Unicode
မိုးဒေဝါက နှိပ်စက်လွန်းတော့ အလှမ်းကွာသောချစ်သူကို ပိုပိုလွမ်းရသည်။ ချစ်ရသူ၏ရနံ့တို့အား ရှူရှိုက်ပါများလွန်း၍ အငွေ့အသက်ပင်မကျန်တော့သောပဝါလေးအား ခေါင်းရင်း၌ထားပြီး အိပ်ရာထက်၌ခွေနေမိသည်။ အေးစက်နေသော ကော်ဖီခွက်အား ငေးစိုက်ကြည့်ရင်း သူ့ဘဝအား ကော်ဖီနှင့်ရောမွှေဖို့ တွေးတောမိသည်။
ခါးလိုက်မည့်ဖြစ်ခြင်း။
သူပြင်ဦးလွင်မှထွက်သွားသည့်နေ့က ကိုသာဖုန်းဆက်ခဲ့သေး၏။
"မင်းကတိမတည်ဘူး၊ အဲ့လောက်ပဲ ကိုသာနဲ့ဝေးချင်သလား"တဲ့။ ကိုသာကလေ။ သိပ်ချစ်ရသောကိုသာကပေါ့။
ချစ်ရသူနှင့်ကွေကွင်းချင်သည့်သူ ရှိပါသေးလား။ ရင်ကိုခွဲပြီးထွက်ပြေးခဲ့ရသည်ကို ကိုသာမသိစေလို။
"ကျွန်တော့်ကို မေ့လိုက်ပါနော်"ဟုပြောပြီး ဖုန်းနံပါတ်ကို ဘလက်ခ်လစ်စ်ထဲထည့်လိုက်ရသည့် အခြေအနေ။
"လက်ခံလိုက်ရင် ဘာဖြစ်မှာမို့လို့လဲ"ဟုမေးလာလျှင် ဖြေစရာက တစ်ခုပဲရှိသည်။
"ကျွန်တော့်လောက်ကိုသာ့ကိုချစ်ကြည့်စမ်းပါ"။
ငစိုင်းအရင်အချိန်တွေကိုလွမ်းသည်။ ကိုသာ့အားငေးကြည့်ခဲ့ရသည့် အချိန်များစွာကိုလွမ်းသည်။ ကိုသာကပြန်ကြည့်တိုင်း မျက်နှာလွှဲပြီး မသိချင်ယောင်ဆောင်ခဲ့ရသည့် အချိန်များ၊ ကိုသာ့အနားကို မသိမသာကပ်ပြီးရင်ခုန်ခဲ့ရသည့်အချိန်များ၊ ကိုသာ့အပြုံးကိုမြင်တိုင်း လိုက်ပြုံးမိသည့်အချိန်များ။ ကိုသာနှင့်ပတ်သက်လျှင် အရာအားလုံးက အဖိုးတန်။
ငစိုင်းဆိုသူက နိမ့်ကျသူရယ်ပင်။ ပတ်ဝန်းကျင်၌ မိမိသည်ဂေးဖြစ်ကြောင်းမသိအောင် သိုသိုသိပ်သိပ်ကလေးနေရသူ။ ဂေးဆိုလျှင် နှာခေါင်းရှုံ့ရွံရှာသောအရပ်၌ မိမိအားသိပ်ချစ်ရှာသော မိခင်မျက်နှာမငယ်ရအောင် မိမိကိုယ်မိမိစောင့်ထိန်းနေခဲ့ရသူရယ်ပင်ဖြစ်သည်။ ပြည့်စုံလှသောကိုသာ့အား ချစ်ခဲ့မိ၍အားနာနေမိသူလည်းဖြစ်သည်။ သည်လိုဘဝမျိုးထဲ ချစ်ရသည့်သူအား ဆွဲမသွင်းရက်ပါလေ။ ယခင်အချိန်လေးများမှာပင်ပျော်မွေ့ပြီး သူချစ်ကြောင်း ကိုသာမသိသောဘဝကိုသာ မက်မောပါသည်လေ။
ညဉ့်ကားနက်လာ၏။ မျက်ရည်အိုင်ထွန်းသော ခေါင်းအုံးထက်ဝယ် သူနှစ်ခြိုက်စွာ ပျော်ဝင်သွားချေပြီ။ နောက်ပြန်ရစ်သောအချိန်နှင့် ကံကြမ္မာအသစ်တို့ ဖြစ်ပေါ်လာမည်ကို သူမသိခဲ့။ မည်သူမှလည်းသိမည်မဟုတ်။
သိခဲ့သူနှစ်ဦးမှာလည်း မေ့ပျောက်သွားကြချေပြီ။
ကြယ်တာရာတို့စုံချေပြီ။
အရာရာသည်ပုံမှန်အတိုင်းဖြစ်ပေါ်နေဆဲဖြစ်သည်။
"တောက်...လမ်းပြင်နေတာ၊ ကားမဖြတ်ရမှန်းမသိဘူးလား"
လမ်းပြင်နေသည်ဟု ဆိုင်းဘုတ်ထောင်ထားသောလမ်း၌ ဘယ်ကမူးကြောင်ရူးကြောင်မှန်းမသိသည့်လူတစ်ဦး ဖြတ်မောင်းသွားသည်။ ကာထားသော အတားအဆီးများကိုလည်း ဖြတ်တိုက်သွားသည့်အပြင် မင်းခွန်မှိုင်းကိုပါ တိုက်မိမတတ်ဖြစ်သွားပေမဲ့ မတောင်းပန်ဘဲ ဆက်မောင်းသွားသောကြောင့် စိတ်တိုတိုဖြင့် မြည်တွန်တောက်တီးမိလိုက်သည်။
"အကုသိုလ်ပဲ၊ ဟိုဂြိုလ်ဆိုးမနဲ့တွေ့လာပြီးကတည်း ကံကိုမကောင်းဘူး"
ကံကြမ္မာအလှည့်အပြောင်းသည် ဤ၌စတင်ခဲ့တော့သည်....။
"ဟယ်လို ဘစ်ရှာ...."
သူ့အားလာနှုတ်ဆက်သော ပွဲစီစဉ်သူ ကိုဘုန်းကျော်စွာကြောင့် ဝိုင်းအုံနေသောပရိသတ်သည် လူစုခွဲသွားကြသည်။ ကိုဘုန်းကျော်စွာသည် သူ့အားနေ့လယ်စာအတူတူစားရန် လာဖိတ်ခြင်းဖြစ်သည်။ မလိုက်၍မကောင်းသည်ကတစ်ကြောင်း၊ ငစိုင်းပြောသလို 'သူ့လိုလူနှင့်ရင်းထားသည်က အလားအလာရှိသည်'ကတစ်ကြောင်းရယ်ကြောင့် လိုက်သွားမိသည်။
"မင်းကိုယ်နဲ့အလုပ်အတူတွဲလုပ်ဖို့ အစီအစဉ်မရှိဘူးလား၊ ကိုယ်မင်းကို တော်တော်သဘောကျလို့"
ကိုဘုန်းကျော်စွာနှင့်တွဲလုပ်ချင်သည့် Cosplayerများကားနည်းလှသည်မဟုတ်။ သူသည်နိုင်ငံတကာအဆက်အဆံရှိသလို ဂျပန်၌ပါ စတူဒီယိုကိုယ်ပိုင်ရှိသူဖြစ်သည်။ သို့ပေမဲ့...
"ကျွန်တော့်သူငယ်ချင်းတွေရော ပါမှာလား"
ကိုဘုန်းကျော်စွာက နှုတ်ခမ်းတစ်ချက်မဲ့လိုက်သည်။
"မပါဘူးဆိုရင်ရော..."
"ဒါဆိုလည်း ကျွန်တော်ကလည်း နိုးလို့ပဲဖြေရမယ်"
မင်းခွန်မှိုင်း၏ပြတ်သားပုံကြောင့် ကိုဘုန်းကျော်စွာ တော်တော်သဘောကျသွားသည်။
"ကိုယ်တို့တူတူတွဲလုပ်မယ်ဆို နိုင်ငံတကာထိ မင်းကနာမည်ကြီးနိုင်တယ်"
သူ့အားဤစကားဖြင့်ဆွယ်သည်။ သူလက်မခံနိုင်။ တစ်ယောက်တည်းတက်လမ်းကိုလျှောက်ပြီး အတူတူရှိခဲ့သည့်သူငယ်ချင်းများကို မထားခဲ့နိုင်ပါလေ။
"အဲ့လောက်လည်းမဟုတ်ပါဘူး။ ကျွန်တော်က သာမန်ပါပဲ။ Cosplayကောင်းကောင်းလုပ်နိုင်တဲ့သူတွေ ပေါလာချိန်ကျရင် ကျွန်တော်ဆိုတာဘာမှမဟုတ်တော့ပါဘူး"
ကိုဘုန်းကျော်စွာနှင့်သူ့ကြားတွင် စကားတိုက်ပွဲစတင်ပေါ်လာချေသည်။ သူကလည်းအမျိုးမျိုးရအောင်ဆွယ်သည်။ မင်းခွန်မှိုင်းကလည်း အကြောင်းပြချက်အမျိုးမျိုးပေး၍ ငြင်းသည်။ နောက်ဆုံး ကိုဘုန်းကျော်စွာကပင် အလျှော့ပေးတော့သည်။
"ကဲ...ကိုယ်ပဲအရှုံးပေးတယ်၊ မင်းသူငယ်ချင်းတွေကိုပါ ကိုယ်ကမ်းလှမ်းမယ်၊ ဒီလိုဆို မင်းကိုယ်နဲ့ပူးပေါင်းမယ်မလား"
မင်းခွန်မှိုင်းပခုံးတွန့်လိုက်ပြီး....
"သူတို့နဲ့တိုင်ပင်ဦးမယ်၊ ပြီးတော့ ကျွန်တော့်သူငယ်ချင်းတွေကို ကျွန်တော့်ကြောင့်ခေါ်တာမျိုး မဖြစ်စေချင်ဘူး၊ သူတို့အရည်အချင်းကို တကယ်တန်ဖိုးထားပြီး ခေါ်တာမျိုးပဲ လိုချင်တယ်"
"မင်းကိုသာရမယ်ဆို ကိုယ်ကကြိုးစားမှာပဲ"
အနှောင့်အသွားမလွတ်သောစကားကြောင့် မျက်ခုံးများပင် အလိုလိုပင့်တက်သွားသည်။ နေ့လယ်စာလည်း ဆက်စားချင်စိတ်မရှိတော့သောကြောင့် အားနာချင်ဟန်ဆောင်ကာခွင့်တောင်းပြီး ပြန်လာခဲ့သည်။
မိမိမှာတော့ မြွေပွေးကြီးရှေ့ထားပြီး ရင်ဆိုင်ခဲ့ရပါသော်ငြားလည်း သူငယ်ချင်းကောင်းနှစ်ကောင်ကတော့ ပွဲလာသည့်တခြား Cosplayerများနှင့် မန္တလေးတောင်တက်လိုက်သွားသဖြင့် မကျေမနပ်ဖြစ်ပြီး ဒေါပွကျန်နေခဲ့သည်။ ရသည်။ တစ်ယောက်တည်းလည်းဖြစ်သည်။ မန္တလေးမြို့တစ်ပတ် အချိန်ရသလောက်ပတ်ပြီး စားချင်သမျှစားပစ်ခဲ့သည်။ ဝက်သားတုတ်ထိုးအဝစားခဲ့ရသည်ကိုတော့ အကျေနပ်ဆုံးဖြစ်သည်။
"ဝှါး....ဗိုက်တင်းတော့အိပ်ချင်သွားပြီ"
တစ်ယောက်တည်းရေရွတ်ရင်း အိပ်ရာပေါ်ပစ်လှဲစဉ် အခန်းတံခါးဖွင့်သံကြောင့် ခေါင်းထောင်ကြည့်မိတော့ ငစိုင်းဖြစ်နေသည်။
"ဪ...မင်းတို့ပြန်လာပြီကိုး..."
မလိုတမာသံဖြင့်ဆိုတော့ ငစိုင်းက ငါးခူပြုံးပြုံးသည်။ အပြစ်လုပ်ထားပြီးမှ မျက်နှာချိုသွေးလို့ ရရိုးလား။
"ပြန်ရောက်တာကြာပါပြီကွာ၊ ကိုဘုန်းကျော်စွာနဲ့ စကားပြောနေလို့ တစ်နာရီလောက်ထပ်နောက်ကျသွားတာ"
"အဲ့ဘဲကြီးက ဘာပြောလိုက်လို့လဲ"
လှဲနေရာမှ ငေါက်ခနဲထထိုင်ပြီး မေးတော့ ငစိုင်းကလည်း တင်ပျဉ်ခွေဝင်ထိုင်ပြီး ဖောက်သည်ချလေသည်။
"ငါတို့ကို သူနဲ့တွဲလုပ်မလားလို့ မေးတာ၊ မင်းနဲ့နေ့လယ်က အဲ့ကိစ္စကြိုပြောပြီးပြီဆို၊ သူကမင်းပရိသတ်ဆိုတော့ မင်းအရင်သိရတာပေါ့၊ ငါတို့ကို ကြိုဝမ်းသာရအောင် မင်းကဖုန်းဆက်မယ်မရှိဘူး"
"ဪ...ငါ့ကိုထားပြီး လျှောက်လည်တဲ့ကောင်တွေကို ငါကဝမ်းသာအောင် ပြောပြဦးမယ်ပေါ့၊ သောက်ကျိုးနည်း"
မင်းခွန်မှိုင်းကောက်နေမည်ကိုသိသည့် ငစိုင်းမှာလည်း ကြိုတင်ပြင်ဆင်လာသည့် လက်ဆောင်ကိုထုတ်ပေးရတော့သည်။
"မင်းကိုခေါ်ချင်ပေမဲ့ ကိုဘုန်းကျော်စွာက မင်းကိုခေါ်သွားတာကိုး၊ ဘာပဲဖြစ်ဖြစ် စိတ်မဆိုးပါနဲ့ကွာ၊ မင်းအတွက် ငါပွဲတုန်းကဝယ်ထားတာလေး... ရော့"
ပိုးစုန်းကြူးတို့၏သုဿန်(The Grave of The Fireflies)ထဲမှ ဇာတ်ကောင်ကလေးလေးစားသည့် ချိုချဉ်ဘူးလေးဖြစ်သည်။ ဂျပန်မှတင်သွင်းသည်မို့ ဈေးကလည်း တစ်ဘူးကို ရှစ်ထောင်ကျော် ကိုးထောင်ပေးရသည်။ တန်ဖိုးမကြီးပေမဲ့ သဘောအကျရဆုံးanimeထဲတွင် အပါအဝင်ဖြစ်သောanimeထဲမှ ပစ္စည်းလေးမို့ တန်ဖိုးထားသည်။ သဘောကျသည်။ ကြည့်ဖူးသည့်လူတိုင်း ဤချိုချဉ်ဘူးလေးကိုမြင်ပါက မျက်ရည်ကျမတတ် လွမ်းမိသည့်ထိဖြစ်ကြဦးမည်။
"မင်းကို ဒါလေးကြောင့် ခွင့်လွှတ်လိုက်မယ်နော်၊ ဒါတောင် သိပ်ကျေနပ်တာမဟုတ်ဘူး"
ကျေနပ်နေသည့်မျက်နှာထားကိုဖျောက်ပြီး ဘုဆတ်ဆတ်ပြန်ပြောသည့်မင်းခွန်မှိုင်းအား အမြင်ကပ်ကပ်နှင့်ဆံပင်တွေဆွဲဖွပစ်တော့ အကန်ခံရပြန်သည်။
"ဒါနဲ့ မင်းတို့က ကိုဘုန်းကျော်စွာနဲ့ကိစ္စကို သဘောတူကြတာလား"
"အေးပေါ့ဟ၊ ဒီလောက်ကောင်းတဲ့အခွင့်အရေးကြီးကို"
မင်းခွန်မှိုင်းခေါင်းတဆတ်ဆတ်ညိတ်ရင်း ချိုချဉ်ကို ဘယ်ပြောင်းညာပြောင်းဖြင့် အရသာခံနေသည်။
"မင်းတို့ကို အဲ့တာပဲပြောလိုက်တာလား"
"မဟုတ်ဘူး၊ ငါတို့ဒီညတိုင်ပင်ပြီးရင် မနက်ဖြန်မနက် သူလာတွေ့မယ်တဲ့၊ အဲ့တာပဲ"
သည်လူကြီးတော်တော်တက်ကြွသည်ဟု မင်းခွန်မှိုင်းတွေးလိုက်သည်။
"နေစမ်းပါဦး၊ သုံးယောက်တိုင်ပင်ရမှာကို ဟိုကောင်ကျော်ကြီး ဘယ်ရောက်နေလဲ"
ငစိုင်းက နှာခေါင်းကိုဟွန်းခနဲရှုံ့သည်။
"မနက်ကျဝတ်ဖုိ့အင်္ကျီရွေးနေတယ်၊ တအားတွေကို တက်ကြွနေတာ"
"မပြောတော့ဘူး၊ အဲ့ကောင်လည်း cosplayerမလုပ်ဘဲ အဝတ်အစားနဲ့မိတ်ကပ်တာဝန်ယူရလို့သာပဲ၊ မဟုတ်ရင် နေ့ချင်းပဲ ကိုဘုန်းကျော်စွာနဲ့လိုက်သွားလောက်ပြီ"
သူငယ်ချင်းနှစ်ယောက်ရယ်လျက်သား စကားဝိုင်းကိုအဆုံးသတ်သည်။ ညသည်မည်သို့ကုန်ဆုံးသွားမှန်းမသိ။ ခုနစ်နာရီကတည်းက တံခါးလာခေါက်သော ငစိုင်းကြောင့် မင်းခွန်မှိုင်းအိပ်ရေးပျက်သွားသည်။ သို့သော် ပြန်အိပ်ပါသည်။ ကိုဘုန်းကျော်စွာကလည်း ရှစ်နာရီမှချိန်းထားပြီး ခုနစ်နာရီခွဲရောက်လာသောကြောင့် မင်းခွန်မှိုင်း ညအိပ်ဝတ်စုံနှင့်ပင် ကမန်ကတန်းထပြီးတွေ့ရသည်။ ကျော်ကြီးကတော့ အတော့်ကိုတောက်ပနေသည်။
ဟိုတယ်Breakfast Room၌ ညအိပ်ဝတ်စုံ၊ ဆံပင်စုတ်ဖွားနှင့်လာရဲသူသည် မင်းခွန်မှိုင်းပင်ရှိတော့သည်။
"ဒီလိုဆို ကိုယ်တို့လက်တွဲဖြစ်ပြီပေါ့၊ နောက်လကိုယ်နဲ့မင်းတို့ ဂျပန်ကိုတစ်ခါတည်းလိုက်ဖို့ အဆင်သင့်ဖြစ်အောင်လုပ်ထားပေးနော်၊ ဒီကြားထဲ ကိုယ်တို့လိုအပ်တာတွေ ဖြည့်ကြတာပေါ့"
ကိုဘုန်းကျော်စွာနှင့် သူငယ်ချင်းနှစ်ယောက်တိုင်ပင်နေကြသည်ကို မင်းခွန်မှိုင်း နားစွန်နားဖျားသာကြားသည်။ အိပ်ငိုက်နေသောကြောင့် ခေါင်းသာတဆတ်ဆတ်ညိတ်နေသည်။
"မင်းခွန်မှိုင်း...ဘာမှာမလဲ"
"တုတ်ထိုး တုတ်ထိုး"
ခေါင်းကြီးငိုက်စိုက်ချပြီးငိုက်နေရာမှ ကိုဘုန်းကျော်စွာ့အမေးကြောင့် ယောင်ယမ်းကာဖြေမိသည်။ ကိုဘုန်းကျော်စွာကရယ်တော့ ငစိုင်းလည်းအားနာပါးနာဖြင့် မင်းခွန်မှိုင်းဗိုက်ကြောကို ခပ်နာနာသာလှမ်းလိမ်ဆွဲလိုက်သည်။
"ဝက်သားဖတ်...ဘာကောင်လဲဟ"
ဗိုက်ကိုအကောင်ကိုက်သည်မှတ်ကာ အာဗြဲကြီးဖြင့် ထအော်သောကြောင့် အခြားဝိုင်းမှလူများပါ သူ့ကိုဝိုင်းကြည့်လာသည်။ ကိုဘုန်းကျော်စွာနှင့် ငစိုင်းတို့ကတော့ သူ့ကိုကျိတ်ရယ်ကြသည်။ မင်းခွန်မှိုင်းမှာရှက်၍ ခေါင်းပင်မဖော်နိုင်ဘဲ မှာထားသမျှကိုသာ ငုံ့စားတော့သည်။ မင်းခွန်မှိုင်း ဘာမှမကြားလိုက်မှန်းသိသော ကိုဘုန်းကျော်စွာသည် ကိစ္စများကိုထပ်မံရှင်းပြသည်။ လက်မခံနိုင်စရာအကြောင်းမရှိ။ သူ့သူငယ်ချင်းနှစ်ကောင်ပါပြီဖြစ်သောကြောင့် အတူတူဆက်လျှောက်ဖို့ တွန့်ဆုတ်စရာမရှိ။
ထိုသဘောတူညီမှုပြီးသည်မှစပြီး သူတို့အလုပ်စရှုပ်ကြတော့သည်။ တစ်လအတွင်း ပြင်ဦးလွင် - မန္တလေးကို အခေါက်ပေါင်းမနည်း တက်လိုက်ဆင်းလိုက်လုပ်ရသည်။ ကိုဘုန်းကျော်စွာလည်း ထိုနည်းတူဖြစ်သည်။ တစ်လသည်မည်သို့ကုန်၍ ကုန်မှန်းမသိ။ အလုပ်ရှုပ်လွန်း၍ ကိုသာ့မျက်နှာမတွေ့ရလျှင် မနေနိုင်သောငစိုင်းပင် မတွေ့ရဖန်များ၍ ကြက်ကြီးလည်လိမ်သလိုဖြစ်နေချေပြီ။ ဂျပန်လိုက်သွားပြီး ပြန်မလာရလျှင် မည်သို့နေမည်နည်း။
မသွားမီတစ်ရက်အလိုတွင် ရန်ကုန်သို့အရင်သွားရသည်။ ထိုကမှတစ်ဆင့် ဖလိုက်နှင့်ဆက်သွားရမည်ဖြစ်သည်။
အမှန်တကယ်သွားသည့်နေ့တွင် ကိုသာသည် သူတို့သုံးယောက်စလုံးကို ရန်ကုန်လိုက်ပို့သည်။ တစ်ညအိပ်ပြီး နောက်ရက်ညပိုင်းလေယာဉ်စီးဖို့ လေဆိပ်သို့ ကိုသာပဲထပ်လိုက်ပို့ပြန်သည်။ ငစိုင်းခမျာ မျက်နှာငယ်နှင့်သနားဖို့ပင်ကောင်းသည်။ မသွားခင် ဖွင့်ပြောပါလားဟု ကျော်ကြီးကမြှောက်ပေးတော့လည်း ခေါင်းလေးတယမ်းယမ်းဖြင့် သက်ပြင်းချသည်။ သူ့စိတ်နှင့်တော့ တစ်သက်လုံးသည်လိုပင်ဆက်ဖြစ်နေဦးမည်မှာ သေချာသည်။
"ကျွန်တော်တို့သွားပြီနော် ကိုသာ"
"ဖုန်းဆက်ဖို့ မမေ့နဲ့နော် ညီမှိုင်း၊ အစစအရာရာဂရုစိုက်၊ ငါ့ညီတို့ရောနော်"
"ဟုတ်ကဲ့"
သုံးယောက်သားပြိုင်တူဖြေကြားပြီး လေယာဉ်ပေါ်တက်ကြရတော့သည်။ ငစိုင်းမှာ ကိုသာ့ကိုလှည့်ကြည့်လှည့်ကြည့်နှင့်မို့ မင်းခွန်မှိုင်းတို့အတင်းဆွဲခေါ်ကြရသေးသည်။
"ကဲ...ကိုယ်တော်၊ အလွမ်းသည်မနေနဲ့၊ အခုမှခရီးကစထွက်မှာ"
"ဪ...လွမ်းလို့တောင်မရပါလားကွာ၊ မင်းကလည်း"
မင်းခွန်မှိုင်းနှင့်ငစိုင်းတူတူထိုင်ရင်း စကားနာထိုးနေကြတော့ ကျော်ကြီးကလည်း ဘေးခုံကနေ လှမ်းစပြန်သည်။
"သူ့ဘာသာနေပါစေလား ခွန်မှိုင်းရာ၊ ထားလိုက်စမ်းပါ၊ အချိန်တန်လို့ ကိုသာမိန်းမရရင် သူလွမ်းတာပျောက်သွားလိမ့်မယ်"
ရယ်အောင်စပေမဲ့ မျက်နှာကြီးညှိုးကျသွားသော ငစိုင်းကြောင့်နှစ်ယောက်လုံး ပါးစပ်ပိတ်လိုက်ကြတော့သည်။ ကိုသာမိန်းမရလျှင်တောင် တစ်သက်လုံးကျိတ်ပုန်းချစ်မည့်ကောင်ကိုမှ သွားပြောမိသည်ကိုး။
ညနေငါးနာရီထိုးပြီမို့ လေယာဉ်ပေါ်မှာပင် တစ်ည အိပ်ရတော့မည်။ ငါးနာရီဆယ့်ငါးမိနစ်တွင် လေယာဉ်စထွက်သည်။ ဆယ့်သုံးနာရီကျော်ခရီးစဉ်တစ်လျှောက်လုံး မင်းခွန်မှိုင်း အိပ်ပျော်နေခဲ့သည်။ လေယာဉ်ဆိုက်ရောက်တော့မည့်အကြောင်းကြေညာသံကြားကာမှ သူနိုးလာသည်။ ငစိုင်းကတော့အိပ်မအိပ်မသိ၊ ကျော်ကြီးလည်း သူနှင့်မှအတူတူနိုးသည်။ အချိန်သည် မြန်မာ၌ခြောက်နာရီခွဲမျှသာရှိမည်ဖြစ်သော်လည်း မြန်မာထက် နှစ်နာရီခွဲစောသောဂျပန်၌ ကိုးနာရီရှိချေပြီ။
နာရိတ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့သူတို့ဆိုက်ရောက်ခဲ့သည်။ တိုကျိုမြို့၏အဓိကလေဆိပ်ဖြစ်သည်။ ခရီးဆောင်အိတ်ကိုယ်စီဆွဲရင်း လေယာဉ်ပေါ်မှဆင်းလာကြသည်။ သူတို့ထက်အရင်ရောက်နှင့်နေသော ကိုဘုန်းကျော်စွာသည် သူတို့ကိုလာကြိုလေသည်။ သူ့ဘေးတွင် အမျိုးသမီးတစ်ယောက်လည်းပါလာသည်။ သူက ကိုဘုန်းကျော်စွာပြောဖူးသည့် မိတ်ကပ်artistဖြစ်မည်။ ကျော်ကြီးသည် သူ(မ)ထံတွင် လက်ထောက်လုပ်ရမည်ဖြစ်သည်။
"ခွန်နိချိဝ"(မင်္ဂလာပါ)
ကိုဘုန်းကျော်စွာက စနှုတ်ဆက်သည်။ သူတို့လည်း ခပ်ပြုံးပြုံးပင် ခေါင်းညိတ်လိုက်ကြသည်။
"ခရီးပန်းလာကြပြီနဲ့တူတယ်"
"နည်းနည်းပါ"
ကိုဘုန်းကျော်စွာကခေါင်းညိတ်ပြီး သူ့ဘေးနားမှ ပါလာသည့်အမျိုးသမီးနှင့် သူတို့ကိုမိတ်ဆက်ပေးသည်။
"ဒါက မီရာအိ-စံတဲ့၊ မင်းတို့ရဲ့ မိတ်ကပ်ကိုပြင်ဆင်ပေးမယ့်သူပေါ့"
သူတို့ကိုမီရာအိ-စံနှင့်မိတ်ဆက်ပေးပြီးနောက် မီရာအိ-စံကိုလည်း သူတို့နှင့်ဂျပန်လို ပြန်မိတ်ဆက်ပေးပြန်သည်။
"တွေ့ ရ တာ ဝမ်း သာ ပါ တယ်"
ဂျပန်သံမပျောက်သော်လည်း အသံထွက်မှန်မှန်ဖြင့် သူတို့ကိုနှုတ်ဆက်ပုံက သဘောကျဖွယ်ကောင်းသည်။
"တွေ့ရတာဝမ်းသာပါတယ်ခင်ဗျ..."
သူတို့ယဉ်ယဉ်ကျေးကျေးပြန်နှုတ်ဆက်လိုက်သည်။ ကျော်ကြီးလည်း နှုတ်ဆက်ပြီးကာမှ ကိုဘုန်းကျော်စွာအား စပ်စပ်စုစုဖြင့် မီရာအိ-စံ မြန်မာလိုဘယ်လိုလုပ်ပြောတတ်သလဲ မေးကြည့်မိသည်။
"ကိုဘုန်းကျော်စွာသင်ပေးထားတာလား"
ကိုဘုန်းကျော်စွာကရယ်သည်။
"မဟုတ်ပါဘူးကွာ၊ ကိုယ်တို့ကင်မရာမန်းလေးက သင်ပေးထားတာ၊ သူ့ကိုမင်းတို့နောက်နေ့တွေ့ရမှာပါ၊ သူက ဂျပန်ပြည်ဖွား မြန်မာစစ်စစ်၊ အယ်...သိပ်တော့မစစ်ဘူးပေါ့၊ သူ့အဖေလား၊ အမေလားမသိဘူး၊ နိုင်ငံခြားသွေးနည်းနည်းပါတယ်၊ အခုတော့သွားရအောင်၊ မင်းတို့လည်း နားချင်ရောပေါ့"
ကိုဘုန်းကျော်စွာ့ကားပေါ် သူတို့တက်လိုက်ကြပြီး နေရမည့်အိမ်ရာသို့သွားလိုက်ကြသည်။ မီရာအိစံကတော့ ကိစ္စရှိသောကြောင့် လမ်း၌ဆင်းနေခဲ့လေသည်။ ကိုဘုန်းကျော်စွာနေသည့်တိုက်ခန်းဘေးမှ အခန်းတစ်ခန်းအား သူတို့အတွက်ငှါးထားပေးခြင်းဖြစ်သည်။ အတော်လေးကျယ်သည်မို့ သုံးယောက်အတွက်အဆင်ပြေသည်။
"မင်းတို့ပစ္စည်းတွေ နေရာချပြီး အခန်းကြိုက်သလိုယူကြပေါ့၊ လောလောဆယ် စားဖို့ရေခဲသေတ္တာထဲမှာ ကိုယ်ကြည့်ပြီးဝယ်ထည့်ပေးထားတယ်၊ ကိုယ်က ဒီနေ့စတူဒီယိုသွားစရာလေးရှိသေးလို့ ညနေမှတွေ့ကြတာပေါ့၊ အဲ့ကျမှ ဆိုင်ကောင်းကောင်းလိုက်ကျွေးတော့မယ်"
ကိုဘုန်းကျော်စွာသည် မှာစရာရှိသည်များမှာပြီး လှေကားထစ်အတိုင်းဆင်းချသွားသည်။ မင်းခွန်မှိုင်းလည်း အထုပ်ချပြီး ကိုဘုန်းကျော်စွာနောက်လိုက်သွားမိသည်။
"ကိုဘုန်းကျော်စွာ...ခဏ"
ကိုဘုန်းကျော်စွာသည် သူ့အားလှည့်ကြည့်လာသည်။
"ကျွန်တော်စတူဒီယိုလိုက်လို့ရလား၊ အလုပ်မစခင် စတူဒီယိုနဲ့ ရင်းနှီးထားချင်လို့"
"ရတာကရပါတယ်၊ ဒါပေမဲ့ မင်းပင်ပန်းမှာစိုးလို့"
"ရတယ် ကျွန်တော်လိုက်မယ်၊ ဟိုကောင်တွေကိုလည်း မနေ့ကတည်းက ရောက်တာနဲ့ စတူဒီယိုသွားကြည့်မယ်လို့ ပြောပြီးသား၊ သူတို့ကတော့နားပဲနားမယ်တဲ့"
စတူဒီယိုကြည့်ချင်သည်ထက် တိုကျိုမြို့ကို ကြည့်ချင်စိတ်ပိုများနေသည်ကိုတော့ သူကိုယ်တိုင်သာသိပေသည်။ အိပ်ချင်စိတ်၊ နားချင်စိတ်မရှိဘဲ အင်မတန်မှတက်ကြွနေသည်။ မသိလျှင် တိုကျိုမြို့ကနောက်ရက်ထွက်ပြေးတော့မည့်အတိုင်း။
"ကောင်းပြီလေ...ဒါဆို ဆက်သွားကြတာပေါ့"
ဇွန်လအစမို့ ရာသီဥတုကသာယာလှသည်။ အမြင့်ဆုံးအပူချိန်မှ ၂၅ဒီဂရီစင်တီဂရိတ်သာရှိသည်။ သူ့နေရာနှင့်သူ စည်းကမ်းရှိသေသပ်လှသော ဂျပန်၏အလှကို သူရှုမဝပေ။ ကောင်းကင်ဘုံရောက်နေသလားမှတ်ရအောင် သူသဘောကျနေသည်။ ကိုဘုန်းကျော်စွာသည် သူ့ကိုတစ်ချက်ငဲ့ကြည့်ပြီးပြုံးသည်။
"ဒီလလယ်ဆိုရင် မိုးစရွာတော့မှာ"
ကိုဘုန်းကျော်စွာ့အပြောကိုသူစိတ်မဝင်စားချေ။ Animeများ၊ Mangaများကြေညာထားသော တိုက်ခန်းများဆိုင်များကိုသာ ပါးစပ်အဟောင်းသားငေးမောနေသည်။ အငေးလွန်ပြီး စတူဒီယိုဘယ်လိုရောက်သွားမှန်းပင်သူမသိလိုက်။ ကိုဘုန်းကျော်စွာဆင်းခိုင်းမှ ငူတူတူဖြင့်ဆင်းရင်း စတူဒီယိုအတွင်းစဝင်လိုက်သည်။ စတူဒီယိုသည် သူတို့စတူဒီယိုလေးထက် လေးငါးဆမကကျယ်သည်။ ပစ္စည်းစုံသည်။ အတွင်းပိုင်း ဓာတ်ပုံရိုက်သည့်နေရာသို့ သူတို့ဆက်ဝင်သွားကြသည်။
Cosplayerတစ်ဦးအား ဓာတ်ပုံရိုက်ပေးနေသော ကင်မရာမန်း၏ကျောပြင်ကို သူစမြင်လိုက်ရသည်။
"အဲ့ cosplayerကိုသိတယ်မလား၊ ကိုယ်တို့ပင်တိုင်လေ၊ မြန်မာမှာကတည်းက ကိုယ်နဲ့တွဲလုပ်လာတာ"
"ကိုလေပြေဦးမဟုတ်လား၊ အနုပညာနာမည်က Breezeလေ"
"ဟုတ်ပါ့"
သူတို့နှစ်ဦး ကိုလေပြေဦးအကြောင်းပြောရင်း ရိုက်ပြီးသည်အထိ မတ်တပ်ရပ်စောင့်လိုက်ကြသည်။ သိပ်မကြာခင်မှာပင် ပြီးသွားလေသည်။ ကိုလေပြေဦးလည်း အဝတ်အစားသွားလသည်လားဘာလားမသိ ထွက်သွားလေသည်။
"မင်းနဲ့မိတ်ဆက်ပေးဖို့ သွားခေါ်လိုက်ဦးမယ်၊ ဒီမှာခဏစောင့်နော်"
ကိုလေပြေဦးထွက်သွားသည့်နောက်သို့ ကိုဘုန်းကျော်စွာလိုက်သွားသည်။ မင်းခွန်မှိုင်းလည်း တစ်ယောက်တည်းအူကြောင်ကြောင်ဖြင့် ရပ်ကျန်နေခဲ့သည်။
ကင်မရာထဲမှပုံများကို ပြန်ကြည့်နေသော တီရှပ်အမဲလက်တိုနှင့် ကင်မရာမန်း၏ကျောပြင်ကို သူအကြောင်းပြချက်မရှိငေးနေမိသည်။ ကင်မရာမန်းသည် ငယ်သေးပုံရသည်။ သူနှင့်မှသက်တူရွယ်တူဖြစ်လောက်မည်။ ကိုဘုန်းကျော်စွာသည် လူငယ်တွေကိုလက်တွဲခေါ်နေသူမို့ ကင်မရာမန်းကငယ်နေသည်မှာ အကြောင်းထူးတော့မဟုတ်လှ။
ကိုဘုန်းကျော်စွာပြန်လာပြီလားဟု မျက်လုံးဝေ့ရှာနေစဉ် သူ့ဆီသို့လျှောက်လာသော ကင်မရာမန်းလေးကြောင့် သူတောင့်တင်းသွားမိသည်။ အပြူးအကြောင်သား ငေးကြည့်မိသည်။ ဖြူစွတ်စွတ်အသားအရောင်သည် အင်္ကျီအမည်းနှင့်မို့ ပိုဖြူနေသည်။ ပိန်ရှည်ရှည်နှင့်သူ့ပုံစံက ကြည့်မဆိုးဘဲ တစ်မျိုးကြည့်ကောင်းနေပြန်သည်။ အညိုရင့်ရင့်သန်း၍ထင်ရှားသော မျက်ဝန်းတွေကြောင့်ပင် ကြည့်ကောင်းလေသလား။ မဟုတ်သေး။ သူ့အားပြုံးပြနေသည့် ယောက်ျားဆန်ဆန်အပြုံးက ပိုကြည့်ကောင်းခြင်းဖြစ်သည်။
"မင်းခွန်မှိုင်း-စံ"
(ဂျပန်လူမျိုးတို့သည် အလေးထားခေါ်သော နာမည်တို့၌ စံထည့်ခေါ်ကြသည်၊ မြန်မာမှာဆိုရင် မောင်တို့ ၊ မတို့ တပ်ခေါ်သလိုမျိုးဖြစ်သည်)
စူးစမ်းသောအကြည့်၊ ကြည့်ကောင်းသောအပြုံးတို့နှင့် မေးလာသော မြန်မာစကားတတ်သည့် ဂျပန်ကောင်လေး။ ဂျပန်စစ်စစ်လည်းမဟုတ်ပြန်။ ဂျပန်ပြည်ဖွားမြန်မာသားလေး။ စကားသံသည် မြန်မာသံလုံးလုံးလျားလျားမထွက်ပေမဲ့ ပီသသည်၊ နားထောင်ကောင်းသည်။
"ဟုတ်တယ်မလားခင်ဗျ၊ အစ်ကိုက မင်းခွန်မှိုင်း-စံမဟုတ်လား"
"ဪ...ဟုတ်...ဟုတ်ပါတယ်"
မင်းခွန်မှိုင်းပြန်ဖြေတော့ သူကနှစ်နှစ်ခြိုက်ခြိုက်ပြုံးသည်။
"အစ်ကိုက ကျွန်တော့်ကိုသိချင်မှသိမှာ၊ ကျွန်တော်ကတော့ အစ်ကို့ကိုသိတာကြာပြီ၊ ကိုဘုန်းက အစ်ကို့အကြောင်းခဏခဏပြောလို့ အပြင်မှာမြင်ဖူးချင်နေတာ"
စကားများသောသည်ကောင်လေးကို မင်းခွန်မှိုင်းဆက်ကြည့်နေမိသည်။
"ကိုဘုန်းက ရအောင်ခေါ်လာမယ်ဆိုပြီးပြောလို့ စောင့်နေရတာ ဆယ်နှစ်လောက်ရှိနေပြီ"
ရယ်သံလေးနှော၍ဖော်ဖော်ရွေရွေပြောတတ်သော သူ့ကို မင်းခွန်မှိုင်းသဘောကျသွားသည်။ အတော်ဖော်ရွေပြီး သွက်လက်သည့်ကောင်လေးပင်။
"ဒီလောကထဲ ကျွန်တော်ဝင်တာ ဆယ်နှစ်မရှိသေးဘူးလေ"
မင်းခွန်မှိုင်းရယ်မို့ ကန့်လန့်ပြန်ပြောမိတော့လည်း သူကရယ်သည်။
"ကျွန်တော်မှားတာပါ၊ ဒါပေမဲ့ တကယ်ဆယ်နှစ်ကြာရင်လည်း စောင့်မှာပါ၊ ကိုဘုန်းကျော်စွာက ပြောလွန်းလို့လားမသိဘူး၊ အစ်ကို့ကိုအရမ်းတွေ့ချင်နေတာ"
စကားပြောတော်တော်ကောင်းသည်ဟုအသိအမှတ်ပြုလိုက်သည်။ ဂျပန်မှာမမွေးဘဲ မြန်မာ၌သာမွေးလျှင် စာရေးဆရာပင် လုပ်စားလို့ရသည်။
"ဒါမှန်းသိ နှစ်တစ်ရာလောက်စောင့်ခိုင်းလိုက်ပါတယ်"
မင်းခွန်မှိုင်းရွဲ့တဲ့တဲ့ပြောသော်လည်း သူကပြုံးသည်။
"နှစ်တစ်ထောင်အထိ စောင့်ရဦးမလား"ဟု စကားနိုင်ပြန်လုသည်။
သူ့ဘာသာပြောပြီး သူဘာသာပြန်သဘောကျကာ ရယ်သည်။ သွားအစွယ်ချွန်ချွန်နှစ်ဖက်က အထင်းသားထွက်ပေါ်လာသည်။ တော်တော်ပျော်တတ်ပုံရသည်။
"ကျွန်တော့်ကိုကျွန်တော်မိတ်ဆက်ဖို့ မေ့နေတာ၊ ကျွန်တော့်နာမည်က တာခို့ရားမား(Takoyama)ပါခင်ဗျ၊ အသက်က ၂၂၊ တက္ကသိုလ်နောက်ဆုံးနှစ်မှာ ဒီမှာစလုပ်တာခင်ဗျ၊ ဘွဲ့ရပြီးတော့လည်း ဒီမှာပဲဆက်လုပ်နေတာ၊ ကျွန်တော်ကိုယ်တိုင်လည်း အာနီမဲ(anime)တွေကို တအားသဘောကျလို့လေ"
မမေးဘဲနှင့် သူ့အကြောင်းတွေကို ကရားရေလွှတ်ပြောပြနေပြန်သည်။
"တာခို့-ကွန်း...."
သူမိတ်ဆက်နေတုန်း အနောက်ဘက်ဆက်တင်အဖွဲ့ထဲမှ လူလတ်တစ်ယောက်က လှမ်းခေါ်သောကြောင့် သူက"ဟိုက်"ဆိုပြီး ပြန်ထူးလေသည်။ ပြီးမှမင်းခွန်မှိုင်းဘက် လှည့်လာပြီး...
"ကျွန်တော်သွားလိုက်ဦးမယ်"
သူလှည့်ထွက်သွားသည်။ ခြေလှမ်းတစ်လှမ်းပြီးတစ်လှမ်း သူ့အနားကနေထွက်သွားသည်။ ဤသို့ တစ်လှမ်းစီဝေးကွာသွားတိုင်း မင်းခွန်မှိုင်းတွင် အမည်မသိနာကျင်မှုတစ်ခုကို ခံစားရသည်။ အသက်ရှူဖို့ခက်ခဲလောက်အောင် ရင်၌စို့နင့်တက်လာသလို ခံစားရသည်။ စကားများသော သည်ကောင်လေးကိုမြင်ရုံနှင့် သူ့အဘယ်ကြောင့် ဤသို့ခံစားနေရပါသနည်း။
"ဪ..."
လက်ညှိုးလေးတစ်ချောင်းထောင်ရင်း တစ်ခုခုပြောဖို့မေ့သွားပုံနှင့် သူ့ဘက်ကိုပြန်လှည့်ကြည့်လာပြန်သည်။ စတူဒီယိုအတွင်း ထောင်ထားသောမီးရောင်တွေကြောင့် သူ့မျက်လုံးလေးက အရောင်ပိုတောက်နေသယောင်ယောင်။
"ကျွန်တော်ပြောဖို့ကျန်သေးတယ်၊ ကျွန်တော့်နာမည်က တာခို့ကလေ ရေဘဝဲဆိုတဲ့အဓိပ္ပါယ်နဲ့ရေးတဲ့ တာခို့မဟုတ်ဘူးခင်ဗျ၊ ဒီကလူတွေကခဏခဏမှားတတ်ကြလို့"
ခပ်ပြုံးပြုံးလေးမမေးဘဲ ရှင်းပြပြန်သည်။
"ဒါဆို ဘယ်လိုအဓိပ္ပါယ်လဲ"
သူသိချင်စိတ်ဖြင့်မေးလိုက်သည်။ ထိုကောင်လေးသည် ပခုံးလေးတွန့်ပြီး နှုတ်ခမ်းထောင့်များကော့တက်သွားသည်အထိ ပြုံးသည်။
"စွန်ကို ဆိုလိုတာခင်ဗျ"
သူနောက်တစ်ကြိမ်လှည့်ထွက်သွားသည်။ မင်းခွန်မှိုင်း သည်အတိုင်းရပ်ကြည့်နေရင်းမှ သူ့ညာဘက်ပါးပြင်တွင် မျက်ရည်စီးကျလာသောကြောင့် ကမန်းကတမ်းကောက်သုတ်မိသည်။ ဤမျက်ရည်တို့က အဘယ်အတွက်နည်း....။
အပြုံးဆင်မြန်းသောမျက်နှာ၊ ဖော်ရွေသောအကျင့်တို့နှင့် သူ့အားမျက်ရည်ကျစေခဲ့သူသည် မည်သို့သောလူပါနည်း။ မျက်ရည်သည် အဘယ်ကြောင့် ကျခဲ့ပါသနည်း။
"မင်းခွန်မှိုင်း-စံ"ဟု သူမသိသောမျက်နှာစိမ်းလေးတစ်ယောက်က စတင်ပြီးလာရောက်နှုတ်ဆက်ခဲ့သည်။ နှစ်တစ်ထောင်စောင့်ရမည်လားဟု နောက်ရွှတ်ရွှတ်ပြောသွားသည်။ အမည်မသိနာကျင်မှုကိုပေးပြီး ခြေတံရှည်တို့ဖြင့် လှည့်ထွက်သွားသည်။ သူ့အမည်ကို ပြန်လှည့်ရှင်းပြသောကြောင့် ပါးပြင်၌ မျက်ရည်အလိုလိုရွှဲသည်။
မင်းခွန်မှိုင်းရင်းရင်းနှီးနှီးသိနေသလိုခံစားရပြီး အမှန်တကယ်မသိသော သူစိမ်းကောင်လေး။
သူသည်ကား "တာခို့ရားမား"မည်သောကောင်လေး....။
Thanks For Reading
Song-A Thousand Years(Christina Perri)
Note
နတ်ဆိုးတစ်ကောင်နှင့်အတူမွေးဖွားခြင်းက ဤတွင်ပြီးဆုံးပါပြီ။ အဆုံးထိဖတ်ပေးတဲ့သူတွေကို စိတ်ရင်းနဲ့ကျေးဇူးတင်ပါတယ်။
နိုရာတစ်ခုပြောပြချင်သေးတယ်။ နိုရာ ဒါလေးပြီးရင်း The Echo Of The Memoriesဆိုတဲ့သဘာဝလွန်ficလေးရယ် ၊ မောင့် မောင်မောင်ဆိုတဲ့ Uni Life ကလေးရယ်ကို
You are reading the story above: TeenFic.Net