ယာဉ်တိုက်မှုက လမ်းကြောရုက်တရက်ပြောင်းချလာတဲ့ ထရပ်ကားကြောင့်ဖြစ်တယ်။ ယာဉ်ထိန်းရဲတွေ အမှုကို စစ်ဆေးပြီးနောက်မှ ရှီဖုန်းက တက္ကစီတစ်စီးခေါ်ပြီး ဟေ့ယန်ရှန်းကို ဆေးရုံတစ်ခုဆီ ခေါ်သွားပေးတယ်။ ဟေ့ယန်ရှန်းက အသက်အန္တရာယ်မရှိပေမဲ့ သူ့ညာဘက်လက်ကောက်ဝတ်အရိုးထိသွားတယ်။ X-ray ရိုက်ကြည့်တဲ့အခါ အရမ်းဆိုးဆိုးရွားရွားတော့မဟုတ်နေတာကို သိရတယ်။
ညမှာတော့ ဟေ့ယန်ရှန်းက စောင့်ကြည့်ခန်းမှာ ဆေးပုလင်းချိတ်နေရကာ ရှီဖုန်းက ဘေးမှာ ထိုင်စောင့်ပေးတယ်။
ရှီဖုန်းအကြည့်တွေက သူ့အပေါ်စွဲကပ်နေတာကို သူမျက်လုံးမှိတ်ထားရင်းနဲ့တောင်မှ ခံစားမိနေတယ်။သူ မျက်လုံးတွေကို အသာဖွင့်ကာ မျက်နှာကြပ်ကို ကြည့်လိုက်တယ်။
“ မင်းကိုယ့်ကို ဘာလို့ အဲလောက်ကြည့်နေတာလဲ? ကိုယ်အဆင်ပြေတယ်။ မင်းသွားလို့ရပြီ။”
“ ကိစ္စမရှိဘူး။ ကျွန်တော် ခင်ဗျားကို စောင့်ပေးမယ်။ ခင်ဗျားအိပ်လို့ရတယ်။ ဆေးကုန်သွားမှ ဆရာဝန်ခေါ်ပေးလိုက်မယ်။”
ဟေ့ယန်ရှန်းက တစ်ခဏတော့ ဘယ်လို ပြန်ဖြေရမလဲ မသိတော့။
အဲဒီအချိန်မှာပဲ ရွှီချင်းဆီက ဖုန်းဝင်လာတယ်။ ရှီဖုန်းက ဖုန်းထုတ်ကြည့်လိုက်တဲ့အခါ ရွှီချင်းခေါ်နေတာဖြစ်ကြောင်းကို တွေ့လိုက်ရတယ်။ သူ လူနာခန်းထဲက ထွက်လာလိုက်ပြီး ဖုန်းဖြေတယ်။
ရှီချင်းက ဒီတစ်ခေါက်မှာတော့ စိတ်ဆိုးဒေါသထွက်ခြင်းမရှိ။ ရှီဖုန်း ဖုန်းဖြေတဲ့အခါ သူမက တည်တည်ငြိမ်ငြမ်နဲ့ပဲ ပြောလာတယ်။
“ လမ်းခွဲရအောင်။”
အဲဒီညနေတုန်းက ရှီဖုန်းက စားသောက်မပြီးသေးခင် ပြေးထွက်သွားတာကြောင့် ရွှီချင်းနဲ့ သူမမိဘတွေပဲ ကိုးရိုးကားယားကျန်ထားခဲ့တယ်။ ရွှီချင်းအဖေက သူမကိုပြောသေးတယ်။ ရှီဖုန်းမှာ အရေးပေါ်ကိစ္စတစ်ခုခုရှိတယ်ထင်တယ် လိုက်သွားလိုက်ဆိုပြီးတော့။
ရွှီချင်းက စိတ်အစာမကျေခံစားရကာ မလှုပ်ရှားချင်ခဲ့။ နောက်ဆုံးထိ ရှီဖုန်းက ပြန်မလာခဲ့သလို ဖုန်းလည်းမခေါ်လာ။ နောက်ဆုံးမှာ ရွှီချင်းကပဲ ဘေလ်ရှင်းခဲ့ရတယ်။
အခုအချိန်မှာ တောင်းပန်စကားပြောဖို့တောင် အသုံးမဝင်တော့ဘူးဆိုတာ ရှီဖုန်းသိနေတယ်။ သို့ပေမဲ့ သူခပ်တိုးတိုးဆိုလိုက်သေးတယ်။
“ ကိုယ်နားလည်တယ်။ တကယ်တောင်းပန်ပါတယ်။ တကယ်လို့…”
အစကတော့သူအခွင့်အရေးရရင် ရွှီချင်းကို ရှင်းပြချင်သေးပေမဲ့ အခုတော့ တစ်ဖက်လူက အခွင့်အရေးပေးမဲ့ဟန်မပေါ်။
ရှီဖုန်း လူနာခန်းထဲပြန်ဝင်လာတဲ့အခါ ဟေ့ယန်ရှန်းက သူ့ကို လှည့်ကြည့်လာလို့ ဆိုတယ်။
“ တစ်ခုခုအဆင်မပြေလို့လား? သွားစရာရှိရင် သွားလုပ်ချေလေ။”
“ ကျွန်တော်သွားလိုက်ရင် ခင်ဗျားဘယ်လိုလုပ်မှာလဲ?”
ရှီဖုန်းက ပြောရင်း လူနာကုတင်နား ထိုင်လိုက်တယ်။
“ ခင်ဗျားကို စောင့်ရှောက်ပေးဖို့ တစ်ယောက်ယောက်ရှိလို့လား?”
ဟေ့ယန်ရှန်းက ရုတ်တရက် လမ်းပျောက်သလို ခံစားလိုက်ရတယ်။ သူ့မှာ ဆွေမျိုးတွေ သူငယ်ချင်းတွေရှိပေမဲ့ သူ့ကို တစ်ညလုံး လာစောင့်ပေးမဲ့ထိ ရင်းနှီးမှုမျိုးတော့မဟုတ်။ သူသာ ယာဉ်တိုက်မှုဖြစ်တုန်းက ပြင်းပြင်းထန်ထန်ထိခိုက်ခဲ့မယ်ဆိုရင်တော့ တစ်ယောက်ယောက်ကို ခေါ်လို့ရလောက်ပေမဲ့ အခုအခြေအနေက အဲလောက်ထိမဟုတ်။
အဲဒါကြောင့် သူက ခနတိတ်ဆိတ်သွားပြီးမှ ပြန်ဖြေတယ်။
“ မလိုအပ်ဘူး။”
ရှီဖုန်းက ပြန်ပြောလာတယ်။
“ ကျွန်တော်မရှိသလို သဘောထားပြီးတော့ ဒီတိုင်းအိပ်လိုက်ပါ။”
ဟေ့ယန်ရှန်းက သူ့အနေနဲ့ ရှီဖုန်းထွက်သွားအောင် ဘယ်လိုမှ လုပ်လို့မရဘူးဆိုတာကို သိလိုက်ရတယ်။ အဲဒီလူနဲ့ စကားများများပြောရင် စိတ်မချမ်းသာရဘူးဆိုတော့ သူက ရှီဖုန်းကို ကျောပေးထားပြီး မျက်လုံးတွေကို မှိတ်လိုက်တယ်။
ရှီဖုန်းက ဟေ့ယန်ရှန်းနောက်ကျောကို ငေးကြည့်နေမိတယ်။
ဟေ့ယန်ရှန်းကားတိုက်မှုဖြစ်တာကို သူ့တွေ့မြင်ခဲ့ရတုန်းက ကြောက်ရွံ့မှုက အခုချိန်ထိ ပျောက်ပြယ်မသွားခဲ့။ အဲဒီအချိန်တုန်းက သူ့ခြေထောက်တွေ ခွန်အားမဲ့သွားသလို ခံစားလိုက်ရတယ်။ သို့ပေမဲ့ သူ့ခြေထောက်တွေအားမရှိနေရင်တောင် ဟေ့ယန်ရှန်းအဆင်ပြေရဲ့လား သိဖို့အတွက် သူ ဟေ့ယန်ရှန်းဘက်ဆီ အပြေးသွားမိလိုက်သေးတယ်။
အခု ဟေ့ယန်ရှန်းနောက်ကျောကို ကြည့်နေရင်းနဲ့ သူ့စိတ်ထဲ ရုတ်တရက်သက်သောင့်သက်သာမရှိဖြစ်လာတယ်။ သူ့ကိုယ်သူအတွက်မဟုတ်ပေမဲ့ ဟေ့ယန်ရှန်းအတွက်နဲ့။
သူကတွေးလိုက်တယ်။ ဟေ့ယန်ရှန်းက ဒဏ်ရာရတဲ့အချိန်မှာတောင် စောင့်ရှောက်ပေးဖို့ တစ်ယောက်မှ မရှိတာ တကယ်လို့ တစ်နေ့ သူအသက်ရလာတဲ့အခါမှာရော သူ့ဘေးမှာ တစ်ယောက်မှ မရှိဘဲ အိမ်မှာ တစ်ယောက်တည်းဖြစ်နေမှာလား?
အဲဒါကို မြင်ယောင်ကြည့်ရုံနဲ့ ရှီဖုန်းစိတ်ထဲသက်သောင့်သက်သာမရှိတဲ့ ခံစားချက်က တိုးမြင့်လာလွန်းတာများ သူ့နှာခေါင်းရိုးတွေနာကျင်လာတဲ့အထိ။
သူဘာလုပ်နိုင်မှာလဲ မသိတော့။ ဒီလိုတိတ်ဆိတ်တဲ့ညမှာ သူ ဟေ့ယန်ရှန်းနဲ့ တစ်သက်လုံးအတူနေနိုင်လောက်လားဆိုပြီး တွေးနေမိတယ်။
ရှီဖုန်းက ဟေ့ယန်ရှန်းဘက် လက်ကို လှမ်းလာပြီး ဟေ့ယန်ရှန်းဆံပင်ကို ထိကြည့်ဖို့ ကြိုးစားလိုက်တယ်။ သို့ပေမဲ့ ထိလုထိခင်အခြေအနေမှာ သူက အိမ်မက်ကနေ လန့်နိုးလာသလိုမျိုး လက်ကို ရုတ်တရက် ပြန်သိမ်းလိုက်တယ်။ အခုနလေးတင် ဘယ်လောက်တောင် လန့်ဖို့ကောင်းတဲ့ အတွေးဝင်သွားရတာလဲလို့ ရုတ်တရက် အသိဝင်လာနေရင်းနဲ့။
သူက အဲဒီလူ မဖြစ်ပေးနိုင်ဘူး ဆိုပြီး သူ့ကိုသူ အထပ်ထပ်ပြောနေမိတယ်။ ညနေက ယောကျာ်းက ဘယ်သူလဲ? ဟေ့ယန်ရှန်း ဒဏ်ရာရသွားတာတောင်မှ အဲ့လူကို မခေါ်တာပဲ။
ဟေ့ယန်ရှန်းက မိန်းမတွေနဲ့ အတူနေရဖို့ ကံကြမ္မာပါမလာဘူးဆိုမှတော့ ယောက်ျားတစ်ယောက်ယောက်ရှာတာက ပိုမကောင်းဘူးလား? ရှီဖုန်းက အံ့သြသွားတယ်။ ဟေ့ယန်ရှန်းနဲ့ အဲဒီလူရဲ့ ပုံရိပ်က သူ့စိတ်ထဲ ဖြတ်ပြေးလာတိုင်း သူ ဒေါသထွက်လာမိနေတယ်။ မဟုတ်ဘူး။ ဒီတိုင်း ဒေါသသက်သက်မဟုတ်ဘဲ မနာလိုမှုနဲ့ မလိုချင်မှုကပိုများတယ်။
သူက လက်တွေကိုမြှောက်ကာ မျက်နှာကို အုပ်ကိုင်လိုက်တယ်။
ခံစားချက်တွေကို ထိန်းသိမ်းလို့ရတယ်လို့ တစ်ယောက်ယောက်က ပြောခဲ့ဖူးတယ်။ မင်းအဲဒီအကြောင်းကို မတွေးဖြစ်သမျှ တချို့ခံစားချက်တွေက အညှောင့်ထွက်လာမှာ မဟုတ်ပေ။ သို့ပေမဲ့ ရှီဖုန်းကတော့ သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့။ ဒီလက်ခံနိုင်ဖွယ်ရာမရှိတဲ့ လျို့ဝှက်ခြင်းခံထားရတဲ့ ခံစားချက်တွေက အညှောင့်ထွက်လာပြီး ဖြစ်နေပြီဖြစ်ကာ ဒီတိုင်း ခေါင်းခါပြီး ငြင်းနေရုံလောက်နဲ့ မဖယ်ရှားပစ်နိုင်တောချေ။
ရှီဖုန်းက သူတော့ သွားပြီပဲလို့ တွေး လိုက်မိတယ်။
ညသန်းခေါင်အချိန်မှာ ဆေးကုန်သွားတဲ့အချိန် ဟေ့ယန်ရှန်းက အိပ်ပျော်နေပြီဖြစ်တယ်။ ရှီဖုန်းက ပေဂျာနှိပ်ကာ တာဝန်ကျဆရာမကို ဆေးထိုးအပ်ထုတ်ပေးဖို့ ခေါ်လိုက်တယ်။
အဲဒီအချိန်မှာ ဟေ့ယန်ရှန်းက နိုးလာတယ်။ သူ အလွန်ပင်ပန်းနေတာကြောင့် တဖန်အိပ်ပျော်သွားတယ်။ သူပြန်နိုးလာတဲ့အခါမှာတော့ အရုဏ်သက်နေပြီ။ သူ့မျက်လုံးတွေကို ဖွင့်လိုက်တဲ့အခါ ရှီဖုန်းက ကုတင်စွန်းမှာထိုင်လျက် သူ့ကို ကြည့်နေတာကို တွေ့လိုက်ရတယ်။ တစ်ညလုံး မျက်လုံးတွေကို မပိတ်ခဲ့သလိုမျိုး အကြည့်နဲ့။
ဟေ့ယန်ရှန်း အနည်းငယ် လန့်သွားတယ်။
ရှီဖုန်းက သူနိုးလာတာကို တွေ့တဲ့အခါ မေးတယ်။
“ မသက်မသာဖြစ်တဲ့ နေရာရှိလား?”
သူ့အသံက ကွဲအက်နေတယ်။
ရှီဖုန်းက ဆက်ပြောလိုက်တယ်။
“ ကျွန်တော် စစ်ဆေးပေးဖို့ ဆရာဝန်ခေါ်လိုက်မယ်။ အားလုံးအဆင်ပြေပြီဆိုရင် ကျွန်တော်တို့ အိမ်ပြန်လို့ရလောက်ပြီ။”
ဟေ့ယန်ရှန်းက ရှီဖုန်းအဲလိုလုပ်စရာ မလိုဘူးလို့ ပြောချင်ပေမဲ့၊ ရှီဖုန်းကို ပြန်နှင့်ပြီး ပြန်နားလို့ ရပြီလို့ ပြောချင်ပေမဲ့ ရှီဖုန်းက ထရပ်ပြီးဖြစ်ကာ အခန်းအပြင်ထွက်သွားတယ်။ သိပ်မကြာခင်မှာပဲ ရှီဖုန်းက ဆရာဝန်တစ်ယောက်နဲ့အတူ ပြန်ဝင်လာတယ်။ ဆရာဝန်က ဟေ့ယန်ရှန်းအခြေအနေကို မေးကာ လက်ကောက်ဝတ်ကို စစ်ဆေးပြီး ပြသနာမရှိကြောင်း သေချာအောင် စစ်ဆေးပြီးမှ ဆေးရုံဆင်းလို့ ရပြီဖြစ်ကြောင်းပြောတယ်။
ရှီဖုန်းက လက်တစ်ဖက်ဆန့်လို့ ဟေ့ယန်ရှန်းကို ထူပေးတယ်။
ဟေ့ယန်ရှန်းကတော့ သူ့လက်ကို ရှောင်လိုက်ပြီး ပြောတယ်။
“ ကိုယ့်ဖာသာ လုပ်နိုင်တယ်။”
သူအဲလိုပြောပေမဲ့ လက်တစ်ဖက်က လှုပ်လို့မရတာကြောင့် ဖိနပ်စီးဖို့အဆင်မပြေဖြစ်နေတယ်။ ရှီဖုန်းက ဆောင့်ကြောင့်ထိုင်ချလိုက်ကာ သူ့ကို ဖိနပ်စီးပေးလိုက်ပြီး ကုတ်အင်္ကျီကိုလည်း ဝတ်ပေးလိုက်တယ်။
ရှီဖုန်းက အဲလိုတွေ လုပ်ပေးနေတဲ့အချိန်မှာ စကားတစ်ခွန်းမှ မဆို။ ဟေ့ယန်ရှန်းက သူ့ကိုကြည့်နေရင်းနဲ့ စိတ်ရှုပ်ထွေးလာမှုကို ခံစားရတယ်။
ဒီကနေ့မှာ ဟေ့ယန်ရှန်းက ယာဉ်တိုက်မှုနောက်ဆွဲတွဲတွေကို ကိုင်တွယ်ရတယ်။ သူ ထရပ်ကားဒရိုက်ဘာနဲ့ ဆက်သွယ်ကာ ပြင်ဆိုင်သွားဖို့ စီစဉ်ရတယ်။ အဲဒါကြောင့် အလုပ်ခွင့်ယူလိုက်ရတယ်။
သို့ပေမဲ့ ရှီဖုန်းကိုလည်း ခွင့်ယူလိုက်ဖို့က မမျှော်လင့်ထားခဲ့။
သူတို့နှစ်ယောက် ဆေးရုံဝင်ပေါက်နားရပ်နေကြတုန်း ဟေ့ယန်ရှန်းက သူ့ကိုမေးတယ်။
“မင်းက ဘာလို့ ခွင့်ယူရတာလဲ? မင်းနှစ်ကုန်ကျရင် လစာဖြတ်ခံရတော့မှာ။”
“ ကျွန်တော် ခွင့်မယူရင် ခင်ဗျားကို တစ်ယောက်တည်း ချန်ထားရမှာလား? ခင်ဗျားလက်တွေက သုံးလို့မှ မရသေးတာ။”
ဟေ့ယန်ရှန်းက အလိုအလျောက် ပတ်တီးစီးထားတဲ့ သူ့လက်ကောက်ဝတ်ကို ကိုင်လိုက်မိတယ်။
“ ကိစ္စမရှိဘူး။”
ရှီဖုန်းက အဲ့အကြောင်းကို သူနဲ့ထပ်ပြောချင်စိတ်မရှိတာကြောင့်
“ သွားရအောင်။ ခွင့်က ယူပြီးသွားပြီ။ မနက်စာ အရင်သွားစားကြမယ်။ ခင်ဗျားဘာစားချင်လဲ?”
ရှီဖုန်းက ဟေ့ယန်ရှန်းကို တစ်ညလုံးစောင့်ကြည့်ပေးခဲ့တာဖြစ်တယ်။ ဟေ့ယန်ရှန်း အနေနဲ့သူဖြစ်ချင်သည်ဖြစ်စေ မဖြစ်ချင်သည်ဖြစ်စေ အခုချိန်မှာ တစ်ဖက်လူကို ငြင်းဆိုဖို့ မဖြစ်နိုင်။
နောက်ဆုံးတော့ သူက “ မင်းစားချင်တာ ဘာဖြစ်ဖြစ်” လို့ပဲ ပြောလိုက်တယ်။
မနက်စာစားကြပြီးနောက် ရှီဖုန်းက ဟေ့ယန်ရှန်းကို ကားကိစ္စနဲ့ပတ်သက်ပြီး တစ်ရက်လုံး လိုက်အဖော်ပြုပေးတယ်။ ညရောက်တော့ သူက တက္ကစီတစ်စီးနဲ့ ဟေ့ယန်ရှန်းကို အိမ်လိုက်ပို့ပေးပြန်တယ်။
တက္ကစီပေါ်ထိုင်နေရင်းနဲ့ သူတို့နှစ်ယောက်စလုံး စကားမပြောမိကြ။
ဟေ့ယန်ရှန်းက ကားမှန်ကနေတဆင့်အပြင်ကို ကြည့်နေရင်း ရှီဖုန်းဘက်လှည့်လာပြီး ပြောလိုက်တယ်။
“ ဒီနေ့အတွက် ကျေးဇူးပဲ။”
ရှီဖုန်းကအနည်းငယ် ထိုင်းမှိုင်းနေတယ်။
“ မနေ့က ကျွန်တော် ခင်ဗျားကို လိုက်မိလို့ ခင်ဗျား ယာဉ်တိုက်မှုဖြစ်ရတာလေ မဟုတ်ဘူးလား?”
ဟေ့ယန်ရှန်းက ဟုတ်တယ်လည်း မပြောသလို မဟုတ်ဘူးလည်း မပြောချေ။
“ ကိုယ်ကားမောင်းတဲ့ဆီ အာရုံမစိုက်မိလိုက်လို့ပါ။ ကိုယ့်လက်ဒဏ်ရာလည်း ထွေထွေထူးထူးမဟုတ်ဘူး။ မင်းတစ်နေ့လုံး ကူညီပေးခဲ့တာ လုံလောက်ပြီ။ ကိုယ့်အတွက် ထပ်ပူပေးစရာမလိုတော့ဘူး။”
ရှီဖုန်းက ရုတ်တရက်မေးလိုက်တယ်။
“ ခင်ဗျားကို ဂရုစိုက်ပေးမဲ့ လူရှိနေလို့လား?”
“ ဒီတိုင်း အသေးစား ထိခိုက်မှုလေးဟာ ကိုယ် ကိုယ့်ဖာသာ ဂရုစိုက်နိုင်တယ်။”
ရှီဖုန်းက ထပ်မေးတယ်။ “ တကယ်လို့ ဒီတစ်ခေါက် ဒဏ်ရာက ပြင်းထန်ရင်ရော? ကျွန်တော်မဟုတ်ဘဲနဲ့ ခင်ဗျားကို တစ်ညလုံးလာစောင့်ပေးမဲ့သူ တခြားတစ်ယောက်ယောက်ရှိလို့လား?”
ဟေ့ယန်ရှန်းက နောက်မှီပေါ် မှီလိုက်တယ်။ ရှီဖုန်းရဲ့အမေးကြောင့် သူစိတ်အလိုမကျဖြစ်လာပေမဲ့ ကြိုးစားပြီး ဖိနှိပ်လိုက်တယ်။ ရှီဖုန်းက သူ့ကို တကယ်ဂရုစိုက်တာပါ။ မဟုတ်ရင် သူနဲ့ အကြာကြီး အတူနေပေးမှာ မဟုတ်ဘူးလို့ သူ့ကိုယ်သူ ပြောမိတယ်။ သို့ပေမဲ့ ဒီလို ရိုင်းစိုင်းစော်ကားတဲ့စကားကဘယ်လောက်ပဲ ဂရုစိုက်မှုပြပြ တစ်ဖက်လူကို သက်သောင့်သက်သာမရှိ ဖြစ်စေမှာပင်။
တက္ကစီက ဟေ့ယန်ရှန်းအိမ်အောက်ထပ်ရှေ့ရောက်လာတယ်။ ဟေ့ယန်ရှန်းက ကားတံခါးကို ဆွဲဖွင့်ကာ ကားပေါ်က ဆင်းလိုက်တယ်။
ရှီဖုန်းလည်း လိုက်ဆင်းလာတယ်။
“ကျွန်တော် ခင်ဗျားကို အပေါ် လိုက်ပို့ပေးမယ်။”
ဟေ့ယန်ရှန်းလည်း ငြင်းဆိုခြင်းမပြုဘဲ ကိုယ်ကိုလှည့်လို့ အရင်လျှောက်သွားနှင့်တဲ့အခါ ရှီဖုန်းလည်းနောက်ကနေ လိုက်လာခဲ့တယ်။
တက္ကစီက လှည့်ထွက်သွားတာကိုတွေ့တဲ့အခါမှ ဟေ့ယန်ရှန်းက ရှီဖုန်းကို ရပ်စောင့်လိုက်ပြီး အသံအောအောနဲ့ မေးလိုက်တယ်။
“ ရှီဖုန်း ကိုယ်ထပ်ပြောမယ်။ မင်းရဲ့အကူအညီအတွက် ကိုယ်ကျေးဇူးတင်တယ်။ ဒါပေမဲ့ အခုက မင်းနည်းနည်းများနေပြီလို့ မထင်ဘူးလား?”
ရှီဖုန်းက တဖက်လူကို ကြည့်လိုက်တယ်။ ဒီနေရာမှာ လမ်းမီးတွေမရှိတာကြောင့် တစ်ဖက်လူရဲ့မျက်နှာကို ခပ်မှောင်မှောင်အလင်းရောင်အောက် သေချာမတွေ့ရ။
ဟေ့ယန်ရှန်းက ဆက်ပြောတယ်။
“ ကိုယ်က ဟိုမိုဆိုတာ ကိုယ်သိတယ်။ မင်းမျက်လုံးထဲမှာ ကိုယ်က ပုံမှန်လူမဟုတ်ဘူး။ ပြည့်စုံတဲ့ မိသားစုလည်း မရှိသလို ကလေးတွေလည်း မရှိဘူး။ အခုသုံးဆယ်ရောက်နေပြီ ဆိုရင်တောင်မှ တစ်ယောက်တည်းဖြစ်နေသေးတယ်။ အဲဒါကြောင့် မင်းက ကိုယ့်ကို သနားတယ်။ မင်းကိုယ့်ကိုဘယ်လိုမြင်မြင် ကိုယ့်အတွက် ကိစ္စမရှိဘူး။ ဒါပေမဲ့ ကိုယ့်ဘဝကိုတော့ ဝေဖန်ရှုံ့ချနေပြီး စိုးရိမ်ပေးတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့တော့ ကိုယ့်ဆီ ချည်းကပ်မလာနဲ့။ ကိုယ်ဘယ်လို ဘဝနဲ့နေနေ မင်းရဲ့ သတ်မှတ်ချက်တွေနဲ့ လာတိုင်းတာဖို့ မလိုအပ်ဘူး။ ကိုယ်က ကိုယ့်ကိုကိုယ်လည်း သနားစရာလို့ မမြင်ဘူး။ ကိုယ့်စိတ်ထဲ ဘာရှိသလဲဘာလိုချင်သလဲ ကိုယ်သေချာသိတယ်။ မင်းသွားပြီး လက်ထပ်ချေ ပြီးတော့ ကလေးယူပြီး ကိုယ့်ဘဝနဲ့ ကိုယ်နေ။ ကိုယ်ဘာလိုချင်သလဲဆိုတာက ကိုယ့်အကြောင်းကိစ္စပဲ။”
ဒီစကားတွေကို ပြောပြီးတဲ့အခါ ဟေ့ယန်ရှန်းရင်ဘတ်က နိမ့်ချည်မြင့်ချည်ဖြစ်နေတယ်။ သူ့ခေါင်းဆီ ထိုးတက်လာတဲ့သွေးတွေအေးမြသွားဖို့ ယပ်ခတ်လိုက်ချင်တယ်။
ရှီဖုန်းက ထူးဆန်းစွာနဲ့ ငြိမ်သက်နေတယ်။ သူက ဟေ့ယန်ရှန်းကို ကြည့်ကာ ပြောတယ်။
“ ကျွန်တော် မလုပ်နိုင်ဘူး။”
ဟေ့ယန်ရှန်းက သူ့ဘယ်ဘက်လက်ကို လက်သီးဆုပ်လိုက်ပြီး မြှောက်လိုက်ပေမဲ့ ပြန်ချလိုက်တယ်။
“ မင်းဦးနှောက်ချောင်နေပြီ ဟုတ်တယ်မလား?”
ရှီဖုန်းက လေးလေးနက်နက်ဆိုတယ်။
“ခင်ဗျားတစ်ယောက်တည်းဖြစ်နေတာကိုကျွန်တော် သည်းမခံနိုင်ဘူး။ ကျွန်တော့် နှလုံးသားထဲ သက်သောင့်သက်သာမရှိဖြစ်ရတယ်။ ကျွန်တော် ခင်ဗျားကို ပျော်ရွှင်တဲ့ဘဝမှာ နေစေချင်တယ်။”
သူအဲလိုပြောပြီးနောက်မှာ ဟေ့ယန်ရှန်းရဲ့ ခနက ဒေါသတွေက ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့တယ်။ ကျန်ရှိနေသေးတဲ့အရာဆိုလို့ ရယ်ဖို့ကောင်းတဲ့ ထိတ်လန့်အားငယ်ခြင်းပဲဖြစ်လိမ့်မယ်။
ဟေ့ယန်ရှန်းက လက်ကိုမြှောက်ကာ နဖူးသပ်လိုက်တယ်။ တစ်ခဏနေမှ သူက ရှီဖုန်းကို ပြောလိုက်ပြန်တယ်။
“ ကိုယ်ပြောအုံးမယ် ကိုယ်တစ်ယောက်တည်းဖြစ်နေတာကလည်း ကိုယ့်ရွေးချယ်မှုပဲ။ ကိုယ့်အတွက် မှန်ကန်တဲ့လူကို စောင့်ဆိုင်းနေသေးရုံပဲ။ ကိုယ်သဘောကျတဲ့လူနဲ့ တစ်ဘဝလုံး ပျော်ရွှင်သွားရအုံးမယ်လို့ ကိုယ်ယုံကြည်တယ်။ ကိုယ်တို့မှာချို့ယွင်းနေမဲ့ အရာက ကလေးပဲရှိမယ်။”
ရှီဖုန်းက စကားပြောမလာခဲ့။
ဟေ့ယန်ရှန်းက သူ့အိတ်ထောင်ထဲက ဖုန်းကို ထုတ်ယူလိုက်တယ်။
“ မင်းရဲ့ စိုးရိမ်ပေးမှုအတွက် ကျေးဇူးပဲ။ ကိုယ်အခု တစ်ယောက်ယောက်ကို ရှာလိုက်ပြီး ကိုယ်နဲ့ ဒီညအတူ အဖော်ပြုပေးခိုင်းလိုက်မယ်။ အဲဒါကြောင့် မင်းစိတ်ချလို့ရပြီ။ အနာဂါတ်မှာလည်း ကိုယ့်အတွက် စိတ်ပူပေးစရာမလိုတော့ဘူး။”
အဲလိုပြောပြီးနောက် သူက ဖုန်းကို လက်တစ်ဖက်ထဲနဲ့ ခက်ခက်ခဲခဲဖွင့်ကာ နံပါတ်တစ်ခုကို ရှာပြီးခေါ်လိုက်တယ်။
ဖုန်းခေါ်ဆိုမှု ချိတ်ဆက်ဖို့ စောင့်ဆိုင်းနေရင်းနဲ့ ဟေ့ယန်ရှန်းက ခေါင်းမော့ကာ ရှီဖုန်းကို ကြည့်လိုက်မိတယ်။
ရှီဖုန်းမျက်နှာအမူအရာက ဝမ်းနည်းနေဟန်ပေါ်တယ်။ သူ့ကိုယ်သူတောင် သတိထားမိဟန်မရှိ။
ခေါ်ဆိုမှုက အလျင်အမြန်ပဲ ချိတ်ဆက်သွားကာ ဟေ့ယန်ရှန်းက ဖုန်းတစ်ဖက်မှ လူကို ပြောလိုက်တယ်။
“ ချန်းလေ့၊ ဒီညလုပ်စရာရှိလား? ကိုယ့်နေရာဆီ လာခဲ့ပါလား?”
ၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐ
You are reading the story above: TeenFic.Net