Unicode
ဖေဖော်ဝါရီလ။
ဆောင်းရာသီမကုန်သေးသော်ငြား မန္တလေး၏ ထုံးစံအတိုင်း ရာသီဥတုကတော့ ပူပူနွေးနွေးရှိလာပြီး နွေဦးပေါက်နှင့်ပင် တူလာသည်။
အခန်းတွင်းသည် စာရိုက်သံတဖြောင်းဖြောင်းနှင့် အလုပ်လုပ်သံ တကုပ်ကုပ်သာ ကြီးစိုးလျက်ရှိနေ၏။ လင်းသစ်သည် ကွန်ပျူတာရှေ့တွင် ထိုင်ပြီး စာထိုင်ရိုက်နေသည်မှာ ဘယ်လောက်ကြာနေပြီလဲဆိုတာ ကိုယ်တိုင်ပင် မသိချေတော့။ အတော်ကြာနေသည်မှာတော့ အမှန်။ သို့သော် ထဖို့ စိတ်ကူးမရှိ။ ထလို့လည်း မရပါချေ။
လင်းသစ်တို့အတန်းသား အားလုံးလိုလိုသည် IELTS Examမှာ အမှတ်ကောင်းကောင်းရသည်။ မရသူအချို့ကတော့ ပြန်ဖြေရမည်ပေ။ လင်းသစ်ကတော့ 4 skillsစလုံးကို Band 7ကနေ 8အထိ ရခဲ့သဖြင့် အခြေအနေကောင်းခဲ့သည်။
စာမေးပွဲပြီးပြီဆိုသော်ငြားလည်း သူတို့မှာ မအားလပ်သေးပြန်။ သူ့မှာ ယခုရေးနေသည့် သည်အက်ဆေးအပြင် အခြားAssignmentတွေပါ လုပ်ဖို့ရှိနေသေးသည်။ ထို့ကြောင့် အချက်အလက်ရှာလိုက်ရ၊ စာဖတ်လိုက်ရ၊ ရေးလိုက်ရနှင့် မနားနိုင်။ မနေ့ကတည်းက အိမ်ပင်မပြန်ဖြစ်ဘဲ အိုက်ခွန်၏ အဆောင်အခန်းထဲတွင်သာ မင်းမြတ်ဇော်နှင့် လင်းသစ်တို့ ဝင်အိပ်ခဲ့ရသည်။ အခုလည်း သင်တန်းပြီးကတည်းက ကျန်သည့်စာများကိုလည်း အပြီးလုပ်နေရသည်။ သူ့နည်းတူ မင်းမြတ်ဇော်၊ အိုက်ခွန်၊ သွေးနဒီနှင့် ဆုရည်ငြိမ်းတို့လည်း အလုပ်များနေကြရသည်။
"ကိုလင်း"
တစ်ယောက်နှင့်တစ်ယောက် စကားပင် မပြောဖြစ်ဘဲ ကိုယ်စီအလုပ်များနေကြရင်းမှ သွေးနဒီက လင်းသစ်ကို ကောက်ခါငင်ကာ ထခေါ်သည်။ လင်းသစ်သည် 'အင်း'ဟုသာဆိုလျက် မေးဆတ်ပြနိုင်လိုက်သည်။
"ကိုလင်းမွေးနေ့က ဖေဖော်ဝါရီ ၂ရက်နေ့မလား"
"အင်း... ဟုတ်တယ်လေ"
"ဒီနေ့က ကိုလင်းမွေးနေ့မဟုတ်ဘူးလား"
"ဟင်..."
လင်းသစ်သည် ထိုအခါမှသာ သွေးနဒီ့ကို မော့ကြည့်လိုက်မိသည်။ သူနှင့် မျက်နှာချင်းဆိုင်ရှိ စားပွဲခုံတွင် ထိုင်နေသော သွေးနဒီက စာလုပ်နေသည်ကိုရပ်ပြီး လင်းသစ်အား ကြည့်နေလေ၏။
"ဒီနေ့က ဖေဖော်ဝါရီ ၂ရက်နေ့လေ ကိုလင်းရဲ့"
ကွန်ပျူတာမျက်နှာပြင်တွင်ရှိနေသော ယနေ့ရက်စွဲကို လင်းသစ်ပြန်ကြည့်မိသည်။ ဟုတ်ပါရဲ့။ သည်နေ့က ဖေဖော်ဝါရီ ၂ရက်နေ့။ သူ့မွေးနေ့ပဲ။ ဘယ်လိုတွေတောင် စာထဲစိတ်ရောက်နေခဲ့လို့ ထမင်းမေ့၊ ဟင်းမေ့တင်မဟုတ် မွေးနေ့ကိုပါ မေ့နေရတာပါလိမ့်။
"ဟုတ်သားပဲ။ မေ့နေတာ"
"ဖြစ်ရမယ် ကိုလင်းတို့ကတော့"
ဆုရည်ငြိမ်းက ကွန်ပျူတာထံမှ မျက်နှာမလွှဲနိုင်သေးသော်ငြား ထိုသို့တော့ ဝင်ပြောသည်။ လင်းသစ်သည် ခေါင်းကို ဟိုစောင်းသည်စောင်းလုပ်ရင်း မသောက်ဖြစ်၍ အေးနေပြီဖြစ်သော ကော်ဖီခွက်ကို တစ်ကျိုက်မော့လိုက်သည်။
"နဒီလည်း မေ့နေတာ။ အရင်ရက်ကတောင် သတိရနေသေးတာကို။ ကိုလင်းအတွက်လည်း လက်ဆောင်ပြင်ထားတယ်။ ယူဖို့မေ့လာတာ၊ မနက်ဖြန်ယူခဲ့မယ်နော်"
"နဒီကလည်း အားနာစရာတွေကွာ။ ငါကဖြင့် ဘာမှလည်း မကျွေးရသေးဘဲနဲ့"
"ဘာအားနာစရာလိုလဲ။ အချင်းချင်းတွေပဲကို။ ကျွေးတာ၊မကျွေးတာကလည်း အရေးမပါပါဘူး။ နဒီက ကိုလင်းကို ဒီတိုင်းအမှတ်တရ လက်ဆောင်ပေးချင်လို့ပါ"
လင်းသစ်သည် 'နဒီ့သဘောပါလေ'ဟုသာ ပြုံးပြီး ပြန်ပြောဖြစ်လိုက်သည်။ သွေးနဒီကတော့ ကျေနပ်သွားဟန်ဖြင့် တောက်ပရွှင်လန်းစွာ ပြုံးပြီး စာဆက်လုပ်သည်။ လင်းသစ်လည်း စာကိုပြန်အာရုံစိုက်ရ၏။
"နဒီမတို့များ ဘက်လိုက်ချက်နော်။ လင်းသစ်တို့ကျ မွေးနေ့ကိုတောင် တကူးတက မှတ်ထားပြီး လက်ဆောင်တောင် ပြင်ပေးထားတာ။ ဟင်းဟင်း"
မင်းမြတ်ဇော်၏ တည့်တိုး ခနဲ့သံကြောင့် လင်းသစ် လှမ်းကြည့်လိုက်မိသည်။ သွေးနဒီ၏ ရှက်ရမ်းရမ်းသံကလည်း ချက်ချင်းထွက်လာ၏။
"ကိုမင်းနော်၊ ဒီက စေတနာနဲ့ ပေးတာကို။ ဘာတွေလျှောက်ပြောနေတာလဲ"
"ဟ ငါဘာပြောရသေးလို့လဲ"
"မပြောရသေးလဲ သိတယ်"
"အံမယ်၊ အဲဒါဆိုလည်း ဗေဒင်ဟောစားလိုက်"
မင်းမြတ်ဇော်နှင့် သွေးနဒီတို့၏ စကားရန်ပွဲကြောင့် နွမ်းလျနေသည့်ကြားမှ လင်းသစ်အပါအဝင် ကျန်သုံးဦးလုံး လိုက်ရယ်မိသွားသည်။
"ဒီနေ့နေ့လယ်စာကို ကိုလင်းပဲ လိုက်ကျွေးနော်။ မွေးနေ့အထိမ်းအမှတ်အနေနဲ့"
ဆုရည်ငြိမ်းက လင်းသစ်အား လှမ်း၍ တောင်းဆိုသလို ပြောလာသည်။
"အိုခေလေ"
လင်းသစ်ဘက်က မီးစိမ်းပြလိုက်သောအခါ ဆုရည်ငြိမ်းက ကျေနပ်သွားဟန်ဖြင့် လက်ခုပ်ထတီး၏။ မင်းမြတ်ဇော်ကတော့ 'အဝစားမှာနော်'ဟု ဆိုသည်။ ငါးယောက်သား စကားခဏပြောဖြစ်ကြပြီးနောက် စာဆက်လုပ်ကြရသည်။ ထိုစဥ် ကိုတိုးက သူတို့အခန်းထဲသို့ ဝင်လာပြီး လင်းသစ်ဆီကို လာသည်။
"လင်းသစ်ရေ၊ ဒီမှာ မင်းညီဖုန်းဆက်တယ်။ မင်းဖုန်းကို ခေါ်တာ မကိုင်လို့တဲ့"
"ဟုတ်လား။ ကျွန်တော့်ဖုန်းက မနက်ကတည်းက အိုက်ခွန်အခန်းထဲမှာ အားသွင်းပြီး ထားခဲ့တာ ကိုတိုးရ"
"ဪ... ဒါဆိုလည်း ရော့၊ ပြောလိုက်ဦး"
သို့နှင့် လင်းသစ်သည် ကိုတိုးဖုန်းကို လက်ကမ်းယူပြီး အခြားသူများက စာလုပ်နေသဖြင့် အခန်းအပြင်သို့ ထွက်လာသည်။ အခန်းရှေ့ဝရန်တာတွင်ရောက်သည့်အခါ တစ်ဖက်ကို ထူးလိုက်သည်။
"ဟယ်လို..."
"အသက်တော့ရှိသေးသားပဲနော်။ ငါက မင်းရေဝေးရောက်သွားပြီထင်နေတာ"
စကားပင်မဆုံးသေးဘဲ ဖြတ်ပြောလာသည့် သုထက်၏ စကားက ဘောက်ဆတ်ဆတ်။ လင်းသစ် တစ်ချက်ရယ်လိုက်ရင်း
"မင်းကလည်းကွာ။ သူငယ်ချင်းအခန်းထဲမှာ ဖုန်းအားသွင်းခဲ့လို့ပါ။ ဘာကိစ္စရှိလို့လဲ"
"ညနေအိမ်ပြန်လာမှာလား သိချင်လို့"
"အင်း... လာဖြစ်မယ်ထင်တယ်"
အစကတော့ လင်းသစ် မပြန်ဖို့ တွေးထားသေးသည်။ ယခုမှ မွေးနေ့မှန်းသတိရသည်မို့ မာမီတို့နှင့်တွေ့ပြီး ညစာအတူစားချင်မိသောကြောင့် ပြန်ဖို့စဥ်းစားမိသွားသည်။
"လာမှာလား၊ မလာဘူးလားဘဲ ပြော"
"ဟမ်... အင်း... လာမှာ၊ လာမှာ"
"ပြီးရော"
"ဒါနဲ့ ဘာလို့လဲ"
"မင်းမလာရင် မင်းအတွက် ချက်ခိုင်းထားတဲ့ ဟင်းတွေကို ခွေးကျွေးမလို့"
ပြောချင်ရာတွေကို ဘုနှင့်ဘောက် လျှောက်ပြောနေသော သုထက်ကြောင့် လင်းသစ် ရယ်ချင်မိသွားသည်။
"မကျွေးနဲ့နော်၊ ငါလာမှာ"
"အင်း။ မနက်ကဟာတွေကတော့ ငါစားလိုက်လို့ကုန်ပြီ"
"မနက်ကလည်း လုပ်ထားတာလား"
"အင်း"
"ငါ မလာဘူးလို့ ကြိုပြောထားတယ်လေ"
"ညပဲအိပ်ပြီး မနက်ပြန်လာမယ်ထင်လို့ပေါ့"
လင်းသစ် လေပူတစ်ချက်သာ မှုတ်ထုတ်လိုက်မိသည်။ သူ ကတိမတည်နိုင်ခဲ့ဘူးပဲ။ သုထက်ကို ပစ်ထားမိပြန်ပြီ။
"ဒီနေ့ညနေတော့ သေချာပေါက်ပြန်လာမှာမို့ စောင့်နေနော်"
"ပြီးရောလေ"
သို့နှင့် ဖုန်းခေါ်ဆိုမှုက ပြီးဆုံးသွားသည်။ စာရော၊ အလုပ်တွေရော အကုန်ပြီးချိန်မှာတော့ ညနေလေးနာရီခွဲကျော်နေပြီဖြစ်သည်။ တစ်လျှောက်လုံး နေ့လယ်စာစားချိန်မှာပဲ နားရသေးသဖြင့် တစ်ကိုယ်လုံးညောင်းကိုက်လျက် နွမ်းနယ်နေပြီး အိမ်ပြန်ရန်သာ စိတ်စောနေ၏။ ထို့ကြောင့် အားလုံးပြီးပြီးချင်း အခြားသူများအား ကောင်ကောင်းပင်နှုတ်မဆက်နိုင်တော့ဘဲ ချက်ချင်းအိမ်ပြန်လာခဲ့လိုက်သည်။
အိမ်တွင်တော့ သုထက်က မီးဖိုချောင်ထဲ၌ အလုပ်တွေ ရှုပ်နေလား၊ အရှုပ်တွေလုပ်နေသည်လားတော့မသိ။ အန်တီစန်း ချက်ပြုတ်နေသည်ကို ဘေးကနေ ဟိုကြည့်သည်ကြည့်၊ ဟိုဟာလုပ်ပေးလိုက်၊ သည်ဟာလုပ်ပေးလိုက်နှင့် အလုပ်များနေဟန်တူသည်။ မီးဖိုချောင်လုပ်ငန်းမှလွဲ၍ အိမ်မှုကိစ္စအကုန်လုပ်ရသော အန်တီစန်းတူမဖြစ်သူ နုငယ်ကလည်း မီးဖိုထဲတွင် အန်တီစန်းအား ကူညီချက်ပြုတ်ပေးနေ၏။ လင်းသစ်ရောက်လာသည်ကိုမြင်တော့ အန်တီစန်းက
"သားကြီးတောင် ပြန်ရောက်နေပြီပဲ"
"ဟုတ် အန်တီစန်း။ ဘာတွေလုပ်နေကြတာလဲ"
"သားမွေးနေ့မို့ သားကြိုက်တာလေးတွေ ချက်နေတာလေ။ မင်းညီလေးကတော့ ဦးဆောင်စီစဥ်သူပေါ့"
အန်တီစန်းက ဘေးရှိသုထက်အား မေးငေါ့ပြရင်းဆိုသောအခါ သုထက်က မျက်နှာကိုမော့လျက် မော်ကြွားစွာပြုံးလိုက်သည်။
"ဒါနဲ့ မနက်ကလည်း ချက်တယ်ဆို။ အဲ့ဟင်းတွေရော ဘယ်ရောက်သွားပြီလဲ"
"သားပြန်မလာလို့ အန်တီစန်းတို့သုံးယောက်ပဲ စားလိုက်ရတာပေါ့"
"ဟုတ်လား။ တောင်းပန်ပါတယ်။ ကျွန်တော် ကြိုမပြောလိုက်မိဘူး။ တကယ်တော့ ကျွန်တော်လည်း ကိုယ့်မွေးနေ့ကိုယ်မေ့နေတာ"
"ဖြစ်ရမယ်ကွယ်"
လင်းသစ်သည် အန်တီစန်းတို့နှင့် စကားပြောပြီးနောက် အပေါ်ထပ်ရှိ ကိုယ့်အခန်းထဲကိုယ်သာ ဝင်လာခဲ့လိုက်သည်။ ပင်ပန်းနေသဖြင့် ဘာမှမလုပ်နိုင်မီ အိပ်ရာပေါ် ခြေပစ်လက်ပစ် လှဲချလိုက်မိသည်။
သာမန်အတိုင်းသာ သွားလာလှုပ်ရှား၊ ရယ်မောပြောဆိုနေရသော်ငြား အမှန်တိုင်းဆိုရလျှင် လင်းသစ် ပင်ပန်းလှပြီဖြစ်သည်။ နေ့တိုင်းစာသင်လိုက်ရ၊ အတန်းတွေ တက်လိုက်ရနှင့် မည်သို့မျှလုံးလုံးမအားလပ်ပေ။ စာတွေကလည်း သည်ရက်ပိုင်းတွင်း ပိုများလာသဖြင့် ကျောင်းတွင် ညအိပ်လိုက်ရသည်သာ ကြည့်လိုက်တော့။ အတန်းမှာ ရေးရမည့် Academic Essayများ၊ Assignmentများအတွက် စာအုပ်များ၊ Websiteများမှ ရှာဖတ်ရသည်။ ပြီးလျှင် အချက်အလက်ယူ၍ ကိုယ့်စာဖြစ်အောင်ရေးရသည်။ ရေးရသည်မှာလည်း နည်းနည်းနောနောမဟုတ်။ ဆရာ့ဆီ တင်ပြီး၊ ပြပြီးရုံနှင့်လည်း ဇာတ်လမ်းကမဆုံးနိုင်။ ထောက်ပြသည့် လိုအပ်ချက်များကို ပြန်ပြင်ရသေးသည်။ အက်ဆေးတစ်ပုဒ်ကို အနည်းဆုံးတော့ ငါးခါလောက်ပြင်ရတတ်သည်။
ကျောင်းသားများ၏ စာမေးပွဲကလည်း နီးလာပြီမို့ စာသင်သည့်ဘက်ကိုလည်း လွှတ်လို့မရ။ ကိုယ့်သင်ယူမှုကလည်း လျှော့လို့မရ။ တစ်ခါတစ်ခါဆိုလျှင် လွန်စွာမှ စိတ်ပင်ပန်းလွန်းပြီး ဘာမှမလုပ်ချင်တော့သလို ခံစားရသည်။
သို့ရာတွင်လည်း လင်းသစ် လက်မလွှတ်နိုင်ပြန်ပါ။ ကိုယ့်အိပ်မက်ကို အကောင်အထည်ဖော်နိုင်မည့် အခွင့်အလမ်းပေမို့ လက်မလွှတ်ရက်ပါချေ။ မဟုတ်ပါက မာမီတို့ ဖန်တီးပေးထားသော လမ်းကိုသာ ရွေးချယ်ခွင့်မရှိဘဲ လျှောက်ရလိမ့်မည်၊ ညီနှင့်လည်း... ဝေးရလိမ့်မည်။ ထိုအခြင်းအရာများကိုသာ စိတ်ထဲတွင် ကမ္ပည်းထိုးပြီး သည်အထိ စိတ်တင်းနေရခြင်းဖြစ်သည်။
အတော်ကြာသည်အထိ အိပ်ရာပေါ်လှဲနေပြီးမှ ရေမိုးချိုးဖြစ်သည်။ ထို့နောက် မနက်ကတည်းက ဖွင့်မကြည့်ရသေးသော ဖုန်းကို ထုတ်၍ကြည့်မိသည်။ ထိုအခါမှ မနက်တုန်းက ခေါ်ထားသော သုထက်၏ ဖုန်းကောလ်များကို တွေ့သည်။ ပြီးတော့ ညီ့ဖုန်းကောလ်တွေရော။
လင်းသစ် ရုတ်တရက် ပူထူသွားရသည်။ မနက်စောစောကတည်းက ခေါ်ထားသော ညီ့ဖုန်းကောလ်က လေးခုတောင်။ ဖုန်းကို အခန်းထဲ၌ ထားခဲ့မိသည့်အပြင် silentပါ လုပ်ထားမိသဖြင့် လုံးဝမသိခဲ့ခြင်းပင်။ ညီ စိတ်ဆိုးသွားပြီလားဆိုသည့် အတွေးနှင့် ညီ့ထံ ချက်ချင်းဖုန်းခေါ်မိသော်ငြား ခုချိန်ဖုန်းက ညီ့ဖေဖေထံ ရောက်နေမည်ဟု ထင်မိသဖြင့် ပြန်ချလိုက်ရပြန်သည်။ သည်နေ့သည် ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက်ဖြစ်သော်ငြား ဦးလေးက တစ်ခါတစ်ရံ အပြင်အလုပ်သွားတတ်သည်ကိုလည်း လင်းသစ် သိထားသည်လေ။
သို့နှင့် စိတ်ထဲ တနုံ့နုံ့ ဖြစ်နေရင်းနှင့်သာ အိမ်အောက်ထပ် ပြန်ဆင်းလာခဲ့လိုက်သည်။ သည်နေ့ မာမီစောစောပြန်ရောက်သည်။ ဟင်းတွေလည်း ဝယ်လာသေး၏။ သုထက် လှမ်းမှာထားတာဟု ပြောသည်။
တစ်ခဏတွင်းတွင်ပင် အန်တီစန်းနှင့် နုငယ်ချက်ထားသော ဟင်းပွဲ၊ မုန့်ပွဲများနှင့် မာမီဝယ်လာသော ဟင်းများသည် စားပွဲအပြည့်ဖြစ်သွားလေတော့သည်။ လင်းသစ်မှာသာ စားပွဲအပြည့်အစားအစာများကို ကြည့်ရင်း ကြောင်အ,နေသော်ငြား သုထက်ကတော့ အကျေနပ်ကြီး ကျေနပ်နေလေ၏။ မာမီကလည်း သူ့သားပျော်လျှင် ပြီးရောဟု သဘောထားနေဟန်တူသည်။ ဘာမှကိုမပြော။ မကုန်မှာသေချာနေသည်မို့ တချို့တလေကို ခွဲ၍ အန်တီစန်းနှင့် နုငယ်အတွက် ပေးထားလိုက်သည်။ ထို့နောက် သားအမိသုံးယောက် စားပွဲတွင်အတူထိုင်၍ ညနေစာစားကြသည်။
အချို့ရက်များတွင် မာမီနှင့် လင်းသစ်တို့က အိမ်ပြန်နောက်ကျသဖြင့် အတူဆုံပြီး ညစာမစားဖြစ်သည်မှာ အတော်ကြာပြီဖြစ်သော်ငြား မိသားစုသုံးယောက်ကြား ပြောစရာစကားက သိပ်တော့မရှိပေ။ ကျောင်းကိစ္စများနှင့် စာမေးပွဲအကြောင်းများသာ များများစားစားရှိပေသည်။
"သားငယ် စာမေးပွဲက လာတော့မယ်နော်။ စာတွေရပြီလား"
"ရတာပေါ့။ မျက်စိမှိတ်ဖြေတောင်ရတယ်"
သုထက်၏ ဟန်ပါပါစကားကြောင့် မာမီက တစ်ချက်ပြုံးလိုက်သည်။ တကယ်လည်း သုထက်က ဉာဏ်ကောင်းပါသည်၊ သင်လွယ်တတ်လွယ်သည်။ သို့သော်လည်း အပျင်းကြီးလွန်း၏။
"လိုအပ်တာရှိရင် ပြောနော်။ အစ်ကိုလည်း အနားမှာရှိနေတာပဲမလား"
သုထက်က ခေါင်းတညိတ်ညိတ်။
"ဒါနဲ့ သားကြီးလည်း တက္ကသိုလ်တက်ရတော့မယ်ဆိုတော့ တက်မယ့်မေဂျာကို ရွေးပြီးပြီလား"
လင်းသစ်၏ ရပ်တန့်သွားသော လှုပ်ရှားမှုများနှင့် အမူအရာများကို မာမီသာ ထမင်းငုံ့စားမနေခဲ့လျှင် သေချာပေါက် မြင်ပေလိမ့်မည်။ လင်းသစ်သည် ချက်ချင်းမဖြေနိုင်သေးဘဲ ဟင်းရည်ကို တစ်ဇွန်းခပ်သောက်လိုက်သည်။ မာမီက သူ့ကိုမော့ကြည့်လာ၏။
"ဟုတ်၊ ရွေးပြီးပြီ မာမီ"
ထိုသို့သာ လင်းသစ် ဖြေနိုင်လိုက်ပါသည်။ မာမီကတော့ ခေါင်းတညိတ်ညိတ်။ ခဏကြာတော့ မာမီက အလုပ်ရှိသဖြင့် မြန်မြန်စား၍ ဦးစွာထွက်ခွာသွားသည်။ ထမင်းစားခန်း၌ လင်းသစ်နှင့် သုထက်သာ ကျန်ခဲ့၏။ သုထက်က အသားကြော်များကို အားပါးတရစားနေလေသည်။
"မင်းကို မာမီက Laptopကြီး လက်ဆောင်ပေးမလို့ဆိုလားပဲ"
"ဟုတ်လို့လား"
"မင်းကို တစ်ခုခုပေးမယ်လို့တော့ပြောတယ်။ ဒါပေမဲ့ Laptopအသစ်တစ်လုံး မြင်လိုက်လို့"
"ဪ..."
အဆင်တော့ပြေသားဟု လင်းသစ် တွေးမိသော်ငြား မာမီ့ အားနာမိသွားပြန်သည်။
"ဒယ်ဒီသာ ဒီမှာရှိနေရင်ကောင်းမယ်နော်"
သုထက်က အသားကြော်တစ်တုံးကို ကိုက်ရင်း အခန်းပြင်သို့ လှမ်းငေးကာ ပြောသည်။ ထမင်းစစားကြတုန်းကတော့ လင်းသစ်လည်း ထိုသို့တွေးမိသည်။ သို့သော် စဥ်းစားကြည့်လျှင် အားလုံးဟာ ကိုယ့်ဘဝမှာကိုယ် နေထိုင်နေကြပြီမို့ ယခုလိုတွေးနေလျှင်လည်း ဘာမှထူးမည်မဟုတ်လား။ ထို့ကြောင့် ကိုယ့်ကိုယ်ကိုယ် စိတ်ညစ်ခံပြီး ဆက်မတွေးဖြစ်တော့ချေ။ အကယ်၍ လေးယောက်အတူ ဆုံဖြစ်ကြလျှင်တောင် မိသားစုထမင်းဝိုင်းလေးက ယခင်ကလို နွေးနွေးထွေးထွေး ရှိနိုင်မည်မဟုတ်တော့ပေ။ ယခင်က သုထက်ကလေး၏ တီတီတာတာ ပြောစကားသံများနှင့် စိုပြည်ခဲ့သော ထမင်းဝိုင်းလေးကို မည်သို့နည်းနှင့်မျှ ပြန်ရနိုင်မည်မဟုတ်တော့ပါ။
"မွေးနေ့တွေထဲမှာ ငါ အပျော်ဆုံးမွေးနေ့၂ရက်ရှိတယ်သိလား။ မွေးနေ့ကိတ်မခွဲခဲ့ရပေမဲ့ အပျော်ဆုံးပဲ"
လင်းသစ်သည် အတွေးများကို ရပ်တန့်၍ သုထက်ပြောလာမည့် စကားတို့ကို စိတ်ဝင်တစား စောင့်မျှော်နေလိုက်သည်။ သုထက်က လင်းသစ် နားထောင်နေမှန်းသိရမှ ဆက်ပြော၏။
"ပထမမွေးနေ့က ငါ ၄နှစ်ပြည့်တုန်းက။ မင်းမှတ်မိလား၊ အဲ့နေ့က ငါတို့မိသားစုလေးယောက် ကစားကွင်းသွားကြတာလေ၊ တိရစ္ဆာန်ဥယျာဥ်လည်း သွားကြသေးတယ်။ ညကျတော့ ဟိုတယ်မှာ ညနေစာစားဝင်စားကြတာလေ။ တကယ် ပျော်စရာကြီး။ အဲ့နေ့တုန်းက မာမီနဲ့ ဒယ်ဒီက ငါ့ကိုအရုပ်တွေ အများကြီးပဲ ဝယ်ပေးခဲ့တာ"
လင်းသစ်သည် သုထက်၏ စကားကို မျက်ခုံးပင့်ရင်း နားထောင်နေမိသည်။ သုထက်သည် အသက်လေးနှစ်တုန်းက အချိန်များကို အခုထိ ကောင်းကောင်းသတိရနေသေးသည်ပဲ။ အဲ့အချိန်တုန်းက လင်းသစ်က ခြောက်နှစ်ပေါ့။ ဒါပေမဲ့ သိပ်ပြီး ရေရေရာရာ မမှတ်မိချင်တော့ဘူး။
"နောက်တစ်ခုကရော"
ကျန်သည့်မွေးနေ့တစ်ခုအကြောင်းကို ပြောမလာသေးဘဲ ခပ်ပြုံးပြုံးလုပ်နေသော သုထက်ကို လင်းသစ် စကားထောက်ပေးလိုက်သည်။
"နောက်တစ်ခုက ငါ၁၅နှစ်ပြည့်တုန်းက။ အဲ့တုန်းကလည်း ကိတ်မခွဲလိုက်ရဘူး။ ဒါပေမဲ့ ခမ်းတို့ရော၊ လွန်းညီတို့ရောရှိတာမို့ ပျော်စရာကောင်းတယ်။ မင်းတို့တွေရောဆိုတော့ ပိုပြီးလူစုံခဲ့တယ်လေ။ ပြီးတော့ လက်ဆောင်တွေလည်း အများကြီးရတယ်"
သုထက်မျက်နှာက ပျော်ရွှင်မှုတို့ အပြည့်အဝလွှမ်းခြုံနေသည်။ သို့သော် ပြောပြီးသည့်နောက် မသိမသာလည်း မှိုင်တွေသွားသည်။ ထိုအခိုက်အတန့်များကို အောက်မေ့ရင်း လွမ်းသွားဟန်ရှိသည်။
"ဒါနဲ့ မင်းမှာရော အပျော်ဆုံးမွေးနေ့တွေရှိလား"
"အဲ့လိုတော့မရှိပါဘူး။ မွေးနေ့တိုင်းလိုလိုက ကျေနပ်စရာကောင်းပါတယ်"
လင်းသစ်က သုထက်လောက် အစွဲအလမ်းကြီးသည့်ထဲတွင် မပါပါ။ ရောက်ရာအရပ်မှာ ပျော်အောင်နေပြီး ကိုယ်ပိုင်စိတ်ကျေနပ်ပျော်ရွှင်မှုကိုပဲ ရှာတတ်သူမို့ ဟိုလိုဖြစ်မှ၊ သည်လိုဖြစ်မှဆိုသည့် အစွဲမျိုးမရှိ။ မွေးနေ့တိုင်းမှာလည်း ကိုယ်တိုင်ကပဲ စိတ်ချမ်းသာအောင် ကြိုးစားနေဖြစ်သောကြောင့် ထိုသို့အနှစ်သက်ရဆုံး မွေးနေ့ရယ်တော့ မရှိချေ။ သို့သော် အမှန်တိုင်းပြောရလျှင်တော့ ညီနှင့်အတူရှိခဲ့ရသည့် မွေးနေ့လေးကိုတော့ အမြဲအမှတ်ရနေခဲ့သည်။
ဘာလိုလိုနှင့် ညီ သူ့ကို မာဖလာလေးနှင့် အနွေးဦးထုပ်ကလေး ပေးခဲ့တာပင် တစ်နှစ်ပြည့်ချေပြီ။ မန္တလေးဆောင်းက သိပ်မချမ်းအေးလှသော်ငြား အအေးဒဏ်မခံနိုင်သူမို့ ဆောင်းနံနက်ခင်းများတွင် ထိုမာဖလာအပြာလေးနှင့် ဦးထုပ်အပြာလေးက လင်းသစ်အား နွေးထွေးစေခဲ့ပါသည်။
စားပြီးနောက် ကိုယ့်အခန်းကိုယ်သာ ပြန်လာခဲ့လိုက်သော်ငြား မာမီက ခေါ်သဖြင့် မာမီ့အခန်းထဲ အရင်ဝင်သွားလိုက်သည်။ မာမီက အလုပ်စားပွဲတွင် Laptopတစ်လုံးနှင့် အလုပ်ရှုပ်နေလျက်ရှိသည်။ လင်းသစ်ကိုယ်တိုင်မှာလည်း မအားလပ်သဖြင့် မာမီ့ကို မကူနိုင်သည်မှာပင် ကြာလှပြီဖြစ်သည်။
မာမီက သူ့မူအတိုင်း ပြုံးရွှင်ကြည်သာနေသည်။ လင်းသစ်ကိုလည်း ကျောင်းကိစ္စများကိုလည်း မေး၏။ အများအားဖြင့်ကတော့ ဘာကူညီပေးရမလဲ၊ ဘာလုပ်ပေးရမလဲဆိုသည်များသာ။ ထို့ပြင် သုထက်ပြောထားသကဲ့သို့ Laptopတစ်လုံး မွေးနေ့လက်ဆောင်ပေးလာသည်။
လင်းသစ်သည် အခန်းထဲပြန်လာချိန်၌ Laptopအသစ်ကို စားပွဲပေါ်တင်ပြီး ငိုင်ကြည့်နေမိသည်။ မာမီ့အပေါ်ကိုလည်း အားနာစိတ်များက တဖွားဖွားပေါ်လာရသည်။
မာမီသည် အခြားမိခင်များကဲ့သို့ သားများနှင့်အနေမနီးလှသော်ငြား သူတို့ကို လွန်စွာချစ်ပါသည်။ လိုလေသေးမရှိအောင် ဖြည့်ဆည်းပေးတတ်ပါသည်။ ယခု လင်းသစ်ကို သူတတ်နိုင်သမျှ ထောက်ပံ့ပေးနေသည်ကိုက သက်သေပါပင်။ မာမီ့အလုပ်များကို မကူညီပေးနိုင်သည့်တိုင်အောင်၊ ပစ်ပယ်ထားမိသည့်တိုင်အောင် မာမီက လင်းသစ်လိုအပ်သည်ကို ဖြည့်စွမ်းဖို့ အမြဲကြိုးစားနေဆဲပင်ဖြစ်သည်။
သို့ရာတွင် တစ်ခုတော့လည်းရှိသေးသည်။ ဒယ်ဒီ့ကဲ့သို့ လင်းသစ် ဘာဖြစ်ချင်သည်ဆိုသည်ကို မမေးခြင်းပေ။ ဘာမှမပြောသော်ငြား အသက်အရွယ်လာရသည့် လူတစ်ယောက်မို့ လင်းသစ်နားလည်ပါသည်။ မာမီက လင်းသစ်ရော၊ သုထက်ကိုပါ သူ့ကဲ့သို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးသာ ဖြစ်စေချင်သည်။ ဖြစ်ရမည်ဟုလည်း မှတ်ထားသည်။ ထို့ကြောင့် ထိုလမ်းပေါ်ရောက်ဖို့ လိုအပ်သမျှကို လုပ်ဆောင်ပေးနေသည်။ လင်းသစ်ကိုလည်း ထိုအရာကို အကြောင်းပြု၍ ဖြည့်ဆည်းပေးနေခြင်းပင်။ သို့သော် လင်းသစ် စိတ်မကွက်မိပါ။ ဒါဟာ အတ္တဟု ဆိုနိုင်သော်ငြား မိခင်တစ်ယောက်၏ မေတ္တာယှက်နေသော အတ္တသာဖြစ်မှန်း လင်းသစ် နားလည်သည်။ သို့သော် မာမီဖောက်သည့်လမ်းကို လျှောက်ရန်လည်း လင်းသစ်မှာ အစီအစဥ်မရှိချေ။
ထိုသို့အတွေးများနေစဥ် အကြားအာရုံထဲသို့ တည့်တည့်တိုးဝင်လာသည်က ဖုန်းအသံ။ လင်းသစ်သည် ကြောင်အ,စွာနှင့်ပင် ဖုန်းကို လှမ်းကြည့်မိသည်။ ဖုန်းမျက်နှာပြင်ပေါ်ရှိ နာမ်စားလေးသည် လင်းသစ်၏ စိတ်ရှုပ်ထွေးမှုများကို အဝေးသို့ သယ်ဆောင်သွား၍ ပျော်ရွှင်မှုများကို စမ်းရေအလျင်နှင့် စီးဝင်လာစေသည်။ ထိုနာမ်စားလေးကား 'ညီ'တဲ့။
"ဟယ်လို၊ အစ်ကို။ ကျွန်တော် အစ်ကို့ဆီကို မနက်ကတည်းက ဖုန်းဆက်နေတာ"
ဖုန်းကိုင်ကိုင်ချင်း ကြားလိုက်ရသည့် အသံလေးကြောင့် လင်းသစ် အသာပြုံးလိုက်မိသည်။
"ဟုတ်တယ် ညီ။ အစ်ကို ဖုန်းကို အခန်းထဲမှာထားခဲ့မလို့။ ညနေတုန်းကမှတွေ့တာ။ အဲ့တုန်းကကျ ဖုန်းက ဦးလေးဆီမှာလို့ထင်လို့ ပြန်မဆက်လိုက်တာ။ တောင်းပန်ပါတယ်နော်။ အစ်ကို တမင်မကိုင်တာမဟုတ်ပါဘူး"
"ကျွန်တော်က အဲ့လိုသဘောနဲ့ ပြောတာမဟုတ်ပါဘူး အစ်ကိုရ။ ဖုန်းမကိုင်လို့ စိတ်ပူနေတယ်ဆိုတာ သိစေချင်လို့"
ခပ်တိုးတိုးရှင်းပြသံလေး။ လင်းသစ် ပြုံးမိပြန်သည်။ သည်ကလေးက ဘယ်လောက်ချစ်ဖို့ကောင်းလိုက်သလဲ။
"အစ်ကိုနားလည်ပါတယ် ညီရဲ့။ အစ်ကိုကလည်း ရှင်းပြတာ"
"ဟုတ်။ ဒါနဲ့... ဒီနေ့က အစ်ကို့မွေးနေ့နော်"
"ဟုတ်တယ် ညီ။ အစ်ကိုဖြင့် မေ့တောင်မေ့နေတာ"
"အလုပ်တွေအရမ်းများနေတာလားဟင် အစ်ကို"
"သိပ်တော့လည်း မများပါဘူး"
"နားနားနေနေ နေဦးနော် အစ်ကို။ အပင်ပန်းခံမနေနဲ့"
"ဟုတ်ပါပြီဗျာ"
လင်းသစ်သည် ခပ်ဖွဖွပြုံးရင်း ညီ့အပြုံးနုနုကို မြင်ယောင်လာမိသည်။ ဆောင်းနှောင်းကာလ၏ ညက ချမ်းစိမ့်စိမ့်တော့ရှိလှ၏။ သို့သော် မြင်ယောင်မိသည့် အပြုံးလေးက နွေးထွေးမှုတို့ကို ထုတ်လွှတ်နိုင်လေသည်။
"ဒီနှစ်မွေးနေ့ရော အစ်ကို ဆုမတောင်းဘူးလား"
"မတောင်းရသေးဘူး။ ညီပဲ အစ်ကို့အတွက် ဆုတောင်းပေးပါလား"
"ပြောတော့ ဆုတောင်းရတာမကြိုက်ဘူးဆို"
"ညီဆုတောင်းပေးတာကိုတော့ သဘောကျတယ်လေ"
ရယ်သံတိုးတိုးက ဖုန်းလိုင်းထဲမှတစ်ဆင့် လင်းသစ်၏ နားထဲသို့ ငြိမ့်ညောင်းစွာ စီးဝင်လာသည်။
"အစ်ကို ဘာလိုချင်လဲ။ အစ်ကိုလိုချင်တာကို ကျွန်တော် ဆုတောင်းပေးမယ်"
"ညီ အစ်ကို့ကို ဖြစ်စေချင်တာက အစ်ကို လိုချင်တာပဲ"
"အစ်ကိုကတော့လေ..."
ညီက ထပ်ပြောမလာ။ ပြုံးနေမည်ထင်သည်။ ထို့နောက် လင်းသစ်အတွက် မွေးနေ့ဆုတောင်းသံလေးက ခပ်ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။
"သည်မွေးနေ့ကစပြီး အနာရောဂါကင်းရှင်းပါစေ၊ ရွှင်လန်းချမ်းမြေ့ပါစေ၊ စိတ်သွားတိုင်း ကိုယ်ပါလို့ လိုအင်ဆန္ဒတွေ ပြည့်ဝပါစေ"
လူကြီးဆန်ဆန် ဆုတောင်းစကားလေးကြောင့် လင်းသစ် အသည်းယားစွာဖြင့် နှစ်နှစ်ခြိုက်ခြိုက်ပင် ပြုံးလိုက်မိသည်။
"တကယ်တော့ ကျွန်တော် မနက်အစောကြီးကတည်းက ထပြီး အစ်ကို့အတွက် ဘုရားရှိခိုးရင်း မွေးနေ့ဆုတောင်းပေးခဲ့တယ် သိလား"
"ဟုတ်လား။ ကျေးဇူးတင်လိုက်တာ။ တော်သေးတာပေါ့၊ အစ်ကို့မှာ ညီရှိနေလို့"
ဟုတ်သည်။ သူ့မှာ ညီရှိနေလို့တော်ပါသေးသည်။ အစွဲအလမ်းမကြီးတတ်သည့် သူသည် ညီ့ကိုတော့ စွဲလမ်းမိခဲ့သည်။ ချစ်ခြင်းမေတ္တာခေါင်းစဥ်အောက်က ဤစွဲလမ်းမှုလေးသည် ပူလောင်ခြင်းကင်းမဲ့ပါသည်။ ထိုအစွဲအလမ်းလေးသည် သံသရာရှည်စေမည်ဆိုလျှင်တောင် သူ ဖြတ်မချချင်။ နောင်သံသရာအထိပင် သယ်ဆောင်သွားချင်မိပါသည်။ သူ့ဘဝရဲ့နေရာတိုင်းမှာရှိနေသည့် ညီ့သာ သူ့ဘေးနားတွင်ရှိနေလျှင် သံသရာအဆုံးထိလည်း လျှောက်လိုပါသည်။ စကြဝဠာအဆုံးထိလည်း သွားလိုပါသည်။ အဓိကက သူ့ဘေးမှာ ညီရှိနေဖို့ပဲ။ သို့တည်းမဟုတ် ညီ့နားမှာ သူရှိနေဖို့ပေါ့။
~~~~~~~~~~~~~~~
၂၂.၁၂.၂၀၂၄
°°°°°°°°°°
Zawgyi
ဖေဖော်ဝါရီလ။
မန္တလေးမြို့။
ဆောင်းရာသီမကုန်သေးသော်ငြား မန္တလေး၏ ထုံးစံအတိုင်း ရာသီဥတုကတော့ ပူပူနွေးနွေးရှိလာပြီး နွေဉီးပေါက်နှင့်ပင် တူလာသည်။
"ကိုလင်း"
"အင်း... ဟုတ်တယ်လေ"
"ဟင်..."
"ဟုတ်သားပဲ။ မေ့နေတာ"
You are reading the story above: TeenFic.Net