Chapter 12

Background color
Font
Font size
Line height


ဟေ့ယန်ရှန်းက ညအိပ်အင်္ကျီကို ဝတ်ထားလျက်နဲ့ ရေချိုးခန်းထဲက ပြန်ထွက်လာတယ်။ သူ့ဆံပင်တွေက စိုစွတ်နေလျက်။ ပြီးတော့ ပုခုံးပေါ် တဘက်တင်ထားလျက်နဲ့ ရှီဖုန်းရှေ့ဝင်ထိုင်လိုက်တယ်။

" ပြောစရာ ရှိလို့လား?"

ရှီဖုန်းက ခေါင်းကုပ်လိုက်ပြီးဆိုလာတယ်။

" ခင်ဗျားအဆင်ပြေရဲ့လား?"

ဟေ့ယန်ရှန်း သူ့ကို ကြည့်လိုက်တယ်။

ရှီဖုန်းက ဆက်ပြောလာတယ်။

" မနေ့ညက ကျွန်တော် .." သူက ကျန်တဲ့စကားတွေဆက်ပြောဖို့ မသင့်တော်သလိုမျိုး တံတွေးမျိုချလိုက်မိတယ်။

ဟေ့ယန်ရှန်းက ဘာမဟုတ်တဲ့ လေသံနဲ့

" အရမ်းကောင်းတာတော့ မဟုတ်ဘူး။ အမှန်တိုင်းပြောရရင် မင်းရဲ့ နည်းလမ်းက ကြမ်းတမ်းလွန်းတယ်။ ကိုယ့်ခန္ဓာကိုယ်က အခုသက်သောင့်သက်သာ မရှိဘူး ဖြစ်နေတယ်။"

ဟေ့ယန်ရှန်းက ဒီလို ဘွင်းဘွင်းရှင်းရှင်းနဲ့ သူ့နည်းလမ်းတွေက ဆိုးဝါးတယ်လို့ ပြောလာဖို့ ရှီဖုန်းမမျှော်လင့်ခဲ့မိ။ သူက မသက်မသာ ခံစားလာရကာ နားရွက်အရင်းနေရာတွေကလည်း နီရဲလာတယ်။

ဟေ့ယန်ရှန်းက ရှီဖုန်းကို လှောင်ပြောင်ဖို့ ပြောလိုက်ချင်သေးပေမဲ့ မလိုအပ်ဘူးလို့ ရုတ်တရက်ခံစားလိုက်ရတယ်။ သူက နဂိုကတည်းက သဘောထားသေးသိမ်တဲ့ သူမျိုးမဟုတ်ချေ။ တဖက်လူနဲ့ ရန်ဖြစ်ပြီး ဒေါသထွက်စေမဲ့အစား အနာဂါတ်မှာ အဆက်အသွယ်အားလုံး ဖြတ်တောက်လိုက်တာက ပိုကောင်းမည်ပင်။

အဲဒါကြောင့် ဟေ့ယန်ရှန်းက ရှီဖုန်းကိုပြောလိုက်တယ်။ " မနေ့ညက အကြောင်းမေ့လိုက်ရအောင်။"

ရှီဖုန်းက အဲဒါကိုကြားတဲ့အခါ အံ့သြသွားတယ်။ ဒီစကားက သူ့ဘက်က ဟေ့ယန်ရှန်းကို ပြောဖို့ လုပ်နေတဲ့ စကားဖြစ်ပေမဲ့ ဟေ့ယန်ရှန်းဆီက ထပ်ခါထပ်ခါကြားရတဲ့အခါမှာတော့ သူ့နှလုံးသားထဲ မသက်မသာခံစားလာရတယ်။

ဟေ့ယန်ရှန်းက ဆက်ပြောတယ်။

" မင်းအဲ့အပေါ် စိတ်ထားနေစရာမလိုဘူး။ ဒီအသိုင်းအဝိုင်းက လူတွေက straight တွေနဲ့ မလုပ်ကြတာလည်း မဟုတ်ဘူး။ လိင်စိတ်တိမ်းညွတ်မှုက ပြောင်းချင်တိုင်း ပြောင်းလို့ရတဲ့အရာမဟုတ်ဘူး။ အနာဂါတ်မှာ မင်းသက်သောင့်သက်သာ နေလို့ရတယ်။"

ရှီဖုန်းအနေနဲ့ ဟေ့ယန်ရှန်းစကားတွေက ဘာကို ဆိုလိုချင်သလဲဆိုတာကို နားလည်တယ်။ သူ့ကို နှစ်သိမ့်ပေးနေဟန်တောင် ပေါက်နေသေးတယ်။

ဟေ့ယန်ရှန်းက တဘက်အစွန်းတစ်ဖက်နဲ့ သူ့ပါးကို သုတ်လိုက်ကာ ဆက်ပြောလာတယ်။
" မင်းရဲ့ ကောင်မလေးကိုပဲ ပိုပြီး ချစ်မြတ်နိုးပေးသင့်တယ်လို့ ကိုယ်ထင်တယ်။"

ရှီဖုန်းရဲ့ နှလုံးသားက ဆုပ်ညစ်ခံရသလိုမျိုး ရှုပ်ထွေးနေကာ ဆန်ပြုတ်အိုးထဲ အမွှေခံရသလို ခံစားနေရတယ်။ သူက သူ့ခံစားချက်ကို နားမလည်ပေမဲ့ ဟေ့ယန်ရှန်းပြောတာတွေက မှန်ကန်တယ်လို့ ခံစားနေရကာ ငြင်းဆိုခြင်း မပြုနိုင်ခဲ့။

နောက်ဆုံးမှာတော့ သူက " ကျွန်တော်တောင်းပန်ပါတယ်" လို့ပဲ ပြောနိုင်ခဲ့တယ်။

ဟေ့ယန်ရှန်းက သူ့စကားကို ကြားတဲ့အခါ ရယ်လိုက်တယ်။ " ကိုယ်မူးနေခဲ့တယ်ဆိုပေမဲ့ မင်းလည်း စိတ်ပါလက်ပါလုပ်ခဲ့တယ် ထင်တာပဲ။ ဘာတောင်းပန်စရာရှိလဲ?"

ပြောဖို့လိုအပ်တဲ့စကားတွေအားလုံးပြောထုတ်ခဲ့ကြပြီးဖြစ်တဲ့အခါ ရှီဖုန်းသူအစက ပြောချင်ခဲ့တဲ့ စကားတွေကိုလည်း မပြောဖြစ်တော့။ သူတို့နှစ်ဦးက တိတ်တဆိတ်ခနထိုင်နေကြပြီးနောက်မှ ရှီဖုန်းက ထရပ်ကာ နှုတ်ဆက်စကားဆိုလိုက်တယ်။

အဲဒီနေ့ သူအိမ်ပြန်လာတဲ့အခါ ရှီဖုန်းက ကွန်ပျူတာရှေ့အကြာကြီး ထိုင်နေခဲ့ပြီး 'bisexuality' နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ရှာဖွေနေခဲ့တယ်။
သူက မိန်းမတွေကိုပဲ ကြိုက်ခဲ့တယ်ဆိုတာသေချာတယ်။ သို့ပေမဲ့ ဟေ့ယန်ရှန်းနဲ့ပတ်သက်ရင်တော့ သူ့မှာ ကြီးမားတဲ့ တုန့်ပြန်မှုရှိတယ်။ အကြာကြီးတွေးပြီးနောက်မှာ သူက bi ဖြစ်နိုင်တယ်လို့ ခံစားလိုက်ရတယ်။
အင်တာနက်ပေါ်မှာ ရှုပ်ရှုပ်ထွေးထွေးအရာတွေအများကြီး ရှိပေမဲ့ ရှီဖုန်းအတွက် အများကြီး အကူအညီမဖြစ်ခဲ့။ သူက သူ့ခံစားချက်တွေကို ရှင်းရှင်းလင်းလင်းမဝေခွဲနိုင်သေးချေ။

စနေ၊ တနင်္ဂနွေကို စိတ်ရှုပ်ထွေးစွာနဲ့ ကုန်ဆုံးလိုက်ပြီးနောက် တနင်္လာနေ့ အလုပ်သွားတဲ့အခါ ရွှီချင်းက သူ့ကိုလျစ်လျူရှုနေတာကို တွေ့လိုက်ရတယ်။

ရွှီချင်းက စနေနေ့ညမှာ ရှီဖုန်းကို ဖုန်းခေါ်ခဲ့သေးတယ်။ အဲဒီတုန်းက သူဘားမှာကြောင့်မို့ မကြားခဲ့။ missed call ကိုလည်း သူဟေ့ယန်ရှန်းအိမ်က ထွက်လာပြီးနောက် အိမ်ပြန်ရောက်တော့ တွေ့ခဲ့ပေမဲ့ သူစိတ်ခံစားချက်တွေ ဆိုးရွားနေခဲ့တာကြောင့် ပြန်မခေါ်ဖြစ်လိုက်‌ချေ။

သူတနင်္လာနေ့ အလုပ်သွားတဲ့အခါမှာလည်း ဟေ့ယန်ရှန်းနဲ့တွေ့ရင် ဘာလုပ်ရမလဲ တွေးနေမိခဲ့တယ်။ သူနေ့လည်စာစားခါနီးမှာ ရွှီချင်းကို ဖုန်းခေါ်လိုက်တယ်။ သို့ပေမဲ့ သူမက ပြန်မဖြေခဲ့။ အဲဒီအချိန်ကျမှ ရွှီချင်းက စိတ်ဆိုးနေတာဖြစ်ကြောင်း သဘောပေါက်လိုက်တယ်။

ရှီဖုန်းက ရွှီချင်းအတွက် အနည်းငယ်စိတ်မကောင်းဖြစ်နေတယ်။ အင်းပေါ့ ဖုန်းမဖြေလို့ပဲ မဟုတ်ဘူးပေါ့။ အရေးအကြီးဆုံးက သူနဲ့ ဟေ့ယန်ရှန်းကြားက ကိစ္စကြောင့်ဖြစ်တယ်။

သူက ဂေးဖြစ်တာဖြစ်ဖြစ် ဘိုင်ဖြစ်တာဖြစ်ဖြစ် ဒီမလိုအပ်တဲ့ သတ်မှတ်ချက်က သူ့အတွက် လက်ခံနိုင်ဖို့ ခက်ခဲတယ်။ ဟေ့ယန်ရှန်းနဲ့ အဖြစ်အပျက်က သူ့ကို အနည်းငယ်ကြောက်ရွံ့သွားစေတယ်။ သူ ပြန်လမ်းမရှိတဲ့ လမ်းပေါ် ဆက်မသွားမိဖို့ ကြောင့်ကြနေသလိုမျိုး။

သူအကြာကြီးတွေးကြည့်ပြီးနောက်မှာ ဟေ့ယန်ရှန်းပြောတာမှန်တယ်လို့ တွေးလိုက်တယ်။ သူက အဲဒီကိစ္စကို အများကြီး ဂရုစိုက်မနေသင့်။ သူ့ရဲ့ အာရုံတွေကိုလည်း အနည်းငယ် ထွေပြားစေခဲ့တယ်။ ဟေ့ယန်ရှန်းက ယောကျ်ားတွေကိုကြိုက်တယ်ဆိုတာကို အစကတည်းက သူသာမသိခဲ့ရင် သူ့အနေနဲ့ ဒီလိုအတွေးတွေလည်း ဖြစ်နေမိမှာ မဟုတ်ဘူးမလား။အခုအချိန်မှာတော့ သူမြောပါစီးဆင်းသွားရာကနေ လမ်းမှန်ပေါ် ပြန်တက်လာဖို့ လိုချေပြီ။

ရှီဖုန်းအတွက် ရွှီချင်းက မှန်ကန်တဲ့ လမ်းကြောင်းဖြစ်တယ်။

အဲဒီညနေခင်းမှာ ရှီဖုန်းက ရုံးခန်းအပြင်တံခါးပေါက်ကနေ ရွှီချင်းကို စောင့်နေလိုက်တယ်။ ရွှီချင်းက သူတို့ဌာနက ကောင်မလေးဝန်ထမ်းတစ်ယောက်နဲ့အတူ ထွက်လာတယ်။ ရှီဖုန်းကိုတွေ့တဲ့အခါ ခြေလှမ်းတွေက ပိုမြန်သွားတယ်။

ရှီဖုန်းက သူမကို ရပ်တန့်စေလိုက်ပြီး စိတ်ရင်းနဲ့ ပြောလိုက်တယ်။ " ချင်းချင်း ကိုယ်မှားသွားပါတယ်။ စိတ်မဆိုးပါနဲ့တော့။"

ဝန်ထမ်းသူငယ်ချင်းမက ရွှီချင်းပုခုံးကို တမင်တစ်ချက်တိုက်ကာ ထွက်သွားတယ်။ ရွှီချင်းက ပထမတော့ သူမဒေါသကို ဖော်ထုတ်ခဲ့ပေမဲ့ ရှီဖုန်းအကြိမ်ကြိမ်တောင်းပန်တဲ့အခါ သူမသဘောထားလည်း ပြန်ပျော့ပြောင်းသွားခဲ့တယ်။ အဲဒီညမှာ သူတို့နှစ်ယောက်က ညစာအတွက် အတူဈေးဝယ်ထွက်ကြကာ ရုပ်ရှင်လည်း အတူကြည့်ခဲ့ကြတယ်။ သူ့ရဲ့စိတ်ရင်းကို ပြဖို့အတွက် ရှီဖုန်းက ရွှီချင်းအတွက် သုံးထောင်ကျော်အိတ်တစ်အိတ်ကိုလည်း လက်ဆောင်ဝယ်ပေးခဲ့တယ်။

ညနေမှာ ရှီဖုန်းက ရွှီချင်းကို အိမ်လိုက်ပို့တဲ့အခါ ရွှီချင်းသဘောထားက အတော်လေးပြန်အဆင်ပြေသွားပြီဖြစ်တယ်။ သူတို့နှစ်ဦးက တိုက်ခန်းအောက်ထပ်ရှေ့မှာ တခနရပ်နေပြီးအနမ်းဖလှယ်ခဲ့ကြတယ်။ အဲဒီနောက် သူတို့နှစ်ယောက် အချင်းချင်း လက်‌ဝေ့ယမ်းလျက် နှုတ်ဆက်ခဲ့ကြတယ်။

ရွှီချင်းနောက်ကျောကိုကြည့်နေရင်းနဲ့ ရှီဖုန်းက ဒီဟာကပဲ မှန်ကန်တဲ့လမ်းကြောင်းဖြစ်တယ်လို့ တွေးလိုက်တယ်။ ပြီးတော့ သူ့ဘဝက ရှိနေသင့်တဲ့ နေရာလည်းဖြစ်တယ်။

ရှီဖုန်းနဲ့ ဟေ့ယန်ရှန်းက အဆောက်အဦးတစ်ခုတည်းမှာပဲ အလုပ်လုပ်ပေမဲ့ တစ်ပါတ်လောက်ထိ မတွေ့ဖြစ်ကြ။ သူတို့နှစ်ယောက်ပြန်တွေ့ကြတဲ့အခါမှာ ဝန်ထမ်းအစည်းဝေးဒုတိယအပါတ်မှာဖြစ်တယ်။

ဟေ့ယန်ရှန်းရဲ့ ထိုင်ခုံက ရှေ့တန်းမှာဖြစ်ပြီးတော့ ရှီဖုန်းက သူ့နေ့ရာမှာ ထိုင်လိုက်လိုက်ချင်း ဟေ့ယန်ရှန်းခုံဆီ လှမ်းကြည့်မိတဲ့အခါ ခုံမှာ လူမရှိသေးတာကို တွေ့လိုက်ရတယ်။ ခဏနေတော့ ဟေ့ယန်ရှန်းက တခြားလူတွေနဲ့ တိုးတိုးစကားပြောကာ စည်းဝေးခန်းထဲဝင်လာတာကို ကြားလိုက်ရတယ်။ ဟေ့ယန်ရှန်းက သူ့ဘေးက ဖြတ်သွားပေမဲ့ သူ့ကို နှုတ်မဆက်သွားခဲ့။

ရှီဖုန်းမော့ကြည့်လိုက်တဲ့အခါ ဟေ့ယန်ရှန်းကုတ်အောက်က ခါးတိမ်တိမ်ကို တွေ့လိုက်တော့ အသက်တစ်ချက်အောင့်လိုက်မိတယ်။ သူက ရှေ့ကိုငေးနေမိပြီး စိတ်လွင့်နေကာ အသိစိတ်ပြန်ကပ်လာတဲ့အခါမှာ‌တော့ သူ့ရှေ့က မှတ်စုစာအုပ်ထဲမှာ 'ဟေ့'ဆိုတဲ့ စကားလုံးကို ရေးထားမိတာကို တွေ့လိုက်ရတယ်။ သူ့မှာ လန့်လွန်းလို့ အဲဒီစာရွက်ကို ချက်ချင်းဆုတ်ဖြဲလိုက်တယ်။

လဝက်လောက်ကြာပြီးတဲ့နောက်မှာ ရွှီချင်းမိဘတွေက အဝေးကနေလို့ သူတို့သမီးကို လာတွေ့ဖို့ အလည်ရောက်လာကြတယ်။ ပြီးတော့ ရှီဖုန်းနဲ့ ညစာအတူစားချင်တယ်လို့လည်း ပြောတယ်။

ရွှီချင်းက ရှီဖုန်းကို သူတို့မိဘတွေရောက်နေတဲ့အကြောင်း ပြောပြတဲ့အခါ ရှီဖုန်းလည်း ချက်ချင်းလက်ခံလိုက်ပြီး သူညစာစီစဉ်လိုက်မဲ့အကြောင်း ပြောလိုက်တယ်။

ဆိုလိုတာက ရွှီချင်းမိဘတွေနဲ့ တရားဝင်တွေ့ဆုံဖို့ပင်။

ရှီဖုန်းက သူ့အမေနဲ့ ဖုန်းပြောဖြစ်တဲ့အကြိမ်တိုင်း သူ့အမေက သူ့ကောင်မလေးကို အိမ်ခေါ်လာဖို့ တိုက်တွန်းလေ့ရှိတယ်။ အစကတော့ ရှီဖုန်းတုန့်နှေးနေသေးပေမဲ့ ဟေ့ယန်ရှန်းနဲ့ ကိစ္စဖြစ်ပြီးနောက်မှာတော့ သူက ရွှီချင်းနဲ့ ပတ်သက်မှုကို မြန်မြန်အဆင့်တိုးလိုက်နိုင်ဖို့ မျှော်လင့်‌နေတယ်။

သူ့ကိုယ်သူ ပုံမှန် ယောကျ်ားစစ်စစ်တစ်ယောက်ဖြစ်ကြောင်း သက်သေပြနိုင်ဖို့ မျှော်လင့်နေမိတယ်။

ရှီဖုန်းက အဆင့်မြင့်တဲ့ တရုတ်စားသောက်ဆိုင်တစ်ခုမှာ ညစာစီစဉ်ထားတယ်။သူ ဝိုင်နဲ့ အစားအသောက်တွေကို ကြိုတင်မှာယူထားကာ ရွှီချင်းမိဘတွေဆီမှ အမြင်ကောင်းယူနိုင်ဖို့ မျှော်လင့်နေမိတယ်။

ရွှီချင်းက သာမန်မိသားစုက သမီးဖြစ်တယ်။ သူ့မိဘတွေကလည်း သူ့သမီးကို လူချမ်းသာနဲ့တွေ့ဖို့ မျှော်လင့်ထားကြတာမျိုးမရှိ။ သူတို့က သူတို့သမီးနဲ့ သင့်လျော်တဲ့ အတူတိုးတက်ချင်စိတ်ရှိတဲ့ ကောင်ငယ်လေးတစ်ဦးဦးနဲ့ တွေ့ဖို့ပဲ ဆန္ဒရှိထားကြတာဖြစ်တယ်။

ရှီဖုန်းက အရပ်ရှည်ပြီး ရုပ်ချောတယ်။ သူ့ရုပ်အသွင်အပြင်က အမှတ်ရပြီးသားဖြစ်တယ်။ ပြီးတော့ ဒီကနေ့မှာ သူ့အပြုအမူက စိတ်ရင်းပါပြီး လေးလေးနက်နက်ရှိတယ်။ ညစာတစ်ဝက်မှာ ဖြစ်ခဲ့တဲ့ ကိစ္စကြောင့်သာမဟုတ်ရင် ရွှီချင်းမိဘတွေက အလွန်စိတ်ကျေနပ်ခဲ့ကြမှာဖြစ်တယ်။

ညစာတစ်ဝက်မှာ ရှီဖုန်းက ဝိတ်တာတစ်ယောက်ကနေလို့ ဟေ့ယန်ရှန်းကို အပြင်ကနေ လမ်းပြလာကာ လေးယောက်ထိုင် တဲအိမ်ဝိုင်းတစ်ခုဆီ ခေါ်သွား‌တာကို တွေ့လိုက်ရတယ်။
ဟေ့ယန်ရှန်းက ရှီဖုန်းကို မတွေ့ပေမဲ့ ရှီဖုန်းကတော့ တစ်ချက်တည်းနဲ့ သတိထားလိုက်မိတယ်။ ရှီဖုန်း ပထမဆုံး ဒီစားသောက်ဆိုင်ကို လာဖူးတာက ဟေ့ယန်ရှန်းနဲ့ ဖြစ်တာကြောင့် အခုက တိုက်ဆိုင်မှု သက်သက်သာဖြစ်နိုင်တယ်။ ပုံမှန်အားဖြင့်တော့ ရှီဖုန်းက ပိုဈေးသက်သာတဲ့ ဟော့ပေါ့ ဒါမှမဟုတ် ဒုတ်ထိုးအသားကင်ဆိုင်တို့လို စားသောက်ဆိုင်အသေးတွေ သွားဖြစ်တာများတယ်။

ရွှီချင်းကလည်း ဟေ့ယန်ရှန်းကို သတိမထားမိချေ။ သူမက ရှီဖုန်းကို စကားပြောနေပေမဲ့ ရှီဖုန်းက မကြားတာကြောင့် သူမက ဘာဖြစ်နေတာလဲလို့ ထူးထူးဆန်းဆန်းမေးလာတယ်။

" ဘာမဟုတ်ဘူး" ရှီဖုန်းက ပြန်ဖြေလိုက်တယ်။ သို့ပေမဲ့ သူ့အာရုံတွေက အထိန်းအချုပ်မဲ့စွာ ဟေ့ယန်ရှန်းဆီရောက်နေတယ်။

ဟေ့ယန်ရှန်းတစ်ယောက်တည်း လာစားတာမဟုတ်။ မိနစ်အနည်းငယ်နေပြီးနောက်မှာ အပြင်ကနေ လူတစ်ယောက်ဝင်လာတယ်။ ငယ်ရွယ်ပြီးတော့ ချောမောပြီး အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားတဲ့ အဲဒီလူက အပြုံးနဲ့အတူ ဟေ့ယန်ရှန်းမျက်နှာချင်းဆိုင်မှာ ဝင်ထိုင်တယ်။

ရှီဖုန်းက သူတို့နှစ်ယောက်ရဲ့ ပတ်သက်မှုကို တပ်အပ်မပြောနိုင်ပေမဲ့ သူတို့နှစ်ယောက်က တအားရင်းနှီးနေတာမျိုးတော့ မဟုတ်ဘူးဆိုတာ သိနိုင်တယ်။

" ရှောင်ရှီး?"

သူ့အသိဝင်လာတဲ့အခါ ရွှီချင်းအဖေက သူ့နာမည်ကို အကြိမ်အနည်းငယ် ခေါ်ခဲ့ပြီးပြီဆိုတာကို သဘောပေါက်သွားတယ်။

" အာ အန်ကယ်?"

ရွှီချင်းက အနည်းငယ် ဒေါသထွက်နေလေပြီ။

"ကိုကိုဘာလို့ စိတ်မပါဖြစ်နေရတာလဲ?"

ရှီဖုန်းက ခေါင်းခါလိုက်တယ်။ သူ့အတွေးကို အခုချိန်မှာ ဟေ့ယန်ရှန်းက စိုးမိုးနေတယ်။ သူ့နှလုံးသားထဲမှာ ဟေ့ယန်ရှန်းက အခုယောကျ်ားတစ်ယောက်နဲ့ ဘလိုင်းဒိတ်တွေ့နေတယ် ဆိုတဲ့ အတွေးပဲ စိုးမိုးနေတယ်။

တစ်ဖက်က လူလည်း ဂေးဖြစ်ရမယ်။ သူတို့နှစ်ယောက်စလုံးက single တွေ။ သူငယ်ချင်းတွေကနေ မိတ်ဆက်ပေးလို့ တွေ့ကြတာမျိုးလည်း ဖြစ်နိုင်တယ်။
အဲ့အတွေးက ရှီဖုန်းကို နှောင့်ယှက်နေတယ်။
တကယ်တမ်းမှာတော့ ဟေ့ယန်ရှန်းမှာ ရည်းစားအသစ်ရှိနေမယ်ဆိုရင်တောင် ရှီဖုန်းနဲ့ ဘာမှ မဆိုင်ပေ။ သူအခုလုပ်ရမှာက သူ့ကောင်မလေးမိသားစုနဲ့ ရှိနေတယ်ဆိုတာကို စိတ်ထဲထည့်ပြီး ဟေ့ယန်ရှန်းနဲ့ပတ်သက်တာတွေကို မေ့ပစ်ထားဖို့ ဖြစ်တယ်။ ဒီလဝက်အတွင်းမှာ အခြေအနေတွေက တော်တော်လေး ချောချောမွေ့မွေ့တိုးတက်လာခဲ့ပြီလို့ သူခံစားခဲ့ရတယ်။ သူအခု ဟေ့ယန်ရှန်းကိုသာမတွေ့ရင် အောင်မြင်ခါနီးနေပြီဖြစ်တယ်။

ဟေ့ယန်ရှန်းနဲ့ အဲဒီလူက နောက်ကျမှ ရောက်လာပေမဲ့ ပေါ့ပေါ့ပါးပါးသာ စားသောက်ကြကာ သူတို့နှစ်ယောက်က စကားပြောလိုက် ရယ်မောလိုက်ရှိနေတယ်။ နောက်တော့ အဲဒီလူက အချိန်ကြည့်လိုက်ပြီးနောက် အလုပ်များနေလားမသိ သူတို့ ဝိတ်တာကို ခေါ်ပြီး ပိုက်ဆံရှင်းကြတယ်။

သူတို့နှစ်ယောက် ထရပ်တဲ့အခါ အဲဒီလူက ဟေ့ယန်ရှန်းကုတ်ကို ကူယူပေးတာကို ရှီဖုန်းတွေ့လိုက်တယ်။ ပြီးတော့ လက်ဆန့်ပြီး ဟေ့ယန်ရှန်းမျက်နှာကိုတောင် ထိလိုက်သေးတယ်။ အဲဒီနောက် သူတို့နှစ်ယောက် စားသောက်ဆိုင်ကနေ အလျှိုလျှို ထွက်ခွါသွားကြတယ်။

ရှီဖုန်းက သူတို့နှစ်ယောက် ညစာစားကြပြီးနောက် ဘားသွားကာ သွားသောက်ကြတာမျိုး ဖြစ်နိုင်တယ်လို့ တွေးလိုက်တယ်။ သောက်ပြီးတဲ့နောက် ပုံမှန်အတိုင်း sex လုပ်ကြမှာမျိုးလည်း ဖြစ်နိုင်တယ်။ အဲဒီအတွေးက သူ့ကို တောင့်တင်းသွားစေကာ သွားပြီးတော့ ဟေ့ယန်ရှန်းကို ရှင်းရှင်းလင်းလင်းသွားမေးသင့်တယ်လို့ ခံစားလိုက်ရတယ်။

ရှီဖုန်းက ချက်ချင်းထရပ်လိုက်တယ်။

သူတစ်ညလုံး အာရုံလွင့်နေတာကြောင့် ရွှီချင်းက စိတ်တိုနေခဲ့ပြီးဖြစ်တယ်။ အခုအချိန်မှာ သူမက ကြောက်ဖို့ကောင်းတဲ့အသံနဲ့ မေးလာတယ် "ရှင်ဘာလုပ်နေတာလဲ?"

ရှီဖုန်းက အဆောတလျင်ပြောလိုက်တယ် ။
"တစ်ခုခုဖြစ်လို့။"

အဲဒီနောက် သူက စားသောက်ဆိုင် အပြင်ဘက်ဆီ ပြေးထွက်သွားလိုက်တယ်။
စားသောက်ဆိုင်ကနေပြေးထွက်လာပြီးနောက်မှာ လမ်းဘေး ချရပ်ထားတဲ့ ဟေ့ယန်ရှန်းကားက စက်နိုးနေပြီဖြစ်ကြောင်းတွေ့လိုက်တယ်။ သူက အဆောတလျင် ပြေးသွားလိုက်ကာ ကားမောင်းထွက်ခါနီး ကားရှေ့ သွားရပ်လိုက်တယ်။

ဟေ့ယန်ရှန်းက ချင်းချင်း ဘရိတ်နင်းလိုက်ကာ ကားရှေ့ကလူကို ထိတ်လန့်တကြီး ကြည့်လိုက်တယ်။သူက ကားမှန်ချလို့ ဒေါသတကြီး အော်လိုက်တယ်။

" မင်းရူးနေလား?"

ကားထဲမှာ ဟေ့ယန်ရှန်းတစ်ဦးတည်းရှိနေတာကို တွေ့လိုက်ရတယ်။ သူက မြန်မြန်ပြေးခဲ့ရတာကြောင့် ဟောဟဲလိုက်နေပေမဲ့ မေးလိုက်တယ် " ဟိုလူရော?"

ဟေ့ယန်ရှန်းက သူ့ကို နားမလည်ဟန်နဲ့

" ဘယ်လူလဲ?"

ရှီဖုန်းက ပြန်ပြောတယ် " ခင်ဗျားနဲ့ ညစာအတူစားခဲ့တဲ့သူလေ။ သူက ခင်ဗျားရည်းစားလား?"

ဟေ့ယန်ရှန်းဒေါသက မပျောက်သွားသေးပေ။ အခုတော့ ပိုလို့ပင် ထိုးတက်သွားကာ ပြောလာတယ်။ " မင်းနဲ့ ဘာဆိုင်လို့လဲ?"

ရှီဖုန်းက ဒရိုက်ဘာခုံဘက်သွားလိုက်ကာ တံခါးဖွင့်လိုက်တယ်။ "ကျွန်တော်ပြောတာ အရင်နားထောင်။"

ဟေ့ယန်ရှန်းက တံခါး‌ လော့ချလိုက်ပြီး

" မင်းပြောတာ ဘာမှ နားထောင်စရာ မရှိဘူး။ ကျေးဇူးပြုပြီးတော့ ထွက်သွားပေး။ "

ရှီဖုန်းက ကားတံခါးအမြန်ပိတ်လိုက်မှာစိုးတာကြောင့် လက်နဲ့ထိန်းကာလိုက်ပြီး ပြောတယ်။

" ကျွန်တော် ခင်ဗျားအတွက် စိုးရိမ်လို့"

ဟေ့ယန်ရှန်းက သုံးဆယ်ကျော်ထိ အသက်ရှင်ခဲ့ပြီးဖြစ်တယ်။ သို့ပေမဲ့ ဒီလို ကျိုးကြောင်းမဆီလျော်ဘဲ စက်ဆုပ်ဖို့ကောင်းတဲ့ လူမျိုးနဲ့ တွေ့ဆုံတာက ပထမဆုံးအကြိမ်ဖြစ်တယ်။ သူက အော်လိုက်မိတယ်။ " မင်းက ဘယ်သူမို့လို့လဲ? မင်းစိုးရိမ်ပေးတာ ဘယ်သူက လိုအပ်နေလို့လဲ ထွက်သွားစမ်း။"

ရှီဖုန်းက အကျယ်ကြီး အအော်ခံရတာကို ကြားလိုက်ရတဲ့အခါ စိတ်ထိခိုက်သွားပေမဲ့ ဆက်ပြောလိုက်တယ်။

" အရင်ထိုင်ပြီးတော့ စကားပြောရအောင်လေ? ရမလား?"

ဟေ့ယန်ရှန်းက သူ့လက်ညှပ်မိမှာကို ဂရုမစိုက်ဘဲ ကားမှန်ပင့်လိုက်တယ်။ သူက ပြောလိုက်သေးတယ်။ " မရဘူး။ မင်းနဲ့ ပြောစရာ ဘာမှ မရှိဘူး။ "

သူက ရယ်ဖို့ကောင်းတဲ့ထိ ရှီဖုန်းက သူ့ကို ဒေါသဆွနေတာလို့ ခံစားလိုက်ရတယ်။ သူက ငယ်ငယ်လေးကတည်းက စိတ်ရှည်သည်းခံတတ်ခဲ့တာဖြစ်တယ်။ ဒီလိုမျိုး လမ်းမပေါ်မှာ တစ်ယောက်ယောက်ကို စိတ်ဆိုးတကြီး အော်ပြောတာမျိုး မရှိခဲ့ဖူးပေ။

မှန်ပိတ်သွားခါနီးမှပဲ ရှီဖုန်းက လက်ကိုရုတ်လိုက်တယ်။ သူက ကားတံခါးကို ဆွဲဖွင့်ဖို့ လုပ်သေးပေမဲ့ ဟေ့ယန်ရှန်းက လီဗာနင်းကာ မောင်းထွက်သွားတယ်။

" ဟေ့ယန်ရှန်း" ရှီဖုန်းက နှစ်လှမ်းလောက် လိုက်ပြေးသွားသေးတယ်။

ဟေ့ယန်ရှန်းက နောက်ကြည့်မှန်ကနေ သူ့ကို ကြည့်လိုက်တယ်။ ရှီဖုန်းပြန်လိုက်မီမှာစိုးတာကြောင့် လီဗာကို ပိုတင်လိုက်တဲ့အခါ ရလဒ်အနေနဲ့ သူခေါင်းလှည့်ကြည့်လာတဲ့အခါမှာတော့ ထရပ်ကားတစ်စီးက ရုတ်တရက် လမ်းကြောင်းပြောင်းလာတာကိုတွေ့လိုက်ရတယ်။ သူက ချက်ချင်း ဘရိတ်နင်းလိုက်ပေမဲ့ ဘန်းခနဲ ဝင်တိုက်သွားတော့တယ်။

ရှီဖုန်းက ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရတယ်။ သူ့အသံတွေက ကြောက်ရွံ့မှုကြောင့် တုန်ရီနေတယ်။

" ဟေ့ယန်ရှန်း...."

သူ ဟေ့ယန်ရှန်းရဲ့နာမည်အော်ကာ ပြေးသွားလိုက်တယ်။

ကားအရှေ့ဘက်နဲ့ ဒရိုက်ဘာခုံတွေက ပုံစံပျက်ယွင်းနေပြီဖယ။ ရှီဖုန်းက ပြေးသွားလိုက်ကာ ဒရိုက်ဘာတံခါးကို ဆွဲဖွင့်လိုက်တယ်။ လေအိတ်က ကန်ထွက်လာကာ ဟေ့ယန်ရှန်းကတော့ လေအိတ်နဲ့ ထိုင်ခုံကြားညှပ်နေတာကို တွေ့လိုက်ရတယ်။

သူ့အသက်ရှူသံက ရပ်စဲသွားသလိုပင်။ သူက ကွဲအက်နေတဲ့ အသံနဲ့ အော်လိုက်မိတယ်။

" ဟေ့ယန်ရှန်း.."

ဟေ့ယန်ရှန်းက ခပ်ဖြည်းဖြည်းခေါင်းမော့လာပြီး သူ့ကိုကြည့်ရင်းဆိုတယ်။ " ကိုယ်မသေသေးဘူး။ မစိုးရိမ်နဲ့။"

သူထင်ယောင်ထင်မှားဖြစ်နေတာလားတော့ မသိပေမဲ့ ရှီဖုန်း ခနက သူ့နာမည်ကို ခေါ်လိုက်တုန်းက ရှီဖုန်းအသံက ဝမ်းနည်းလွန်းလို့ ငိုတော့မလို ဖြစ်နေသလိုပဲ။

~~~~~~~~~'''''~~~~~~~~~~~~~~


You are reading the story above: TeenFic.Net