Tear Drop

Background color
Font
Font size
Line height

ဂျွန်ဂျောင်ကုစကားကြောင့် ဆရာဝန်ဘက်ကကင်ဆော့ဂျင်ကိုအိပ်ရာမှာလှဲစေကာ စစ်ဆေးလိုက်၏။ ကင်ဆော့ဂျင်မှာဗိုက်အောင့်လွန်းသဖြင့်အသက်ကိုပင်မနည်းလုရှူနေရသည်။ အစာအိမ်ကိုတစ်ခုခုကဆွဲဆုတ်နေသလိုခံစားချက်ကြီးကအလွန်နာကျဉ်ရ၏။ ဖြစ်နိုင်လျှင်ထိုအစာအိမ်ကို လက်ဖြင့်သာဆွဲဖြုတ်ထားလိုက်ချင်တော့သည်။ နာကျဉ်လွန်းသဖြင့် ကင်ဆော့ဂျင်မျက်ရည်များစီးကျလာသောအခါ ဂျွန်ဂျောင်ကုဝမ်းနည်းမိ၏။ နာကျဉ်မှုကိုသက်သာအောင်ကူညီပေးချင်သည်။ အသက်ပြင်းပြင်းရှူကာ ဗိုက်အောင့်နေသည်ကိုအလူးအလဲခံနေရသောကင်ဆော့ဂျင်၏ပုံရိပ်ကဂျွန်ဂျောင်ကုရဲ့နှလုံးသားကိုအစိတ်စိတ်အမြွာမြွာဆွဲဖြဲနေသလို။

"ဒေါက်တာ..ဟျောင်း သက်သာအောင်အရင်လိုဆေးထိုးပေးလို့မရဘူးလား"

"ရောဂါကပိုပြင်းလာပြီ။ ဆေးသွင်းရင်တောင် အောင့်တာသက်သာချင်မှသက်သာတော့မှာ"

"ဒါဆိုဘာလုပ်ရမလဲ။ ဟျောင်းနာကျဉ်နေတာကိုထိုင်ကြည့်ရမှာလား"

ဂျွန်ဂျောင်ကုမျှော်လင့်ချက်မဲ့စွာပြောရင်း မျက်ရည်များဝဲလာ၏။

"ခွဲစိတ်ရမယ်။ မနက်ဖြန်ထိအချိန်ဆွဲမနေတော့ဘဲ အခုခွဲလိုက်တာပိုကောင်းမယ်။ သူနာပြုမင် ခွဲခန်းအားလား"

"ဟုတ်။ တစ်ခန်းတော့အားတယ် ဆရာ"

"ဒါဆိုခွဲဖို့ပြင်တော့"

ဆရာဝန်ဘက်ကခွဲခန်းဆီသို့ထွက်သွားသည်။ သူနာပြုများက လိုအပ်သည်များကိုတိုင်းတာကာ အလုပ်ရှုပ်နေကြ၏။

"ဟျောင်း.. သူတို့ခွဲစိတ်ကြတော့မယ်တဲ့။ ဟျောင်းမကြာခင်သက်သာသွားတော့မှာ"

ကင်ဆော့ဂျင်၏လက်တစ်ဖက်ကို ဂျွန်ဂျောင်ကုဆုပ်ကိုင်ထားရင်းရေရွတ်မိသည်။ ကင်ဆော့ဂျင်ကဂျွန်ဂျောင်ကုစကားကိုသဘောပေါက်ဟန်ဖြင့် နာကျဉ်နေသည့်ကြားမှပြုံးပြရင်းခေါင်းငြိမ့်၏။ ထို့နောက်ဂျွန်ဂျောင်ကုရဲ့လက်ကိုပြန်တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်သည်။

"လူနာကို ခွဲခန်းထဲကိုရွှေ့မယ်"

ကင်ဆော့ဂျင်ကိုကုတင်ကနေခွဲခန်းဆီသို့တွန်းသွားကြ၏။ ဂျွန်ဂျောင်ကုလည်းကူတွန်းပေးရင်း ကင်ဆော့ဂျင်ကိုအားပေးစကားများပြောနေသည်။ ခွဲခန်းအဝသို့ရောက်သောအခါ ဂျွန်ဂျောင်ကုကျန်နေခဲ့၏။ခွဲစိတ်နေသည်ဟုရေးထားသည့်အနီရောင်ဆိုင်းဘုတ်လေးကိုငေးကြည့်ရင်း ဂျွန်ဂျောင်ကုခွဲခန်းအပြင်တွင်ထိုင်စောင့်နေသည်။

"ဟို.."

သူနာပြုတစ်ယောက်ကိုထွက်လာသည်ကိုတွေ့သဖြင့် ဂျွန်ဂျောင်ကုလှမ်းခေါ်မိ၏။

"ခွဲစိတ်တာဘယ်လောက်ကြာမှာလဲဟင်"

"ပုံမှန်တော့ တစ်နာရီ၊ တစ်နာရီခွဲလောက်ကြာတတ်တယ်"

ဂျွန်ဂျောင်ကုဖုန်းကိုထုတ်ကြည့်လိုက်တော့ လက်ရှိ၁:၁၅ရှိပြီဖြစ်သည်။ နောက်ထပ်တစ်နာရီကြာဦးမည်ဖြစ်သဖြင့်ပြန်ထိုင်နေလိုက်၏။ ခွဲခန်းထဲကကင်ဆော့ဂျင်ထွက်အလာကိုစောင့်နေရင်း ဂျွန်ဂျောင်ကုအတွေးများကတောင်စဉ်မရ။ ကင်ဆော့ဂျင်အဆင်ပြေပါ့မလားတွေးမိတိုင်း စိတ်ပူရပြန်၏။ ထိုစဉ်ရုတ်တရက်မိုးကသည်းထန်စွာရွာကျလာသည်။

"ရှဲ..."

အရှိန်ပြင်းပြင်းမိုးပေါက်များကမြေပြင်သို့ကျလာသောအခါ ပတ်ဝန်းကျင်ကအသံများကိုမိုးသံကဖုံးသွား၏။ မိုးသံများကိုနားထောင်ကာ ဂျွန်ဂျောင်ကုအတွေးများငြိမ်သက်သွားသည်။

"ဟျောင်း ခွဲစိတ်တာအောင်မြင်ပါစေ"

ဘုရားသခင်ထံသို့ဂျွန်ဂျောင်ကုဆုတောင်းမိ၏။ လက်ရှိသူလုပ်နိုင်တာဆိုလို့ဒါပဲရှိတော့သည်။

"တစ် တစ်"

နာရီသွားနှုန်းကယခုမှနှေးနေသလိုခံစားရ၏။ ဂျွန်ဂျောင်ကုဂိမ်းဆော့သည့်အခါတိုင်း တစ်နာရီ၊ တစ်နာရီခွဲဆိုသည်မှာခဏလေးလိုပင်။

"ဟိုကောင်လေးကဘယ်သူလဲ"

ဒီနေ့မှရောက်လာသောသူနာပြုပေါက်စလေးက သူနာပြုဆုန်းကိုဂျွန်ဂျောင်ကုအကြောင်းမေးမြန်းသည်။

"အော်..အဲ့ကောင်လေးလား။ အခန်း၃၀၃ကလူနာရဲ့ကောင်လေးလေ"

"အခန်း၃၀၃..အဲ့ကလူနာကယောက်ျားလေးမဟုတ်ဘူးလား"

"ဟုတ်တယ်"

သူနာပြုပေါက်စလေးအံ့ဩသွား၏။

"သူနာပြုမင်ပြောကြတာ အဲ့ကောင်လေးကသူ့ရည်းစားကိုတကယ်ချစ်ရှာတယ်တဲ့။ မနေ့ကသူမပြန်ခင် သူနာပြုမင်ကိုအစာအိမ်ကင်ဆာရောဂါရဲ့ဆောင်ရန်ရှောင်ရန်တွေသေချာမေးတယ်ဆိုပဲ။ ဒီနေ့တောင်သူတို့နှစ်ယောက်လက်တွဲပြီးအပြင်ထွက်သွားကြတာမြင်သေးတယ်။"

"အော်"

သူနာပြုပေါက်စလေး ဂျွန်ဂျောင်ကုဘက်သို့ပြန်လှည့်ကြည့်လိုက်၏။ ဂျွန်ဂျောင်ကုကပတ်ဝန်းကျင်မှာဖြစ်ပျက်နေတာအားလုံးကိုမသိကျိုးကျွန်ပြုကာ ခွဲခန်းတံခါးပေါက်ကိုပဲစောင့်ကြည့်နေသည်။

"တီ"

အနီရောင်ဆိုင်းဘုတ်လေးကအစိမ်းရောင်ပြောင်းသွားတာကြောင့် ဂျွန်ဂျောင်ကုကောက်ရပ်လိုက်၏။ မကြာခင်တံခါးပွင့်လာကာ ကုတင်တစ်လုံးထွက်လာသည်။

"ဟျောင်း"

ကင်ဆော့ဂျင်မှာမလှုပ်မယှက်နှင့်အိပ်ပျော်နေသယောင်။ ဆရာဝန်ဘက်အားဂျွန်ဂျောင်ကုလှည့်ကြည့်လိုက်၏။

"ဒေါက်တာ...ခွဲစိတ်မှုက.."

"စိတ်မပူပါနဲ့။ ခွဲစိတ်မှုအောင်မြင်ပါတယ်။ ကင်ဆော့ဂျင်-ရှိ က မေ့ဆေးအရှိန်ကြောင့်အိပ်ပျော်နေတာပါ"

ထိုစကားကြားမှာ ဂျွန်ဂျောင်ကုသက်ပြင်းချမိသည်။

"ဂျွန်ဂျောင်ကု-ရှိကကျွန်တော့ရုံးခန်းကိုခဏလိုက်လာခဲ့ပေးပါ။ ကင်ဆော့ဂျင်-ရှိအတွက်ဆေးတွေနဲ့ဆောင်ရန်ရှောင်ရန်လေးတွေတစ်ချက်ပြောပြချင်လို့"

"ဟုတ်ကဲ့"

ကင်ဆော့ဂျင်ကိုသူနာပြုတွေခေါ်သွားတာကြည့်နေပြီး မျက်စိရှေ့ကပျောက်သွားမှ ဆရာဝန်ဘက်၏ရုံးခန်းသို့ဂျွန်ဂျောင်ကုလိုက်သွား၏။

"ခွဲစိတ်ထားတာဆိုတော့ ကင်ဆော့ဂျင်-ရှိ သိပ်ပြီးတော့လှုပ်ရှားနိုင်ဦးမှာမဟုတ်သေးဘူး။ ဂျောင်ကု-ရှိ ကူညီပေးမှဖြစ်လိမ့်မယ်။ ဆေးကတော့သူနာပြုမင်ပေးလိမ့်မယ်။ ကင်ဆော့ဂျင်-ရှိ ကိုဆေးချိန်မှန်မှန်တိုက်ပါ။ ခွဲစိတ်မှုကအောင်မြင်တယ်ဆိုတော့ ဓာတ်ကင်ဖို့ပဲကျန်တော့တယ်။ အနည်းဆုံးခြောက်ခါလောက်ဓာတ်ကင်ဖို့လိုမယ်။ ဓာတ်ကင်ပြီးသွားရင်တော့ ကင်ဆော့ဂျင်-ရှိ နေပြန်ကောင်းလာမှာပါ။ ဒါပေမယ့် အပူ၊အစပ်၊အအေးတွေရှောင်ရမယ်။ အသီးအရွက်များများစားခိုင်းပါ"

ဆရာဝန်ကမှာကြားသည်များကိုသေချာမှတ်သားပြီးနောက် ဂျွန်ဂျောင်ကု အခန်း၃၀၃ဆီသို့ပြန်လာခဲ့သည်။

အခန်းထဲရှိအိပ်ရာထက်တွင်ကင်ဆော့ဂျင်အိပ်စက်နေလျက်ရှိ၏။ ကြည့်ရသလောက် မေ့ဆေးပြေသေးဟန်မတူ။ အိပ်ပျော်နေသောကင်ဆော့ဂျင်ရဲ့မျက်နှာလေးကို ဂျွန်ဂျောင်ကုငေးကြည့်မိသည်။ မျက်ခွံပေါ်သို့ဝဲကျနေသောဆံနွယ်အချို့ကိုဖယ်ရှားပေးလိုက်သည့် အခါမှမျက်နှာဖွေးဖွေးလေးကပေါ်လာသည်။

"တော်သေးတာပေါ့"

ခွဲစိတ်မှုအောင်မြင်သည့်အတွက် ဂျွန်ဂျောင်ကုရေရွတ်မိ၏။ ယခုဂျွန်ဂျောင်ကုမြင်နေရသော ကင်ဆော့ဂျင်၏မျက်နှာလေးမှာအေးချမ်းသည့်ပုံပေါ်သည်။ နေ့လည်တုန်းကကဲ့သို့နာကျဉ်နေသည့်အရိပ်အယောင်မတွေ့ရ။

"ထင်တဲ့အတိုင်း.."

ဂျွန်ဂျောင်ကုကုတင်ပေါ်သို့လက်တင်ကာမေးထောက်ရင်းကင်ဆော့ဂျင်ကိုဆက်လက်ငေးကြည့်နေမိ၏။

"ကျွန်တော်ဟျောင်းကိုသဘောကျမိနေတာပဲ"

ဆေးသွင်းထားသော ကင်ဆော့ဂျင်ရဲ့ညာဘက်လက်ကိုဖွဖွလေးဆုပ်ကိုင်ကာ လက်ချောင်းများကိုနမ်းရှုံ့လိုက်သည်။ မိုးများကဆက်လက်ရွာသွန်းနေဆဲ။ နေ့ခင်းဖြစ်သော်လည်း မိုးတိမ်များကြောင့်မှောင်မည်းနေ၏။ ကင်ဆော့ဂျင်၏လက်ကိုဆုပ်ကိုင်ထားပြီးကုတင်အစပ်တွင် ဂျွန်ဂျောင်ကုခေါင်းတင်ကာမှီထားသည်။ တစ်ခန်းလုံးတွင် မိုးသံနှင့် လေသန့်စင်စက်သံမှလွဲ၍အခြားအသံမကြားရ။ ကြာလာတော့ဂျွန်ဂျောင်ကုအိပ်ပျော်သွားခဲ့၏။

"ဂျုန်း"

မိုးချုန်းသံကြား၍ကင်ဆော့ဂျင်နိုးလာသည်။ နိုးနိုးချင်းဗိုက်မှနာကျဉ်မှုကြောင့် မျက်မှောင်ကြုံ့မိ၏။ ထုံဆေးပြေသွားပြီဖြစ်သဖြင့် ချုပ်ထားသောနေရာကတစ်ဆစ်ဆစ်နာကျဉ်နေသည်။ သို့သော်ထိုနာကျဉ်မှုကသည်းခံ၍ရသည်။ ကင်ဆော့ဂျင်ပတ်ဝန်းကျင်ကိုတစ်ချက်စစ်လိုက်၏။ သူရဲ့အခန်းထဲသ်ို့သူပြန်ရောက်နေပြီကြောင်းသိရှိရသည်။ နောက်ဆုံးမှတ်မိသည်ကခွဲခန်းထဲသို့သူရောက်နေသည့်အချိန်ဖြစ်၏။ လေသန့်စင်စက်၏ရေငွေ့လေးသင်းသင်းလေးကအခန်းထဲတွင်ပျံ့နှံ့နေသည်။ အခန်းတစ်ခန်းလုံးမှောင်မည်းနေကာ တစ်ခုတည်းသောအလင်းရောင်မှာ ရေချိုးခန်းမီးရောင်တစ်ခုသာ။ ကင်ဆော့ဂျင် စားပွဲပေါ်မှနာရီကိုတစ်ချက်ကြည့်လိုက်၏။

"၂:၅၆"

အပြင်ကိုလှမ်းကြည့်လိုက်တော့ မိုးများကသည်းသည်းမည်းမည်းရွာသွန်းနေသည်။ ကုတင်ထောင့်ကိုလှမ်းကြည့်လိုက်တော့ လက်နှစ်ဖက်ကိုကုတင်ပေါ်တင်ကာထိုလက်နှစ်ဖက်ပေါ်သို့ခေါင်းတင်ပြီးအိပ်စက်နေသောဂျွန်ဂျောင်ကုကိုတွေ့လိုက်ရ၏။ ညနက်နေပြီဖြစ်သဖြင့်ဂျွန်ဂျောင်ကုအိမ်ပြန်သွားလောက်ပြီဟုယူဆမိရာ တကယ်တမ်းဒီမှာအိပ်ပျော်နေသည်ကိုတွေ့သော်ကင်ဆော့ဂျင်မင်သက်သွားသည်။

ဂျွန်ဂျောင်ကုဆံပင်ကအနည်းငယ်ရှည်၏။ ရှေ့ဆံပင်ကအနောက်ပိုင်းထပ်ပို၍ရှည်သည်။ ယခုကဲ့သို့အရှေ့ကိုငုံ့နေသည့်အခါတွင် မျက်နှာတစ်ခုလုံးကိုဖုံးသွား၏။ ဂျွန်ဂျောင်ကု၏ဆံပင်ကိုနားအနောက်သို့သပ်ပေးရင်း အိပ်ပျော်နေသောဂျွန်ဂျောင်ကုမျက်နှာလေးကိုငေးကြည့်လိုက်သည်။

သူ့မျက်နှာကိုလာထိသည့်အတွက် ဂျွန်ဂျောင်ကုအိပ်နေရာမှာယောင်ရမ်းကာနှုတ်ခေါင်းရှုံးမိ၏။

"ခွိ"

ဂျွန်ဂျောင်ကုရဲ့အပြုအမူကြောင့် ကင်ဆော့ဂျင်ရယ်မိသည်။ ရယ်လိုက်ရာဗိုက်ကလှုပ်ရှားသွားပြီးချုပ်ရာကနာလာသဖြင့်ကင်ဆော့ဂျင်မဲ့သွား၏။

"ရယ်လို့မဖြစ်သေးဘူးပဲ"

ကင်ဆော့ဂျင်နာကျဉ်မှုကိုသက်သာအောင်အသက်ဝဝရှူလိုက်သည်။ ထို့နောက်သူ၏စောင်ကို ဂျွန်ဂျောင်ကုပေါ်သို့ခြုံပေးလိုက်၏။ ပြန်၍အိပ်မရတော့သဖြင့် ကင်ဆော့ဂျင်ကုတင်ဘေးတွင်ထားထားသောစာအုပ်တစ်အုပ်ကိုလှမ်းယူလိုက်သည်။ စားပွဲတင်မီးအိမ်လေးကိုဖွင့်ကာ ဖတ်လက်စဝတ္ထုကိုဆက်ဖတ်နေလိုက်၏။

"အဲ..."

နေအလင်းရောင်ကမျက်စိကိုလာစူးသဖြင့်ဂျွန်ဂျောင်ကုနိုးလာခဲ့သည်။ နိုးလာသည့်အချိန်တွင်သတိထားမိသည်ကသူ့ကိုခြုံပေးထားသောစောင်တစ်ထည်။ ကင်ဆော့ဂျင်ဘက်သို့မော့ကြည့်လိုက်သည့်အခါ သူကစာအုပ်တစ်အုပ်ကိုကိုင်လျက်အိပ်ပျော်နေသည်ကိုတွေ့ရ၏။ ဂျွန်ဂျောင်ကုနိုးပြီဖြစ်သဖြင့် ထိုင်ခုံမှထလိုက်သည်။ တစ်ညလုံးထိုင်ကာအိပ်ပျော်သွားခဲ့သဖြင့် တစ်ကိုယ်လုံးညောင်းညာချင်နေ၏။ အကြောဆန့်လိုက်သည့်အခါ အရိုးအဆစ်များမှအသံထွက်လာသည်။ ထိုအသံကြောင့် ကင်ဆော့ဂျင်နိုးလာ၏။

"အာ...ဟျောင်းနိုးသွားလား"

"ရပါတယ်။ ဂျောင်ကုကမနေ့ကအိမ်ဘာလို့မပြန်တာလဲ"

ဂျွန်ဂျောင်ကုနှုတ်ခမ်းလေးဆူကာ ကင်ဆော့ဂျင်ကိုကြည့်လိုက်သည်။

"ဟျောင်းကိုစိတ်ပူလို့ပေါ့"

သူ့စကားကြောင့် ကင်ဆော့ဂျင်အပြစ်ရှိသလိုခံစားရ၏။ တစ်ညလုံး(အိပ်ကာ)စောင့်ပေးသည့်သူ့ကိုထိုသို့ပြောမိသည့်အတွက် စိတ်မကောင်းဖြစ်သွား၏။

"မနေ့ညကိုရီးယားစံတော်ချိန်၅နာရီတွင်ဆိုးလ်မြို့တစ်မြို့လုံးရေများကြီးနေခဲ့သည့်အချိန်ကပုံများကိုဒီမှာတွေ့ရှိနိုင်ပါတယ်"

အချိန်ကိုက်ဆိုသလိုတီဗွီမှအသံကထွက်လာသည်။

"အော်..ရေကြီးနေလို့မပြန်တာလား"

"အဲ့တာလဲပါရင်ပါမှာပေါ့ ဟီးဟီး"

လူမိသွားမှခပ်ကျဲကျဲရယ်ရင်းပြန်ဖြေသောဂျွန်ဂျောင်ကုကြောင့် ကင်ဆော့ဂျင်ပြုံးမိ၏။ ချုပ်ရိုးပြေမည်စိုးသဖြင့်မရယ်ရဲ။

"ဟျောင်းနေရတာအဆင်ပြေလား။ ဗိုက်အောင့်သေးလား"

"မအောင့်တော့ဘူး။ သက်သာသွားပါပြီ"

စိတ်အေးသွားဟန်နှင့်ဂျွန်ဂျောင်ကုပြုံးလိုက်သည်။ ထို့နောက်အချိန်ကိုပြန်သတိရသွားကာ ဂျွန်ဂျောင်ကုထိတ်လန့်သွား၏။
"ဟျောင်း ဟျောင်း..ကျွန်တော်အိမ်ပြန်လိုက်ဦးမယ်နော်။ ဒီနေ့အတန်းရှိလို့"

သူ့ပစ္စည်းတွေကောက်သိမ်းကာ ကင်ဆော့ဂျင်ကိုဂျွန်ဂျောင်ကုနှုတ်ဆက်ကာထွက်သွားသည်။

"ဂရုစိုက်သွားဦး။ မိုးရွာထားတာချော်လဲနေမယ်"

ပြေးသွားသောကြောင့် ကင်ဆော့ဂျင်သတိပေးသည့်အနေနှင့်လှမ်းအော်လိုက်၏။ အော်ပြီးပြီးချင်း ချုပ်ရိုးနာသွားသဖြင့်ကင်ဆော့ဂျင်မျက်မှောင်ကြုံ့မိသည်။ ဂျွန်ဂျောင်ကုအခန်းထဲကထွက်သွားပြီးနောက် ကင်ဆော့ဂျင်ပြတင်းပေါက်အပြင်ကိုငေးကြည့်နေ၏။ ခဏအကြာ အမည်းရောင်ဝမ်းဆက်ဝတ်ထားသောကောင်လေးတစ်ယောက်ကိုအောက်တွင်ပြေးလွှားနေသည်ကိုတွေ့ရသည်။ ထို့နောက်ထိုကောင်လေးက ကင်ဆော့ဂျင်ရှိသည့်သုံးလွှာသို့မော့ကြည့်ကာ ခုန်ပေါက်ရင်းတာ့တာပြ၏။

"ဒီကောင်တော့..ချော်လဲပါမယ်ဆို"

ကင်ဆော့ဂျင်တာ့တာပြန်ပြရင်း ရေရွတ််မိသည်။ ဂျွန်ဂျောင်ကုဆေးရုံအပြင်သို့ထွက်သွားတာကိုငေးကြည့်နေချိန်မှာ သူနာပြုကအခန်းထဲသို့ဝင်လာ၏။

"ကင်ဆော့ဂျင်-ရှိ ပြုံးနေပါလား။ ပျော်စရာတွေရှိလို့လား"

"ဟုတ်..ဂျောင်ကုခုဏကအောက်မှာကပြနေလို့"

"အော်.. ဆောဂျင်-ရှိလဲ ဂျောင်ကု-ရှိ ရောက်လာမှပြုံးနိုင်ရယ်နိုင်တော့တယ်"

သူနာပြုစကားကြောင့် ကင်ဆော့ဂျင်ရှက်သွားကာနားရွက်များနီမြန်းသွားသည်။

"ခွဲပြီးတော့ ဗိုက်အောင့်တာဘာညာဖြစ်သေးလား"

"မဖြစ်ပါဘူး"

"ချုပ်ရိုးလဲအဆင်ပြေတယ်နော်"

"ဟုတ်ကဲ့"

"ဆေးသွင်းထားတာတစ်ဘူးကုန်သွားပြီဆိုတော့ အသစ်လဲပေးလိုက်မယ်။"

"ဟုတ်ကဲ့"

"အားလုံးအဆင်ပြေပါတယ်။ ချုပ်ထားတဲ့နေရာကအနာမကျက်သေးလို့လှုပ်ရင်နာတာဘာညာရှိလိမ့်မယ်။ သုံးရက်လောက်တော့မလှုပ်ဘဲနားတာကောင်းမယ်။ လေးငါးရက်ကျရင်တော့လမ်းပြန်လျှောက်လို့ရပါပြီ။ ကြမ်းကြမ်းတမ်းတမ်းလှုပ်ရှားမှုတွေတော့မရသေးဘူးနော်။ ဒီအတိုင်းသာဆို တစ်ပတ်နေရင်ဆေးရုံကဆင်းလို့ရပါပြီ။ ဓာတ်ကင်တဲ့အချိန်မှဆေးရုံကိုလာခဲ့လဲရတယ်"

ဆေးရုံဆင်းလို့ရပြီဆိုသောစကားကြောင့် ကင်ဆော့ဂျင်ပျော်ရွှင်သွား၏။ ထိုအဓိပ္ပာယ်ကသူရောဂါပျောက်ကင်းလာပြီဆိုသည့်အဓိပ္ပာယ်ပဲမလား။ ဂျွန်ဂျောင်ကုကိုဒီအကြောင်းပြောပြဖို့ သူမစောင့်နိုင်တော့။

"ဒါဆိုနောက်အပတ်ကျရင်ဟျောင်းဆေးရုံကဆင်းလို့ရပြီပေါ့"

ကင်ဆော့ဂျင်ကအပြင်ထွက်ချင်သည်ဆိုသောကြောင့် ဂျွန်ဂျောင်ကုကဝှီးချဲဖြင့်သူ့ကိုအခန်းထဲမှခေါ်ထုတ်လာကာ ပန်းခြံထဲတွင်လမ်းလျှောက်ကြတုန်း ကင်ဆော့ဂျင်ကသူ့ကိုသူနာပြုပြောခဲ့သည့်စကားကိုပြန်ပြောပြရာ ဂျွန်ဂျောင်ကုအံ့ဩသွားသည်။

"အင်း"

ကင်ဆော့ဂျင်ခေါင်းငြိမ့်ကာဖြေလိုက်၏။

"ဂုဏ်ယူပါတယ် ဟျောင်း။"

ဂျွန်ဂျောင်ကုပျော်ရွှင်စွာဖြင့်ပြောလိုက်သည်။ နောက်ဆုံးတော့ကင်ဆော့ဂျင်ဆေးရုံဆင်းမည့်နေ့ရောက်လာတော့မည်။ သို့သော်.. ဆေးရုံဆင်းခဲ့လျှင် ဂျွန်ဂျောင်ကုအတွက် ကင်ဆော့ဂျင်ကိုလာတွေ့ရန်အကြောင်းပြချက်မရှိတော့။ ထို့အပြင်အပြင်လောက က ကင်ဆော့ဂျင်၏အကြောင်းကိုသူဘာမှမသိ။ ကင်ဆော့ဂျင်ဘာအလုပ်လုပ်သလဲ။ ဘယ်မှာနေသလဲ။ တွေ့ချင်လျှင်ဘယ်မှာတွေ့နိုင်မလဲ။

"ဘာဖြစ်လို့လဲ"

ဂျွန်ဂျောင်ကုရုတ်တရက်ငြိမ်ကျသွားသဖြင့် ကင်ဆော့ဂျင်လှမ်းမေးလိုက်၏။

"ဆေးရုံကဆင်းရင် ဟျောင်းနဲ့ကျွန်တော်ထပ်မတွေ့ရတော့ဘူးလား"

ထိုစကားကြား၍ကင်ဆော့ဂျင်တွေဝေသွားသည်။ ဆေးရုံမှာပဲစတွေ့ကာဒီနေရာမှာပဲဂျွန်ဂျောင်ကုနှင့်ရင်းနှီးခဲ့၏။ သိတာမကြာသေးသော်လည်း ဒီအချိန်ခဏလေးမှာသူတို့နှစ်ယောက်ကတစ်ယောက်ကိုတစ်ယောက်သံဃောဇဉ်တွယ်နေကြပြီဖြစ်သည်။

"ဘာလို့ထပ်မတွေ့ရမှာလဲ။ မင်း တက္ကသိုလ်ကို ဟျောင်းလာရှာမှာပေါ့"

"ဒါဆိုဟျောင်းကိုရှာချင်ရင်ရော။ ဘယ်ကိုလာရှာရမလဲ"

"အင်း... ဖုန်းနံပါတ်လဲထားကြတာပိုကောင်းမယ်ထင်တယ်"

"ဟုတ်တယ်နော်"

နှစ်ယောက်သားရယ်မောကာဖုန်းနံပါတ်ချင်းလဲလိုက်ကြ၏။

"ဒါနဲ့..."

ကင်ဆော့ဂျင်စကားကိုဂျွန်ဂျောင်ကုအာရုံစိုက်ကာနားထောင်လိုက်သည်။

"ဒီဆေးရုံကလူတွေက ငါတို့ကို အတွဲတွေလို့ထင်နေကြတယ်"

ဂျွန်ဂျောင်ကုအံ့ဩသွားကာမျက်လုံးပြူးသွား၏။

"ဟင်"

"ဟုတ်တယ်။ ဟျောင်းလဲအခုမှသိရတာ"

"ဟျောင်း မဟုတ်ဘူးလို့ပြန်ပြောလိုက်လား။"

"မပြောလိုက်ဘူး"

"..."

ကင်ဆော့ဂျင်ရှက်သွားကာအဝေးသို့အကြည့်လွှဲလိုက်သည်။ မျက်နှာကပူထူကာ အိုက်လာသလိုတောင်ခံစားလာရ၏။ ဂျွန်ဂျောင်ကုလည်းထိုနည်းတူပင်။ ချက်ချင်းပင်မျက်နှာကရဲတက်လာကာ ဘာလုပ်လို့ဘာကိုင်ရမည်မသိတော့။ သို့နှင့်နှစ်ယောက်သားအခန်းထဲသို့ပြန်ရောက်ပြီး ဂျွန်ဂျောင်ကုအိမ်ပြန်သွားသည်အထိ စကားသေချာမပြောဖြစ်ခဲ့။

x            x             x

"ဟျောင်း"

ကင်ဆော့ဂျင်ဆေးရုံဆင်းမည့်နေ့တွင် ဂျွန်ဂျောင်ကုနောက်မကျစေဘဲဆေးရုံသို့အချိန်မှီလာခဲ့၏။

"ဂျောင်ကု-အာ"

"အာ ဟျောင်း မပြေးနဲ့လေ။ ချုပ်ရိုးကအခုမှကျက်ခါစရှိသေးတာ"

"ခပ်မြန်မြန်လျှောက်ရုံပါ။ ဟျောင်း မပြေးပါဘူး"

ထိုအချိန် လူအများကသူတို့ကိုဝိုင်းကြည့်နေကြတာသတိထားမိသဖြင့် နှစ်ယောက်သားရှက်သွားကြသည်။

"ပစ္စည်းတွေကဒါပဲလား။ ကျွန်တော်ဘာသယ်ပေးရဦးမလဲ"

ကင်ဆော့ဂျင် လက်ထဲတွင်ကိုင်ထားသောအိတ်ကိုလှမ်းယူရင်း ဂျွန်ဂျောင်ကုမေးလိုက်၏။

"ဒါပဲ"

"အဲ...ဟျောင်းအတွက်"

ဂျွန်ဂျောင်ကုလွယ်အိတ်ထဲထည့်ကာသိမ်းထားသည့်ပန်းစည်းလေးကို ကင်ဆော့ဂျင်အားပေးလိုက်သည်။ ပန်းစည်းလေးကလှပသည့်ပုံပေါ်သော်လည်း အနည်းငယ်ကျိုးကြေနေ၏။

"တောင်းပန်ပါတယ်။ ကားပေါ်မှာလူတွေကြပ်နေတာနဲ့ဖိမိလာတယ်ထင်တယ်။ မကျိုးအောင်သယ်လာပါတယ်ဆိုမှ"

သူ့ပန်းစည်းသူကြည့်ပြီးစိတ်ညစ်သွားကာ ဂျွန်ဂျောင်ကုရေရွတ်မိသည်။ သို့သော်ကင်ဆော့ဂျင်ကပန်းစည်းကြေနေသည်ကိုဂရုမစိုက်ဟန်ဖြင့်လှမ်းယူလိုက်၏။

"ကျေးဇူးပါ"

ကင်ဆော့ဂျင်ကသူပေးသည့်လက်ဆောင်ကိုသဘောကျသဖြင့်ဂျွန်ဂျောင်ကုပြုံးရယ်မိသည်။

"ဟျောင်း... ကျွန်တော်ပြောထားတာမှတ်မိလား"

"ဘာကိုလဲ"

"ဟျောင်းနေကောင်းရင် ဒီနားကနာမည်ကြီးအမဲသားစွတ်ပြုတ်ဆိုင်မှာတူတူစားကြမယ်ဆိုတာလေ"

"အာ..မှတ်မိတာပေါ့"

"အခုသွားကြရအောင်"

"အိုကေ"

"အဲ... အရမ်းပူတာအရမ်းစပ်တာအရမ်းအေးတာအရမ်းမာတာတွေမစားရဘူး။ အရွက်များများစားရမယ်နော်"

"ဂျွန်ဂျောင်ကု-ရှိ ရဲ့အမိန့်အတိုင်းပါပဲ"

ထိုစကားကြောင့် ဂျွန်ဂျောင်ကုရယ်လိုက်၏။ ထို့နောက်နှစ်ယောက်သားအတူဆေးရုံမှထွက်လာခဲ့သည်။ လမ်းတစ်လျှောက်စကားတွေပြောရင်း ဂျွန်ဂျောင်ကုတို့ရယ်မောမိကြ၏။ ပထမဆုံးအနေဖြင့်ကင်ဆော့ဂျင်ကိုဆေးရုံဝတ်စုံနှင့်မဟုတ်ဘဲတွေ့ရှိရသည်ဖြစ်ရာ ဂျွန်ဂျောင်ကုမငေးမိဘဲမနေနိုင်။ ဆွယ်တာပွပွလေးနှင့်ဂျင်းဘောင်းဘီဝတ်ထားသောကင်ဆော့ဂျင်ကလူအများကြားထဲတွင်တောက်ပနေသည်။ ဖြစ်နိုင်လျှင်ကင်ဆော့ဂျင်ကိုလူတွေဝိုင်းမကြည့်အောင် အင်္ကျီအောက်ထဲထိုးထည့်ထားချင်၏။ တစ်ဖက်တွင်လည်းကင်ဆော့ဂျင်မှာ ဂျွန်ဂျောင်ကုဘယ်လောက်တောင်ဆွဲဆောင်မှုရှိသလဲမျက်ဝါးထင်ထင်တွေ့မြင်ရသည်။ ဂါကင် အမည်းပွပွနှင့် ဘောင်းဘီအမည်းရောင်ကိုဝတ်ဆင်ထားကာ ဆံပင်ကိုထုံးစံအတိုင်းအရှေ့သို့မချထားဘဲအနောက်ဘက်ကို ဆံပင်ဂျလ် ဖြင့် သပ်တင်ထားသော ဂျွန်ဂျောင်ကုကအထာကျကျမိမိုက်နေ၏။ အနားမှဖြတ်သွားသောကောင်မလေးများက ဂျွန်ဂျောင်ကုကိုမျက်လုံးအဝိုင်းသားကြည့်နေကြတာမြင်လျှင် အနည်းငယ်တော့အူတိုသည်။ သို့သော်တစ်ယောက်ကိုတစ်ယောက်အူတိုနေမိကြောင်းကိုနှစ်ယောက်လုံးမသိကြ။

x            x             x

"ကင်ဆော့ဂျင်-ရှိ ထိုင်ပါဦး"

သုံးကြိမ်မြှောက်ဓာတ်ကင်ချိန်တွင် ဂျွန်ဂျောင်ကုကစာမေးပွဲရှိသဖြင့်မလာနိုင်။ ထို့ကြောင့်ကင်ဆော့ဂျင်တစ်ယောက်တည်းဆေးရုံသို့လာခဲ့ရ၏။ ဂျွန်ဂျောင်ကုကဖြေပြီးတာနှင့်တန်းလာခဲ့မည်ဟုဆိုသော်လည်း ကင်ဆော့ဂျင်ကမလာခိုင်းခဲ့။ ဓာတ်ကင်ပြီးနောက်ဗိုက်ကပြန်အောင့်လာသဖြင့် ဆရာဝန်ထံသို့ဆေးပြန်စစ်ရန်ထွက်လာခဲ့သည်။ ဆရာဝန်ကထုံးစံအတိုင်း ကင်ဆော့ဂျင်ကိုစမ်းသပ်စစ်ဆေးပေး၏။ ထို့နောက်ရောဂါလက္ခဏာကိုမသင်္ကာသဖြင့်ဓာတ်မှန်ရိုက်ခိုင်းသည်။ ဓာတ်မှန်ကိုစောင့်နေတုန်းဂျွန်ဂျောင်ကုဆီကစာရောက်လာသဖြင့်ကင်ဆော့ဂျင်ဖွင့်ဖတ်လိုက်၏။

"ဟျောင်း အဆင်ပြေလား။ ကျွန်တော်ခဏနေရင်စာမေးပွဲဖြေရတော့မှာ။ ပြီးရင်လာခဲ့ရမလား"

"ရတယ်။ မလာနဲ့။ ဟျောင်းနေကောင်းပါပြီကွ"

ကင်ဆော့ဂျင်စာပြန်ပို့လိုက်ကာဖုန်းပြန်ပိတ်လိုက်သည်။ထို့နောက်ဓာတ်မှန်ထည့်ထားသောစာအိတ်ကိုယူကာဆရာဝန်ဆီသို့ပြန်ထွက်လာခဲ့၏။ ဆရာဝန်ကသူ၏ဆေးစစ်ချက်ကိုစစ်ဆေးပြီးနောက် သက်ပြင်းချလိုက်သည်ကိုမြင်သဖြင့်ကင်ဆော့ဂျင်စိတ်မအေးဖြစ်ရသည်။ ဆရာဝန်ပြောမည့်စကားကိုစိတ်ပူစွာဖြင့်စောင့်ဆိုင်းနေမိ၏။

"ဆော့ဂျင်-ရှိ"

"ဟုတ်ကဲ့"

"ပြောရမှာတော့စိတ်မကောင်းပါဘူး။ ဆော့ဂျင်-ရှိရဲ့ ကင်ဆာကအခြားကလီစာတွေထိပါဆက်လက်ပြန့်နေတယ်"

ထိုစကားကကင်ဆော့ဂျင်ကိုတုန်လှုပ်သွားစေသည်။ ကင်ဆာရောဂါကိုပျောက်ကင်းသွားပြီဟုကင်ဆော့ဂျင်ကသတ်မှတ်ခဲ့တာမဟုတ်လား။

"အစာအိမ်ကိုခွဲထုတ်လိုက်တဲ့အချိန်မတိုင်ခင်တည်းက ကင်ဆာကအခြားကလီစာတွေဘက်ကိုကူးစက်နေခဲ့တဲ့ပုံပေါ်တယ်။ ဒါပေမယ့်အဲ့အချိန်မှာပမာဏကနည်းသေးတော့ဓာတ်မှန်နဲ့ရောသာမာန်မျက်စိနဲ့ရောမမြင်နိုင်ခဲ့ဘူး။ အခုမှလက္ခဏာပြတာက ဓာတ်ကင်လိုက်လို့သူ့ဘက်ကတုံ့ပြန်တဲ့သဘောပဲ။"

"ဒါဆို..ဒီကင်ဆာကိုအမြစ်ဖြတ်ကုလို့ရနိုင်မလား"

ကင်ဆော့ဂျင်မျှော်လင့်ချက်ဖြင့်မေးလိုက်၏။

"ဓာတ်ကင်ပြီးကြီးထွားနှုန်းနှေးအောင်တော့လုပ်လို့ရမယ်။ လုံးဝပျောက်ကွယ်သွားအောင်လုပ်ဖို့ကတော့ခက်ခဲလိမ့်မယ်။"

ဆရာဝန်၏အဖြေကြောင့် ကင်ဆော့ဂျင်ခေါင်းစိုက်ကျသွားသည်။ အတော်ကြာတဲ့အထိခေါင်းပြန်မော့မလာသလို၊ စကားလည်းမပြောခဲ့။ နောက်မှခပ်တိုးတိုးစကားသံထွက်လာ၏။

"ကျွန်တော်..အချိန်ဘယ်လောက်ရနိုင်ဦးမလဲ"

ကင်ဆော့ဂျင်အသံကိုမတုန်ရီစေအောင်ကြိုးစားရင်း​မေးလိုက်သည်။

"ဆေးရုံတက်ရင်တော့ကျွန်တော်တို့ခြောက်လအထိအသက်ရှင်အောင်ကူပေးလို့ရမယ်။ ဒီအတိုင်းဆိုရင်တော့ အလွန်ဆုံးနှစ်လပဲခံလိမ့်မယ်"

လူတွေကသူတို့သေတော့မည်ဟူသောအသိဝင်သွားသောအခါပထမဆုံးအနေနဲ့ သူတို့ရဲ့ချစ်မြတ်နိုးတဲ့အရာတွေကိုစဉ်းစားတတ်ကြ၏။ အချို့သူတွေကသူတို့၏မိဘတွေ၊ မြေးမြစ်တွေ၊ အချို့သောသူတို့က သူတို့၏ငွေကြေးဥစ္စာ။ ကင်ဆော့ဂျင်ကတော့ဂျွန်ဂျောင်ကု၏ပုံရိပ်ကိုမြင်ယောင်မိသွားသည်။ သူဆေးရုံဆင်းတုန်းကပျော်ရွှင်နေသည့်ဂျွန်ဂျောင်ကုသာဒီအကြောင်းကိုသိလျှင်ဘယ်လိုများနေမလဲ။ ထိုအတွေးနှင့်အတူကင်ဆော့ဂျင်နှလုံးသားကတစ်ဆစ်ဆစ်နာကျဉ်လာသည်။ ထိုအခါမှသူ့ကိုယ်သူဂျွန်ဂျောင်ကုကိုသဘောကျနေမိမှန်းရိပ်မိသွား၏။

"ဟားး... အရူးပဲသေခါနီးမှဒီကိစ္စကိုရိပ်မိရတယ်လို့"

ကင်ဆော့ဂျင်မျက်ရည်များဝဲတက်လာကာတစ်ကိုယ်တည်းကြားရုံရေရွတ်လိုက်သည်။ နောက်ဆုံးတွင်ကင်ဆော့ဂျင်ဆုံးဖြတ်ချက်ချလိုက်၏။ သူဆေးရုံကုတင်ထက်တွင်လှဲနေရင်းမသေဆုံးချင်။ ဂျွန်ဂျောင်ကုနှင့်အတူလျှောက်လည်ရင်းနှစ်လအချိန်ကိုအတူဖြတ်သန်းရန်ဆုံးဖြတ်လိုက်သည်။

"ကျွန်တော့ကိုအကိုက်အခဲပျောက်ဆေးများများသာထည့်ပေးပါဒေါက်တာ"

မျက်ရည်များမကျအောင်ထိန်းထားရင်းပြုံးနေသောကင်ဆော့ဂျင်ကိုကြည့်ရင်း ဆရာဝန်ဘက်မှာမျက်နှာမကောင်း။ သူနာပြုမင်လည်းအခန်းထောင့်သို့ကပ်ကာမျက်ရည်ဝဲနေရသည်။ နှစ်ပတ်စာဆေးယူပြီးကင်ဆော့ဂျင်ဆေးရုံမှထွက်လာခဲ့ပြီးနောက် ခြေလှမ်းများတုန့်နှေးစွာဖြင့် ဆိုးလ်မြို့ထဲတွင်ဦးတည်ရာမဲ့လမ်းလျှောက်နေမိသည်။ ကင်ဆော့ဂျင်အိမ်မက်ဆိုးတစ်ခုကိုမက်နေသလိုခံစားရ၏။ သို့ပေမယ့်ထိုအရာကအိမ်မက်ဆိုးမဟုတ်ဘဲလက်တွေ့ဘဝဖြစ်နေသည်။ 

"ဟင် ဟျောင်း"

ခေါ်သံကြောင့်ကင်ဆော့ဂျင်မော့ကြည့်မိသည်။ ဂျွန်ဂျောင်ကုသူ့ဆီအမြန်ပြေးလာကာသူ၏အပေါ်ဝတ်ကိုခေါင်းပေါ်သို့ခြုံပေးလိုက်၏။

"ဘာလို့မိုးရွာထဲထီးမဆောင်းဘဲသွားနေတာလဲ"

ထိုအခါမှမိုးရွာနေမှန်းကင်ဆော့ဂျင်သတိရသွားသည်။ မိုးစက်များသူ့ပေါ်ကျနေသည်ကိုသတိမထားမိနိုင်လောက်အောင်သူအတွေးများနေခဲ့တာပဲ။ ဂျွန်ဂျောင်ကုသူ့အပေါ်အနွေးထည်ကိုလွှားခြုံပေးရင်း အမိုးရှိသည့်နေရာကိုခေါ်သွား၏။

"ကျွန်တော်စိတ်မချလို့လိုက်လာတာ ဟျောင်းနဲ့တန်းတိုးတာပဲ။"

ကင်ဆော့ဂျင်ရဲ့ကိုယ်ပေါ်မှရေစက်များကိုခါပေးလိုက်သည်။ ထို့နောက်ကင်ဆော့ဂျင်၏ဦးထုပ်ကိုချွတ်ပြီး တိုနံ့နံ့ဆံစများကိုရေခြောက်အောင်သုတ်လိုက်၏။ လွန်ခဲ့သည့်အပတ်ကဓာတ်ကင်ပြီးနောက် ဆံပင်များစတင်ကျွတ်လာသဖြင့် ကင်ဆော့ဂျင်ကိုဂျွန်ဂျောင်ကုကိုယ်တိုင်ဆံပင်ရိတ်ပေးခဲ့ခြင်းပင်။ ကတုံးမတုံးစေချင်သဖြင့် လက်မဝက်အရှည်အထိသာတိုပေးခဲ့သည်။ ဆံပင်အရှည်ကောက်ကောက်လေးကိုဂျွန်ဂျောင်ကုနှမြောသော်လည်း ယခုသို့ညှပ်ချရသည်ကလည်းမဖြစ်မနေကြောင့်သာ။ ဆံပင်ခြောက်အောင်သုတ်ပေးနေရင်း ကင်ဆော့ဂျင်မျက်နှာမကောင်းတာကိုဂျွန်ဂျောင်ကုသတိထားမိသွား၏။

"ဟျောင်း.. ဆေးရုံမှာတစ်ခုခုဖြစ်ခဲ့လို့လား"

"မဖြစ်ပါဘူး။ ဘာလို့လဲ"

ကင်ဆော့ဂျင်ခေါင်းခါကာ ချက်ချင်းပြုံးပြလိုက်သည်။

"မသိဘူး။ မျက်နှာမကောင်းလို့"

"ဟျောင်း..အတွေးများနေလို့ပါ။ ဘာမှမဖြစ်ဘူး။ ဂျောင်ကုအခုအားပြီမလား။ မုန့်ဆိုင်ကောင်းကောင်းတစ်ခုတွေ့ထားတယ်။ ဟျောင်းနဲ့အတူတူသွားရအောင်"

ဂျွန်ဂျောင်ကု၏သံသယဝင်မှုကိုအားရုံလွှဲသည့်အနေနှင့်ကင်ဆော့ဂျင်စကားလှမ်းလွှဲလိုက်၏။

"စားလို့ရပေမယ့်.. အရမ်းပူတာအရမ်းအေးတာအရမ်းစပ်တာအရမ်းမာတာတွေမစားရဘူးနော်"

"အေးပါ။ အေးပါ"

ကင်ဆော့ဂျင်ကော်ဖီကိုနွေးသွားမယ့်အထိစောင့်နေရင်း ဂျွန်ဂျောင်ကုကိုငေးကြည့်နေသည်။ ဂျွန်ဂျောင်ကုကသူ၏မုန့်ကိုသာအာရုံစိုက်စားနေ၏။ သူမုန့်စားနေချိန်တွင်ပါးလေးမှာအရင်ကထပ်ပို၍ဖောင်းလာပြီးနှုတ်ခမ်းလည်းပိုဆူသွားသည်။ ကလေးလေးတစ်ယောက်လိုမုန့်စားနေသည့် ဂျွန်ဂျောင်ကုကြောင့်ကင်ဆော့ဂျင်ပြုံးရယ်မိသည်။

"ဖြည်းဖြည်းစား။ နင်မယ်"

"ဟုတ်။ ဟျောင်း"

ဂျွန်ဂျောင်ကုကိုကြည့်ရင်း ကင်ဆော့ဂျင်အတွေးတစ်ခုဝင်သွား၏။

"ဂျောင်ကု-အာ.."

"ဟုတ်ကဲ့"

"စားမေးပွဲပြီးဖို့ဘယ်နှရက်လိုသေးလဲ"

"အမ်..နောက်လေးရက်လောက်လိုသေးတယ်"

"ဒါဆိုရင်... ဟျောင်းနဲ့နောက်အပတ်ကျရင်ခရီးသွားကြမလား"

ဆရာဝန်ကသူ့အားအလွန်ဆုံးနှစ်လသာကျန်တော့သည်ဟုပြောထားသည်။ ထိုအဓိပ္ပာယ်မှာကင်ဆော့ဂျင်ရှင်သန်ဖို့ကျန်ရှိသည့်အချိန်တစ်လလည်းဖြစ်နိုင်သည်။ တစ်လခွဲလည်းဖြစ်နိုင်သည်။ နှစ်လထပ်တော့မကျော်ဟုပြောခြင်းပင်။ နောက်လကိုယ်ရှင်သန်ဦးမလားမသိနိုင်သည့်အချိန်ဖြစ်သဖြင့်

You are reading the story above: TeenFic.Net