Unicode
"သခင်လေးကို ကျွန်တော်ကချစ်လို့"တဲ့...။
နားထဲတွင် အကြိမ်ကြိမ်ကြားယောင်နေသောထိုစကား။ မျက်ရည်ဥတို့စီးဆင်းရာမျက်ဝန်းကိုလည်း သူ့စိတ်ထဲမှထုတ်မရ။ သခင်လေးလို့ အမြဲတစေခေါ်နေပါသော်ငြားလည်း ညီအစ်ကိုချစ်စိတ်လေးရှိသေးမှန်း သိရသောအခါ သူ့မှာပိုရင်ကွဲရသည်။ ညီအစ်ကိုလိုမျိုးချစ်ခြင်းမဟုတ်ကြောင်း အမှန်တရားကိုသာသိရလျှင် မည်သို့နေဦးပါမည်နည်း။
ညတာကရှည်လွန်းသည်။ မိုးမြန်မြန်လင်းပါစေဟုလည်း သူဆုမတောင်းမိ။ စွန်ရဲလေးမရှိတော့သော အခန်းငယ်လေးထဲဝယ် သူနေလိုပါသေးသည်။ ဖြစ်နိုင်လျှင် တစ်သက်တာလုံးနေလိုပါ၏။ စွန်ရဲလေး အငွေ့အသက်တို့ကျန်နေဆဲဖြစ်သောအခန်းလေးထဲမှ သူမထွက်လိုတော့ချေ။ ပြင်ကလောကကြီးကို ရုတ်တရက်ကြောက်ရွံ့စိတ်ဖြစ်မိသည်။ ယခင်က သူနှင့်အတူတူ သေမတူရှင်မကွာဆိုပြီး ကပ်နေတတ်သော ကောင်လေးမရှိတော့သောကြောင့်ဖြစ်မည်။
အကြောင်းအရင်းအမျိုးမျိုးကြောင့် နှင်ထုတ်လိုက်ရသော်လည်း ထိုကလေးအား သူသိပ်လွမ်းသည်။
************************************
"သား...သားက မေမေနဲ့မနေချင်ဘူးလားဟင်..ဟုတ်လား"
တိမ်ဝင်သွားသောအသံဖြင့်မေးသော မိခင်ဖြစ်သူအား စွန်ရဲလေးမော့ကြည့်မိသည်။ 'ဟင့်အင်း မနေချင်ပါဘူး'ဟု ဖြေလိုက်ချင်ပါလျက်နှင့် အဘယ်ကြောင့်နှုတ်က မထွက်နိုင်ပါသနည်း။ သူ့မိခင်ဆိုသော ဤအမျိုးသမီးနှင့်တွေ့သည်မှာ နှစ်ရက်ပင်ရှိပါသေး၏။ သံယောဇဉ်တွယ်လောက်အောင်လည်း စကားမပြောဖြစ်သေး။ သို့သော် သူ(မ)မျက်နှာကိုမြင်တိုင်း သူ့ရင်ထဲစို့နင့်သည်။ သူ(မ)နှင့်မနေလိုကြောင်းပြောဖို့ မဝံ့မရဲဖြစ်သည်။ ဤသည်ကား သွေးဟူသောအရာကြောင့် ဖြစ်နိုင်မည်။
'သွေးကစကားပြောသည်'တဲ့။ ဟုတ်မည်။ သူ့စိတ်ထဲတွင် ဒေါ်ရီရီဇော့်အား မိခင်ဟုတွေးထားပြီးဖြစ်သည်။ ငြင်းဆန်ခြင်းလည်းမပြုလို။ သို့သော် သူ(မ)နှင့်အတူ သူမနေလိုပါ။ သူအတူတကွ နေလိုသူကတော့ သူ့အားမောင်းထုတ်လိုက်သည်။ မလိမ်ညာတတ်သောမျက်ဝန်းတို့နှင့် လိမ်ညာတတ်သောနှုတ်ဖျားတို့ကို သူမဝေခွဲတတ်သေးပေ။ သူသိသည်က 'သခင်လေးက သူ့အားမုန်းသည်။ သခင့်အား ခစားသောသူသည် သခင်ကိုချစ်ခွင့်မရှိ'။ သူ့သခင်ဆိုသွားသော အရာအားလုံးထဲမှ ဤအရာကသာ သူ့စိတ်နှလုံးကိုဒုက္ခပေးသည်။
"ဒီလိုမျိုး အခန်းထောင့်ထဲကပ်မနေပါနဲ့။ မေမေသားကို ပြန်လာခေါ်တာဟာ အခုလိုမျိုးနေဖို့မဟုတ်ဘူးလေ။ မေမေ့သားလေးမရခဲ့တဲ့ အရာအားလုံးကို ဖြည့်ဆည်းပေးပြီး သားလေးကိုပျော်အောင်ထားဖို့ပဲ။ သားလေး ပျော်အောင် မေမေဘာလုပ်ပေးရမလဲဟင်...ပြောပါသားရယ်။ မေမေတတ်နိုင်သမျှ အကုန်လုပ်ပေးပါ့မယ်"
တတ်နိုင်သမျှတဲ့...။ သူ့တွင်တောင်းဆိုစရာမရှိတော့ပါလေ။ သူလိုချင်သောအရာသည် သူ့မိခင်မတတ်နိုင်သောအရာပင်ဖြစ်သည်။ သို့ပေမဲ့ သူ့သခင်အတွက် သူလုပ်ပေးနိုင်တာတစ်ခုရှိသည်ကို သတိရမိသည်။ ဟုတ်၏။ သည်တစ်ခုကိုတော့ သူ့မိခင်တတ်နိုင်ကောင်းပါသည်။
"ကျွန်တော် တစ်ခုလောက်တောင်းဆိုလို့ရမလား"
သူစိမ်းဆန်ဆန်အပြောအဆိုကြောင့် ဒေါ်ရီရီဇော်ဝမ်းမနည်းနိုင်ချေ။ သူ့သားက သူ့ကိုစကားပြောရုံနှင့်ပင် အပျော်ကြီးပျော်နေလေပြီ။
"ပြော သား။ သားဖြစ်ချင်တာကိုပြော"
စွန်ရဲလေးသည် တံတွေးတစ်ချက်မျိုချပြီး ခြောက်နေသောအာခေါင်အား စိုစွတ်စေလိုက်သည်။
"သခင်လေးရဲ့အိမ်ကို ပြန်ရအောင်လုပ်ပေးနိုင်မလား"
ဒေါ်ရီရီဇော်တစ်ချက်တွေသွားသည်။ သို့သော် သိပ်မကြာလိုက်ဘဲ ချက်ချင်းအဖြေတစ်ခုပေးသည်။
"မေမေကြိုးစားပေးမယ် သား။ ပြန်ရဖို့လည်း ဖြစ်နိုင်ပါတယ်"
ထိုစကားကြောင့် စွန်ရဲလေးအားတက်သွားသည်။
"အခု ရိုးမထဲရောက်နေတဲ့သူက ဝန်ထောက်မင်းအစစ်မဟုတ်ဘူးလေ။ တကယ့်အစစ်က ကိစ္စတချို့ကြောင့် ရိုးမကို တာဝန်ယူဖို့ သူ့လက်အောက်ကတစ်ယောက်ကို တာဝန်ပေးလိုက်တာပဲ။ အဲ့တစ်ယောက်က အခု သားတို့အိမ်ကိုယူထားတဲ့သူ။ သူယုတ်မာတာတွေကို ဝန်ထောက်မင်းက မသိလို့လွှတ်ထားပေးတာဖြစ်နိုင်တယ်။ သိသွားရင် သူလွယ်မှာမဟုတ်ဘူး။ ဝန်ထောက်မင်းက တကယ့်လူမှန်။ မေမေနဲ့သူနဲ့မရင်းနှီးပေမဲ့ သားဖေဖေ..."
ဒေါ်ရီရီဇော်ခေတ္တမျှ တုံ့ဆိုင်းသွားသည်။ ယခုမြို့ပိုင်မင်းသည် စွန်ရဲလေး၏ဖခင်အစစ်မှမဟုတ်ပေပဲ။ သို့သော်လည်း စွန်ရဲလေး နားလည်ပေးကောင်းပါရဲ့ဟုတွေးကာ စကားကိုဆက်လိုက်သည်။
"သားဖေဖေနဲ့က သိကြတယ်၊ မေမေ သူ့ကိုပြောခိုင်းလိုက်ရင်ရမှာ။ သူ့အိမ်ပြန်ရရင် သူသားနဲ့အတူတူလာနေရင် နေမှာပေါ့။ သူသားကိုပြောခဲ့တာတွေကလည်း စိတ်ထဲက ပါချင်မှပါမှာလေ။ မေမေက သားဖြစ်ချင်တာကိုလုပ်ပေးမှာမလို့ သားပျော်ပျော်နေနော်"
စွန်ရဲလေး၏အဖြေစကားကို ဒေါ်ရီရီဇော်ပြန်မကြားရ။ ခေါင်းညိတ်သည်ကိုလည်း မမြင်။ သို့သော် သားဖြစ်သူ အနည်းငယ်စိတ်သက်သာရာ ရသွားသည်ကိုတော့ သူ(မ)သိပါသည်။ သူ(မ)လည်း မိခင်ပေမို့...။
************************************
"မင်းကတော်တော်သတ္တိကောင်းနေတယ်ပေါ့လေ ဟုတ်လား"
ဒူးထောက်လျက်ရှိနေသော မှိုင်းရဝေ၏ဆံပင်များအား ပြတ်ထွက်မတတ်ဆောင့်ဆွဲထားရင်း သွေးစို့ဖူးရောင်နေသောမျက်နှာကို မော့စေသည်။
"ပြောစမ်း အဲ့ကောင်ဘယ်မှာလဲ။ မင်းအသက်ကို နှမြောတယ်ဆိုရင် အဲ့ကောင်ရှိတဲ့နေရာကိုပြောစမ်း"
စွန်ရဲလေးအားသတ်ရန် အစီအစဉ်သေချာဆွဲပြီး ပြန်လာသောဦးမင်းမော်သည် စွန်ရဲလေးအိမ်မှာမရှိတော့ကြောင်း သိရသည့်အခါ မှိုင်းရဝေကိုမည်းတော့သည်။ သူ့တပည့်များကလည်း ဘေးနားမှမြှောက်ထိုးပင့်ကော်လုပ်ကြသေးသည်။
"ကျွန်တော်တို့အကြံအစည်ကိုသိသွားလို့ ဟိုကောင့်ကို သူဖွက်ထားတာနေမှာ ဆရာကြီး။ သူ့ကိုမှတ်လောက်အောင် ဆုံးမပစ်ရမယ်"
သူ့တပည့်တွေမြှောက်ပေးလေလေ ဦးမင်းမော်က သွေးဆူလာလေလေဖြစ်သည်။
"မင်းကို ငါနောက်ဆုံးအခွင့်အရေးပေးမယ်။ အဲ့ကောင်ရှိတဲ့နေရာကို လိုက်ပြရင်ပြ၊ မပြရင် ဒီနေ့ကမင်းသေနေ့ပဲ"
တစ်ချိန်လုံးလုပ်သမျှငြိမ်ခံပြီး အသံပင်မထွက်သော မှိုင်းရဝေသည် ရုတ်တရက်ကြီးထရယ်လေသည်။ သူသည်လိုမရယ်ခဲ့သည်မှာ အတော်ကြာပြီဖြစ်၍ ရယ်လိုက်ချိန်တွင် လုံးဝလွတ်လပ်သွားသလို ခံစားရသည်။ ဦးမင်းမော်အကြံအစည်မတိုင်ခင်မှာပင် သူစွန်ရဲလေးကို လွှတ်ပေးလိုက်နိုင်ပြီ။ ဦးမင်းမော်၏ အားထုတ်မှုကြီးကို သူရိုက်ချိုးလိုက်နိုင်ပြီ။ ထို့ကြောင့်လည်း သူအားတက်သရောရယ်မိသည်။ သူအနိုင်ရလိုက်သလို ခံစားရသောကြောင့် ရယ်လိုက်မိသည်။
"ရယ်နိုင်သေးတယ် ဟုတ်လား"
မေးခွန်းအဆုံး၌ နောက်ဆက်တွဲလက်သီးသုံးချက်ဆင့်ပါလာသည်။ မှိုင်းရဝေ ကြမ်းပြင်ထက်တွင်ခွေကျသွားသည်။ သို့သော် သူဆက်ရယ်မိနေဆဲ။ ဦးမင်းမော်စိတ်တိုနေသည်ကို ကြည့်ပြီး သူရယ်လို့ကောင်းဆဲ။
"အေး...အဲ့ဒီကောင်ကို ငါမြေလှန်ရှာပြီးသတ်ပြမယ်။ ငါ့ကို ဒင်းမသတ်ခင် ငါကဒင်းကိုအရင်သတ်မှဖြစ်မှာ။ မင်းကိုယ်တိုင်က သူ့ကိုရှာပေးရမဲ့သူပဲ။
ဦးမင်းမော်၏ တပည့်၃ယောက်တို့သည် မှိုင်းရဝေ၏ ပိန်လှီနေသောကိုယ်လေးအား ဝိုင်း၍ကန်ကျောက်ကြသည်။ မျက်နှာပင်မကျန် စုတ်ပြတ်နေအောင်ကန်သည်။ ပြီးလျှင် စွန်ရဲလေးရှိသည့်နေရာကို မေးသည်။ မေးတိုင်း သူရယ်သည်။ သူအနိုင်ယူလိုက်နိုင်သောအရာအတွက် သူ့မှာပျော်မဆုံးနိုင်ဖြစ်နေသည်။ သည်လူတွေကို ဟားမတိုက်ဘဲမနေနိုင်အောင် ရှိလှသည်။
"ဆရာကြီး...ဆရာကြီး"
ထိုစဉ်တွင် ရေးကြီးသုတ်ပျာဖြင့် လူတစ်ယောက်ထပ်ရောက်လာပြန်သည်။ ထိုလူသည် ဒဏ်ရာများဖြင့်လဲကျနေသော်လည်း ဆက်တိုက်ရယ်နေသောမှိုင်းရဝေကို စိတ်ပျက်စွာ တစ်ချက်ငုံ့ကြည့်သည်။ ပြီးမှ သူလာသည့်ကိစ္စကို ဦးမင်းမော်အား ပြောသည်။
"ဆရာကြီးကို ဝန်ထောက်မင်းက မေးစရာရှိလို့ မြို့တက်ခဲ့ပါတဲ့"
"ငါသူနဲ့တွေ့ပြီးတာ ရက်ပိုင်းပဲရှိသေးတာလေ။ ဘာကိစ္စ ထပ်ခေါ်ရတာလဲ"
"ဆရာကြီးအတိုင်ခံထားရတယ်"
ထိုလူက လေတိုးသံသာသာဖြင့် ပြောသည်။ ဦးမင်းမော်လည်း မျက်လုံးပြူးသွားသည်။
"ဘာကိစ္စအတိုင်ခံရတာလဲ"
"ဆရာကြီး ဒီအိမ်ကိုသိမ်းတဲ့ကိစ္စရယ် ၊ သစ်ခိုးထုတ်တာတွေကို ဆက်ကြေးယူတဲ့ကိစ္စတွေရယ်..."
"ဘာကွ...ဘယ်ကောင်တိုင်တာလဲ။ ဘယ်သူတိုင်ထားတာလဲ"
"ကျွန်တော်လည်း တတ်နိုင်သလောက်စုံစမ်းကြည့်တော့ ဝန်ထောက်မင်းအိမ်ကို မနေ့က မြို့ပိုင်မင်းလင်မယားလာတယ်တဲ့။ သူတို့နဲ့အတူ ဒီအိမ်ကကောင်လေးတစ်ယောက်လည်း ပါလာတယ်တဲ့"
မှိုင်းရဝေသဘောတကျရယ်နေရာမှ အသံတိတ်သွားသည်။ ဦးမင်းမော်လည်း ခေတ္တမျှငြိမ်ကျသွားသည်။ စွန်ရဲလေး ဘာတွေလုပ်နေပါသနည်း။ သည်လိုလုပ်လိုက်ခြင်းက သူ့ရှိသည့်နေရာကို ပြောပြလိုက်တာနှင့် အတူတူပင်မဟုတ်ပေလား။ အန္တရာယ်ကို ဖိတ်ခေါ်လိုက်တာနှင့်အတူတူပင် မဟုတ်ပေဘူးလား။
ဦးမင်းမော်သည် မှိုင်းရဝေကိုလှည့်ကြည့်လာသည်။ သူ့မျက်နှာသည် မှိုင်းရဝေမြင်ဖူးသမျှထဲတွင် ကြောက်စရာအကောင်းဆုံးအချိန်ဖြစ်နေချေပြီ။ မျက်နှာကြီးရဲတက်ပြီး သူ့အား မှုန့်ခြေတော့မတတ်ကြည့်နေရာမှ အင်္ကျီရင်ဘတ်ကနေ သူ့ကိုဆွဲမလိုက်ပြီး...
"မင်းတို့က ဒီလိုကြံစည်ထားတာပေါ့ ဟုတ်လား။ ငါ့ကို ဒီလိုလုပ်လိုက်ရင် မင်းတို့အိမ်ကိုပြန်ရမယ်လို့ ထင်တယ်ပေါ့ ဟုတ်လား။ မရဘူး...ဘယ်တော့မှမရစေရဘူး။ ငါပိုင်တဲ့အရာကို တခြားသူကိုမပေးနိုင်ဘူး။ လာလုယူမယ်ဆိုရင်လည်း ငါသည်းခံနေမှာမဟုတ်ဘူး။ တစ်ခါတည်း သတ်ပစ်လိုက်မှာ။ အခု မင်းကိုအရင်သတ်မယ်။ ပြီးမှအဲ့ကောင်ကိုသတ်မယ်"
ပြောပြောဆိုဆိုနှင့် ဦးမင်းမော်သည် သူ့တပည့်တစ်ယောက်၏ ခါးကြားတွင်ထိုးထားသော ဓားကြီးအားဆွဲယူလိုက်သည်။ မှိုင်းရဝေ လန့်သွားသော်လည်း မလှုပ်ရှားနိုင်တော့ချေ။ စွန်ရဲလေးကို သူ့မိခင်နှင့်ထည့်ပြီးကတည်းက သူအစားလည်းကောင်းကောင်းမစားနိုင်ခဲ့သည့်အတွက် သူ့ခန္ဓာကိုယ်တွင်အားအင်ချည့်နဲ့နေချေပြီ။ ရှိစုမဲ့စုအားလေးကလည်း ဦးမင်းမော်တပည့်တွေ ကန်ချက်ကြောင့် အနှုတ်ပြသွားချေပြီ။
သူသေရတော့မည်ဆိုသည်ကို သူနားလည်လိုက်ပြီ။ သေခြင်းတရားနှင့်နီးကပ်လာခြင်းက ကြောက်စိတ်ကိုပေးသည်။ ထို့ပြင် အစကတည်းက သူသည်ဤအိမ်ကိုတပ်မက်ခဲ့ခြင်း
မဟုတ်ကြောင်းနားလည်လိုက်သည်။ သူဖက်တွယ်နေခဲ့သည်က အမှတ်တရများသာဖြစ်သည်။ သူ့ဖခင်၊ ဦးကြီးနှင့် စွန်ရဲလေးတို့နှင့်အတူတူနေခဲ့သည့် အမှတ်တရများသာဖြစ်သည်။ ထိုအရာတို့နှင့် အမြဲချိတ်ဆက်နေခဲ့သော ဤအိမ်နှင့်ဤရိုးမကို သူမခွဲနိုင်ခဲ့ခြင်းဖြစ်သည်။
သံချေးအနည်းငယ်တက်နေသောဓားကြီးသည် သူ့ဝမ်းဗိုက်ကို ထုတ်ချင်းဖောက်သွားသည်ကို သူခံစားမိလိုက်သည်။ တစ်ဆက်တည်းနာကျင်မှုကလည်း နောက်ကပါလာသည်။ စိုစိစိသွေးစတို့က သူ့အင်္ကျီအဖြူလေးတွင် အရောင်ဆိုးနေကြပြီ။ မှိုင်းရဝေ၏သတိတို့လွတ်တော့မည်။ ဝေဝါးဝါးမြင်ကွင်းတွင် ဦးမင်းမော်၏ဒေါသတကြီးမျက်နှာကို မြင်လိုက်ရသည်။ ထို့နောက် သူနှင့်စွန်ရဲလေးတို့ တူတူနေခဲ့သည့်အချိန်များကို မြင်သည်။ ဤကလေးသည် မိဘအထိန်းအကွပ်အောက်တွင်မို့ အန္တရာယ်ကင်းကောင်းပါအံ့၊ အကာအကွယ်ရှိပါအံ့။ သူစိတ်ချသွားသည်။ ဟုတ်၏။ သူ့မိခင်နှင့်ဖခင်တို့က သူ့အားကာကွယ်ပေးပါလိမ့်မည်။ ဤကလေးသည် ပျော်ပျော်ရွှင်ရွှင် ဆက်လက်နေထိုင်သွားလိမ့်မည်.....။
သူစိတ်ချသွားပြီ။ အပြုံးနုနုနှင့် သူလောကကိုကျောခိုင်းနိုင်ခဲ့ပြီ။ ထို့ကြောင့် တစ်စက္ကန့်မျှနောက်ကျသွားသည့် "သခင်လေး"ဆိုသော ခေါ်သံကိုသူမကြားလိုက်တော့....။
သခင်လေး၏စံအိမ်ကို ပြန်ရယူရန်ကြိုးစားပေးပြီးနောက် ဦးမင်းမော်အန္တရာယ်မှ ခေတ္တတိမ်းရှောင်စေရန်အလို့ငှါ ခေါ်ရန်ရောက်လာသောသူ။ ကာကွယ်ပေးရန်ရောက်လာသောသူ။ မိခင်တားနေသည့်ကြားမှ ထွက်ပြေးလာခဲ့သောသူ။ သို့သော်....။
လျှပ်တိုက်ခြေလှမ်းများဖြင့် သခင့်အနားကပ်လာသော သူ...။ သူကြက်သေသေသွားခဲ့ပြီဖြစ်သည်။ ဖူးရောင်နေသော မျက်လုံးတစ်ဖက်၊ ညိုမည်းစွဲနေသောမျက်နှာပြင်၊ ပေါက်ပြဲနေသော နှုတ်ခမ်းပါးလေး၊ သွေးယိုစီးနေသော ဝမ်းဗိုက်တို့ဖြင့် သူ့သခင်...။ သူ့ဒူးများ ခွေကျသွားတော့မည့်ဆဲဆဲတွင် ဦးမင်းမော်သည် ဓားကို နောက်တစ်ကြိမ်ကိုင်မြှောက်လိုက်ပြီး စွန်ရဲလေးကို ထိုးဖို့ဟန်ပြင်သည်။
"ငါ့ကိုဖျက်ဆီးမယ့်ကောင်တွေအားလုံး အရှင်မထားဘူး"
ဦးမင်းမော်၏ဓားသည် စွန်ရဲလေးထံသို့မရောက်လိုက်။ တစ်ဆယ့်ခြောက်နှစ်အရွယ်ကောင်လေးသည် သူ့လက်ကိုချုပ်ကိုင်ပြီး ဓားကိုဆွဲလုယူခြင်းကိုခံလိုက်ရချိန်တွင် ဦးမင်းမော်သွေးပျက်သွားသည်။ စွန်ရဲလေး ဘာကိုမှမမြင်နိုင်တော့ပေ။ သူပျာယာခတ်နေချေပြီ။ သူ့သွေးတွေ အထက်အောက်ပြောင်းပြန်စီးနေချေပြီ။ သူ့သခင်၏အသက်ကို နှုတ်ယူသွားသော ထိုလူကြီးကို သတ်ချင်စိတ်မှအပ သူဘာမှမတွေးနိုင်တော့ပေ။ စွန်ရဲလေးသည် ဦးမင်းမော်တပည့်များပင် တားလိုက်ချိန်မရဘဲ သရဲဘီလူးဝင်စီးသည့်နှယ် လျင်မြန်ဖျတ်လတ်စွာဖြင့် ဦးမင်းမော်၏ရင်ဘတ်တည့်တည့်သို့ ဓားကိုထိုးထည့်လိုက်သည်။ နောက်ပြီး နောက်တစ်ချက်၊ နောက်တစ်ချက်၊ နောက်ထပ်တစ်ချက်။ ဦးမင်းမော်လဲကျသွားပြီး အသက်မရှိတော့သည့်တိုင် ဓားနှင့်ရက်ရက်စက်စက် ထိုးနေဆဲ...။
"သခင်လေးအသက်ကို ပြန်ပေး။ ပြန်ပေး....ကျုပ်သခင်ကို ပြန်ခေါ်ပေး...အဘိုးကြီး....ကျုပ်ပြောနေတယ်လေ"
သွေးရူးသွေးတမ်းအော်ဟစ်ပြီး ဓားဖြင့်ဆက်တိုက်ထိုးနေသောစွန်ရဲလေးကို ဦးမင်းမော်တပည့်တို့လန့်ပြီး ပြေးကြလေပြီ။
"သခင်လေးကို ပြန်ပေးလို့ပြောနေတယ်"
ဓားမှတစ်ဆင့် ဦးမင်းမော်၏သွေးများစွန်းနေသော စွန်ရဲလေးမျက်နှာတွင် မျက်ရည်တို့လှိုင်လှိုင်ကျလာသည်။ နောက်ဆုံးတစ်ချက် ဦးမင်းမော်ရင်ညွန့်တည့်တည့်တွင် ဓားကိုဖိထိုးစိုက်လိုက်ပြီး သူ့သခင်ထံမျက်နှာမူလိုက်သည်။
ပိန်လျလျခန္ဓာကိုယ်လေးကို သူ့ပေါင်ပေါ်ဆွဲတင်မပြီး ခေါင်းလေးအား သေချာထိန်းကိုင်ထားပြီး မျက်နှာလေးကိုကြည့်ရင်း သခင့်အားနှိုးလေတော့သည်။
"သခင်လေး...ထလေ။ ထပါတော့။ ဟိုလူကြီးမရှိတော့ဘူး။ သခင်လေး ကျွန်တော့်ကို စိတ်ဆိုးနေတာသိပါတယ်။ မုန်းနေလည်းရတယ်။ သခင်လေး ကျွန်တော့်ကိုမမြင်ချင်ရင် ထွက်သွားပေးမှာပါ။ ကျေးဇူးပြုပြီး မျက်လုံးလေးပဲဖွင့်ပေးပါ...။ သခင်လေး..."
သူ့ခေါ်သံသည်တုန်ရီနေခဲ့သည်။ သူ့သခင်သည် ဆက်တိုက်လှုက်နှိုး၍ပင် နိုးထမလာတော့ချေ။ သူ့သခင်ပါးပြင်ထက်သို့ ကျဆင်းသွားသော သူ့မျက်ရည်များကို လက်ဖဝါးလေးဖြင့် အသာသုတ်ပေးသည်။
"မျက်လုံးလေးဖွင့်ကြည့်ပါဦးလား သခင်လေးရယ်။ သခင်လေးနိုးလာမယ်ဆို ကျွန်တော်ဘာမဆိုလုပ်ပါ့မယ်။ ကျေးဇူးပြုပြီး ...ကျေးဇူးပြုပြီး..."
သူလုံးဝဖြေမဆည်နိုင်တော့ဘဲ တဖြည်းဖြည်းအေးစက်လာသည့် သူ့သခင်မျက်နှာလေးအား သူမျက်နှာချင်းအပ်မိသည်။ နဖူးပြင်လေးအား ဖိကပ်နမ်းရှိုက်မိသည်။
"အို...သေဆုံးခြင်းရနံ့ကို ရနေလို့ကျုပ်ရောက်လာခဲ့တာ။ တကယ်ပဲ ဖြစ်နေပါပေါ့လား"
သူ့ကျောဘက်မှအသံကြောင့် လှည့်ကြည့်မိတော့ တောင်ကုန်းထိပ်ကစုန်းအိုကြီးဖြစ်သည်။ အဘိုးကြီးသည် တုတ်ကောက်ကိုထောက်ရင်း အိမ်ထဲဝင်လာသည်။ သေဆုံးနေသောဦးမင်းမော်ကို လှည့်ကြည့်ပြီးနောက် မှိုင်းရဝေအားငုံ့ကြည့်သည်။ ထို့နောက် မှိုင်းရဝေအား ထိကိုင်ဖို့လက်လှမ်းလာသောအခါ စွန်ရဲလေးခွင့်မပြုနိုင်ဘဲ သခင့်ကိုယ်လေးအား ရင်ဝယ်ထွေးပိုက်လိုက်မိသည်။ သည်တော့ အဘိုးကြီးကပြုံးသည်။
"ငါမင်းရဲ့သခင်ကို အသက်ပြန်သွင်းပေးနိုင်တယ်နော်..."
စွန်ရဲလေးချက်ချင်းပင် အဘိုးကြီးအားမော့ကြည့်မိသည်။ အဘိုးကြီးကခပ်ပြုံးပြုံးလုပ်နေသည်။
"မင်းသာဆန္ဒရှိမယ်ဆို မင်းသခင်ကို ငါအသက်ပြန်သွင်းပေးနိုင်တယ်"
"ခင်...ခင်ဗျားတကယ်ပြောနေတာလား"
မယုံရဲယုံရဲဖြင့်မေးတော့ အဘိုးကြီးသည် မျက်လွှာအစုံမှိတ်ရင်းခေါင်းညိတ်သည်။ စွန်ရဲလေးလည်း သူငယ်ငယ်ကကြားခဲ့ဖူးသည့်အရာကို ပြန်သတိရသည်။ တောင်ပေါ်ကအဘိုးကြီးသည် လူသေကိုအသက်ပြန်သွင်းပေးနိုင်သည် မဟုတ်လား။
"ဒါ..ဒါဆို ကျွန်တော့်သခင်လေးကို အသက်ပြန်သွင်းပေးပါ။ ကျွန်တော် ဘာမဆိုလုပ်ပေးပါ့မယ်။ အဘိုးဆီမှာ ကျွန်ခံဆိုလည်းခံပါ့မယ်"
ခေါင်းကိုညွတ်ပြီးတောင်းပန်တိုးလျှိုနေသည့် စွန်ရဲလေးကိုကြည့်ပြီး အဘိုးကြီးကပြုံးပြန်သည်။
"မင်းလုပ်ပေးရမှာက ရှင်းတယ်။ လုပ်နိုင်ပါ့မလားတော့ မသိဘူး"
"ဘာမဆိုခိုင်းပါ။ ပြောပါ။ ကျွန်တော်လုပ်နိုင်ပါတယ်။ သခင်လေးသာ အသက်ပြန်ရှင်..."
"ကဲ ဟုတ်ပါပြီ။ ဒါဆိုလည်း ဟိုဓားကိုယူလိုက်ပါ"
ဦးမင်းမော်အားစိုက်ထိုးထားသည်ဓားအား စွန်ရဲလေးကို ယူခိုင်းသောကြောင့် စွန်ရဲလေးသူ့သခင်ကို လက်မှအသာချကာ ချက်ချင်းယူလိုက်သည်။ ဘာအတွက်ယူခိုင်းခြင်းလဲ၊ ဘာလဲ သူစိတ်မဝင်စားအား။ သူ့သခင်အသက်ရှင်ဖို့ကိစ္စသာ သူစိတ်ဝင်စားသည်။ သူအရာအားလုံးကို မတုံ့မဆိုင်းလုပ်မည်။
"ပြီးရင် မင်းခန္ဓာကိုယ်မှာရှိသမျှသွေးတွေအားလုံးကို ဖောက်ထုတ်လိုက်"
စွန်ရဲလေး ကြောင်အမ်းသွားပြီး အဘိုးကြီးအားစိုက်ကြည့်မိသည်။ အဘိုးကြီးက....
"ဘယ်လိုလဲ။ မလုပ်နိုင်တော့ဘူးလား။ ငါကအောက်လမ်းဆရာပါ ကောင်လေး။ ငါဆေးမကုတတ်ဘူး။ ငါကအောက်လမ်းနဲ့ပဲ လူကိုအသက်သွင်းတယ်။ ဒီလိုအသက်သွင်းဖို့ဆို အသက်ရှင်လျက်ရှိတဲ့လူတစ်ယောက်ကို ငါရင်းရမယ်။ သေတဲ့လူကို အင်မတန်ချစ်မြတ်နိုးတဲ့လူကိုပေါ့။ ဒါမှလည်း အစွမ်းထက်မှာ။ မင်းက ဒီကောင်လေးကိုတကယ်မချစ်ရင်တော့..."
အဘိုးကြီးစကားပင်မဆုံးလိုက်ဘဲ စွန်ရဲလေးသည် သူ့လည်ပင်းသူကို ဓားဖြင့်လှီးချလိုက်လေသည်။ သခင့်အတွက် သူဘာမဆိုလုပ်မည်။ မေးခွန်းများအတွက် သူ့တွင်အချိန်မရှိ။ သူ့အသက်ကို ရင်းရလျှင်တောင်ရင်းမည်။ သခင်လေးပေးခဲ့သည့်အသက်နှင့် သူရှင်သန်နေခြင်းဖြစ်သည်။ ထို့ကြောင့် သည်အသက်ကို သခင်လေးအတွက် ပြန်မရင်းရဲစရာမရှိ။ တစ်နည်းအားဖြင့် သူသိပ်ချစ်ရသောသူအတွက်...။
သူ့အသက်ဝိဉာဉ်သည် ခန္ဓာနှင့်နောက်ဆုံးကပ်နေချိန်တွင် သူ့သခင်မျက်နှာလေးအား ငဲ့ကြည့်ခွင့်ရလိုက်သည်။ ရယ်သံကြီးတစ်ခုကိုလည်း နားစွန်နားဖျားကြားလိုက်ရသည်။ ထို့နောက် သူလိမ်လည်ခြင်းကို ခံလိုက်ရသည်....။
"ဟားဟားဟား.....အား....ရယ်ရသကွာ။ လူသေကိုအသက်သွင်းရအောင် ငါကနတ်သိကြားမှမဟုတ်တာ။ ဘယ်လိုလုပ် လုပ်ပေးနိုင်မှာလဲ။ ဟားဟားဟား.....။ စိတ်မကောင်းဘူး ကောင်လေး...ငါက ငါ့ဝဋ်ကျွတ်ဖို့ မင်းကိုအသုံးချလိုက်ရတယ်။ ဟားဟားဟား...."
အားပါးတရရယ်ပြီးနောက် အဘိုးကြီးသည် မြူမှုန်များလိုပျောက်ကွယ်သွားသည်။ စင်စစ်တော့ မြိုင်စံအိမ်သိမ်းခံရပြီးမကြာမီ အဘိုးကြီးသည်လည်း သေဆုံးခဲ့ပြီးဖြစ်သည်။ ထို့နောက် မကျွတ်မလွတ်ဘဲ နေရာတစ်ခု၌ချုပ်ပိတ်ခံရသည်။ ထိုနေရာမှ ကျွတ်ဖို့အလို့ငှါ အစားထိုးတစ်ယောက်ကို သူရှာရန်လိုသည်။ သူ့ပယောဂဖြင့် သေဆုံးသူကိုရမှဖြစ်မည်။ ထို့ကြောင့် သူ့တောင်ကုန်းရောက်လာသောစွန်ရဲလေးတို့ကို သူ့အားမြင်အောင်ပြခဲ့သည်။ ယခုတစ်ကြိမ်တွင်တော့ စွန်ရဲလေးကို အသက်နှုတ်ယူဖို့သူထပ်ရောက်လာသည်။ အောင်မြင်ခဲ့ပြီ။ သူကျွတ်လွတ်ပြီ...။
သနားစဖွယ်ကလေး၏ဝိဉာဉ်ကတော့ လက်ပံပွင့်တို့ရဲနေအောင် ပွင့်နေသည့်တောင်ကုန်းအောက်ဘက်မှ လက်ပံတောထဲတွင် ဒူးခွေပိုက်ပြီးထိုင်လျက်ရှိနေသည်။ သူသေဆုံးသွားပြီဖြစ်ကြောင်း သူနားလည်လိုက်သည်။ သို့သော် သူ့သခင်လေး အသက်ရှင်နေလောက်ပြီဟု သူတွေးပြီးပျော်နေသည်။ သူ့သခင်သည် သူပိုင်ဆိုင်သောအိမ်လေးတွင် ပျော်ရွှင်နေလိမ့်မည်။ သူ့သေဆုံးမှုအတွက်တော့ ဝမ်းနည်းပါလိမ့်မည်။ သို့သော် ခေတ္တပဲခံစားရမည်ဖြစ်သည်။ လပိုင်း၊ နှစ်ပိုင်းလောက်မှာပင် သူ့ဘဝလေးဟာ ထူထူထောင်ထောင်ဖြင့် လှပနေလိမ့်မည်။ သူ့သခင်ကို သူကာကွယ်နိုင်ခဲ့ပြီ။
"အို...လေလွင့်ဝိဉာဉ်အသစ်တစ်ကောင် ရောက်နေပါတကား"
ဘယ်ကမှန်းမသိသောအသံကြောင့် သူလိုက်ရှာကြည့်သည်။ မတွေ့။
"ကျွန်ုပ်က ဒီလက်ပံပင်မှာကပ်နေတဲ့ဝိဉာဉ်ပါ"
သူကျောမှီထိုင်နေသောအပင်မှအသံဖြစ်သည်။ ဝိဉာဉ်ဆိုသောသူကိုတော့ သူမတွေ့ရ။
"ကျွန်ုပ်ပုံစံကို အသင်ထိတ်လန့်မှာစိုးလို့ ထွက်မလာပါရစေနဲ့ဦး။ အသင်က ဒီလက်ပံတောကို ဘယ်လိုများကပ်ငြိပြီး ရောက်လာတာလဲ"
စွန်ရဲလေးသည် အဓိကအကြောင်းအရာများကို ရွေးပြောပြလိုက်သည်။ ပြောပြရင်းသူဝမ်းမနည်းမိတော့ချေ။ သူဝမ်းသာနေမိသည်။ သူ့သခင်အသက်ရှင်နေပြီမဟုတ်လား။
"သနားစရာပါလား ဝိဉာဉ်ဖြူလေးရယ်။ သင့်ကို ဟိုစုန်းအိုဝိဉာဉ်က လှည့်စားလိုက်ပြီ။ သူဝဋ်ကျွတ်ဖို့ ဖြတ်လမ်းနည်းကိုသုံးသွားပြီ"
စွန်ရဲလေးနားမလည်ဖြစ်ရသည်။ လက်ပံပင်မှဝိဉာဉ်က စုန်းအိုကြီးသည် သူမြန်မြန်ဘဝကူးဖို့ စွန်ရဲလေးအားလိမ်လည်သွားကြောင်း သေချာရှင်းပြလိုက်သည်။ စွန်ရဲလေး အံ့သြခြင်းမှအပ ပို၍မတတ်နိုင်ခဲ့။ သည်လိုဆိုလျှင် သူ့သခင်သည် အသက်ပြန်မရှင်လာဘူးပေါ့။
သူလက်ပံတောထဲမှ သခင့်ခန္ဓာရှိရာသို့ ပြေးဖို့ကြိုးစားသည်။ သူ့သခင်ကို သူမြင်ရမှဖြစ်မည်။ သူ့သခင်ဝိဉာဉ်ကိုများ တွေ့ရလေမည်လား သိချင်မိသည်။ သို့သော် လက်ပံတောမှသူခွာ၍မရခဲ့။ တောအဆုံးကနေပြေးထွက်လိုက်တိုင်း သူစပြေးရာ နေရာသို့ပြန်ရောက်လာသည်။ သူဤနေရာ၌ ပိတ်မိသွားချေပြီတကား။ စုန်းအိုကတော့ သူ့အောက်လမ်းတချို့ကြောင့် လျှောက်သွားနိုင်ခဲ့သော်လည်း သူကတော့ မထွက်နိုင်တော့ချေ။
ထိုနေ့မှစပြီး သူ့သခင်လေးအား သူမတွေ့ရတော့ချေ...။ သခင့်ကိုမဆိုထားနှင့် သခင့်အရိပ်ကလေးပင် မမြင်ရတော့ပေ။ သူသည်နေရာ၌ ထာဝရပိတ်မိသွားခဲ့ပြီ။ လက်ပံပင်နီနီကြီးအောင်၌ သူထိုင်ချလိုက်သည်။ သူ့သခင်အတွက် သူဘာမျှမတတ်နိုင်တော့ပါတကား။ သခင့်ကိုလည်းမတွေ့နိုင်တော့ပါတကား။ သူတတ်နိုင်သည်က ငိုကြွေးခြင်းတစ်ခုသာ....။
"တောင်းပန်ပါတယ် သခင်လေးရယ်..."
အပြစ်တစ်ခုမှမရှိပါဘဲလျက် တောင်းတောင်းပန်ပန်ငိုကြွေးနေရှာသော ဝိဉာဉ်ဖြူလေး၏ ငိုကြွေးသံကို ဆယ်နှစ်ကြာသောအခါမှ နတ်ဆိုးတစ်ကောင်က ကြားခဲ့သည်........။
"အို...အစွဲအလမ်းကြီးလိုက်တဲ့ဝိဉာဉ်...."
Thanks For Reading
Note
CatManကြောင့် နိုရာမဂေါက်တောက်တောက်ဖြစ်ပြီး အပ်ပုဒိတ်နောက်ကျသွားပါတယ်။ ဖတ်ပေးကြပါဦး။
Zawgyi
************************************
You are reading the story above: TeenFic.Net