Chapter 2

Background color
Font
Font size
Line height


ထိုခြောက်လအတွင်းမှာ ရှီဖုန်းက လှလည်းလှ တော်လည်းတော်တဲ့ တခြားဌာနတစ်ခုက ကောင်မလေးတစ်‌ယောက်ကို ကြိုက်မိသွားခဲ့တယ်။ သူက သူမကို အားတက်သရော လိုက်ပေမဲ့ သူ့ခံစားချက်ကိုတော့ ဖွင့်ဟဝန်ခံခြင်း မလုပ်မိ။

ဒါပေမဲ့ သူမအတွက် မနက်စာဝယ်ပေးတာမျိုး၊ အသေးအတောလေးတွေ လက်ဆောင်ပေးတာမျိုး‌ တော့လုပ်ဖြစ်တယ်။ ဆိုတော့ ကောင်မလေးက ဇဝေဇဝါဖြစ်ပြီး အဖြေသေချာပေးခြင်း မလုပ်။

နောက်တော့မှ အဲဒီမိန်းကလေးက ကောင်လေးရသွားပြီဖြစ်ကြောင်း ရှီဖုန်းသိလိုက်ရတယ်။

ရှီဖုန်းက တည့်တိုးသမား ဆိုတော့ အဲဒီအကြောင်းနဲ့ပါတ်သက်ပြီး အတော်လေး ဒေါသထွက်မိတယ်။ အဲဒါကြောင့် သူက ကောင်မလေးဆီသွားပြီး ဘာအဓိပ္ပါယ်လဲ မေးတယ်။ ကောင်မလေးကလည်း သွယ်ဝိုက်မနေဘဲ ပြန်ဖြေတယ်။ ရှီဖုန်းက သူ့ကို ဝန်မခံမှတော့ သူမအနေနဲ့ ဘယ်လို ငြင်းလို့ရမလဲတဲ့။ ရှီဖုန်းသာ ဝန်ခံခဲ့ရင် သူမလည်း အစကတည်းက ငြင်းခဲ့မှာတဲ့။

ချီဖုန်းက သွေးအန်တော့မလို ခံစားရတယ်။ ဒါပေမဲ့ သူက တဖက်လူကို တပူညံညံလုပ်နေရတဲ့ သနားစရာလူမဖြစ်ချင်တာကြောင့် အဲ့သွေးတွေကို ပြန်မျိုချလိုက်ရတယ်။

ဒါပေမဲ့ နံရံတိုင်းမှာ နားရှိတယ်မလား။ ဒီအကြောင်းက ကုမ္ပဏီတစ်ခုလုံးဆီ ပြန့်သွားတယ်။ ဒါပေမဲ့ ဘယ်သူမှတော့ ရှီဖုန်းရှေ့မှာ မပြောကြဘူး။

ရှီဖုန်းအငြင်းခံရပြီးလို့ တစ်ပါတ်အကြာမှာပဲ ကုမ္ပဏီရဲ့ ဒုဉက္ကဠကသူတို့ဌာနနဲ့ ဘဏ္ဍာရေးဌာနက ဝန်ထမ်းတွေကို ညစာဖိတ်ကျွေးတယ်။ အဲဒီညမှာ ဟေ့ယန်ရှန်းလည်း ရောက်လာတယ်။

ညစာက ပုံမှန်အတိုင်းပဲ ပြီးသွားပြီး လူတိုင်းက အတူသီချင်းသွားဆိုကြဖို့ လုပ်တယ်။ ရှီဖုန်းက အသံကောင်းတယ်။ သူလည်း မိုက်ခရိုဖုန်းယူပြီး အဆွေးသီချင်း အနည်းငယ်ကိုဆိုက်တိုက်ဆိုလိုက်တယ်။ စားပွဲဝိုင်းက လူတိုင်းက လက်ခုပ်တီးပေးကြတယ်။ သူသီချင်းတစ်ပုဒ်ဆိုပြီးတိုင်းတစ်ယောက်ယောက်က သူ့ကို အရက်ခွက်လာငှဲ့ပေးတယ်။

ရှီဖုန်းက အများကြီးသောက်လိုက်ပြီး ဘယ်သူမှ ထပ်လာမငှဲ့ပေးတော့ရင်တောင် သူ့ဖာသာ ဆက်သောက်ခဲ့တယ်။

ဟေ့ယန်ရှန်းကတော့ ကားမောင်းရမှာကြောင့်မို့ အရက်တွေကို ငြင်းလိုက်တယ်။ သူက အတော်လေး တိတ်ဆိတ်တဲ့ လူစားမျိုးထဲပါတယ်။ သူငြင်းလိုက်ပေမဲ့ ဘယ်သူမှ ထပ်နားပူအောင် မလုပ်ရဲဘူး။ ဆိုတော့ အခန်းထဲမှာ သတိအကပ်ဆုံး ရှိသေးတဲ့လူက သူပဲဖြစ်တယ်။

အဲဒီညမှာ သူတို့ တော်တော် နောက်ကျတဲ့ထိ သီချင်းဆိုဖြစ်ကြတယ်။ နောက်တော့ နှစ်ယောက် သုံးယောက်အစုစီနဲ့ လူတိုင်းက ထွက်ခွါသွားကြတယ်။

ဟေ့ယန်ရှန်းလည်း ထွက်သွားပြီ ဖြစ်ပေမဲ့ KTV ခန်းထဲ ကုတ်အင်္ကျီကျန်ခဲ့တာကို အမှတ်ရလိုက်တာကြောင့် ပြန်ဝင်လာတယ်။ သူ ကုတ်အင်္ကျီယူပြီးတော့ သန့်စင်ခန်းထဲကနေလို့ ဆူညံသံကို ကြားလိုက်ရတယ်။ အဲဒါကြောင့် သူက သန့်စင်ခန်းဆီ သွားပြီး တံခါးခေါက်ကြည့်လိုက်တယ်။

အထဲကနေ ဘာတုန့်ပြန်သံမှမလာခဲ့။ ဒါပေမဲ့ အင်္ကျီတရှပ်ရှပ်သံတွေကိုတော့ ကြားနေရတယ်။ အဲဒါကြောင့် သူက လက်မြောက်လို့ တံခါးလက်ကိုင်ကို လှည့်ဖွင့်လိုက်တယ်။ တံခါးက သော့မခတ်ထားတဲ့အတွက်ကြောင့် လက်ကိုင်ကို လှည့်လိုက်တာနဲ့ ဖွင့်လိုက်လို့ရတယ်။

ရှီဖုန်းကို သတိလက်လွတ်ဖြစ်နေတဲ့ အခြေအနေနဲ့ တွေ့လိုက်ရတယ်။

အဝတ်အစားတွေက ကြေမွနေပြီး ကြမ်းပြင်ပေါ် ထိုင်နေတယ်။ အသောက်လွန်သွားလို့ မထနိုင်တော့တာဖြစ်တယ်။

ဟေ့ယန်ရှန်းက အခန်းထဲ လှမ်းကြည့်လိုက်တဲ့အခါဘယ်သူမှ မကျန်တော့တာကို တွေ့ရတယ်။ ရှီဖုန်းဌာနက လုပ်ဖော်ကိုင်ဖက်တွေကို ဖုန်းဆက်ကြည့်တော့လည်း မကိုင်ကြဘူး။ အဲဒါကြောင့် သူက အမူးသမားကို မေးလိုက်တယ်။

" မင်းအဆင်ပြေရဲ့လား? ထရော ထနိုင်လား?"

ရှီဖုန်းက လုံးဝသတိလွတ်သွားတာတော့မဟုတ်ဘူး။ သူက ခေါင်းမော့လာပြီး ဟေ့ယန်ရှန်းကို ကြည့်တယ်။

ဟေ့ယန်ရှန်းက သူ့အပေါ်ကုတ်ကို ဝတ်လိုက်ပြီး ထိုင်ချလို့ ရှီဖုန်းကို ထူပေးတယ်။ ဒါပေမဲ့ ရှီဖုန်းက တအားရှည်တာကြောင့် သူသာ အားအပြည့်မစိုက်ထုတ်ဘူးဆိုရင် တဖက်လူကို ထိန်းကိုင်ပေးဖို့ ခက်ခဲလောက်မှာ ဖြစ်တယ်။

ဟေ့ယန်ရှန်းက ဟောဟဲလိုက်လို့ ရှီဖုန်းကိုပြောတယ်။

" မင်းဖာသာ ရပ်ကြည့်။ မနိုင်လို့။"

ရှီဖုန်းက သူပြောတာကို နားလည်သလိုနဲ့ လက်ဆန့်လို့ ဘေစင်ပေါ် ထောက်လိုက်ပြီး ဟေ့ယန်ရှန်းအကူအညီနဲ့ ခက်ခက်ခဲခဲ ထရပ်တယ်။ အဲဒီနောက် ဟေ့ယန်ရှန်းပေါ် အပြည့်အဝ ပြန်မှီလိုက်တယ်။

ဟေ့ယန်ရှန်းက သူ့လက်တွေကို တဖက်လူပုခုံးပေါ် တင်ကာ အပြင်ခေါ်ထွက်ပေးတယ်။
သူတို့ KTV တံခါးပေါက်ရောက်တဲ့အခါ တခြားလုပ်ဖော်ကိုင်ဖက်‌တွေ အကုန်ပြန်ကုန်ကြပြီဖြစ်ကြောင်း သိလိုက်ရတယ်။ လူတိုင်းက အများကြီး သောက်ခဲ့ကြတာဆိုတော့ သီချင်းဆိုကြပြီး တစ်ယောက်ပြီး တစ်ယောက် အလျိုလျိုပြန်ကြတဲ့အခါ ဘယ်သူကျန်ခဲ့မှန်းလည်း သတိမထားမိကြတော့။ သူနဲ့ ရှီဖုန်းကိုလည်း မေ့ထားခဲ့ကြတယ်။

ဟေ့ယန်ရှန်း ကရွေးချယ်စရာမရှိဘဲ ရှီဖုန်းကို ကားပါကင်ထိတွဲသွားပေးပြီး ၏ကားထဲ တွန်းထည့်လိုက်တယ်။ သူ ရှီဖုန်းကို လိုက်ပို့ဖူးတာမို့ ရှီဖုန်းအိမ်သိတယ်။ သူရှီဖုန်းကို လိုက်ပို့နေတုန်း နောက်ခန်းက ရှီဖုန်းက အိပ်ပျော်သွားလို့ ဟောက်တောင် ဟောက်နေပြီ။

သူ ရှီဖုန်းကို နှိုးလို့မရဘူး။ ရှီဖုန်းနေတဲ့ အလွှာနဲ့ အခန်းနံပါတ်လည်း မသိဘူး။

နောက်ဆုံးတော့ သူ့မှာ ရွေးချယ်စရာမရှိတော့ဘဲ အနီးအနားက ဟိုတယ်ဆီကိုပဲ ရှီဖုန်းကို ခေါ်သွားလိုက်ရတယ်။ ရှီဖုန်းရဲ့ ID card နဲ့ အခန်းတစ်ခုယူလိုက်ပြီး သူ့ကိုမှီထားစေတဲ့အနေအထားနဲ့ အပေါ်ထပ်ဆီ သယ်သွားပေးလိုက်တယ်။

သူက ရှီဖုန်းကို အိပ်ယာပေါ် ပစ်တင်လိုက်တယ်။ ဖိနပ်ကိုလည်း ချွတ်ပေးပြီး အခန်းအပူချိန်ကိုလည်း ညှိပေးပြီးနောက် စောင်ခြုံပေးလိုက်တယ်။

ဟေ့ယန်ရှန်းက သူအကောင်းဆုံးလုပ်ပေးပြီးပြီလို့ စဉ်းစားပြီးမှ တံခါးဖွင့်ပြီး ပြန်ထွက်သွားလိုက်တယ်။

နောက်တစ်နေ့ ရှီဖုန်းက ဗလာဖြစ်နေတဲ့ ဦးခေါင်းနဲ့ ပြန်နိုးလာတယ်။ သူ့ကို ဒီနေရာဆီ ဘယ်သူသယ်လာပေးမှန်းတောင် မသိဘူး။ သူက လွန်ခဲ့တဲ့ညက အတော်လေးသောက်ခဲ့တော့ နောက်ပိုင်း ဘာတွေဖြစ်ခဲ့သလဲ သတိမရတော့။

ဟိုတယ်နာမည်တွေ့မှပဲ သူတို့ အိမ်နားက ဟိုတယ်ဖြစ်နေတာကို သဘောပေါက်လိုက်တယ်။ ဒါပေမဲ့ သူတို့ဌာနက ဘယ်သူက သူ့ကို လိုက်ပို့ပေးခဲ့သလဲ မသိ။

သူကုမ္ပဏီပြန်ရောက်တော့ လူတိုင်းကို မေးကြည့်ပေမဲ့ ရှိဖုန်းက သန့်စင်ခန်းထဲ ကျန်ထားခဲ့တာကို ဘယ်သူမှ သတိမထားမိကြ။ ဆိုတော့ သူ့ကို ပို့ပေးခဲ့တဲ့သူကို မသိရတော့။

တစ်ယောက်က သူ့ကို ပြောလာတယ်။

" ငါတို့ ဌာနက မဟုတ်လောက်ဘူး။ မင်းနေတဲ့ နေရာကို သိတဲ့လူရှိလား?"

အဲဒါကို ကြားတဲ့အခါ သူ ဟေ့ယန်ရှန်းကို သတိရလိုက်တယ်။

အဲဒီမနက်ခင်းမှာ သူအလုပ်ပြီးတဲ့အခါ ကုမ္ပဏီရဲ့ ဆက်သွယ်ရေးစာအုပ်ကို ဖွင့်ပြီး ဟေ့ယန်ရှန်းရဲ့ ရုံးခန်းနံပါတ်ကိုရှာလို့ ဖုန်းခေါ်လိုက်တယ်။

ဟေ့ယန်ရှန်းရဲ့အသံက နည်းနည်းကွဲအက်ပြီးတိုးညှင်းတယ်။ သူက အသံတိုးတိုးနဲ့ 'ဟလို' လို့ပြောလာတယ်။

ရှီဖုန်းက မြန်မြန် မေးလိုက်တယ်။

" မန်နေဂျာဟေ့၊ ကျွန်တော့်ကို မနေ့က လိုက်ပို့ပေးခဲ့တာလား?"

ဟေ့ယန်ရှန်းက တစ်ခဏ တိတ်ဆိတ်ပြီးနောက် ပြန်ပြောလာတယ်။

" မင်းအဆင်ပြေရဲ့လား "

အဲဒါကို ကြားတဲ့အခါ ရှီဖုန်းက သေချာသွားတယ်။

" ကျေးဇူးတင်ပါတယ်။ ပြီးတော့ဒုက္ခများစေခဲ့မိလို့ တောင်းပန်ပါတယ်။"

ဟေ့ယန်ရှန်းက ရှီဖုန်း ကျေးဇူးတင်စကား တတွတ်တွတ်ပြောနေတာကြောင့်နည်းနည်း အကြပ်ရိုက်သွားသလိုဖြစ်သွားတယ်။

" ဘာမှ မဟုတ်ပါဘူး။ ဒုက္ခလည်း မဖြစ်ဘူး။ လုပ်ဖော်ကိုင်ဖက်တွေပဲမလား?"

ရှီဖုန်းက ပြန်ပြောတယ်။

" ခင်ဗျားဒီနေ့ညနေ အားလား။ ကျွန်တော် ခင်ဗျားကို ညစာ ကျွေးမယ်လေ။"

ဟေ့ယန်ရှန်းက ချက်ချင်းငြင်းလိုက်တယ်။

"ဒီညလုပ်စရာရှိတယ်။ ပြသနာမရှိဘူး။ နောက်မှ ပြောရအောင်။"

ရုတ်တရက် ရှီဖုန်းက ပြန်ပြောတယ်။
" ခင်ဗျား ဒီညမအားရင် မနက်ဖြန်ညနေရော အားမလား?"

ဟေ့ယန်ရှန်းက ဆက်ငြင်းနေရင်တောင် ရှီဖုန်းက နောက်တစ်ညရော လို့ဆက်ပြောလာမှာ စိုးရိမ်မိတယ်။ သူက အကူအညီမဲ့သလို ခံစားလိုက်ရကာ သူ့ရဲ့အကျင့်အရလည်း ဆက်မငြင်းတတ်တော့တာကြောင့် နောက်ဆုံးတော့ အင်တင်တင်လက်ခံလိုက်တယ်။

" ဒါဆိုလည်း မနက်ဖြန်တွေ့ကြမယ်လေ။"

နောက်တနေ့ ညနေပိုင်း သူတို့ အလုပ်ဆင်းတဲ့အချိန် တိမ်ထူပြီး မိုးနည်းနည်းဖွဲနေတယ်။ မိုးကြောင့်မို့ ရှီဖုန်းက ဟေ့ယန်ရှန်းကားဆီ ဝင်လိုက်ပြီး သူတို့ ညစာ စားကြမဲ့ နေရာကို ညွှန်းလိုက်တယ်။

သူတို့ ညစာစားကြတဲ့ဆိုင်က အရမ်းဈေးမကြီးဘဲ နည်းနည်း ကျပ်ညှပ်ချင်စရာကောင်းတဲ့ တရုတ်ဆိုင်လေးတစ်ဆိုင်ဖြစ်တယ်။

ရှီဖုန်းက စားစရာအနည်းငယ်ကို မှာတယ်။ ဝိုင်တစ်ပုလင်းကိုလည်း ထပ်မှာလိုက်တယ်။
ဟေ့ယန်ရှန်းက ရှီဖုန်းသူ့ကို ဝိုင်ငှဲ့ပေးဖို့ လုပ်တာကို တွေ့တဲ့အခါ အလျင်အမြန်ပဲ တားလိုက်တယ်။

" ကိုယ်ခနနေကျရင် ကားမောင်းရအုံးမှာ မသောက်တော့ဘူး။"

ရှီဖုန်းက လက်ခါယမ်းပြီး

" ကိစ္စမရှိဘူး။ ဒရိုင်ဘာငှါးလိုက်လို့ရတာပဲ။"

ဒီလိုနဲ့ ဟေ့ယန်ရှန်းဘယ်လောက်ငြင်းငြင်း ရှီဖုန်းက မရရအောင် ဝိုင်ထည့်ပေးတယ်။ ဟေ့ယန်ရှန်းက ရှီဖုန်းလို လူတွေနဲ့ ဘယ်လိုဆက်ဆံရမှန်းမသိတော့ ဒီလို သောက်ဖို့ အတင်းဆွဲတာကို ဘယ်လိုငြင်းရမယ်မှန်းမသိဘူး။

နောက်ဆုံးတော့လည်း ဝိုင်ခွက်ကို ကောက်ယူလို့ နည်းနည်းသောက်လိုက်တယ်။
ရှီဖုန်းက ဝိုင်ခွက်ကို ချလိုက်ပြီး သက်ပြင်းအသာချကာ ပြောလာတယ်။

" မန်နေဂျာဟေ့ ခင်ဗျားတကယ်သဘောကောင်းတာပဲ။"

ဟေ့ယန်ရှန်းက သူ့ကို ရှီဖုန်းအဲလိုချီးကျူးစကားဆိုတာကို ကြားတဲ့အခါ ရှုပ်ရှုပ်ထွေးထွေးခံစားလိုက်ရတယ်။

" နည်းနည်းစားအုံး။"

ရှီဖုန်းက သူ့ရဲ့တူနဲ့ ဟေ့ယန်ရှန်းရှေ့က ခွက်မှာ အမဲတုံးတစ်ခု ကောက်ထည့်ပေးတယ်။

" ကျွန်တော်နဲ့ဆို အရမ်းယဉ်ကျေးနေစရာမလိုပါဘူး။"

ဟေ့ယန်ရှန်းက ကျေးဇူးတင်ကြောင်းပြတဲ့အနေနဲ့ ခေါင်းညိတ်လိုက်တယ်။

ပထမပိုင်းတော့ ရှီဖုန်းက စကားကို အနည်းငယ်ထိန်းချုပ်ပြီးပြောတယ်။ သူ့အလုပ်အကြောင်း ကုမ္ပဏီရဲ့အခြေအနေအကြောင်း စသဖြင့်။ ဒါပေမဲ့ သူသောက်လေလေ ကုမ္ပဏီကလူတွေအကြောင်းကို မပြောရမနေနိုင်လေလေ ဖြစ်လာတယ်။

ဟေ့ယန်ရှန်းက ကိုယ့်ကိုကိုယ် အတော်ထိန်းချုပ်တတ်တဲ့လူစားမျိုး။ အခုလည်း သူက နည်းနည်းပဲသောက်တယ်။ ရှီဖုန်းက အတင်းငှဲ့ပေးတဲ့အခါလည်း ဝိုင်ခွက်ကို မလို့ သောက်ချင်ယောင်ဆောင်ပြီး သေချာမသောက်ဖြစ်ဘူး။

နောက်တော့ ရှီဖုန်းက မူးလာတယ်။ သူကမေးတယ်။

" ခင်ဗျား လုရှောင်မေ့ကိုသိလား။"

ဟေ့ယန်ရှန်းက ခေါင်းအသာညိတ်တယ်။ အဲဒီကောင်မလေးက လှတော့ ကုမ္ပဏီကလူတွေ သူ့အကြောင်းပြောကြတာကို မကြာမကြာကြားရ‌ လေ့ရှိတယ်။

ရှီဖုန်းက လက်ဆန့်ထုတ်ကာ စားပွဲပေါ်ရိုက်လိုက်တယ်။ တစ်ချက်ပျို့လိုက်ပြီးမှ

" အဲ့ကောင်မလေးက ကျွန်တော့်ကို ကစားနေတာ။"

ဟေ့ယန်ရှန်းက လန့်သွားကာ ဘေးပတ်လည်ကို တစ်ချက်ဝေ့ကြည့်တယ်။ ဘယ်သူမှ သတိမထားမိတာကို တွေ့မှ သူက တိုးတိုးပြောတယ်။

" စိတ်ထိန်းအုံး။"

ရှီဖုန်းက လုရှောင်မေ့အကြောင်းပြောလေလေ ခံစားချက်မထိန်းနိုင်လေလေဖြစ်ပြီး သူ့စိတ်ထဲ ဖိနှိပ်ထားတဲ့ မကျေနပ်ချက်တွေကို ဟေ့ယန်ရှန်းကို အားလုံးဖွင့်ဟပြလာတယ်။

ဟေ့ယန့်ရှန်းက နေရခက်သလို ခံစားရပေမဲ့ သူရှီဖုန်းကို ဘယ်လို ရပ်တန့်ခိုင်းရမလဲ မသိဘူး။

စားကြပြီးနောက်လည်း ရှီဖုန်းက စကားဆက်ပြောနေပြီး ဟေ့ယန်ရှန်းက တိတ်တဆိတ် နားထောင်နေတယ်။

ရှီဖုန်းက သူ့စိတ်ထဲကအရာတွေကို ဟေ့ယန်ရှန်းကို ပြောပြလိုက်တော့ ပေါ့ပါးသွားသလို ခံစားရတယ်။

စားသောက်ဆိုင်က ထွက်လာကြတဲ့အခါ ဟေ့ယန်ရှန်းက ကားဆရာကို‌ခေါ်လိုက်တယ်။
ရှီဖုန်းက သူ့လက်တွေကို ဟေ့ယန်ရှန်းပုခုံးပေါ်တင်လိုက်ပြီး ပြောတယ်။

" ခင်ဗျားကို လိုက်ပို့ပေးမယ်။"

ဟေ့ယန်ရှန်းက ရှီဖုန်းတအားမူးနေပြီကြောင့်မို့ တစ်ယောက်တည်း ပြန်ခိုင်းလို့ မဖြစ်တော့တာကို တွေ့တဲ့အခါ သူ့ကားဆရာကို ခေါ်ပြီး ရှီဖုန်းကို အရင်လိုက်ပို့တယ်။

အဲဒီနောက်ပိုင်းကနေစပြီး ရှီဖုန်းက ဟေ့ယန်ရှန်းကို အပြင်ထွက်စားကြဖို့ မကြာမကြာလာခေါ်လေ့ရှိတယ်။

အစပိုင်းတော့ ဟေ့ယန်ရှန်းက ဆင်ခြေရှာပြီး ငြင်းဆိုလေ့ရှိပေမဲ့ ရှီဖုန်းလည်း အတော်ဇွဲနပန်းရှိတဲ့ လူစားမျိုး ဖြစ်နေတယ်။ ဒီနေ့ တစ်ခုခုရှိတယ်ပြောရင် မနက်ဖြန်လည်း အဆင်ပြေတယ်။ မနက်ဖြန် မရရင် နောက်တစ်ရက်ရော? လို့မေးတယ်။

ဆိုတော့ အကြိမ်ရေများလာတဲ့အခါ ဟေ့ယန်ရှန်းက ဆက်ငြင်းလို့ မရတော့မှန်းနားလည်သွားပြီး ဆက်မငြင်းတော့ဘူး။

သူက ရှီဖုန်းနဲ့ မကြာမကြာ အပြင်ထွက်စားကြတာမို့ တဖက်လူနဲ့ ရင်းနှီးလာတယ်။ တစ်ခါတစ်လေဆို ရှီဖုန်းက သူ့အကြောင်း စောဒကတက်တဲ့အခါမျိုးတွေမှာ ဟေ့ယန်ရှန်းက စီနီယာတစ်ယောက်အမြင်ကနေ တချို့ကိစ္စတွေကို ပြန်ရှင်းပြလေ့ရှိတယ်။

သူတို့နှစ်ယောက်က ဒီလို ဆက်ဆံရေးကို နှစ်ဝက်လောက်ထိ ထိန်းထားခဲ့ကြတယ်။ အပါတ်တိုင်းလိုလို ရှီဖုန်းက ဟေ့ယန်ရှန်းကို အပြင်ထွက်စားကြဖို့ ခေါ်လေ့ရှိတယ်။

ဒါပေမဲ့ အဲဒါက တစ်နေ့ ရှီဖုန်းရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က သူ့ကို မေးခွန်းမေးလာတဲ့ နေ့အထိပဲဖြစ်တယ်။

အဲဒီလူက အရမ်းသိချင်နေသလိုနဲ့

" မင်းဒီတလော ဟေ့ယန်ရှန်းနဲ့အရမ်းရင်းနှီးလာသလိုပဲ။"

အဲဒီလုပ်ဖော်ကိုင်ဖက်က ရှီဖုန်းနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိတဲ့သူဖြစ်တယ်။ အဲဒါကြောင့် သူ့ကို အဲလိုပြောလာတဲ့အခါ သူလည်း သေချာမစဉ်းစားပဲနဲ့ ပြန်ပြောလိုက်တယ်။

" အင်းငါတို့ ညစာအတူစားဖြစ်ကြတယ်။ သူနဲ့ ပေါင်းရတာ အဆင်ပြေတယ်လို့ ခံစားရတယ်။"

" ငါမင်းအကြောင်း မသိခဲ့ဘူးပဲ" အဲဒီလူက ပြုံးပြီးတော့ သူ့ပုခုံးလာတိုက်တယ်။

ရှီဖုန်းက နားမလည်ဟန်ဖြစ်သွားတယ်။

" မင်းက ဘာကို မသိခဲ့တာလဲ?"

အဲဒီလူက ပြန်ပြောတယ်။

" မင်းယောကျာ်း‌လေးကြိုက်မှန်းမသိခဲ့ဘူး။ မင်းမှာ ကောင်မလေးမရှိတာ အံ့သြစရာမရှိဘူးပဲ။"

ရှီဖုန်းက တဖက်လူဘာပြောချင်တာလဲ နားမလည်သေးဘူး။ သူက အဲဒီလူ ထူးထူးဆန်းဆန်းပြောနေတယ်လို့ ခံစားရတာ‌ကြောင့် နည်းနည်း စိတ်တိုသွားတယ်။

" ဘာသောက်စကားတွေလာပြောနေတာလဲ?"

အဲဒီလူက အသံနိမ့်လိုက်ပြီးမှ ပြန်ပြောတယ်။

" ဟေ့ယန်ရှန်းက ဂေးလေ။ မင်း မသိသေးဘူးလို့တော့ မပြောနဲ့။"

''''''''''''''''''''''''''''''''''


You are reading the story above: TeenFic.Net