Chapter 14

Background color
Font
Font size
Line height


ဟေ့ယန်ရှန်းစကားဆုံးရုံရှိသေး ရှီဖုန်းက ရှေ့ကိုနှစ်လှမ်းလှမ်းလာလျက် သူ့ဖုန်းကို ဆွဲယူကာ ဖုန်းချပေးလိုက်ပြီး ပြောတယ်။

“ ဘယ်သူ့ကိုမှ မခေါ်နဲ့။ ကျွန်တော် ဒီညလည်း ခင်ဗျားကို ဆက်ပြီး စောင့်ပေးနိုင်တယ်။”

ဟေ့ယန်ရှန်းက ရှေ့ကိုတိုးလာပြီး ဖုန်း‌ကို‌တော့မလုပေမဲ့ ရှီဖုန်းကို ကြည့်ကာ နှာမှုတ်လိုက်ရင်း “ မင်းက? ကိုယ့်ကို စောင့်ရှောက်ပေးမယ်? မင်းက ကိုယ့်ကို တစ်ဘဝလုံး စောင့်ရှောက်ပေးနိုင်မှာမို့လို့လား?”

ရှီဖုန်းက အဲဒါကို ကြားတဲ့အခါ ကြက်သေသေသွားတယ်။ သူက လက်ချောင်းတွေနဲ့ ဟေ့ယန်ရှန်းဖုန်းကို ပွတ်နေမိကာ တစ်ခဏကြာတဲ့ထိ ဘာမှ မပြောနိုင်ခဲ့။

ဟေ့ယန်ရှန်းက ဆက်ပြောတယ်။ “မင်းက ကိုယ့်အတွက် စိတ်မကောင်းဖြစ်နေတာလား? ကိုယ်အသက်ကြီးလာပြီးတော့ တစ်ယောက်တည်း အထီးကျန်‌နေမဲ့အချိန်ထိ ဂရုစိုက်ပေးမှာ မို့လို့လား?”

“ ကျွန်တော်…” ရှီဖုန်းက ခေါင်းလည်း မညိတ်နိုင်သလို ခေါင်းလည်း မခါနိုင်ခဲ့။

ဟေ့ယန်ရှန်းကတော့ အားအင်မဲ့သွားသလို ခံစားရကာ “ ရှီဖုန်း ကိုယ်က လက်ထပ်ဖို့မဖြစ်နိုင်ဘူး။ ကိုယ်က ကိုယ်အတူရှိဖို့ သဘောကျတဲ့လူကို ရှာမှာ။ အဲဒီအထိပဲ။ မင်းကိုယ့်ကို ဂရုစိုက်ပေးတာတွေက သူငယ်ချင်းတစ်ယောက်လုပ်ပေးနိုင်တာထက် ပိုနေပြီ။ ဒီမှာပဲ ရပ်လိုက်ကြရအောင်။”

အဲလိုပြောပြီးနောက် ဟေ့ယန်ရှန်းက ရှီဖုန်းလက်ကနေ သူ့ဖုန်းကို ပြန်ဆွဲယူလိုက်တယ်။ ခနက နံပါတ်ကို ပြန်ထပ်မခေါ်ဖြစ်။ သူက လှည့်လို့ အထဲဝင်သွားလိုက်တယ်။

ရှီဖုန်းက အဲဒီနေရာမှာပဲ ၁၀မိနစ်ခန့်ရပ်နေမိတယ်။ အဖြေ ရှာမရဘဲ နောက်ဆုံးမှာတော့ မျှော်လင့်ချက်ကင်းမဲ့စွာနဲ့ ထိုနေရာမှ လှည့်ထွက်လာခဲ့တယ်။

ဟေ့ယန်ရှန်းက သူ့ကို အဖော်ပြုပေးဖို့ ဘယ်သူ့ကိုမှ မခေါ်ခဲ့ဘဲ သူတစ်ယောက်တည်း အိမ်ပြန်လာခဲ့ကာ ဆိုဖာပေါ် တိတ်တဆိတ် နာရီဝက်ခန့် ထိုင်နေခဲ့တယ်။

သွားတိုက်ဖို့ လုပ်တဲ့အခါလည်း လက်တစ်ဖက်ကိုပဲ သုံးလို့ရတာကြောင့် သွားတိုက်တံပေါ် သွားတိုက်ဆေးညစ်ထည့်တာတောင် အကြိမ်ကြိမ် ချော်နေတဲ့အခါ သူစိတ်မရှည်ဖြစ်လာပြီး ဒေါသထွက်လာခဲ့တယ်။ သူက လက်ကို ဝေ့ယမ်းလိုက်ပြီး ခွက်တွေ သွားတိုက်ဆေးတွေအားလုံးကို ဘေစင်ပေါ်မှ ကြမ်းပြင်ပေါ်  ပြုတ်ကျသွားစေခဲ့တယ်။ အကောင်းပကတိ ဘယ်ဘက်လက်နဲ့လည်းကျောက်သားခုံပေါ် အားပြင်းပြင်းထုရိုက် နေမိတယ်။

သူ ရှီဖုန်းနဲ့ပတ်သက်ပြီး အရမ်းပင်ပန်းနေပြီဖြစ်တယ်။ ရှီဖုန်းကြောင့်သာမဟုတ်ရင် သူ့ဘဝက အခုလိုဆိုးရွားနေမှာ မဟုတ်။

နောက်တစ်ရက် အလုပ်ရောက်တဲ့အခါ သူ့လက်တစ်ဖက် အသုံးပြုလို့မရတာကို အကြောင်းပြပြီး မန်နေဂျာဆီ ခွင့်တောင်းလိုက်တယ်။ အမျိုးသားနေ့လည်း သိပ်မဝေးတော့တာကြောင့် သူက တစ်နှစ်တာအားလပ်ရက်အကျိုးခံစားခွင့်အားလုံးကိုလည်း ယူလိုက်တယ်။

မန်နေဂျာက သူ့လက်ထိခိုက်ထားတာကို တွေ့တဲ့အခါ အလုပ်လက်လွဲပေးထားဖို့ပြောပြီး ခွင့်ရက်ယူတာကို လက်ခံပေးခဲ့တယ်။

ခွင့်တင်ထားပြီးတဲ့နောက် ဟေ့ယန်ရှန်းက ရုံးခန်းဆီ ပြန်လာပြီး သူ့အလုပ်တွေကို လုပ်ဖော်ကိုင်ဖက်တွေဆီ လွဲထားပေးလိုက်တယ်။ သူက အဲ့နေ့မှာပဲ အိမ်ကို တိုက်ရိုက်ပြန်လာကာ လေယာဉ်လက်မှတ်နဲ့ ဟိုတယ်ကို အွန်လိုင်း ဘွတ်ကင်ချိတ်လိုက်ပြီး ဂျပန်ကို အလည်အပတ်သွားဖို့ စီစဉ်လိုက်တယ်။

ရှီဖုန်းက ဟေ့ယန်ရှန်းအားလပ်ရက်ခရီးသွားလိုက်တဲ့ကိစ္စကို ညနေကြမှ သိခဲ့ရတယ်။ အဲဒီသတင်းကို ဘဏ္ဍာရေးဌာနက လူတွေဆီကနေ ကြားသိခဲ့ရတာဖြစ်တယ်။ အဲဒီတုန်းက သူက စိတ်ပျက်သွားသလို စိတ်ညစ်သွားသလို ခံစားခဲ့ရတယ်။ သူရုံးခန်းကနေပြန်လာပြီးနောက် ဖုန်းကို ထုတ်လိုက်ပြီး ဟေ့ယန်ရှန်းဖုန်းနံပါတ်ကို အကြာကြီး ကြည့်နေမိခဲ့ပေမဲ့ ခလုတ်ကိုတော့ မနှိပ်ဖြစ်လိုက်။

အခုချိန်မှာ ဟေ့ယန်ရှန်းက သူ့ဆီကနေ ပုန်းကွယ်ဖို့ ကြိုးစားနေသလားဆိုတာ သူမသိတော့။ သူ့ဦးနှောက်ထဲ ညှပ်တစ်ခုခုချောင်နေသကဲ့သို့ ခံစားနေရတယ်။

သူညနေပိုင်း အလုပ်ကနေ ထွက်လာတဲ့အချိန် ဓာတ်လှေကားထဲမှာ ရွှီချင်းနဲ့ ဆုံတယ်။

ရွှီချင်းက သူ့ရှေ့မှာ ရပ်နေတာဖြစ်ပေမဲ့ အစကနေ အဆုံးထိ သူ့ကို တစ်ချက်လေးမှ မကြည့်။ ဓာတ်လှေကားက ပထမထပ်ကိုရောက်တဲ့အခါ တံခါးပွင့်လာတယ်။ ရွှီချင်းက ခေါင်းမော့လို့ အပြင်ကို လျှောက်သွားလိုက်တယ်။

ဒီတစ်ခေါက်တော့ ဘယ်လိုမှ ပြန်သွားလို့မဖြစ်နိုင်တော့ဘူးပဲလို့ တွေးနေရင်းနဲ့ ရှီဖုန်းက ရွှီချင်း နောက်ကျောကို လိုက်ကြည့်နေမိတယ်။ သူက တောင်းပန်ပါတယ်လို့ ဘယ်လောက်ပြောပြော အသုံးဝင်တော့မှာ မဟုတ်ချေ။ သူ ရွှီချင်းကို သိပ်မချစ်မှန်း သူ့ကိုယ်သူသိတယ်။ သူတို့နှစ်ယောက်ဆက်ပြီးတော့ အတူရှိနေမယ်လုပ်မယ်ဆိုရင်လည်း ဒီလိုပဲ အချင်းချင်းဆက်ပြီးနာကျင်စေမိကြမှာဖြစ်တာကြောင့် မြန်မြန်အဆုံးသတ်လိုက်တာက အကောင်းဆုံးပင်။

ဒီလိုတွေးနေရင်းနဲ့ လက်မထပ်ချင်တဲ့ ဟေ့ယန်ရှန်းအကြောင်းကို ရုတ်တရက်တွေးမိလိုက်တယ်။ မင်းက မင်းမချစ်တဲ့ လူနဲ့ အတူနေရမယ်ဆိုရင် အဲဒါက အချိန်ကြာလာတာနဲ့အမျှ အချင်းချင်း နှိပ်စက်နေကြရုံပဲဖြစ်လိမ့်မယ်။

သူက အလုပ်ကို နေ့တိုင်းသွားပြီး အိမ်ပြန်တယ်။ စားတယ်။ ဂိမ်းကစားတယ်။ ပြီးတော့ အိပ်တယ်။

ရှီဖုန်းရဲ့ နေ့စဉ်ဘဝက ငြီးငွေ့ဖွယ်ကောင်းနေတယ်။ သို့ပေမဲ့ သူစိတ်ငြိမ်သွားတိုင်းမှာ တွေးနေမိတာက ဟေ့ယန်ရှန်းအကြောင်းပဲဖြစ်တယ်။ သူကောလိပ်တုန်းက ကောင်မလေးတစ်ယောက်နဲ့ တွဲခဲ့တုန်းကတောင် အိပ်မရဖြစ်ခဲ့တာမျိုး မရှိခဲ့။

ဒီလိုအခြေအနေက အမျိုးသားနေ့အထိဖြစ်ခဲ့တယ်။ အမျိုးသားနေ့ မတိုင်ခင်ညမှာ သူ့အမေက အိမ်ပြန်လာမလား မေးတယ်။ ရှီဖုန်းက တုန့်ဆိုင်းနေပြီးမှ ပြန်လာလို့မရကြောင်းပြန်ပြောလိုက်တယ်။ ဖုန်းချလိုက်ပြီး သိပ်မကြာခင်မှာပဲ ကောလိပ်တုန်းက အခင်ဆုံးသူငယ်ချင်းဆီက ဖုန်းဝင်လာကာ လက်ထပ်တော့မှာဖြစ်ကြောင်း အသိပေးလာတယ်။
ရှီဖုန်းက အံ့သြသွားတယ်။

“ ဘာလို့ ရုတ်တရက်ကြီးလဲ?”

သူ့သူငယ်ချင်းက ပြန်ပြောတယ်။ “ ချက်ချင်း ဆုံးဖြတ်လိုက်လို့။ အစက အစီအစဉ်မရှိသေးဘူး။ အဲဒါကြောင့်အခုမှ ဖုန်းခေါ်ပြီး သူငယ်ချင်းတွေကို အသိပေးနေတာ။”

ရှီဖုန်းက မေးလိုက်တယ်။ “ ဘယ်တော့လဲ မင်္ဂလာပွဲလာရမှာပေါ့။”

သူငယ်ချင်းဖြစ်သူက ပြုံးပြီး “ မင်္ဂလာပွဲရယ်လို့တော့ မလုပ်ဖြစ်တော့ဘူး။ ဒီတိုင်း ပိတ်ရက်မတိုင်ခင်လက်ထပ်လက်မှတ်ပဲ ယူဖြစ်ကြမယ်။ မင်းလာချင်တယ်ဆိုရင် အမျိုးသားနေ့ကျ လာခဲ့လေ။ ပြီးတော့ ငါ့မိန်းမကိုလည်း လာတွေ့လာ။”

ထိုဖိတ်ခေါ်မှုကို ကြားတဲ့အခါ ရှီဖုန်း နှလုံးသားက တစ်ခဏမွှေနှောက်သွားရပြီး ပြန်ဖြေလိုက်တယ်။

“ အင်း စဉ်းစားလိုက်မယ်။”

အနည်းငယ်စဉ်းစားပြီးနောက်မှာ ရှီဖုန်းက သူငယ်ချင်းနေရာဆီ ရက်တစ်ချို့သွားလည်ပြီး လက်ဖွဲ့ငွေကိုလည်း ကိုယ်တိုင်သွားပေးဖို့ စဉ်းစားလိုက်တယ်။

အဲဒီသူငယ်ချင်းရဲ့နာမည်က ဒိုင်မုန့်ဖြစ်ပြီး သူက ကောလိပ်တုန်းက ရှီဖုန်းနဲ့ တစ်ဆောင်တည်းက ဖြစ်တယ်။ သူတို့မှာ အချင်းချင်း ပဲန်တွေတောင် လဲဝတ်ကြတဲ့အထိ အရမ်းကောင်းတဲ့ ဆက်ဆံရေးရှိခဲ့ကြတယ်။ကောလိပ်ကနေ ဘွဲ့ရပြီးနောက်မှာ ဒိုင်မုန့်က မြို့ကနေ ပြောင်းသွားတဲ့ထိ ကောင်မလေးမရှိခဲ့။ နောက်တော့ သူတို့က ရန်ဖန်ရန်ခါမှ ဖုန်းခေါ်ဖြစ်ကြကာ ထိုအကြောင်းလည်း မပြောဖြစ်ကြတော့။ သို့ပေမဲ့ သူက ခပ်မြန်မြန် လှုပ်ရှားလိုက်တာများ ရုတ်ချည်းပဲ လက်ထပ်တော့မဲ့အကြောင်းပြောလာတယ်။

ရှီဖုန်းက လေယာဉ်နဲ့သွားလိုက်တယ်။ ဒိုင်မုန့်ကသူ့ကိုလေဆိပ်ဆီ ကားမောင်းလာပြီး လာကြိုတယ်။

ဒိုင်မုန့်ကားကို တွေ့တဲ့အခါ ရှီဖုန်းက သက်ပြင်းချတယ်။

“ ကောင်လေး။ မင်းတကယ် အလုပ်အကိုင်ကောင်းနေတာပဲ။”

ဒိုင်မုန့်ပြန်ပြောတာက “ အကြွေးစနစ်နဲ့ဝယ်ထားတာ။ ငါ့သားကို ကျောင်းကြိုဖို့ လိုအပ်လို့။ အိမ်အကြွေးတောင် မကျေခင် ကားအကြွေးပြန်ထပ်နေတော့ လတိုင်း ပိုက်ဆံက စီးထွက်နေတာ။ စားဖို့တောင် ငါ့မိန်းမဆီ မှီခိုနေရပြီ။”

ရှီဖုန်းက အံ့သြသွားတယ်။ “ကလေး? မင်းက အခုမှ လက်ထပ်တာမဟုတ်ဘူးလား? အခုက ကတိုက်ကရိုက် လုပ်ရတဲ့ မင်္ဂလာပွဲလား?”

အရမ်းစောလွန်းအုံးမယ် မဟုတ်ဘူးလား? သူကအခုမှ မင်္ဂလာဆောင်ပေမဲ့ သားက ကျောင်းတောင် တက်နေပြီဆိုတော့။

ဒိုင်မုန့်က ကားမောင်းရင်းနဲ့ ခပ်ဟဟရယ်ကာ ပြန်ပြောလာတယ်။ “ ခနနေရောက်မှ အားလုံးပြောပြမယ်။ လျှောက်တွေးမနေနဲ့အုံး။”

ရှီဖုန်းက တဖက်လူရဲ့အသံကို နားထောင်နေရင်းနဲ့ ဒီကိစ္စက ရိုးရိုးရှင်းရှင်းတော့ မဟုတ်နိုင်ဘူးလို့တွေးလိုက်တယ်။

ထင်ထားသကဲ့သို့ပဲ ဒိုင်မုန့်က ပြောပြလာတယ်။

“ ငါ့သားက ငါ့မိန်းမနဲ့ သူ့အရင်ယောကျ်ားရဲ့ကလေး။ အခုမူလတန်းတက်နေပြီ။”

ကားထဲမှာ တိတ်ဆိတ်သွားတယ်။ အချိန်တစ်ခုကြာသွားပြီးနောက်မှ ရှီဖုန်းက ပြန်မေးမိတယ်။

“ မင်းမိန်းမက ဘယ်နှစ်ဖွားလဲ?”

“ ၈၃နှစ်က။ ငါ့သားက အခု၇နှစ်ရှိနေပြီ။”

ရှီဖုန်းနဲ့ ဒိုင်မုန့်က အသက်တူတူပဲဖြစ်တယ်။ သူတို့ဘွဲ့ရကြတာ လွန်ခဲ့တဲ့ သုံးနှစ်ကမှ ဖြစ်တယ်။ အခုသူတို့နှစ်ယောက်က ၂၅ ။ ဒိုင်မုန့်မိန်းမကတော့ ၃၂နှစ်တောင် ရှိနေပြီဖြစ်တယ်။

သူတို့နှစ်ယောက်ရဲ့ အသက်ကွာဟမှုက ရှီဖုန်းကို ရုတ်တရက် ဟေ့ယန်ရှန်းကို တွေးမိသွားစေတယ်။

အသက်ကွာခြားမှုတင်မကဘဲ ရှီဖုန်းကို အံ့အားသင့်စေတဲ့နောက်တစ်ချက်က ဒိုင်မုန့်မိန်းမက ကလေးနဲ့ ကွာရှင်းပြီးသားမိန်းမဖြစ်နေတာဖြစ်တယ်။ ရှီဖုန်းအနေနဲ့ အခုရဲ့ဒိုင်ဖုန်းအခြေအနေနဲ့ဆို ပိုကောင်းတဲ့ မိန်းမရှာနိုင်တယ်လို့ ခံစားရတယ်။

“ မင်းမိသားစုရော မကန့်ကွက်ကြဘူးလား?” ရှီဖုန်းက မနေနိုင်ဘဲ မေးမိတယ်။
ဒိုင်မုန့်က ခါးခါးသီးသီး ပြုံးကာ “ အင်းပေါ့ ငြင်းကြတာပေါ့။ ဒါပေမဲ့ ငါက စိတ်ဆုံးဖြတ်ထားပြီးသားလေ။”

ရှီဖုန်းက အဲဒီအဖြေကို ကြားတဲ့အခါ အံ့သြစွာနဲ့ မေးမိတယ်။

“ ဘာလို့လဲ?”

“ ဘာကြောင့်ဖြစ်ရမှာလဲ..” ဒိုင်မုန့်က သူ့မေးခွန်းက အနည်းငယ်ရယ်ဖို့ကောင်းတယ်လို့ ထင်ပုံရတယ်။

“ ငါသူ့ကို ချစ်တယ်လေ။”

အဲဒီနေ့မှာ ညနေစာကို ဒိုင်မုန့်အိမ်မှာ စားခဲ့ပြီး ရှီဖုန်း ဒိုင်မုန့်မိန်းမကိုလည်း တွေ့ခဲ့တယ်။ ၃၂နှစ်အရွယ်အမျိုးသမီးက သေချာထိန်းသိမ်းမှုရှိကာ နူးညံ့ပြီး လှပနေဆဲဖြစ်တယ်။ သူ့ရဲ့ ၇နှစ်အရွယ်သားလေးကလည်း အရမ်းကို ချစ်စရာကောင်းပြီး လိမ္မာတယ်။

တခြားလူတွေအနေနဲ့ဆို ၂၅နှစ်အရွယ် ကြည့်ကောင်းတဲ့ရုပ်ရည်၊ အားတောင့်တဲ့ မိသားစုနောက်ခံနဲ့ ကောင်းမွန်တဲ့ အလုပ်ရှိတဲ့ ယောကျာ်းလေးတစ်ယောက်က ကွာရှင်းထားပြီးတော့ အသက်၇နှစ်အရွယ်သားလေးလည်း ရှိသေးတဲ့ အမျိုးသမီးနဲ့ လက်ထပ်တာက ထူးဆန်းတယ်လို့ ထင်ကြမှာပင်။ သို့ပေမဲ့ ထိုမိသားစုဝင်တွေကတော့ ပျော်ရွှင်နေကြ‌ လေ၏။

ညနေမှာ ဒိုင်မုန့်က ရှီဖုန်းကို သူ့အိမ်မှာတည်းဖို့ပြောပေမဲ့ ရှီဖုန်းက နှောင့်ယှက်ချင်စိတ်မရှိတာကြောင့် ဟိုတယ်တစ်ခုမှာပဲ သွားတည်းလိုက်တယ်။

ဟိုတယ်ကုတင်ပေါ် လဲလျောင်းနေရင်းနဲ့ ရှီဖုန်းက ဖုန်းမျက်နှာပြင်ကို အကြာကြီး စိုက်ကြည့်နေမိတယ်။ ဒီရက်တွေအကြာကြီးပြီးနောက်မှာ သူပထမဆုံးအနေနဲ့ ဟေ့ယန်ရှန်းကို ဖုန်းခေါ်လိုက်တယ်။ သို့ပေမဲ့ တဖက်က ဖုန်းက စက်ပိတ်နေခဲ့တယ်။

ရှီဖုန်းက လက်ကိုမြှောက်လို့ မျက်နှာကို အုပ်လိုက်တယ်။ သူ့အသက်ရှူသံမှာ မောပန်းမှုတွေရောစွက်နေတယ်။ သူ့ရဲ့အခုစိတ်အခြေအနေက အလွန်သက်သောင့်သက်သာမရှိဖြစ်နေတယ်။

အဲဒီမြို့မှာ သူက ရက်အနည်းငယ်နေခဲ့ပြီး ဒိုင်မုန့်လည်းပဲ သူ့ကိုအဖော်ပြုပေးတယ်။ တစ်ခု‌သောညနေခင်းမှာ သူတို့နှစ်ယောက် အတူသွားသောက်ကြတယ်။

အတော်အတန်သောက်ခဲ့ကြပြီးနောက် ဒိုင်မုန့်က စကားများလာတယ်။ သူက အခုသူ့မိန်းမနဲ့ အတူရှိကြပြီးနောက်မှာ ဘယ်လောက်ခက်ခဲခဲ့ရတဲ့အကြောင်းတွေကို ရှီဖုန်းကို ရင်ဖွင့်လာတယ်။

“ အဲဒီတုန်းကဆို ငါ့မိသားစုက ငါ့အတွက် အိမ်ဝယ်ပေးဖို့ ပိုက်ဆံတောင် ဖယ်ပေးထားကြတာ။ ဒါပေမဲ့ ငါ့ကို ငါ့မိန်းမနဲ့ မပေါင်းဖြစ်အောင်လို့ အဲဒီပိုက်ဆံတွေကိုလည်း ပြန်ယူလိုက်ကြတယ်လေ။ အဲဒါကြောင့် အခုအိမ်ကိုဝယ်ဖို့ ပိုက်ဆံတစ်ချို့တစ်ဝက်က ငါ့မိန်းမပေးရတာ။” ဒိုင်မုန့်က ပြောပြီးတဲ့အခါ ဘီယာနောက်တစ်ငုံ ထပ်သောက်လိုက်တယ်။

ရှီဖုန်းက ရွှေအိုရောင်ဘီယာခွက်ကို လှည့်နေရင်းမှ သူ့လက်ချောင်းနဲ့ ခွက်နှုတ်ခမ်းကို တစ်ချက်သပ်လိုက်ပြီး

“ မင်းမိဘတွေက မင်းကောင်းကောင်းနေရဖို့ကို မျှော်လင့်မှာပဲ။ သူတို့က အဲလောက်တောင် ကန့်ကွက်တာ မင်းအတင်းဆက်သွားနေတာက သားသမီးဝတ်မကျေသလို ဖြစ်မသွားဘူးလား?”

ဒိုင်မုန့်က ရှီဖုန်းကို ကြည့်လာရင်း ခေါင်းခါတယ်။

“ သူတို့က ငါ့ကို ကောင်းမွန်တဲ့ ဘဝမှာနေစေချင်ကြတယ်။ ဒါပေမဲ့ ငါ့အတွက် ကောင်းမွန်တဲ့ ဘဝက ဘယ်လိုမျိုးလဲဆိုတာကို ငါပဲသိတယ်။ ငယ်ငယ်ရွယ်ရွယ် မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်လို့ ငါ့အတွက် ကောင်းမွန်တဲ့ ဘဝရှိလာမှာ မဟုတ်ဘူး။ ကိုယ်ချစ်တဲ့သူနဲ့တောင် အတူမနေရရင် ဘယ်သူက ပျော်ရွှင်နိုင်ပါအုံးမလဲ? မိဘတွေရဲ့ မူလရည်ရွယ်ချက်တွေက ကောင်းမွန်ပေမဲ့ ပြသနာက သူတို့ရဲ့ သတ်မှတ်ချက်တွေက မှားနေတာပဲ။ ”

ရှီဖုန်းက သူ့ဖန်ခွက်ကို ကြည့်ကာ “ ဒါပေမဲ့ သူတို့ဝမ်းနည်းကြမှာလေ မဟုတ်ဘူးလား?”

“ ဒါဆိုလည်း ငါအခုပျော်ရွှင်နေတယ်ဆိုတဲ့အကြောင်း သူတို့ကို သိစေရမှာပေါ့။ ငါက ဆက်ပြီး သားသမီးဝတ်ကျေပွန်နေမှာပဲ။ ငါ့ရဲ့မိသားစုဘဝက ဘယ်လောက်အဆင်ပြေနေတယ်ဆိုတဲ့အကြောင်း တစ်နေ့ သူတို့မရှိတော့ရင်တောင် ငါ့ဆီမှာ ပျော်ရွှင်ပြီး ပြည့်စုံတဲ့ မိသားစုတစ်ခု ဒီကမ္ဘာမှာ ရှိအုံးမှာဖြစ်တဲ့အကြောင်း။ သူတို့ငါ့အတွက် စိတ်လေးစရာမလိုတော့မဲ့ အကြောင်းတွေကိုပေါ့။ ”

ရှီဖုန်းက စိတ်ဗလာဖြစ်နေဟန်ပေါ်တယ်။

ဒိုင်မုန့်က ဆက်ပြောတယ်။ “ မင်းကို ချစ်တဲ့သူတွေက မင်းကို ကောင်းမွန်တဲ့ ဘဝမှာ ရှိစေချင်ကြတယ်။ ဒါပေမဲ့ လူတိုင်းရဲ့ ‘ကောင်းမွန်တဲ့ ဘဝ’ဆိုတဲ့အပေါ် အဓိပ္ပါယ်ဖွင့်ကြတာချင်းက မတူညီကြဘူးလေ။ ရေပဲသောက်တဲ့သူတွေက ‘ဘာလို့ ရာသီဉတုချမ်းအေးနေတဲ့အချိန် ဘီယာအအေးသောက်ရမှာလဲ’လို့ ပြောကောင်းပြောနိုင်ပေမဲ့ သိတဲ့လူကပဲ ဘီယာအေးအေးတစ်ခွက်က ဘယ်လောက်တောင် လန်းဆန်းသွားစေနိုင်သလဲဆိုတာကို သိတယ်လေ။”

အဲလိုပြောပြီးနောက် ဒိုင်မုန့်က သူ့ခွက်ကို မကာ ရှီဖုန်းခွက်ကို လာတိုက်တယ်။
ရှီဖုန်းက တစ်ငုံပြန်သောက်လိုက်ပြီး မေးတယ်။

“ မင်းအနာဂါတ်မှာရော ပျော်ရွှင်ရလိမ့်မယ်ဆိုတာ သေချာရဲ့လား?”

ဒိုင်မုန့်က သူ့အမေးကို ကြားတဲ့အခါ ရယ်ပြန်တယ်။

“ ဘယ်သူက အနာဂါတ်နဲ့ ပတ်သက်ပြီး သေချာနိုင်မှာလဲ? မင်းက မ‘ပြည့်စုံ’ ကို လက်ထပ်ဖြစ်ရင်တောင်မှ တစ်နေ့မှာ မင်းမိန်းမက မင်းမွဲကျေသွားတဲ့အထိ မင်းကို သစ္စာမဖောက်နိုင်ပါဘူးလို့မှ ပြောထားလို့မရတာ။ မင်းအခုတောင် ပျော်ရွှင်မှုကို မရှာရဲရင် အနာဂါတ်အကြောင်းတော့ ပြောမနေနဲ့တော့။ ပျော်ရွှင်မှုက ဘာလဲဆိုတာကိုတောင် မင်းသိမှာ မဟုတ်တော့ဘူး။”

ဒိုင်မုန့်စကားတွေကို ကြားတဲ့အခါ ရှီဖုန်းက ရုတ်တရက် သူ့မျက်နှာပေါ် ရေအေးတစ်ခွက်အလောင်းခံလိုက်ရသလို ခံစားလိုက်ရတယ်။ သူက စိတ်လွတ်သွားရာမှ တဖြည်းဖြည်းချင်း အသိစိတ်ပြန်ဝင်လာတယ်။

ကောင်းမွန်တဲ့ ဘဝဆိုတာက ဘာလဲ? ကိုယ်ချစ်တဲ့လူကိုတောင် မလိုက်ရဲရင် အနာဂါတ်မှာ ဘဝကြီးက ဘယ်လောက်ပဲ ချော‌မွေ့နေပါစေ တကယ်ကောင်းမွန်တဲ့ ဘဝဖြစ်အုံးမလား ဆိုတာ မသေချာတော့။

အဲဒီညမှာ တစ်ညလုံး ရှီဖုန်းက ဟိုလှည့် ဒီလှန်နဲ့ ကုန်ဆုံးသွားခဲ့တယ်။ သူက စိတ်ပိုင်းဖြတ်လိုက်တဲ့အခါ သူ့နှလုံးသားထဲ အချိန်အကြာကြီး လေးလံနေခဲ့တဲ့အရာက ရုတ်တရက် ပေါ့ပါးသွားသလို ခံစားလိုက်ရတယ်။ သူအနာဂါတ်ကိုလည်း မြင်ယောင်ကြည့်လိုက်တဲ့အခါ အဲဒီမှုန်ဝါးဝါးအနာဂါတ်က သူ့ကို ပျော်ရွှင်စေတာကို သိလိုက်ရတယ်။

ခုနှစ်ရက်တာအားလပ်ရက် ကုန်ဆုံးသွားပြီးနောက် ပထမဆုံး အလုပ်ပြန်ဝင်တဲ့နေ့မှာလည်း ရှီဖုန်း ဟေ့ယန်ရှန်းကို မတွေ့ရသေး။

သူက အထူးတလှယ် ဝန်ထမ်းဌာနဆီ ကိုယ်တိုင်သွားပြီးတော့ ဟေ့ယန်ရှန်းအလုပ်ပြန်ဆင်းမဲ့ ရက်ကိုမေးလိုက်တယ်။ ဟေ့ယန်ရှန်းရဲ့ ခွင့်ရက်က သုံးရက်ကျန်သေးတဲ့အကြောင်းပြောလာတယ်။ အဲလိုနဲ့ စနေတနင်္ဂနွေ နောက်တစ်ခုက ကုန်ဆုံးသွားပြန်တယ်။

ဟေ့ယန်ရှန်းအလုပ်ပြန်မဆင်းခင် တနင်္ဂနွေညနေမှာ ရှီဖုန်းက အရိုးတချို့သွားဝယ်တယ်။  အိမ်ပြန်လာပြီး သူ့အမေကို အရိုးစွပ်ပြုတ်ဘယ်လိုချက်ရမလဲ မေးတယ်။

သူက ဘယ်လိုချက်ရမလဲ မသိပေမဲ့ အဆာပလာတွေအားလုံးကို ဝယ်ထားပြီးဖြစ်တယ်။ သူက သူ့အမေကို ဖုန်းခေါ်တုန်းက သေချာမမေးလိုက်မိတာကြောင့် ပါဝင်ပစ္စည်းတွေကို အွန်လုံးကနေ ပြန်ရှာလိုက်ရတယ်။

မီးဖိုချောင်မှာ အချိန်အကြာကြီး အချိန်ကုန်လိုက်ပြီးနောက် သေချာပြုတ်ကာ ရေခဲသေတ္တာထဲ ထည့်ထားခဲ့လိုက်တယ်။

နောက်တစ်ရက်မှာ ရှီဖုန်းက စောစောထလို့ စွပ်ပြုတ်ကို ပြန်နွေးလိုက်ပြီး အပူခံဓာတ်ဘူးထဲထည့်ကာ ကုမ္ပဏီဆီ ယူသွားလိုက်တယ်။
မနက်ပိုင်းမှာ ရှီဖုန်းက ဘဏ္ဍာရေးဌာနဆီဖုန်းခေါ်ပြီး ဟေ့ယန်ရှန်းအလုပ်ဆင်းပြီလား စုံစမ်းလိုက်တယ်။ သူလိုချင်တဲ့အဖြေရတဲ့အခါ စိတ်ကျေနပ်သွားပြီး ဖုန်းပြန်ချလိုက်တယ်။

နေ့လည်စာစားချိန်ဆင်းတာနဲ့ သူက ဓာတ်ဘူးယူကာ ဓာတ်လှေကားခလုတ်ကို အမြန်သွားနှိပ်တယ်။ သူနောက်ကျသွားရင် ဟေ့ယန်ရှန်းထွက်သွားနှင့်မှာကို စိုးတာကြောင့် လောနေတာဖြစ်တယ်။

ပုံမှန်နေ့လည်စာစားဆင်းချိန် ဖြစ်နေကြ ရေစီးကြောင်းနဲ့ ဆန့်ကျင်ပြီး သွားဖို့ လုပ်‌နေတာကြောင့် သူ့လုပ်ဖော်ကိုင်ဖက်တွေက အံ့သြနေတယ်။ သို့ပေမဲ့ ရှီဖုန်းက ရှင်းပြချင်စိတ်ရှိမနေ။ ဟေ့ယန်ရှန်းနဲ့ လွှဲသွားမှာကိုပဲ စိုးရိမ်နေပြီး စိတ်လှုပ်ရှားစွာနဲ့ ဖုန်းကိုပဲ နှိပ်နေလိုက်တယ်။

ကံကောင်းစွာနဲ့ပဲ သူ ဟေ့ယန်ရှန်းရုံးခန်းဆီ ရောက်တဲ့အခါ ဌာနက ဝန်ထမ်းတွေအားလုံး ထွက်စားကုန်ကြပြီပေမဲ့ ဟေ့ယန်ရှန်းက သူ့ရုံးခန်းလေးထဲမှာ ရှိနေသေးကာ ဖိုင်တွေကြည့်နေတယ်။

ဟေ့ယန်ရှန်းက တစ်ယောက်ယောက်ဝင်လာတာကို ကြားတဲ့ခါ မော့ကြည့်လာတယ်။ ရှီဖုန်းမှန်းတွေ့လိုက်တဲ့အခါ သူလုပ်နေတာကို ချလိုက်ပြီး မေးလိုက်တယ်။

“ ကိစ္စရှိလို့လား?”

ရှီဖုန်းက ဓာတ်ဘူးကို စားပွဲပေါ်ချပေးလိုက်တယ်။ ဒီတစ်လော ဟေ့ယန်ရှန်းဘယ်ရောက်နေလဲ မမေး။

“ ခင်ဗျားလက် သက်သာရဲ့လား?”

ဟေ့ယန်ရှန်းက သူ့ညာဘက်လက်ကောက်ဝတ်ကို ထိလိုက်တယ်။ အစတုန်းကလောက် သက်သောင့်သက်သာမရှိတာ မဖြစ်တော့။ သူက လှုပ်ရှားဖို့ မကြောက်တော့ပေမဲ့ အားအများကြီးတော့ မထည့်ရဲသေး။

“ အဆင်ပြေပါတယ် ” ဟေ့ယန်ရှန်းက ရှီဖုန်းကို ပြန်ဖြေပေးတယ်။

ရှီဖုန်းက သူ့ဖာသာ ဓာတ်ဘူးဖုံးကို ဖွင့်လိုက်တယ်။ စွပ်ပြုတ်က အငွေ့တထောင်းထောင်းထနေသေးတယ်။

“ ကျွန်တော် ခင်ဗျားအတွက် စွပ်ပြုတ်လုပ်လာပေးတယ်။ သွားမစားခင် အရင်သောက်လိုက်ပါလား?”

ဟေ့ယန်ရှန်းက အမူအရာကင်းမဲ့စွာနဲ့ သူ့ကို ကြည့်လာတယ်။ အကယ်၍ တခြားတစ်ယောက်ယောက်သာ ယူလာ‌ပေးပါက သူက ငြင်းဆိုဖို့ အားနာမိမှာပင်။ သို့ပေမဲ့ အဲဒီလူက ရှီဖုန်းဖြစ်နေတဲ့အခါ သူလုံးဝကို လက်ခံမှာ မဟုတ်တော့။

“ မလိုဘူး။”

ဟေ့ယန်ရှန်းက အသံနိမ့်နိမ့်နဲ့ ပြန်ပြောတယ်။

ဎဎဎဎဎဎဎဎဎဎဎဎဎဎဎဎဎဎဎဎဎဎဎဎဎဎဎဎဎဎဎ


You are reading the story above: TeenFic.Net