Part 35
Background color
Font
Font size
Line height
Unicode
ဆီမီးအိမ်တို့ကို ငြှိမ်းသက်လိုက်သည့်နောက်၌ အရာရာသည် အမှောင်အတိကျရောက်သွားသည်။ သို့သော် ခဏချင်းတွင်ပင် စန္ဒာလမင်း၏အလင်းရောင်က အမှောင်ထုကို ထိုးဖောက်ဝင်ရောက်လာလေသည်။ လေပြည်လေအေးတို့က တဖြူးဖြူးတိုက်ခတ်နေသေကြောင့် မြက်ခင်းပေါ်၌ အတူတကွယှဉ်တွဲထိုင်နေကြသော မှိုင်းရဝေနှင့်စွန်ရဲလေးတို့၏ အတွေးများသည်လည်း လေတို့နှင့်အတူ တလွင့်လွင့်။
စွန်ရဲလေးဟူသောအမည်နှင့်လိုက်ဖက်လှသော​ကောင်​လေး၏စူးရှ​သည့် မျက်ဝန်းအစုံတို့ကတော့ သူ့ဘေး၌ရှိနေသော လူသားထံ၌သာ ကပ်ငြိလျက်ရှိသည်။ သူ့အားလူမှန်းမသိတတ်ခင်ကတည်းက ကာကွယ်ပြီးအသက်ရှင်ခွင့်ပေးခဲ့သောထိုလူသား။ ထို့ကြောင့် သူ၏ရှင်သန်ခြင်းအဓိပ္ပါယ်ဟာလည်း ထိုလူသားပေသာဖြစ်သည်။
"သခင်လေး...ကျွန်တော်တို့ ဘာလို့ထွက်မပြေးတာလဲ"
လရောင်ဖြာကိုငေးကြည့်နေသော မှိုင်းရဝေသည် မဲ့ပြုံးလေးတစ်ချက်ပြုံးပြီး သူ့အားကြည့်လာသည်။
"ကိုကိုတို့ ထွက်ပြေးပြီးသွားရင် ဖေဖေခေါင်းချခဲ့တဲ့ဒီအိမ်ကြီးဆီ ပြန်ရောက်မလာနိုင်မှာစိုးလို့ပေါ့"
"ဘာလို့ပြန်မလာနိုင်ရမှာလဲ။ ကျွန်တော်တို့ ပြန်လာနိုင်မှာပါ"
သူ့စကားကို မှိုင်းရဝေခေါင်းခါသည်။
"ဟင့်အင်း၊ ကိုကိုတော့မထင်ဘူး။ ဒီအိမ်ကို ကိုကိုတို့မရှိတုန်း သူတို့ဘာလုပ်မလဲဆိုတာ မသိနိုင်ဘူး။ ကိုကို သူတို့နဲ့အနီးဆုံးမှာပဲနေပြီး ဒီအိမ်ကိုအရပြန်လိုချင်တယ်။ ကိုကိုတို့မှာ တိုက်ခိုက်နိုင်တဲ့အင်အားနဲ့ အကြံအစည်ကောင်းကောင်းပဲလိုတယ်။ နောက်ပြီးအချိန်ကောင်းလည်းလိုတယ်။ ဒါကြောင့် အချိန်အခါကိုစောင့်နေတာပါ"
"ကျွန်တော်ကတော့ ကိုကို့ကိုဒီမှာမနေစေချင်တော့ဘူး။ နေ့လယ်တုန်းက အဲ့လူကြီးမူးပြီး ကိုကို့ကို တွန်းထုတ်လိုက်တုန်းကဆိုရင် ကျွန်တော် အဲ့လူကိုဓားနဲ့ပြေးထိုးပစ်လိုက်ချင်တာ။"
"အဲ့ဒီလိုလုပ်ရင် စွန်ရဲလေးကို ပုလိပ်တွေဖမ်းကြမှာပေါ့။ ကိုကို့ကို စိတ်ပူရအောင်မလုပ်ပါနဲ့ကွာ။ မင်းကခုထိ ကလေးပဲရှိသေးတယ်"
သူခေါင်းသာငုံ့ပြီးငြိမ်လိုက်မိတော့သည်။ မှိုင်းရဝေအမြင်တွင် သူဟာယခုအထိ ကလေးတစ်ယောက်အဖြစ်သာ ရှိနေသေးသည်။ သူ့အတွက် မှိုင်းရဝေကပင် အမြဲစိတ်ပူနေရပါသည်တကား။ သူသည်ယခုထိ မှိုင်းရဝေအတွက် အသုံးဝင်သည့်၊ မှိုင်းရဝေကို ကာကွယ်နိုင်သည့်သူမဖြစ်သေး။ ထိုသို့တွေးမိတော့ သိမ်ငယ်စိတ်က အလိုလိုဝင်သည်။
ယခုဆိုလျှင် သူတို့ ထိုလူကြီးလက်အောက်တွင်ရှိနေသည်မှာ သုံးလလောက်ရှိနေပြီဖြစ်သည်။ ထိုလူသည် အလကားနေရင်း သူတို့နှစ်ယောက်ကို ပြဿနာရှာတတ်သည်။ ကျွန်သာသာအဆင့်ပင်မရှိသောအခြေအနေဖြင့် သူတို့ကိုထားသည်။ ခြံထဲသန့်ရှင်းရေးမှအစ သူ့ဖိနပ်များကို တိုက်ခိုင်းစေသည်အထိ ခိုင်းစေတတ်သည်။ အရင်ကတည်းက အလုပ်နဲ့လက်မပြတ်သော စွန်ရဲလေးအဖို့ ထိုကိစ္စများက ထွေထွေထူးထူးမရှိလှသော်လည်း ပညာသင်သားလေးမှိုင်းရဝေအဖို့တော့ အနည်းငယ်ခက်သည်။ ယောက်ျားတစ်ယောက်၏ခွန်အား၊ မာန်အားရှိလျှင်တောင် မလုပ်တတ်မကိုင်တတ်ဖြစ်ရသည်မှာ အကြိမ်ကြိမ်ပင်။ ထို့အပြင် မှိုင်းရဝေ၏ နူးညံ့သည့်ပုံစံနှင့်အပြုအမူတို့အားလည်း ထိုလူကြီးက လှောင်ပြောင်ရယ်မောတတ်သေး၏။
"ကိုကို မြိုင်ရဲ့သခင်လေးပြန်မဖြစ်​သေးသ​ရွေ့ ကိုကို့ကို သခင်လေးလို့မခေါ်ပါနဲ့လား"
လေပြည်ညှင်းတို့နှင့်အတူ မှိုင်းရဝေ၏တိုးသက်သက်စကားသည် သူ့နားတွင်းဝင်ရောက်လာသည်။ ထိုစကားကြောင့် သည်တစ်ခေါက်ပြုံးမိသူက သူဖြစ်သည်။
"သခင်လေးကို မြိုင်ရဲ့သခင်လေးမို့ သခင်လေးခေါ်တယ်ထင်နေတာလား"
"ဟင်"
သူတိုးဖွဖွရေရွတ်လိုက်သော်လည်း မှိုင်းရဝေကြားသွားပုံရသည်။ နားမလည်သောမျက်နှာ၊ အာမေဋိတ်တချို့နှင့် တုံ့ပြန်လာသည်။ ထို့ကြောင့် သူသေချာစွာဖြေကြားလိုက်သည်။
"ဟုတ်တယ်။ သခင်လေးကို မြိုင်ရဲ့သခင်လေးလို့ ကျွန်တော်တစ်ခါမှ မမြင်ဖူးဘူး။"
"ဒါဆို ဘာလို့..."
မှိုင်းရဝေနားမလည်စွာ ပြန်မေးမိသည်။
'ကျွန်တော့်ရဲ့သခင်လေးမို့လို့ပေါ့။ မြိုင်ရဲ့သခင် မဟုတ်ဘူး။ ကျွန်တော့်ရဲ့သခင်။ ကျွန်တော့်ရဲ့ကိုးကွယ်ရာ။'
သူ့စိတ်ထဲ၌သာရေရွတ်မိသော စကားတို့။
"ကျွန်တော် ခုချိန်ထိအသက်ရှင်နေတာ သခင်လေးကြောင့်လေ"
မှိုင်းရ​ဝေလည်း ယခုမှသဘောပေါက်သွားဟန်ဖြင့်...
"ဪ...ငယ်ငယ်ကကိစ္စကိုပြောတာလား။ အဲ့တုန်းက ကလေးအတွေးရယ်ပါ။ ကိုကိုရဲ့စွန်ကလေးက ပြတ်ကျသွားပြီး ကလေးလေးဖြစ်သွားတယ်ထင်လို့ အိမ်ကိုယူဖို့လုပ်တာ။ ကယ်ချင်တယ်ဆိုတဲ့စိတ်မျိုး မဟုတ်ပါဘူး"
မှိုင်းရဝေလည်း မိမိငယ်စဉ်ကအတွေးကို ပြန်သတိရပြီး သဘောကျစွာပြုံးလိုက်မိ၏။ စွန်ရဲလေးကမူ အဝေးတစ်နေရာကိုလှမ်းငေးရင်း သက်ပြင်းလေးခပ်တိုတိုချသည်။ သူ့စိတ်ကို မှိုင်းရဝေ နားမလည်နိုင်ပါလေ။ သူဆိုလိုချင်သည်က ငယ်စဉ်အခါက သူ့အားကယ်တင်ခြင်းကိုပဲမဟုတ်၊ မှိုင်းရဝေဆိုသော ကောင်လေးအသက်ရှင်နေ၍သာ သူလည်းအသက်လိုက်ရှင်မိနေခြင်းဖြစ်သည်။ အကယ်၍ မှိုင်းရဝေသာမရှိတော့လျှင် သူကိုယ်တိုင် လိုက်သေဆုံးဖို့ရာ ဆုံးဖြတ်ပြီးပြီဖြစ်သည်။ ဖြစ်နိုင်လျှင် မှိုင်းရဝေအားကာကွယ်နိုင်သည့် အနေအထား၊ အခြေအနေတို့ဖြင့် သူပင် ဦးစွာသေဆုံးလိုက်ချင်ပါသည်လေ။
"ကိုကို မြို့မှာကျောင်းတက်တုန်းက စွန်ရဲလေးတစ်ယောက်တည်း သိပ်အထီးကျန်နေခဲ့တာလား။ ဘာတွေလုပ်နေခဲ့လဲ"
မှိုင်းရဝေ စိတ်ထဲ၌အကြိမ်ကြိမ်မေးနေမိသော မေးခွန်းကို စွန်ရဲလေးအားထုတ်မေးလိုက်မိသည်။ အမှန်ဆိုလျှင် ယင်းမေးခွန်းအတွက်အဖြေမလို။ သူသိနေခဲ့ပြီးသားဖြစ်သည်။ သို့သော် သူမရှိသည့်ကာလများတွင် စွန်ရဲလေးသည် အချိန်များကို မည်ကဲ့သို့ကုန်ဆုံးသည်ကို သိချင်မိပြန်သည်။
စွန်ရဲလေးက မသိမသာပြုံးသည်။ ထိုအပြုံးတွင် လွမ်းဆွတ်မှုနှင့်အထီးကျန်မှုတို့က ကိန်းအောင်းနေသည်။
"သခင်လေးက ကျောင်းသွားတက်တယ်။ ဖေဖေက အိပ်ရာထဲမှာ အမြဲလဲနေတယ်။ ဦးကြီးက ဖေဖေ့ကိုပြုစုတယ်။ ကျွန်တော့်ကိုတော့ ဘာမှမလုပ်ခိုင်းဘူး။ ကျွန်တော် တစ်ခါတလေမှပဲ ဖေဖေ့ကိုပြုစုဖြစ်တာ။ ကျန်တဲ့အချိန်တွေကတော့ သခင်လေးနဲ့သွားဖူးတဲ့နေရာတွေကို တစ်ယောက်တည်း လျှောက်သွားတယ်။ တစ်ခါတလေ ခြံထဲမှာဖြစ်ဖြစ် ၊ စမ်းချောင်းလေးဘေးမှာ ဖြစ်ဖြစ် သွားထိုင်နေတယ်။ သခင်လေးပြန်လာမယ့်ရက်နီးပြီဆိုရင် အိမ်မှာပဲနေတယ်။ သခင်လေးကို မျှော်တယ်။ ဦးကြီးကတော့ပြောပါတယ်၊ သခင်လေး ဒီနှစ်ပြန်မလာနိုင်ဘူးတဲ့။ ကျွန်တော်က သခင်လေး တစ်ခေါက်လောက်တော့ပြန်လာမယ်လို့ ယုံကြည်ပြီး အမြဲမျှော်နေခဲ့တာ။ ခြံဝကနေ ကျွန်တော့်ဆီ ဝမ်းသာအားရနဲ့ပြေးလာမယ့်သခင်လေးကို တစ်နွေလုံးစောင့်နေခဲ့တာ..."
မှိုင်းရဝေ ခေတ္တမျှငေးမှိုင်သွားသည်။ သူ့တွင်ပြောစရာစကားများလည်း မရှိတော့သလို ဖြစ်သွားသည်။ သူ့အား ဤကလေးသည် တစ်ချိန်လုံးစောင့်မျှော်နေခဲ့ပါတကား။ လူတိုင်းသည် ကိုယ့်အလုပ်နှင့်ကိုယ်ရှုပ်နေခဲ့သည်မို့ စွန်ရဲလေးဆိုသောကလေးအတွက် အချိန်ပေးဂရုစိုက်နိုင်မည့်သူမရှိ၊ မေတ္တာကိုထုတ်ပြမည့်သူမရှိခဲ့။ သူ့အားဂရုစိုက်ချစ်ခင်သည့်သူကလည်း မျှော်သာမျှော် ပေါ်မလာသောအခြေအနေ။
"ကိုကို တောင်းပန်ပါတယ်"
မှိုင်းရဝေစိတ်ထိခိုက်စွာပင် တောင်းပန်စကားကို လှိုက်လှိုက်လှဲလှဲဆိုမိသောအခါ စွန်ရဲလေးက သူ့အားကြည့်လာပြီး ခေါင်းခါပြသည်။ နှုတ်ခမ်းပါး၌လည်း နားလည်ခွင့်လွှတ်သောအပြုံး၊ သူဘာတွေလုပ်နေပါစေ အပြစ်မမြင်နိုင်သောအပြုံးဝတို့ကို ပန်ဆင်ထားသည်။
"သခင်လေးအမှားမှ မဟုတ်တာ။ ဘာလို့တောင်းပန်တာလဲ။ တကယ်ဆို သခင်လေးပြန်မလာမှန်းသိသိနဲ့ မျှော်နေမိတဲ့ ကျွန်တော့်အပြစ်လေ။ ကျွန်တော့်ဘာသာ တစ်ယောက်တည်း ရှုပ်ထွေးနေတဲ့ခံစားချက်တွေပါ။ သခင်လေးက ဘာအမှားမှလုပ်မထားပါဘူး။ လုပ်ထားရင်လည်း ဘယ်တော့မှမတောင်းပန်ပါနဲ့။ ကျွန်တော်က အပြစ်လို့မြင်မှာမဟုတ်ဘူး"
ထိုစကားများကြောင့် မှိုင်းရဝေ ပိုကြေကွဲရသည်။ စွန်ရဲလေးကို ချက်ချင်းပင်ထွေးဖက်မိသည်။ စွန်ရဲလေးကလည်း သူ့ကိုပြန်ပွေ့ဖက်သည့်အပြင် ကျောပြင်ကိုပါ ကလေးတစ်ယောက်သဖွယ် ပုတ်ပေးနေသည်။
ဤကလေးသည် သူ့ရင်ခွင်တွင် မျက်နှာအပ်ပြီး ငိုရှိုက်စိတ်ဆိုးရမည့်အစား အရွယ်နှင့်မလိုက် ရင့်ကျတ်လွန်းအားကြီးသည်။ ကလေးတစ်ယောက်၏ပျော်ရွှင်မှုဆိုသည်မှာ သူထွက်သွားကတည်းက သည်ကလေးတွင် ရှိတော့ဟန်မပေါ်။ မှိုင်းရဝေ မည်သည့်အပြစ်မှလုပ်မထားသော်လည်း စွန်ရဲလေး၏နာကျင်ခံစားရခြင်းတို့ကို မြင်ရသဖြင့် စိတ်ထိခိုက်ရသည်။ အပြစ်ဟုခံစားရသည်။ သွေးသားမဟုတ်ပေမဲ့ မှိုင်းရဝေသည် စွန်ရဲလေးကို ညီအရင်းတစ်​ယောက်သဖွယ်ချစ်သည်။ ထိုကလေးအား ပျော်စေချင်ပါသည်။
တစ်ယောက်ရင်၌ ညီအစ်ကိုချစ်ခြင်း၊
တစ်ယောက်ရင်ထဲ၌ကား ညီအစ်ကိုထက်ပိုသော ချစ်ခြင်း။ ဤချစ်ခြင်းနှစ်ခုကား အားပြိုင်မှုမရှိ ၊ ယှဉ်လျက်သွားသော မျဉ်းပြိုင်နှစ်ကြောင်းလို ဘေးချင်းယှဉ်သည်။ သို့သော် ဆုံစည်းချင်းကား......။
အိမ်​အ​နောက်ဘက်မှ ဆောင်းညနေတစ်ခု၏အလှတရားကို မှိုင်းရဝေ နှစ်သက်စွာကြည့်ရှု​နေသည်။ လှရက်လေခြင်း။
စိတ်၌ကြည်နူးခြင်းတို့က အလိုအလျောက်ပေါ်နေသည်။ သူနေနေရသည့်အိမ်နှင့် ဖြစ်ပျက်ခဲ့သောအရာအားလုံးကို ခေတ္တမျှမေ့လျော့သွားသည်။ စွန်ရဲလေးကလည်း ရိုးမထဲထင်းသွားခွေနေသောကြောင့် တစ်ယောက်တည်း အတွေးနယ်ချဲ့နေမိသည်။
ယခုအချိန် ဖေဖေသာအမှန်တကယ်မသေဘဲ အိမ်ကိုပြန်ရောက်လာလျှင်ဟူ​သော ရူးမိုက်မိုက်အတွေးကလည်း သူ့စိတ်အာရုံကိုလွှမ်းခြုံနေသည်။ ဖေဖေသာရှိနေလျှင် ဤအဖြစ်ဆိုးကို အေးအေးဆေးဆေးကျော်လွှားနိုင်မည်ဟုလည်း သူယုံကြည်သည်။ မိဘဆိုသည်က ကိုယ့်အားထားရာမဟုတ်ပေလား။
မရှိတော့သည့်ဖခင်ကို တောင့်တမျှော်လင့်နေစဉ်မှာပင် တည်ထားသောရေနွေးအိုးက တဗွက်ဗွက်ဆူပွက်လာချေပြီ။ သူလည်းအလုပ်၌သာ ပြန်အာရုံစိုက်လိုက်သည်။ သူများအိမ်ပေါ်မှာ မျက်နှာပြောင်စွာတက်နေပြီး အိပ်ရာထက်၌ဇိမ်ယူနေသည့်လူကြီးအတွက် အကြမ်းရည်ပို့ဆောင်ဖို့ငှါ သူတာဝန်ရှိနေသည်လေ။ နောက်ကျမည်စိုး၍ ခပ်သွက်သွက်လုပ်လိုက်မိသောကြောင့် ညာဘက်လက်ဖမိုးပေါ်တွင် အနည်းငယ်အပူလောင်သွားသေးသည်။ ဤနာကျင်မှုလောက်က သူမမှုတော့။
လင်ဗန်းတစ်ချပ်ပေါ်၌ အကြမ်းအိုးနှင့် ပန်းကန်လုံးအသေးတစ်ခွက်ကိုတင်ပြီး အပေါ်ထပ်သို့သူတက်လာခဲ့သည်။ ဖြစ်နိုင်လျှင် အကြမ်းရည်ထဲ မြွေအဆိပ်ဖြစ်ဖြစ်၊ ပိတုန်းအဆိပ်ဖြစ်ဖြစ် တစ်ခုခုထည့်၍သာ ထိုလူ့အားတိုက်လိုက်ချင်သည်။ သို့သော် ထိုကဲ့သို့သော လူသားမဆန်သည့်လုပ်ရပ်မျိုးကို သူမလုပ်နိုင်။ သူနှင့်စွန်ရဲလေးတို့အပေါ် အနိုင်အထက်ပြုသည့်ထိုလူ့အပေါ် သူမတရားသောနည်း၊ မကောင်းသောနည်းဖြင့် အနိုင်မယူချင်။
ဖေဖေလဲလျောင်းခဲ့သည့် အခန်းသို့ရောက်သောအခါ မှိုင်းရဝေ သက်ပြင်းကိုအရှည်ဆုံးဆွဲချမိသည်။ စာအုပ်လေးတစ်အုပ်ဖတ်၊ အကြမ်းရည်လေးငှဲ့သောက်ရင်း သူရောက်လာတိုင်း 'သားလေး'ဟုခေါ်ကာ ကြိုဆိုတတ်သောဖေဖေသည် မရှိတော့ပါတကား။ ထို့အစား ယမကာနှင့်ရေချိုးထားသလို အရက်နံ့တထောင်းထောင်းထနေသော ဦးမင်းမော်ဆိုသည့် လူယုတ်မာတစ်ယောက်သာ ရှိနေတတ်တော့သည်။
ဖေဖေ၏အခန်း တစ်နည်းအားဖြင့် ထိုလူ၏အခန်းထဲမဝင်ခင် တံခါးခေါက်ဖို့ဟန်ပြင်လိုက်စဉ် စကားပြောသံတချို့ကြောင့် လက်ကတွန့်ဆုတ်သွားသည်။ ဧည့်သည်ရောက်နေခြင်းဖြစ်မည်။ ဧည့်သည်ရောက်နေသည်ဆိုလျှင် အဘယ်ကြောင့် ဧည့်ခန်းဆင်းမတွေ့ဘဲ အခန်းထဲ၌တွေ့နေရပါသနည်း။ စပ်စပ်စုစုဖြင့် တံခါးတစ်ဖက်၌နားအသာကပ်ပြီး အထဲမှအသံကို ကြားရလို ကြားရငှါးနားထောင်ကြည့်မိသည်။ တဖြည်းဖြည်းဖြင့် သူအာရုံစိုက်နားထောင်ကြည့်တော့ စကားသံပီပီပြင်ပြင်ပေါ်လာသည်။ ဦးမင်းမော်သည် သူ့တပည့်တစ်ယောက်နှင့် စကားပြောနေခြင်းဖြစ်သည်။
"ဒီကိစ္စကို ဝန်ထောက်မင်းသိသွားရင် မလွယ်ဘူးနော် ဆရာကြီး။"
"ဘာသိစရာရှိလဲ။ နောက်ပြီး သိတော့ရော ဘာထူးမှာမလို့လဲ။ သူကိုယ်တိုင်ကပဲ ဒီရာထူး၊ ဒီရိုးမကို ငါ့လက်ထဲထည့်ထားတာလေ။ သစ်ခိုးထုတ်တဲ့ကိစ္စလေးတစ်ခုကို ဆက်ကြေးပေးလို့ မဖမ်းဘဲလွှတ်ပေးရုံလေးပါ။ ဒါမျိုးကို သစ်တောအရေးပိုင်တိုင်း လုပ်ဖူးကြပါတယ်။ ငါ့ကျမှ ဘာလို့...."
"ပမာဏနည်းရင်ကိစ္စမရှိ​ပေမဲ့ အခုက ပမာဏကများလွန်းတော့ ဝန်ထောက်မင်းသိသွားရင် ဆရာကြီးဒုက္ခရောက်မှာစိုးလို့ပါ။ နောက်ပြီး ဆရာကြီးက ဆက်ကြေးလည်း ယူထားတာဆိုတော့...."
ရိုးမထဲမှ သစ်ခိုးထုတ်မှုများကို သစ်တောအရေးပိုင်တစ်ယောက်အနေနှင့် ဖမ်းမည့်အစား ဆက်ကြေးယူပြီး လွှတ်ပေးလိုက်ပါသည်တဲ့လား။ ကြားရတာနှင့်ပင် စိတ်အတော်ပျက်မိသည်။
"ကဲ...မင်းတော်တော့။ ငါအဲ့ကိစ္စဆက်မပြောချင်တော့ဘူး။ ငါ့နားရက်လေးမှာ ဘာလို့အလုပ်ကိစ္စတွေပြောနေရတာလဲ။ ဆက်ပြောနေမယ်ဆိုရင်တော့ ပြန်​တော့။ အာရုံနောက်တယ်"
"တောင်းပန်ပါတယ် ဆရာကြီး၊ ကျွန်တော်ဆက်မပြောတော့ပါဘူး။ ဒါနဲ့လေ ဟိုနှစ်ယောက်ကို အခုချိန်ထိ ဘာလို့ဒီမှာဆက်ထားနေတာလဲ ကျွန်တော်နားမလည်ဘူး။ မထားသင့်ဘူးလို့လည်းထင်တယ်။ သူတို့က တက်လူ​တွေ၊ တစ်ချိန်မှာကိုယ့်ကိုပြန်သတ်သွားနိုင်တယ်လေ"
စကားအဆုံး၌ ရယ်သံတစ်ခုကိုကြားလိုက်ရသည်။ တိတိကျကျပြောရလျှင် လှောင်ရယ်သံလိုမျိုး။
"သူတို့ကို အိမ်မှာဆက်ထားတယ်ဆိုတာက မင်းသိပ်ကိုကြောက်နေတဲ့ ဝန်ထောက်မင်းကြောင့်ပဲ။ ငါလူသတ်တာသာ တစ်နည်းနည်းနဲ့ ဝန်ထောက်မင်းသိသွားရင် ရှိတဲ့နေရာလေးပါသွားမှာပေါ့။"
"ဒါဆိုလည်း သူတို့ကိုနှင်ထုတ်လိုက်တာမကောင်းဘူးလား။ အခုဟာက သခင်ကြီးက ကိုယ့်ကိုအန္တရာယ်ပြုမယ့်သူကို ကိုယ်တိုင်မွေးထားသလို ဖြစ်မနေဘူးလား"
တပည့်ဖြစ်သူ၏ဉာဏ်တိမ်မှုကို စိတ်ပျက်စွာပင် ခေါင်းခါယမ်းလိုက်သည်။
"ကျားမွေးရင်အန္တရာယ်ရှိတာ လူတိုင်းသိပါတယ်။ ဒါပေမဲ့ လူနဲ့အနီးကပ်ထားပြီး ပုံသွင်းထားတဲ့ကျားနဲ့ လွှတ်ပေးထားတဲ့ကျား ဘယ်ကောင်ကပိုပြီး လူကိုပိုအန္တရာယ်ပြုမယ်ထင်လဲ"
သူ့တပည့်ပြန်မဖြေနိုင်တော့သောအခါ နှုတ်ခမ်းမွေးတို့အား ထောင်ကားသည်အထိ ခပ်ညစ်ညစ်ပြုံး၏။ ထို့နောက်  ဦးမင်းမော်သည် တစ်ခုခုကိုသတိရသွားဟန်ဖြင့် သက်ပြင်းခပ်တိုတိုကို 'ဟင်းခနဲ'ချလေရင်း....
"တစ်ချက်တော့ရှိတယ်"
တပည့်ဖြစ်သူက စိတ်ဝင်စားသွားဟန်ရသည်။ ပြူးဝိုင်းသော မျက်လုံးအစုံဖြင့်။
"စွန်ရဲဆိုတဲ့ကောင်....။ အဲ့ကောင်က ပုံသွင်းလို့ရမယ့်ကောင်မဟုတ်ဘူး။ ဒီကောင်က အလစ်ချောင်းပြီး ငါ့ကိုဝင်သတ်မယ့်ကောင်မျိုး။ သေနတ်နဲ့ပုလိပ်တွေဝိုင်းထားတာတောင် ငါ့ကိုရအောင်ရန်ရှာတဲ့အကောင်။ ဒီကောင့်ကိုရှင်းနိုင်ရင်ရပြီ။ ဟိုကောင်လေးက ပျော့တိပျော့ဖတ်နဲ့ဆိုတော့ စိတ်ပိုင်းဆိုင်ရာလောက် ရိုက်ချိုးလိုက်ရင်ကို ပုံလဲသွားလောက်တယ်။"
"ဒီလိုလုပ်ပါလား ဆရာကြီး"
ဦးမင်းမော်စိတ်ဝင်တစားဖြင့် သူ့တပည့်အား မော့ကြည့်လိုက်သည်။
"စွန်ရဲဆိုတဲ့ကောင်ကိုရှင်းဖို့ ကျွန်တော်လူငှါးပေးမယ်။ တကယ်လို့ တစ်ခုခုမိသွားရင်လည်း ဆရာကြီးနာမည်မထွက်စေရဘူး။ ဆရာကြီးလုပ်ပေးရမှာက လူငှါးဖို့ လုံလောက်တဲ့ငွေပဲ။"
အလိုလိုပင့်တက်သွားသော ဦးမင်းမော်၏မျက်ခုံးတစ်ဖက်သည် စိတ်ဝင်စားခြင်းကို ဖော်ဆောင်နေသည်။ သေနတ်ဖြင့် ချိန်ခြင်းခံရသည့်အချိန်၌ပင် မှိုင်းရဝေဆိုသောကောင်လေးအတွက် သူ့အားတွန်းထုတ်ရဲသော စွန်ရဲဆိုသည့်ကောင်လေး။ နာမည်နှင့်လိုက်ဖက်စွာပင် အချိန်အခါကိုစောင့်ပြီး သားကောင်အား တစ်ဟုန်ထိုးထိုးသုတ်မည့်စွန်ရဲ။ သူသည် သားကောင်မဖြစ်လို။ ပုန်းကွယ်ထွက်ပြေးခြင်းကိုလည်းမလိုလား။ ထို့ကြောင့် အချိန်စောစီးစွာ အခွင့်အရေးအရယူပြီး ရှင်းထုတ်မှသာတော်ကာကျမည်။ မှိုင်းရဝေကတော့ ဘယ်အချိန်ရှင်းရှင်း ရှင်းလို့ရမည့် လက်ခုပ်ထဲကရေပမာသာဖြစ်သည်။
"ဒါဆို ဒီလအတွင်း အဲ့ကောင်ကို ရှင်းထုတ်လိုက်။ အေး...ဒါပေမဲ့ ဘာပဲဖြစ်လာဖြစ်လာ ငါ့နာမည်တော့ မထွက်စေနဲ့။ ကြားလား။ မနက်ဖြန် ညနေ ငွေလာယူလှည့်"
တိုင်ပင်ဆွေးနွေးမှုအဆုံးတွင် မှိုင်းရဝေ သတိပြန်ကပ်ရင်း အောက်သို့ပြန်ပြေးဆင်းလိုက်ပြီး လှေကားခြေရင်း၌ပင် အရိပ်အခြေကြည့်ကာ ဦးမင်းမော်၏တပည့်ဖြစ်သူ ဆင်းအလာကို စောင့်နေလိုက်သည်။ သူတို့ပြောစကားများကို သူကြားသွားကြောင်း ယခုချိန်အသိခံ၍မဖြစ်။ တံတွေးများဆက်တိုက်မျိုချရင်းပင် သူတုန်လှုပ်နေခဲ့သည်။ လင်ဗန်းကိုကိုင်ထားသော သူ့လက်ဖျားများကလည်း အေးစက်နေကြပြီ။ စွန်ရဲလေးအတွက် စိုးရိမ်မိသောကြောင့် ယခုချက်ချင်းပင် တောထဲပြေးလိုက်သွားချင်မိသည်။
သူဘာဆက်လုပ်ရမည်နည်း။ အချိန်ရှိတုန်း စွန်ရဲလေးနှင့်အတူ ထွက်ပြေးသင့်သလား။ မဖြစ်။ မှိုင်းရဝေ သည်အိမ်ကြီးကို မထားခဲ့နိုင်။ ဖေဖေခေါင်းချခဲ့သောအိမ်ဟူသောအသိက သူ့ခေါင်းကိုအကြိမ်ကြိမ် ရိုက်ခတ်နေသည်။ သို့ပေမဲ့ သူ့စွဲလမ်းမှုတစ်ခုကြောင့် စွန်ရဲလေးကို ဒုက္ခဖြစ်စေသင့်လား။ သည်လိုလည်း သူလက်မခံနိုင်ပြန်။
ထိုစဉ် အပေါ်ထပ်မှ ဦးမင်းမော်နှင့်သူ့တပည့်တို့ အတူဆင်းလာကြသည်။ မှိုင်းရဝေလည်း ချက်ချင်းအိနြေ္ဒထိန်းလိုက်ကာ အပေါ်တက်ဟန်ပြပြီး...
"ဪ....ဦးတို့ဆင်းလာကြပြီကိုး။ ထင်းတွေစိုနေလို့ ကျွန်တော်မီးမွှေးတာခဏကြာသွားတယ်။ အောက်ထပ်မှာပဲ အကြမ်းရည် သုံးဆောင်တော့မလား"
အယဉ်ကျေးဆုံးသောအသုံးအနှုန်းများကို ဦးမင်းမော်က သဘောကျစွာပြုံးသည်။ သူ့မျက်လုံးထဲဝယ် မှိုင်းရဝေသည် လိမ္မာသည့်ကလေးပေါက်စလေးတစ်ယောက်အဖြစ် တည်ရှိနေသည်။ မှိုင်းရဝေ၏ ပါးနပ်မှုကိုတော့ သူမမြင်သေး။
"ကောင်းပြီကွယ်။ တစ်ခါတည်း ညစာပါစီစဉ်လိုက်ပါတော့။ ဦးတပည့်လည်း ပြန်ဖို့နောက်ကျနေပြီ။"
"ကောင်းပါပြီ ဦး"
အကြမ်းရည်ပန်းကန်များကို ဧည့်ခန်း၌ အစီအရီချပြီးသည်နှင့် မီးဖို့ဆောင်ထဲသို့ ပြန်သွားလိုက်သည်။ စွန်ရဲလေးလည်း ထိုအခိုက်တွင် ပြန်ရောက်နေပြီဖြစ်သည်။ သူ့ကိုမြင်တော့ စွန်ရဲလေးက ပြုံးပြပြီးအနားရောက်လာသည်။
"သခင်လေး တစ်ယောက်တည်းအဆင်ပြေရဲ့လား။ ကျွန်တော့်မှာ သွားသာသွားရတာ စိတ်မချဘူး"
"ဪ...အင်း...ပြေပါတယ်"
မှိုင်းရဝေ ခပ်သွက်သွက်ဖြေလိုက်မိသည်။ ပြီးစလွယ်လည်းနိုင်လှသည်။ ယခုအချိန် သူ့ခေါင်းထဲတွင် စွန်ရဲလေးနှင့်အတူ ထွက်ပြေးရလျှင်ကောင်းမည်လား၊ ဘာဆက်လုပ်ရမည်လဲ တွေးတောနေရုံမှအပ အခြားအတွေးများမဝင်နိုင်။ ညစာအတွက် လက်ကလည်း တရစပ်ပြင်ဆင်နေသော်လည်း စိတ်နှင့်ကိုယ်ကမကပ်သောကြောင့် ခွက်တစ်လုံးကိုတိုက်ချမိပြီး အသံထွက်လာသောအခါမှ ဟိုကြည့်သည်ကြည့်ဖြင့် ခွက်ကိုပြန်ကောက်ကာ သက်ပြင်းချသည်။ သူ့အရိပ်အကဲကို တစ်ချိန်လုံးကြည့်နေသော စွန်ရဲလေးသည် သူ့ဘေးရောက်လာပြီး သူလုပ်နေသော အလုပ်များကိုဝင်လုပ်သည်။ ထို့ပြင် နှုတ်မှလည်း...
"သခင်လေး နေမကောင်းဘူးလား။ စိတ်နဲ့ကိုယ်နဲ့မကပ်သလိုပဲ။"
"ဘာမှမဖြစ်ပါဘူး စွန်ရဲလေးရယ်"
မှိုင်းရဝေ ဘာမှမဖြစ်သလိုဟန်ဆောင်လေလေ၊ စွန်ရဲလေး၏စိုးရိမ်စိတ်မှာ ပိုကြီးထွားလာလေလေဖြစ်သည်။ စွန်ရဲလေးသည် ချက်ချင်းသူ့ဘက်လှည့်လာပြီး ပခုံးမှကိုင်ကာ သူ့အားဆွဲလှည့်လေသည်။
"သခင်လေးကို ဟိုလူတစ်ခုခုလုပ်လို..ဟုတ်လား၊ ကျွန်တော့်ကိုဖြေစမ်းပါ"
မှိုင်းရဝေ သက်ပြင်းတစ်ချက်ချရင်း အပြုံးနုနုတစ်ခုကို မျက်နှာဝယ်ဆင်မြန်းလိုက်သည်။ ထို့နောက် ပခုံးပေါ်မှ စွန်ရဲလေးလက်များကို ဖြုတ်ချလိုက်ပြီး စွန်ရဲလေးလက်မောင်းအား အသာပုတ်ပေးလိုက်သည်။
"ဘာမှမဖြစ်ပါဘူး စွန်ရဲလေးရဲ့။ ရာသီဥတုအေးတော့ ခြေဖျားလက်ဖျားတွေအေးပြီး ဖျားချင်ချင်ဖြစ်နေတာပါ။"
စွန်ရဲလေးအား သူကြားခဲ့သည့်အကြောင်းများအား ပြန်ပြောပြ၍မဖြစ်သေးဟု သူယူဆသည်။ စွန်ရဲလေးသိသွားလျှင်လည်း စိတ်ပူမည်မဟုတ်။ စွန်ရဲလေးသည် သူ့အတွက်သူစိတ်ပူတတ်သူမဟုတ်ပါလေ။ မှိုင်းရဝေဆိုသောလူအတွက်သာ စိတ်ပူတတ်သူဖြစ်သည်။ ထို့ကြောင့် စွန်ရဲလေးကို စိတ်ပူရမည့်တာဝန်က သူ့ထံတွင်သာရှိသည်။ အရွယ်ပင်ကောင်းစွာမရောက်သေးသော ဤကလေးအား သူအထိခိုက်ခံမည်မဟုတ်။ မည်မျှပင် သန်မာပါစေဦး၊ အနည်းအကျဉ်းမျှပင် အထိခိုက်မခံစေလို။
"သခင်လေး သွားတော့။ ကျွန်တော်ပဲ အလုပ်ဆက်လုပ်လိုက်တော့မယ်။"
"မဟုတ်တာ"
"တောင်းပန်ပါတယ်ဗျာ...သွားနားပါတော့။ ဒီလောက်ပင်ပန်းတာမြင်ရတာနဲ့တင် ကျွန်တော်...."
"ကိုကိုက ဒီလောက်တော့အေးဆေးပါကွ"
ဟုဆိုကာ မှိုင်းရဝေ အလုပ်ဆက်လုပ်နေလိုက်သည်။
ယခင်ကလို စိုစိုပြေပြေမရှိတော့သော သခင်လေးအားကြည့်မိတိုင်း စွန်ရဲလေးရင်ထဲမချိမိတာအမှန်။ ဖျော့တော့သွားသောမျက်နှာနှင့် အပြုံးတို့ကိုမြင်တိုင်းလည်း သူ့မျက်လုံးများလွှဲသွားမိသည်အထိ ရင်ထဲနာကျင်လှသည်။ ဘယ်သောအခါမှများ သူ့သခင်သည်ပျော်ရွှင်နိုင်ပါမည်နည်း။ အကယ်၍ မှိုင်းရဝေအလိုရှိကမူ စွန်ရဲလေးသည် အရာအားလုံးလုပ်ပေးမည့်သူဖြစ်သည်။ သူ့အတွက်အရေးအကြီးဆုံးက ဤသခင်လေးပေမို့။ သို့သော် သခင်လေးသည် ပွင့်ပွင့်လင်းလင်းရှိသူမဟုတ်။ သူ့ဆန္ဒများအား စိတ်ထဲ၌သာ ထွေးပိုက်ထားသူဖြစ်သည်။ စွန်ရဲလေး၌သာ အစွမ်းတစ်ခုရှိနိုင်မည်ဆိုပါက သခင့်စိတ်အားဖတ်နိုင်သောအစွမ်းတစ်ခုသာ လိုချင်မိသည်။ ထိုသို့သာ ဖတ်နိုင်ပါက သခင်လေးအလိုရှိသမျှ သူလုပ်ပေးနိုင်တော့မည်။ သခင်လေးအပြုံးအား ပြန်မြင်နိုင်တော့မည်။ သခင်လေး ပြန်၍ပျော်ရွှင်လာတော့မည်....။
ဆောင်းညက ပို၍အေးစက်လာသည်။ ထို့အတူ မှိုင်းရဝေသည်လည်း အေးစက်စက်အတွေးများဝင်လာသည်။
စွန်ရဲလေးအား ထွက်သွားခိုင်းစေဖို့.....။
အိမ်ကိုလည်းမစွန့်နိုင်၊ စွန်ရဲလေးကိုလည်း အထိခိုက်မခံနိုင်သောသူ့အတွက် အကောင်းဆုံးအဖြေသည် ထိုအရာသာဖြစ်သည်။ အမှန်အတိုင်းပြော၍ ထွက်သွားခိုင်းပါမူကလည်း မဖြစ်နိုင်။ ထို့အတွက် စွန်ရဲလေးအား နာကျင်စေခြင်းဖြင့်သာ ထွက်သွားစေမှဖြစ်မည်။ စွန်ရဲလေးအား နာကျင်စေရမည်။
ထိုစဉ် စွန်ရဲလေးကတော့ မှိုင်းရဝေလက်မှ ရေနွေးပူလောင်ရာ အနီကွက်အားမြင်မိတော့ စုတ်တစ်ချက်သပ်လျက်ရှိသည်။
Thanks For Reading
Note
ပြန်တွေ့ကြပါပြီ။ စွန်ရဲတို့ကို သတိရပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်။ နိုရာလည်း ခင်ဗျားလေးတို့ကို အရမ်းသတိရနေပါတယ်။ အစစအရာရာဂရုစိုက်ကြပါ။ ဘေးကင်းကြပါစေ။
Zawgyi
"ကျွန်တော်ကတော့ သခင်လေးကိုဒီမှာမနေစေချင်တော့ဘူး။ နေ့လယ်တုန်းက အဲ့လူကြီးမူးပြီး သခင်လေးကို တွန်းထုတ်လိုက်တုန်းကဆိုရင် ကျွန်တော် အဲ့ဒီလူကိုဓားနဲ့ပြေးထိုးပစ်လိုက်ချင်တာ။"
"ဟင်"
"ဒါဆို ဘာလို့..."
You are reading the story above: TeenFic.Net