ရှီဖုန်းက အဲဒီစကားကို ကြားတဲ့အခါ ကြက်သေသေသွားတယ်။ တဖက်လူက သူ့မျက်နှာအမူအရာကို ကြည့်ပြီးတော့
“ မင်းတကယ်မသိဘူးလား? မင်းကိုပြောပြပြီးပြီမလား။ ငါသေချာမှတ်မိပါတယ်။”
ရှီဖုန်းက စိတ်ရှုပ်ထွေးသွားတယ်။
“ ငါမမှတ်မိဘူး။”
ပြောနေရင်းနဲ့ပဲ အရင်က သူ့ကို ကုမ္ပဏီကလူတစ်ယောက်က ဂေးဖြစ်တဲ့အကြာင်း လာအတင်းတုပ်ဖူးတာကို သတိရလာတယ်။
အဲဒီတုန်းက သူကုမ္ပဏီရောက်တာမကြာသေးဘူး။ ဆိုတော့ လူနဲ့ နာမည်နဲ့ တွဲမသိသေးတာမို့ ကြားပြီးပြီးချင်းပဲ ပြန်မေ့သွားခဲ့တယ်။ အခု ဒီတစ်ယောက်ပြောတာကို နားထောင်မှပဲ အဲဒီတုန်းကို သူတို့ပြောခဲ့ကြတဲ့လူက ဟေ့ယန်ရှန်းဆိုတာကို သဘောပေါက်သွားတယ်။
သူက တွေးလေလေ မျက်ခုံးတွေက တွန့်ချိုးလာလေလေဖြစ်တယ်။
သူ့လုပ်ဖော်ကိုင်ဖက်က အသံတိုးတိုးနဲ့ ဆက်ပြောတယ်။
“မင်းမသိဘူးလား? သူက မင်းကို ဖုံးကွယ်ထားတာထင်တယ်။ သူ မင်းနဲ့ ပါတ်သက်ပြီး ခံစားချက်တော့ မရှိဘူးမလား? မင်းအခွင့်အရေးယူခံရတာမျိုးရောရှိသေးလား?”
ရှီဖုန်းရဲ့ စိတ်က ရှုပ်ယှက်ခတ်နေပြီး ရထားတစ်စီးလို တဒုန်းဒုန်းမြည်နေတယ်။ သူ့မှာ အံ့သြရုံတင်မကဘဲ ရှက်ရွံ့စိတ်လည်း ဖြစ်သွားတယ်။ သူက ဟေ့ယန်ရှန်းကို ဂေးဖြစ်နေဖို့ မမျှော်လင့်ထားခဲ့ဘူး။ ဟေ့ယန်ရှန်းနဲ့ ပေါင်းရတာ သက်သောင့်သက်သာဖြစ်တယ်လို့ ခံစားခဲ့ရရုံပဲဖြစ်တယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ဆက်ပြီးတော့ တရင်းတနှီးရှိနေရင် ကုမ္ပဏီကလူတိုင်းက သူ့ကိုလည်း ဂေးလို့ထင်ကြတော့မယ်။
ရှီဖုန်းက အဲဒါကို တွေးမိတဲ့အခါ ဒေါသထွက်လာတယ်။
သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်ရှေ့မှာတော့ ဒီလိုခံစားချက်ကို ထုတ်ပြဖို့ ရှက်တာကြောင့် သူက ပြောလိုက်တယ်။
“ ငါတို့နှစ်ယောက်ကြားမှာ ဘာမှ မရှိဘူး။ ငါတို့က ဒီတိုင်း သာမာန်သူငယ်ချင်းတွေပဲ။” အဲလိုပြောပြီး သူထွက်သွားလိုက်တယ်။
စိတ်ငြိမ်သွားတဲ့အခါလည်း အဲ့အကြောင်းကို ပြန်တွေးကြည့်လေလေ သက်သောင့်သက်သာ မရှိလေလေ ခံစားရတယ်။
သူသေချာစဉ်းစားကြည့်မှ ဟေ့ယန်ရှန်းက တစ်ခါတလေ ယောကျ်ားတစ်ယောက်လို မဟုတ်တာမျိုးရှိတတ်တယ်လို့ တွေးမိတယ်။
ဟေ့ယန်ရှန်းအသန့်ကြိုက်တတ်မှန်း သူသိထားတယ်။ အဲဒီလူက အရာရာကို သန့်ရှင်းသပ်ရပ်စွာပဲ ထားတတ်တယ်။ တစ်ခေါက်တုန်းက သူ့လက်ပေါ် ဟင်းရည်ပေသွားတဲ့အခါ ရှီဖုန်းက သူ့ကိုသစ်သျှူးလှမ်းပေးပေမဲ့ သူက သန့်စင်ခန်းထဲသွားပြီး လက်သွားဆေးတယ်။
အဲဒီတုန်းက ရှီဖုန်းအနေနဲ့ ဟေ့ယန်ရှန်းက ယောကျ်ားတစ်ယောက် ဖြစ်သင့်သလို ကြမ်းတမ်းမှုမျိုးသိပ်မရှိဘူးလို့ တွေးခဲ့တယ်။
အခုအဲ့အကြောင်း ပြန်စဉ်းစားကြည့်မှပဲ အဲဒါက ဟေ့ယန်ရှန်းက ဟိုမိုဖြစ်နေလို့ဖြစ်နိုင်တယ်လို့ ဆက်စပ်မိလိုက်တယ်။
ရှီဖုန်းက မျက်မှောင်ကြုပ်မိတယ်။ သူ ဟေ့ယန်ရှန်းနဲ့ ဘယ်လောက်ရင်းနှီးမှုရှိခဲ့တာတွေ အဲဒါကို ကုမ္ပဏီတစ်ခုလုံးက ကြည့်နေခဲ့မှာတွေကို ပြန်စဉ်းစားကြည့်တဲ့အခါ၊ သူ့နောက်မှာ သူ့ကို အတင်းတုပ်နေကြမှာကို တွေးမိတဲ့အခါ သူဒေါသထွက်လာတယ်။ ဟေ့ယန်ရှန်းအနေနဲ့ သူ့ကို အစကတည်းက မပြောပြခဲ့တဲ့အတွက် အပြစ်တင်မိတယ်။ သူကိုယ်သူ ဆီလျော်မှုမရှိဘူးလို့ ခံစားမိပေမဲ့လည်းပေါ့။ သူက ဟေ့ယန်ရှန်းကို မိန်းကလေးကြိုက်သလားလည်း တစ်ခါမှ မမေးဖူးတော့ ဟေ့ယန်ရှန်းအနေနဲ့လည်း တကယ်တမ်း သူ့ရဲ့ လိင်စိတ်တိမ်းညွှတ်မှုကို ဖွင့်ပြောလာစရာမကြောင်းတော့မရှိ။
သူက မနေ့တုန်းက ဟေ့ယန်ရှန်းကို ခေါ်ပြီး ဒီနေ့ ညနေစာအတူစားကြဖို့ ချိန်းထားတယ်။ အခုတော့ သူသွားသင့်သလားတောင် မသေချာတော့ဘူး။
နေ့လည်စာမစားခင် ဟေ့ယန်ရှန်းက ရှီဖုန်း ရုံးခန်းထဲပေါ်လာတယ်။
သူက ရှီဖုန်းကို သူတို့ ဇာတိက သူငယ်ချင်းပို့ပေးတဲ့ စပျစ်ခြောက်အနည်းငယ်ယူလာပေးတယ်။ တကယ်တော့ နောက်ဆုံးတစ်ခေါက်တုန်းက ရှီဖုန်းက အဲလို စပျစ်ခြောက်တွေကို စားကြည့်တော့ အရာသာကြိုက်တာမို့ သူ့ဘက်က အရင်တောင်းဆိုခဲ့တာ ဖြစ်တယ်။
ရှီဖုန်းက ရိုးရိုးရှင်းရှင်းလူ။ သူနဲ့ ဟေ့ယန်ရှန်းက သူငယ်ချင်းမိတ်ဆွေတွေလို့ စဉ်းစားတာကြောင့် ပြန်ပေးတာတွေ ကျေးဇူးတုန့်ပြန်တာတွေ မတွေးဘူး။
ဟေ့ယန်ရှန်းလည်း သူက အဲလိုပြောတော့ ဒီနေ့ စပျစ်ခြောက်တွေ ယူလာပေးတာဖြစ်တယ်။
ပုံမှန်ဆိုလည်း ဟေ့ယန်ရှန်းက အခုလို ပေါ်လာတတ်တယ်။
အဲလိုအချိန်တွေမှာ ဆို ဒီရုံးခန်းကျယ်ကြီးထဲက ရှီဖုန်း လုပ်ဖော်ကိုင်ဖက်တွေ တိတ်တဆိတ်ခိုးကြည့်ကြပေမဲ့ ပေါ်တင်တော့ ဘယ်သူမှ မပြောလာကြ။ အဲ့တော့ ရှီဖုန်းလည်းပဲ အရင်က သတိမထားမိခဲ့ဘူး။
ဒါပေမဲ့ ဒီနေ့မှာ တစ်ခန်းလုံးက လူတွေရဲ့ အကြည့်ကို သူ ခံစားမိနေတယ်။ ရုံးခန်းထဲက မိန်းကလေးတစ်ယောက်က တိုးတိုးပြောပြီး ရယ်လိုက်တာကိုတောင် ကြားလိုက်ရတယ်။
ဟေ့ယန်ရှန်းက စကားအများကြီးမပြောဘဲ ပစ္စည်းတွေကို ချထားပေးပြီးနောက် ပြန်ထွက်သွားတယ်။ သူက ရှီဖုန်းနည်းနည်းတောင့်တောင့်ကြီးဖြစ်နေတာကို သတိထားမိတယ်။ သူပစ္စည်းချပေးတော့ ရှီဖုန်း ‘ကျေးဇူး’လို့ ပြောတဲ့အသံလည်း နည်းနည်း ကိုးယိုးကားယားဖြစ်နေတယ်။
ဟေ့ယန်ရှန်းက ဘာတွေဖြစ်နေမှန်း မသိဘူး။ မေးလိုက်ချင်ပေမဲ့ သူ့ဘေးကလူတွေတိတ်တဆိတ် ခိုးကြည့်နေကြတာကို တွေ့တဲ့အခါ မမေးဖြစ်တော့။ ဟေ့ယန်ရှန်းက ရှီဖုန်းနဲ့မတူဘူး။ သူက လူတွေရဲ့ အမြင်ကို အရမ်းသတိထားမိတတ်တယ်။
သူက နှစ်တွေအများကြီး ဂရုစိုက်ခဲ့တယ်။ ဒါပေမဲ့ သူရဲ့ လိင်စိတ်တိမ်းညွတ်မှုက အဖော်ခံလိုက်ရတယ်။ လွန်ခဲ့တဲ့ သုံးနှစ်တုန်းက သူ့ရဲ့ ရည်းစားဟောင်းနဲ့ လမ်းခွဲခဲ့တုန်းက ဖြစ်တယ်။ သူ့ရည်းစားဟောင်းက သူ့နောက်လိုက်လာပြီး လမ်းပေါ်မှာ သူ့ကို ဆွဲလှည့်လို့ နမ်းခဲ့တယ်။ အကျိုးဆက်က ကုမ္ပဏီက သူ့လုပ်ဖော်ကိုင်ဖက်တွေက အဲဒီအဖြစ်အပျက်ကို မြင်သွားကြတယ်။
အဲဒီနောက်တော့ စကားက ပြန့်သွားပြီး ကုမ္ပဏီတစ်ခုလုံးက သိသွားကြတယ်။
အဲဒီကတည်းကနေစလို့ လူတိုင်းရဲ့ သူ့အပေါ် သဘောထားက မသိမသာ ပြောင်းလဲသွားခဲ့တယ်။ ဟေ့ယန်ရှန်းလည်း အဲဒါကို သတိပြုမိတယ်။ အထူးသဖြင့် ယောကျာ်းလေး လုပ်ဖော်ကိုင်ဖက်တွေက အစတုန်းကဆို သူ့ကို ရှောင်ကြတယ်။ မသိရင် သူနဲ့ စကားပြောမိရင် လိင်တူကြိုက်ခြင်းဆိုတဲ့ ဗိုင်းရပ်စ်က ကူးစက်လာတော့မလိုမျိုး။
ဟေ့ယန်ရှန်းက အချိန်တစ်ခုစာတော့ စိတ်ဓာတ်ကျသွားတယ်။ ဒါပေမဲ့ နောက်တော့ သူက ပြန်လည်ဆန်းစစ်ပြီး သူလုပ်စရာရှိတာကိုပဲဆက်လုပ်လို့ တခြားလူတွေနဲ့လည်း နီးနီးကပ်ကပ်မနေဖြစ်တော့ဘူး။
ဒီနှစ်တွေထဲမှာ သူ့ဆီချည်းကပ်ဖို့ ကြိုးစားလာတဲ့သူက ရှီဖုန်းပဲဖြစ်တယ်။
အစကတော့ ဟေ့ယန်ရှန်းက ရှီဖုန်းလည်း ဂေးများလားလို့ တွေးလိုက်တယ်။ ဒါပေမဲ့ ရှီဖုန်းက သူ့ရဲ့ ဆက်ဆံရေးပြသနာကို ရင်ဖွင့်လာတဲ့အခါ သူအတွေးလွန်နေတာကို သဘောပေါက်သွားတယ်။ ဘယ်လိုပဲကြည့်ကြည့် ရှီဖုန်းက straight စစ်စစ်ပဲဖြစ်တယ်။
ဟေ့ယန်ရှန်းကယောကျာ်းတွေကို သဘောကျတယ်။ ဆိုပေမဲ့ သူတွေ့သမျှ ယောင်္ကျားလေးတိုင်းကို ကြိုက်မိတယ်လို့ မဆိုလိုဘူး။ သူလည်း ပုံမှန်အတိုင်းပဲ မိတ်ဆွေဖွဲ့နိုင်ပြီးတော့ ပုံမှန်အတိုင်း လူမှုဆက်ဆံရေးကို ပျိုးထောင်နိုင်တယ်။ သူ့ရဲ့ လိင်စိတ်တိမ်းညွတ်မှုကိုသာ အဖော်မခံခဲ့ရရင် ကုမ္ပဏီကတွေသာ မသိသွားခဲ့ရင် သူက ရင့်ကျက်ပြီးတော့ ယဉ်ကျေးတဲ့ လူလတ်အရွယ်ယောကျ်ားတစ်ယောက်ဆက်ဖြစ်နေမှာ ဖြစ်တယ်။
လူတိုင်းက homosexuality နဲ့ပါတ်သက်ပြီး အမြင်မှားနေကြတယ်။ အဲဒါကို ဟေ့ယန်ရှန်းက သိပေမဲ့ သူလုပ်နိုင်တာလည်း ဘာမှ မရှိဘူး။
ဆိုတော့ ရှီဖုန်းက တက်တက်ကြွကြွ သူ့ဆီ ချဉ်းကပ်လာတဲ့အခါ သူလည်း အစက ငြင်းပေမဲ့ တဖြည်းဖြည်းလက်ခံဖို့ ကြိုစားခဲ့တယ်။ ဒီတိုင်းစဉ်းစားကြည့်မယ်ဆို သူလည်း ပုံမှန် လူလတ်အရွယ်ယောကျ်ားတစ်ယောက်ဖြစ်တယ်။ သူလည်း မိတ်ဆွေအပေါင်းအသင်းလိုအပ်တယ်။ အများအားဖြင့်တော့ ရှီဖုန်းပြောတာကိုပဲ နားထောင်တာဆိုပေမဲ့ တစ်ခါတလေ သူ့ရဲ့ ခက်ခဲတဲ့အခြင်းအရာကိုလည်း ရင်ဖွင့်ခဲ့တယ်။ အလုပ်အကြောင်းပဲ ဆိုပေမဲ့လည်းပေါ့။
ဟေ့ယန်ရှန်းက ရှီဖုန်းကို စပျစ်ခြောက်ပေးထားခဲ့ပေးပြီး ပြန်သွားတယ်။
ရှီဖုန်းက သူ့ထိုင်ခုံမှာထိုင်လို့ ဟေ့ယန်ရှန်းလာပို့ပေးထားတဲ့ သေချာထုတ်ပိုးထားတဲ့ စပျစ်ခြောက်တွေကိုကြည့်ပြီး မသက်မသာခံစားရတယ်။
ခနက လုပ်ဖောက်ကိုင်ဖက်က ပြန်ရောက်လာတယ်။
“ မန်နေဂျာဟေ့က မင်းကို တစ်ခုခုလာပေးတာလား?”
ရှီဖုန်းက တဖက်လူမျက်နှာပေါ်မှ အပြုံးကို မြင်ရတဲ့အခါ လှောင်ပြောင်နေတာလို့ ခံစားလိုက်ရတယ်။ ဒါပေမဲ့ သူ့ဒေါသကို ထိန်းချုပ်လိုက်ပြီး အဲဒီပစ္စည်းတွေကို ဗီရိုထဲထည့်လိုက်ကာ ပြောတယ်။
“ဘာမဟုတ်ဘူး။”
အဲဒီညနေမှာ ကုမ္ပဏီရဲ့ လူထုမေးလ်ဘောက်စ်ကနေ အီးမေးတစ်ခုရောက်လာတယ်။ ရှီဖုန်းဌာနက လူတွေက အဲဒါကို ဖွင့်ဖတ်ကြတဲ့အခါ ဓါတ်ပုံတစ်ပုံဖြစ်နေတာကို တွေ့လိုက်တယ်။
ကြည့်လိုက်တဲ့သူက အမျိုးသမီးဝန်ထမ်းဖြစ်ပြီး သူမက အဲ့ပုံကို တွေ့တာနဲ့ ပါးစပ်ကို လက်နဲ့ ပိတ်လိုက်တယ်။
“ ဒါက ရှီဖုန်းနဲ့ မန်နေဂျာဟေ့ မဟုတ်ဘူးလား?”
ရုံးခန်းတစ်ခုလုံးက လူတွေက ခေါင်းထောင်လာတယ်။ တချို့ပိုစပ်စုတဲ့သူတွေဆိုရင် မတ်တပ်ရပ်ပြီးတော့ အဲဒီမိန်းကလေးရှိတဲ့ဘက် လျှောက်လာကြလို့ အသေးစိတ်လာကြည့်ကြတယ်။ စိတ်ဝင်စားစရာတွေ့တဲ့ လေသံနဲ့
“ ဟုတ်တယ် ။ သူတို့နှစ်ယောက် ဟိုတယ်ကနေ ထွက်လာကြသလိုပဲ။”
ရှီဖုန်းလည်း ရုတ်တရက် ထရပ်လိုက်မိပြီး အဲဒီလူစုနေတဲ့ နေရာဆီ တည့်တည့်သွားလိုက်တယ်။ တစ်ချို့လူတွေကိုတာင် တွန်းတိုက်သွားတယ်။ ရှေ့မှာကြည့်နေတဲ့နှစ်ယောက်ကို ဆွဲဖယ်လိုက်ပြီးတော့ ကွန်ပျူတာစခရင်ပေါ်က ပုံတွေကို ကြည့်လိုက်တယ်။
ပုံက တကယ်ပဲ သူနဲ့ ဟေ့ယန်ရှန်းရဲ့ ဟိုတယ်တံခါးနောက်ခံနဲ့ ပုံဖြစ်တယ်။ သူက မူးနေပုံပေါ်ပြီး ဟေ့ယန်ရှန်းက သူ့ကိုထိန်းထားပေးတယ်။ အထဲကို ခေါ်သွားပေးဖို့ လုပ်နေသလို ပုံပေါ်တယ်။ နောက်ကျောပုံပဲဖြစ်သင့်ပေမဲ့ ပုံထဲမှာက ဟေ့ယန်ရှန်းက တံခါးစောင့်နဲ့ စကားပြောနေပုံပေါ်ပြီး သူတို့နှစ်ယောက်ရဲ့ ဘေးတစောင်း ပုံရိပ်တွေကို ပေါ်စေတယ်။
ရှီဖုန်းက ဟိုတယ်ကို ကြည့်လိုက်တဲ့အခါ အဲဒါက သူမူးနေပြီးတော့ သတိလွတ်ခဲ့တုန်းက ဖြစ်တယ်ဆိုတာကို သဘောပေါက်သွားတယ်။ ဟေ့ယန်ရှန်းက သူ့ကို ဟိုတယ်မှာ တစ်ညထားပေးခဲ့တယ်။ အဲဒါက လအနည်းငယ်တောင် ကြာခဲ့ပြီးဖြစ်တယ်။
တစ်ယောက်ယောက်က ဓာတ်ပုံရိုက်ထားခဲ့ဖို့ မမျှော်လင့်ထားခဲ့ဘူး။ အဲဒီပုံရိုက်ထားခဲ့ပြီးနောက်မှာတောင် သူက ဟေ့ယန်ရှန်းနဲ့ ပိုနီးကပ်လာသေးတယ်။ အဲတော့ ဓာတ်ပုံရိုက်ထားတဲ့သူက အဲဒါကို ကုမ္ပဏီက လုပ်ဖော်ကိုင်ဖက်တွေလည်း မြင်အောင် ကုမ္ပဏီမေးလ်ဘောက်စ်ထဲပို့ခဲ့တာဖြစ်ရမယ်။
ရုံးခန်းထဲက လူတိုင်းက သူ့ကို စိုက်ကြည့်နေတယ်။ သူက ပါးစပ်ဖွင့်ပြီး နောက်ဆုံးတော့ ရှင်းပြလိုက်တယ်။
“ အဲဒါက ငါတို့ ညစာ စားကြတဲ့ညက။ ငါအရက်မူးနေလို့ မင်းတို့အားလုံးငါ့ကို မေ့ထားခဲ့ကြတာလေ။ မန်နေဂျာဟေ့က အဲ့တစ်ညအတွက် ဟိုတယ်တစ်ခုမှာ ပို့ပေးခဲ့ရုံပဲ။”
သူက ရှင်းပြလေလေ လူတွေက သူကာဖို့ ကြိုးစားလေလေလို့ မြင်နေတယ်ဆိုတာကို ခံစားရတာကြောင့်မို့ နောက်ဆုံးတော့ ဘာမှ ထပ်မပြောတော့ချေ။
ပါးစပ်သရမ်းတဲ့ လုပ်ဖော်ကိုင်ဖက် ယောကျ်ားလေးတစ်ယောက်က ပြောလာတယ်။
“ မင်းက အရက်မူးနေခဲ့တာလား? သူမင်းကို တစ်ခုခုလုပ်ခဲ့သေးလား?”
ဘေးကလူတွေက ခပ်တိုးတိုးရယ်သံကို ထိန်းလိုက်ကြတယ်။
ရှီဖုန်းမျက်နှာက ဖြူဆွတ်လာတယ်။သူက နှာမှုတ်ပြီး လှည့်ထွက်သွားတယ်။
ကောင်မလေးတစ်ယောက်က ခနကလူကို တံတောင်ဆစ်နဲ့ တွန်းတယ်။ ပြီးတော့ အဓိပ္ပါယ်မရှိတာတွေ ဆက်မပြောဖို့ တိုးတိုးပြောတယ်။ ရှီဖုန်း မျက်နှာပျက်နေတာကို တွေ့တဲ့အခါ လူတွေက ကိုယ့်နေရာကိုယ်ပြန်သွားလိုက်ကြတယ်။
တစ်ညနေခင်းအတွင်းမှာပဲ ဓာတ်ပုံက ကုမ္ပဏီတစ်ခုလုံးဆီ ပြန့်သွားတယ်။ ပြီးတော့ လူတိုင်းနီးပါးသိသွားကြတယ်။
ဟေ့ယန်ရှန်းလည်း ခြွင်းချက်မရှိပေါ့။
သူက ပုံမှန်အားဖြင့်လည်း ကျော်ကြားနေတဲ့သူဆိုတော့ ဒီလိုအတင်းအဖျင်းကိစ္စတွေနဲ့ ရင်းနှီးနေပြီး တည်တည်ငြိမ်ငြမ်ရင်ဆိုင်နိုင်တယ်။ ဒါပေမဲ့ သူဓာတ်ပုံကိုတွေ့တဲ့အခါ ရှီဖုန်းအတွက် ချက်ချင်းစိုးရိမ်သွားတယ်။
သူတို့ချိန်းထားတဲ့ ညစာစားချိန်ရောက်တဲ့အခါ ရှီဖုန်းက မပျက်ကွက်ဘဲ ပေါ်လာတယ်။
စားသောက်ဆိုင်လေးထဲမှာ ထိုင်ပြီး ဟေ့ယန်ရှန်းက ရှီဖုန်း ဓာတ်ပုံအကြောင်း သိပြီလားမေးချင်ပေမဲ့ ရှီဖုန်းမျက်နှာက အုံ့မှိုင်းနေတာကို သတိထားမိလိုက်တယ်။
သူက အနည်းငယ်အံ့အားသင့်သွားပေမဲ့ မေးလိုက်တယ်။
“ ဓာတ်ပုံတွေကို ကြည့်ပြီးတော့ တစ်ယောက်ယောက်က မင်းကို တစ်ခုခုပြောခဲ့သေးလား?”
ရှီဖုန်းက ခေါင်းကို မော့လာပြီး ဟေ့ယန်ရှန်းကို ကြည့်ကာ အသံမာမာနဲ့ မေးတယ်။
“ ခင်ဗျားက ယောကျ်ားတွေကို ကြိုက်တာလား?”
သူ့ရဲ့အသံက ရိုင်းစိုင်းလွန်းတော့ ဟေ့ယန်ရှန်းကလန့်သွားတယ်။ သူက မနှစ်သက်တဲ့ အသံနဲ့ပဲ ပြန်ဖြေလိုက်တယ်။
“ဟုတ်တယ်။ ငါယောကျ်ားတွေကို ကြိုက်တယ်။ မင်းသိပြီးပြီထင်နေတာ။”
ရှီဖုန်းက မျက်မှောင်ကြုပ်တယ်။
“ ကျွန်တော်မသိခဲ့ဘူး။ ကျွန်တော်သာသိခဲ့ရင် ခင်ဗျားနဲ့ ဝေးဝေးနေခဲ့မှာ ”
အဲဒီအချိန်မှာပဲ ဟေ့ယန်ရှန်းက သူ့မျက်နှာအရိုက်ခံလိုက်ရသလို ခံစားလိုက်ရတယ်။ ချက်ချင်းပဲ သူလည်း ဒေါသပေါက်ကွဲလာတယ်။ ဒါပေမဲ့ သူ့ကိုယ်သူထိန်းချုပ်လိုက် ပေမဲ့ သူ့မျက်နှာအမူအရာက ခံစားချက်ကင်းမဲ့လာလလို့
“ မင်းဘာအဓိပ္ပါယ်လဲ?”
ရှီဖုန်းကအရမ်းစိတ်ဆိုးနေတယ်။
“ ခင်ဗျားက ယောကျ်ားတွေကို ကြိုက်တာဆိုတော့ ခင်ဗျားပဲ ဝေးဝေးရှောင်ခဲ့သင့်တာမဟုတ်ဘူးလား? ကျွန်တော် မသိခဲ့ပေမဲ့ ခင်ဗျားသိနေခဲ့တယ်လေ။ မဟုတ်ဘူးလား?”
သူက ဓာတ်ပုံကိစ္စနဲ့ပါတ်သက်ပြီး စိတ်ဆိုးနေတုန်းဖြစ်တယ်။ ကုမ္ပဏီကလူတိုင်း သူ့ကို ကြည့်တဲ့ပုံစံနဲ့ပါတ်သက်ပြီး ဒေါသထွက်နေတုန်းဖြစ်တယ်။ ဒီညနေတုန်းက အထက်လူကြီးကို ရီပို့သွားတင်တဲ့အခါ စနောက်တာခံလိုက်ရတယ်။ အဲဒီတုန်းက သူ့မျက်နှာက နီရဲနေပြီးတော့ သူ့ဒေါသကို အတော်ချုပ်သည်းခဲ့ရတယ်။ အသက်ရှုတောင် ကျပ်လာတော့မတတ်ပဲ။
အခုတော့ သူမနေနိုင်စွာနဲ့ပဲ ဟေ့ယန်ရှန်းအပေါ် သူ့ဒေါသတွေကို ဖြေထုတ်မိတယ်။ ဟေ့ယန်ရှန်းသာ လိင်စိတ်တိမ်းညွတ်မှုကို သူ့ကို အရင်ကတည်းကပြောခဲ့မယ်ဆိုရင် ဟေ့ယန်ရှန်းနဲ့ သူဝေးဝေးနေခဲ့မိမှာ။
ဟေ့ယန်ရှန်းရဲ့ ကျောက ခပ်မတ်မတ်ရှိနေပြီး အခုချိန်မှာ စားသောက်ဆိုင်က ဆူညံသံတွေလည်း ဝေးကွာသွားတယ်။ သူက သူ့ကိုယ်သူ တည်ငြိမ်သွားအောင် အသက် ပြင်းပြင်းရှူလိုက်ပြီးမှ မေးတယ်။
“ ကိုယ်က ယောကျ်ားတွေကို ကြိုက်တယ်ဆိုတော့ ယောကျ်ားတိုင်းနဲ့ ဝေးဝေးနေသင့်တယ်။ ဟုတ်တယ်မလား?”
ရှီဖုန်းက ပြန်ပြောတယ်။
“ မဟုတ်ဘူးလား? တကယ်လို့ အလုပ်ဆင်းတိုင်း ကျွန်တော် ညစာအတူစားတဲ့သူက မိန်းမသာဆိုရင် လူတွေက ဘယ်လိုထင်ကြမယ်လို့ထင်လဲ? အထင်လွဲကြမှာပဲ မဟုတ်ဘူးလား?”
ဟေ့ယန်ရှန်းက သူ့ကို ကြည့်ရင်း နောက်ဆုံးတော့ အေးစက်စက်အသံနဲ့ ပြောလိုက်တယ်။
“ အထင်လွဲနေတဲ့သူက မင်းလို့ထင်တာပဲ။”
အဲလိုပြောပြီးနောက် သူက ထရပ်လိုက်တယ်။ မထွက်သွားခင် စကားတစ်ခွန်းပြောခဲ့လိုက်တယ်။
“ မင်းကို ကိုယ် ထပ်ပြီးအနှောင့်အယှက်မပေးတော့ဘူး။”
************/////************
You are reading the story above: TeenFic.Net