Unicode
လူ့သက်တမ်းကား တိုတိုလေးရယ်ပင်။
ဤသည်ကိုမှ ၃၁ရက်ရှင်သန်ခွင့်တဲ့။ ပိုပြီးတောင် တိုတောင်းသေး။ ကုန်ဖို့မြန်ဆန်လွန်း၏။ သည်နေ့က မင်းခွန်မှိုင်း၏နောက်ဆုံးရက်ပင်ဖြစ်သည်။ ၃၁ရက်မြောက်သောနေ့။ လူ့လောကမှ သူထွက်ခွာသွားတော့မည့်နေ့။ ဖြစ်နိုင်လျှင်တော့ သူသည့်ထက်အချိန်တွေ ပိုလိုချင်ပါသေးသည်။ သို့ပေမဲ့ မဖြစ်နိုင်တော့ချေ။ ရှင်သန်ခဲ့သည့်နေ့ရက်တိုင်းတွင် သူပျော်ခဲ့ရပါသည်။ Kiteဆိုသောနတ်ဆိုးတစ်ကောင်နှင့်လည်း အတူနေထိုင်ခဲ့ရသည်။ နောက်ပြီး အဲ့သည်နတ်ဆိုးအပေါ်မှာလည်း....။
ဤသည်ကို သူသည်တစ်သက်မည်သူ့ကိုမျှ မပြောတော့ရန် ဆုံးဖြတ်ထားသည်လေ။
"ငါဒီနေ့ မင်းကိုပြောစရာရှိတာ သိတယ်မလား"
ပြတင်းပေါက်မှတစ်ဆင့် တိမ်ငုပ်ပျောက်ကွယ်သွားသောနေမင်းကြီးအား နောက်ဆုံးအနေဖြင့်ငေးမောနေစဉ် Kiteစကားကြောင့် အာရုံလွင့်ပြယ်သွားသည်။ ကြည်ကြည်သာသာပင် Kiteအားမော့ကြည့်လိုက်သည်။
"ငါသိပါတယ်၊ ငါရှေ့ရက်တွေကတည်းက မေးနေတာ မင်းကဖြေမှမဖြေဘဲ"
"ဒီနေ့ကအရေးအကြီးဆုံးရက်ဖြစ်တယ်လေ၊ ဒီတော့ ဒီနေ့မှာပဲ ဒီစကားကိုပြောရင် ပိုကောင်းမယ်ထင်လို့ပါ၊ နောက်ပြီး ငါမင်းနဲ့နောက်ဆုံးရက်ထိတူတူရှိချင်တာလည်းပါတာပေါ့"
"ဘာလဲ...ငါ့ကိုရင်ခုန်အောင်ပြောတာလား၊ ဆောရီးနော်၊ မင်းခွန်မှိုင်းက အဖြောင့်လို့အစကတည်းက ပြောဖူးတယ်လေ၊ ရင်မခုန်ဘူး"
"မင်းကလေ..."
'ငါ့ခံစားချက်ကိုနားမလည်ဘူး'ဟု ဆက်ပြောချင်ပါသော်လည်း ရန်သတ်မိမည်စိုးသောကြောင့် သည်အတိုင်းရပ်လိုက်ရသည်။ ဤသည်ကို သူကခေါင်းကိုခပ်မော်မော်လုပ်ပြီး အမြင်ကပ်စရာဆိုဒ်ကိုဖမ်းနေသေးသည်။
"ကဲ...ပြောစရာရှိတာပြောတော့၊ အချိန်က ၆နာရီပဲကျန်တော့တယ်"
နာရီကိုတစ်ချက်လက်ညှိုးထိုးပြလိုက်တော့ Kiteကလှမ်းကြည့်ပြီး သက်ပြင်းချသည်။ သူတို့ခွဲရတော့မည့်အချိန် နီးကပ်လာပြီ။ သူသေသေချာချာထိန်းသိမ်းထားသော လက်စွပ်လေးအား မင်းခွန်မှိုင်းထံ သူထုတ်ပြချိန်တန်လေပြီ။
"မင်းကိုငါ ဒီလက်စွပ်လေးအကြောင်းပြောချင်တာ"
"ငါ့ကိုလက်ထပ်ခွင့်တောင်းမလို့လား၊ မလုပ်နဲ့နော်၊ ငါမင်းကိုမကြိုက်ဘူး"
ပြောင်ချော်ချော်လာလုပ်နေသောမင်းခွန်မှိုင်းအား Kiteအားရပါးရသာ ထုထောင်းလိုက်ချင်ပါသည်။
"အရေးကြီးလို့ပါ မင်းခွန်မှိုင်းရယ်၊ ကပျက်ကချော်တွေ မလုပ်စမ်းပါနဲ့"
"အိုကေ အိုကေ"
သူ့ထုံးစံအတိုင်း လက်ညှိုးနှင့်လက်မကို အဝိုင်းပုံစံလေးလုပ်ပြကာ ငြိမ်နေတော့သည်။
"ဒီလက်စွပ်က ကံကြမ္မာနတ်ဆိုးဆီက ငါရလာတာ"
"ကံကြမ္မာနတ်ဆိုးကဘာကြီးလဲ"
မလိုအပ်ဘဲပတ်ရစ်နေပြန်ပါသည်။ Kiteသက်ပြင်းချရင်း မင်းခွန်မှိုင်းကို စိုက်ကြည့်မိလိုက်တော့သည်။
"စတာပါကွာ...ဒီနေ့လေးပဲ မင်းကိုငါကရစ်လို့ရတော့မှာကို၊ ဆက်ပြော ဆက်ပြော၊ ငါဒီတစ်ခါအတည် ငြိမ်ပြီ"
"ဒီလက်စွပ်က ကံကြမ္မာလှည်းဘီးထွင်းတုန်းက ပိုတဲ့အသားတွေကိုပြန်ထွင်းထုပြီး ရလာတာ၊ ငါ့မှာလည်းတစ်ကွင်းရှိတယ်"
Kiteသည် သူ့လက်တွင်ဝတ်ထားသော လက်စွပ်ကိုတစ်ချက်ပြလိုက်သည်။ ပြီးမှဆက်ပြောသည်။
"ဒီလက်စွပ်ကို မင်းဝတ်လိုက်ရင် ကံကြမ္မာလှည်းဘီးက နောက်ပြန်လည်သွားပြီး ကံကြမ္မာအသစ်စတင်လိမ့်မယ်"
"မရှင်းဘူး"
မင်းခွန်မှိုင်းသည် အရေးကြီးဆုံးအချိန်အထိ ပိန်းတိန်းတိန်းလုပ်နေပြန်သည်။
"ရှင်းရှင်းပဲပြောတော့မယ်၊ မင်းကငါ့ကိုမချစ်နိုင်တော့ အမြုတေကို ငါအားကိုးလို့မရတော့ဘူးလေ၊ ဒါကြောင့် ကံကြမ္မာနတ်ဆိုးဆီ ငါသွားခဲ့တယ်၊ သူကဒီလက်စွပ်လေးပေးလိုက်တယ်၊ ဒါပေမဲ့..."
Kiteအနည်းငယ်တွန့်ဆုတ်သွားသောကြောင့် မင်းခွန်မှိုင်း ပိုအာရုံစိုက်မိသွားသည်။ သူ့အားKiteဘာတွေဖုံးကွယ်ဦးမည်နည်း။
"ဒါပေမဲ့ အလဲအထပ်ရှိခဲ့တယ်"
Kiteဘာမှထိမ်ချန်စရာမလိုတော့ဟု ဆုံးဖြတ်လိုက်သည်။ မင်းခွန်မှိုင်းလည်း ဒါကိုလက်ခံနိုင်မည်ဟု ယုံကြည်သည်။
"သံယောဇဉ်ကြိုး"
"ဘာကြီး..."
"ငါတို့ကြားက သံယောဇဉ်ကြိုး၊ ပြောရရင် ပတ်သက်ဆက်နွယ်မှု၊ ဒီကြိုးကိုဖြတ်တောက်လိုက်ရင် ကံကြမ္မာအသစ်စတင်လိမ့်မယ်၊ ဥပမာ မင်းသူငယ်ချင်းနှစ်ယောက်နဲ့သာ မင်းမဆုံဖြစ်ခဲ့ရင် မင်းတို့စတူဒီယိုဆိုတာရှိလာမှာမဟုတ်သလို မင်းလည်းcosplayerဖြစ်ချင်မှ ဖြစ်လာလိမ့်မယ်"
"ခွဲထုတ်လိုက်တဲ့သဘောလား"
"အဲ့လိုပဲဆိုရမှာပေါ့၊ လူတစ်ယောက်ဘဝမှာ အဲ့ဒီအရာ၊ အဲ့ဒီလူသာမရှိခဲ့ရင် ဒီအရာဖြစ်လာမှာမဟုတ်ဘူးဆိုတဲ့အဓိပ္ပါယ်ပဲ၊
"ဒီတော့..."
မင်းခွန်မှိုင်းအသံကတိုးလွန်းနေခဲ့သည်။
"တကယ်တော့ မင်းအတွက်ငါဒီနည်းကို ရွေးခဲ့ရတာပါ၊ နောက်ဆုံးနည်းပဲ မင်းခွန်မှိုင်း၊ မင်းလက်ခံပါလို့ပဲ ငါပြောချင်တော့တယ်"
"မင်းကနတ်ဆိုးမဟုတ်တော့ဘူးဆိုရင်...."
အကြောင်းအရင်းကို ဆက်သိချင်ပုံရသောကြောင့် Kiteမှာရှင်းပြရပြန်သည်။
"မင်းနဲ့ငါမတွေ့ဖြစ်ခဲ့ဘူးဆိုရင် ငါကနတ်ဆိုးဖြစ်လာဦးမတဲ့လား မင်းခွန်မှိုင်းရယ်၊ ကံကြမ္မာဟာပြောင်းလဲသွားမှာ၊ ငါကသာမန်လူအဖြစ်နဲ့ရှင်သန်လိမ့်မယ်ထင်တယ်၊ မင်းလွန်ခဲ့တဲ့ရက်တွေကပြောခဲ့တာကို မှတ်မိတယ်မလား၊ ငါတို့သာ မဆုံတွေ့ဖြစ်ခဲ့ရင်လေ..."
"ဒါဆို ငါတို့ကကံကြမ္မာအသစ်မှာ တစ်ယောက်နဲ့တစ်ယောက်..."
"ဟုတ်တယ်... ငါတို့မသိကြတော့ဘူး၊ ငါတို့မှာ ပတ်သက်ခဲ့တာမှ မရှိတော့တာ"
"မင်းကဒါကိုလက်ခံနိုင်လား"
မင်းခွန်မှိုင်းထိတ်ထိတ်လန့်လန့်ဖြင့် ဤမေးခွန်းကို မေးခဲ့ရကြောင်းဝန်ခံရမည်။ Kiteဘက်မှ သူမပါသော ကံကြမ္မာကိုလျှောက်ဖို ဆုံးဖြတ်နိုင်ခဲ့သည်လား။ Kiteသည် ခုံပေါ်၌ထိုင်နေသောမင်းခွန်မှိုင်းရှေ့၌ ဒူးထောက်ချပြီးထိုင်သည်။ လက်ဖဝါးလေးကို ညင်ညင်သာသာဆုပ်ကိုင်ပြီး ကြည်ပြာရောင်မျက်လုံးတို့ဖြင့်မော့ကြည့်သည်။ သူ့နောက်ဆုံးမျှော်လင့်ချက်ကလေး။
"ငါမရှိလို့ မင်းအဆင်ပြေမယ်ဆိုရင် ငါကဘာလို့ထွက်မသွားနိုင်ရမှာလဲ မင်းခွန်မှိုင်းရယ်၊ ငါ့အစကတည်းက ရည်မှန်းချက်က မင်းပျော်နေတာလေးကို မြင်ချင်ရုံပါ၊ ဒါပေမဲ့ အခုမမြင်ရတော့ဘူးဆိုရင်တောင် ငါကျေနပ်ပါတယ်၊ ငါကသေချာတဲ့အရာတစ်ခုကို လုပ်လိုက်နိုင်တာလေ"
"မင်းတစ်ကိုယ်ကောင်းဆန်ပြန်ပြီ"
မင်းခွန်မှိုင်းမျက်ဝန်း၌ အရည်ကြည်တို့ ရစ်ဝေ့လာချေသည်။
"မင်းမှငါ့ကိုမချစ်နိုင်ဘဲ မင်းခွန်မှိုင်းရယ်၊ ဒီလိုမလုပ်လို့ မဖြစ်တော့ဘူးလေ၊ မဟုတ်ရင် ငါ့အမှားတွေကြောင့် မင်းကိုငါထာဝရဆုံးရှုံးရတော့မှာ ၊ ငါတကယ်ရူးသွပ်သွားလိမ့်မယ်"
"မင်း...."
"မင်းလည်းဒီလိုဖြစ်စေချင်ခဲ့တယ် မဟုတ်ဘူးလား၊ ဒါကအကောင်းဆုံးပဲ မင်းတွေးခဲ့ဖူးတယ်လေ ၊ ငါတို့သာမဆုံတွေ့ဖြစ်ခဲ့ရင်လေ..."
မင်းခွန်မှိုင်းကိုယ့်အောက်နှုတ်ခမ်းကိုယ်သာ ဖိကိုက်မိတော့သည်။ Kiteလုံးဝမရှိခဲ့သောဘဝကို သူအလိုရှိပါသလား။
"ငါမရှိတဲ့ဘဝမှာ မင်းနေဖို့ဆုံးဖြတ်နိုင်တယ်ပေါ့"
"ငါရောက်နေတဲ့ဘဝကိုကြည့်ပါ၊ မင်းကိုငါဘယ်လောက်စွဲလမ်းခဲ့လဲ ပြောပြဖို့လိုသေးလား"
"ဒါတောင် မင်းက..."
မင်းခွန်မှိုင်း၏မျက်နှာကိုကြည့်ရုံဖြင့် သူ့အားမကျေမနပ်ဖြစ်နေကြောင်း နားလည်လိုက်သည်။
"ငါမနာကျင်ဘူးထင်လို့လား၊ မင်းကတော့ ငါ့ကိုမချစ်တော့ သိမှာမဟုတ်ဘူး၊ ငါလေ...နာကျင်လွန်းလို့ နှလုံးသားကိုတောင် ဖောက်ထုတ်လိုက်ချင်ပြီ၊ မင်းမရှိတဲ့ကံကြမ္မာကိုလျှောက်ဖို့ ငါမလုပ်ချင်ဘူး၊ အဲ့အစားငါပဲပျောက်ကွယ်လိုက်ချင်တယ်၊ ဒါပေမဲ့..."
'မင်းကမှငါ့ကိုမချစ်တာ'ဟူသောစကားကို သူအကြိမ်ကြိမ်အခါခါမပြောချင်ပါလေ။ Kiteဝေဝါးသွားသောစိတ်ကို ပြန်တင်းလိုက်ပြီး...
"မင်းအတွက်အဆင်ပြေပါတယ်၊ မင်းဒီလက်စွပ်ကို ဝတ်ရုံပါပဲ၊ တခြားဘာမှလုပ်စရာမလိုပါဘူး"
မင်းခွန်မှိုင်း၏ သိုဝှက်ထားသောခံစားချက်များကြောင့် Kiteကလွယ်သည်ဟုထင်ခြင်းဖြစ်သည်။ အမှန်တကယ် မင်းခွန်မှိုင်းအတွက်လည်း မလွယ်ကူသည်မှာအချိန်တစ်ခုပင်ရှိခဲ့ပြီ။ Kiteနှင့်သူမခွဲချင်တော့ချေ။ Kiteလိုပင် ကံကြမ္မာအသစ်ကိုလျှောက်မည့်အစား ပျောက်ကွယ်သွားလိုက်ချင်ပါသည်။
"ငါ..."
မင်းခွန်မှိုင်း နှုတ်ခမ်းကိုထပ်ကိုက်မိသည်။
"ငါ....ငါမင်းမရှိတဲ့ဘဝမှာ မနေချင်ဘူး"
နောက်ဆုံးတော့ သူပြောထွက်ခဲ့ပါသည်။ Kiteကိုယ်တိုင်လည်း အံ့အားသင့်သွားပြီး စေ့ထားသောနှုတ်ခမ်းများပင် အလိုလိုပွင့်ဟလာသည်။
"မင်းဆိုလိုတာက...."
ချက်ချင်းမတ်တပ်ရပ်ပြီး မင်းခွန်မှိုင်းပခုံးနှုတ်ဖက်ကိုကိုင်ကာ မေးလိုက်သည်။ မင်းခွန်မှိုင်း ခေါင်းငုံ့သွားပြီးမှထပ်ဖြေသည်။
"ငါမင်းမရှိတဲ့ဘဝမှာ မနေချင်ဘူးလို့"
သူ့အသံသည် အခန်းတွင်း၌ အကြိမ်ကြိမ်တန်ပြန်ရိုက်နေသလို Kiteနားထဲစိမ့်ဝင်နေသည်။ သူ့လက်တွေတုန်ယင်နေသည်။
"မင်း...ဒါဆို"
"ငါဘယ်တော့မှ အဲ့စကားပြောမှာ မဟုတ်ဘူး၊ ငါ့နေရာမှာ တခြားသူဆိုလည်း ပြောထွက်မှာမဟုတ်ဘူး၊ အဲ့ဒီစကားက တခြားသူတွေအတွက် သိမ်မွေ့နူးညံ့ပေမဲ့ ငါတို့အတွက်တော့...."
ကံကြမ္မာကို မင်းခွန်မှိုင်းထပ်အပြစ်တင်မိပြန်သည်။
"ငါတို့နှစ်ယောက်တခြားနည်းနဲ့ဆုံတွေ့ခဲ့သင့်တာ"
Kiteလက်တွေကိုတွန်းဖယ်ရင်း ခုတင်ဘက်သို့လျှောက်သွားကာ ထိုင်ချလိုက်တော့သည်။ သူစိတ်များအလွန်ရှုပ်နေသည်။ အခန်းတွင်းလေထုသည် သိပ်သည်းလွန်းသည်ဟု ခံစားရ၍အသက်ရှူကြပ်သည်။ နှလုံးသားကလည်း ပေါက်ကွဲသွားလေသည်။
မွေ့ရာပေါ်လက်ဆန့်ထောက်ရင်း ခေါင်းတယမ်းယမ်းဖြစ်နေသော မင်းခွန်မှိုင်းအား Kiteတင်းကြပ်စွာထွေးပွေ့လိုက်မိသည်။ မင်းခွန်မှိုင်းခံစားချက်များကို သူမြင်လိုက်ရသဖြင့် အတိုင်းထက်အလွန်ဝမ်းသာသွားသည်။ တစ်ပြိုင်နက်တည်းမှာပင် ဝမ်းလည်းနည်းမိသည်။ အချစ်ခံရဖို့ သူဘယ်နှနှစ်များစောင့်မျှော်ခဲ့ရပါသနည်း။ သူ့အချစ်ကို မည်မျှပင်တောင့်တခဲ့ရပါသနည်း။
"ငါကမင်းကိုသိပ်ချစ်တာ မင်းခွန်မှိုင်းရ"
ထွေးပွေ့ရင်းမှ တုန်ခါနေသောအသံဖြင့် ထွက်ပေါ်လာသောKiteစကားကြောင့် မင်းခွန်မှိုင်းမျက်ရည်များ ထိန်းမရတော့ပေ။ သူငိုမိချေပါပြီ။ Kiteထံမှ သည်စကားကို သူသိပ်ကြားချင်ခဲ့သည်မဟုတ်လား။
"မင်းကွာ...မင်း..."
Kiteရင်ဘတ်အား ဆက်တိုက်ထုရိုက်ရင်း မင်းဟုသာရေရွတ်လျက် ငိုမိတော့သည်။ အချိန်နောက်ထပ်တစ်နာရီကုန်ဆုံးသွားပြီ။ ကျန်သည့်အချိန်ကငါးနာရီ။
"ဒါဆို အမြုတေကိုသုံးလို့ရပြီ"
Kiteသည် မင်းခွန်မှိုင်းအား ဖက်ထားရာမှလွှတ်ရင်း ပြောလိုက်သည်။ မင်းခွန်မှိုင်းခေါင်းခါသည်။ မည်သည့်နည်းကိုရွေးရွေး Kiteနှင့်သူဝေးရလိမ့်မည်။ သူလုံးဝပင် ပျောက်ကွယ်သွားချင်တော့သည်။ သည်နာကျင်မှုကို သူဆက်လက်မခံစားနိုင်တော့ပေ။ ပထမဆုံးအကြိမ်အဖြစ် အသည်းနှလုံးကနိုးထလာပြီး ပထမဆုံးအကြိမ်မှာပင်ကွဲကြေနေရသည်။
"ငါမှ မင်းမရှိဘဲမနေနိုင်တာ"
"မင်းခွန်မှိုင်း"
Kite သူ့လူသား၏နာမည်ကို ရေရွတ်ရုံသာတတ်နိုင်၏။ သူ့လူသားငယ်၏ နာကျင်မှုကို သူမြင်နေရသည်။ မျက်ရည်များကလည်း သူ့ပခုံးတွင်စိုစွတ်နေချေပြီ။
"ငါမင်းဆီက အဖြေသာကြားရရင် ဘဝဆုံးလည်းနောင်တမရဘူး မင်းခွန်မှိုင်း၊ ဖြေပါ၊ ငါ့ကိုချစ်ကြောင်းပြောပေးပါ"
"ငါဖြေလိုက်ရင် မင်းနဲ့ငါ..."
လူတို့သည် အချစ်နှင့်တွေ့သွားလျှင် ဘာမှမမြင်တော့ဟုဆိုသည်။ ဟုတ်၏။ ဤစကားမှန်သည်။ မင်းခွန်မှိုင်း Kiteမှလွဲ၍ အခြားလူများအတွက် စဉ်းစားချင်စိတ်မရှိတော့ပေ။ တစ်ကိုယ်ကောင်းလေးသည် သူ့ကိုယ်သူအတွက်တောင် မစဉ်းစားမိတော့ပေ။
"မဖြေရင်လည်း မင်းနဲ့ငါဝေးမှာလေ မင်းခွန်မှိုင်းရဲ့"
"ဒါပေမဲ့..."
"မင်းဖေဖေ၊ မေမေတို့ ကိုသာတို့ကိုပြန်တွေးပါဦးလား မင်းခွန်မှိုင်းရယ်၊ သူတို့ကိုမင်းထားခဲ့နိုင်လား"
"ငါ...ငါမသိတော့ဘူးကွာ"
မင်းခွန်မှိုင်းအတွက် ဆုံးဖြတ်ရခက်လွန်းပါသည်။ မိသားစုနှင့်မခွဲချင်သလို Kiteနှင့်လည်းမခွဲနိုင်။ အခန်းတွင်နေရသည်က အသက်ရှူပိုကြပ်လာသောကြောင့် အခန်းပြင်ပြေးထွက်မိသည်။ လှေကားကို သတိထားပြီးခပ်သွက်သွက်ဆင်းသည်။
"ဟဲ့...ဟဲ့...သားငယ်၊ ဘယ်လိုဖြစ်လာတာတုန်း"
သူ့အားထမင်းစားခေါ်ရန် အိမ်ပေါ်တက်လာသော မေမေနှင့်တိုက်မိသောကြောင့် နှစ်ယောက်စလုံးလဲကျမတတ်ဖြစ်သွားသည်။
"သားအပြင်ခဏ"
"ထမင်းစားချိန်ရောက်နေပြီ ဘယ်သွားဦးမို့လဲ သားငယ်ရဲ့၊ ဖေကြီးက သားငယ်ဆင်းလာတာကို စောင့်နေတာ"
ထမင်းစားခန်းထဲမှ ဖေကြီးကလှမ်းပြောပြန်သည်။ မင်းခွန်မှိုင်း ဘာမှပြန်မပြောနိုင်ဘဲ ဖေကြီးနှင့်မေမေ့ကိုသာ ပြန်ကာလှန်ကာကြည့်နေမိသည်။
"ညီမှိုင်းအရေးကြီးကိစ္စရှိရင် ကိုသာလိုက်ပို့မယ်လေ"
ဖေကြီးရှေ့စားပွဲဝိုင်း၌ ဟင်းခွက်များချနေသောကိုသာက ဆိုပြန်သည်။ သည်မိသားစုလေးကို သူထားခဲ့နိုင်မည်တဲ့လား။ အဖြေကအငြင်း။ သည်လိုဆိုလျှင် Kiteကိုရော...။
အပေါ်ထပ်လှေကားထိပ်ဆုံးမှ သူ့အားဆွေးဆွေးမြေ့မြေ့ ကြည့်နေသောKiteကို လှည့်ကြည့်မိပြန်သည်။ သူ့ကိုလည်း မင်းခွန်မှိုင်း ပျောက်ကွယ်မသွားစေချင်ပေ။
"သားတို့ စတူဒီယိုအဖောက်ခံရတယ်လို့ ကျော်ကြီးဖုန်းဆက်လို့၊ သွားကြည့်လိုက်ဦးမယ်၊ ဖေကြီးတို့စားနှင့်တော့၊ ကိုသာလည်းလိုက်မပို့နဲ့...ရတယ်"
သည်လူများကြား၌နေမိလေ သူဆုံးဖြတ်ရခက်လေဖြစ်သောကြောင့် ဝေးဝေးကိုပင်ပြေးထွက်ချင်မိတော့သည်။ သည်လိုနှင့် ခပ်သွက်သွက်လျှောက်သွားရင်း အိမ်အပြင်ကိုရောက်လာသည်။ Kiteပါလာသလား လှည့်မကြည့်တော့ဘဲ အမြန်သာဆက်လျှောက်လာခဲ့သည်။ ဗွက်ထနေသော လမ်းတစ်နေရာအရောက်တွင် မီးတိုင်များကဖျပ်ဖျပ်ခါရင်း ဂနာမငြိမ်ဖြစ်နေသည်။ မင်းခွန်မှိုင်းခြေလှမ်းကလည်းရပ်တန့်သွားသည်။ အမှောင်ထုကျရောက်လာသည်။ မင်းခွန်မှိုင်းသိလိုက်သည်။
သူနတ်ဆိုးတိုင်းပြည်ကို ရောက်ခဲ့ပြန်သည်။
"ခင်ဗျား..."
ရောက်ရောက်ချင်းမြင်လိုက်ရသောသူက ဆံဖြူနတ်ဆိုး။ သူကမျက်လွှာနှင့်ခေါင်းကိုပြိုင်တူညိတ်ချသည်။
"ဟုတ်တယ် ကျွန်ုပ်ပဲ၊ မင်းပုန်းရှောင်ဖို့နေရာလိုနေတယ်ထင်လို့"
"ခင်ဗျားဘာတွေကြံစည်နေတာလဲ"
မယုံသင်္ကာဖြင့်မေးသောအခါ ဆံဖြူနတ်ဆိုးက ခပ်ရွဲ့ရွဲ့ပြုံးပြီးဖြေသည်။
"ကျွန်ုပ်က ကျွန်ုပ်လက်အောက်ခံကို ကာကွယ်ဖို့ကြိုးစားနေတာပါ၊ အခုလည်း သင့်ကိုသူမတွေ့အောင်ဝှက်ထားမလို့"
"ခင်ဗျားဝှက်ထားစရာမလိုပါဘူး၊ ကျွန်တော်က အမြုတေကို အသက်သွင်းခွင့်ပြုမှာမဟုတ်ဘူး"
ဆံဖြူနတ်ဆိုးသည် မင်းခွန်မှိုင်းအားတစ်ပတ်ပတ်ပြီးမှ ရှေ့တည့်တည့်၌ထပ်ရပ်သည်။ ထို့နောက် မျက်နှာချင်းကပ်လုမတတ် စိုက်ကြည့်ပြီး ပြုံးပြန်သည်။
"အသင်နဲ့ကျွန်ုပ်က ရည်မှန်းချက်တူတဲ့သူတွေပါ၊ ဒါကြောင့်...ပူးပေါင်းကြရအောင်လေ"
"ခင်ဗျားဆိုလိုတာက"
"အသင်မသိသေးတာတစ်ခုရှိသေးတယ်နဲ့တူတယ်"
မင်းခွန်မှိုင်းအလိုလို မျက်မှောက်ကြုတ်တ်လိုက်မိသည်။ ဆံဖြူနတ်ဆိုးသည် သူ့ကိုကူညီပေးဖူးသည်မှန်သော်လည်း အလုံးစုံတော့မယုံနိုင်သေး။ သူသည် Kiteနှင့်မင်းခွန်မှိုင်းကိုခွဲဖို့ဆန္ဒရှိနေသူဖြစ်သည်။
"နတ်ဆိုးတစ်ကောင်ရဲ့ညှို့စက်ကွင်းက အမြုတေကာကွယ်ထားခံရတဲ့သူအပေါ်မှာ ဘယ်လောက်သက်ရောက်သလဲဆိုတာကိုလေ"
မင်းခွန်မှိုင်းသဘောပေါက်ပုံမရ၍ ဆံဖြူနတ်ဆိုးသည် သူ့အားသနားစဖွယ်ကြည့်လိုက်ပြီး သက်ပြင်းလေးချသည်။ Kiteသည် ဤလူသားအား အရာရာဖုံးကွယ်ထားပါတကား။
"ညှို့စက်ကွင်းကတခြားသူကို ဘယ်လိုအကျိုးသက်ရောက်လဲ သင်သိပါတယ်၊ ဒါပေမဲ့ အမြုတေအသုံးပြုသူနဲ့ဆိုရင်တော့ ထူးခြားတာရှိတယ်၊ အဲ့တာက...
အမြုတေအစွမ်းကိုပြန်ညှို့တာပဲ၊ ဒီလိုဆိုရင် အသုံးပြုသူအသင်က သူ့အပေါ်ခံစားချက်ကို မထိမ်မဝှက်ဘဲ ပြောမိလိမ့်မယ်၊ တစ်ကြိမ်တစ်ခါပဲအသုံးပြုခွင့်ရှိတာမို့ ကျွန်ုပ်တို့နတ်ဆိုးလေးက အချိန်ယူစောင့်စားနေတာ၊ ဒါပေမဲ့ အသင်ကသူ့ကိုလုံးဝမချစ်နိုင်ဘူးလို့ငြင်းတော့ သူတခြားနည်းသုံးဖို့လုပ်ခဲ့တယ်၊ ဖြစ်ချင်တော့ သူ့အပေါ်အသင်ခံစားချက်ရှိမှန်း သူသိသွားပြန်တယ်"
ဆံဖြူနတ်ဆိုးသည် ခေါင်းလေးတယမ်းယမ်းဖြင့် တကျွတ်ကျွတ်စုပ်သပ်သည်။
"ဒီတော့ အသင်မဖြေရင်တောင် သူကအသင့်ကိုညှို့ပြီး မေးမှာပဲ၊ ဒီလိုဆိုရင် အသင်ဖြေမိမှာပဲ၊ သူဟာပျောက်ကွယ်သွားမှာပဲ"
"ခင်ဗျား ပြောနေတာတွေက အမှန်ပဲလား"
"ကျွန်ုပ်နဲ့အသင်ဟာ မိတ်ဆွေတွေပါ၊ ညာစရာအကြောင်းမရှိပါဘူး"
"ဒါဆို ကျွန်တော်ဘာလုပ်ရမလဲ"
"သင့်ရဲ့အမြုတေကို ကျွန်ုပ်လက်ထဲအပ်ပါ၊ ကျွန်ုပ်က နောက်ဆုံးအချိန်ထိ သင့်ကိုအန္တရာယ်ကင်းကင်း ဝှက်ထားပေးမယ်...."
ယုံသင့်မယုံသင့် မင်းခွန်မှိုင်းစဉ်းစားသည်။ အကယ်၍ သူပြောနေသည်များက အမှန်များဆိုလျှင်....။
"အချိန်မရှိတော့ဘူးနော်၊ သူက မကြာခင်ပဲ အမြုတေကိုခြေရာခံပြီး ရောက်လာလိမ့်မယ်၊ အသင်အမြန် ဆုံးဖြတ်သင့်တယ်လို့ ထင်တယ်"
"ကျ..ကျွန်တော်..."
မင်းခွန်မှိုင်းထပ်စဉ်းစားချိန်မရတော့ပေ။ ချက်ချင်းပင် လက်ပတ်ကိုချွတ်ပြီး ဆံဖြူနတ်ဆိုးထံသို့ ကမ်းပေးလိုက်စဉ်မှာပင် အေးစက်စက်လက်ချောင်းရှည်များ၏ ဖြတ်ယူခြင်းကိုခံလိုက်ရသည်။
"Kite....မင်းဘယ်လိုလုပ်"
မေးခွန်းပင်မဆုံးလိုက်။ မင်းခွန်မှိုင်းလက်တစ်ဖက်သည် ကြမ်းတမ်းစွာဆွဲကိုင်ခံလိုက်ရပြီး ကိုယ်သည်အနောက်သို့ယိမ်းထွက်သွားသည်။
"ခင်ဗျားရူးနေလား...သူ့ကိုဘာလို့ ဒီကိုခေါ်လာရတာလဲ"
မိမိအရှင်သခင်ဖြစ်ခဲ့ဖူးသော လွင်ပြင်သခင်ကိုပင် တွန်းထုတ်မိသည်အထိ Kiteကျူးလွန်မိသွားသည်။ လွင်ပြင်သခင်အဖို့ Kiteလိုနတ်ဆိုးအား ဖျောက်ဖျက်ပစ်ရန်လွယ်ကူပါသည်။ အတောင်ပင်မရှိတော့သော သနားစရာနတ်ဆိုးမဟုတ်ပေဘူးလား။
"ရူးနေတာက အသင်၊ ကျွန်ုပ်တို့က နှစ်ဦးနှစ်ဖက်အကျိုးတူပူးပေါင်းတာပါ"
"သူ့ကိုခင်ဗျားဘာတွေမှိုင်းတိုက်ထားပြန်တာလဲ"
လွင်ပြင်သခင်သည် ခပ်ယဲ့ယဲ့လေးသက်ပြင်းချသည်။
"မင်းဖုံးကွယ်ထားတဲ့အမှန်တရားတစ်ခုကို ငါကပြောပြရုံပါ"
"ခင်ဗျား..."
Kiteအားမင်းခွန်မှိုင်းနောက်ကနေ ဆွဲထားသောကြောင့် လွင်ပြင်သခင်အား ကိုယ်ထိလက်ရောက်ကျူးလွန်ချိန်မရလိုက်။ လွင်ပြင်သခင်သည် ခနဲ့တဲ့တဲ့လေးပြုံးပြီး လှည့်ထွက်သွားသည်။ ပျောက်ကွယ်မသွားခင်ပြောခဲ့သေးသည်။
"မင်းကိုငါနောက်ဆုံးအနေနဲ့ ခွင့်လွှတ်ပေးလိုက်မယ်"
တိုးဝင်သွားသောအသံနှင့်အတူ နတ်ဆိုးတိုင်းပြည်ပြင်ပသို့ သူတို့ပြန်ရောက်လာသည်။ ဆံဖြူနတ်ဆိုးလက်ချက်ကြောင့် ညဆယ့်တစ်နာရီထိုးသွားချေပြီ။ နတ်ဆိုးတိုင်းပြည်တွင်ခဏလေးထင်ရပေမဲ့ လူဘုံ၌ သုံးနာရီခွဲလောက်ကုန်ဆုံးသွားပါတကား။
"မင်းခွန်မှိုင်း"
လမ်းဘေးအုတ်ခုံဖြူဖြူလေး၌ ငိုက်စိုက်ထိုင်နေသောမင်းခွန်မှိုင်းရှေ့ Kiteဒူးထောက်မိသည်။ မင်းခွန်မှိုင်းသည် အမြုတေပုလင်းအား ကျစ်ကျစ်ပါအောင်ဆုပ်ထားရင်း Kiteအားနာကျည်းစွာကြည့်မိသည်။ Kiteအားခံစားချက်အရိပ်အယောင်ပြခဲ့မိသော ကိုယ့်ကိုယ်ကိုယ်လည်းမုန်းသည်။
"ငါ့ကို မင်းညှို့ဖို့လုပ်မယ်ဆိုရင် ငါဒီပုလင်းကိုအခုပဲခွဲမိလိမ့်မယ်"
ရှိုက်သံတစ်ဝက်ပါသော်လည်း မထစ်မငေါ့သူပြောလိုက်သည်။ Kiteကိုသူအနိုင်ယူဖို့ သည်နည်းသာရှိသည်။
"မင်းတကယ်ခက်တယ် မင်းခွန်မှိုင်းရယ်"
Kite၏ညင်ညင်သာသာရေရွတ်သံကြောင့် မင်းခွန်မှိုင်းစိတ်များ ပျော့ခွေသွားပြန်သည်။ Kiteလည်ပင်းအား တင်းကြပ်စွာဖက်ထားမိသည်။
"ငါတို့အခုဘာဆက်လုပ်ကြမလဲ Kite....၊ ငါတို့ဘာဆက်လုပ်ရတော့မလဲ၊ ဘယ်သူမှပျောက်ကွယ်မသွားဘဲ ငါတို့တူတူဆက်ရှိနိုင်မယ့် နည်းလမ်းမရှိတော့ဘူးလားကွာ..."
"မင်းခွန်မှိုင်းရယ်"
"ငါတကယ်သေသွားတာပဲကောင်းမယ်နဲ့တူတယ်၊ ငါလေ...ငါ..."
မင်းခွန်မှိုင်းသည် သူ့ဘယ်ဘက်ရင်အုံလေးသူ ခပ်နာနာထုလေပြီး...
"ဒီနားကအရမ်းနာလို့ ငါမခံနိုင်တော့ဘူး"
"မင်းလက်စွပ်ကိုသုံးချင်လား"
Kiteတစ်ကိုယ်ကောင်းဆန်ဆန်ဖြင့် မင်းခွန်မှိုင်းအား ညှို့လိုက်လျှင်ရပေသည်။ သို့ပေမဲ့ သူမလုပ်ရက်တော့ပေ။ မင်းခွန်မှိုင်းရင်ကိုသူမခွဲရက်ပါလေ။ သည်လိုကြေကွဲမှုမျိုးကိုမြင်ပြီးသာ သူထွက်ခွာသွားရလျှင် စိတ်အေးနိုင်မည်မဟုတ်။
"လက်စွပ်ကိုသုံးရင်ရော ငါတို့ကတစ်ယောက်နဲ့တစ်ယောက် မှတ်မိတော့မှာမှမဟုတ်တာ..."
အံလေးကိုတင်းတင်းကြိတ်ပြီး မျက်ဝန်းငယ်တို့မှစီးဆင်းလာသော မျက်ရည်တို့အား အန်တုသော်လည်းမရ။ သည်မြင်ကွင်းကို အနီးကပ်ရှုစားနေသော Kiteရင်ထဲလည်းကွဲကြေလှသည်။
"ငါတို့တွေမမှတ်မိနိုင်ကြတော့ပေမဲ့ ကံကြမ္မာတစ်နေရာမှာ ပြန်ဆုံနိုင်သေးတယ်"
"ဟင်"
ညင်သာသာအံ့သြမှုလေးကို သူသဘောတကျငေးစိုက်ပြီး မျက်နှာလေးအားဖွဖွကိုင်ကာ မျက်ရည်တို့ကိုသုတ်ပေးလိုက်သည်။
"ငါမင်းနဲ့ပြန်တွေ့ဖို့ နှစ်ခုနစ်ဆယ်ကျော်လောက်စောင့်ခဲ့ပြီးသားပါ၊ အခုလည်းပြန်ဆုံနိုင်မယ့်အခွင့်အရေးရှိနေသေးတယ်လေ၊ အမှတ်တရဆိုတာက ငါတို့နှစ်ယောက်တွေ့တဲ့အချိန် ပြန်ဖန်တီးစရာမလိုဘဲ ပေါ်လာမယ့်အရာတွေပါ၊
အဲ့အချိန်ရောက်ဖို့အတွက် တစ်ဘဝလား၊နှစ်ဘဝလား။ နောက်ထပ်နှစ်တစ်ရာဆိုလည်း ငါစောင့်မယ်၊ နှစ်တစ်ထောင်လား၊ ငါကစောင့်ဦးမှာပဲ"
"နှစ်တစ်သောင်းဆိုရင်ရော..."
မျက်ရည်ဥတို့ပြည့်သောမျက်ဝန်းလေးဖြင့် ကြည့်ကာမေးလာသည်။ Kite ကြင်ကြင်နာနာပြုံးလိုက်သည်။
"နှစ်တစ်သိန်းထက်မကစောင့်မယ်"
"မင်းကမှငါ့ကိုမသိနိုင်တော့တာ"
နှာရည်လေးရှုံ့ရင်းရန်တွေ့တော့ Kiteမှာအစွယ်တွေပေါ်သည်အထိပြုံးမိပြန်သည်။ ဘာကြောင့်များ သည်လူဆိုးကိုမှ ချစ်မိရပါလိမ့်။ မိမိချစ်ခဲ့ဖူးသောပုံစံနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေခဲ့သည်ကိုပင် အဘယ်ကြောင့်ချစ်မိသွားပြန်တာပါလိမ့်။
"ငါမသိရင်တောင် ငါ့နှလုံးသားက တစ်စုံတစ်ယောက်ကိုအမြဲစောင့်မျှော်နေမှာ၊ မင်းနဲ့တွေ့မှ ဒီနှလုံးသားကွက်လပ်ကလေးက ပြည့်မှာ၊ မင်းမသိဘူးလား၊ ငါမင်းကိုဘယ်လောက်ချစ်လိုက်သလဲဆိုတာ..."
"မင်းကိုမုန်းလိုက်တာ..."
နီရဲပြီးဖောင်းပွလာသောမျက်ဝန်းလေးကို ဆက်တိုက်အဖွင့်အပိတ်လုပ်ပြီး လည်ချောင်းအောင်းသံဖြင့်ဆိုကာ သူ့ကိုတွန်းထုတ်ပြန်သည်။ Kiteသည်အကြိမ်တွင်တော့ရယ်မိသည်။ မုန်းလိုက်တာဟူသောစကားပိုင်ရှင်လေး၏ နှလုံးသားကိုသူမြင်နေပြီဖြစ်သည်။
"၁၁ခွဲပြီ၊ အချိန်မနောက်ကျခင် မင်းဆုံးဖြတ်ပါ"
မင်းခွန်မှိုင်း၏အောက်နှုတ်ခမ်းလေးသည် အနည်းငယ်တုန်တက်သွားသည်။ သူလက်ခံသင့်ပါသည်။ နောက်ပြီးKiteကိုသူယုံသည်။ ပြန်ဆုံမည်ဟု နှလုံးသားကကြွေးကြော်သည်။
"ငါ့ကိုလက်စွပ်ပြ"
Kiteထုတ်ပေးသည့်လက်စွပ်ကိုကြည့်ကာ သူနှာခေါင်းရှုံ့ပြန်သည်။ ဘာတွေအလိုမကျပြန်ပါသနည်း။
"မင်းဟာကြီးကလှလည်းမလှဘူး၊ ပြီးတော့ အဖြူရောင်ကြီး"
"ကဲပါကွာ...ငါတို့ပြန်ဆုံမှ မင်းစိတ်ကြိုက်လှလှလေး ဝယ်ပေးမယ်၊ အခုတော့ ဒါလေးဝတ်နော်"
"မကြိုက်ဘူးလို့ဆို"
"မကြိုက်လည်းမဝတ်လို့မှမရတာ"
"အနက်ရောင်နဲ့သွားလဲပေး...သွား"
"ဂျစ်မတိုက်ပါနဲ့ မင်းခွန်မှိုင်းရယ်"
မျက်မှောင်ကြုတ်သွားသော Kiteကိုကြည့်ပြီး မင်းခွန်မှိုင်းရယ်မိတော့သည်။ ထိုအခါမှ Kiteမျက်ခုံးက ပိုတွန့်ချိုးသွားသည်။
"မင်းကလည်းကွာ၊ စလို့တောင်မရတော့ဘူးလား"
"မင်းသဘော၊ ပျော်ရင်ပြီးတာပဲ"ဟုဆိုကာ ဆံပင်များကို လှမ်းဖွသည်။
Kiteထံမှကြားနေကျဖြစ်သည့် ထိုစကားလေး။
"မင်းလက်စွပ်ခဏချွတ်လိုက်၊ ငါဝတ်ပေးချင်လို့"
Kiteသည်ပြုံးစိစိဖြင့် လက်စွပ်ချွတ်ပေးတော့ မင်းခွန်မှိုင်းက မကြည်ကြည့်ကြည့်လိုက်သည်။ အမှန်တကယ်တော့ သူ့စိတ်ထဲကြည်နူးနေမိသည်။ Kiteထံမှသည်လိုအပြုံးကို သူမမြင်ဖူးခဲ့ဘူးသောကြောင့် သဘောကျနေမိသည်။
Kiteလက်သူကြွယ်၌ လက်စွပ်ကိုပြန်ဝတ်ပေးပြီးနောက် Kiteသည် သူ့ရှေ့လက်ဝါးဖြန့်ပြီး လက်ကိုတောင်းခံသည်။ မင်းခွန်မှိုင်းမသိချင်ယောင်ဆောင်လိုက်တော့ Kiteက နှာခေါင်းရှုံ့သည်။ အဆုံးထိအနိုင်ကျင့်ချင်သော အကျင့်ပုတ်လေးပါလေ။
"ကျွန်ုပ်ကို လက်ကမ်းပေးတော်မူပါ သခင်လေး"
ရွဲ့စောင်းခြင်းမဟုတ်ဘဲ အတည်အတံ့ပြောလိုက်သောလေသံကို မင်းခွန်မှိုင်းသဘောကျသွားပုံရသည်။ နှုတ်ခမ်းကိုကားနေအောင်ပြုံးပြီး လက်ထည့်ပေးလေသည်။ မင်းခွန်မှိုင်း လက်သန်းကြွယ်၌လည်း လက်စွပ်လေးသည် အံဝင်ခွင်ကျဝင်သွားသည်။ သူတို့နှစ်ဦး တစ်ယောက်လက်ကိုတစ်ယောက် ပြန်ဆုပ်ကိုင်လိုက်ကြပြီး အကြည့်ချင်းဆုံမိကြသည်။
"နှစ်တစ်သန်းဆိုရင်ရော"
မေးရင်း မျက်ရည်လေးများ ပြန်ဝေ့လာပြန်သည်။ Kiteသည် မင်းခွန်မှိုင်းနဖူးလေးအား ကြင်နာစွာလှမ်းနမ်းလိုက်သည်။
"အသင်္ချေချီတဲ့အထိ..."
ဆယ့်နှစ်နာရီထိုးရန် ဆယ့်ငါးမိနစ်လိုသေးပေမဲ့ ကံကြမ္မာလှည်းဘီးသည် လက်စွပ်နှစ်ကွင်းစုံချိန်ကစပြီး လည်ပတ်တော့လေသည်။
သူတို့အချင်းချင်းကိုင်ထားသောလက်များသည် မြူမှုန်များသဖွယ် စတင်ပြိုကွဲလာချေသည်။ မင်းခွန်မှိုင်းပြုံးဖို့ကြိုးစားပေမဲ့ မျက်ရည်တို့သာပြိုကုန်သည်။ Kiteမျက်ဝန်းကလည်း စိမ်းပြာလဲ့။
"ငါကမင်းကိုချစ်တယ်နော်..."
ပြိုကွဲနေသောလက်မြူမှုန်အထိအတွေ့တို့ဖြင့် Kiteမျက်နှာအား အမိအရကိုင်ကာ ဤစကားကိုဆိုခဲ့သည်။ Kiteနှလုံးသားသည် ပိုမိုလှုပ်ရှားသွားသည်။ Kiteမျက်နှာ၌လည်း ပူနွေးမှုတစ်ခု။
နတ်ဆိုးဘဝ၌ ပထမဆုံးကျခဲ့သော မျက်ရည်။
ဤမျက်ရည်ကို မည်သူပေးသနားခဲ့ပါသနည်း။
မျက်ရည်တို့လွှမ်း၍လားမသိ
You are reading the story above: TeenFic.Net