(၄၅)
Background color
Font
Font size
Line height
Unicode
လွန်းညီ သည်နေ့စောစော နိုးနေ၏။ အိပ်ရာမှ စောစောထသည်ဆိုသည်ကတော့ ပို၍မှန်မည်ထင်။
ညက တစ်ညလုံး လွန်းညီ ကောင်းကောင်းအိပ်မပျော်ခဲ့ပါချေ။ အတွေးများစွာကြား နစ်ဝင်လျက် တိတ်တဆိတ် ငိုကြွေးရင်း မည်သို့မှအိပ်မပျော်နိုင်ခဲ့။ သန်းခေါင်ကျော်ကာမှ တစ်မှေးအိပ်ပျော်သွားခဲ့သော်လည်း ခဏကြာတော့ မျက်စိကြောင်ပြီး နိုးလာခဲ့သည်။ ထိုမှစ၍ လွန်းညီ အိပ်မရတော့ပါ။
သို့နှင့် အစ်ကိုပါသော ဆုပေးပွဲတုန်းက ရိုက်ခဲ့သည့် ဓာတ်ပုံနှစ်ပုံကို ထုတ်ကြည့်မိသည်။ ပထမပုံက မနှစ်တုန်းကရိုက်ခဲ့သည့်ပုံဖြစ်ပြီး ဒုတိယတစ်ပုံက ယခင်တစ်ခေါက် ကျောင်းဆုပေးပွဲတွင် အစ်ကိုလာတုန်းက ရိုက်ခဲ့သည့်ပုံဖြစ်သည်။ ပုံနှစ်ပုံကိုယှဥ်ကြည့်လျှင်ပင် အစ်ကို့ပုံပန်းသွင်ပြင်ကွာခြားသွားပုံက ထင်ရှားလှသည်။ အစ်ကို့ခန္ဓာကိုယ်က သိသာစွာပင် ပို၍ ပိန်ကျသွားသည်။ အစ်ကိုသိပ်ပင်ပန်းနေပြီထင်။ လွန်းညီသည် တွေးရင်းနှင့် ဝမ်းနည်းလာကာ ထပ်ငိုမိသည်။
ထို့နောက် ဗီရိုထဲက အစ်ကို့အင်္ကျီလေးကိုလည်း ထုတ်ကြည့်မိ၏။ ထိုအင်္ကျီလေးကို သူ အပေါ်ဆုံးအထပ်တွင် သီးသန့်ထားဖြစ်ခဲ့သည်။ အစ်ကို့ကိုလွမ်းတိုင်း အစ်ကို့အင်္ကျီကို ပွေ့ဖက်ပြီး အလွမ်း​ဖြေရသည်။ နောက်ဆိုလျှင် သည်အင်္ကျီလေးအပေါ် ​ဖြည်ချရမည့်အလွမ်းများသည် ပို၍များလာဖို့သာ ရှိတော့သည်။
နံနက်ငါးနာရီခန့်၊ မေမေ အိပ်ရာမှထချိန်မှာပဲ လွန်းညီလည်း အခန်းထဲမှ ထွက်ခဲ့လိုက်သည်။ ငိုထားသည်မို့ မျက်လုံးများက ကျိန်းစပ်နေပြီး ခေါင်းလည်းနောက်နေသည်။ သို့သော် စောသေးသဖြင့် ရေမချိုးသေးဘဲ မျက်နှာသစ်ပြီး သွားသာတိုက်ထားလိုက်၏။ နွေဦးပေါက်ဆိုသော်ငြား မနက်ခင်းဖြစ်သည်ကတစ်ကြောင်း၊ ပြင်ဦးလွင်၏ ရာသီဥတုမှာ နဂိုကတည်းက အေးသည်ကတစ်ကြောင်းကြောင့် ရာသီဥတုက ခပ်အေးအေးဖြစ်နေသည်။ ထို့ပြင် သည်နေ့ မိုးလည်းနည်းနည်း အုံ့နေသည်။
မေမေသည် ဖေဖေ ညဆိုင်းဆင်း၍ ပြန်လာချိန်တွင် အဆင်သင့်ဖြစ်စေရန် ချက်ပြုတ်နေသည်။ လွန်းညီသည်လည်း မေမေ့ကို မီးဖိုချောင်ထဲတွင် ကူညီသည်။ မေမေကတော့ သူ့အား အစောကြီးထသဖြင့် 'ကြားသားမိုးကြိုး'ဟု ပြောနေသေး၏။
မေမေက မနေ့ညက ကျန်သည့်ထမင်းကြမ်းကို ကြက်ဥနှင့်ရောကြော်၍ လွန်းညီတို့မိသားစုအတွက် မနက်စာကို ပြင်ဆင်သည်။ ထို့နောက် ထမင်းချက်၏။ ဆွမ်းတော်အတွက် အရွက်ကြော်၏။ ကြက်ဥချက်၏။ လွန်းညီကတော့ ပန်းကန်ခွက်ယောက်တွေ ဆေးပေးရင်း တောက်တိုမယ်ရ လုပ်ပေးသည်။ အစိုးရဝန်ထမ်းလိုင်းခန်းများဖြစ်သည်မို့ လျှပ်စစ်မီးအားက အခြားနေရာများနှင့်မတူဘဲကောင်းသည်။ ထို့ကြောင့် မေမေက လျှပ်စစ်ဒယ်နီနှင့်သာ ချက်ပြုတ်နေသည်။
အားလုံးပြီးစီး၍ အဆင်သင့်ဖြစ်ချိန်တွင် ခြောက်နာရီစွန်းပြီဖြစ်သည်။ မေမေက နေ့လယ်စာအတွက် စျေးဝယ်ရန် ထွက်သွား၏။ လွန်းညီကတော့ ဖေဖေ ပြန်လာချိန်တွင် ထမင်းခူးခပ်ကျွေးရန် အိမ်တွင်သာ စောင့်နေခဲ့သည်။ 
လွန်းညီသည် အိမ်ရှေ့ခန်းရှိ ကုလားထိုင်ပေါ်တွင် အရိုးမပါသည့် ပက်ကျိတစ်ကောင်ကဲ့သို့ မှီထိုင်နေမိသည်။ ဖေဖေ့ကတ်ဆတ်လေးကတော့ စိုင်းထီးဆိုင်၏ 'နေရာတိုင်းမှာ'သီချင်းကို သီဆိုလျက်ရှိ၏။
မနက်ခင်းအေးအေးမှာ လွန်းညီကတော့ မအေးနိုင်ပါ။ ရင်တွင်းအပူသည် ကိုယ်ခန္ဓာကိုပင် ဟပ်နေကာ နွမ်းနေသလို ခံစားရသည်။ ဖေဖေ ရောက်လျှင်တော့ အစ်ကို့ဆီ ဖုန်းဆက်ဦးမည်။ နောက်ဆိုလျှင် ဖုန်းနှင့်အဆက်အသွယ်ရဖို့က သိပ်ခက်သွားမည်မဟုတ်လား။ ရသမျှ အခွင့်အရေးလေးနှင့် အစ်ကို့အသံလေးဖြစ်စေ၊ အရိပ်လေးဖြစ်စေ သူ့အနားမှာ ရှိနေစေချင်သေးသည်။
လွန်းညီသည် အစ်ကို့အဝေးမှာ ဖြတ်သန်းရမည့် နေ့ရက်များကိုအကြောင်းကို စဥ်းစားမိသည်။ ဘဝဟာ အခွံလွတ်ကြီးလို ဖြစ်သွားသည့် ခံစားချက်မျိုး လွန်းညီ ရလိုက်သည်။ ​ပျော်စရာ ကင်းမဲ့သွားမည့် ဘဝကြီးဟု ခေါင်းစဥ်တပ်နိုင်မလား မသေချာသော်ငြား ပျော်ရွှင်နိုင်ဖို့တော့ ခက်ခဲသွားလိမ့်မည်။ တစ်ခဏတာ... မဟုတ်သေး၊ တစ်ခဏတာမဟုတ်ပါ။ သို့သော် တစ်ဘဝတာလည်း မဟုတ်သေးပြန်။ ကာလအတိုင်းအတာတစ်ခုထိပဲ ခွဲရမည်ဆိုတာကို သိလျက်နှင့်ပင် လွန်းညီ ဤမျှခံစားနေရလျှင် တစ်သက်လုံးဝေးသွားလျှင်တော့... အခေါက်ခေါက်အခါခါ လဲကျသေဆုံးသွားသယောင် ခံစားချက်က လွန်းညီ ရင်ထဲတိုးဝင်လာသည်။ တစ်ဆက်တည်းမှာပဲ လွန်းညီဟာ အစ်ကို့ကို သိပ်ချစ်သလို၊ မည်သို့မျှ လက်လွှတ်မခံနိုင်ကြောင်းကိုလည်း သိလိုက်ရသည်။
ရုတ်တရက် ဆက်တိုက်ကြားလိုက်ရသော တံခါးခေါက်သံကြောင့် အတွေးလွန်နေသော လွန်းညီမှာ ဆတ်ခနဲ တုန်သွားရ၏။ ထို့နောက် ခပ်သွက်သွက်ထကာ အခန်းတံခါး သွားဖွင့်လိုက်သည်။ ဖေဖေ ဖြစ်နေသည်။ လွန်းညီသည် ဖေဖေ့ကို ကြိုဆိုနေကြအပြုံးနှင့် ဆီးကြိုရင်း ဖေဖေ့အလုပ်အိတ်များကို ယူပြီး သွားထားလိုက်သည်။ ဖေဖေက ဘာမှမပြောဘဲ အခန်းထဲဝင်သွား၏။ အဝတ်သွားလဲတာဖြစ်ရမည်။
ဖေဖေ့မျက်နှာက အနည်းငယ် တည်နေသည်ကိုလည်း လွန်းညီ သတိထားလိုက်မိသည်။ ဤကဲ့သို့ ညဆိုင်းဆင်း၍ ပြန်လာချိန်တွင် ဗိုက်ဆာ၍ပဲဖြစ်စေ၊ အိပ်ရေးပျက်ခဲ့၍ဖြစ်စေ ဖေဖေ စိတ်ဆတ်တတ်သည်ကို သိထားသည်မို့ လွန်းညီသည် ဖေဖေ စိတ်အနှောင့်အယှက်ဖြစ်မည့်အရာများကို တားဆီးသည့်အနေနှင့် သီချင်းကို ဦးစွာပိတ်လိုက်သည်။ ထို့နောက် ဖေဖေ ပြန်ထွက်မလာမီ ထမင်းကြော်ပန်းကန်တို့ကို ပြင်ဆင်ထားလိုက်သည်။
ဖေဖေက ခဏနေတော့ ပြန်ထွက်လာပြီး တိတ်ဆိတ်စွာပင် စားပွဲ၌ထိုင်၍ ထမင်းစားနေသည်။ လွန်းညီသည် ဖေဖေ့အတွက် ရေနွေးကြမ်းငှဲ့ပေးနေချိန်မှာ မေမေ ပြန်ရောက်လာ၏။
"မောင်ရေ... မနွယ်က သူ့ဒယ်နီ ရှော့ခ်ဖြစ်သွားလို့တဲ့၊ မောင့်ကို ခေါ်နေတယ်။ ခင်ကတော့ မောင် ညဆိုင်းဆင်းထားပြီး ပင်ပန်းနေလို့ မလုပ်ဖြစ်လောက်သေးဘူးလို့ပဲ ပြောထားခဲ့လိုက်တယ်"
မေမေက ဝယ်လာသည့် ဟင်းသီးဟင်းရွက်နှင့် အသားများကို ချရင်း ဖေဖေ့ကို ဆီးပြောသည်။ ဖေဖေက ခေါင်းကိုသာ အသာညိတ်ပြ၏။ လွန်းညီ၏ ဖေဖေသည် ရုံး၌ လျှပ်စစ်ဌာနတွင် လုပ်ကိုင်နေသူဖြစ်ပြီး ဌာနရှိ ကျန်သူများထက် ပို၍ စီနီယာကျကာ ကျွမ်းကျင်သဖြင့် အနီးအနားမှ လူများသည် သူတို့၏လျှပ်စစ်ပစ္စည်းများ ပျက်ပါက များသောအားဖြင့် ဖေဖေ့ထံမှာသာ အကူအညီ တောင်းတတ်ကြသည်။ အခကြေးငွေမယူဘဲ လုပ်ပေးတာကြောင့်လည်းပါသည်။ ဖေဖေ ထမင်းစားနေစဥ်တွင် လွန်းညီသည် စားပွဲနား၌သာ အကြောင်းပြချက်မရှိ ယောင်ပေပေလုပ်နေမိသည်။
ထိုအချိန်တွင် ဖေဖေ့ဖုန်းသံ မြည်လာ၏။ လွန်းညီသည် ဖေဖေ ဘာမှမပြောရသေးခင်မှာဘဲ 'သွားယူပေးမယ်နော် ဖေဖေ'ဟုဆိုကာ အိမ်ရှေ့ခန်းထဲသို့ သုတ်ခြေတင်၍ အားသွင်းထားသော ဖုန်းကို သွားကြည့်မိသည်။ အက်ကွဲနေသော ဖုန်းမျက်နှာပြင်ပေါ်မှာ ပေါ်နေသည့် Contact nameလေးက 'လင်းသစ်'တဲ့။ ဖေဖေ မှတ်ထားသော ထိုContact nameလေးသည် လွန်းညီ၏ အလွမ်းမီးကို သုံးပုံပုံတစ်ပုံမျှ ငြှိမ်းသက်ပေးနိုင်လိုက်သည်။ လွန်းညီသည် ဖုန်းကိုခပ်မြန်မြန်ဖြုတ်၍ ဖေဖေ့ဆီ အပြေးသွားပေးမိသည်။
"ဖေဖေ အစ်ကို...အစ်ကို ဆက်တာ။ ကိုင်လိုက်မယ်နော်"
လွန်းညီ၏ စိတ်လှုပ်ရှားမှုအပြည့်နှင့် အသံက မီးဖိုချောင်ထဲသို့ မရောက်မှီမှာတင် ထွက်ပေါ်လာသည်။ ဖေဖေ မျက်ခုံးများကို မသိမသာ တွန့်ချိုးလျက် လှည့်ကြည့်လာသဖြင့် လွန်းညီသည် ခြေလှမ်းတို့ကို အရှိန်လျှော့လိုက်သည်။ ဖေဖေက 'ပေး'ဟုဆိုကာ ခပ်ပြတ်ပြတ် ပြော၏။ လွန်းညီ ဖုန်းပေးလိုက်သောအခါ ဖေဖေက ဖုန်းမျက်နှာပြင်ကို ခန့်မှန်းရခက်သော မျက်နှာထားနှင့် ကြည့်နေသည်။ ထို့နောက် ချက်ချင်းပင် ဖုန်းချပစ်လိုက်သည်။ လွန်းညီသည် တအံ့တဩဖြင့် ဖေဖေ့အား ကြည့်မိ၏။ ဖေဖေက ဘာမှမဆိုဘဲ ထမင်းဆက်စားသည်။ မေမေက အသားများကို ဆေးကြောရင်း ဖေဖေနှင့် လွန်းညီကို လှည့်ကြည့်နေသည်။
"ဖေဖေ..."
လွန်းညီ မကျေမချမ်းဖြင့် စကားစချိန်မှာတင် အစ်ကို့ဖုန်းက ထပ်ဝင်လာသည်။ ဖေဖေကလည်း ထပ်ချလိုက်ပြန်၏။ ထို့နောက် မတ်တပ်ရပ်နေသော လွန်းညီကို ထမင်းစားစားပွဲ၌ ထိုင်နေသည့် ဖေဖေက မော့ကြည့်လာသည်။ ဖေဖေ့မျက်နှာက တည်တင်းနေသဖြင့် လွန်းညီ လန့်သွားသည်။
"အိမ်ရှေ့ခန်းထဲမှာ သွားစောင့်နေ"
ဖေဖေက ထိုမျှသာ ပြောသည်။ လွန်းညီသည် ဖုန်းချလိုက်သည့်အတွက် မကျေနပ်သော်ငြား ဖေဖေ့အား ကြောက်သည်မို့ ဖေဖေပြောသည့်အတိုင်း အိမ်ရှေ့ခန်းထဲတွင်သာ သွားထိုင်နေလိုက်သည်။ ဖေဖေက မေမေ့ကို ခေါ်လိုက်သံကိုတော့ လွန်းညီ ကြားလိုက်၏။ ထို့နောက် မပီမသ စကားပြောသံသဲ့သဲ့ကိုလည်း ကြားလိုက်သည်။
လွန်းညီသည် ကုလားထိုင်ပေါ် မှီထိုင်ရင်း ဖေဖေ ဘာဖြစ်နေသလဲဟု စဥ်းစားမိ၏။ ရုံးမှာ အဆင်မပြေခဲ့လို့များလား။ မဟုတ်နိုင်။ ရုံးမှာ အဆင်​မပြေရုံနှင့်တော့ အစ်ကို့ဖုန်းကို မချလောက်။ သို့မဟုတ် လွန်းညီနှင့် အစ်ကို့အကြောင်းကို သိသွားလို့လား။ ထိုအတွေးကို တွေးမိသည်နှင့် တစ်ပြိုင်နက် လွန်းညီ၏ ခန္ဓာကိုယ်သည် မတ်ခနဲ ဖြစ်သွား၏။ ရင်ထဲလည်း ထိတ်ခနဲဖြစ်သွားရ၏။ တကယ်သာဆိုလျှင် ဘယ်လိုလုပ်ရမလဲ။ မဖြစ်နိုင်ဘူးဆိုသည့် အကြောင်းပြချက်ကို ဘယ်ကနေဆွဲထုတ်ပြီး စိတ်ဖြေရပါ့မလဲ။
လွန်းညီ တွေးနေတုန်းမှာပင် ဖေဖေက အိမ်ရှေ့ခန်းထဲ ရောက်လာသည်။ မေမေကလည်း နောက်ကပါလာ၏။ မနက်က ရွှင်လန်းနေခဲ့သော မေမေ့မျက်နှာသည် အခုမသာမယာဖြစ်နေသည်ကို လွန်းညီ သတိထားမိလိုက်သည်။
လွန်းညီတို့၏ အိမ်ရှေ့ခန်းတွင် အညိုရောင်တစ်ယောက်ကုလားထိုင်က နှစ်ခုံရှိပြီး နှစ်ယောက်ထိုင်ခုံက ထိုနှစ်ခု၏ အလယ်တွင် တစ်ခုံရှိသည်။ ပစောက်ပုံသဏ္ဌာန်ထားထားသည်။ လွန်းညီက အလယ်ရှိ နှစ်ယောက်ခုံတွင် ထိုင်နေပြီး ဖေဖေနှင့် မေမေက ဘေးရှိနှစ်ခုံတွင် မျက်နှာချင်းဆိုင် ဝင်ထိုင်ကြသည်။ လွန်းညီသည် ကျဥ်းထဲကျပ်ထဲရောက်နေသလို ခံစားလိုက်ရပြီး အားငယ်မိသွားသည်။ သည်အချိန်မှာ အစ်ကို့ကိုသာ စိတ်ထဲမှ တမ်းတနေမိသည်။ ဖေဖေနှင့် မေမေ့ကိုလည်း မကြည့်ရဲသဖြင့် အောက်ကိုသာ ငုံ့ကြည့်နေမိ၏။
"သားငယ်"
ဖေဖေ့ခေါ်သံသည် စောနကလောက် မတင်းတော့သောကြောင့် လွန်းညီ ခေါင်းကို အနည်းငယ်မော့၍ ဖေဖေ့ကို ကြည့်လိုက်မိသည်။ ဖေဖေက သူ့ကို လေးနက်စွာ စိုက်ကြည့်နေ၏။ ဖေဖေ့မျက်နှာက ခုနကလောက် မတင်းမာတော့ချေ။ စိတ်လျှော့ထားဟန်ရှိသည်။
"ဖေဖေ မေးစရာရှိလို့"
လွန်းညီသည် ကုလားထိုင်လက်ရန်းကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်မိသည်။ တကယ်သိသွားပြီထင်သည်။ လွန်းညီ ရင်တွေတုန်လာရသည်။ ရုတ်တရက် ဆန်လွန်းလှသည့် အခြေအနေဖြစ်သဖြင့် ဖေဖေတို့ကို မည်သို့ရင်ဆိုင်ရမည်ကို လွန်းညီ မသိချေ။
"သားနဲ့ လင်းသစ်တို့ရဲ့ ဆက်ဆံရေးက ဘာလဲ"
လွန်းညီသည် တံတွေးကို ခဲရာခဲဆစ် မြိုချလိုက်ရသည်။ စိတ်ထဲမှ အစ်ကိုဟုလည်း ရေရွတ်လိုက်မိ၏။ ဖေဖေ့အသံက တည်ငြိမ်နေသော်ငြား ကြည်လင်နေခြင်းတော့မဟုတ်။ မေးနေသော်လည်း အဖြေကို သိနေသလိုမျိုး။ လွန်းညီ မေမေ့ကို လှည့်ကြည့်မိသည့်အခါ မေမေက ခေါင်းငုံ့ထားသည်။ ခပ်ဖွဖွ တွန့်ချိုးထားသည့် မျက်ခုံးများကို လွန်းညီ မြင်နေရ၏။ လွန်းညီသည် အမှန်တကယ်ပင် ကူကယ်ရာမဲ့နေသလို ခံစားလိုက်ရသည်။ သို့သော် ရှောင်ပြေးလို့မရသည့် ကိစ္စဖြစ်လေရာ ရင်ဆိုင်ဖို့သာရှိတော့သည်။
ဖေဖေ့ကို လွန်းညီ ပြန်လှည့်ကြည့်လိုက်သည်။ ဖေဖေက သူ့အဖြေကို စိတ်ရှည်စွာ စောင့်နေလေသည်။ လွန်းညီသည် လက်ရန်းကို တင်းတင်းဆုပ်ကိုင်၍ အောက်နှုတ်ခမ်းကို ဖိကိုက်လိုက်မိသည်။ ထို့နောက် တုန်ယင်နေသော စိတ်အစဥ်ကို ထိန်းချုပ်လျက် စကားဆိုမိသည်။ ထိန်းထားသည့်ကြားမှာပင် စကားတို့က အထစ်ထစ်အငေါ့ငေါ့။
"ဟို... သားတို့က... ဟို... ဟိုလို... မဟုတ်ပါဘူး... ဒါပေမဲ့... ဒီတိုင်း... ခင်တာလည်းမဟုတ်ဘူး။ သား... သား အစ်ကို့ကို ချစ်တယ်... အစ်ကိုတစ်ယောက်လိုမဟုတ်ဘဲ... သား အစ်ကို့ကို... ချစ်တယ်။ အစ်ကိုကလည်း သားကိုချစ်တယ်..."
ဖေဖေ့ကို မဝံ့မရဲ ကြည့်ရင်း လွန်းညီ ပြောမိသည်။ အားတင်းပြီးသာ ပြောလိုက်ရသော်ငြား လွန်းညီ ကြောက်နေသည်။ ဖေဖေ့ဘက်မှ သဘောမတူ၊ လက်မခံစွာ တုံ့ပြန်လာမည်ကို လွန်းညီ ကြောက်သည်။ လွန်းညီ စကားအဆုံးမှာ ဖေဖေက စုတ်တစ်ချက်သတ်၏။ လွန်းညီ အောက်နှုတ်ခမ်းကို ဖိကိုက်လိုက်မိသည်။
"ဘာနဲ့သက်သေပြမှာလဲ"
"ဟင်..."
ဖေဖေ့မေးခွန်းကို လွန်းညီ နားမလည်ပါ။ ဖေဖေက စိတ်မရှည်ဟန်ဖြင့်
"သားက ငယ်သေးတယ်၊ သစ်ရွက်လှုပ်တာ မြင်ရင်တောင် ရင်ခုန်တတ်တဲ့အရွယ်။ အဲဒါကို သား အနေနဲ့ လင်းသစ်အပေါ် တကယ်ချစ်ပါတယ်လို့ ပြောနိုင်လို့လား။ လင်းသစ်ကရော သားကို တကယ်ချစ်တယ်ဆိုတာ အာမခံနိုင်လို့လား၊ ဟမ်။ ပြီးတော့... သားတို့က ယောက်ျားလေးတွေလေ၊ အဲဒီအချစ်ဟာ စစ်မှန်ပါတယ်လို့ ဘယ်သူပြောနိုင်လဲ..."
"ယောက်ျားလေး အချင်းချင်း မချစ်နိုင်ဘူးလို့ရော ဘယ်သူပြောလို့လဲ ဖေဖေရာ။ သက်မဲ့တွေအပေါ်ကိုတောင် သားတို့ချစ်ကြသေးတာပဲ၊ လူလူချင်းချစ်တာကိုကျ ဘာလို့မယုံနိုင်ရတာလဲ"
လွန်းညီ၏ ပေါက်ကွဲသံဆန်ဆန် ချက်ချင်းတုံ့ပြန်စကားကိုကြားပြီး ဖေဖေက မျက်မှောင်ကြုံ့လိုက်သည်။ မေမေ့ဆီမှ 'သားငယ်'ဟု ခေါ်လိုက်သံကို ကြားရသည်။ လွန်းညီ လှည့်မကြည့်မိပါ။ ဖေဖေ့ကိုသာ အသေအချာ ကြည့်နေမိသည်။ ဖေဖေက လက်သီးကို တင်းတင်းဆုပ်၍
"ဘာလို့မယုံနိုင်ရတာလဲ ဟုတ်လား၊ ယုံနိုင်စရာရောရှိလို့လား။ မင်းတို့က ယောက်ျားချင်းလို့ ငါ ပြောပြီးပြီလေ။ လိင်တူယောက်ျားနှစ်ဦးကြားမှာ ဒီလိုအချစ်မျိုးက မရှိဘူး။ ရှိလည်းမရှိသင့်ဘူး။ ရှိလာရင်လည်း ဒါဟာအချစ်အမည်ခံ စွဲလမ်းခြင်း၊ သာယာခြင်းပဲ နေလွန်းညီ"
ဖေဖေသည် အသံမာမာနှင့် စိမ်းကားစွာ ထိုသို့ပြောလာသည်။ လွန်းညီ မျက်ရည်များဝဲရ၏။ ပြောရက်လိုက်တာဟုသာ နာကျင်စွာ တွေးမိသည်။
"ပြီးတော့... ဘာရယ်လို့ သတ်သတ်မှတ်မှတ်ရှိတဲ့ ဆက်ဆံရေးမျိုးလည်းမဟုတ်ဘဲနဲ့ မင်းက ဘာတွေမျှော်လင့်နေတာလဲ၊ ဘာတွေကို ကိုးစားနေတာလဲ၊ ဟမ်။ နေလွန်းညီ၊ အဲ့လောက်တောင် မတွေးတတ်တော့တဲ့အထိ မင်း ဘာတွေဖြစ်နေလဲ။ လင်းသစ်မာန်က မင်းကို ဘာတွေနဲ့များ သိမ်းသွင်းခဲ့တာမို့လို့လဲ..."
"ဖေဖေ!"
လွန်းညီ သတိလက်လွတ် ဖေဖေ့ကို အော်လိုက်မိတော့သည့်အခါ မေမေက ချက်ချင်းပင်
"နေလွန်းညီ၊ အဲဒါ့နင့်အဖေနော်။ ကိုယ့်အဖေကိုယ် မမြင်နိုင်အောင် နင် ဘာတွေဖြစ်လဲ"
ဒေါသရိပ်လွှမ်းနေသည့် မေမေ့အသံက တုန်နေပြီး ထိခိုက်နေဟန်အပြည့်။ ဖေဖေက သူ့ကို မယုံနိုင်ဟန်ဖြင့် တွေတွေကြီး ကြည့်နေသည်။
လွန်းညီ၏ မျက်လုံးများသည် မျက်ရည်များနှင့် ပြည့်လျှံလာသည်။ တဆတ်ဆတ် တုန်ယင်နေသည့် လက်များကို အချင်းချင်းယှက်သွယ်ကာ ထိန်းချုပ်နေမိသည်။ ဖေဖေ့ကို အော်မိဖို့ သူ မရည်ရွယ်ခဲ့ရိုး အမှန်ပါ။ သို့သော် ဖေဖေ ပြောစကားများသည် သူ့ရင်အား အစိမ်းလိုက် ဓားနှင့်ခွဲနေသယောင်ပင်။ အစ်ကို့ကို ဖေဖေ အထင်လွဲပြီး သူ့အပေါ် ထားရှိသော အစ်ကို့မေတ္တာနှင့် အစ်ကို့ရဲ့ဂုဏ်သိက္ခာကို စော်ကားနေခြင်းက သူ့ကို လွန်စွာနာကျင်စေသည်။ အစ်ကိုက သူ့ကိုသိပ်ချစ်သည်၊ သိပ်မြတ်နိုးသည်၊ သိပ်ယုံကြည်သည်။ ဒါတွေကို သူ အသိဆုံးသာဖြစ်သည်။ အစ်ကိုက သူ့ကို အရှအနာကင်းစေချင်သကဲ့သို့ လွန်းညီသည်လည်း အစ်ကို့ကို နှုတ်နှင့်ပင်ဖြစ်စေ မထိခိုက်စေလိုပါ။ အခုတော့ အစ်ကိုသည် လွန်းညီ၏ မိဘများထံမှ လွန်းညီကြောင့်ပင် အထင်လွဲခံပြီး အစော်ကား ခံနေရလေပြီ။
လွန်းညီသည် သူ့အား တိတ်ဆိတ်စွာ ငေးကြည့်နေသည့် ဖေဖေ့နားသို့ လျှောက်သွားရင်း ဖေဖေ့ရှေ့တွင် ဒူးထောက်ထိုင်ချလိုက်သည်။ လွန်းညီ၏ မျက်နှာသည် မနက်ခင်းစောစောတွင် မျက်ရည်စီးကြောင်းအပြည့်။ ထို့နောက် ခေါင်းကို တွင်တွင်ငုံ့ကာ
"သား... သား တောင်းပန်ပါတယ် ဖေဖေ။ သား မရည်ရွယ်ပါဘူး၊ တကယ်ပါ...။ သား စိတ်မထိန်းနိုင်ဖြစ်သွားလို့ပါ။ သား တောင်းပန်ပါတယ်"
ဖေဖေက ဘာမှမတုံ့ပြန်ဘဲ တိတ်ဆိတ်နေသည်။ လွန်းညီ မော့ကြည့်လာသည်အထိ ဖေဖေက ဆိတ်ငြိမ်စွာ လွန်းညီအား ကြည့်နေဆဲပင်။ တည်တင်းနေသည့် ဖေဖေ့မျက်နှာသည် ပြတ်သားနေ၏။
"ဖေဖေတို့ကို သိစေချင်တာကလေ၊ အစ်ကိုက သားကိုသိပ်ချစ်တာပါ။ ဒါကို သား အသိဆုံးပါ။ အစ်ကိုကလေ... သား ပျော်ရွှင်ဖို့၊ လုံခြုံဖို့၊ အဆုံးစွန်ထိပြောရရင် သား ဘဝတက်လမ်းအတွက်မှာပါ တစ်ထောင့်တစ်နေရာကနေဖြစ်ဖြစ် ဖြည့်ဆည်းပေးချင်နေသူပါ။ အမြဲတမ်းလည်း အဲဒီ့အတွက် ကြိုးစားနေသူပါ။ ကျေးဇူးပြုပြီး အစ်ကို့ကို အထင်မလွဲပါနဲ့ဗျာ... ဒီလိုဆက်ဆံရေးဟာလည်း အစ်ကိုက သားကို အလေးမထားလို့ ပေါ့ပျက်ပျက် လုပ်တာမဟုတ်ပါဘူး။ သားက ငယ်သေးလို့၊ အစ်ကိုက ရှေ့ဆက်မတိုးတာပါ။ အစ်ကိုကလေ... သားကို သိပ်ချစ်တာ"
လွန်းညီသည် ဖေဖေနှင့် မေမေ့ကို တစ်လှည့်စီကြည့်ကာ ပြောပြရင်း မျက်ရည်များ ကျဆင်းလာသည်။ သူ့ရင်ထဲ နင့်နေသည်။ ဖေဖေနှင့် မေမေကတော့ သူ့အား ခံပြင်းစွာ၊ သနားစွာဖြင့် ကြည့်နေ၏။
"နောက်ပြီးတော့... ဖေဖေတို့ထင်နေသလို အစ်ကိုက သား သိမ်းသွင်းတာလည်းမဟုတ်ဘူး၊ မြှူဆွယ်တာလည်း မဟုတ်ပါဘူး။ သား ကိုယ်တိုင်ပဲ... အစ်ကို့ကို ချစ်မိသွားတာပါ။ ပြီးတော့... အစ်ကို့ကိုပဲ သား အရင်ဖွင့်ပြောခဲ့တာပါ"
"နေလွန်းညီရယ်..."
အားမပါလှသည့် ရေရွတ်သံက မေမေ့ဆီမှ ထွက်ပေါ်လာသည်။ ဖေဖေကတော့ မျက်မှောင်ကြုံ့ကာ မျက်လုံးများကို မှိတ်ချလိုက်သည်။ ထို့နောက် နားထင်နှစ်ဖက်ကို လက်နှစ်ချောင်းနှင့် ခပ်ကြမ်းကြမ်း ဖိနှိပ်၏။
လွန်းညီ၏ ပုခုံးများသည် ညွတ်ကျသွားပြီး စိတ်အစဥ်သည်လည်း ရေစုန်မြောနေသကဲ့သို့ ခံစားနေရသည်။ ဖေဖေနှင့် မေမေ နားလည်ပါ့မလား၊ လက်ခံပါ့မလား၊ သူ မသိ။ လက်မခံလျှင် ဘယ်လိုလုပ်ရမလဲ။ လွန်းညီသည် ကျဆင်းလျက်ရှိသော မျက်ရည်များကို ရပ်တန့်စေရန်အလို့ငှာ ပွတ်သပ်၍ သုတ်လိုက်သည်။ မျက်လုံးများကို ကြမ်းတမ်းစွာ ပွတ်လိုက်သောအခါ ကျိန်းစက်နေသော မျက်လုံးများမှာ အထိမခံနိုင်အောင် နာကျင်သည်။
ဖေဖေ့ဆီက သက်ပြင်းချသံကို ကြားရသည်။ မေမေ့ဆီမှ ရှိုက်သံတစ်ချက်ကို ကြားရသည်။ မေမေ ငိုနေသည်လား၊ မျက်ရည်ကျနေသည်လား။ လွန်းညီသည် မိဘကို မျက်ရည်ကျစေသည့် သားဖြစ်နေပြီပဲဟု တွေးမိသောအခါ သူ့ စိတ်ထဲခြောက်ခြားလာရသည်။ ဖေဖေက မချိတင်ကဲ စကားပြန်စသည်။
"ဘယ်လိုပဲဖြစ်ဖြစ် ဒါကြီးက... ဒါကြီးက... မဖြစ်နိုင်ဘူးကွ။ မဖြစ်သင့်တဲ့အရာ။ ဒီဆက်ဆံရေးနဲ့ ဒီတွေ့ဆုံမှုက ဖူးစာမဖြစ်နိုင်ဘူး၊ နေလွန်းညီ။ ဒါဟာဝဋ်ကြွေးပဲ၊ သိရဲ့လား"
လွန်းညီသည် ဖေဖေ့ကို မော့ကြည့်မိသည်။ ဖေဖေ့မျက်နှာက တင်းမာမနေတော့ချေ။ လွန်းညီကိုသာ ကရုဏာသက်စွာ ကြည့်နေသည်။
"ဝဋ်ကြွေးဆိုရင်တောင် သား ကျေနပ်တယ်လေ ဖေဖေ။ သားနဲ့အစ်ကိုက ဝဋ်ကြွေးတွေကြောင့် တွေ့ခဲ့ရတယ်ဆိုရင် အဲ့ဝဋ်ကြွေးကို သား မကုန်စေချင်ဘူး"
ထိုစကားသံသည် တုန်နေသည်၊ ရှိုက်သံများ ကိန်းအောင်နေသည်။ ဟုတ်သည်၊ အစ်ကိုနှင့်သူသည် ဝဋ်ကြွေးရှိသဖြင့် ဆုံခဲ့ကြသည်ဖြစ်ပါစေ၊ သူ လိုလိုလားလား လက်ခံလိုက်မည်။ ထိုဝဋ်ကြွေးကို သူ ချစ်သည်။ မကုန်ပါစေနှင့်ဟု ဆုတောင်းမည်။ အစ်ကိုသည် သူ့အတွက်တော့ ဝဋ်ကြွေးဖြစ်လျှင်တောင် တသိမ့်သိမ့်နှင့် မြတ်နိုးစရာ ဝဋ်ကြွေးလေးပင် ဖြစ်လိမ့်မည်။
ဖေဖေက အံကြိတ်လိုက်သည်။ ထို့နောက် မျက်နှာချင်းဆိုင်ရှိ မေမေ့ကို လှမ်းကြည့်သည်။ လွန်းညီသည် မေမေ့အား ကျောပေးနေသကဲ့သို့ ဖြစ်နေသည်မို့ မေမေ့မျက်နှာကို မမြင်ရပါ။ သို့ရာတွင် မေမေ့ထံမှ တစ်ချက်တစ်ချက်ရှိုက်လိုက်သည့် ရှိုက်သံတိုးတိုးကိုတော့ ကြားနေရသည်။
"အဲ့လောက်ထိ မရူးစမ်းပါနဲ့ သားရယ်..."
မေမေ့အသံဖြစ်သည်။ တိုးဖွဖွနှင့် တုန်တုန်ယင်ယင်။ လွန်းညီသည်လည်း ဖေဖေ့ကဲ့သို့ အံကိုတင်းတင်းကြိတ်မိသည်။ ငိုချင်စိတ်ကို အတတ်နိုင်ဆုံး ထိန်းချုပ်မိသည်။ မချစ်ဖူး၍ ရူးသည်ပဲဆိုဆို၊ လွန်းညီကတော့ နစ်ဝင်နေသူဖြစ်၍ ကျေနပ်ပါသည်။ ချစ်ခြင်းမေတ္တာရဲ့ခေါင်းစဥ်အောက်မှာ အရာရာဟာ အပြစ်ကင်းစွာနှင့် လှပသည်မဟုတ်လား။ မေမေပြောသလို ရူးနှမ်းခြင်းဆိုလျှင်လည်း အချစ်ကြောင့်ပေမို့ အပြစ်မမြင်ရန် လွန်းညီ ​တောင်းဆိုချင်လှသည်။
ဖေဖေက လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်သည်။ ထို့နောက် လွန်းညီကို ငုံ့ကြည့်၏။ ဖေဖေ့အကြည့်များသည် သားဖြစ်သူ လွန်းညီအား သနားကရုဏာသက်ပြီး ခံပြင်းမှုများ အထင်းသား။ သို့သော် မျက်နှာထားကတော့ အစကလို တည်တင်းသွားတော့သည်။
"သားတို့ရဲ့ ဆက်ဆံရေးက ပတ်ဝန်းကျင်အမြင်မှာ လုံးဝမသင့်တော်ဘူး။ သားကို... ပတ်ဝန်းကျင်ကို အမြဲတမ်းခေါင်းထဲထည့်ပြီး ကိုယ့်ဘဝခရီးလမ်း နှောင့်နှေးမနေအောင်ပဲ ဖေဖေ ဆုံးမခဲ့တာ။ ကိုယ့်ထမင်းကိုယ်စားတာပဲဆိုပြီး ဂရုမစိုက်ဖို့​ သင်ပေးခဲ့တာမဟုတ်ဘူး နေလွန်းညီ။ ဒီကိစ္စကို ဖေဖေ လုံးဝသဘောမတူနိုင်ဘူး။ မင်းမေမေလည်း သဘောမတူဘူး။ ပတ်ဝန်းကျင်ကလည်း လက်ခံနိုင်မှာမဟုတ်ဘူး။ ဒီတော့ ရပ်တန်းရပ်လိုက်ပါ။ ဒါဟာ အားလုံးအတွက် အကောင်းဆုံးပဲ"
ဖေဖေ့စကားသံက တရားစီရင်နေသည့် တရားသူကြီးတစ်ဦးကဲ့သို့ ရှင်းလင်းပြတ်သားစွာ ခပ်ဖြည်းဖြည်း ထွက်ပေါ်လာသည်။ လွန်းညီသည် ပြောစရာစကားမဲ့စွာဖြင့် ဖေဖေ့ကို ကြည့်မိသည်။ မျက်ရည်များသည် တစ်စတစ်စနှင့် သူ့မျက်လုံးထဲ အရည်ဖွဲ့လာသည်။ 'ဖေဖေ...'ဟု တိုးညှင်းစွာ အကူအညီ တောင်းဟန်ဖြင့် ရေရွတ်မိသည်။ ဖေဖေက သူ့ဆုံးဖြတ်ချက်အား လုံးဝမပြင်နိုင်ဟန်ဖြင့် လွန်းညီကို ခပ်တည်တည်သာ ကြည့်ပြီး အခန်းထဲဝင်သွားတော့သည်။
လွန်းညီသည် နေရာမှာတင် ကျိုးပဲ့သွားသော မျှော်လင့်ချက်အစုံကို ရင်ဝယ်ပိုက်ရင်း ကျန်ခဲ့သည်။ ပြောရခက်လှသည့် ခံစားချက်သည် သူ့ရင်ထဲတွင် နာကျင်စွာ ပြေးလွှားနေသည်။ လွန်းညီသည် မျက်နှာကို လက်နှင့်အုပ်၍ အထိန်းအချုပ်မရှိ ငိုချမိတော့သည်။
ဘာလို့လဲ။ ဘာလို့ ဒီလောက်ခက်နေရတာလဲ။ ရိုးရိုးရှင်းရှင်း အချစ်တစ်ခုပါပဲ။ ဘာလို့ လက်ခံဖို့ ဒီလောက်ခက်နေကြရတာလဲ။
လွန်းညီ၏ တသိမ့်သိမ့်တုန်နေသော ခန္ဓာကိုယ်ကို မေမေက ပွေ့ဖက်ပေးလာသည်။ ထိုအခါ လွန်းညီသည် မေမေ့ရင်ခွင်ထဲ တိုးဝင်ပြီး ပို၍တိုးကာ ငိုမိသည်။
"သား... အစ်ကို့ကိုချစ်တယ် မေမေရယ်..."
"သားရယ်..."
လွန်းညီ မေမေ့ကို မော့မကြည့်မိပေမဲ့ မေမေ မျက်ရည်များကျနေသည်ဟု ထင်သည်။ မေမေက သူ့အား တင်းတင်းပွေ့ဖက်ရင်း သူ့ဆံပင်များကို ချော့မြှူဟန်ဖြင့် အသာပွတ်သပ်ပေးသည်။
"သားက ငယ်ပါသေးတယ်ကွယ်။ စိတ်ကစားတာပဲနေမှာပါ။ သိပ်ပြီးစိတ်ထဲမထားပါနဲ့"
မေမေ့နှစ်သိမ့်စကားက လွန်းညီကို မည်သို့မျှ ခွန်အားမဖြစ်စေပါ။ ပြည်ဖုံးကားချလိုက်ပြီဖြစ်သည့် အတွေးတစ်ခုကို မေမေက ဆွဲယူလာသည်။ ဟင့်အင်း၊ ကျေးဇူးပြုပြီး အဲဒီစိတ်ကစားတယ်ဆိုတဲ့ စကားကို မပြောကြပါနဲ့။ အဲဒီစကားလုံးကြောင့် သူ အများကြီးခံစားခဲ့ပြီးပြီ။ ထပ်ပြီး သူ့ကို အတွေးလွန်အောင် မလုပ်ကြပါနဲ့တော့လား။
မှိုင်းမှိုင်းညှို့ညှို့နှင့် နွေဦးနံနက်ခင်းလေး၌ လွန်းညီတို့၏ လိုင်းခန်းတွင်းမှာတော့ မျက်ရည်များ၊ ထိခိုက်နာကျင်မှုများနှင့် ခံပြင်းမှုများက လွှမ်းမိုးနေတော့သည်။
~~~~~~~~~~~~~~
၂၅.၁၂.၂၀၂၄
အားလုံးပဲ ပျော်ရွှင်စရာ ခရစ်စမတ်လေး ဖြစ်ပါစေ🎄(ညတောင်ရောက်နေမှ🤭)
°°°°°°°°
Zawgyi
You are reading the story above: TeenFic.Net