်သွားခဲ့တယ်။
အဲဒီနေ့ကနေစပြီး ဟေ့ယန်ရှန်းက ရှီဖုန်းနဲ့ ဝေးဝေးနေဖို့ စိတ်ဆုံးဖြတ်ချလိုက်တယ်။ ရှီဖုန်းလည်း အဲလိုလုပ်မယ်ဆိုတာ ကျိန်းသေတယ်။ နောက်ကြာသွားတဲ့အခါ ဒီအကြောင်းကို မေ့သွားကြဖို့မျှော်လင့်တယ်။
ဒါပေမဲ့ ကိစ္စတွေက လူတွေမျှော်လင့်ထားသလို မဖြစ်လာတတ်တာက သဘာဝပဲထင်တယ်။
ဘယ်သူလုပ်မှန်း မသိပေမဲ့ ကုမ္ပဏီက လူတစ်ယောက်က ဟေ့ယန်ရှန်းက ရှီဖုန်းကို ကြိုက်နေတာဆိုပြီး သတင်းဖြန့်တယ်။
အစကတော့ ဟေ့ယန်ရှန်းအနေနဲ့ ရှီဖုန်းများ သူနဲ့ ဆက်ဆံရေးဖြတ်တောက်ဖို့ တမင်သက်သက်သတင်းဖွတာများလားလို့ တွေးခဲ့သေးတယ်။ ဒါပေမဲ့လည်း သိပ်မကြာခင်ပဲ အဲ့အတွေးကို ပယ်လိုက်တယ်။ သူရှီဖုန်းနဲ့ အချိန်အကြာကြီး သိခဲ့တာ။ ရှီဖုန်းက ညင်းညူရတာ ကြိုက်တဲ့လူမျိုး ဆိုပေမဲ့ သူ့ရဲ့ ပင်ကိုယ်စရိုက်က တည့်တိုးဆန်တယ်။ ရှုပ်ရှုပ်ထွေးထွေးတွေ တွေးနေမဲ့လူမျိုးမဟုတ်ဘူး။
သေချာစဉ်းစားပြီးနောက်မှာတော့ သူ့ကို အမြင်မကြည်တဲ့ ကုမ္ပဏီကလူတစ်ယောက်ယောက်က ဖြန့်ခဲ့တာဖြစ်မယ်လို့ တွေးမိသွားတယ်။
ရယ်ဖို့ကောင်းတယ်။ သူ့အနေနဲ့ ဘယ်သူကိုမှ စော်ကားဖူးတာလည်း မဟုတ်ဘူး။ အလုပ်မှာဆိုရင်လည်း မထင်မရှားဘဲနေတယ်။ ဒါပေမဲ့ သူက ဂေးဆိုတာနဲ့ပဲ သူ့ကို အမြင်စောင်းနေကြတဲ့သူတွေက ရှိကာ သူ့ရဲ့ ကိုယ်ပိုင်ကိစ္စတွေကိုလည်း အတင်းသတင်းဖြန့်လေ့ရှိကြတယ်။
ဟေ့ယန်ရှန်းက ရှီဖုန်းကို ကြိုက်နေတာ၊ အဲဒါကို ရှီဖုန်းက သိသွားတော့ သူနဲ့ ခပ်ခွါခွါနေတော့တယ်လေ။
ရပါတယ်။ ဟေ့ယန်ရှန်းက ကိစ္စမရှိဘူးလို့တွေးလိုက်တယ်။ လူတွေရဲ့ အတွေးအမြင်က သူနဲ့မဆိုင်ဘူး။
ဒါပေမဲ့ ရှီဖုန်းကတော့ မတည်ငြိမ်နိုင်ဘူး။
သူက ဟေ့ယန်ရှန်းတစ်ယောက် ဂေးဆိုတာကို သိသွားကတည်းက စပြီး ဟေ့ယန်ရှန်းကို ပစ်ပစ်ခါခါ စကားတွေ ပြောခဲ့တဲ့အချိန်တွေထိ မငြိမ်မသက်ခံစားရတယ်။
တစ်ဖက်မှာ သူက ဟေ့ယန်ရှန်းသူ့ကို အစကတည်းက ရှင်းရှင်းလင်းလင်းမပြောခဲ့လို့ အပြစ်တင်တယ်။ဒါမဲ့တစ်ဖက်မှာတော့ သူကိုယ်သူ ဆီလျော်မှု ရှိမနေဘူးလို့ တွေးမိတယ်။ တကယ်တမ်း ဒီကိစ္စမှာ ဟေ့ယန်ရှန်းက အပြစ်မရှိဘူး။ ဒါပေမဲ့ သူက မနေနိုင်ဘဲ သူ့ဒေါသတွေကို ဟေ့ယန်ရှန်းအပေါ် ဖောက်ထုတ်မိတယ်။
အထူးသဖြင့် ဟေ့ယန်ရှန်းက သူ့ကိုကြိုက်နေတယ်ဆိုတဲ့ ကောလဟလကြားပြီးကတည်းကဖြစ်တယ်။ အစကတော့ သူ့ကို ဂေးလို့ထင်ကြတာကို ရပ်တန့်လိုက်နိုင်ပြီလို့တွေးပြီး စိတ်သက်သာရာရသွားပေမဲ့ နောက်တော့ ဟေ့ယန်ရှန်းလည်း နည်းနည်းတော့ မှားတာပဲလို့ တွေးမိလာတယ်။
သူက ဟေ့ယန်ရှန်းရဲ့ လိင်စိတ်တိမ်းညွတ်မှုနဲ့ပါတ်သက်ပြီး နည်းနည်းရွံရှာစိတ်လည်း ဖြစ်တယ်။ ဒါပေမဲ့ သူ ဟေ့ယန်ရှန်းကိုတော့ ကြိုက်တယ်။ ဟေ့ယန်ရှန်းနဲ့ အကြာကြီးရင်းနှီးဆက်ဆံလာပြီးနောက်မှာ ဟေ့ယန်ရှန်းက သူ့အပေါ် ကောင်းတဲ့ အမြင်ရှိစေနိုင်ခဲ့တယ်။ အဲဒါကြောင့် လူတွေက ဟေ့ယန်ရှန်းကို ရွံရှာသလို စပ်စုသလို ကြည့်တာမျိုးလည်း မဖြစ်စေချင်ဘူး။
ဒါပေမဲ့ သူ ဟေ့ယန်ရှန်းနဲ့ ဆက်သွယ်တာကို ရပ်လိုက်တယ်။ တစ်ချိန်တည်းမှာပဲ သူက straight စစ်စစ်ဆိုတာကို သက်သေပြဖို့ ကုမ္ပဏီက အလုပ်သင်အသစ်ကို ပစ်မှတ်ထားကာ အဲဒီငယ်ငယ်ရွယ်ရွယ်နဲ့ လှပတဲ့ မိန်းကလေးကို လိုက်ပိုးဖို့ ဆုံးဖြတ်လိုက်တယ်။
ရှီဖုန်းက ဟေ့ယန်ရှန်းနဲ့ ထပ်မတွေ့ဖို့ စိတ်ဆုံးဖြတ်ပြီးပေမဲ့ သူက မသိစိတ်အလျောက် ဟေ့ယန်ရှန်းကို ပိုပြီး အာရုံစိုက်မိလာတယ်။
ဉပမာအားဖြင့် ကုမ္ပဏီလော်ဘီမှာ သူတို့ဖြတ်မိကြတဲ့အခါ၊ ဓာတ်လှေကားအတူစီးမိကြတဲ့အချိန်တွေမှာ၊ ကုမ္ပဏီ အစည်းဝေးရှိတဲ့အခါ ဟေ့ယန်ရှန်းက သူ့ဘေးကနေဖြတ်သွားပြီး ရှေ့တန်းမှာ သွားထိုင်တဲ့ အချိန်တွေမှာဖြစ်တယ်။
သူ ဟေ့ယန်ရှန်း ထိုင်ခုံမှာ မထိုင်ချခင်ထိ အဲ့လူရဲ့ နောက်ကျောကို လိုက်ကြည့်မိနေတာကို သတိထားမိသွားတယ်။
ရှီဖုန်း သူ့ခံစားချက်ကို သေချာဆန်းစစ်ပြီးနောက် သူက ဟေ့ယန်ရှန်းအပေါ် အရမ်းအာရုံရောက်နေလွန်းတယ်လို့ ခံစားရတယ်။ ဉပမာ ဟေ့ယန်ရှန်းက သူ့လက်ကို သစ်သျူးနဲ့ သုတ်လိုက်တာကို တွေ့တဲ့အခါ 'ထင်တဲ့အတိုင်း ဟေ့ယန်ရှန်းက ဂေးပဲ'လို့ တွေးမိတယ်။
အရင်တုန်းကတော့ သူဘာလို့ သတိမထားမိခဲ့တာလဲ? တခြားအဖြစ်အပျက်တစ်ခုက တစ်ခေါက် သူ ဟေ့ယန်ရှန်းက တခြားလုပ်ဖော်ကိုင်ဖက် အမျိုးသမီးတစ်ယောက်ကို ဘဏ္ဍာရေးဌာနကနေ ဓာတ်လှေကားဆီ ပစ္စည်းသယ်ကူနေတာကို တွေ့ခဲ့တယ်။ ဟေ့ယန်ရှန်းက ချွေးထွက်တာကြောင့်မို့ သူ့ကော်လာကြယ်သီးကို ဖြုတ်ထားတာကြောင့်အထဲက ဖြူဆွတ်တဲ့ အရေပြားနဲ့ နူးညံ့တဲ့ ညှပ်ရိုးက ပေါ်နေ ခဲ့တယ်။ သူက အဲဒါကိုတွေ့တဲ့အခါ ဟေ့ယန်ရှန်းလည်း ယောကျာ်းတစ်ယောက်နဲ့ အတူရှိတဲ့အခါဆို မိန်းမနေရာကနေ ဖြစ်လောက်တယ်မလားလို့ တွေးမိပြန်တယ်။
ရှီဖုန်းကို ဟေ့ယန်ရှန်းက သူ့ကို တကယ်ကြိုက်နေတာလားလို့ လာမေးတာ တစ်ယောက်မကတော့ဘူး။ အချိန်ကြာလာတော့ ရှီဖုန်းလည်း ဟေ့ယန်ရှန်းက သူ့ကို တကယ်ကြိုက်နေတာများလားလို့ တွေးမိလာတယ်။
တစ်ခေါက် သူကော်ရီဒါမှာ ဟေ့ယန်ရှန်းနဲ့ဆုံမိတော့ ဟေ့ယန်ရှန်းက သူ့ကိုတွေ့တာနဲ့ အကြည့်လွဲလိုက်တယ်မလား?
အဲဒါကို စဉ်းစားမိတဲ့အခါ သူတို့နှစ်ယောက် အဆင်ပြေခဲ့ကြတုန်းက အချိန်ကို သေချာပြန်တွေးမိတယ်။ သူ့မှာ ကားမရှိတာကြောင့် ဟေ့ယန်ရှန်းက အချိန်တိုင်းလိုလို ပြန်လိုက်ပို့ပေးခဲ့တယ်။ ဟေ့ယန်ရှန်းကိုယ်တိုင်မောင်းတာဖြစ်ဖြစ် ကားဆရာခေါ်တာဖြစ်ဖြစ် သူ့ကိုပဲ အရင်လိုက်ပို့လေ့ရှိတယ်။
သူ့ အင်္ကျီပေါ် အရည်ဖိတ်ကျမိတဲ့အခါတုန်းကလည်း ဟေ့ယန်ရှန်းက သူ့ကို သစ်သျူးနဲ့ သုတ်ပေးခဲ့တယ်။ အဲဒီတုန်းက ဟေ့ယန်ရှန်းရဲ့ မျက်လုံးအကြည့်တွေကို အခုပြန်စဉ်းစားကြည့်တဲ့အခါ နူးညံ့ညင်သာပြီး စိတ်ရှည်မှုတွေနဲ့ ပြည့်နေခဲ့တယ်။
ဟေ့ယန်ရှန်းသာ သူ့ကို မကြိုက်ရင် ဘာလို့ သူ့အပေါ် အရမ်းကောင်းပေးခဲ့မှာတဲ့လဲ?
ဟေ့ယန်ရှန်းက သူ့ကိုသဖက်သတ်ကြိုက်နေလောက်တယ်ဆိုတာကို တွေးမိတဲ့အခါ မျက်နှာထားကိုတော့ ရွံရှာသလို လုပ်လိုက်တယ်။ဒါပေမဲ့ သူ့စိတ်ထဲမှာတော့ ရွံရှာစိတ်မဖြစ်မိ။ အဲဒါအပြင် သူက ကိုယ့်ကိုကိုယ်ဂုဏ်ယူစိတ်တောင် အနည်းငယ်ဖြစ်မိတယ်။ သူ့စိတ်ထဲမှာတော့ ရွံရှာစိတ်မဖြစ်ပေမဲ့ ဟေ့ယန်ရှန်းက ကောင်းတဲ့လူဖြစ်တယ်။ ဆိုတော့ ဒီလိုအရည်အသွေးနဲ့လူက သူ့ကို ကြိုက်တယ်ဆိုတာက သူတော်တော်ဆွဲဆောင်မှုရှိတယ်ဆိုတဲ့သဘောပေါ့။
တစ်ရက်သော နေ့လည်ခင်းမှာ သူနဲ့လုပ်ဖော်ကိုင်ဖက်တွေက ကုမ္ပဏီမျက်နှာချင်းဆိုင်က အသင့်စား စားသောက်ဆိုင်တစ်ခုမှာ နေ့လည်စာသွားစားကြတယ်။
သူတို့က လေးယောက်ဖြစ်ပြီး အခုတလော ရှီဖုန်းမျက်စိကျနေတဲ့ မိန်းကလေးဝန်ထမ်းအကြောင်း ပြောလိုက် ရီလိုက်နဲ့ ရှိနေကြတယ်။
ရုတ်တရက် ရှီဖုန်းရဲ့မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့လူက ခေါင်းမော့ပြကာ ရှီဖုန်းကို အသံတိုးတိုးနဲ့ ခေါ်ပြီး နောက်ကို လှည့်ကြည့်ဖို့ပြောလာတယ်။
ရှီဖုန်းက လှည့်ကြည့်တဲ့အခါ ဟေ့ယန်ရှန်းက တံခါးကို ဖွင့်ပြီးဝင်လာနေတာကိုတွေ့တယ်။
သူ့အဖော်တွေ သူ့ကို တမင်သက်သက် ဟေ့ယန်ရှန်းကို ကြည့်ခိုင်းစေတာကြောင့် စိတ်အခြေအနေမကောင်းဖြစ်သွားတယ်။ ဒါပေမဲ့ သူဘာမှတော့မပြော။ ဟေ့ယန်ရှန်းကတော့ သူတို့ကို တွေ့ပုံမပေါ်ဘူး။ ကောင်တာဆီ တိုက်ရိုက်သွားလို့ စားစရာမှာနေတယ်။
ရှီဖုန်းနဲ့အတူထိုင်တဲ့ထဲက တစ်ယောက်က ပြောလာတယ်။
“ သူက မင်းကို လိုက်နေတာ မဟုတ်ဘူးလား?”
အဲလိုပြောတော့ လူတိုင်းက ရယ်ကြတယ်။
သူတို့ရဲ့ ရယ်သံကြောင့် ဟေ့ယန်ရှန်းက သတိထားမိသွားတယ်။ သူက သူတို့ကို တစ်ချက်ဘဲကြည့်ကာ ပြန်လှည့်သွားပြီး မတွေ့သလို နေတယ်။
နေ့လည်အချိန်ဖြသ်လို့ အသင့်စားဆိုင်က လူတွေစည်ကားနေတာဖြစ်တယ်။ ထောင့်မှာတော့ ဟေ့ယန်ရှန်း တစ်ယောက်တည်း တိတ်တဆိတ် စားနေတယ်။
ရှီဖုန်းက နောက်လှည့်မကြည့်မိဖို့ သူ့ကိုယ်သူ ထိန်းချုပ်ထားတယ်။ သူ ဆက်စားရင်းနဲ့တောင်မှ သူ့အဖော်တွေနဲ့ ပြောလိုက်ရယ်လိုက် လုပ်နေသေးတယ်။ သူက စားပြီးတဲ့အချိန်ထိ နောက်လှည့်မကြည့်မိ။ ဒါပေမဲ့ သူတို့နောက်မှ ရောက်လာတဲ့သူက သူတို့ထက်စော ပြီးသွားကာ သူတောင် မသိလိုက်ခင် ထွက်သွားပြီဆိုတာကို တွေ့လိုက်ရတယ်။
ဒီလို သူစိမ်းတွေလို ဖြစ်သွားတဲ့ ခံစားချက်က ရှီဖုန်းကို နေရခက်စေတယ်။ ဟေ့ယန်ရှန်းက သူ့ကို ကြိုက်နေရဲ့သားနဲ့ မသိသလို ဟန်ဆောင်တော့ သူ ပိုပြီး ခံစားရခက်တယ်။
ရှီဖုန်းက ရုတ်တရက်အတွေးပေါက်သွားတယ်။ သူဟေ့ယန်ရှန်းနဲ့ ဝေးဝေးနေချင်ရင်တောင် အရမ်းကြီး သဘာဝမကျ ဖြစ်နေစရာမလိုဘူးဆိုတာကို။ သူတို့ တွေ့တဲ့အခါ ပုံမှန်ဆက်ဖြစ်နေသင့်ပြီး ပုံမှန် လုပ်ဖော်ကိုင်ဖက်တွေလို နှုတ်ဆင့်သင့်တယ်။ သူက ဟေ့ယန်ရှန်းကို သနားတာကြောင့် အဲလိုလုပ်သင့်တယ်လို့ တွေးလိုက်တယ်။
အဲဒီညနေမှာ ရှီဖုန်းက အပေါ်ထပ်ကနေ စာရွက်စာတမ်းသွားယူတဲ့အခါ ဘဏ္ဍာရေးဌာနကိုလည်း ဖြတ်ရတော့ ဟေ့ယန်ရှန်းက ရုံးခန်းထဲမှာ အမျိုးသမီး ဝန်ထမ်းတစ်ယောက်နဲ့ စကားရပ်ပြောနေတာကို တွေ့တယ်။ သူက ပြောပြီးသွားတော့ အပြင်ထွက်လာတယ်။
ရှီဖုန်း ခပ်မြန်မြန်ပဲ နောက်ကို နှစ်လှမ်းဆုတ်လိုက်မိတယ်။ မတော်တဆတွေ့သလို ဟန်ဆောင်ရင်းနဲ့ သူ့ခါင်းကို မော့ကာ ‘ good afternoon ’ လို့နှုတ်ဆက်ဖို့ လုပ်ပေမဲ့ ဟေ့ယန်ရှန်းက သူ့ကိုတောင် မကြည့်ဘဲ တခြားတစ်ဖက်ကို လှည့်ပြီး သွားလိုက်တာကို တွေ့လိုက်ရတယ်။
အဲဒီအချိန်မှာ ရှီဖုန်းက စိတ်တိုသွားတယ်။ ဘာလို့ အဲဒီလူက အဲလိုမျိုး ဟန်ဆောင်ပြီး ပြုမူနေတာလဲလို့တွေးတယ်။ အဲ့တော့လည်း သူ့အနေနဲ့ အနာဂါတ်မှာ ထပ်မနှုတ်ဆက်ရုံပဲပေါ့။
အချိန်တစ်ခုကြာပြီး အဲဒီအလုပ်သင်ကောင်မလေးရဲ့ အလုပ်သင်ကာလ ပြီးသွားတဲ့ထိ သူတို့နှစ်ယောက်ကြားတိုးတက်မှုက ရှိမလာခဲ့ဘူး။
နွေဦးရောက်လာတဲ့အခါ ကုမ္ပဏီက နွေဦးအားလပ်ရက်ခရီးအတွက် ကမ်းခြေဆီ လိုက်ပို့ပေးတယ်။
ရှီဖုန်းနဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေက တစ်ဖွဲ့တည်းကျတယ်။ သူတို့နဲ့ ဘဏ္ဍာရေးဌာနရဲ့ လက်ထောက်မန်နေဂျာ ကအတူတူပဲဖြစ်တယ်။ ဆိုတော့ သူတို့က တစ်စီးတည်း စီးကြတယ်။
ရှီဖုန်းက သူတို့ဌာနက လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ ကားပေါ်တက်လာတဲ့အခါ ဟေ့ယန်ရှန်းက စောရောက်နေပြီး အနောက်တန်းမှာ တစ်ယောက်တည်းထိုင်နေတာကို သတိထားမိသွားတယ်။
သူက တုန့်ဆိုင်းမှုမရှိဘဲ ရှေ့တန်းက အမျိုးသမီးလုပ်ဖော်ကိုင်ဖက်တစ်ယောက်နားမှာ သွားထိုင်လိုက်တယ်။
သိပ်မကြာခင်မှာပဲ ဘတ်စ်တစ်ခုလုံးက လူတွေနဲ့ ပြည့်လာတယ်။ ရှီဖုန်းက ပျင်းတာကြောင့်မို့ ဖုန်းထုတ်ပြီး ဂိမ်းကစားနေလိုက်တယ်။ အဲဒီအချိန်မှာပဲ ဘဏ္ဍာရေးဌာနက ဝန်ထမ်းကောင်လေးတစ်ယောက်က ကားပေါ်တက်လာပြီး နောက်ဆုံးတန်းကို တည့်တည့်သွားလိုက်တယ်။
ရှီဖုန်းက ဂိမ်းကစားနေရင်းနဲ့ အဲ့ကောင်လေး ဟေ့ယန်ရှန်းကို နှုတ်ဆက်လိုက်တာကို ကြားရတယ်။
“ မန်နေဂျာဟေ့၊ ဘေးမှာ လူရှိလား?”
ဟေ့ယန်ရှန်းက ပြန်ဖြေတယ်။ “ မရှိဘူး။ ထိုင်လို့ရတယ်။”
ရှီဖုန်းက ဖုန်းကို လက်တစ်ဖက်မှာ ကိုင်ထားရင်းနဲ့ သက်သောင့်သက်သာမရှိစွာ ထိုင်တဲ့အနေအထားကို ပြောင်းလိုက်တယ်။ ထိုင်ခုံတွေက ကျဉ်းတော့ သူ့ရဲ့ ခြေတံရှည်တွေကိုဆန့်လို့မရဘူး။
ဒီနွေဦးအပန်းဖြေခရီးက တစ်ညအိပ် နှစ်ရက်ခရီးဖြစ်တယ်။ သူတို့က တောင်ပေါ်က ဟိုတယ်တစ်ခုမှာ ညအိပ်ကြမှာဖြစ်တယ်။
အဲဒီညနေ ညစာစားပွဲမှာ ရှီဖုန်းနဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေက သောက်ခဲ့ကြတယ်။ အပြင်ထွက် အပန်းဖြေခွင့်ရတာမျိုး အခွင့်အရေးက ရှားပါးတော့ လူတိုင်းက စိတ်ငြိမ်လက်အေးဖြစ်ကြတယ်။ ဂိမ်းကစားလိုက် ဆော့လိုက်နဲ့ ရှီဖုန်းက သတိမထားမိခင် အများကြီးသောက်လိုက်မိတယ်။
ည ကိုးနာရီလောက်တောင်ရှိနေပြီ။ အသက်ကြီးတဲ့ လူတွေနဲ့ ငယ်တဲ့သူတွေက နားဖို့ အခန်းဆီ ပြန်သွားကြပြီ။ လူဆယ့်နှစ်ယောက်ခန့်ကပဲ တဲကနားမှာထိုင်လို့ စားသောက်နေကြတုန်းရှိတယ်။
တောင်ပေါ်က အေးမြတဲ့ ညလေက သူတို့ကို တိုက်ခတ်သွားတယ်။ ရှီဖုန်းက သူ့ခွက်ကို ချလိုက်ပြီး ကော်လာကို ထောင်လိုက်တယ်။ သူကြည့်လိုက်တဲ့အခါ ဟေ့ယန်ရှန်းက တဲအပြင်က တောင်စောင်းမှာ လူငယ်တစ်ယောက်နဲ့ ရပ်ပြီး စကားပြောနေတာကို တွေ့တယ်။
ချက်ချင်းဆိုသလိုပဲ ရှီဖုန်းက ထရပ်ပြီး အဲဒီဘက်ကို လျှောက်သွားလိုက်တယ်။ သူ့ဘေးက လူတွေ ကြည့်လာပေမဲ့ သူကတော့ သတိမထားမိဘူး။
သူ ဟေ့ယန်ရှန်းနဲ့ တခြားတစ်ယောက် ရှိနေတဲ့ နေရာထိသွားလိုက်ပြီး အဲဒီကောင်လေးကို မေးတယ်။
“ မင်း.... ဒီလူက ယောကျာ်းလေးတွေကို ကြိုက်တယ်ဆိုတာ သိလား?”
ကောင်လေးက ကြက်သေသေသွားဟန်ပေါ်တယ်။
ဟေ့ယန်ရှန်းရဲ့မျက်နှာတွေက နီရဲလာတယ်။ ရှီဖုန်းက ဒီလိုပြောလာလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့သလို ရှီဖုန်းကို မယုံနိုင်တဲ့ မျက်လုံးတွေနဲ့ ကြည့်လာတယ်။
ရှီဖုန်းကအများကြီးသောက်ခဲ့တယ်။ အဲဒါကြောင့်ပဲ သူက ကောင်လေးကို ဆက်ပြောတယ်။
“ သူက ယောကျ်ားတွေကိုကြိုက်တာကို မင်းက ဘာလို့ သူ့နားကပ်ရဲရတာလဲ? မင်းရော ယောကျာ်းတွေကို ကြိုက်တာပဲလား?”
ကောင်လေးက မျက်မှောင်ကြုပ်လိုက်တယ်။
“ မင်းဘာတွေ ပြောနေတာလဲ?”
ရှီဖုန်းက ဟေ့ယန်ရှန်းဘက် ပြန်ပြောတယ်။ “ ခင်ဗျားက ငယ်ငယ်ရွယ်ရွယ်နဲ့ အရပ်ရှည်ရှည်ကောင်လေးတွေကို ကြိုက်တဲ့ပုံပဲ။”
ဟေ့ယန်ရှန်းက သည်းမခံနိုင်တော့တာကြောင့် လက်ကို မြောက်လို့ ရှီဖုန်းမျက်နှာပေါ် ထိုးလိုက်တယ်။ ရှီဖုန်း နောက်ကို ယိုင်ကျသွားတဲ့ထိ ထိုးလိုက်တာဖြစ်တယ်။ အဲဒါကြောင့်ရှီဖုန်းက နောက်ကို ဖင်ထိုက်လျက်သား ကျသွားကာ ပြန်မထနိုင်တော့ဘူး။ အထဲက လူတွေက အဲဒါကို မြင်တဲ့အခါ ပြေးထွက်လာပြီး လာဖြန်ဖြေကြတယ်။ ဟေ့ယန်ရှန်းနဲ့ အတူရှိနေတဲ့ ကောင်လေးကလည်း ဟေ့ယန်ရှန်းကိုဆွဲထားပြီး ထပ်မထိုးဖို့ ပြောတယ်။
ဟေ့ယန်ရှန်းက ရှီဖုန်းက အေးစက်စက်ကြည့်ပြီး “စောက်ရူး”လို့ဆဲလိုက်ပြီး လှည့်ထွက်သွားတယ်။
ရှီဖုန်းက သူ့မျက်နှာကို လက်ဖမိုးနဲ့ သုတ်လိုက်တယ်။ သူ့ပါးစပ်ထောင့်မှာ သွားကနေထွက်လာတဲ့ သွေးတွေနဲ့ စွန်းနေတယ်။
သူ့လုပ်ဖော်ကိုင်ဖက်တွေက တစ်ယောက်ပြီးတစ်ယောက် ပြေရာပြေကြောင်း ပြောကြပေမဲ့ သူ့ခေါင်းက ဗလာဖြစ်နေကာ ဘာကိုမှ မကြားနိုင်တော့။
~~~~~~~~~~~~~~~~
You are reading the story above: TeenFic.Net