Part 34
Background color
Font
Font size
Line height
Unicode
"သခင်လေး အိပ်မပျော်ဘူးလား"
အခန်းပြတင်းပေါက်ကိုဖွင့်လျက် ထိုင်ငေးနေသောမှိုင်းရဝေကြောင့် သူပါနိုးလာရသည်။ စောင်ကိုအသာဖယ်ချရင်း ပြတင်းပေါက်နားမှ မြတ်နိုးသူအနားသွားရပ်လိုက်တော့ သူ့ကိုခပ်ပြုံးပြုံးလေးပြန်ကြည့်နေခဲ့သည်။ ရွှန်းစိုသောမျက်ဝန်းများတွင် ကြင်နာမှုဖြတ်ပြေးနေသည့်အကြည့်တို့က သူ့ရင်ကိုအမြဲနွေးထွေးစေစမြဲ။
"အိပ်မပျော်လို့ပါ စွန်ရဲလေးရယ်။"
သူ့မေးခွန်းကိုပြန်ဖြေပြီး အကြည့်တို့ကို တဖျပ်ဖျပ်လှုပ်ခတ်နေသော သစ်ရွက်များထံ ပို့လိုက်ပြန်သည်။
"သခင်ကြီးကို သတိရနေတာလား သခင်လေး"
သူခပ်ပြုံးပြုံးလေးခေါင်းညိတ်ပြန်သည်။ ယခုဆိုလျှင် သခင်ကြီးဆုံးသွားသည်မှာ တစ်လနီးပါးရှိပါပေါ့လား။
"အပြင်မှာလေတွေတိုက်နေပြီ သခင်လေးရယ်။ ပြတင်းပေါက်ကြီးပိတ်ပြီး အိပ်ပါတော့။ သခင်ကြီးသာရှိရင် သခင်လေးအခုလို မအိပ်တာကို ကြိုက်မှာမဟုတ်ဘူး။"
ပြောရင်းတစ်ခါတည်း ပြတင်းပေါက်တို့ကို ဆွဲပိတ်လိုက်တော့ သက်ပြင်းချသံခပ်ယဲ့ယဲ့လေးကို ကြားရသည်။ ထိုအခါ သူ့ရင်ထဲမချိလှ။ သခင်​လေးတစ်ယောက်တည်း ကျိတ်ခံစားနေခြင်းကား သူ့ရင်ကိုအစိမ်းလိုက်ခွဲသလိုပင်။
"သခင်လေး သိပ်ပိန်သွားတယ်"
"ဒီရက်ပိုင်း အစားစားချင်စိတ်သိပ်မရှိလို့ပါ စွန်ရဲလေးရယ်။ ကိုကို့ကိုပဲ စိတ်ပူမနေပါနဲ့။ စွန်ရဲလေးကမှ တအားပိန်နေတာ။ အရပ်ကမှရှည်ပါတယ်ဆို ပိန်နေတော့ စာခြောက်ရုပ်ကြီးကျနေတာပဲ"
မှိုင်းရဝေပြောရင်း ဟန်ဆောင်ပန်ဆောင်ရယ်လိုက်မိသည်။ စွန်ရဲလေးရှေ့တွင် သူမပြိုလဲချင်။ သူသည် အကြီးတစ်ယောက်ဖြစ်သည့်အတွက် အငယ်ကိုနှစ်သိမ့်ရမည်သာဖြစ်သည်။ ဖေဖေဆုံးသည့်နေ့က အရုပ်ကြိုးပြတ်သလိုထိုင်ချပြီး ငိုခဲ့သော်လည်း စွန်ရဲလေးကမူ သူ့ကိုနှစ်သိမ့်ပေးခဲ့သည်။ အကြီးတစ်ယောက်အနေနှင့် ဒါဟာအနည်းငယ်တော့ ရှက်စိတ်ဖြစ်စေသည်။
"ကဲ...အိပ်ရအောင်လေ"
မှိုင်းရဝေ ပြတင်းပေါက်နားမှထကာ ခုတင်ပေါ်တက်လိုက်သည်။ ထိုအခါ စွန်ရဲလေးက သူ့ကိုစောင်ခြုံပေးသည်။ ကိုယ်တိုင်လည်းဘေး၌ဝင်အိပ်ပြီး သူ့ဆံပင်တွေကိုသပ်ပေးနေသည်။
"ကိုကို့ကို ကလေးများထင်နေလား... ဟမ်..."
စွန်ရဲလေးကခေါင်းခါသည်။
"ကလေးလို့မထင်ပါဘူး။ သခင်လေးက ကျွန်တော်သိပ်တန်ဖိုးထားရတဲ့သူ။ ကျွန်တော်က သခင်လေးအနားမှာ အမြဲအခုလိုရှိချင်တာ။"
"ကိုကို့ကို အဲ့ဒီလောက်ချစ်တယ်ပေါ့"
စွန်ရဲလေးချက်ချင်းပြန်မဖြေနိုင်။ 'ချစ်တယ်'ဆိုသည့်စကား၏ အဓိပ္ပါယ်သက်ရောက်မှုကို လေးနက်စွာတွေးတောနေမိပြန်သည်။ မှိုင်းရဝေအပေါ် ညီအစ်ကိုသံယောဇဉ်နှင့် ချစ်ခြင်းမဟုတ်ကြောင်း သူကိုယ်တိုင်သိနေသည် မဟုတ်ပါလော။ သိမ်မွေ့ပြီး စိတ်မာချင်ယောင်ဆောင်နေသော မာယာသခင်လေးအား သူ့ရင်ခွင်ထဲထွေးပွေ့ထားချင်သည်။ နှုတ်ခမ်းပါးတို့၌ အနမ်းမွေ့လျော်ချင်သည်။ မျက်ဝန်းတို့ထံ၌ အညှို့ခံချင်သည်။ တစ်ယောက်ယောက်သာ ဤသည်ကိုသိသွားလျှင် သူ့ကိုအရူးထင်မည်။ ရွံချင်ရွံကြမည်။
သူ့အဖို့ကတော့ မှိုင်းရဝေကို ချစ်မိခြင်းကားရိုးရှင်းပါသည်။ ညီအစ်ကိုအရင်းမဟုတ်ပေမဲ့ ဘေးနားတွင်အမြဲရှိနေပေးခဲ့သည့်သူ၊ ငိုလျှင်ပျော်အောင်လုပ်ပေးသည့်သူ၊ သူ့အားစောင့်ရှောက်ပေးသူ၊ သူ့အားချစ်ခင်သည့်သူ။ သူ့ဘဝ၏ အရေးကြီးသောအစိတ်အပိုင်းတိုင်းတွင် မှိုင်းရဝေသည်မပါမဖြစ်။ မှိုင်းရဝေသည် သူ၏အရာရာဖြစ်သည်။ သူ့ထံတွင် မှိုင်းရဝေသာရှိသည်။ ထို့ကြောင့် မှိုင်းရဝေရှေ့၍သာ ဒူးထောက်ခစားချင်သည်။ ထို့​ကြောင့် မှိုင်းရဝေကိုသာ ချစ်ပါသည်။
"ချစ်တယ် သခင်လေး...။ သိပ်ကိုချစ်ပါတယ်။"
တိုးဖွဖွဖြင့်နှုတ်မှထိုစကားထွက်ကျလာသည့်အခါ သူနှင့်မျက်နှာချင်းဆိုင်မှ လူသားငယ်လေးကတော့ အိပ်မက်များဆီသို့ တစ်ခေါက်အလည်သွားနေချေပြီ....။
မိုးစင်စင်လင်းပြီးနောက် မှိုင်းရဝေနှင့်စွန်ရဲလေးတို့ တစ်ယောက်ကိုတစ်ယောက်စောင့်ရင်း အောက်ထပ်သို့ဆင်းလာကြသည်။ အောက်ရောက်ရောက်ချင်းပင် ဧည့်ခန်းအတွင်းစောင့်နေသောဧည့်သည်များကို တွေ့ရသည်။ ထိုဧည့်သည်ယောက်ျားနှစ်ယောက်အား သူတို့တစ်ခါမှ မမြင်ဖူးခဲ့ချေ။
နှစ်ယောက်သားယောင်လည်လည်နှင့် ဧည့်ခန်းထဲဝင်သွားတော့ ဦးကြီးက သူတို့ကို စိုးထိတ်ဖွယ်မျက်နှာဖြင့်ကြိုဆိုနေသည်။ မှိုင်းရဝေသည် ကျွန်းသားဖြင့်ပြုလုပ်ထားသော ခုံတွင်အသာဝင်ထိုင်သောအခါ စွန်ရဲလေးက ဘေးတွင်မတ်တပ်ရပ်လျက်သာနေသည်။
"ဟောဒီက ဦးလေးတို့က ဘာကိစ္စများရှိလို့ပါလဲ"
"ဒီကအမောင်က မြိုင်သခင်ကြီးရဲ့သားထင်ပါတယ်"
နှုတ်ခမ်းမွေးကားကားဖြင့်လူက သူ့နှုတ်ခမ်းမွေးတွေကို ပွတ်သပ်ရင်းမေးလာသည်။
"ဟုတ်ပါတယ်ခင်ဗျ။ အခုက ဘာကိစ္စများရှိလို့ပါလဲ"
မှိုင်းရဝေစိတ်ထဲတွင် ထိုလူနှစ်ဦးကိုကြည့်ကာ အလိုမကျဖြစ်နေသည်ကတော့အမှန်ပင်။ သူတို့မျက်လုံးထဲတွင် လောဘမီးလောင်ကျွမ်းနေသည်ကို အတိုင်းသားမြင်နေရသလိုလို...။
"ဦးတို့ကိစ္စကတော့ ဟောဒီ မြိုင်စံအိမ်ကြီးရဲ့ဆက်ခံခွင့်နဲ့ပတ်သက်တဲ့ကိစ္စပါ"
မှိုင်းရဝေငြိမ်လျက်သား နားထောင်လိုက်သည်။ သူကဆက်ပြောသည်။
"တကယ်တော့ ဒီအိမ်ကြီးဟာ သစ်တောအရေးပိုင်ဟောင်း​တွေ​နေဖို့ ထားထားတဲ့အိမ်ပါ။ အမောင့်အဖေက အရေးပိုင်ဟောင်းဆိုတော့ သူတာဝန်နားချိန်မှာ ဒီအိမ်မှာခေတ္တနေခွင့်ပေးခဲ့တာပါ။ နိုင်ငံရေးအမျိုးမျိုးကြောင့် သစ်တောပိုင်တွေ ဒီမှာမနေခဲ့တာကလည်းတစ်ကြောင်းပေါ့။ အခုက အမောင့်အဖေကဆုံးပြီဆိုတော့ ဒီအိမ်ကို နောက်လူလက်ထဲ လွှဲရပါမယ်။ ရှင်းရှင်းပြောရရင် ဦးလက်ထဲကိုပေါ့"
"သူပြောတာ ဟုတ်လား ဦးကြီး"
နောက်တွင်ရပ်နေသော ဦးကြီးကိုလှည့်မေးလိုက်သောအခါ ဦးကြီးကခေါင်းယမ်းသည်။
"မဟုတ်ဘူး သခင်လေး။ သခင်ကြီးကို ဒီအိမ်ပေးခဲ့တယ်ဆိုတာ မှန်တယ်။ ဒါပေမဲ့ အရေးပိုင်ဟောင်းမို့ပေးခဲ့တာမဟုတ်ဘူး။ မြိုင်စံအိမ်ရဲ့မူလသခင်ကြီးက သူမဆုံးခင်မှာ သခင်ကြီးလက်ထဲ ဒီအိမ်ကိုသေချာအပ်သွားတာ။ မူလသခင်ကြီးကရုတ်တရက်ဆုံးသွားတာဆိုတော့ ဘာစာချုပ်စာတမ်းမှမရှိပေမဲ့ သူတို့ပြောသလိုတော့ မဟုတ်ပါဘူး သခင်လေး။ အရေးပိုင်ဟောင်းတွေကို မြိုင်စံအိမ်တော်ကိုပေးရအောင် ဒီအိမ်တော်ရဲ့မူလသခင်းကြီးဟာ အရေးပိုင်တစ်ယောက်မဟုတ်ခဲ့ပါဘူး။ သာမန်သူဋ္ဌေးတစ်ယောက်ပါ။"
ဦးကြီးစကားသည် လုံလောက်သွားပြီမို့ သူခေါင်းအသာညိတ်ရင်း လက်ကာပြလိုက်သည်။ ထို့နောက် ရှေ့ကလူနှစ်ယောက်နှင့် မျက်နှာချင်းပြန်ဆိုင်ကာ ယဉ်ယဉ်ကျေးကျေးပင် ပြန်ပြောလိုက်သည်။
"ဦးလေးတို့ကြားတဲ့အတိုင်းပါပဲ။ နောက်ပြီး ဘယ်သမိုင်းကြောင်းမှာမှ အရေးပိုင်ဟောင်းတစ်ယောက်ကို စံအိမ်တစ်လုံးပေးတဲ့ အလေ့အထမရှိပါဘူးနော်။ ဒီအိမ်ကို ကျွန်တော့်ဖေဖေလက်ထဲ မြိုင်ရဲ့မူလသခင်ကြီးက အပ်ခဲ့တာပါ"
"ဒါဆိုလည်း စာချုပ်စာတမ်းနဲ့ သက်သေပြပါ အမောင်။ ဦးတို့ကလည်း စာချုပ်စာတမ်းနဲ့လာတာပဲ။ ဟောဒီမှာ ရှေ့နေတောင်ပါသေးတယ်"
နှုတ်ခမ်းမွေးကားကားနှင့်လူက သူ့ဘေးမှ အသားဖြူဖြူနှင့်လူကို ညွှန်ပြကာပြောရင်း လက်ဆွဲအိတ်အမည်းထဲမှာ စာရွက်တချို့ကို ထုတ်ပြသည်။
"ဒီမှာ ဖတ်ကြည့်ပါ အမောင်။ ဟောဒီ မြိုင်စံအိမ်တော်ဟာ သစ်တောအပိုင်ပါ။ ဒီအိမ်ကို အဆင့်ဆင့်လက်ခံပုံကိုလည်း ပြထားပါတယ်။ တစ်ချက်ကြည့်ကြည့်ပါဦး"
နှုတ်ခမ်းမွေးဖြင့်လူသည် စာရွက်တွေတစ်ရွက်ပြီးတစ်ရွက် မှိုင်းရဝေလက်ထဲထည့်ပေးကာဖတ်စေသည်။ သစ်တောတံဆိပ်ခတ်နှိပ်ထား​သောစာရွက်များကိုကြည့်ရင်း မှိုင်းရဝေကိုယ်တိုင်ပင် ဇဝေဇဝါဖြစ်လာသည်။ ဤစံအိမ်သည်အမှန်တကယ်ပင် သူတို့ပြောသလိုဖြစ်နေသည်လားဆိုတာ ဝေခွဲမရရှိလှသည်။
"ဒါတွေဆိုတာ စာရိုက်စက်တစ်လုံးနဲ့ မိတ္တူကူးတဲ့စက်တစ်လုံးရှိရင်ရနေတာပဲ ဦးတို့ရယ်"
နောက်ဆုံးတွင် သူသတိထားမိသွားသည့် မိတ္တူဆွဲထားသော တံဆိပ်တုံးရာကြောင့် ပြန်ငေါ့ပေးလိုက်သည်။ အမှန်တကယ် တံဆိပ်ခတ်နှိပ်ထားပါသည်ဆိုလျှင် ဆေးတွေကယခုလိုဖြစ်နေမည်မဟုတ်။ ယခုက မိတ္တူကူးပြီးထည့်ထားသည့် အရာမှန်းသိသာနေသည်။ မှိုင်းရဝေသည် သာမန်တောတွင်းနေထိုင်သူတစ်ယောက်မဟုတ် ၊ မြို့တွင်ပညာသင်ထားသည်ဖြစ်သည်။ သူထိုမျှလောက်တော့ ခွဲခြားတတ်သည်။
"မင်းစကားက ဦးတို့ကိုစော်ကားရာ မကျပေဘူးလား။ မိတ္တူယူလာတယ်ဆိုတာက မူရင်းတွေဖျက်ဆီးခံရမှာစိုးလို့ပါ။"
"ဒါဆိုလည်း မူရင်းတွေပြန်ယူပြီးမှ တစ်ခေါက်ပြန်လာပေးပါ ဦးတို့"
စာရွက်တို့ကို ကျွန်းသားစားပွဲလေးထက်လျှောတိုက်ရင်း ပြန်ပေးလိုက်သောအခါ ထိုလူနှစ်ယောက် တစ်ယောက်ကိုတစ်ယောက်မျက်စပစ်ရင်း ပုံစံတွေပျက်ယွင်းကုန်ကြသည်။ မှိုင်းရဝေသည် သူတို့ကိုစူးစမ်းနေမှန်းသတိထားမိကာမှ ချက်ချင်းပြန်တည်လိုက်ကြပြီး လေသံမာမာဖြင့်ဆိုလာသည်။
"အမောင် အခုလို ဦးတို့ကိုစော်ကားတဲ့အတွက် ပြန်ပေးဆပ်စေရမယ်။ ဦးတို့က လူကြီးလူကောင်းတွေပါ။ ဧည့်သည်ကို ရေတစ်ဖန်ခွက်မဧည့်ခံတဲ့အပြင် မယုံသင်္ကာနဲ့ ပြန်စော်ကားတာကတော့ အမောင်တို့အဆင့်ကို အမောင်တို့ဖော်ပြလိုက်တာပဲ။ အင်းပါလေ...အမောင်တို့ သိပ်မကြာတော့ပါဘူး။ ဦးကဒီအိမ်ပေါ်တက်နေပြီး အမောင်တို့ကိုကျွန်ပြန်ပြုပြမယ်"
""ဂွက်..""
စွန်ရဲ​လေး စားပွဲပေါ်သို့ အသံပြင်းပြင်းဖြင့် ချလိုက်သောရေခွက်တွေကြောင့် ထိုလူနှစ်ဦးကြောင်သွားသည်။ ပြူးတူးကြောင်တောင်ဖြင့် စွန်ရဲလေးကို ပြန်ကြည့်ကြသောအခါ သူကပြောသည်။
"ရေသောက်ပြီးရင် ပြန်ကြတော့။ သခင်လေးကို စိတ်ရှုပ်အောင် လာမလုပ်ကြနဲ့"
"စွန်ရဲလေး..."
မှိုင်းရဝေ စိုးရိမ်တကြီးရေရွတ်မိသည်။ နှုတ်ခမ်းမွေးကားကားဖြင့်လူသည် ဆတ်ခနဲမတ်တပ်ထရပ်ပြီး စွန်ရဲလေးအား လက်ညှိုးငေါက်ငေါက်ထိုးကာဆိုသည်။
"မင်းလို အိမ်စေကများ ငါလိုလူကို နှင်ထုတ်ရသေးတယ်။"
"သူကလည်း ဒီအိမ်ရဲ့သားတစ်ယောက်ပဲ။ အိမ်စေတစ်ယောက် မဟုတ်ဘူး"
မှိုင်းရဝေသည် စွန်ရဲလေးကိုလက်ညှိုးထိုးသည့် ထိုလူ့လက်အား တွန်းဖယ်ရင်းဆိုလိုက်သည်။ ထိုအခါ ထိုလူသည် သူ့အိတ်သူဆတ်ခနဲကောက်ယူပြီး ကောက်ကျစ်စွာပြုံးရင်း သူတို့နှင့်မျက်နှာချင်းပြန်လာဆိုင်သည်။
"အေး...မင်းတို့ညီအစ်ကို နှစ်ယောက်လုံး ဒုက္ခလှလှတွေ့ဖို့သာ ပြင်ထား။ ငါဘာကောင်လဲ မင်းတို့သိသွားစေရမယ်"
ထိုသို့ကြိမ်းဝါးပြီးနောက် နှစ်ယောက်စလုံးထွက်သွားကြသည်။ မှိုင်းရဝေလည်း ခုံတွင်ခြေပစ်လက်ပစ်ထိုင်ချရင်း နားထင်နှစ်ဖက်ကို လက်ညှိုး လက်မ တစ်ဖက်တစ်ချက်စီဖိကိုင်ကာ မျက်နှာကိုငိုက်စိုက်ချထားသည်။ နောက်ပြီး သက်ပြင်းလေးချကာ သူတို့ကိုမော့ကြည့်လာသည်။ သူ့မျက်နှာတွင် စိုးရိမ်မှုတွေကလည်း ရိပ်သမ်းလို့။
"ကျွန်တော်တို့တော့ ဒုက္ခရောက်တော့မယ် ထင်ပါတယ် ဦးကြီးရယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဖေဖေခေါင်းချခဲ့တဲအိမ်ကိုတော့ ကျွန်​တော် စောင့်ရှောက်ရမှာပဲ။ သူတို့နှစ်ယောက်အကြောင်း တတ်နိုင်သလောက်စုံစမ်းပေးပါလား ဦးကြီးရယ်"
"သူတို့ကို ဦးကြီးကောင်းကောင်းသိတယ် သခင်လေးရဲ့"
"ဒါဆို ကျွန်တော့်ကိုပြောပြပါလား"
ဦးကြီးသည် သက်ပြင်းချရင်း သူနှင့်မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်သည်။ သူလည်း စွန်ရဲလေးကိုလက်မှဆွဲကာ သူ့ဘေးတွင်ထိုင်ခိုင်းစေလိုက်သည်။
"အဲ့နှုတ်ခမ်းမွေးတကားကားနဲ့လူက လွတ်လပ်ရေးမရခင်တုန်းက ရိုးမထဲမှာ သူပုန်ယောင်ယောင် ဘာယောင်ယောင်နဲ့တစ်ယောက်ပဲ။ ပုလိပ်တွေကလည်း သူ့ကိုဖမ်းချင်နေကြတာဆိုတော့ ရိုးမထံခဏခဏလာရှာကြတယ်။ ဦးကြီးတို့ဆီတောင် သူ့ပုံပြပြီး လာမေးသေးတယ်။ ဒီလူက အခုထိ ရုပ်လုံးဝမပြောင်းသွားသေးဘူးပဲ။ အခုကျ အရေးပိုင်လိုလို၊ အရေးပိုင်နောက်လိုက်လိုလိုဖြစ်ပြီး မာန်တက်နေတာ။ ကြည့်ရတာ ဒီအိမ်ကိုလည်း သူအရင်ကတည်းက မျက်စိကျနေတယ် ထင်ပါရဲ့။ အခု သခင်ကြီးလည်းဆုံးရော လုပ်ဇာတ်တွေခင်းပြီး အပိုင်သိမ်းချင်နေတာ​နေမှာ"
"ဖြစ်လာသမျှ ရင်ဆိုင်ရတော့မှာပဲ ဦးကြီးရယ်။"
လေညှင်းသံသဲ့သဲ့မျှသာရှိသောလေဖြင့် မှိုင်းရဝေပြောရင်း သက်ပြင်းချမိတော့သည်။ ရက်အနည်းငယ်ကုန်ဆုံးသွားသည်။ အိမ်တော်ကြီးမှာလည်း အရာမယွင်းဘဲ ရှိနေသေးသည်။ မှိုင်းရဝေဖိတ်ခေါ်ထားသော ဆံညှပ်ဆရာတစ်ယောက်သာ လူပိုဟူ၍ရှိသည်။
စွန်ရဲလေး၏ ကုပ်ထောက်နေပြီဖြစ်သောဆံပင်များကို ညှပ်စေဖို့ရာ ဆံညှပ်ဆရာတစ်ယောက် ခေါ်ထားခြင်းဖြစ်သည်။ မှိုင်းရဝေကညှပ်စေချင်သည်မို့ စွန်ရဲလေးကလည်း တစ်ခွန်းမှအထွန့်မတက်ဘဲ လက်ခံသည်။ ဤနှင့်ပင် ဆံညှပ်ကိစ္စပြီးဆုံးသွားသည်။
လူငယ်ပီပီသသ အနောက်ဘက်ကို အနည်းငယ်တိုပြီး ရှေ့ဆံပင်များကိုလည်း သေသေချာချာဖြီး၍ လှန်တင်စေသောအခါ စွန်ရဲလေး၏ ကြည့်ကောင်းလှသည့် မျက်နှာအချိုးအစားက ပေါ်လွင်လာသည်။ မျက်ခုံး၊ မျက်လုံးကောင်းကောင်းနှင့် ပြတ်သားသောမေးရိုးထင်းထင်းတို့က မြင်ရသူကို အလိုလိုပြုံးစေသည်။
"စွန်ရဲလေးက ဒီထက်နည်းနည်းတော့ ပြည့်သင့်တယ်ထင်တယ်။ အရမ်းပိန်တယ်"
ထိုးထောင်နေသာပါးရိုးများကိုမြင်တော့ ထိုစကားကိုဆိုမိသည်။
"သခင်လေးကမှ ပိုပြည့်သင့်တာ။ လူကောင်သေးသေးလေးဖြစ်နေပြီ။ ကျွန်တော်ကမှ အရပ်ရှည်သေးတယ်"
"အိုး...ဒါကတော့ မင်းကငယ်ငယ်ကတည်းက အရပ်ရှည်တဲ့ကောင်ကိုးကွ။ မြို့ကျောင်းမှာဆိုရင် ကိုကိုက အရပ်ရှည်တဲ့အထဲပါပါတယ်။"
"သခင်လေးပြောသလိုပါပဲဗျာ..."
စွန်ရဲလေးစကားအပြီးတွင် နှစ်ယောက်သားပြိုင်တူ ရယ်မောလိုက်ကြသည်။ သူတို့နှစ်ယောက် သည်လိုမရယ်ဖြစ်ခဲ့သည်မှာ လအနည်းငယ်ကြာပြီဖြစ်သောကြောင့် ယခုရယ်လိုက်သောအခါ စိတ်လက်ပေါ့ပါးသွားသလို ခံစားရ​စေသည်။
"သခင်လေး​ရေ...ဒုက္ခတော့ရောက်ကုန်ပြီ ထင်ပါတယ်"
အိမ်အနောက်ဘက်တွင် စကားကောင်းနေကြသူနှစ်ဦးထံ ဦးကြီးရေးကြီးသုတ်ပြာဖြင့် ရောက်လာ​သော​ကြောင့် သူတို့နှစ်ဦးသား ရင်ထဲထိတ်ထိတ်ပျာပျာဖြစ်သွားသည်။
"ဘာဖြစ်လို့လဲ ဦးကြီး"
"ဟိုနေ့ကလူ ပုလိပ်တွေနဲ့ဒီကိုလာနေကြပြီ"
"ပုလိပ်တွေက ဘာကိစ္စ လာရတာလဲ။ နေဦး။ ကျွန်တော် ထွက်တွေ့လိုက်မယ်"
အေးဆေးတည်ငြိမ်စွာပင် အရှေ့သို့ထွက်သွားသောမှိုင်းရဝေနောက် စွန်ရဲလေးထပ်ကြပ်မကွာလိုက်လာသည်။ မှိုင်းရဝေကို တစ်ယောက်တည်းလွှတ်ရန်အဖို့ သူစိတ်မချ​ပေ။ မှိုင်းရဝေသည် အိမ်ပေါက်ဝတည့်တည့်တွင် မတ်တပ်ရပ်ပြီး စံအိမ်ဝန်းအတွင်း ဝင်လာသူများကို သေချာကြည့်လိုက်သည်။ ယခင်နေ့က လာခဲ့သောလူနှစ်ယောက်အပြင် ပုလိပ်ဝတ်စုံနှင့်လူငါးယောက်ပါလာသည်။
"ဘာကိစ္စပါလဲ ဦးလေးတို့"
မှိုင်းရဝေဘက်မှ အတတ်သာဆုံး လေကိုလျှော့မေးသည်။ ပုလိပ်အဖွဲ့၏ထ်ိပ်ဆုံးမှပါလာသော နှုတ်ခမ်းမွေးဖြင့်လူသည် အောင်နိုင်သူအပြုံးဖြင့် ခပ်ချီချီပြုံးသည်။
"အမောင်တို့ကို ဟောဒီက ရဲအရာရှိမင်းများက ဖမ်းဖို့လာကြတာပါ"
သူ့နောက်ဘက်တွင်ပါလာသောပုလိပ်များအား ညွှန်ပြရင်းပြောခြင်းဖြစ်သည်။
"ဘာကိုဆိုလိုတာလဲ"
မှိုင်းရဝေမျက်ခုံးနှုတ်ဖက်စုကုပ်ရင်း အလိုမကျစွာ​မေးလိုက်သည်။
"အမောင်တို့ကို သစ်တောပိုင်နယ်မြေထဲကအိမ်မှာ တရားမဝင်နေထိုင်မှုနဲ့ ဖမ်းတော့မှာ။"
"အဓိပ္ပါယ်မရှိတာ..."
"အဓိပ္ပါယ်ရှိမရှိကတော့ နောက်ကပါလာတဲ့သူ​တွေကိုသာကြည့်​တော့ အမောင်ရေ။ ဦးလည်း အစကအဲ့လောက်ထိ မလုပ်ချင်ခဲ့ပါဘူး။ အမောင်တို့က ဦးကိုရင့်ရင့်သီးသီးဆက်ဆံခဲ့​တော့ ဦးမလုပ်ချင်ဘဲ လုပ်လိုက်ရတာပါ"
"ဒီအိမ်ကတကယ်ဆို ခင်ဗျားတို့နဲ့ဘာမှဆိုင်တာ မဟုတ်ဘူး။"
"ဆိုင်လို့ပဲ ဒီမှာပုလိပ်တွေ ပါလာပြီလေ။ ကဲ...ရှည်ရှည်ဝေးဝေးတွေ မပြောချင်တော့ဘူး။ သူတို့ကို ဖမ်းသွားလိုက်ပါ ပုလိပ်ကြီးတို့"
ပုလိပ်တို့သည် ထိုလူ၏စကားကိုနာခံပြီး မှိုင်းရဝေကိုရော နောက်ကစွန်ရဲလေးကိုပါ လက်နောက်ပစ်လျက် လက်ထိပ်ခတ်စေသည်။
"ခင်ဗျားတို့မတရားမလုပ်ကြနဲ့"
မှိုင်းရဝေ အသာတကြည်ငြိမ်နေသော်လည်း စွန်ရဲလေးက လှုပ်ရှားရုန်းကန်နေသည်။
"မရုန်းနဲ့ စွန်ရဲလေး။ ဒီကိစ္စကို ကိုကိုရအောင် ပြန်ဖြေရှင်းမယ်"
မှိုင်းရဝေစကားကို သူချက်ချင်းနာခံပြီး ငြိမ်လိုက်သည်။ ထိုအခါမှပင် ဟိုလူကလည်း ပြက်ရယ်ပြုသလို ထရယ်လေသည်။
"အဟားဟား....ကလေးတွေက အလာကြီးပါလားဟေ့။ မင်းစိတ်ဓာတ်ကိုတော့ ကြိုက်တယ်ကွာ..."
မှိုင်းရဝေပခုံးကို လက်ဖြင့်ခပ်ဆတ်ဆတ်ပုတ်ပြီး ပြောနေသောထိုလူ့အား စွန်ရဲလေးပခုံးဖြင့် ဝင်တိုက်ပြီးဖယ်ထုတ်လိုက်သည်။ ထို့နောက် အရှိန်မထိန်းနိုင်ဘဲ လဲကျသွားသောထိုလူ၏ ညာဘက်လက်ကောက်ဝတ်အား ခြေဖနောင့်ဖြင့် ဖိချေပစ်လိုက်သည်။
"သခင်လေးကို အဲ့ဒီညစ်ပတ်တဲ့လက်နဲ့ မထိနဲ့"
ပြောရင်း ထပ်ဖိချေသောအခါ ထိုလူအော်ဟစ်တော့သည်။ ပုလိပ်များကလည်း ချက်ချင်းဆိုသလို စွန်ရဲလေးအား နောက်သို့ဆွဲထိန်းကာ ချုပ်ထားလိုက်ကြသည်။ လဲကျနေသောလူကြီးသည် ဒေါသတကြီးဖြင့် ကုန်းရုန်းထကာ စွန်ရဲလေးကို အင်္ကျီရင်ဘတ်မှဆွဲဆောင့်ရင်း မျက်နှာဆီသို့ လက်သီးများတစ်ချက်ပြီးတစ်ချက် ဆက်တိုက်ပစ်သွင်းလေသည်။
"မလုပ်ပါနဲ့...။ စွန်ရဲလေးကို နာအောင်မလုပ်ကြပါနဲ့။ ကျွန်တော်တောင်းပန်ပါတယ်"
မှိုင်းရဝေတောင်းပန်နေစဉ်မှာပင် ထိုလူသည် သွေးအလိမ်းလိမ်းဖြင့် လဲကျနေသောစွန်ရဲ​လေးကို ဆံပင်မှဆောင့်ဆွဲပြီး ဝမ်းဗိုက်နှင့်နံရိုးများထံ ဘွတ်ဖိနပ်စွန်းများနှင့် ကန်ကျောက်လေသည်။ ကန်လို့ဝတော့မှ မြေကြီး​ပေါ်ပစ်လှဲစေလိုက်ပြီး ပုလိပ်များထံအမိန့်ပေး​လေသည်။
"အဲ့ကောင်ကို ပစ်သတ်လိုက်။ တောထဲမှာ ဒီကောင်သေလို့ ဘာအမှုမှပတ်မှာမဟုတ်ဘူး။ သတ်လိုက်။ ကျန်တာအကုန် ငါတာဝန်ယူတယ်"
ထိုအမိန့်စကားအတိုင်း ပုလိပ်တို့သည် သူတို့လက်ထဲမှ သေနတ်များကိုမောင်းတင်ပြီး စွန်ရဲလေးအ​ပေါ်၌ ချိန်လိုက်ကြသည်။ မှိုင်းရဝေ ထိတ်လန့်တကြားဖြင့် ပုလိပ်များကိုတွန်းဖယ်ကာ စွန်ရဲလေးအပေါ်၌ သူ့ခန္ဓာကိုယ်ပါးလျလျလေးဖြင့် ဖိအုပ်ကာကွယ်ပေးလိုက်သည်။ နှုတ်မှလည်း "သူ့ကိုမသတ်ပါနဲ့။ ကျွန်တော်တောင်းပန်ပါတယ်။ သတ်ချင်ရင် ကျွန်တော့်ကိုသာ သတ်ကြပါ"ဟု​အော်ဟစ်တောင်းဆိုသည်။
ထိုအခါ သွေးအလိမ်းလိမ်းတို့ဖြင့် စွန်ရဲလေးသည် လဲကျနေရာမှ မထနိုင်သော်ငြားလည်း မှိုင်းရဝေကို လက်ဖြင့်အသာတွန်းထုတ်နေသည်။
"သခင်လေးကို ပစ်ကြလိမ့်မယ်။ ကျွန်တော့်အပေါ်က ဖယ်ပါ။ ဖယ်ပါ သခင်လေးရယ်။ သခင်လေးသေတာမြင်ရမှာထက် ကျွန်တော်ကိုယ်တိုင်ပဲ သေလိုက်ချင်ပါတယ်။ ဖယ်ပါ...ကျွန်တော့ကို မကာကွယ်ပါနဲ့"
တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ကာကွယ်ရင်း ငြင်းခုန်နေကြသော သူတို့နှစ်ယောက်ကိုကြည့်လျက် အိမ်ထဲမှဦးကြီးမျက်ရည်စို့လာသည်။ ဤအဖြစ်အပျက်ကို ခေါ်ဆောင်လာသည့် ကာယကံရှင်လူကြီးကတော့ ပြဇာတ်တစ်ခုကို ကြည့်ရသည့်နှယ် မိန့်မိန့်ကြီး ကြည့်ကာပြုံးမိသည်။ ထို့နောက် အကြံတစ်ခုရသွားပုံဖြင့် သေနတ်ဖြင့်ပစ်ဖို့ ချိန်နေကြသောပုလိပ်များအား တားဆီးလိုက်သည်။
"မပစ်ကြနဲ့ဦး"
ထိုလူသည် မှိုင်းရဝေနှင့်စွန်ရဲလေးတို့ရှေ့တွင် ငုတ်တုတ်ထိုင်ချလိုက်ပြီး မှိုင်းရဝေကို အသာဆွဲထူသည်။ ပြီးမှ စွန်ရဲလေးကိုထူသည်။
"မင်းတို့နှစ်ယောက်အတွက် ဦးမှာကမ်းလှမ်းချက်တစ်ခုရှိတယ်။"
မှိုင်းရဝေသည် ထိုလူ့အား စူးစိုက်ကြည့်နေသော်လည်း စွန်ရဲလေးကမူ မျက်နှာလွှဲ၍ မသိချင်ယောင်ဆောင်ထားသည်။
"အကယ်၍ မင်းသာ ဦးဆီမှာ အလုပ်လုပ်မယ် ၊ ဦးရဲ့နောက်လိုက်လုပ်မယ်ဆိုရင် ဟိုကလေးကိုမသတ်ဘဲ ထားပေးမယ်။ ဖမ်းလည်းအဖမ်းမခံရတော့ဘူးပေါ့ကွာ။ ဘယ်လိုလဲ"
ဟိုကလေးဆိုသည်က စွန်ရဲလေးကို ရည်ရွယ်ကြောင်း မှိုင်းရဝေကောင်းကောင်း နားလည်လိုက်သည်။
"ကောင်းပြီ။ ကျွန်တော်လက်ခံတယ်"
"သခင်လေး"
လက်ခံသံနှင့်ကန့်ကွက်သံတို့က ရှေ့ဆင့်နောက်ဆင့်ထွက်ပေါ်လာသောကြောင့် အရေးပိုင်အတုကြီး ပြုံးမိသည်မှာအမှန်။
"သခင်လေး ကျွန်တော့်အတွက်အဲ့လိုလုပ်စရာမလိုဘူး။ ကျွန်တော်သေချင်သေပါစေ။ ဘယ်သူ့ရှေ့မှာမှ ဒူးမထောက်ပါနဲ့"
"ရှေ့တိုးမယ့်ဆင်က နောက်တစ်လှမ်းအရင်ဆုတ်ရစမြဲပဲ စွန်ရဲလေး"
အဓိပ္ပါယ်ပါပါပြောသောစကားကို ထိုလူကလည်း သဘောပေါက်သည်။ ရယ်လည်းရယ်သည်။ အသက်နှစ်ဆယ်ပင်မပြည့်သေးသော လူပျိုပေါက်ကလေးနှစ်ယောက်သာ် သူ့လို ဒုက္ခတောထဲကျင်လည်လာရသူနှင့်ယှဉ်ဖို့ ကြိုးစားနေသည်က ရယ်ချင်စရာအတိဖြစ်နေသည် မဟုတ်ပါလား။
"ကဲပါ...ရှေ့တိုးမယ့်ဆင်ပေါက်စတို့ရယ်။ အခုတော့ ဦးလက်အောက်ခံလုပ်ကြမယ် မဟုတ်လား"
နှစ်ယောက်လုံးငြိမ်သက်စွာ ခေါင်းငုံ့သွားကြသည်။ စွန်ရဲလေးလက်ကို မှိုင်းရဝေသည် တင်းကြပ်စွာဆုပ်ကိုင်ထားလိုက်သည်။ စွန်ရဲလေးစိတ်ထဲတွင် ထိုသို့ သူ့လက်ကိုဆုပ်ကိုင်ထားခံသည့်အတွက် လုံခြုံမှု၊ နွေးထွေးမှုများမခံစားမိ။ ဝမ်းနည်းစိတ်တစ်မျိုးကိုသာ သူခံစားရပါသည်။ တစ်ချိန်လုံး သူက သခင်လေးကို ကာကွယ်ပေးမှာပါဟု ပြောနေခဲ့သော်လည်း ယခုအချိန်ထိ သူ့ကိုပင် မှိုင်းရဝေက ကာကွယ်နေရဆဲပင်။ သူ့ဘဝ၏ တစ်ဦးတည်းသောသူအား ကာကွယ်ခြင်းငှါ မစွမ်းနိုင်တာမို့ ဝမ်းနည်းရပါသည်။ နာကျင်ရပါသည်။ နှလုံးသည်းပွတ်တို့သည် ရေလှိုင်းတိုက်စားခံရသော ကမ်းပါးသဖွယ် နာကျင်မှုကို ဆက်တိုက်ခံစားရသည်။
ယခုချိန်ထိ သူဟာ သုံးစားမရသည့်ကလေးတစ်ယောက်ထက် မပိုနိုင်သေးပါတကား။ မှိုင်းရဝေအရိပ်ကိုခိုပြီး ကာကွယ်ပါမည်ဟု တတွတ်တွတ်ရွတ်ဆိုနေသော ရယ်ချင်စဖွယ် ကလေးတစ်ယောက်အနေနှင့်ပင် ရှိနေပါသေးပါတကား။
စွန်ရဲလေးသည် မဝံ့မရဲဖြင့် သူ့ဘေးတွင် မားမားမတ်မတ်ရပ်ပေးနေသော မှိုင်းရဝေ​၏​ကျောပြင်ကို ကြည့်လျက် မျက်ရည်ဝဲတက်လာသည်။
မကာကွယ်​ပေးနိုင်လို့ စိတ်အားငယ်ရပါသည် ကိုယ့်သခင်....။
Thanks For Reading
Note
နောက်ကြောင်းပြန်တာက မရှည်မလိုလိုနဲ့ ရှည်နေတယ်။ နည်းနည်းလေး သည်းခံဖတ်ပေးပါဦးနော်။ ဇာတ်ရေလည်ဖို့ တူတူလိုက်ပါစီးမြောပေးကြပါဦးရှင်။ ကျေးဇူးပါ။ ဆာဒါးငှဲ....။
Zawgyi
"ကဲ...အိပ်ရအောင်လေ"
"ချစ်တယ် သခင်လေး...။ သိပ်ကိုချစ်ပါတယ်။"
You are reading the story above: TeenFic.Net