(၄၄)
Background color
Font
Font size
Line height
Unicode
မန္တလေးမြို့။
ညခုနစ်နာရီအချိန်တွင် မန္တလေးမြို့ကြီးသည် အမှောင်ထုထဲ၌ မီးရောင်များ တလတ်လတ်နှင့် တောက်ပနေသည်။ အဝါရောင် လမ်းမီးများက တစ်လမ်းလုံးအပေါ် ဖြာကျပေးလျက်ရှိနေ၏။ မီးပြတ်နေသည့် ဓာတ်တိုင်များအနီးတွင်တော့ ကွက်၍အရိပ်ကျနေလေသည်။ လမ်းအပြည့်တွင် နေရာယူထားသော ကား၊ ဆိုင်ကယ်တို့၏ မီးများကလည်း လမ်းတစ်လျှောက်တွင် လင်းထိန်နေသည်။ လမ်းဘေးရှိ ဆိုင်များမှ အကင်နံ့၊ ဟင်းရည်နံ့တို့ကလည်း လေထုထဲ၌ သင်းပျံ့နေသည်။ ဆိုင်ကယ်စက်သံ၊ ကားသံ၊ တဝီဝီကြား ထိုဆိုင်များမှ စကားသံတို့ကလည်း ဆူညံနေ၏။ လက်ဖက်ရည်ဆိုင်၊ အင်တာနက်ဆိုင်တို့ဆီမှ သီချင်းသံတို့ကိုလည်း ဆူညံစွာ ကြားနေရသည်။ မန္တလေးမြို့ကြီးသည် အမှောင်ထုကို အံတုလျက် အလင်းများ၊ အသံများနှင့် လှုပ်ရှားသက်ဝင်နေလေသည်။
လင်းသစ်သည် မီးပွိုင့်မှ မီးနီပြသဖြင့် ဆိုင်ကယ်ကို အရှိန်သတ်ကာ ရပ်ထားလိုက်သည်။ သူ့ဘေးတွင် သူ့နည်းတူ ရပ်ထားကြသည့် ဆိုင်ကယ်များ၊ ကားများအပြည့်ရှိနေ၏။
လင်းသစ်သည် မီးပွိုင့်နီနီကို စိုက်ကြည့်ရင်း မြင်ကွင်းများက ဝေဝါးလာသည်။ ရင်တွင်း၌ ခံစားချက်တို့ စုပြုံကာ လည်ချောင်းဝတွင် တစ်ဆို့လာသည်ဟု ခံစားရသည်။ ဆိုင်ကယ်လီဗာကို ဆုပ်ကိုင်ထားသည့် လက်များက ညလေအေးတို့၏ ဖြတ်တိုက်သည့်ဒဏ်ကိုခံရင်း အေးနေသော်ငြား သူ့လက်ကို တင်းတင်းဆုပ်ကိုင်ခဲ့သည့် တစ်စုံတစ်ယောက်၏ အနွေးဓာတ်လေးကိုလည်း ခံစားနေရသည်။ လီမွန်ခေါင်းလျှော်ရည်နံ့သင်းသင်းကလည်း နှာဝမှာ သင်းပျံ့နေဆဲ။ ညာဘက်ပုခုံးထက်က အငွေ့အသက်ကလည်း စွဲထင်ကျန်နေဆဲပဲ။ လင်းသစ်သည် ဖြစ်နိုင်မည်ဆိုပါက အတ္တကြီးစွာဖြင့် ညီကို သူ့ဆိုင်ကယ်ပေါ် ခေါ်တင်လာခဲ့ချင်မိသည်။ သို့ရာတွင် မဖြစ်နိုင်မှန်းလည်း သူသိပါသည်။
ကိုယ့်စိတ်ကိုယ်ပင် မနည်းဖျန်ဖြေနေရသည်မို့ ညီ့ကိုလည်း သူ ကောင်းစွာမနှစ်သိမ့်ပေးနိုင်ခဲ့ပါ။ တစ်လျှောက်လုံး ပြောဖို့ရန် ပြင်ဆင်ထားခဲ့သည့် နှစ်သိမ့်စကားများသည် ညီ့ရှေ့လည်းရောက်ရော မည်သို့မျှပြောမထွက်ခဲ့ပါပေ။ ညီ့အကြောက်တရားတွေကို သေချာကြည့်စရာမလိုအောင်ကို အတိုင်းသားမြင်နေသည့် အဖြစ်သည် ဝဋ်ကြွေးတစ်ခုနှင့်တူသည်။ ညီ့မျက်လုံးများမှာ မျက်ရည်တွေ ခိုတွဲနေသည့် ပုံရိပ်ဟာ သူ့ကို ရင်နာစေ၏။ ပို၍ရင်နာစရာကောင်းသည်က ထိုမျက်ရည်များကို သူ ဖန်တီးခဲ့မိသည်တဲ့လေ။ ထို့အပြင် ညီ့ရဲ့ ထိန်းချုပ်နေရသည့် အမူအရာတွေ၊ ငိုချင်လျက်နဲ့ မငိုနိုင်၊ မငိုရက်ဖြစ်နေသည့် ပုံတွေဟာ လင်းသစ် နှလုံးသားကို အရှိန်ပြင်းပြင်းနှင့် ဝင်တိုက်၍ အစိတ်စိတ်အမွှာမွှာ ဖြစ်စေသည်။
လင်းသစ်သည် ပြည့်လျှံလာသည့် မျက်ရည်များကို မသုတ်မိသဖြင့် မျက်ရည်များက ပါးပြင်ပေါ်သို့ နယ်ကျော်လာ၏။ မီးအနီဟာ အစိမ်းရောင်သို့ ပြောင်းသွားသည်။ သို့သော် လင်းသစ် ငူငူကြီး ရပ်ကြည့်နေမိဆဲပင်။ သူ့စိတ်ထဲ၌ ယိုင်နဲ့နေသည့် ညီ့ပုံရိပ်သာ ကြီးစိုးနေ၏။ ထိုပုံရိပ်သည် လင်းသစ်ကိုလည်း အလဲလဲအပြိုပြို ဖြစ်စေပါသည်။
"ကန်းနေလား၊ မီးစိမ်းနေပြီကွ"
"မီးစိမ်းနေပြီနော် ကိုယ့်လူရေ"
"ရူးနေလား။ မသွားဘဲ ပိတ်ရပ်နေတာ"
"မသွားဘူးလား၊ ဘာရပ်လုပ်နေတာလဲ"
လမ်းအလယ်၌ ရပ်နေမိသော လင်းသစ်ကို ဘေးက ဆိုင်ကယ်သမားများမှ လှမ်း​အော်ပြောသွားသော စကားများပင်ဖြစ်၏။ အချို့ကလည်း သတိပေးသွားသလို၊ အချို့ကလည်း ဆဲသွားကြသည်။ ထိုအသံများကို ကြားခါမှပဲ လင်းသစ် ပြန်သတိကပ်မိ၏။ ထို့ကြောင့် မျက်ရည်များကို မသိမသာသုတ်ရင်း မျက်တောင်ကို အဖန်ဖန် ပုတ်ခတ်ရပြီးမှ ဆိုင်ကယ်စက်နှိုးပြီး ရှေ့ဆက်ထွက်လာခဲ့မိသည်။ လင်းသစ် မီးပွိုင့်ကို မကျော်ခင်မှာဘဲ မီးက လိမ္မော်ရောင်ဖြစ်နေချေပြီ။
လမ်းမကြီးများကို ဖြတ်ကျော်လာပြီးနောက် နေထိုင်ရာ ရပ်ကွက်ထဲသို့ ဝင်ရောက်လာခဲ့သည်။ လင်းသစ်တို့မိသားစု နေထိုင်သော ရပ်ကွက်က သူဌေးရပ်ကွက်ဟုတော့ ဆိုနိုင်ပေမည်။ ခြံဝင်းကျယ်ကျယ်အတွင်းရှိ အိမ်တိုင်းလိုလိုသည် တိုက်အိမ်များဖြစ်ပြီး ကားများလည်းရှိကြသည်။ ငယ်စဥ်ကတည်းက ပြောင်းရွှေ့နေထိုင်လာခဲ့သည်မို့ လင်းသစ်အဖို့ သည်ရပ်ကွက်လေးနှင့် အလွန်တရာမှ အကျွမ်းတဝင်ရှိနေပြီဖြစ်သည်။
ခြံရှေ့ရောက်တော့ ခြံစောင့်အစ်ကိုကြီးက ခြံတံခါးလာဖွင့်ပေး၏။ ထို့နောက် လင်းသစ်နားကို ကပ်ကာ လေသံကိုနှိမ့်၍ ပြောလာသည်။
"ဆရာရောက်နေတယ် ငါ့ညီ။ သိပ်အခြေအနေ မကောင်းဘူးထင်တယ်"
အစ်ကိုကြီးက လင်းသစ်ကို စိုးရိမ်ဟန်ဖြင့် သတိပေးကာ ပြောလာသည်။ လင်းသစ်သည် သက်ပြင်းကို မသိမသာချရင်း ခေါင်းကိုသာ အသာညိတ်ပြလိုက်မိသည်။ ကုန်ခန်းနေသည့် အားအင်များကို ပြန်လည်စုစည်းပြီးနောက် ခြံထဲသို့ ဆိုင်ကယ်သွင်းကာ အိမ်ထဲဝင်ခဲ့လိုက်သည်။
အိမ်ထဲသို့ ဝင်ဝင်ချင်းတွင်ပင် ဧည့်ခန်း၌ ထိုင်နေသည့် ဒယ်ဒီနှင့် မာမီတို့ကို တွေ့လိုက်ရသည်။ လင်းသစ်သည် အိမ်ပေါ်ပဲ တက်သွားရနိုး၊ ဒယ်ဒီတို့နား ထိုင်ရနိုး တွေးနေရင်း ရပ်နေမိ၏။ မာမီ၏ ပူပန်နေသော မျက်နှာက သူ့ကိုတွေ့တော့မှ ပြေလျော့သွားဟန်ရှိသည်။ 'သားကြီး'ဟုဆိုကာ ချက်ချင်းပင် အနားရောက်လာသည်။ လင်းသစ်သည် မာမီ့ကို နွမ်းလျစွာ ပြုံးပြလိုက်မိသည်။ ဒယ်ဒီကတော့ တည်တင်းလှသော မျက်နှာထားနှင့် သူ့အား စိုက်ကြည့်နေ၏။
"ဘယ်ကပြန်လာတာလဲ သား။ နွမ်းနေတဲ့ပုံပဲ။ ညစာမစားရသေးဘူးမလား။ အရင်စားလိုက်ဦးနော်"
မာမီက သူ့လက်ကိုဆုပ်ကိုင်ရင်း ပြောလာသောအခါ လင်းသစ်၏ ခန္ဓာကိုယ်၌ အပြစ်ရှိစိတ်များက ဖြန့်ကြတ်နေရာယူသွားသည်။
"ဟုတ်၊ မာမီ"
လင်းသစ်သည် မာမီ့ကို ဖြေပြီးနောက် ဒယ်ဒီ့ကို လှမ်းကြည့်မိသည်။ ဒယ်ဒီက သူ့ကို စူးစူးရဲရဲ ကြည့်နေ၏။
"ဒယ်ဒီ ကိစ္စရှိလို့လား။ ညစာရောစားပြီးပြီလား။ မာမီတို့ရော။ သားတို့ အတူစားကြမလား"
ဒယ်ဒီနှင့် မာမီ့ကို တစ်လှည့်စီကြည့်ပြီး လင်းသစ် မေးလိုက်မိသည်။ ဒယ်ဒီက ဆတ်ခနဲ မတ်တပ်ရပ်လိုက်ပြီးနောက် ပြောလာသည်။
"ကိစ္စကတော့ မင်းရှုပ်တဲ့ ကိစ္စပဲ"
လင်းသစ် ခေါင်းငုံ့လိုက်မိသည်။ မာမီက သူ့လက်ကို တင်းတင်းဆုပ်ကိုင်လိုက်၏။
"မသွားရဘူး လင်းသစ်မာန်။ ငါ ခွင့်မပြုဘူး"
ဒယ်ဒီက သူ့အနီးကို တစ်လှမ်းစီလှမ်းလာရင်း မာန်ပါပါပြောသည်။ လင်းသစ်သည် မျက်ခုံးများကို ခံပြင်းစွာ တွန့်ချိုးမိလျက် ဒယ်ဒီ့ကို မော့ကြည့်လိုက်မိ၏။ ဒယ်ဒီကတော့ သူ့ဆုံးဖြတ်ချက်ကို မည်သို့နည်းနှင့်မျှ မပြောင်းနိုင်ဘူးဆိုသည့် ပြတ်သားသော မျက်နှာထားနှင့် လင်းသစ်အား စိုက်ကြည့်နေသည်။
"မရဘူးလေ ဒယ်ဒီ။ သား အကုန်ပြင်ဆင်ပြီးနေပြီ"
"ငါကလည်း မရဘူးလို့ ပြောပြီးသားပဲ။ ငါ လုံးဝခွင့်မပြုဘူး"
"ဒယ်ဒီ..."
လင်းသစ်၏ အသံက မြင့်သွားသည်။ ဝမ်းနည်းစွာဖြင့် အံကိုအသာကြိတ်ထားလိုက်မိ၏။ ဒယ်ဒီက အဆုံးစွန်အထိ သူ့ဆုံးဖြတ်ချက်ကို ပြောင်းမည့်ဟန်မရှိပေ။ မာမီက သူ့လက်ကို ဆုပ်ကိုင်ထားရင်းက ခပ်ဖွဖွ ပုတ်ပေးလာသည်။ ဘာသဘောလဲ။ မာမီကရော ဒယ်ဒီ့သဘောကို လိုက်လျောခိုင်းနေတာလား။
"မရဘူး ဒယ်ဒီ။ သား ဆုံးဖြတ်ပြီးသွားပြီ။ အကုန်လုံးလည်း အဆင်သင့်ဖြစ်နေပြီ"
မာမီ့လက်က မသိမသာ ပြေလျော့သွားသည့်အခါ လင်းသစ် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိသွားသည်။ ဘေးရှိ မာမီ့ကို သူ ငဲ့မကြည့်ရဲသဖြင့် ဒယ်ဒီ့ကိုသာ ပြန်၍စိုက်ကြည့်နေလိုက်မိသည်။ ဒယ်ဒီက တောက်တစ်ချက်ခေါက်သည်။ လင်းသစ်သည် စိတ်ကိုတင်းထားမိ၏။ ဒယ်ဒီက လျှော့ပေးမည့်ဟန်မရှိပါ။ လင်းသစ်သည်လည်း ရပ်တန့်ဖို့ မစဥ်းစားမိ။ သည်လမ်းသည် သူ့နှလုံးသားတစ်ခုလုံးကို နာကျင်စွာ ချနင်းထားရသည့် လမ်းဖြစ်သည်။ သူ လက်မလျှော့နိုင်ပါ။
"လင်းသစ်မာန်၊ မင်း တော်တော်ဖြစ်နေတာလား၊ ဟမ်။ အဲ့ကောင်လေးအတွက်နဲ့ ငါတို့ဆီက ခြေစုံကန်ထွက်ပြီး ​သွားတော့မယ်ပေါ့လေ။ ဟုတ်လား"
သူ့လက်များပေါ်က မာမီလက်က ပြေကျသွားသည်။ ထို့နောက် သူ့ကို တိတ်ဆိတ်စွာ မော့ကြည့်နေသည်ကို မျက်လုံးထောင့်မှ လင်းသစ် မြင်နေရသည်။ လင်းသစ် မာမီ့ကို မျက်နှာချင်းမဆိုင်ရဲသဖြင့် ဒယ်ဒီ့၏ စူးစူးဝါးဝါးအကြည့်များကိုသာ တုန်လှုပ်စွာကြည့်မိသည်။
ဒယ်ဒီသိနေသည်ပဲ။ ဒယ်ဒီက သူ သည်လမ်းကိုရွေးရခြင်းရဲ့ အဓိကအကြောင်းအရင်းကို သိနေသည်ပဲ။ သို့သော် လွဲနေသေးသည်။ ဒယ်ဒီက သူ့ဗီဇအတိုင်း ထင်ရာတွေကို ဇွတ်ဆွဲထည့်နေသေးသည်။
"မဟုတ်ဘူး ဒယ်ဒီ။ သား ဒီလိုလုပ်တာ ညီ့ကြောင့်တစ်ခုတည်းနဲ့ မဟုတ်ပါဘူး။ သား ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ချင်..."
"အဲ့လိုရပ်တည်ချင်တာနဲ့ပဲ မင်းက ငါတို့ကို ဘာမှမတိုင်ပင်ဘဲ လုပ်ချင်ရာတွေ လုပ်ပစ်တယ်ပေါ့လေ။ ပြီးရင်လည်း မင်း သူ့ဆီပဲ ပြန်သွားမှာမလား လင်းသစ်မာန်ရ"
"သား လုပ်ချင်ရာတွေ လုပ်တာမဟုတ်ပါဘူး။ ဖြစ်နိုင်တဲ့အရာတွေ၊ သင့်တော်..."
"အဲ့ကောင်လေးနဲ့ ကိစ္စကတော့ ဘယ်လိုမှသင့်တော်မနေဘူး၊ လင်းသစ်မာန်။ မင်းအတွက် ရည်းစားတော်တော်ရှာနေတာလား၊ ဟမ်။ ဘာလို့ ယောက်ျားချင်းလဲ။ မင်းက မင်းဦးလေးနောက် လိုက်နေတာပဲ။ အဲ့ကောင်လေးက ဘာများမက်စရာရှိနေလို့လဲ။ မင်းကို..."
"ဒယ်ဒီ ထင်တာတွေ မှားနေပြီ"
သူ့စကားများကို အဆုံးထိနားမထောင်ဘဲ ဖြတ်ဖြတ်ပြောနေသည့် ဒယ်ဒီ့ကို သည်တစ်ခါတော့ လင်းသစ် ဖြတ်ပြောမိသည်။ ဒယ်ဒီ့စကားများက နယ်ကျွံလာတော့မည်။ ဘေးရှိမာမီကို သူ အားနာမိသည်။ ဒယ်ဒီကတော့ ဘာကိုမှဂရုမစိုက်ဘဲ သူ့အမြင်နှင့် သူ၏ ဆူပွက်စဒေါသကိုသာ မြင်နေသည်။
"သားက ညီ့ကို ရိုးရိုးရှင်းရှင်းပဲ တွယ်ငြိမိရင်း ချစ်မိသွားတာပါ ဒယ်ဒီရာ။ ညီကလည်း အတူတူပါပဲ။ သားတို့ချစ်တယ်ဆိုတာကလေ... ဒယ်ဒီမိဘ၊ သားရဲ့ ဘိုးဘိုးနဲ့ ဘွားဘွား တစ်ယောက်ကိုယ်တစ်ယောက် ချစ်သလိုမျိုးပါ။ တခြား..."
"ဒါပေမဲ့ မင်းကို ငါတို့က ယောက်ကျားလေးအနေနဲ့မွေးပေးပြီး ယောက်ျားလေးလိုပဲ ပြုစုပျိုးထောင်ပေးခဲ့တာ၊ လင်းသစ်မာန်။ ယောက်ျားချင်းကြိုက်ဖို့၊ အခြောက်တစ်ယောက် ဖြစ်ဖို့မဟုတ်ဘူး..."
"မဟုတ်ပါဘူး ဒယ်ဒီရာ။ သားက ညီ့ကိုပဲ ချစ်မိတာပါ။ ညီ့ကို ယောက်ျားလေးတစ်ယောက်လို့ မမြင်ဘဲ လူတစ်ယောက်လိုပဲ မြင်ကြည့်ပေးပါဗျာ။ သား ညီ့ကို..."
"ငါ-ိုး"
ဒယ်ဒီ့၏ ဆဲသံနှင့်အတူ လက်သီးပြင်းပြင်းတစ်ချက်ကြောင့် လင်းသစ်၏ စကားစတို့က ပြတ်သွားသည်။ လင်းသစ်၏ မျက်နှာသည် ပူခနဲ ခံစားလိုက်ရပြီး လည်ထွက်သွားလျက် ခန္ဓာကိုယ်ကလည်း နောက်သို့ယိုင်သွားသည်။ ဒယ်ဒီက အင်္ကျီကော်လံအား ဆွဲကိုင်၍ သူ့အား နှစ်ချက်မျှ ဆက်တိုက်ထိုးလာသည်။ မာမီက အလန့်တကြားနှင့် 'သား'ဟုဆိုကာ ဒယ်ဒီ့ကို အတင်းဖယ်ထုတ်၏။ ဒယ်ဒီထိုးလိုက်သည့် လက်သီးချက်များထက် ဒယ်ဒီက သူ့အားထိုးလိုက်သည်ဆိုသည့် အသိက လင်းသစ်ကို ပို၍နာကျင်စေသည်။ မာမီက ဒယ်ဒီ့ကို လှမ်းဆွဲပြီးနောက် လင်းသစ်ကို သူ့နောက်မှာထားကာ ဒယ်ဒီ့အား ဒေါသတကြီးနှင့် ပြောသည်။
"ငါ့သားကို လက်မပါနဲ့လို့ ပြောထားတယ်လေ ဟိန်းမာန်"
မာမီက တကယ်ကို ဒေါသထွက်နေဟန်ဖြင့် ဒယ်ဒီ့နာမည်ကိုပင် ခေါ်၍ ခပ်ကျယ်ကျယ်ပြော၏။ လင်းသစ်သည် အောက်နှုတ်ခမ်းကို တင်းတင်းဖိကိုက်မိသည့်အခါ ဒယ်ဒီထိုးထားသည့် အရှိန်ကြောင့် နာသွားမိသည်။ သို့သော် ဝမ်းနည်းမှုကို ထိန်းချုပ်သည့်အနေဖြင့် ဆက်၍ကိုက်ရာ ပေါက်သွားသည်ထင်၊ လျှာဖျားက ငံကျိကျိသွေးအရသာကို ရလိုက်သည်။ လင်းသစ်သည် မျှော်လင့်ထားပြီးဖြစ်သော ဤကဲ့သို့ တုံ့ပြန်မှုများကို အမှန်တကယ် ကြုံရသည့်အခါမှာတော့ ဘာဆက်လုပ်မှန်းမသိတော့ပေ။ ဒယ်ဒီသာ အဆုံးထိလက်မခံလျှင် မည်သို့လုပ်ရမည်နည်းဆိုသည်ကိုလည်း တွေးနေမိသည်။
"မင်းရဲ့သားလုပ်ပုံကို ပြန်ကြည့်ဦးလေ။ ဒီကောင်က ငါတို့မျက်နှာကို အိုးမည်းသုတ်ဖို့လုပ်နေတာ။ ဒီ​ေ-ာက်ခြောက်က..."
"မပြောနဲ့ အဲ့စကားကို"
ဒယ်ဒီ့အသုံးအနှုန်းတို့ကြောင့် လင်းသစ် သိမ်ငယ်လာမိသည်။ အခြောက်တဲ့။ သည်စကားလုံးကို ပတ်ဝန်းကျင်က လူတိုင်းက အပျော်အပျက်အနေနှင့်ရော နှိမ်သည့်သဘောနှင့်​ပါ ပြောတတ်ကြလွန်းသည်။ အမှန်တော့မပြောသင့်ဟု လင်းသစ် ထင်သည်။ ထိုအခြေအနေသည် ထိုသူတို့၏ ရွေးချယ်မှု၊ ဖြစ်တည်မှုဖြစ်သည်။ ထိုဖြစ်တည်မှုကို မဆိုင်သည့်ဘေးလူများက အဘယ့်ကြောင့်များ ဝင်ရောက်ဝေဖန်ပြောဆိုနေရသလဲ။ လူတစ်ဦး၏ ဖြစ်တည်မှုသည် အခြားသူများအတွက် လှောင်ရယ်စရာလည်း မဟုတ်ပါဘဲနဲ့လေ။ ဒယ်ဒီ့ထံမှကြားရသည့် စကားလုံးသည် သူ့အား ရည်ညွှန်းနေသည်ဆိုသည့်အသိနှင့်တင် လင်းသစ် ခံနိုင်ရည်မဲ့လာသည်။
"ငါ့သားကို နင် အဲ့လောက်ထိ ပြောစရာမလိုဘူး ဟိန်းမာန်။ ငါ့သားက သူ့ကိုယ်သူ သိတယ်၊ ထိန်းတတ်တယ်..."
"ဟုတ်တယ်၊ အဲ့ကောင်က သိတယ်။ သိလွန်းလို့ ဒီကိစ္စတွေကို သေချာကို စီစဥ်ခဲ့တာ။ အဝေးကို ခေါ်ထုတ်ခဲ့တာတောင် ရအောင်အဆက်အသွယ် လုပ်ခဲ့တာကွ"
လင်းသစ်သည် ထိုစကားကိုကြားပြီး ရယ်ချင်သွားသည်။ သို့သော်လည်း မရယ်နိုင်။ စိတ်အာရုံတစ်ခုလုံးဟာ ထိုင်းမှိုင်းလို့နေသည်။
လင်းသစ် သိပါသည်။ သူတို့ညီအစ်ကိုနှစ်ဦးကို ရုတ်တရက်ကြီး မန္တလေးကို ပြန်ပို့သည့်ကိစ္စဟာ သည့်အတွက်ကြောင့်ဆိုတာကို လင်းသစ် ရှင်းရှင်းလင်းလင်းပင် သိပါသည်။
"ဒါက သူ့အနေနဲ့ ပထမဆုံးအကြိမ်မို့ ရူးရူးမိုက်မိုက် ဖြစ်နေတာပါ။ နောက်ကျဝေးသွားရင် သွေးအေးသွားမှာ။ ငါ့သားက ဒီလိုကိစ္စတွေကို လုပ်မယ့်သူမဟုတ်ဘူး"
"အေး၊ အဲ့မှာယုံနေလိုက်။ မင်း သားကိုပဲ ယုံပြီး စုံလုံးကန်းနေလိုက် ယဥ်ယဥ်။ ငါကတော့ ကိုယ့်သဘောနဲ့ကိုယ် နိုင်ငံခြားမှာ ပညာသင်သွားမယ့် ကိစ္စရော၊ အဲ့ကောင်လေးနဲ့ကိစ္စကိုရော သဘောမတူနိုင်ဘူး။ ပြောနေတဲ့ကြားကမှ ဆက်လုပ်မယ်ဆိုရင်တော့ ငါက မင်းအဖေမဟုတ်တော့ဘူးလို့ပဲ မှတ်လိုက်တော့၊ လင်းသစ်မာန်"
ဒယ်ဒီက မာမီ့ကိုပြောနေရာမှ လင်းသစ်ကို လှမ်းကြည့်ပြီး ခပ်ပြတ်ပြတ် ပြောသည်။ ထို့နောက် အပြင်သို့ထွက်သွားတော့သည်။ ဒယ်ဒီ၏ ကားစက်နှိုးသံနှင့်အတူ ခြံထဲမှ ထွက်သွားသည့် အသံကိုလည်း ကြားရသည်။
လင်းသစ်သည် ငိုချပစ်ချင်စိတ်ကို အတင်းထိန်းထားရ၏။ ဒယ်ဒီ့ကို သူ ဘယ်လိုဖျောင်းဖြရမှန်း တကယ်ကို မသိတော့ပါချေ။ မာမီ့ကိုရော နားလည်အောင် ဘယ်လိုပြောရမလဲ။ ခုချိန်မှာတော့ နှစ်ယောက်လုံးသည် သူပြောသမျှကို နားဝင်ဦးမည်မဟုတ်။ ကိုယ်စီကိုယ်စီ ထင်မြင်ယူဆချက်များနှင့် ယုံကြည်ချက်များကိုသာ အမှန်ထင်နေကြသည်လေ။
မာမီက ခံပြင်းစွာဖြင့် တောက်တစ်ချက် ခေါက်သည်။ ထို့​နောက် လင်းသစ်ဘက်ပြန်လှည့်ကာ အက်ကွဲ၍ သွေးစို့သွားသော နှုတ်ခမ်းထောင့်ကို အသာပွတ်သပ်ရင်း ဆိုလာ၏။
"အရမ်းနာနေလားဟင် သား။ မာမီ ဆေးထည့်ပေးမယ်နော်။ ခဏထိုင်ဦး"
မာမီက လင်းသစ်ကို ဧည့်ခန်းထဲရှိ ဆိုဖာပေါ်တွင် ထိုင်ခိုင်းပြီးနောက် ဆေးဘူးတွေကို သွားယူသည်။ လင်းသစ်သည် ဆိုဖာပေါ် ငိုင်တိုင်တိုင်နှင့်ပင် ထိုင်ချလိုက်မိသည်။ ညာဘက်နှုတ်ခမ်းတစ်ဝိုက်နှင့် ညာဘက်ပါးက စပ်ဖျင်းဖျင်းနှင့် နာနေသည်။ သို့သော် ရင်ဘတ်ထဲက ပို၍နာပါသည်။ ဒယ်ဒီ၏ မုန်းတီးနေသည့် အကြည့်များသည် သူ့ကို တစိမ့်စိမ့်နှင့် ခြောက်ခြားစေ၏။ မာမီသည်လည်း သူ့ထင်မြင်ချက်နှင့်သူ ဘာမှမမြင်နိုင်ဖြစ်နေသော်ငြား လင်းသစ် အားနာနေမိသည်။ ထို့ပြင် ဒယ်ဒီ့ကိုရော၊ မာမီ့ကိုပါ နားဝင်အောင် မပြောနိုင်ဘဲ သည်လိုမှိုင်နေမိသည့် သူ့ကိုသူလည်း အားမရချေ။
ခုချိန်မှာ သူ ညီ့အနားကိုသာ ပြေးသွားလိုက်ချင်သည်။ ဘဝတစ်ခုလုံးကို တရုတ်စကားပင်တန်းလေးအောက်မှာပဲ မြှုပ်နှံထားလိုက်ချင်သည်။
ပြင်ဦးလွင်နှင့် မန္တလေးကို ဆိုင်ကယ်နှင့် တောက်လျှောက်အသွားအပြန် လုပ်ထားရသည်မို့ ခန္ဓာကိုယ်ကလည်း ပင်ပန်းနေသလို စိတ်ကလည်း ခံစားချက်တွေ စုံနေသဖြင့် နွမ်းလှပြီဖြစ်သည်။ နားချင်လှပြီ။ သို့သော် သူ မတ်တပ်ရပ်လိုက်ပြီး အပေါ်ထပ်ရှိ ကိုယ့်အခန်းထဲကိုသာ ဝင်ခဲ့လိုက်သည်။ ထို့နောက် စာရွက်စာတမ်းများ၊ စာအုပ်များကို ကျောပိုးအိတ်ထဲ၌ ထည့်သည်။ ကျောင်းမှအကူအညီနှင့် မာမီတို့မသိအောင်လုပ်ထားသည့် Passprotနှင့် Visaကိုလည်း ထည့်သည်။ ထိုသို့ထည့်နေစဥ်မှာပဲ မာမီက ဆေးဘူးနှင့်အတူ အခန်းထဲရောက်လာသည်။
"ဘယ့်နှယ့်လုပ်ပြီး အပေါ်တက်သွားရတာတုန်း သားရယ်။ အရင်ဆေးလိမ်းရအောင်"
မာမီသည် အရက်ပြန်၊ ဂွမ်းထုပ်၊ ဘီတာဒိုင်းနှင့် အခြားဆေးများပါသော ထိုဆေးဘူးကို အတော်တော့ရှာခဲ့ရဟန်တူသည်။ ခုတင်ပေါ်တွင် ပစ္စည်းများထည့်နေသည့် လင်းသစ်အနားသို့ ရောက်လာကာ ဆေးလိမ်းပေးရန်ပြင်သည်။ လင်းသစ်က မာမီ့အရပ်ထက်ပင် ခေါင်းတစ်လုံးစာနီးပါး ကျော်နေသူမို့ မာမီက သူ့အား ခုတင်ပေါ် ထိုင်ခိုင်းသည်။ လင်းသစ်သည် မာမီ့သဘောအတိုင်း လုပ်လက်စများကို ရပ်ပြီး ခုတင်ပေါ် ထိုင်လိုက်သည်။ မာမီက သွေးထွက်နေသော သူ့နှုတ်ခမ်းထောင့်က ဒဏ်ရာကို သန့်ရှင်းပေးပြီး ဆေးထည့်ပေးသည်။ ထို့နောက် ရောင်နေသော နေရာများကို ကြပ်ထုပ်ထိုးပေး၏။
အားလုံးပြီးနောက် မာမီက သူ့အား စိတ်သက်သာရာရစေရန် ပြုံးပြလာသည်။ သူ့ဆံပင်ကောက်ကောက်များကိုလည်း လက်နှင့်ထိုးဖွပေး၏။ လင်းသစ်သည် မာမီ့မျက်နှာကို မော့ငေးရင်း ငိုချင်လာမိသည်။ အမြဲကြည်ရွှင်နေတတ်သော မာမီ့မျက်နှာသည် လင်းသစ်ကြောင့် မနေ့ကတည်းက ညှိုးနွမ်းနေရှာသည်။ မနေ့ကဆိုလျှင် မာမီက သူ့ကိုဒေါသတွေထွက်နေသော်ငြား ဘာမှမလုပ်ရက်ဟန်ဖြင့် မျက်ရည်တွေ ဝဲနေခဲ့သည်။ လင်းသစ်မာန်ဟာ ဘယ်လောက်တောင်မိုက်လိုက်တဲ့သားလဲ။
"ဘာတွေလုပ်နေတာလဲ သား။ မာမီ ဘာလုပ်ပေးရမလဲ"
မာမီက သူ့အားမျက်နှာလွှဲလိုက်ပြီး ခုတင်ပေါ်ရှိ စာရွက်များကို ကြည့်ရင်း မေးလာသည်။
"ရတယ်၊ မာမီ။ စုပြီးသားတွေ ထည့်ရုံပဲ"
လင်းသစ်သည် ပြောရင်းနှင့် စာရွက်များကို ထိုင်နေရင်းနှင့်ပင် ပြန်ထည့်လိုက်သည်။ မာမီကတော့ သူ့အား ရပ်ကြည့်နေလေသည်။ စာရွက်များ ထည့်ပြီးတော့ လင်းသစ်သည် အနီးရှိ စားပွဲပေါ်က မာမီဝယ်ပေးထားသော Laptopကို လှမ်းကြည့်လိုက်မိသည်။
"တကယ်သွားမှာလား သား"
မာမီ့အသံသည် လင်းသစ်၏ စိတ်ကို တုန်လှုပ်စေသည်။ ချက်ချင်းမဖြေနိုင်ဘဲ တွေဝေနေမိသော်ငြား လင်းသစ်အတွက် အဖြေကတစ်ခုတည်းသာရှိနေသည်။
"ဟုတ်၊ မာမီ"
"သေချာဆုံးဖြတ်ပြီးပြီလား"
"ဟုတ်ကဲ့။ သား သေချာတယ်"
မာမီက သူ့မျက်နှာအား လေးနက်သောအကြည့်များနှင့် လှည့်ကြည့်လာသည်။ ထို့နောက် သက်ပြင်းသဲ့သဲ့ချ၏။
"သားသဘောပါလေ။ ကိုယ့်လမ်းကိုယ်ဖောက်တာ ကောင်းပါတယ်။ မာမီ့သားက ဒီလိုအရည်အချင်းတွေရှိမှန်း မာမီသိတာပေါ့။ ဒါပေမဲ့... သားရယ်... ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်တာကို မာမီ မတားလိုပေမဲ့ ခြေစုံကန်မှာကိုတော့ မာမီမလိုလားဘူး"
"သား နားလည်ပါတယ် မာမီ။ အရင်က သား မာမီတို့ကို ဆန့်ကျင်ပြီး ဘာမှမလုပ်ခဲ့ဖူးတာ မာမီအသိပါ။ ဒါပေမဲ့... ဒီကိစ္စကိုတော့... လက်ခံပေးစေချင်တယ်..."
"မာမီ နားလည်ပါတယ်ကွယ်။ စာသင်ပြီးရင်တော့ သား သေချာပေါက် ပြန်လာမယ်မလား"
လင်းသစ် ခေါင်းညိတ်ပြလိုက်သည့်အခါ မာမီက တစ်ချက်ပြုံးသည်။
"သား တစ်ခုပြောချင်လို့"
မာမီက 'ပြောလေ'ဆိုသည့် သဘာနှင့် လင်းသစ်အား ကြည့်လာသည်။ လင်းသစ် မာမီ့ကို လေးနက်စွာ မော့ကြည့်လျက်
"သား ညီ့ကိုချစ်တယ်ဆိုတာက မာမီထင်သလို စိတ်ကစားတာမဟုတ်ဘူး မာမီ။ သား သူ့ကိုတကယ်ချစ်တာပါ။ သားရဲ့ ဘဝလက်တွဲဖော်အဖြစ်ထိကို ရည်ရွယ်ထားတာပါ..."
ကွက်ခနဲ ပျက်သွားသော မာမီ့မျက်နှာရိပ်ကို လင်းသစ် ဖမ်းမိလိုက်သည်။
"ဒါပေမဲ့... မာမီတို့ သဘောတူညီချက်မပါဘဲ သား ဘာမှမလုပ်ပါဘူး။ မာမီတို့ လက်ခံအောင် သား ကြိုးစားမှာပါ"
မာမီသည် သက်ပြင်းကို နောက်တစ်ကြိမ်ကိုချပြီး သူ့အား မျက်နှာလွှဲသွားချေ၏။ မာမီ့မျက်နှာသည် ဖြေရခက်နေမှုများ အထင်းသားပင်။
"ပြီးတော့... သား ကျောင်းမှာပဲ သွားနေတော့မလို့။ နောက်အပတ်သွားမှာဆိုတော့ အဲ့မှာပဲနေလိုက်တော့မယ်"
မာမီက ဘာမှပြန်မဖြေချေ။ အကြာကြီး မတ်တပ်ရပ်လျက် မျက်နှာချင်းဆိုင်ရှိ အခန်းနံရံကိုသာ ငေးနေ၏။ လင်းသစ်သည်လည်း ကြမ်းပြင်ပေါ်ရှိ မာမီ့အရိပ်ကို ငေးလျက် ငြိမ်နေမိသည်။ အတန်ကြာကာမှ မာမီက စားပွဲပေါ်ရှိ Laptopကို သွားယူ၍ လင်းသစ် လက်ထဲထည့်လာသည်။
"မေ့နေဦးမယ်"
ထို့နောက် ဗီရိုထဲရှိ အဝတ်အစားများကို ထုတ်ယူသည်။
"ခုညသွားမှာမလား။ မာမီ အဝတ်အစားတွေ ထည့်ပေးမယ်လေ"
မာမီသည် ပြောရင်းဆိုရင်းနှင့်ပင် အဝတ်အစားများကိုထုတ်ယူ၍ လင်းသစ် ဝယ်ထားသည့် Luggageအသစ်ထဲသို့ ထည့်ပေးသည်။ လင်းသစ်သည် မာမီလုပ်သမျှကိုသာ တွေတွေကြီး ကြည့်နေမိ၏။
အဝတ်အစားတွေထည့်ပြီးသောအခါ မာမီက အိတ်ကို လင်းသစ်ထံ လှမ်းပေးလာသည်။ လင်းသစ်သည် Luggageနှင့် ကျောပိုးအိတ်ကို တစ်ဖက်စီကိုင်ရင်း မာမီ့ကိုကြည့်ကာ ပြောစရာစကားများ ပျောက်နေသည်။ မာမီကတော့ ခပ်ဖွဖွ ပြုံးပြနေရှာသည်။
"အားလုံးအတွက် ကျေးဇူးတင်ပါတယ်၊ မာမီ။ မာမီ့ကို စိတ်ရှုပ်စေခဲ့တာတွေအတွက်လည်း သား တောင်းပန်ပါတယ်"
လင်းသစ်သည် ထိုစကားကို တုန်ယင်စွာဆိုလျက် မာမီ့ရှေ့တွင် ဒူးထောက်ပြီး လက်အုပ်ချီကာ ကန်တော့သည်။ မာမီကတော့ ဆိတ်ငြိမ်စွာပင် သူ့အား ကြည့်နေသည်။ ထို့နောက် လင်းသစ် ကျောပိုးအိတ်ကိုလွယ်ကာ Laggageတစ်လုံးနှင့် ဆိုင်ကယ်စီးပြီး ခြံထဲမှ ထွက်လာခဲ့လိုက်သည်။
ည၏လေအေးများက ဆိုင်ကယ်ဦးထုပ်ဆောင်းမထားသည့် လင်းသစ်၏ ဆံပင်များကြားကို တိုးဝှေ့ကာ ဝင်လာသည်။ လင်းသစ်သည် ဒယ်ဒီ့မျက်နှာ၊ မာမီ့မျက်နှာနှင့် ညီ့မျက်နှာတို့ကို တစ်လှည့်စီ မြင်ယောင်လာသည်။ အားလုံးသည် လင်းသစ်အတွက် အရေးကြီးသူများပင်ဖြစ်သည်။ ထို့ကြောင့် လောဘကြီးသည်ပဲဆိုဆို မည်သူ့ကိုမျှ လက်မလွှတ်နိုင်။ သို့သော် ခုချိန်မှာတော့ သူ အကုန်လုံးကို ခေတ္တမျှ လွှတ်ထားရပေဦးမည်။
ထိုညက လင်းသစ် အိုက်ခွန်၏ အခန်းမှာပဲ သွားအိပ်ဖြစ်သည်။ စိတ်ရော၊ လူပါ နွမ်းနယ်နေသည်မို့ ခေါင်းချမိတာနှင့် တန်းအိပ်ပျော်သွားသည်မှာ  ညီ့ကို ဖုန်းဆက်ဖို့မေ့သွားသည်အထိပင်။ မနက်ရောက်သောအခါ သူ သတိရရချင်း ညီ့ထံသို့ ဖုန်းဆက်ခဲ့သေးသည်။ သို့သော် လောကကြီးက သူ့အား ပြင်းထန်စွာ ကျီစယ်လိုက်လေသည်။
~~~~~~~~~~~~~
၂၄.၁၂.၂၀၂၄
°°°°°°°°°°
Zawgyi
မန္တလေးမြို့။
"ရူးနေလား။ မသွားဘဲ ပိတ်ရပ်နေတာ"
You are reading the story above: TeenFic.Net