"မိုးရွာပြီးတစ်နာရီလောက်အကြာမှာကောင်းကင်ကတိမ်တွေရှင်းပြီး ကြည်လင်လာတယ်။ သစ်ရွက်လေးတွေက မျက်နှာပြင်ပေါ်ကမိုးပေါက်တွေကြောင့်ရောင်ပြန်ဟပ်ပြီးတောက်ပနေတယ်။ မိုးခိုနေကြတဲ့ငှက်ကလေးတွေကလဲ အမိုးအောက်ကထွက်လာပြီးကောင်းကင်ပေါ်မှာပျံဝဲနေကြတယ်။ ဒီအချိန်ကအလှပဆုံးအချိန်ပဲ။"
ဂျွန်ဂျောင်ကု သစ်သီးခြင်းတစ်ခြင်းကိုသယ်ပြီး ဆိုးလ်ဆေးရုံဆီကိုကားငှါးနေ၏။ သူငယ်ချင်းဖြစ်သူရဲ့အမေကဆေးရုံတက်နေရလို့ လူနာသတင်းမေးဖို့သွားတာဖြစ်သည်။ သုံးနာရီလာမည်ဟုပြောထားသော်လည်း မိုးရွာနေသဖြင့် ဂျွန်ဂျောင်ကုထီးမပါလာသည်နှင့် အနီးရှိကုန်စုံဆိုင်တစ်ခုတွင်ဝင်မိုးခိုနေရလို့နောက်ကျသွားခဲ့သည်။
"ကျေးဇူးပါ"
ကားသမားကိုပိုက်ဆံရှင်းပေးပြီးနောက် ဂျွန်ဂျောင်ကုဆေးရုံအတွင်းသို့ဝင်လာခဲ့၏။ သို့သော် ဒီဆေးရုံကိုသူမရောက်ဖူးသဖြင့် ဘယ်ကနေသူငယ်ချင်းဖြစ်သူထံသို့သွားရမလဲမသိ။
"တူ..တူ.. လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ..ဆက်သွယ်မှုဧရိယာပြင်ပ.."
သူငယ်ချင်းကိုဖုန်းဆက်လို့၍လည်းမရသောကြောင့် ဂျွန်ဂျောင်ကုအနီးအနားမှာ မေးလို့ရနိုင်မည့်သူကိုလိုက်ရှာမိသည်။
"ဟို..အခန်း၃၀၂ကိုဘယ်လိုသွားရမလဲသိလားဗျ"
အနားကသူနှင့်အရပ်မတိမ်းမယိမ်းရှိသော လူနာဝတ်စုံနှင့်ကောင်လေးတစ်ယောက်ကိုဂျွန်ဂျောင်ကုမေးလိုက်၏။
"အာ..ကျွန်တော်လဲအခုသုံးလွှာသွားမလို့။ ကျွန်တော်နဲ့လိုက်ခဲ့လေ"
လုနာကောင်လေးရဲ့စကားကြောင့်ဂျွန်ဂျောင်ကုစိတ်အေးသွားသည်။
"ဟုတ်.. ကျေးဇူးပါနော်"
ထိုကောင်လေးအနောက်ကိုဂျွန်ဂျောင်ကုလိုက်သွား၏။ ၃လွှာဆီသွားသည့်လမ်းတစ်လျှောက် နှစ်ယောက်လုံးစကားမပြောကြဘဲတိတ်ဆိတ်နေကြသဖြင့် ဂျွန်ဂျောင်ကုအနည်းငယ်အနေရခက်သလိုခံစားရသည်။ စကားစဖို့အတွက်မှာလည်း ဂျွန်ဂျောင်ကုထိုကောင်လေးလိုဘယ်လိုစကားစပြောရမလဲမသိ။ ဒါ့အပြင် ဘာကြောင့်ဆေးရုံတက်ရတာလဲမေးဖို့ကလည်းတစ်မျိုးပဲဟု ထင်မိသောကြောင့်ပင်။
"ဆုန်းအန်တီဆီလူနာလာမေးတာထင်တယ်"
ဂျွန်ဂျောင်ကု၏စိတ်ကိုဖတ်မိသည့်အတိုင်း ထိုကောင်လေးဘက်ကစကားစပြော၏။
"ဟုတ်။ ဆုန်းအန်တီကိုသိတယ်လား"
"ကျွန်တော့်အခန်းဘေးကအန်တီလေ။ အစာအိမ်ယောင်လို့ဆေးရုံလာတက်ရတာမလား"
"ဟုတ်တယ်။"
"အန်တီကခင်ဖို့ကောင်းတယ်။ ကျွန်တော်နဲ့တစ်ခါတစ်လေတွေ့ဖြစ်ရင် ကျွန်တော့ကိုတောင်အသီးတွေပေးသေးတယ်"
"အန်တီကအမြဲတမ်းအဲ့လိုပဲ။ သူ့အိမ်ကပြန်လာတိုင်းမုန့်တစ်ခုမဟုတ်တစ်ခုပေးလိုက်ရမှ"
ဂျွန်ဂျောင်ကုအရင်ကအကြောင်းကိုပြန်သတိရသွားသဖြင့် ပြုံးမိသွားသည်။
"ဒီဖက်က..ရောဘာလို့ဆေးရုံတက်ရတာလဲ။ အစာအိမ်ယောင်တာပဲလား"
"..."
သူမေးလိုက်တဲ့စကားကို လူနာကောင်လေးကပြန်မဖြေသေးဘဲ ခပ်ရေးရေးပြန်ပြုံးပြလိုက်၏။
"အဲ့လိုမျိုးပေါ့"
ထိုအခါမှ သူစကားမှားသွားမှန်းဂျွန်ဂျောင်ကုရိပ်မိသွား၏။
"ဒီအခန်းပဲ ၃၀၂က။ ဒါဆိုကျွန်တော်သွားပြီနော်"
ဂျွန်ဂျောင်ကုကိုနှုတ်ဆက်ပြီး လူနာကောင်လေးကတစ်ဖက်ကအခန်းထဲသို့ဝင်သွားသည်။ ဂျွန်ဂျောင်ကုလည်းနှုတ်ဆက်ပြီး အခန်း၃၀၂ထဲသို့ဝင်လာခဲ့၏။
"မင်းရောက်လာပြီလား။ နောက်ကျလိုက်တာဒီကောင်"
"မိုးတိတ်တဲ့အထိစောင့်နေလို့ပါ။ အန်တီ..အန်တီ့အတွက်ကျွန်တော်သစ်သီးတွေဝယ်လာတယ်"
သူငယ်ချင်းကမာန်မဲတာကိုဂျွန်ဂျောင်ကုအကြောင်းပြချက်ပေးလိုက်ပြီး ဆုန်းအန်တီဘက်သို့လှည့်ကာသစ်သီးခြင်းပေးလိုက်သည်။
"သားကလဲ။ ဒီလူနဲ့ဒီလူ လက်ဆောင်သယ်လာစရာလား။ လက်ဗလာနဲ့လာလဲဘာမှမဖြစ်တာကို"
သစ်သီးဝယ်လာပေးသဖြင့် ဆုန်းအန်တီက ဂျွန်ဂျောင်ကုကိုဆူလိုက်ပြီး ခြင်းကိုသူ့သားဆီပေးလိုက်၏။
"ဟုတ်တယ်။ ဒီအတိုင်းလာလဲရတာပဲက်ို။ ပြီးတော့အမေကအခုဆန်ပြုတ်တို့ဘာတို့ပဲစားလို့ရသေးတာ။ အမာတွေစားလို့မရသေးဘူး။ အားနာစရာမဖြစ်အောင်ငါပဲစားပေးပါ့မယ်"
နောက်ဆုံးပြောလိုက်တဲ့စကားကြောင့် ဆုန်းအန်တီကသူ့သားကိုရိုက်လိုက်သည်။
"ဘာကိုနင်စားမှာလဲ။ ဂျောင်ကုကိုအသီးတွေပြန်ပေးလိုက်ပေါ့။ ပြီးတော့နင်..ဆန်ပြုတ်ကိုအခန်း၃၀၃ကကောင်လေးဆီသွားပေးပါလို့ငါပြောထားလားမပြောထားဘူးလား။ အဲ..ဟုတ်တယ်။ အသီးသုံးလုံးလောက်ပါအဲ့ကလေးကိုပေးလိုက်"
"အမေကတကယ်ပဲ။ အဲ့ကောင်လေးကိုအမေ့သားထပ်ပိုပြီးစေတနာရှိနေတာလား"
သူငယ်ချင်းဖြစ်သူကမကျေနပ်ဟန်ဖြင့်ပြောတဲ့စကားကြောင့် ဂျွန်ဂျောင်ကုပါရယ်မိ၏။
"ဟုတ်တယ်။ အဲ့ကလေးကနင့်လိုငပျင်းကြီးမဟုတ်ဘူး။ လူကြီးအပေါ်သိတတ်ပြီးသဘောလဲကောင်းတယ်။ ရုပ်ကလေးကလဲနတ်သားလေးလိုချောမောနေတာပဲ။ အဲ့လိုကလေးက တကယ်သနားဖို့ကောင်းလိုက်တာ။ မိုးနတ်မင်းကြီးကဘာလို့လူကောင်းတွေကိုအမြန်ခေါ်ထုတ်ချင်ရတာလဲ"
ပြောနေရင်းကနေ ဝမ်းနည်းသွားကာ ဆုန်းအန်တီမျက်ရည်များဝဲလာသည်။
"ဟာအမေက ဖတ်ဖတ်ဖွဖွ။ မသိရင် အဲ့တစ်ယောက်ကသေမှာကျနေတာပဲ။"
သူငယ်ချင်းဖြစ်သူကပျာကယာ တစ်ရှူးလှမ်းပေးရင်းပြောလိုက်၏။
"ဟုတ်တယ်။ ဟုတ်တယ်။ အဲ့ကောင်လေးကသန်မာပါတယ်။ ရောဂါကိုကျော်ဖြတ်နိုင်မှာပါ။ အဲ့လိုကျော်ဖြတ်နိုင်အောင်လဲ ငါတို့ဘက်ကကူညီနိုင်သလောက်ကူညီပေးရမယ်။ ဟဲ့..နင်သွားဆန်ပြုတ်ပို့တော့"
သူတို့သားအမိနှစ်ယောက်ပြောနေကြတာနားထောင်ရင်း ဂျွန်ဂျောင်ကု အခန်း၃၀၃ကကောင်လေးအကြောင်းကိုစိတ်ဝင်စားသွားသည်။
"အဲ့ကောင်လေးကဘာဖြစ်လ်ို့လဲဟင်"
ဂျွန်ဂျောင်ကုစကားကြောင့် ဆုန်းအန်တီကမျက်ရည်သုတ်နေရာမှရှင်းပြ၏။
"အဲ့ကလေးက... အစာအိမ်ကင်ဆာကြောင့်ဆေးရုံတက်နေရတာလေ။ အန်တီမရောက်ခင်နှစ်ရက်လောက်မှဆေးရုံရောက်လာတာတဲ့။ အဲ့ကလေးကတကယ်ဖြူစင်တဲ့ကလေးပါ။ အန်တီ့ကိုလဲခင်ရှာတယ်။ အခန်းအပြင်မှာတွေ့ရင်အမြဲပြုံးပြပြီးနှုတ်ဆက်တယ်။ သူ့ဆီလူနာသတင်းလာမေးတဲ့သူတွေက လက်ဆောင်တွေသယ်လာရင် အန်တီတို့ကိုလဲလာလာပေးနေကြ။"
"အော်.."
ထိုကောင်လေးကိုဂျွန်ဂျောင်ကုစိတ်ဝင်စားသွားသည်။ အခန်း၃၀၃ ဆီဆန်ပြုတ်နှင့်အသီးသွားပေးမလို့ပြင်နေတဲ့သူငယ်ချင်းကိုတားလိုက်၏။
"ထားလိုက် သီးသန့်မသွားနဲ့လေ။ ငါပြန်တဲ့အခါမှသွားပေးလိုက်မယ်။"
"တကယ်လား။"
သူငယ်ချင်းဖြစ်သူကအလုပ်မရှုပ်ရသဖြင့်ပျော်သွားကာ ဂျွန်ဂျောင်ကုဆီကိုအထုတ်လှမ်းပေးလိုက်သည်။ ဆုန်းအန်တီနှင့်အတော်ကြာစကားပြောပြီးမှ ဂျွန်ဂျောင်ကုပြန်ရန်ပြင်လိုက်၏။
"အန်တီကျွန်တော်သွားလိုက်ပါဦးမယ်နော်"
"အေးအေး။ ကောင်းကောင်းသွား။ အိုင်းရီးဂူးး ဂျောင်ကုလိုသားလေးနောက်တစ်ယောက်ထပ်လိုချင်လိုက်တာ"
"အမေကလဲ။ ကျွန်တော်ရှိတာပဲကို"
အမြဲတမ်းတစ်ကျက်ကျက်စကားများတတ်သောသူတို့သားအမိကြောင်းသိနေသဖြင့် ဂျွန်ဂျောင်ကုနှုတ်ဆက်ပြီးအပြင်ထွက်လာခဲ့၏။ ထို့နောက်အခန်း ၃၀၃ ဆီသို့ပစ္စည်းပို့ရန်အခန်းရှာမိသည်။
"ဒီမှာပဲ ၃၀၃က.."
ထိုအခန်းက ခုဏကလူနာကောင်လေးဝင်သွားခဲ့သောအခန်းဖြစ်နေ၏။
"ဒေါက် ဒေါက်"
"ဝင်လာခဲ့ပါ"
ဂျွန်ဂျောင်ကုတံခါးခေါက်လိုက်သည့်အခါ ထွက်လာသည့်အသံကြောင့် တံခါးကိုဆွဲဖွင့်လိုက်သည်။
"ဟင်"
အမှန်တကယ်ပင် ကုတင်ကိုထောင်ထားကာခေါင်းအုံးကိုမှီ၍စာဖတ်နေသောကောင်လေးမှာ သူ့ကိုဒီအထိလိုက်ပို့ခဲ့သောလူနာကောင်လေးဖြစ်နေ၏။ သူကဂျွန်ဂျောင်ကုကိုမြင်လိုက်ရသဖြင့် အံ့ဩသွားသည်။
"ဆုန်းအန်တီက ဆန်ပြုတ်နဲ့အသီးအချို့ပေးခိုင်းလိုက်လို့"
"အော်.. အန်တီကလုပ်ပြန်ပြီ။ မမှာပေးလဲရတာပဲကို"
"ရတယ်။ ရတယ်။ မထနဲ့။ ကျွန်တော်ပြင်ပေးမယ်"
ကုတင်ပေါ်မှထလာဖို့ပြင်တော့ ဂျွန်ဂျောင်ကုမှအမြန်တားလိုက်၏။ ထိုအခါမှ လူနာကောင်လေးကဆက်ထိုင်နေကာဂျွန်ဂျောင်ကုဆန်ပြုတ်ကိုခွက်ထဲထည့်ဖို့လုပ်နေသည်ကိုစောင့်ကြည့်နေသည်။
ဂျွန်ဂျောင်ကုစားပွဲပေါ်မှာတင်ထားတဲ့ပန်းကန်ခွက်ကိုယူကာရေအရင်ဆေးလိုက်၏။ ထို့နောက်ကြွပ်ကြွပ်အိတ်ထဲကဆန်ပြုတ်ကိုဖောက်ထည့်လိုက်သည်။ အနားမှာထားထားတဲ့ဇွန်းကိုတစ်ရှူးနဲ့သုတ်ပြီး ပန်းကန်ခွက်ကိုဗန်းပေါ်တင်ကာထိုလူနာလေးအနားသို့သယ်သွားလိုက်၏။
ဂျွန်ဂျောင်ကုသူ့အတွက်ပြင်ပေးနေတာကို ကြည့်ရင်းလူနာကောင်လေးကခပ်ဖွဖွရယ်လိုက်၏။
"ကျွန်တော်အိပ်ရာထဲလှဲနေရလောက်အောင်ထိ အခြေအနေမဆိုးသေးပါဘူး။"
"ဒါပေမယ့် လူနာကိုစားဖို့ကိုယ်ဘာ့သာပြင်ခိုင်းတာကတော့တစ်မျိုးပဲလေ။"
ဂျွန်ဂျောင်ကုကို ပြုံးရုံသာပြုံးပြပြီး ထိုကောင်လေးကဆန်ပြုတ်ပူပူကိုမှုတ်သောက်နေသည်။ ဂျွန်ဂျောင်ကုလည်းကူပေးမှတော့အဆုံးထိကူပေးရန်ဆုံးဖြတ်လိုက်ပြီး သစ်သီးတွေကိုအခွံ့နွှာကာတစ်ကိုက်စာအစိတ်လေးတွေအဖြစ်လှီးပေးလိုက်၏။ ထိုအချိန်အတွင်း ထိုကောင်လေးဆန့်ပြုတ်သောက်နေသည်ကိုငေးကြည့်မိသည်။ အညိုရောင်ဆံပင်ကောက်ကောက်ဖွာဖွာလေး သူ၏မျက်နှာဖွေးဖွေးလေးကိုပိုသေးသယောင်မြင်စေ၏။ မျက်ဝန်းဝိုင်းဝိုင်းများကအပြစ်ကင်းသည့်ပုံကိုဖော်ဆောင်သည်။ နှုတ်ခမ်းဖူးဖူးလေးက ဆန်ပြုတ်စားလိုက်သည့်အခါတိုင်းစည်းချက်အညီလှုပ်ရှားသွားသည်ကို ဂျွန်ဂျောင်ကုငေးကြည့်ရင်းသတိထားမိဘဲအသီးကိုဓားဖြင့်လှီးလိုက်ချိန်တွင်လက်ချော်ကာဓားရှသွား၏။
"အ"
"ဘာဖြစ်သွားတာလဲ"
"ဘာမှမဖြစ်ဘူး။ ဓားရှသွားတာ"
ဂျွန်ဂျောင်ကုဓားရှသည့်နေရာကိုနှုတ်ခမ်းဖြင့်စုပ်မိသည်။ ဒဏ်ရာကအဲ့လောက်တော့မနက်သွား။
"အဆင်ပြေရဲ့လား"
"ရတယ်။ ဒဏ်ရာကအဲ့လောက်မဆိုးဘူး။ အဲ.. အသီးတွေလဲလှီးထားပြီးပြီဆိုတော့ ကျွန်တော်ပြန်ပြီနော်"
ထိုကောင်လေးပြန်ဖြေတာကိုတောင်မစောင့်ဘဲ ဂျွန်ဂျောင်ကုအခန်းထဲကအမြန်ထွက်သွား၏။ အခန်းတံခါးကိုပိတ်ပြီးနောက် ဘေးကနံရံနားသို့ကပ်ကာတဒုတ်ဒုတ်မြည်နေသောနှလုံးသားကိုငြိမ်အောင်ထိန်းမိသည်။ ငါးမိနစ်လောက်ကြာမှစိတ်ပြန်တည်ငြိမ်သွား၏။ ထိုအခါမှအိမ်ပြန်ရန်တွေးကာ ခြေထောက်ရွှေ့လိုက်ချိန်တွင်အကြည့်ကအခန်း၃၀၃လူနာ၏ကိုယ်ရေးအချက်အလက်ဆီကိုရောက်သွားသည်။
"နာမည်- ကင်ဆော့ဂျင်
ထိုစာကိုဖတ်ပြီးနောက် သူကဂျွန်ဂျောင်ကုထပ်၅နှစ်ကြီးမှန်းသိသွား၏။ သို့သော်ကင်ဆာဖြစ်ဖို့အတွက်ငယ်လွန်းသေးသည်ဟုဂျွန်ဂျောင်ကုတွေးတောမိသည်။ ငယ်သေးတော့ကိုယ်ခံအားနဲ့ရောဂါကိုတွန်းလှန်နိုင်၏။ ကင်ဆော့ဂျင်ကိုကြည့်ရသည်မှာလည်း စိတ်ဓာတ်ကျနေသည့်ပုံမပေါ်။ သူနေပြန်ကောင်းလာမှာပါဟု ဂျွန်ဂျောင်ကုတွေးရင်းဆေးရုံမှပြန်လာခဲ့သည်။
x x x
ဆုန်းအန်တီဆေးရုံဆင်းသည့်နေ့တွင် ဂျွန်ဂျောင်ကုဆိုးလ်ဆေးရုံသို့ထပ်ရောက်လာခဲ့၏။
"အန်တီ"
"အော် ဂျောင်ကုသားလေး"
"ဆေးရုံဆင်းတဲ့အတွက်ဂုဏ်ယူပါတယ်"
"ဟယ် ပန်းတွေဝယ်လာပြန်ပြီ။ ဒီကလေးကတော့ဘာမှမသယ်လာပါနဲ့ဆို"
ပန်းစည်းဝယ်လာပေးတဲ့အတွက် ဆုန်းအန်တီကဂျွန်ဂျောင်ကုကိုဆူလိုက်သည်။
"လက်ဗလာနဲ့လာရမှာအားနာလို့ပါ"
"အချင်းချင်းကိုဘာအားနာတာလဲ"
ဂျွန်ဂျောင်ကုကိုခပ်ဖွဖွတစ်ချက်ရိုက်လိုက်ရင်းပြောလိုက်၏။
"ဂျောင်ကုလေးပဲကောင်းတယ်။ သားအစစ်ကတော့ ဘာမှကိုမဝယ်လာတာ"
"ဟာ..အမေပဲပိုက်ဆံကုန်မယ့်အရာတွေမဝယ်စမ်းနဲ့ဆို"
"ကိုယ့်အမေဆေးရုံဆင်းတာ တစ်ခုခုတော့ဝယ်လာပေးသင့်တာပေါ့"
ထုံးစံအတိုင်း စကားများနေကြသောသားအမိကိုကြည့်ရင်း ဂျွန်ဂျောင်ကုရယ်မောမိသည်။ ထိုအချိန်အရိပ်ဖြူဖြူလေးတစ်ခုကသူ၏အကြည့်ကိုဖမ်းစားသွား၏။ ဆေးရုံအရှေ့ပန်းခြံငယ်လေးရှိထိုင်ခုံတစ်ခုတွင် ကင်ဆော့ဂျင်ထိုင်နေကာစာအုပ်တစ်အုပ်ကိုဖတ်နေသည်။
"အဲ ကျွန်တော်သွားလိုက်ဦးမယ်နော်"
"ဟင်..မင်းဘယ်သွားမလို့လဲတူတူပြန်မယ်လေ"
ဂျွန်ဂျောင်ကု ထွက်သွားသောကြောင့်သူငယ်ချင်းဖြစ်သူကလက်ကိုလှမ်းဆွဲလိုက်၏။
"မဟုတ်ဘူး။ လုပ်စရာလေးတစ်ခုရှိလို့"
စကားစအမြန်ဖျက်လိုက်ကာ ကင်ဆော့ဂျင်ရှိရာသို့ဂျွန်ဂျောင်ကုပြေးသွားလိုက်သည်။ သိပ်မလှမ်းသည့်အကွာအဝေးသို့ရောက်သွားသည့်အခါမှကိုယ်ရှိန်သတ်ကာဖြည်းဖြည်းချင်းလျှောက်သွားပြီးကင်ဆော့ဂျင်ဘေးတွင်ဝင်ထိုင်လိုက်၏။
ဘေးနားသို့လူတစ်ယောက်ရောက်လာသဖြင့် ကင်ဆော့ဂျင်လှည့်ကြည့်မိသည်။ ထိုအခါဂျွန်ဂျောင်ကုနှင့်အကြည့်ချင်းဆုံသွားသည်။
"ဟိုတစ်နေ့က..သူ"
"အာ..ဟုတ်။ မမိတ်ဆက်ရသေးဘူးပဲ။ ဂျွန်ဂျောင်ကုလို့ခေါ်ပါတယ်"
"အဲ..ကျွန်တော့နာမည်ကကင်ဆော့ဂျင်ပါ"
"ဟုတ်ကဲ့"
"ဟုတ်"
ဂျွန်ဂျောင်ကုစကားပြောချင်သဖြင့် ကင်ဆော့ဂျင်အနားသွားထိုင်တာဖြစ်သော်လည်း တကယ်တမ်းပြောရမည့်အချိန်တွင်သူ့စိတ်ကူးထဲကစာစီထားသည်များပျောက်ကွယ်သွား၏။
"ဆေးရုံဆီရောက်လာတာ ဘာကိစ္စရှိလို့လဲမသိဘူး"
ဂျွန်ဂျောင်ကုရဲ့စိတ်ကိုရိပ်မိသည့်အတိုင်း ကင်ဆော့ဂျင်ဘက်ကစကားစလိုက်ပြန်သည်။
"ဒီနေ့ကဆုန်းအန်တီဆေးရုံဆင်းတဲ့နေ့မို့လို့လေ"
"ဟုတ်သားပဲ။ မနက်ကတင်နှုတ်ဆက်လိုက်သေးတယ်။ အန်တီသက်သာသွားတဲ့အတွက်ဝမ်းသာပါတယ်"
"ဟျောင်းရော.."
ဂျွန်ဂျောင်ကုမေးလိုက်၏။
"ဘာကိုလဲ"
"ဘယ်အချိန်ဆေးရုံကဆင်းမှာလဲ"
"..မသိသေးဘူး။ နေကောင်းသွားတဲ့အချိန်ပေါ့"
ပြုံးရင်းဖြေလိုက်တဲ့စကားကြောင့် ဂျွန်ဂျောင်ကုပါပြုံးလိုက်သည်။
"ကျွန်တော်အခန်းထဲပြန်လိုက်ဦးမယ်"
"ဟုတ်"
နှုတ်ဆက်ပြီးနောက် ကင်ဆော့ဂျင် ဖတ်နေသည့်စာအုပ်ကိုပိတ်ပြီး ထိုင်ခုံတန်းလေးမှထလိုက်ချိန်တွင် ဗိုက်ထဲကစူးတက်လာတဲ့ခံစားချက်ကြောင့်ဒူးထောက်ကျသွား၏။ အစာအိမ်နေရာကနာကျဉ်လွန်းသည်။ ဗိုက်ကိုလက်ဖြင့်ပိုက်ထားကာ နာကျဉ်မှုသက်သာလိုသက်သာငွါးကျုံ့ကျုံ့လေးနေသော်လည်း နာကျဉ်မှုမှာမသက်သာလာ။ နဖူးထက်မှချွေးသီးချွေးပေါက်များပင် စီးကျလာ၏။
"ဟျောင်း..ဟျောင်း..အဆင်ပြေရဲ့လား"
ရုတ်တရက် ဒူးထောက်ကျသွားတဲ့ကင်ဆော့ဂျင်ကိုကြည့်ပြီးဂျွန်ဂျောင်ကုထိတ်လန့်သွားသည်။ နာကျဉ်နေဟန်ပေါ်တဲ့ကင်ဆော့ဂျင်ကြောင့် ဂျွန်ဂျောင်ကုဘာလုပ်ပေးရမလဲပြာသွား၏။ သူကဆေးဝါးနှင့်ပတ်သက်လျှင်ဘာမှမသိသူ။
"ဆရာဝန်..ခေါ်လာပေးမယ်။ ခဏစောင့်နော်"
ဆေးရုံဘက်ဆီပြေးထွက်သွားဖို့ပြင်တဲ့ဂျွန်ဂျောင်ကုရဲ့ လက်ကို ကင်ဆော့ဂျင်အမြန်လှမ်းဆွဲလိုက်၏။
"ခေါ်..သွား..ပေး.."
"ဘယ်ကို.."
"ဆေး..ရုံ..ဆီ"
ဂျွန်ဂျောင်ကု သူ့ကိုထူပေးရန်ကြိုးစားသော်လည်း ကင်ဆော့ဂျင်က ကိုယ်ကိုကွေးထားကာ ထရန်ငြင်းဆန်နေသည်။
"နာ...တယ်"
"ဟျောင်း ခဏသည်းခံနော်"
ကုန်းပိုးလို့မရသဖြင့် ကင်ဆော့ဂျင်ရဲ့ကိုယ်ကိုလက်နှစ်ဖက်ဖြင့်ပွေ့ကာဆေးရုံဆီသို့ပြေးသွား၏။ ဂျွန်ဂျောင်ကုကအမြဲလေ့ကျင့်ခန်းလုပ်လေ့ရှိသဖြင့် ကင်ဆော့ဂျင်ကိုယ်ကိုအလွယ်တကူကောက်ချီနိုင်သည်။ သို့သော်လူတစ်ယောက်ကိုချီရင်းပြေးဖို့ဆိုသည်မှာခက်ခဲသည့်အလုပ်တစ်ခုပင်။ မောပန်းသော်လည်း ထိုအကြောင်းကိုမတွေးတောနိုင်ဘဲ ဆေးရုံဆီသို့ကင်ဆော့ဂျင်ကိုပို့ဖို့သာဂျွန်ဂျောင်ကုစိတ်လောနေ၏။
"ဆရာ.. ဆရာ.. သူ သူ့ကိုကြည့်ပေးပါဦး"
ဆေးရုံအတွင်းသို့ရောက်သောအခါ အနီးရှိကုတင်ပေါ်တင်၍ဆရာဝန်တစ်ယောက်ကိုလှမ်းခေါ်လိုက်သည်။
"ဘာဖြစ်တာလဲ"
"ရုတ်တရက်ကြီး။ ဗိုက်အောင့်တယ်ဆိုပြီးလဲကျသွားလ်ို့"
ကင်ဆော့ဂျင်အစားဂျွန်ဂျောင်ကုဖြေပေးလိုက်၏။ ဆရာဝန်ကကင်ဆော့ဂျင်၏လူနာဝတ်စုံကိုတစ်ချက်ကြည့်လိုက်သည်။
"ဒီဆေးရုံကလူနာလား။ တာဝန်ကျဆရာဝန်ကဘယ်သူလဲ"
"ဒေါက်တာ..ဘက်..ဝမ်ဟယ်"
ကင်ဆော့ဂျင်နာကျဉ်မှုကိုကြိတ်မှိတ်ခံကာ ဖြေလိုက်၏။
"ဆရာဘက်ကိုခေါ်လာပေး"
အနီးရှိသူနာပြုကိုပြောပြီးနောက် ထိုဆရာဝန်ကကင်ဆော့ဂျင်ကိုဆန့်ဆန့်လေးလှဲခိုင်းလိုက်သည်။
"အခြားဆရာဝန်ရဲ့လူနာကို နောက်ဆရာဝန်တစ်ယောက်ကကုသခွင့်မရှိဘူး။ ဒါကြောင့်ခဏစောင့်ပေးနော်။ အခုလောလောဆယ်တော့ ရောဂါအခြေအနေလေးပြောပြပါလား"
ထိုစကားကြောင့် ဂျွန်ဂျောင်ကုမျက်မှောင်ကျုံ့မိ၏။ အရှေ့ကလူနာကသေတော့မလိုနာကျဉ်နေတာတောင် သူများလူနာဖြစ်နေလို့ကုသပေးလို့မရဘူးဆိုတာယုတ္တိရှိရဲ့လား။ အနည်းဆုံးတော့နာကျဉ်မှုကိုလျော့နည်းအောင်ဖြစ်ဖြစ်လုပ်ပေးသင့်သည်ဟုဂျွန်ဂျောင်ကုတွေးတောမိသည်။
"လူနာနာမည်နဲ့ရောဂါလေးတစ်ချက်လောက်"
သူ့ဘက်လှည့်ကြည့်ပြီးမေးလိုက်သဖြင့် ဂျွန်ဂျောင်ကုမျက်လုံးပြူးသွား၏။ ဆရာဝန်ကသူ့ကိုလူနာရှင်ဟုထင်မှတ်သွားဟန်တူသည်။
"လူနာ နာမည်က ကင်ဆော့ဂျင်။ ရောဂါက.."
"အစာအိမ်...ကင်ဆာ အဆင့်၃"
ဂျွန်ဂျောင်ကုမဖြေခင်မှာ ကင်ဆော့ဂျင်ဖြေပေးလိုက်သည်။
"အာ.. ဒါကြောင့်အောင့်နေတာကိုး။ ဆေးတစ်ချက်ထိုးပေးမယ်နော်။ ခဏနေရင်သက်သာသွားမှာပါ"
"အဲ့ဆေးထိုးလိုက်ရင် ရောဂါပျောက်သွားမှာလား"
ဂျွန်ဂျောင်ကုစကားကြောင့် ဆရာဝန်ခေါင်းခါလိုက်၏။
"ဒါကနာကျဉ်တာသက်သာအောင်ပဲလုပ်ပေးနိုင်တာ။ ကင်ဆာပျောက်ဖို့ကအဆင့်ဆင့်ကုသမှရမယ်"
ထိုစဉ် ကင်ဆော့ဂျင်၏တာဝန်ကျဆရာဝန်ရောက်လာသည်။
"ဆရာဘက်ရောက်လာပြီလား။ ကျွန်တော် သူ့ကိုဆေးတော့သွင်းပေးထားတယ်။"
ထိုဆရာဝန်လေးက ဆရာဝန်ဘက်ဝမ်ဟယ်ကိုသူလုပ်ပေးထားတာတွေပြောပြပြီး ထွက်သွား၏။
"ဆေးသွင်းထားတယ်ဆိုတော့ မကြာခင်ဗိုက်အောင့်သက်သာလာမှာပါ။ အခုတောင်နည်းနည်းသက်သာလာပြီမလား"
ကင်ဆော့ဂျင်ခေါင်းငြိမ့်လိုက်သည်။ အနည်းငယ်သက်သာလာသဖြင့် ချွေးစီးများကျမလာတော့။ ဆရာဝန်ဘက်က ကင်ဆော့ဂျင်ရဲ့အခြေအနေကိုစစ်ဆေးပြီးနောက် ဂျွန်ဂျောင်ကုဘက်သို့လှည့်ကြည့်လိုက်သည်။
"ကင်ဆော့ဂျင်-ရှိ နဲ့ဘာတော်လဲမသိဘူး"
"ဟို.."
ဂျွန်ဂျောင်ကုဘာဖြေရမှန်းမသိသဖြင့်တွေဝေနေစဉ်မှာ ကင်ဆော့ဂျင်ကဝင်ဖြေလိုက်၏။
"သူကကျွန်တော့အုပ်ထိန်းသူပါ"
ထိုစကားကြောင့် ဂျွန်ဂျောင်ကုမျက်လုံးပြူးသွားကာ ကင်ဆော့ဂျင်ဘက်သို့လှည့်ကြည့်လိုက်၏။ အုပ်ထိန်းသူဟုဖြေသဖြင့် ဆရာဝန်ဘက်ကဂျွန်ဂျောင်ကုကိုဝါးစားမတတ်စိုက်ကြည့်သည်။
"နှစ်ပတ်လုံးလုံးဘယ်ရောက်နေတာလဲ။"
"ဗျာ"
"လူနာကသူ့ဘာသာဆေးရုံလာပြီး ဆေးကုသမှုခံယူနေရတယ်။ အုပ်ထိန်းသူဖြစ်ပြီး ခင်ဗျားကဘာဖြစ်လို့လူနာဘေးနားမှာရှိမနေတာလဲ"
"တောင်းပန်ပါတယ်"
ဆရာဝန်ကသူ့ကိုအပြစ်တင်နေသဖြင့် ဂျွန်ဂျောင်ကုရောယောင်ကာတောင်းပန်လိုက်သည်။ ထိုအခါမှဆရာဝန်ကအနည်းငယ်စိတ်ပြေသွားဟန်ဖြင့်သက်ပြင်းချလိုက်၏။
"အခုရောက်လာပြီဆိုတော့လဲလူနာကိုသေချာဂရုစိုက်ပါ။ ဘေးနားကပြုစုပေးတဲ့သူမရှိဘဲ တစ်ယောက်တည်းဆေးရုံတက်နေရတာဘယ်လောက်တောင်ခက်ခဲနေမလဲ"
ထိုသို့ပြောပြီးဆရာဝန်ဘက်ကအခြားလူနာများကိုဆက်လက်စစ်ဆေးရန်ထွက်သွားသည်။ ထိုအချိန်မှ ဂျွန်ဂျောင်ကုလည်းကင်ဆော့ဂျင်ဘက်သို့နားမလည်ဟန်ဖြင့်လှည့်ကြည့်လိုက်၏။
"ကျွန်တော်အခန်းပြန်ရောက်ရင် ဂျောင်ကု-ရှိ ကိုရှင်းပြပါ့မယ်"
ကင်ဆော့ဂျင်ကုတင်ပေါ်မှထလိုက်သောအခါတွင် အနည်းငယ်ယိုင်ကျသွားသည်။ ဂျွန်ဂျောင်ကုကဆွဲဖမ်းလိုက်ရင်း သူပြန်လည်မတ်တပ်ရပ်နိုင်သည်အထိစောင့်ပေး၏။
"ကျေးဇူးတင်ပါတယ်"
ကင်ဆော့ဂျင်၏အခန်းအထိ ဂျွန်ဂျောင်ကုဖေးမကာခေါ်သွားပေးလိုက်သည်။ အခန်း ၃၀၃ သို့ရောက်သည့်အခါ ကင်ဆော့ဂျင်ကတံခါးကိုဆွဲဖွင့်လိုက်၏။ အထဲကမြင်ကွင်းကဂျွန်ဂျောင်ကုကိုမင်သက်စေသည်။ စားပွဲပေါ်တွင်ပစ္စည်းများဖြင့်ရှုပ်ပွနေကာ ခွက်ပန်းကန်များလည်းကြမ်းပြင်ပေါ်တွင်ပြန့်ကြဲနေသည်။ ကုတင်ဘေးရှိဆန်ပြုတ်ပန်းကန်လေးမှာစားမည့်လူမရှိသဖြင့်အေးစက်နေပြီ။ သစ်သီးများကလည်းညိုးနွမ်းကာပိန်လိမ်နေ၏။ လွန်ခဲ့သည့်အပတ်ကပုံစံနှင့်တစ်ခြားစီပင်။ တစ်ပတ်အတွင်းအတော်ပြောင်းလဲသွားသောအခန်းငယ်လေးကိုကြည့်ပြီးနောက် ဂျွန်ဂျောင်ကု ကင်ဆော့ဂျင်အတွက်စိတ်ပူမိသည်။ ကင်ဆော့ဂျင်လည်း ဒီမြင်ကွင်းကိုမြင်မှသူအခန်းမရှင်းရသေးတာကိုသတိရသွားဟန်တူကာ အမြန်ပင်ပြုတ်ကျနေသောပစ္စည်းများကိုကောက်သိမ်းနေသည်။
"ရတယ်။ ရတယ်။ ကျွန်တော်လုပ်လိုက်မယ်။ ဟျောင်းက ကုတင်ပေါ်မှာသာလှဲနေပါ"
"ဒါပေမယ့်..ဒါကကျွန်တော်.."
"ကိစ္စမရှိဘူး။ ဟျောင်းသာနားနားနေနေ နေ"
ဂျွန်ဂျောင်ကုပြုတ်ကျနေသောပစ္စည်းများကို စားပွဲပေါ်တွင်အစီအရီပြန်တင်ကာ ပုတ်နေသောအသီးများကိုလဲလွှတ်ပစ်လိုက်၏။
"ဟျောင်း ဆန်ပြုတ်ကိုဘာလုပ်ရမလဲ"
"...သွန်လိုက်ပါ"
ဆန်ပြုတ်ကိုတစ်စက်မှမထိထားဟန်တူသည်။ သူ့အကြိုက်မဟုတ်လို့များလားဟုတွေးရင်းဂျွန်ဂျောင်ကုဆန်ပြုတ်များကိုဘေစင်ထဲသို့သွန်ချလိုက်၏။
"ဂျောင်ကု-ရှိ..."
"ဂျောင်ကုလို့ပဲခေါ်ပါ။ ကျွန်တော်က ဟျောင်း ထပ်ငယ်ပါတယ်။ ရင်းရင်းနှီးနှီးပဲပြောပါ"
ထိုစကားကြောင့် ကင်ဆော့ဂျင်ပြုံးလိုက်သည်။
"ဒါဆို ဂျောင်ကု-အာ?"
"ဟုတ်။ ဟျောင်း"
ကင်ဆော့ဂျင်ကရင်းရင်းနှီးနှီးခေါ်လိုက်သဖြင့် ဂျွန်ဂျောင်ကုပြုံးလိုက်၏။
"ဂျောင်ကုကိုဘယ်ကနေစရှင်းပြရမလဲ မသိဘူး"
ကင်ဆော့ဂျင် အခက်တွေ့ဟန်နှင့်လည်ပင်းအနောက်ကိုလက်ဖြင့်ပွတ်မိသည်။
"အစကပဲရှင်းပြတာကောင်းမယ်ထင်တယ်"
ကင်ဆော့ဂျင်ရေရွတ်လိုက်၏။ ဂျွန်ဂျောင်ကု ဆေးရုံကုတင်အနားရှိထိုင်ခုံတစ်ခုဆီဝင်ထိုင်သည်။
"ဟျောင်းမှာ..အစာအိမ်ကင်ဆာရှိကြောင်းလွန်ခဲ့တဲ့နှစ်ပတ်လောက်ကမှသိခဲ့ရတယ်လေ။ စသိခဲ့တဲ့အချိန်မှာတင် ရောဂါကတော်တော်ကျွမ်းနေပြီ။ ဆရာဝန်ကဆေးရုံတက်ဖို့အကြံပြုတော့ ဟျောင်းလဲဆေးရုံတက်ခဲ့လိုက်တယ်။ အစပိုင်းတော့ဆေးတွေသောက်တယ်။ အခုတော့ဆေးနဲ့မလုံလောက်တော့အစာအိမ်ကိုခွဲထုတ်ဖို့လုပ်ကြတယ်။ ပြဿနာက အုပ်ထိန်းသူရဲ့ခွင့်ပြုချက်မပါဘဲ ရှေ့ဆက်လုပ်လို့မရဘူးဖြစ်နေတယ်။ ဆက်ကုသဖို့အတွက် အုပ်ထိန်းသူရဲ့လက်မှတ်လိုတယ်။"
"ဟျောင်းမှာအုပ်ထိန်းသူမရှိဘူးလား"
ဂျွန်ဂျောင်ကုရဲ့မေးခွန်းကိုကင်ဆော့ဂျင်ပြုံးပြရင်းခေါင်းခါလိုက်၏။
"မိဘတွေရှိတယ်။ ဒါပေမယ့်သူတို့ကို ဟျောင်းကအစာအိမ်ကင်ဆာ အဆင့်(၃)ရှိနေပြီဆိုတာပေးမသိစေချင်ဘူး။ သူတို့ဝမ်းနည်းကြတာမြင်တာထပ်စာရင် ဒီအတိုင်းပျောက်ကွယ်သွားချင်တယ်"
"အဲ့လိုမပြောပါနဲ့။ ဟျောင်းအမြန်သက်သာလာမှာပါ။ ကင်ဆာကိုပြန်တွန်းလှန်နိုင်တဲ့သူတွေကမ္ဘာပေါ်မှာအများကြီးပဲ။ ဟျောင်းကအခုမှငယ်ငယ်လေးရှိသေးတာကို"
စေတနာဒေါသနဲ့ပြောလိုက်တဲ့ဂျွန်ဂျောင်ကုစကားကြောင့် ကင်ဆော့ဂျင် ခပ်ဖွဖွလေးရယ်လိုက်သည်။ ထိုသို့ရယ်ပြီးနောက် ကင်ဆော့ဂျင်ရဲ့မျက်ဝန်းမှာအရင်ကထပ်တောက်ပသွားသည်ဟု ဂျွန်ဂျောင်ကုခံစားမိ၏။
"ဒါကြောင့်.. ဟျောင်းအတွက်အုပ်ထိန်းသူတစ်ယောက်လိုတယ်လေ။ ဂျောင်ကုကိုဒီကိစ္စထဲဆွဲခေါ်မိတဲ့အတွက်တောင်းပန်ပါတယ်။"
"ကိစ္စမရှိပါဘူး။ ဟျောင်းအတွက်အဆင်ပြေမယ်ဆိုရင်ကျွန်တော်ကူညီပေးပါ့မယ်"
"ဒါဆိုရင် ဟျောင်းရဲ့အုပ်ထိန်းသူအနေနဲ့သရုပ်ဆောင်ပေးပါလား"
ဂျွန်ဂျောင်ကုခေါင်းငြိမ့်လိုက်သည်။ ကင်ဆော့ဂျင်နဲ့ပိုရင်းနှီးစေမည့်အကောင်းဆုံးအခွင့်အရေးကိုဂျွန်ဂျောင်ကုဘယ်လိုလုပ်ငြင်းပယ်နိုင်မလဲ။
ထိုအချိန်တွင်တံခါးခေါက်သံနှင့်အတူ သူနာပြုတစ်ယောက်ဝင်လာသည်။
"ကင်ဆော့ဂျင်-ရှိ ရဲ့အုပ်ထိန်းသူကို ဒေါက်တာဘက်ကသူ့ရုံးခန်းဆီခဏလာခဲ့ပါတဲ့"
ကင်ဆော့ဂျင်နှင့်ဂျွန်ဂျောင်ကုအကြည့်ချင်းဆုံမိသွား၏။
"ဟုတ်ကဲ့"
ဂျွန်ဂျောင်ကုပြန်ထူးလိုက်ကာ သူနာပြုအနောက်သို့ထသွားသည်။
"ဟျောင်း ကျွန်တော်ပြန်လာခဲ့မယ်နော်။ စားချင်တာဘာညာရှိလား။ ဝယ်လာခဲ့မယ်"
ကင်ဆော့ဂျင်ခေါင်းခါပြသည်ကိုကြည့်ပြီးနောက် ဂျွန်ဂျောင်ကုအခန်းတံခါးပိတ်ခဲ့ကာထွက်လာခဲ့၏။
"လူနာရှင်နာမည်ကဘယ်လိုခေါ်လဲရှင့်"
"ဂျွန်ဂျောင်ကုပါ"
"ကင်ဆော့ဂျင်-ရှိ နဲ့ဘယ်လိုများတော်စပ်သလဲမသိဘူး"
"...အဲ"
သူနာပြုအမေးကိုဂျွန်ဂျောင်ကုပြန်မဖြေနိုင်။ သူ့မျိုးရိုးကိုဂျွန်ဖြစ်ကြောင်းပြောထားသဖြင့် ညီအကိုတော်သည်ဟုလဲပြော၍မရ။ ဂျွန်ဂျောင်ကုက ကင်ဆော့ဂျင်ရဲ့မိဘဟုပြောလျှင်လည်းဘယ်သူ့မှယုံမည်မထင်။
"ဟို..အဲ့ကိစ္စက..လေ"
ဂျွန်ဂျောင်ကုဖြေရခက်ဟန်ဖြင့်သူနာပြုကိုလှမ်းကြည့်မိ၏။
"ဟုတ်ကဲ့"
"ဟို...အဲ့တာက"
"အာ..သဘောပေါက်ပြီ"
သူနာပြုလေးကခေါင်းအမြန်ငြိမ့်လိုက်ကာ စာချရေးလိုက်သဖြင့် ဂျွန်ဂျောင်ကုအံ့ဩသွားသည်။ ဘာကိုသဘောပေါက်သွားတာလဲကို နားမလည်။ သို့သော်လတ်တလောအဆင်ပြေသွားသဖြင့် ဂျွန်ဂျောင်ကုမေးမနေတော့။
ရုံးခန်းသို့ရောက်သွားသောအခါ ဆရာဝန်ကသူ့ကိုစောင့်နှင့်နေသည်ကိုတွေ့ရသည်။ သူနာပြုဆီမှအချက်အလက်ကိုဖတ်ပြီး ဂျွန်ဂျောင်ကုကိုပြန်မော့ကြည့်လိုက်၏။ မသင်္ကာတဲ့အကြည့်နှင့်ကြည့်နေသဖြင့် ဂျွန်ဂျောင်ကုလည်းမျက်မှောင်ကြုံ့ကာပြန်စိုက်ကြည့်မိသည်။ ဆရာဝန်ကထွေထွေထူးထူးမမေးမြန်းတော့။
"အရှေ့မှာထိုင်ပါ"
ဂျွန်ဂျောင်ကုကိုထိုင်ခိုင်ပြီး ဖိုင်တွဲထဲမှဓာတ်မှန်များကိုထုတ်ပြ၏။
"ကင်ဆော့ဂျင်ရှိ ရဲ့ရောဂါက အစာအိမ်ကင်ဆာ အဆင့်(၃)ပဲ။ အစောပိုင်းလက္ခဏာပြကတည်းကဆေးရုံတက်ခဲ့ရမှာ။ ဒါပေမယ့် ကင်ဆော့ဂျင်ရှိ ကသာမာန်ဗိုက်အောင့်ရုံပဲထင်ပြီး ရိုးရိုးအစာကြေဆေးတွေပဲသောက်နေခဲ့တယ်။ သည်းမခံနိုင်လောက်အောင် ဗိုက်အောင့်လာမှဆေးရုံရောက်လာခဲ့တယ်။ အခုကအဆင့်ကအန္တရာယ်များတဲ့အဆင့်ပဲ။ ဒီဓာတ်မှန်တွေက ကင်ဆော့ဂျင်ရှိ ရဲ့အစာအိမ်ပုံတွေပဲ။ ဓာတ်ပုံထဲမှာတွေ့တဲ့အတိုင်းပဲ ကင်ဆာကအတော်ပျံ့နှံ့နေပြီ။ အခြားကလီစာတွေကိုမပြန့်သွားခင်အမြန်ခွဲစိတ်မှဖြစ်မယ့်အခြေအနေရောက်နေပြီ။ ခွဲစိတ်ပြီးရင်တောင်ကက်ဆာကိုအမြစ်ဖြတ်နိုင်အောင်ဓာတ်ကင်ဖို့လုပ်ရမယ်။"
ဆရာဝန်ရှင်းပြတာကို ဂျွန်ဂျောင်ကုလိုက်မှတ်သားပြီးစိတ်ပူစွာဖြင့်မေးလိုက်၏။
"တကယ်လို့များ... တကယ်လို့များပေါ့လေ အစာအိမ်ကိုထုတ်ပြီးရင်တောင် ကင်ဆာအရှိန်မသေသွားရင်ရော"
အဖြေကိုမျှော်လင့်တကြီးစောင့်နေတဲ့ဂျွန်ဂျောင်ကုကြောင့် ဆရာဝန်ဘက် အဖြေပြန်ပေးရမှာတွန့်ဆုတ်မိသည်။ သို့သော်လည်း အမှန်တရားကိုပြောပြရမည်မှာသူ၏တာဝန်ဖြစ်၏။
You are reading the story above: TeenFic.Net