(၄၃)

Background color
Font
Font size
Line height

Unicode

ချစ်သူရဲ့ အသံဟာ ချစ်နေရသူအဖို့ ဘယ်တော့မှမရိုးနိုင်ဘူးဆိုသည့် စကားကို လင်းသစ် ကြားဖူးသည်။ ချစ်ရသူ၏ ရယ်သံအစ အော်သံအဆုံး နစ်ဝင်မိသူမို့ ချစ်ခင်ရသည်။ ထိုသို့မြတ်နိုးရသော အသံလေးသည် ဂီတသံစဥ်များကြား ကူးခတ်နေပါလျှင်၊ သီချင်းတစ်ပုဒ်ကို သီဆိုနေပါလျှင်ဆိုသည့် အတွေးမျိုး လင်းသစ် တစ်ခါမျှ မတွေးခဲ့ဖူးချေ။ သို့သော် ထိုအဖြစ်က သူ့ထံကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ပါသည်။

လင်းသစ် ကိုယ်တိုင်ပင် မေ့နေခဲ့သော မွေးနေ့ညတွင် ညီက မွေးနေ့လက်ဆောင်အဖြစ် သီချင်းတစ်ပုဒ်ကို ဆိုပြခဲ့သည်။ သီချင်းသံနောက်မှာ လိုက်၍ညည်းဆိုခြင်းမဟုတ်။ သံစဥ်များမပါ၊ သီချင်းသံများမပါ။ ညီ့အသံနှင့် စိုင်းထီးဆိုင်၏ 'ချစ်တာတစ်ခုတည်းသိတယ်'ဆိုသည့် သီချင်းသည်သာ ဖုန်းလိုင်းထဲ နေရာယူနေခဲ့သည်။

နားထဲသို့ တငြိမ့်ငြိမ့် စီးဝင်လာသည့် ညီ့အသံက အရမ်းကောင်းသည်ဟုတော့ မဆိုနိုင်ပါ။ တစ်ခါတစ်ခါတွင် အသံယိုင်သွားတတ်သေးသည်။ သို့သော် နားထောင်၍ အဆင်ပြေပါသည်။ ညီ့အသံဆိုသည့် အသိနှင့်တင် လင်းသစ်မှာ ကူကယ်ရာမဲ့ ပျော်ဝင်နေမိသည်။

"ဘယ်ကစလဲ ဘယ်မှာဆုံးမလဲ
ကိုယ်ကချစ်နေမိတာ
မေးရန်လွယ်ပေမယ့် အဖြေခက်
သိသလိုမသိသလိုပါဘဲ...

နေရာဟာမတည်ငြိမ်ခြင်း
အချိန်ဆိုတာမတည်မြဲခြင်းလို့

ယူဆကြရင်...
အပိုတွေကိုမဆိုတတ်ဘူး
သာမာန်လူတစ်ယောက်မို့လေ
တကယ်ပါမေရယ်... ကိုယ်ကတော့
ချစ်တာတစ်ခုတည်းသိတယ်..."

ထိုခံစားချက်က ပြောရခက်လှသည်။ စိတ်အစဥ်ဟာ မမြင်ရသည့် ညီ့နှုတ်ဖျားမှာ ပြေးလွှားနေရသလို၊ လေဟာနယ်ထဲ ဝဲနေသလို၊ ကမ္ဘာ့အပြင်ဘက် လွင့်ထွက်သွားသလို။ အရာရာဟာ ယိမ်းယိုင်နေသည်ဟု ခံစားမိသည်။ သို့သော် ညီဆိုနေသည့် သီချင်းသံသဲ့သဲ့ကတော့ သူ့အကြားအာရုံထဲတွင် မပြတ်စီးဆင်းလျက်ရှိပေသည်။ လောကနိဗ္ဗာန်ဘုံဟာ ဖုန်းလိုင်းထဲမှာ ရှိနေသည်။ ထိုနိဗ္ဗာန်ကို ညီ ဖန်ဆင်းသည်။ လင်းသစ်ကတော့ ညီပေးသည့် ကောင်းချီးလေးနှင့် ထိုနိဗ္ဗာန်ကို ရနေသူဖြစ်သည်။

ညီ့ရဲ့ သီဆိုသံဆုံးကာမှ လင်းသစ်၏ စိတ်တို့ပြန်ငြိမ်ကျသွားပြီး အခန်းတွင်းကို အယောင်ယောင်အမှားမှား လျှောက်ကြည့်မိသည်။ နားထဲမှာ သီချင်းသံကို ခပ်တိုးတိုး ကြားယောင်နေမိဆဲပဲ။ 'ညီ'ဟု အကြောင်းမဲ့မောဟိုက်နေရင်းမှ သူ ရေရွတ်မိသည်။ ထိုအခါ ပြန်ကြားရသည်က  'ဟုတ်၊ အစ်ကို'တဲ့။ 'အစ်ကိုတော့ရူးတော့မှာပဲ'ဟု လင်းသစ် ဆိုမိတော့ ရယ်သံတိုးတိုးက အကြားအာရုံထဲ နေရာယူလာပြန်တော့သည်။

ထိုညက အိပ်မက်ထဲတွင် လင်းသစ်သည် ပြင်ဦးလွင်က တရုတ်စကားပင်တန်းလေးအောက်သို့ ရောက်နေသည်။ သူ့ဘေးမှာ ညီရှိသည်။ ညီက လင်းသစ် သူရကိုပေးခဲ့သော ဂီတာလေးအား တီးခတ်၍ သူ့အား သီချင်းဆိုပြနေသည်။ လင်းသစ်မှာ ညီ့မျက်နှာကို ငေးမောရင်း ညီဖန်ဆင်းသည့် လောကနိဗ္ဗာန်ထဲ တဝဲလည်လည် ဖြစ်ရပြန်သတဲ့။

••••••••••

မတ်လ။
ပြင်ဦးလွင်မြို့။

နွေရာသီကျောင်းပိတ်ရက်မို့ ခမ်းမောင် အားလပ်နေသည်။ ကျောင်းပိတ်ခါစဖြစ်သဖြင့် ဘာစာမှလည်း ပြန်မကြည့်ဖြစ်သေးပါ။ အိမ်တွင်သာ စာဖတ်လိုက်၊ အိမ်အလုပ်ကူလုပ်လိုက်နှင့် အချိန်ဖြုန်းနေမိ၏။ လွန်းညီကတော့ သူ့ဆီကို မကြာမကြာ လာလည်တတ်ပါသည်။

တနင်္ဂနွေနေ့ဖြစ်သောကြောင့် ဖေဖေတို့ အိမ်မှာရှိနေသည်။ မွန်းလွဲခါစမို့ ခမ်းမောင်ကတော့ နေ့လယ်စာစားပြီး ထုံးစံအတိုင်း ဒန်းပေါ်ထိုင်ရင်း ရောက်တတ်ရာရာ ငေးနေမိသည်။ ဘေးတွင် ပန်းချီစာအုပ်နှင့် ခဲတံတို့ရှိနေသည်။ အစကတော့ ပုံဆွဲမည်ဟုတွေးပြီး ယူထားခြင်းပင်။ သို့သော် ခုထိမဆွဲဖြစ်သေး။

တကယ်တော့ ခမ်းမောင် အလျင်လို အမြဲပန်းချီမဆွဲဖြစ်သည်မှာ အတော်ကြာချေပြီ။ ခဲတံတစ်ချောင်းကိုင်ပြီး စိတ်ထဲမှာ ရှိတဲ့အတိုင်း စာရွက်ဖြူပေါ် ရေးခြစ်နေရသည့် အလုပ်သည် သူ အနှစ်သက်ဆုံးဖြစ်သော်ငြား ယခုမှာတော့ ပုံတစ်ပုံဆွဲဖို့ကိုပင် ကိုယ့်ကိုယ်ကိုယ် မနည်းတွန်းအားပေးနေရသည်။ ပန်းချီဆွဲမည်ဟု စဥ်းစားလိုက်တိုင်း သူ ပန်းချီဆွဲချိန်တိုင်းလိုလိုတွင် ဘေးမှာငေးကြည့်နေပြီး မပြီးနိုင်သည့် စကားများပြောနေတတ်သော တစ်စုံတစ်ယောက်ကို နင့်နင့်နဲနဲ လွမ်းမိသည်။ ထိုအ​ရာကို အကြောင်းပြုပြီး သူ ပန်းချီမဆွဲနိုင်ခဲ့ခြင်းပေ။

အကြောင်းပြချက်ကတော့ ရယ်စရာကောင်းလှသည်။ သို့သော် မရယ်နိုင်။ ရင်ထဲက အလွမ်းမီးသည် အမြဲတမ်း လောင်ကျွမ်းလို့နေသည်။ သည်နေ့တော့ ပို၍တောက်လောင်လို့နေလေသည်။ မနက်ကတည်းက မာန့်ကို သတိရနေမိသည်။ အဆင်မှပြေရဲ့လားဟုလည်း တွေးမိ၏။

ဟိုတစ်လောက ဖုန်းဆက်ကြတော့ သုထက်က ခမ်းမောင်ကို သူ့အား နာမည်တစ်လုံးအဖျားဆွတ်၍ ခေါ်ရန်ပြောသည်။ ပြီးတော့ သူ ကိုယ်တိုင်ပင်ခေါ်ဖို့ ရွေးပေးသည်။ 'မာန်'တဲ့။ သုထက်က အဲ့လိုခေါ်ဖို့ပြောသည်။ ခမ်းမောင် မငြင်းခဲ့ပါ။ လိုလိုလားလားပင် ခေါ်ဖြစ်ခဲ့ပါသည်။

သို့ရာတွင် မာန်ကတော့ မတင်းတိမ်နိုင်သေးဘဲ လွန်းညီကိုပါ နာမည်ကိစ္စသွားပြောသည်။ သူ့ကို 'မာန်'ဟု ခေါ်ခိုင်းပြီး သူက လွန်းညီကို 'လွန်း'ဟု သွားခေါ်သည်တဲ့။ လွန်းညီက ဖုန်းထဲမှနေ၍ သူ့ကို ပြန်ကောသည့်အခါ ခမ်းမောင်ဆီ ပြန်ရောက်လာပြီး တိုင်ပြောသေး၏။ သုထက်မာန်က တကယ့်ကိုကလေးဆန်သည်ပဲ။

ကလေးဆန်ပြီး မရင့်ကျက်သူတွေနှင့် သဟဇာတမဖြစ်လှသည့် ခမ်းမောင်က မာန့်ကိုတော့ ခြွင်းချက်မရှိ တွယ်တာမိပါသည်။ ဟုတ်သည်။ တွယ်တာသည်။ ချစ်ခင်သည်။ ထိုခံစားချက်အဖုံဖုံသည် မာန် သူ့ဘေးမှာ လာထိုင်ကတည်းက ဖြစ်ပေါ်ခဲ့သည်။ ထိုခံစားချက်တို့ကို ခမ်းမောင် ဘယ်တုန်းကမှ မထိန်းချုပ်ဖူးပါ။ အမှန်တိုင်းဆိုရလျှင်တော့ မာန်နှင့်ပတ်သက်ပြီး ခမ်းမောင်မှာ ဘယ်အရာကိုမှ ထိန်းချုပ်နိုင်စွမ်းမရှိပါချေ။

မာန့်အကြောင်းကို တွေးနေတုန်းမှာပဲ တိုက်တိုက်ဆိုင်ဆိုင် ဖေဖေက သားငယ်ဖုန်းဆက်သည်ဟုဆိုကာ ဖုန်းလာပေးသည်။

"ခမ်း"

ခမ်းမောင် ထိတ်ခနဲ ဖြစ်သွားသည်။ မာန့်အသံက တိုးညင်းပြီး တုန်နေသည်ဟု ခမ်းမောင် ထင်မိသည်။

"အင်း၊ မာန်။ ဘာဖြစ်လို့လဲ။ အဆင်ပြေရဲ့လား၊ နေကောင်းရဲ့လား"

"ခမ်း"

ခမ်းမောင်၏ တရစပ်မေးခွန်းများကို မဖြေဘဲ မာန်က ထပ်ခေါ်သည်။ ထို့နောက် ခမ်းမောင် မထူးခင်မှာဘဲ ရေရွတ်ရင်း ထပ်ခေါ်ပြန်သည်။

"ခမ်း"

"ခမ်း"

"မာန်"

ခမ်းမောင်လည်း ပြန်​မဖြေဘဲ မာန့်အမည်ကို ရွတ်လိုက်မိသည်။ ထိုအခါ မာန့်ဘက်က အသံတိတ်သွား၏။ ထို့နောက် သက်ပြင်းချသံကို ကြားရသည်။

"မာန်၊ တစ်ခုခုဖြစ်နေလို့လား။ အဆင်ပြေရဲ့လား"

"ငါ စိတ်ညစ်တယ် ခမ်းရာ"

"ဘာဖြစ်လို့လဲ။ ငါ ဘာလုပ်ပေးရမလဲ"

"ဟင့်အင်း၊ မရဘူး။ မာမီတောင် ပြောလို့မရတာကို..."

အဆက်အစပ်မရှိသော မာန့်စကားကို ခမ်းမောင် နားမလည်။ အတော်ကြာမှ မာန်က ဖြစ်ပျက်သမျှကို ပြောပြသည်။

"လင်းသစ်က scholorshipနဲ့ နိုင်ငံခြားမှာ စာသွားသင်တော့မှာတဲ့။ အဲဒါကို မနေ့ညကမှ ပြောတယ်။ မာမီကလည်း သူ့ကို ဘာမှမတိုင်ပင်လို့ စိတ်ဆိုးနေတာ။ လင်းသစ်က ဘာတွေလုပ်နေမှန်းလဲ မသိဘူးကွာ... မာမီ လုပ်စေချင်တာလည်း မလုပ်ဘူး။ ပြောတာလည်း ဘာမှနားမထောင်ဘူး။ မနေ့ညက မာမီနဲ့ သူနဲ့ စကားများနေကြတာ။ ခုလည်း အဲ့​ကောင် ဘယ်သွားပြန်ပြီလဲမသိဘူး။ လုပ်ချင်ရာတွေပဲ လုပ်နေတာ။ မာမီလည်း စိတ်ရှုပ်နေတယ်။ ဒယ်ဒီကလည်း ရောက်လာမယ်ဆိုလားပဲ။ ဘာတွေဆက်ဖြစ်ကြမလဲမသိဘူး။ ငါ စိတ်ညစ်တယ် ခမ်းရာ..."

မာန့်အသံတွင် ပေါ်လွင်နေသော စိတ်မရွှင်မသာဖြစ်နေမှုများ၊ ရှုပ်ထွေးနေမှုများက သိသာလှသည်။ ခမ်းမောင်သည်လည်း တအံ့တဩဖြစ်နေရပြီး မာန့်၏ တုန်ယင်နေသော အသံကြောင့် ဘာလုပ်ရမှန်းမသိဖြစ်နေသည်။ မိသားစုအရေးဖြစ်သည့်အတွက် လက်လွတ်စပယ်လည်း ပြောလို့မရ။ သို့သော် မာန် ငိုနေမည်ကို စိုးရိမ်ကာ ထိန်းချုပ်နိုင်စွမ်းမရှိဘဲ ခမ်းမောင် နှစ်သိမ့်မိသည်။

"သိပ်ပြီး စိတ်အပင်ပန်းခံမနေနဲ့ မာန်။ ဒါက လူကြီးတွေကိစ္စဆိုတော့ စိတ်ရှုပ်မခံစမ်းပါနဲ့ကွာ"

ခမ်းမောင်သည် ပြောပြီးကာမှ နောင်တရမိသည်။ ထိုစကားကို မာန် နားဝင်လိမ့်မည်မဟုတ်ချေ။ စိတ်များဆိုးသွားမလားဟုလည်း တွေးမိပြီး မာန် အထင်မမှားခင် စကားကိုပြန်ဖြည့်ရသည်။

"ငါပြောချင်တာက... မင်းအနေနဲ့ ဒီကိစ္စကို ဘာမှပါဝင်ဖြေရှင်း​ပေးနိုင်မှာ မဟုတ်ဘူးလေ။ ဒီတော့ သိပ်ပြီးတွေးမနေနဲ့လို့... နောက်ပြီး အစ်ကိုလင်းသစ်က တဇွတ်ထိုး လျှောက်လုပ်တတ်တဲ့သူမှ မဟုတ်ဘဲ။ သူ့မှာ အစီအစဥ်တွေ၊ အကြောင်းအရင်းတွေရှိမှာပါ။ စိတ်မပူပါနဲ့"

မာန်က ဘာမှပြန်မဖြေ။ ခမ်းမောင်၏ စကားကို နားထောင်ပြီး စဥ်းစားနေပုံပေါ်သည်။ ခမ်းမောင်မှာတော့ မာန့်နှာရှုံ့သံကြောင့် ငိုနေသလားဟုတွေးကာ နေမထိ၊ ထိုင်မသာ ဖြစ်နေရသည်။

"အင်းပါ"

မာန်က တစ်နေရာရာကို မှီချလိုက်ဟန်ဖြင့် ထိုသို့ဖြေသည်။ မာန့်လှုပ်ရှားသံများကို ခမ်းမောင် ကြားနေရ၏။

"လွန်းညီကို ဖုန်းဆက်သေးတယ်။ သူ့အမေနဲ့ စျေးလိုက်သွားတယ်တဲ့"

မာန့်ဘက်က ခေါင်းစဥ်ပြောင်းသွားခါမှ ခမ်းမောင် သက်ပြင်းတစ်ချက်ကို ခိုးချလိုက်မိသည်။

တစ်စုံတစ်ယောက်အပေါ် စိတ်ပိုင်းဆိုင်ရာအရဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာအရဖြစ်စေ မှီခိုနေရသည့် ဖြစ်တည်မှု၊ ရှင်သန်မှုမျိုးကို ခမ်းမောင် သဘောမကျပါ။ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာအရပေါ့။ ရုပ်ပိုင်းဆိုင်ရာအရကတော့ သူကိုယ်တိုင်လည်း အမှီအခိုမကင်းသူမို့ သူ့စိတ်ကိုတော့ မည်သို့အပေါ်ကိုမှ မမှီမိအောင် ကြိုးစားနေမိသည်။

ထိုသို့သော စိတ်ဓာတ်သည် ခမ်းမောင်၏ ဖခင်ဖြစ်သူထံမှ အမွေရရှိခဲ့ခြင်းဖြစ်သည်။ ဖေဖေသည် ငယ်စဥ်ကတည်းက သူ့အား လူတိုင်း၊ သတ္တဝါတိုင်းဟာ သံသရာမှာ လည်ပတ်နေကြရင်း တစ်ခဏတာ တွေ့ဆုံကြရသည်ဟု ပြောတတ်သည်။ မည်သည့်အရာကမှ မတည်မြဲသဖြင့် မည်သူ့အပေါ်မှာမှ လိုတာထက်ပို၍ သံယောဇဥ်မထားတတ်ရန် ဆုံးမသည်။ ခမ်းမောင် ကိုယ်တိုင်ကလည်း ထိုစကားများကို လက်ခံခဲ့ပြီး လိုက်နာခဲ့ပါသည်။

သို့သော် ခုတော့ လက်ခံသော်ငြား သူ မလိုက်နာနိုင်တော့ပါ။ သူ၏ ပျော်ရွှင်ခြင်းနှင့် ဝမ်းနည်းခြင်းဆိုသည့် စိတ်ခံစားချက်တို့သည် မာန့်အခြေအနေပေါ်တွင် အထောက်အကန်မရှိ မှီခိုနေမိသည်။ အရာရာဟာ တစ်ခဏတာမှန်းသိပေမဲ့ မာန်နှင့်တော့ တစ်ဘဝစာ မြဲချင်မိသည်မှာ ခမ်းမောင်၏ သေးသိမ်လှသော လိုအင်ဆန္ဒလေးတစ်ခုသာ ဖြစ်သည်။

••••••••••

အရိပ်ရအပင်များ၊ ပန်းပင်များ များများစားစားရှိလှသဖြင့် နေ့လယ်ခင်းအချိန်တွင်ပင် ရာသီဥတုက အေးမြနေသည်။ ​လွန်းညီသည် ဆီ၁ပိဿာတစ်ပုံးနှင့် ကိတ်မုန့်ထုပ်များကို တစ်ဖက်စီ ကိုင်ဆွဲလာသည်။ သိပ်မလေးသော်ငြား ဆီပုံးထည့်လာသည့် အိတ်ကိုင်းလေးက ပါးလှသဖြင့် ဆွဲကိုင်ထားသည့် လက်ချောင်းများကို ညှစ်ထားသလိုဖြစ်နေသဖြင့် လက်တွေတော့ ကျဥ်လာရသည်။ လိုင်းခန်းထဲရောက်ကာမှ ပစ္စည်းတွေချပြီး လက်ကိုပွတ်သပ်မိသည်။ ပြီးနောက် နောက်တွင်ကျန်ခဲ့သော မေမေ့ဆီသို့သွားပြီး ကျန်သည့်ပစ္စည်းများကို သွားသယ်ပေးရသည်။

သည်နေ့ ဖေဖေက မနက်ပိုင်းရုံးနားသဖြင့် မေမေနှင့် စျေးသွားဝယ်ရန် စီစဥ်ထားသည်။ သို့သော် အပြင်လုပ်သွားစရာရှိသောကြောင့် ခဏဟုဆိုကာ ဖေဖေက ထွက်သွားသော်ငြား မေမေက စောင့်ရန် စိတ်မရှည်၍ လွန်းညီအား ခေါ်သွားခြင်းပင်ဖြစ်သည်။ အထည်စတွေကိုတော့ မနိုင်သဖြင့် မှာထားခဲ့ပြီး နောက်နေ့မှ သွားယူရမည်ဖြစ်သည်။

လွန်းညီတို့ အိမ်ရောက်တော့ ဖေဖေက ပြန်ရောက်နှင့်နေပြီ။ ဖေဖေက 'ခင်ကလည်း မောင့်ကိုစောင့်တာမဟုတ်ဘူး'ဟု မေမေ့ကို ပြောနေသော်ငြား နှိုက်ချွတ်ပြီး တစ်စစီဖြုတ်ထားသော ပေါင်းအိုးတစ်လုံးနှင့် အလုပ်ရှုပ်နေသေးသည်။ လွန်းညီသည် အိမ်ရောက်၍ အမောဖြေပြီးနောက် ဂျပန်စာလုပ်ရန်အတွက် အင်တာနက်ဆိုင်သွားဖို့ အပြင်ထွက်ခဲ့လိုက်သည်။

ခြံဝင်းထဲတွင် စနစ်တကျစိုက်ပျိုးထားသော ပန်းပင်များကြောင့် ပန်းနံ့များက သင်းပျံ့နေသည်။ လွန်းညီသည် မြင်နေကြဖြစ်သော်ငြား ခြံဝင်းတစ်ပတ်ကို ပတ်ကြည့်မိလိုက်သေးသည်။ ထိုစဥ် လွန်းညီ တစ်စုံတစ်ခုကို သတိထားမိလိုက်၏။ ခြံထောင့်ရှိ ဆိုင်ကယ်များ၊ စက်ဘီးများရပ်ထားသော နေရာတွင် လွန်းညီ ရင်းနှီးသော ဆိုင်ကယ်တစ်စီးကို တွေ့လိုက်ရသည်။ တကယ်တော့ ထိုဆိုင်ကယ်နှင့် စက်ဘီးအများစုကို လွန်းညီ သိပါသည်။ ပိုင်ရှင်များကိုလည်းသိပါသည်။ သည်ခြံဝင်းထဲတွင် ရှိနေကျမဟုတ်သော ထိုဆိုင်ကယ်အပြာရောင်လေးကိုလည်း သိပါသည်။ ထိုဆိုင်ကယ်သည် အလျင်တစ်ခေါက် အစ်ကို သည်လာတုန်းက စီးလာသည့် အစ်ကို့ဆိုင်ကယ်လေးပင်ဖြစ်သည်။ လွန်းညီ၏ ရင်ထဲလှပ်ခနဲဖြစ်သွားရသည်။ အစ်ကို သည်ကိုရောက်နေသည်လား။

သို့နှင့် နောက်ပြန်လှည့်ရင်း ဟိုဟိုသည်သည် ကြည့်မိသည်။ ပြီးမှ အစ်ကိုသူရတို့၏ အခန်းထဲတွင် ရှိကောင်းရှိလိမ့်မည်ဟု တွေးမိသဖြင့် ထိုအခန်းနားသို့ သွားလိုက်သည်။ ဆက်တိုက်ခုန်လှုပ်နေသည့် ကျယ်လောင်သော နှလုံးခုန်သံကို လွန်းညီ အတိုင်းသား ကြားနေရပါသည်။

ခပ်လှမ်းလှမ်းအရောက်တွင် အစ်ကိုသူရတို့အခန်းထဲမှ ဆိုးဆိုးဆတ်ဆတ်နှင့် ထွက်လာသော တစ်စုံတစ်ယောက်ကြောင့် လွန်းညီ ခြေလှမ်းတွေကို ရပ်လိုက်မိသည်။ အစ်ကိုအောင်ထွေးဖြစ်၏။ မျက်ခုံးများကို တွန့်ချိုးထားပြီး အပြင်သို့ ခြေလှမ်းကျဲကြီးများနှင့် လှမ်းလျှောက်ရင်း ထွက်လာသဖြင့် လွန်းညီ လန့်သွားမိသည်။ အစ်ကိုအောင်ထွေးက သူ့အား အစောတုန်းက မ​မြင်သေးဘဲ အနီးရောက်မှမြင်သည်။ လွန်းညီသည် အချိုသာဆုံးပြုံးပြလိုက်မိ၏။ အစ်ကိုအောင်ထွေးက မျက်နှာတင်းတင်းကို ဖြေလျှော့လိုက်ဟန်ဖြင့် လွန်းညီ အနီးကိုရောက်လာသည်။

"အစ်ကိုအောင်ထွေး"

ကိုယ့်ဘက်မှစ၍ လွန်းညီ ခေါ်လိုက်မိသည်။ အစ်ကိုအောင်ထွေးက သူ့ရှေ့မှာရပ်လိုက်ပြီး 'အင်း၊ လွန်းညီ'ဟု ထူးသည်။

"တစ်ခုခုဖြစ်လာလို့လား"

"ဘာမှမဖြစ်ပါဘူး"

အစ်ကိုအောင်ထွေးက ​ခေါင်းခါရင်း ပြန်ဖြေ၏။

"ဟုတ်။ ဟို... အစ်ကိုရောက်နေတာလားဟင်"

ခုချိန်မှာ မေးသင့်သလားဆိုသည်ကို လွန်းညီ မတွေးနိုင်သေး။ အစ်ကိုအောင်ထွေးနှင့် စကားပြောနေသော်ငြား အစ်ကို့ကြောင့် လွန်းညီ အမှန်တကယ်ကြီး ရင်ခုန်နေသေးသည်။

"အင်း"

ခပ်ပြတ်ပြတ်ဖြေသံဖြစ်သော်လည်း လွန်းညီ ပြုံးမိသွားသည်။ ထိုသို့ဆိုလျှင် အစ်ကိုနှင့်တွေ့ရတော့မည်ပဲ။

"သွားဦးမယ်"

အစ်ကိုအောင်ထွေးက လွန်းညီ၏ ပြုံးရွှင်သွားသော မျက်နှာကို ခပ်တည်တည်ပြီး ကြည့်ရင်းပြောသည်။

"ဪ... ဟုတ်"

လွန်းညီ​ပြန်ဖြေတော့ အစ်ကိုအောင်ထွေးက ခေါင်းအသာညိတ်ပြပြီး ထွက်သွားသည်။ အစ်ကို့ဆိုင်ကယ်ဘေးရှိ အစ်ကိုအောင်ထွေး၏ဆိုင်ကယ်ကို အစ်ကိုအောင်ထွေးစီးသွားကာမှ လွန်းညီ သတိထားလိုက်မိသည်။ ကိုယ့်ဘာသာကိုယ် ခပ်ဖွဖွရယ်လိုက်ပြီးနောက် အစ်ကိုရှိမည်ထင်သည့် အစ်ကိုသူရတို့အခန်းနား တိုးကပ်သွားလိုက်သည်။

လွန်းညီသည် ကိုယ့်အခန်းရှေ့မှာ ရပ်၍ ဘေးရှိ တံခါးစေ့ထားသော အစ်ကိုသူရတို့၏ အခန်းကို လှမ်းကြည့်မိသည်။ စကားသံသဲ့သဲ့ကြားနေရ၏။

ထိုစဥ် ဆတ်ခနဲ ပွင့်လာသော အခန်းတံခါး။ ပြီးတော့ အပြင်ထွက်လာသော လူတစ်ယောက်။ အစိမ်းပုတ်ရောင်အင်္ကျီလက်ရှည်နှင့် အနက်ရောင်ဂျင်းဘောင်းဘီဝတ်ထားသောသူ။ အသွင်အပြင်ကို ကြည့်ရုံနှင့်ပင် ထက်မြက်မှု၊ တည်ကြည်မှုတို့ကို ခံစားစေနိုင်သည့်သူ။ လွန်းညီ၏ နှုတ်ခမ်းဖျားတို့က လျင်မြန်စွာပင် ကော့ညွတ်သွားသကဲ့သို့ ရင်ခုန်သံများကလည်း ပို၍ မြန်ဆန်လာသည်။ အစ်ကိုသည် အခန်းရှေ့တွင်ရပ်လျက် ရှေ့တည့်တည့်သို့သာ ငေးနေသဖြင့် ခပ်လှမ်းလှမ်းရှိ လွန်းညီအား မမြင်သေးပါချေ။

လွန်းညီသည် ခြေသံလုံလုံဖြင့် အစ်ကို့အနား တိုးသွားမိသည်။ လွန်းညီ အပြုံးများကို မရပ်နိုင်သလို တဒိတ်ဒိတ်နှင့် မြန်မြန်ဆန်ဆန် ခုန်လှုပ်နေသော ရင်ခုန်သံကိုလည်း မထိန်းနိုင်ချေ။ ​တစ်လှမ်းချင်း ခပ်ဖြည်းဖြည်း လှမ်းနေသော်ငြား အစ်ကို့အနားရောက်ဖို့ စိတ်စောနေမိသည်။ ခြေဆယ်လှမ်းမျှ အကွာအဝေးသည် များလှချည်လားဟုပင် ပိုပိုသာသာတွေးမိ၏။ တဖြည်းဖြည်းချင်း နီးလာသည့် အစ်ကို့ပုံရိပ်လေး​ကို လွန်းညီ မြတ်နိုးမိသည်။ လွန်းညီအနားသို့ လျှောက်လာလေတိုင်း အစ်ကိုရော ဤကဲ့သို့တွေးနေမိမည်လားမသိ။

အစ်ကို့အနားရောက်ရန် ခြေလှမ်းလေးငါးလှမ်းမျှအလိုတွင် အစ်ကိုက ဆတ်ခနဲ လှည့်ကြည့်လာသည်။ အစ်ကိုက မသိမသာမျက်မှောင်ကုတ်ထားသော်ငြား လွန်းညီကို တွေ့သည့်အခါ မျက်ခုံးများက ပင့်တက်သွားသည်။ ထို့နောက် အစ်ကို့နှုတ်ခမ်းပါးလေးက ​ကော့ညွတ်သွားတော့သည်။ လွန်းညီသည် အစ်ကို့အနီးထိလျှောက်လာရင်း တစ်ဆင့်ချင်းပြောင်းလဲလာသော အစ်ကို့မျက်နှာအမူအရာများကို သေသေချာချာ ကြည့်နေမိသည်။

အစ်ကို့ရှေ့တွင် လွန်းညီ ရပ်လိုက်ရင်း အတောက်ပဆုံးပြုံးပြမိသည်။ အစ်ကိုက နှုတ်ခမ်းလှုပ်ရုံမျှ 'ညီ'ဟု ရေရွတ်၏။ ထို့နောက် နှစ်ခြိုက်စွာပင် ပြုံး၍ လွန်းညီအား ကြည့်သည်။ အစ်ကို့အပြုံးသည် မြင်ရဖန်များလာသော်ငြား လွန်းညီအဖို့ ရိုးသည်မရှိပေ။ မမြင်ရသည့်အခါလည်း မြင်ချင်သည်၊ ကြည့်ချင်သည်။ အစ်ကို၏ နူးညံ့သော၊ ရွှင်လန်းသော၊ သစ်လွင်တောက်ပသော အပြုံးတစ်ပွင့်သည် လွန်းညီ၏ နှလုံးထဲသို့ ချိုမြိန်မှုများကို စီးဝင်စေသည်။

••••••••••

"အစ်ကိုအောင်ထွေးနဲ့ ဘာဖြစ်တာလဲဟင် အစ်ကို။ အစ်ကိုတို့ စကားများကြလို့လား"

နေ့လယ်ခင်းနေက မှိန်ဖျော့ဖျော့ရယ်သာ။ လေကလည်း တဖြူးဖြူးတိုက်နေသေး၏။ တရုတ်စကားပန်းနံ့များကို အသက်ရှူနေရင်းနှင့်ပင် ရနေသည်။ လွန်းညီနှင့် အစ်ကိုသည် ခြံထဲမှ ထွက်လာပြီးနောက် တရုတ်စကားပင်တန်းလေးဆီသို့ အစ်ကို့စိတ်ကြိုက်ခြေလျင်ပင် လျှောက်လာခဲ့လိုက်ကြသည်။ အစ်ကိုက သူဝတ်ထားသည့် ဂျင်းဘောင်းဘီအကောင်းကို လျစ်လျူရှူလျက် ​မြေပြင်ပေါ် ထိုင်ချလိုက်သဖြင့် လွန်းညီလည်း အစ်ကို့ဘေးတွင်ထိုင်ချခဲ့လိုက်သည်။ ထို့နောက် စိတ်ထဲမရှင်းမရှင်းဖြစ်နေသော အစ်ကိုအောင်ထွေးအကြောင်းကို စ,မေးမိသည်။

"စကားမများပါဘူး။ ဒီတိုင်း... သူ အစ်ကို့ကို စိတ်ဆိုးသွားတာ"

"ဟင်... ဘာလို့လဲ"

"ဒီတိုင်းပါပဲ..."

အစ်ကိုက ထိုသို့သာဖြေပြီး ယခင်လက ဖြေခဲ့သော အတန်းတင်စာမေးပွဲအကြောင်းဆီသို့ စကားလမ်းကြောင်းလွှဲသွားသည်။ လွန်းညီလည်း အတင်းမမေးဖြစ်လိုက်ပါ။ အစ်ကိုက ပြောသင့်သည့်အရာ၊ လိုအပ်သည့်အရာဆိုလျှင်တော့ သေချာပြောပေလိမ့်မည်။ ယခုက မလိုအပ်လို့လည်းဖြစ်နိုင်သည်။ အစ်ကိုတို့သူငယ်ချင်းများ၏ အတွင်းရေးကိစ္စလည်း ဖြစ်နိုင်သည်။ သို့သော် အစ်ကိုတို့အချင်းချင်းကြား ပဋိပက္ခဖြစ်တာမျိုးတော့ မဖြစ်စေချင်ပါ။

ယခင်တစ်ခေါက်ကထက် အခု အစ်ကိုက ပို၍ပိန်သွားသည်။ မျက်တွင်းများပင် မသိမသာ ချိုင့်နေသည်ဟု ထင်မိ၏။ ထို့ကြောင့် ဂျပန်စာအကြောင်း ပြောနေရင်းမှ လွန်းညီ ဖြတ်ပြောမိသည်။

"အစ်ကို ပိန်သွားတယ်နော်။ စာတွေများလို့လားဟင်"

လွန်းညီ၏ စိုးရိမ်နေသော စကားကို အစ်ကိုက ပြုံးရင်း တုံ့ပြန်၏။

"နည်းနည်းပါးပါးပါပဲ ညီရဲ့။ မစိုးရိမ်ပါနဲ့"

"အစ်ကို ဖြစ်နိုင်ရင် သိပ်အပင်ပန်းမခံပါနဲ့ဗျာ။ နားပြီး လုပ်ပါ"

"နားပါတယ်။ ဒီလိုပဲ ဖြည်းဖြည်းချင်းလုပ်ရတာပေါ့။ မနားဘဲ လုပ်ရအောင် အစ်ကိုက စက်ရုပ်မှမဟုတ်ဘဲ"

အစ်ကို့ရဲ့ ဆင်ခြေဆန်ဆန် အဖြေစကားများကို လွန်းညီသည် မ​နိုင်ဘူးဆိုသော အကြည့်နှင့်သာ တုံ့ပြန်လိုက်နိုင်သည်။ အစ်ကိုက ဘာမှဆက်မပြောတော့ဘဲ လွန်းညီအား အသာအယာ ငေးကြည့်နေသည်။ ညင်သာလွန်းသော အကြည့်များသည် နှလုံးသားအား ခပ်ဖွဖွ ကိုင်လှုပ်နေသယောင်ရှိ၏။ လွန်းညီ မနေတတ်စွာ အကြည့်လွှဲမိသောအခါ အစ်ကိုက လေသံတိုးတိုးနှင့် ဆိုလာသည်။

"ဖြစ်လာရင် အစ်ကို့ကို ကြည့်ပေးပါလား ညီ။ ညီ့မျက်လုံးတွေကို မြင်နေနိုင်သေးသမျှ အစ်ကို ငေးကြည့်ချင်လို့ "

ထိုအသံသည် တောင်းဆိုသံသာ ဖြစ်သည်။ လွန်းညီ၏ ရင်ထဲ၌ ရုတ်တရက် ဖြစ်သွားသော ခံစားချက်သည် ဝမ်းနည်းမှုပေလား။ ဘာကိုဝမ်းနည်းသည်တော့မသိ။ အစ်ကို့စကားကြောင့် စိတ်ထဲ နင့်ခနဲဖြစ်သွားမိသည်။ အစ်ကို့စကားကို နားထောင်၍ လွန်းညီ အစ်ကို့ကို ကြည့်လိုက်သည်။ အစ်ကို့မျက်လုံးများကို ဖြည်းဖြည်းချင်း စိုက်ကြည့်မိသည်။ အမြဲလိုလို နူးညံ့နေတတ်သော အကြည့်များသည် အမြဲတမ်း တောက်ပနေတတ်သည်။ သို့သော် ယခုတော့ မှိန်ဖျော့လို့နေ၏။ အစ်ကို့်မျက်ဝန်းနက်နက်များသည် တစ်စုံတစ်ခုကို ဖုံးကွယ်ထားသည်ဟု လွန်းညီ ခံစားနေမိသည်။ အစ်ကို့အကြည့်များသည် အားလျော့နေလေသည်။

"အစ်ကို..."

ရင်ထဲသို့ အလုအယက် တိုးဝင်လာသော ဝမ်းနည်းမှုများကြောင့် လွန်းညီ ထိုသို့တ,လိုက်မိသည်။ အစ်ကိုက မပြောင်းလဲသော မျက်နှာနှင့်ပင် လွန်းညီကို ငေးကြည့်၏။ ထို့နောက် ပြုံးလိုက်သည်။ အားမပါလှချေ။

"အစ်ကို ညီ့ကို ပြောစရာရှိတယ်"

လွန်းညီ ထိတ်ခနဲဖြစ်သွားရ၏။ ယခုချိန်တွင် အစ်ကို ပြောလာမည့် စကားများကို ပထမဆုံးအနေနှင့် လွန်းညီ ကြောက်နေမိသည်။ ထို့ကြောင့် ရပ်နေသည့် အစ်ကို့စကားများကို ထောက်မပေးမိဘဲ ​အောက်ကိုငုံ့လိုက်မိသည်။ အစ်ကို့ဘွတ်ဖိနပ်အနက်ရောင်လေးနှင့် သူစီးထားသည့် လိမ္မော်ရောင်ရေစိုခံကွင်းထိုးဖိနပ်ကိုသာ အကြောင်းမဲ့ ငေးကြည့်နေမိသည်။

"အစ်ကို ဩစတြေးလျမှာ တက္ကသိုလ်တက်ဖို့ ပညာသင်ဆု ရထားတယ် ညီ"

လွန်းညီ ဆတ်ခနဲ ခေါင်းထောင်မိသွားသည်။ သူ့ရင်ထဲက အပူမီးသည် တစ်မုဟုတ်ချင်း ချုပ်ငြိမ်းလျက် ကြည်နူးဂုဏ်ယူမှုများ ဝင်လာသည်။ အံ့ဩပျော်ရွှင်စွာဖြင့် အစ်ကို့ကို မော့ကြည့်မိသောအခါ မှိန်ဖျော့ဖျော့ အစ်ကို့မျက်လုံးများနှင့် ဆုံသွားသည်။

"တကယ်လား၊ ကောင်းလိုက်တာ။ အစ်ကိုက တော်လိုက်တာ။ ကျွန်တော့်အစ်ကိုက တကယ်တော်တာပဲ"

လွန်းညီကသာ စိတ်လှုပ်ရှားစွာနှင့် တတွတ်တွတ် ပြောနေမိသော်ငြား အစ်ကိုက ခပ်ဖွဖွသာပြုံး၍ လွန်းညီကို ကြည့်နေသည်။ ပျော်နေရမည့်အချိန်တွင် အစ်ကို ဘာလို့သည်လိုဖြစ်နေသလဲဟု လွန်းညီ တွေးမိသည်။ ထိုအခါ လွန်းညီသည် နှုတ်ခမ်းထက်ရှိ အပြုံးများကို ပြုတ်ကျမသွားအောင် အတင်းထိန်းလိုက်ရသည်။ သို့သော် ရင်ဘတ်ထဲက တစ်စုံတစ်ခုကတော့ ပြုတ်ကျသွားသလို၊ ပျက်ထွက်သွားသလို ခံစားလိုက်ရပါသည်။

"စာသင်တာက ၅နှစ်၊ ၆နှစ်လောက်ကြာမယ် ညီ"

အစ်ကို့အသံက တိုးလှသော်ငြား နှစ်ကိုယ်ကြားမို့ လွန်းညီ ထင်ထင်ရှားရှား ကြားနေရသည်။ ဟန်ကိုယ်ဖို့ရင်း ပြုံးပြခေါင်းညိတ်မိသည့်အခါ အရာရာပြိုကွဲသွားသလို ခံစားရ၏။ ထိန်းထားသည့်ကြားမှ နှုတ်ခမ်းများက တုန်လာရသည်။ မျက်ရည်များ ရစ်သိုင်းလာသဖြင့် အစ်ကို့ကို သူ အကြည့်လွှဲလိုက်ပြီး ခေါင်းငုံ့လိုက်မိသည်။ ငါးနှစ်၊ ခြောက်နှစ်တဲ့လား။ ရင်ဘတ်တစ်ခုလုံး တင်းကျပ်နေသလို ခံစားရသည်။ ဘာကိုဆက်​ပြောရမည်လည်းမသိ။ အစ်ကို့အတွက် ဂုဏ်ယူနေရမည့်အချိန်ဆိုသော်လည်း ခွဲခွာခြင်းကလည်း လက်တစ်ကမ်းအလိုမှာ ရှိနေသည်လေ။ ပျော်နေသည်ဆိုသော်ငြား အော်သာငိုလိုက်ချင်တော့သည်။

"ဒါပေမဲ့ စာသင်ပြီးပြီးချင်း ချက်ချင်းပြန်လာဖြစ်မယ်မထင်ဘူး ညီ"

လွန်းညီသည် ခေါင်းကိုပိုငုံ့လိုက်မိသည်။ အစ်ကို့အသံကလည်း အားမရှိချေ။ လွန်းညီသည်လည်း နားထောင်ရန် အားအင်များ မဲ့နေသလို ခံစားရသည်။

"၁နှစ်၊ ၂နှစ်လောက်တော့ ဟိုမှာဆက်နေဖြစ်ဦးမယ်။ အလုပ်လုပ်ဦးမယ်"

အစ်ကို့အသံက တိတ်သွား၏။ ဘာမှဆက်မပြောလာဘဲ ခေါင်းငုံ့နေသည့် လွန်းညီကိုသာ ကြည့်နေဟန်ရှိသည်။ လွန်းညီသည် အောက်နှုတ်ခမ်းကို ဖိကိုက်ရင်း အသက်မှန်မှန်ရှူလျက် စိတ်ငြိမ်အောင် အလျင်ကြိုးစားမိသည်။

သည်အချိန်သည် အစ်ကို့ကြိုးစားမှုအတွက်၊ အောင်မြင်မှုအတွက် ပျော်ရွှင်ရမည့်အချိန်၊ ဂုဏ်ယူရမည့် အချိန်ဖြစ်သည်။ သူ ငိုလျှင်၊ ဝမ်းနည်းလျှင် အစ်ကိုလည်း စိတ်ပင်ပန်းရလိမ့်မည်။ ထို့ထက်ပိုလျှင် အစ်ကိုသည် သူ့လမ်းကြောင်းကိုပင် ပြောင်းကောင်းပြောင်းလိမ့်မည်။ လွန်းညီသည် အစ်ကို့အတွက် ဘာမှမလုပ်ပေးနိုင်သူမို့ အစ်ကိုထိခိုက်မည့်ကိစ္စများကိုတော့ ရှောင်ကြဥ်လိုသည်။ မကူညီနိုင်သဖြင့် မနှောင့်ယှက်ချင်။ ထို့ကြောင့် စိတ်ကိုတင်းပြီး မျက်ရည်များကို မျက်တောင်အကြိမ်ကြိမ်ခတ်လျက် ခန်းခြောက်စေလိုက်ပြီးမှ အစ်ကို့ကို ကြည့်လိုက်မိသည်။ အပြုံးတစ်ခုကိုလည်း နှုတ်ခမ်းထက်မှာ ချိတ်ဆွဲထားမိ၏။ ဝမ်းနည်းသည်မှာမှန်သော်ငြား ဤအပြုံးသည် အစ်ကို့အတွက် စစ်မှန်သော ပျော်ရွှင်မှုတို့ကို ကိုယ်စားပြုထားသည်။

လွန်းညီထင်သည့်အတိုင်း အစ်ကိုက သူ့ကို ငြိမ်ငြိမ်လေး ငေးကြည့်နေသည်။ မျက်ရည်ကြည်များက အစ်ကို့မျက်ဝန်းနက်နက်များထဲမှာ ခိုတွဲနေသည်။

"ကောင်းပါတယ်။ ကျွန်တော့်အစ်ကိုက သိပ်တော်တာပဲ။ တကယ်... အရမ်းတော်တယ်သိလား။ ကျွန်တော် အစ်ကို့အစား အရမ်းပျော်တယ်၊ ဂုဏ်လည်း ဂုဏ်ယူတယ်"

ပြောရင်းနှင့် မျက်ရည်များက ဝေ့ဝဲလာပြန်သည်။ အစ်ကိုက သူ့စကားများကို နားထောင်ပြီးနောက် ခပ်ဖွဖွ ပြုံး၏။ ထို့နောက် သူ့မျက်လုံးထဲက ကျဆင်းလုလုဖြစ်နေသည့် မျက်ရည်စများကို သုတ်ပေးလာသည်။ ထိုအခါမှ လွန်းညီ ပိုငိုချင်လာသလို ခံစားရသည်။ ဖျော့တော့နေသည့် အစ်ကို့အပြုံးများကို မြင်ရတာ လွန်းညီ ရင်ဘတ်တွေအောင့်ရသည်။

"ကျေးဇူးပါ ညီ။ အစ်ကို့ကို နားလည်ပေးလို့ ကျေးဇူးအများကြီးတင်တယ်သိလား"

လွန်းညီ၏ မျက်ရည်များကို သုတ်ပေးနေသည့် အစ်ကိုကိုယ်တိုင်သည်လည်း မျက်ရည်များဝဲနေသည်။ လွန်းညီ၏ ငိုချင်စိတ်များသည် ထိန်းနေသည့်ကြားမှ တိုးထွက်လာသည်။

"အစ်ကို..."

တိုးတိမ်နေသည့် လွန်းညီ၏ ခေါ်သံ။ အစ်ကိုက ခေါင်းညိတ်ပြသည်။ ထို့နောက် အလျင်ကထက် ပိုရှည်လာသည့် လွန်းညီ၏ ဆံပင်များကို အစ်ကိုက သပ်တင်ပေးသည်။

"ကျွန်တော်... စောင့်နေမယ်နော်။ ဘယ်လောက်ကြာကြာ... စောင့်နေမယ်။ အဲဒီ့အထိတော့ ကျွန်တော် လာနိုင်မယ်မထင်ဘူး အစ်ကို။ ဒါကြောင့် စောင့်နေမယ်။ အကုန်လုံးပြီးရင်... အစ်ကို... ပြန်လာခဲ့နော်"

လွန်းညီ၏ အသံသည် တုန်ယင်လို့နေသည်။ ထို့နောက် မျက်ရည်များက ပါးပြင်ပေါ် တလှိမ့်ချင်း ဆင်းသက်လာလေသည်။ ရင်ဘတ်ထဲတွင် တင်းကျပ်နေသည့် ခံစားချက်ကြီးသာ ကြီးစိုးနေသည်။ အစ်ကိုသာ သည်ကို ပြန်မလာလျှင်ဆိုသည့် အတွေးသည် လွန်းညီ၏ စိတ်ကို အလဲလဲအပြိုပြိုဖြစ်စေသည်။

"နယူတန်ရဲ့ Law of Universal

You are reading the story above: TeenFic.Net