"ဓာတ်ကင်ရင်တောင်ကင်ဆာအရှိန်မသေရင်တော့... ကူပေးလို့မရတော့ဘူး။"
ဂျွန်ဂျောင်ကုမျက်နှာညိုးကျသွားသည့်အခါ သူနာပြုနှင့်ဆရာဝန်ဘက်မှာစိတ်မကောင်းဖြစ်သွားသည်။
"အခုထိတော့အခြားကလီစာတွေကိုမကူးသေးဘူး။ အဆင်ပြေသွားမှာပါ။ ကျွန်တော်တို့အကောင်းဆုံးကြိုးစားပေးပါ့မယ်"
ဆရာဝန်ဘက်နှင့်တွေ့ဆုံပြီးနောက် ဂျွန်ဂျောင်ကုကင်ဆော့ဂျင်အခန်းဆီသို့ပြန်လာခဲ့၏။
"ဂျောင်ကု ပြန်ရောက်လာပြီလား"
"ဟုတ်.. ဟျောင်းအတွက်မုန့်ဝယ်လာတယ်"
ထိုစကားကြောင့် ကင်ဆော့ဂျင်အပြုံးဖျော့လေးမှာပျောက်ကွယ်သွားသည်။
"ကျေးဇူးပဲ။ ဒါပေမယ့် ဟျောင်း ဗိုက်ပြည့်နေလို့"
"ဟျောင်းဘာမှမစားရသေးဘူးမလား"
"စားပြီးပြီ။ ခုဏကသူနာပြုကဆန်ပြုတ်လာတိုက်တယ်လေ"
"ဟုတ်လား"
ဂျွန်ဂျောင်ကု သူ့မုန့်မကျွေးလိုက်ရသဖြင့် စိတ်ပျက်သွား၏။
"ဒါဆိုလဲ ဟျောင်း မနက်ကျစားလို့ရအောင် ကျွန်တော်သိမ်းထားလိုက်မယ်နော်"
"အင်း။ ဂျောင်ကုကိုဒုက္ခပေးမိပြီ"
"ဒုက္ခမဖြစ်စေပါဘူး။ ဒါနဲ့ဟျောင်း.. ဆေးရုံရှေ့မှာအမဲသားစွတ်ပြုတ်ဆိုင်တစ်ဆိုင်တွေ့ခဲ့တယ်။ နာမည်ကြီးတဲ့ပုံပဲသိလား။ လူတော်တော်များတယ်။ ဟျောင်းနေကောင်းရင်သွားစားကြရအောင်"
"အိုကေ"
ပါးလေးမို့တဲ့အထိပြုံးလိုက်သည့် ကင်ဆော့ဂျင်ကိုကြည့်ရင်း ဂျွန်ဂျောင်ကုရဲ့နှလုံးသားထဲတွင်နွေးထွေးသွားသလိုခံစားလိုက်ရ၏။ အတော်ကြာစိုက်ကြည့်နေပြီးမှ ဂျွန်ဂျောင်ကုအသိပြန်ဝင်ကာအကြည့်လွှဲလိုက်သည်။
"ဒါနဲ့ဟျောင်း.."
"တီ..တီ..."
ဖုန်းခေါ်သံကြောင့် ဂျွန်ဂျောင်ကုကောက်ကိုင်လိုက်၏။
"ဟယ်လို"
"ဟေ့ကောင် ဂျွန်ဂျောင်ကု။ မင်းဘယ်ရောက်နေတာလဲ။ ဒီနေ့တွေ့ဖို့ချိန်းထားတာမေ့နေတာလား"
"ဟာ.."
ဂျွန်ဂျောင်ကုထိုအခါမှအချိန်ကိုသတိရကာ နာရီကိုကြည့်လိုက်၏။ ခြောက်နာရီပင်ထိုးတော့မည်။ သူငယ်ချင်းများနှင့်တွေ့ရန်ချိန်းထားသည်က ငါးနာရီခွဲ။
"အဲ..ဟျောင်း ကျွန်တော်ပြန်လိုက်ဦးမယ်"
"အင်း။ ကောင်းကောင်းပြန်"
ကင်ဆော့ဂျင်ကိုနှုတ်ဆက်ပြီး ဂျွန်ဂျောင်ကုဆေးရုံမှအမြန်ပြေးထွက်သွား၏။
"..."
ဂျွန်ဂျောင်ကုထွက်သွားသည့်အခါမှ မုန့်ထားခဲ့သောနေရာသို့ ကင်ဆော့ဂျင် ဖြည်းညှင်းစွာလမ်းလျှောက်သွားလိုက်သည်။ ထို့နောက်မုန့်တစ်ထုပ်ကိုဖောက်ကာတစ်ကိုက်စားလိုက်၏။ မြိုချပြီးပြီးချင်းပြို့တက်လာသဖြင့် ကင်ဆော့ဂျင်အိမ်သာသို့အမြန်သွားကာအန်ချမိသည်။
"ဝေါ့.."
သူအန်ထွက်ခဲ့သောအရာများမှာရေများသာ။ ကင်ဆော့ဂျင်တစ်ခုခုကိုအားရပါးရစားခဲ့သည်မှာဘယ်နေ့ကနောက်ဆုံးလဲမမှတ်မိတော့။ အစာစားတိုင်းအစာအိမ်ကအစာများကိုလက်မခံသဖြင့်ပြန်အန်ထွက်သည်။ ထို့ကြောင့်စားချင်စိတ်ပါပျောက်ဆုံးသွား၏။ ဂျွန်ဂျောင်ကုပေးထားခဲ့သည့်မုန့်ကိုနောက်တစ်ကိုက်ထပ်ကိုက်ပြီးနောက် ကင်ဆော့ဂျင်မျက်ရည်များစီးကျလာသည်။ အသံမထွက်အောင်ငိုသော်လည်း ရှိုက်သံအချို့ကတော့ထွက်လာ၏။ သို့သော်ထိုအသံကိုဘယ်သူ့မှမကြားခဲ့။
x x x
မိုးဖွားလေးများကတစ်ပေါက်နှစ်ပေါက်ကျနေသဖြင့် ဂျွန်ဂျောင်ကုထီးဆောင်းကာ ဆေးရုံသို့ထွက်လာခဲ့သည်။ ညကနောက်ကျမှအိပ်ခဲ့ရသဖြင့်အိပ်ရေးကသိပ်မဝချင်။ ဆေးရုံအထဲသို့ရောက်သည်နှင့် ဂျွန်ဂျောင်ကုအခန်း၃၀၃ဆီသို့တန်းတန်းမတ်မတ်လျှောက်သွား၏။
"ဟျောင်း.."
တံခါးဖွင့်ကာ ကင်ဆော့ဂျင်ကိုလှမ်းခေါ်လိုက်သည်။ ကင်ဆော့ဂျင်ကဂျွန်ဂျောင်ကုကိုတွေ့လိုက်ရသဖြင့်အံ့ဩသွား၏။ သူ့ကိုအတော်ကြာသည့်အထိပြန်တွေ့ဦးမည်ဟု ကင်ဆော့ဂျင်မထင်ခဲ့။
"ဘယ်လိုလုပ် ဒီကိုရောက်လာ..."
"ဟျောင်းရဲ့အုပ်ထိန်းသူဆိုတော့နေ့တိုင်းမလာလို့ဘာဖြစ်မလဲ"
ဂျွန်ဂျောင်ကုကစနောက်ကာပြောလိုက်တာဖြစ်သော်လည်း ကင်ဆော့ဂျင်ကအတည်ပြောသည်မှတ်ကာပြာသလဲလဲဖြင့်ပြန်ဖြေသည်။
"ဟျောင်းကဒီအတိုင်း ကိုယ်စားလက်မှတ်ထိုးပေးဖို့အကူအညီတောင်းရုံပဲလေ။ ဟျောင်းဆီနေ့တိုင်းလာစရာမလိုပါဘူး။"
ဂျွန်ဂျောင်ကုပြန်မဖြေသေးဘဲ လွယ်အိတ်ကိုကြမ်းပြင်တစ်နေရာမှာချလိုက်သည်။
"ကျွန်တော်လာချင်လို့လာတာပါ။ ဆေးရုံမှာပဲနေနေရတော့ ဟျောင်းပျင်းနေမှာစိုးလို့"
ပြောရင်းကင်ဆော့ဂျင်အနားသို့လျှောက်သွားကာထိုင်လိုက်၏။ ထိုအခိုက်အနားတွင်ဖောက်ထားသောမုန့်အခွံကိုမြင်လိုက်သည်။
"ဟင်။ မနေ့ကကျွန်တော်ဝယ်ပေးထားတဲ့မုန့်။ ဟျောင်းစားထားတာပဲ။ ဘယ်လိုလဲစားကောင်းလား"
"အင်း။ စားကောင်းတယ်"
ကင်ဆော့ဂျင်ရဲ့စကားကြောင့် ဂျွန်ဂျောင်ကုပျော်ရွှင်သွား၏။
"ဟုတ်လား။ ဒါဆိုကျွန်တော် နောက်ခါများများဝယ်လာခဲ့ပေးမယ်"
တက်ကြွနေတဲ့ဂျွန်ဂျောင်ကုကိုကြည့်ပြီး ကင်ဆော့ဂျင်မဝယ်လာနဲ့ဟုမငြင်းရက်။
"အခုတလော မိုးဆက်တိုက်ရွာနေတယ်နော်"
ထီးခြောက်အောင်လှမ်းထားရင်း ဂျွန်ဂျောင်ကုပြောလိုက်သည်။
"အင်း... မုန်တိုင်းရှိတယ်ကြားတယ်"
"ဟင်။ ဟုတ်လား။ ကျွန်တော်မကြားမိဘူး"
"တီဗွီမှာကြေညာတယ်လေ"
ကင်ဆော့ဂျင်သူ့အရှေ့ကတီဗွီကိုမေးငေါ့ပြ၏။
"အော်..ကျွန်တော်ကတီဗွီသိပ်မကြည့်ဖြစ်ဘူး"
"ဟျောင်းလဲအရင်ကမကြည့်ဖြစ်ဘူး။ ဆေးရုံတက်တော့လုပ်စရာမရှိတာနဲ့ဒါပဲကြည့်မိတယ်"
ထိုစကားကြောင့် ဂျွန်ဂျောင်ကုလှုပ်ရှားနေရာမှရပ်တန့်သွားသည်။
"ဟျောင်း အပြင်လျှောက်လည်ချင်လား"
"ဟင်"
ကင်ဆော့ဂျင်မျက်လုံးအဝိုင်းသားလေးနှင့်ဂျွန်ဂျောင်ကုကိုလှည့်ကြည့်မိ၏။
"ဟျောင်းအပြင်သွားချင်ရင် ကျွန်တော်ခေါ်သွားပေးမယ်လေ။ မနက်ဖြန်ဆိုရင်ဟျောင်း ခွဲစိတ်ခန်းဝင်ရတော့မှာ။ ဒီနေ့လျှောက်လည်ချင်ရင် ဟျောင်းသွားချင်တဲ့နေရာကျွန်တော်ခေါ်သွားပေးမယ်"
"ရပါ့မလား"
"ဟျောင်းသာအဆင်ပြေရင်ပေါ့"
ကင်ဆော့ဂျင်တွေဝေသွားသည်။ သူအပြင်မထွက်တာလဝက်လောက်တော့ရှိပြီဖြစ်၏။ ဆေးရုံအရှေ့ရှိပန်းခြံသို့သွားလေ့ရှိသော်လည်း ထိုမှလွဲ၍အခြားနေရာသို့ကင်ဆော့ဂျင်မသွားဖြစ်။ တစ်ယောက်တည်းသွားဖို့အဆင်မပြေသဖြင့်လည်းပါသည်။ အကယ်၍ဗိုက်အောင့်လာလျှင် သူ့ကိုကူညီပေးမည့်လူမရှိ။ ဂျွန်ဂျောင်ကုသာအနားမှာရှိမည်ဆိုလျှင် သူအပြင်ထွက်လို့ရနိုင်မည်လား။
ကင်ဆော့ဂျင်မျက်လုံးများတောက်ပလာသည်ကိုဂျွန်ဂျောင်ကုသတိထားမိသွား၏။ ပုံမှန်အားဖြင့် ကင်ဆော့ဂျင်ရဲ့မျက်ဝန်းများကခံစားချက်မဲ့နေမှုကိုဖော်ဆောင်သည်။ အပြင်သို့ခေါ်သွားပေမည် ဟုပြောသောကြောင့် ကင်ဆော့ဂျင်စိတ်ဓာတ်ပြန်လည်တက်ကြွသွားသည်ကိုကြည့်ရင်း ဂျွန်ဂျောင်ကုကျေနပ်မိ၏။ ကင်ဆော့ဂျင်ကိုသူပျော်ရွှင်စေချင်သည်။
"လူနာဝတ်စုံနဲ့အပြင်ထွက်လို့ဖြစ်ပါ့မလား"
ထိုစကားကြောင့် ဂျွန်ဂျောင်ကု ဝတ်လာသောအနွေးထည်ကိုချွတ်ကာကင်ဆော့ဂျင်ကိုဝတ်ပေးလိုက်၏။
"ဒီလိုဆိုရပြီလေ။ ဟျောင်းအဲ့တာတွေစိတ်မပူပါနဲ့။ ဘယ်သွားချင်လဲကိုသာစဉ်းစားထား"
ကင်ဆော့ဂျင်လက်ကိုဆွဲကာ ဂျွန်ဂျောင်ကု အခန်းထဲမှခေါ်ထုတ်လာခဲ့သည်။ ၃လွှာမှဓာတ်လှေကားဖြင့်ဆင်းလာကာ မြေညီထပ်သို့ခေါ်လာခဲ့၏။ ဆေးရုံတံခါးပေါက်ဝကိုမြင်ရသည့်အချိန် ကင်ဆော့ဂျင်အနည်းငယ်တော့စိတ်လှုပ်ရှားမိသည်။ ဆရာဝန်နှင့်သူနာပြုများသာသိလျှင် သူတို့ကိုတားမှာသေချာ၏။
"ဟင် ကင်ဆော့ဂျင်-ရှိ"
အပြင်သို့ရောက်ခါနီးမှာနာမည်ကိုလှမ်းခေါ်လိုက်သောကြောင့် ဂျွန်ဂျောင်ကုရောကင်ဆော့ဂျင်ရောထိတ်လန့်သွားကြသည်။ နှစ်ယောက်လုံးမတိုင်ပင်ဘဲတစ်ပြိုင်နက်တည်းနာမည်ကိုလှမ်းခေါ်သူကိုလှည့်ကြည့်မိ၏။ အသံပိုင်ရှင်မှာ ကင်ဆော့ဂျင်က်ိုတာဝန်ယူရသည့်သူနာပြုမလေး။
"ဘယ်သွားကြမလို့လဲ.."
လူမိသွားသဖြင့် ဂျွန်ဂျောင်ကုစိတ်ပျက်သွားသည်။ ကင်ဆော့ဂျင်ကိုကြည့်မိတော့ သူလည်းစိတ်ညစ်သွားဟန်ဖြင့် ဂျွန်ဂျောင်ကုလက်ကိုဆုပ်ကိုင်ထားသောသူ့လက်ကိုဖြေလျှော့လိုက်၏။
"ဟျောင်း ဆေးရုံထဲနေရတာပျင်းနေမှာစိုးလို့။ ကျွန်တော်ဒီနားတစ်ဝိုက်ကိုလမ်းလျှောက်ခေါ်သွားမလို့"
ကင်ဆော့ဂျင်၏လက်ကိုတင်းတင်းဆုပ်ကိုင်ရင်း ဂျွန်ဂျောင်ကုဖြေလိုက်သည်။ သူတို့အချင်းချင်းလက်ဆုပ်ကိုင်ထားကြသည်ကိုကြည့်ပြီး သူနာပြုကပြုံးပြလိုက်၏။
"ဝေးဝေးမသွားနဲ့နော်"
"ဟုတ်ကဲ့"
သူနာပြုဆီကခွင့်ပြုချက်ရသဖြင့် နှစ်ယောက်သားဆေးရုံအပြင်သို့ထွက်လာခဲ့သည်။ အပြင်သို့ရောက်သွားသည့်အခါ ကင်ဆော့ဂျင်ပျော်ရွှင်သဖြင့်မျက်လုံးများကွေးသွားသည်အထိပြုံးမိ၏။ ကင်ဆော့ဂျင်ပျော်ရွှင်နေသည်ကိုကြည့်ကာ ဂျွန်ဂျောင်ကုလည်းပြုံးမိသည်။ မိုးမတိတ်သေးတာကြောင့် ထီးဖွင့်ကာ ကင်ဆော့ဂျင်ကိုဆောင်းပေးလိုက်သည်။
"ဟျောင်းဘယ်သွားချင်လဲ"
"အင်း..."
နှစ်ယောက်အတူခြေဦးတည်ရာမဲ့လမ်းလျှောက်ရင်း ကင်ဆော့ဂျင်စဉ်းစားကြည့်၏။ စားသောက်ဆိုင်များကသူနှင့်မဖြစ်။ ရှော့ပင်းမော်လ်သို့သွားလျှင်လည်း အဝတ်အစားဆိုင်များကိုသာတွေ့ရမည်။ သူ့အတွက်ကအဝတ်အစားဝယ်စရာမလို။ ကင်ဆော့ဂျင်သေချာစဉ်းစားပြီးနောက် အဖြေကိုပြောလိုက်၏။
"ဂိမ်းဆိုင်"
မထင်မှတ်ထားတဲ့အဖြေကြောင့် ဂျွန်ဂျောင်ကုအံ့ဩကာပြုံးမိသည်။
"ကလေးဆန်သွားလား"
ဂျွန်ဂျောင်ကုပြုံးတာကိုသတိထားမိသဖြင့် ကင်ဆော့ဂျင်အနည်းငယ်ရှက်သွား၏။
"ဟင့်အင်း။ ကလေးမဆန်ပါဘူး"
မြို့ထဲသို့သွားမည့်ကားဂိတ်တွင်နှစ်ယောက်သားထိုင်ကာ ဘက်စ်ကားအလာကိုစောင့်နေကြသည်။ မိုးဖွားလေးများကသစ်ရွက်ပေါ်ကျကာ သစ်ရွက်ပေါ်ကရေစက်လေးများကသူတို့ထိုင်နေသောကားဂိတ်အမိုးပေါ်သို့ကျလာ၏။
"တောက်.. တောက်.. တောက်"
"ဟျောင်းမိုးရာသီကိုကြိုက်လား"
ဂျွန်ဂျောင်ကု ရေအိုင်လေးထဲမိုးစက်လေးတွေကျနေတာကိုကြည့်ကာမေးလိုက်သည်။
"ဟင့်အင်း။ ဂျောင်ကုရော"
"ကျွန်တော်ကတော့သဘောကျတယ်။"
ပြုံးရင်းဖြေလိုက်တဲ့စကားကြောင့် ကင်ဆော့ဂျင်စိတ်ဝင်စားသွား၏။
"ဘာကြောင့်သဘောကျတာလဲ"
"ဘယ်လိုပြောရမလဲ။ မိုးရွာတဲ့အခါ မိုးစက်သံကြောင့်ကျွန်တော်အထီးကျန်တယ်လို့မခံစားရလို့။ နွေနဲ့ဆောင်းမှာတော့သီချင်းတွေဖွင့်ထားလေ့ရှိတယ်"
"ဂျောင်ကုကတိတ်ဆိတ်တာကိုသဘောမကျဘူးလား"
ဂျွန်ဂျောင်ကုခေါင်းငြိမ့်လိုက်သည်။
"တစ်ယောက်တည်းနေရတာသဘောကျပေမယ့် တိတ်ဆိတ်နေတာကျသဘောမကျဘူး။ ထူးဆန်းတယ်လို့ဟျောင်းမထင်ဘူးလား။ လူတွေကတိတ်တိတ်ဆိတ်ဆိတ််နေချင်လ်ို့တစ်ယောက်တည်းနေတတ်ကြတာကို"
လေထုလေးလံသလိုခံစားရမည်စိုးသဖြင့် ဂျွန်ဂျောင်ကုရယ်မောကာပြောလိုက်၏။
"မထူးဆန်းပါဘူး။ ဟျောင်းလဲတစ်ခါတစ်လေကျတိတ်ဆိတ်တယ်ခံစားရရင်သီချင်းတစ်ပုဒ်ပုဒ်ဖွင့်ထားတတ်တယ်"
ကင်ဆော့ဂျင်လည်းသူ့လိုလုပ်တတ်သည်ဆိုသဖြင့် ဂျွန်ဂျောင်ကုပြုံးလိုက်သည်။
ထိုအချိန်တွင်ဘက်စ်ကားဆိုက်လာသဖြင့် ဂျွန်ဂျောင်ကုတို့ကားပေါ်တက်လာခဲ့၏။ ဘက်စ်ကားတွင်ထိုင်ခုံလွတ်တစ်ခုတွေ့သဖြင့် ကင်ဆော့ဂျင်ကိုလှမ်းခေါ်လိုက်သည်။
"ဟျောင်းဒီမှာထိုင်"
ကင်ဆော့ဂျင်ကိုထိုင်ခုံလွတ်တွင်ထိုင်စေပြီး သူကတော့ကင်ဆော့ဂျင်ဘေးတွင်ရပ်နေ၏။ အနောက်ဘက်တွင်လည်းထိုင်ခုံလွတ်တွေရှိတာကြောင့် ဂျွန်ဂျောင်ကုရဲ့အပြုအမူကိုကင်ဆော့ဂျင်နားမလည်။
"အနောက်မှာမထိုင်ဘူးလား"
"ရတယ်။ ကျွန်တော်ဟျောင်းနားမှာပဲနေမှာ"
ဂျွန်ဂျောင်ကုကဒီအတိုင်းပြောလိုက်တာဖြစ်သော်လည်း ကင်ဆော့ဂျင်၏နှလုံးသားလေးကအနည်းငယ်စိတ်လှုပ်ရှားသွားကာရန်ခုန်သံမြန်သွားသည်။ သို့သော်နှလုံးသားပိုင်ရှင်ကတော့သတိမထားမိလိုက်။
မြို့ထဲသို့ရောက်သည့်အချိန်တွင်မိုးတိတ်သွားပြီဖြစ်၏။ ရေအိုင်ကွက်များကဟိုတစ်ကွက်ဒီတစ်ဝက်ရှိနေသည်။ တိမ်များတစ်ဖြည်းဖြည်းကင်းစက်လာကာ တိမ်ကြားထဲမှာပုန်းနေသည့်နေမင်းလည်းအပြင်သို့ထွက်လာ၏။ ဂျွန်ဂျောင်ကုတို့ချက်ချင်းဂိမ်းဆိုင်သို့မသွားသေးဘဲ အရင်လျှောက်ပတ်ကြည့်ကြသေးသည်။ ဆိုင်တန်းလေးများကမိုးတိတ်သွားပြီဖြစ်သဖြင့် အပြင်သို့ပစ္စည်းများပြန်ချကာဆိုင်ပြင်နေကြ၏။ ဆိုးလ်မြို့ကတကယ်ပင်အစားအသောက်မျိုးစုံနှင့်ပြည့်နှက်လျက်ရှိသောမြို့တစ်မြို့ပင်။ သူမစားတာကြာပြီဖြစ်သောမုန့်များကိုစားချင်သော်လည်း ကင်ဆော့ဂျင်မစားရဲ။ ချက်ချင်းပြန်အန်ထွက်မှာဖြစ်သောကြောင့်ပင်။ မုန့်များကိုငေးကြည့်ရင်း ကင်ဆော့ဂျင်သူ့ဗိုက်သူဖိထားသည်ကို ဂျွန်ဂျောင်ကုသတိထားမိလိုက်သည်။
"ဟျောင်းစားချင်လို့လား"
"ဟျောင်းနဲ့မတည့်ဘူး"
ကင်ဆော့ဂျင်ကိုယ့်ကိုယ်ကိုယ်ပြောသလိုရေရွတ်လိုက်၏။ ထို့နောက်မုန့်ဆိုင်များမှအကြည့်လွှဲကာရှေ့တည့်တည့်သို့သာလျှောက်သွားလိုက်သည်။ ဂျွန်ဂျောင်ကုစိတ်မကောင်းဖြစ်ကာသက်ပြင်းချမိ၏။
မကြာခင်သူတို့ဂိမ်းဆိုင်သို့ရောက်သွားကြသည်။ ဂိမ်းဆိုင်ထဲတွင်ဆယ်ကျော်သက်လေးများနှင့်ပြည့်နှက်နေ၏။ ဂျွန်ဂျောင်ကုတို့ဆိုင်ထဲသို့ဝင်လာကာ ပိုက်ဆံနှင့်ကွိုင်အကြွေစေ့များကိုလဲလှယ်လိုက်ကြသည်။
"ဟျောင်းဘာဆော့ချင်လဲ"
ဂျွန်ဂျောင်ကုမေးခွန်းကြောင့် ကင်ဆော့ဂျင်ခဏတာတွေဝေသွား၏။ ထိုနောက်ဂိမ်းစက်တစ်ခုဆီသို့သူ့အကြည့်ရောက်သွားသည်။
"အဲ့တာ"
ညွှန်ပြသည်ကို ဂျွန်ဂျောင်ကုလှည့်ကြည့်လိုက်တော့ ပူးလေးတွေတွင်းဝသို့ထွက်လာသည်ကိုတူနှင့်လိုက်ထုရသည့်ဂိမ်း။ ဂျွန်ဂျောင်ကုမရယ်မိအောင်သတိထားရင်း ထိုဂိမ်းစက်ထဲသို့အကြွေစေ့ထည့်လိုက်၏။ ကင်ဆော့ဂျင်ကတူကိုင်ထားကာ ပူးလေးတွေထွက်လာမှာကိုစောင့်နေသည်။
x x x
"ဟား ဟား...ဟား"
ဂျွန်ဂျောင်ကုရယ်ချင်စိတ်ကိုထိန်းမရတော့။ ကင်ဆော့ဂျင်ဂိမ်းဆော့နေသည့်ပုံကအရမ်းကို...ချစ်ဖို့ကောင်းသည်ဟုဂျွန်ဂျောင်ကုထင်မိ၏။ သူဆော့သောဂိမ်းများသည်လည်း ကလေးများဆော့သောဂိမ်းများပင်။ ဇွန်ဘီများကိုသေနတ်နှင့်ပစ်သည့်ဂိမ်းကိုကြောက်သည်ဆိုကာမဆော့။ ထိုအစား စည်းချက်လိုက်ကာဗုံတီးရသည့်ဂိမ်းကိုကင်ဆော့ဂျင်ရွေးသည်။ အရုပ်ကောက်သည့်အခါတွင်လည်းတစ်ရုပ်မှကောက်၍မရ။ ထိုအခါစိတ်ပေါက်ပေါက်နှင့်စက်ကိုကန်လိုက်သဖြင့် ဂျွန်ဂျောင်ကုပင်အံ့ဩသွားရ၏။ ပို၍အံ့ဩရသည်က စက်ထဲမှအရုပ်တစ်ရုပ်ထွက်ကျလာ၏။ လုံခြုံရေးရောက်လာသည့်အခါ ဂျွန်ဂျောင်ကုလက်ကိုဆွဲပြီးကင်ဆော့ဂျင်ကဦးဆောင်ကာပြေးသည်။ သို့သော်ကင်ဆော့ဂျင်ကခဏလေးနဲ့မောသွားသဖြင့် ဂျွန်ဂျောင်ကုမှအမြန်ပုန်းရန်ခေါ်သွားရ၏။ ဆေးရုံထဲမှာပဲနေမည်ဆိုလျှင် ယခုလိုအပြုအမူများကို ဂျွန်ဂျောင်ကုမြင်ရမည်မထင်။
"အရုပ်တစ်ရုပ်တော့ရလိုက်တာပဲ"
သူတို့မပြေးခင်စက်ထဲကထွက်ကျလာသောအရုပ်ကိုကောက်ယူခဲ့သဖြင့် ထိုအရုပ်တော့ဂျွန်ဂျောင်ကုနှင့်အတူပါလာသည်။ အမြန်ပြေးခဲ့ရသဖြင့် ဘာအရုပ်လဲတောင်သူတို့မကြည့်ခဲ့ရ။ အခုကြည့်မိတော့ထိုအရုပ်လေးကယုန်ပေါက်လေးအရုပ်ဖြစ်နေ၏။
"ဂျောင်ကုနဲ့တူတယ်"
ထိုယုန်ရုပ်အမည်းလေးကိုကြည့်ပြီး ကင်ဆော့ဂျင်ရယ်ကာပြောလိုက်သည်။ ဂျွန်ဂျောင်ကုကထိုစကားကိုမထောက်ခံသည့်အမူအရာဖြင့်ပြန်ပြော၏။
"ကျွန်တော်ကယုန်နဲ့မတူပါဘူး"
"ဘာတွေပြောနေတာလဲ။ မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ပြီးရင်မင်းရယ်လိုက်ရင်ရှေ့သွားလေးနှစ်ချောင်းကယုန်သွားအတိုင်းပဲကို"
ကင်ဆော့ဂျင်ထိုသို့ပြောရင်းရယ်မောမိသည်။ ဂျွန်ဂျောင်ကုကသူ့ကိုယ်သူမယုံသေးဟန်ဖြင့် ဖုန်းဖွင့်ကာမှန်ထဲတွင်ကိုယ့်ကိုယ်ကိုယ်ကြည့်မိ၏။ ထိုမြင်ကွင်းကြောင့် ကင်ဆော့ဂျင်ပြုံးမိပေမယ့် အပြုံးကကြာကြာမခံ။ ကင်ဆော့ဂျင်ဗိုက်ထဲတွင်အီလည်လည်ဖြစ်နေသည်။ ပြေးလိုက်သဖြင့်ဗိုက်အောင့်ချင်နေ၏။ ဂျွန်ဂျောင်ကုကတော့ သတိမထားမိသေး။
"ဟျောင်း ဘယ်သွားချင်သေးလဲ"
ဂျွန်ဂျောင်ကုထိုင်ခုံလေးတွင်ထိုင်ရာမှထရင်းမေးလိုက်သည်။
"..."
ကင်ဆော့ဂျင်မဖြေသေးဘဲ ဂျွန်ဂျောင်ကုအနားသို့လျှောက်သွားလိုက်၏။ ထိုအခိုက်လူတစ်ယောက်ကအရှိန်ဖြင့်လျှောက်လာကာကင်ဆော့ဂျင်ကိုတိုက်မိသွားသည်။ အရှိန်ကသိပ်မပြင်းသော်လည်း ကင်ဆော့ဂျင်လဲကျသွား၏။
"ဟျောင်း"
ကင်ဆော့ဂျင်လဲကျသွားတာမြင်သဖြင့် ဂျွန်ဂျောင်ကုစိတ်ပူသွားကာကင်ဆော့ဂျင်အနားသို့ပြေးသွားသည်။
"ခင်ဗျား...လူတစ်ယောက်ကိုတိုက်မိရင် တောင်းပန်သင့်တယ်မဟုတ်ဘူးလား"
ကင်ဆော့ဂျင်အဆင်ပြေလားစစ်ဆေးပြီးသည်နှင့် ဂျွန်ဂျောင်ကုထိုလူကိုလှမ်းအော်လိုက်၏။
"ငါသွားမယ့်လမ်းမှာ သူပိတ်နေတာကိုး။ ပြီးတော့လဲကျရလောက်တဲ့အထိမတိုက်မိဘဲနဲ့။ လျော်ကြေးလိုချင်နေတာလား"
ထိုစကားကြောင့် ဂျွန်ဂျောင်ကုဒေါသထွက်သွားသည်။ ထိုလူအနားသို့လျှောက်သွားကာ အင်္ကျီစကိုဆွဲလိုက်၏။
"ပြန်တောင်းပန်လိုက်"
"ဂျွန်..ဂျောင်ကု"
ဒေါသထွက်နေသဖြင့် ကင်ဆော့ဂျင်ခေါ်သံကိုဂျွန်ဂျောင်ကုမကြားလိုက်။ စကားများသံကြောင့်သူတို့အနားသို့လူများစုလာကြ၏။
"ဂျွန်..ဂျောင်..ကု"
ဒီတစ်ခါတွင်ခပ်ကျယ်ကျယ်လေးခေါ်လိုက်သောကြောင့်ဂျွန်ဂျောင်ကုလှည့်ကြည့်လိုက်သည်။
"မတောင်းပန်နိုင်ဘူးကွာ"
ထိုအခိုက်တစ်ဖက်လူက ဂျွန်ဂျောင်ကုကိုဆွဲထိုးသည်နှင့်ကြုံသွား၏။ ဂျွန်ဂျောင်ကုအာရုံကကင်ဆော့ဂျင်ဆီသို့ရောက်နေသဖြင့်လက်သီးကိုသူမမြင်လိုက်။
"ခွပ်"
ပါးစောင်းသို့လက်သီးကျရောက်သွားကာ ဂျွန်ဂျောင်ကုဖင်ထိုင်ကျသွားသည်။
"ဂျောင်ကု!!"
ထိုမြင်ကွင်းကြောင့် ကင်ဆော့ဂျင်ထိတ်လန့်သွား၏။ ဂျွန်ဂျောင်ကုကသူအထိုးခံလိုက်ရသော်လည်း သူ့ကိုယ်သူမပူအား။ ကင်ဆော့ဂျင်ဆီသို့အမြန်လျှောက်လာကာမေးမြန်မိသည်။
"ဟျောင်း..ဘာဖြစ်လို့လဲ။ ဗိုက်အောင့်လို့လား။ ဆေးရုံပြန်မလား"
"မင်းရောအဆင်ပြေရဲ့လား"
"ကျွန်တော်ကဘာမှမဖြစ်ဘူး။ ဟျောင်းသာဘာလုပ်ချင်လဲပြော"
"ဆေးရုံ.."
"ရပြီ။ ခေါ်သွားပေးမယ်"
ကင်ဆော့ဂျင်ကိုအမြန်ထူကာ ဂျွန်ဂျောင်ကုတက္ကစီငှါးရန်ထွက်သွားသည်။
"ဟယ်..ကြည့်ပါဦး"
"မညာမတာနော်။ သူဝင်တိုက်လိုက်တဲ့ကောင်လေးကနေမကောင်းဘူးထင်တယ်။ သူကလဲဝင်တိုက်သေးတယ် ပြီးတော့ ပြဿနာလဲရှာသေးတယ်။"
"အေးဟယ်။ မညာမတာ"
ဂျွန်ဂျောင်ကုကိုထိုးလိုက်သောသူမှာ အများကသူ့ကိုအပြစ်တင်ကာ ဓာတ်ပုံများရိုက်နေကြသဖြင့်ထွက်ပြေးသွား၏။
တက္ကစီငှါး၍ရသည်နှင့် ကင်ဆော့ဂျင်ကိုခေါ်ကာဂျွန်ဂျောင်ကုဆေးရုံသို့အမြန်ပြန်လာခဲ့သည်။ ဂျွန်ဂျောင်ကုလမ်းတွင်ကားမပိတ်ပါစေနှင့်ဟုဆုတောင်းရသည်မှာလည်းအမောပင်။ သူ၏ဆုတောင်းပြည့်သည်ဟုပြောရမည်။ ကားလမ်းမပိတ်ဘဲ ၁၅မိနစ်တည်းနှင့်ဆေးရုံသို့သူတို့ပြန်လာနိုင်ခဲ့သည်။
ဆေးရုံကောင်တာအနားတွေ ဆရာဝန်ဘက်ကိုတွေ့လိုက်ရ၏။
"ဒေါက်တာ..ဒေါက်တာ"
လှမ်းခေါ်သံကြောင့် ဆရာဝန်ဘက်ကဂျွန်ဂျောင်ကုဘက်သို့လှည့်ကြည့်လိုက်သည်။
"ဟျောင်း..ဟျောင်းဗိုက်အရမ်းအောင့်နေလို့"
You are reading the story above: TeenFic.Net