Part 33

Background color
Font
Font size
Line height

Unicode

၁၉၄၈ခုနှစ်၊ မြန်မာပြည်ကြီးလွတ်လပ်ရေးရပြီး ပြန်လည်ထူထောင်ရေးများ စတင်နေချိန်ဖြစ်သည်။ ရိုးမအတွင်း အခြေချနေသူများသာမက တောပုန်းများပင် အပြင်ပြန်ရောက်ကုန်ကြပြီဖြစ်သည်။ လူနည်းစုလောက်သာလျှင် ရိုးမအတွင်းကျန်လေသည်။

စစ်ကြီးလည်းပြီး၍ လွတ်လပ်ရေးရပြီဖြစ်သောကြောင့် မြိုင်စံအိမ်တော်၏သခင်ကြီး ဦးထွန်းလူသည် သားဖြစ်သူပညာရေးအတွက် ရိုးမမှထွက်ပြီး ပညာသင်စေလိုသောဆန္ဒရှိနေသည်။ သားဖြစ်သူမှာ ယခုဆိုလျှင် အသက်ဆယ်နှစ်ခန့်ရှိပြီဖြစ်သည်။ သို့သော် အတန်းပညာဟူ၍မရှိ။ ဦးကြီးသင်ပေးထားသော​ကြောင့် ရေးတတ်၊ ဖတ်တတ်ရုံအဆင့်ဖြစ်သည်။ အမှန်တကယ် အရေးကြီးသောအပိုင်းများ၊ အသိပညာဗဟုသုတများကို သားဖြစ်သူအားသင်ကြားပေးစေလိုသည်။ ထို့ကြောင့် မှိုင်းရဝေအား စာဖတ်ခန်းသို့သီးသန့်ခေါ်တွေ့ရင်း အကျိုးအကြောင်းရှင်းပြလေသည်။

"ဒီတော့ သားစာသင်ဖို့ဆန္ဒရှိတယ် မဟုတ်လား"

မှိုင်းရဝေသည် မျက်လွှာကိုချ လက်ကလေးနောက်ပစ်လျက် ငြိမ်သက်စွာနားထောင်နေရင်းမှ ခေါင်းမော့လာပြီး ဖခင်ဖြစ်သူအားကြည့်သည်။ သက်ပြင်းလည်းချသေး၏။ သူစာသင်ဖို့အတွက် ကန့်ကွက်စရာမရှိသော်လည်း တစ်ယောက်တည်းသင်လိုသောဆန္ဒမရှိ။ စွန်ရဲလေးကိုပါ ပညာတတ်စေချင်သည့်​ဆန္ဒ​ကြောင့် ပညာသင်ရမည်ကို မပျော်နိုင်ဖြစ်နေမိသည်။

"သားတစ်​ယောက်တည်းဆိုရင်​တော့ မသင်ချင်ဘူး ဖေဖေ။ စွန်ရဲလေးကိုပါ စာသင်စေချင်တယ်"

ဖခင်စည် သက်ပြင်းတစ်ချက်ရှိုက်ရင်း ခေါင်းတဆတ်ဆတ်ညိတ်သည်။ ဖြစ်နိုင်လျှင် သူလည်း စွန်ရဲလေးကိုစာသင်စေလိုပါသည်။ သို့သော် တစ်နေ့တခြား လုံးပါးပါးလာသော ပိုင်ဆိုင်မှုတွေကြောင့် ကလေးနှစ်ယောက်စားရိတ်ကို ထောက်ပံ့ဖို့ရန်မှာမလွယ်ကူလှ။ အကယ်၍ နှစ်ယောက်လုံးကျောင်းတက်ပါမူ ကျောင်းစားရိတ်မတတ်နိုင်သည်နှင့်ပင် နှစ်ယောက်စလုံး တစ်ဝက်တပျက်ကျောင်းနားကြရပေလိမ့်မည်။ ကိုယ်တိုင်လည်းအသက်ကကြီးပြီဖြစ်သောကြောင့် အလုပ်ထွက်လုပ်ဖို့ရာမစွမ်းသာ။ ဇရာကပြချေပြီ။ ရောဂါတို့ကလည်း နှိပ်စက်လာချေပြီ။ ထိုသို့ဖြစ်လာသည့်အခါ သားအရင်းကို ပညာအမွေပေးပြီး မွေးစားသားလေးအား ပြန်လည်စောင့်ရှောက်ခိုင်းစေခြင်းကား အဆင်ပြေပေမည်။ မွေးစားသားဟုဆိုသော်လည်း ထိုကလေးအား သားအရင်းနှင့်ထပ်တူချစ်ပါသည်။ ဂရုစိုက်ပါသည်။ မည်သို့ပင်ဖြစ်စေ အရေးကြုံလျှင် သွေးကသာစကားပြောသည်ဖြစ်သောကြောင့် မတင်မကျဖြစ်သောစိတ်ဖြင့် သားအရင်းဟာ အလေးတစ်ဖက်သာနေချေပြီဖြစ်သည်။

"ဖေဖေ့အတွက် သားတုိ့နှစ်ယောက်လုံးကို ကျောင်းထားဖို့ကျ သိပ်ခက်တယ်သားရယ်။ တကယ်လို့ သားလေးသာ ကျောင်းတက်ပြီးရင် စွန်ရဲလေးကို ပြန်စောင့်ရှောက်လို့ရတာပဲ မဟုတ်ဘူးလား။ သားကျောင်းပြန်လာရင်လည်း သူ့ကိုပြန်သင်ပေးလို့ရတယ်လေ။ အဲ့တော့ သားလည်းစာကျေပြီးသား မဖြစ်ဘူးလား"

"သားကျောင်းသွားတဲ့အချိန်ကျရင် စွန်ရဲလေးက တစ်ယောက်တည်း အိမ်မှာကျန်ခဲ့မှာ ဖေဖေရဲ့။ အဲ့ကျရင် သူဝမ်းနည်းမှာပေါ့"

"အိမ်မှာ ဖေဖေနဲ့ဦးကြီးတို့လည်း ကျန်ခဲ့မှာပဲ သားရယ်"

"ဒါပေမယ့် သားတို့ကခွဲမှမခွဲဖူးတာ။ စွန်ရဲလေးတော့ ငိုနေတော့မှာပဲ"

"မငိုပါဘူး ကိုကို"

စာကြည့်ခန်းတံခါးပေါက်ဝမှအသံခပ်စူးစူးကြောင့် မှိုင်းရဝေလှည့်ကြည့်မိတော့ စွန်ရဲလေးဖြစ်နေသည်။ သည်ကလေး ဘယ်အချိန်ကတည်းကရောက်လာပြီး နားထောင်နေပါသနည်း။ မှိုင်းရဝေအနားသို့ စွန်ရဲလေးကရောက်လာပြီး သူ့လက်ကိုဆွဲကိုင်သည်။ ဆယ်နှစ်အရွယ်ကောင်လေးနှင့် ခြောက်နှစ်ကျော်၊ ခုနစ်နှစ်အရွယ်ကောင်လေးတို့၏အရပ်သည် ထိုအချိန်ကတည်းက တန်းညီလုနီးပါးဖြစ်နေပြီ။

"ကိုကို စာတွေအများကြီးတတ်မှ သားကိုပြန်သင်ပေးလို့ရမှာလေ။ ဒီတော့ ကိုကိုစာသွားသင်ရင် သားမငိုပါဘူး"

မှိုင်းရဝေ ကရုဏာသက်စွာပင် ထိုကလေးအားထွေးပွေ့မိသည်။ သူ့ကိုယ်သူမွေးစားသားမှန်းသိသော ထိုကလေး၏မျက်ဝန်းများတွင် သိမ်ငယ်မှုတို့ကိုတွေ့ရတတ်သည်။ သိရခြင်းကားလည်း ဦးကြီးကြောင့်ဖြစ်သည်။ ဦးကြီးသည် မှိုင်းရဝေအပေါ် စွန်ရဲလေးသိတတ်စေရန်၊ အငယ်ဆိုပြီးအနိုင်ယူပြီးမဆိုးစေရန် ဘဝမှန်ကိုသိစေခြင်းဖြင့် စိတ်ဓာတ်တို့ကိုပြုပြင်စေခဲ့သည်။ အချိန်နှင့်အမျှ 'သခင်လေးကို သားကစောင့်ရှောက်ရမယ်နော်။ သူကသားကျေးဇူးရှင်'ဟူသော စကားများကိုလည်း ထပ်တလဲလဲပြောလေ့ရှိတတ်သည်။

စွန်ရဲလေး၏စိတ်ထဲတွင်လည်း ထိုစကားတို့ကို စွဲစွဲမြဲမြဲမှတ်သားထားမိသည်။ မည်သို့ပင်ဖြစ်စေ ထိုအရာတို့မရှိခဲ့လျှင်တောင် မှိုင်းရဝေကို သူအင်မတန်မှချစ်မြတ်နိုးပါသည်။ တန်ဖိုးထားပါသည်။ မေတ္တာဆိုသည်က ရောင်ပြန်ဟပ်တတ်သည့်သ​ဘောရှိသည်။။ ကိုယ့်အပေါ် မေတ္တာထားသည့်လူတစ်ယောက်အပေါ် မြတ်နိုးတွယ်တာစိတ်ဖြစ်မိခြင်းက ဆန်းကျယ်သည့်အရာတစ်ခု​တော့မဟုတ်။

"ကိုကို စာသင်မယ်မလား"

မှိုင်းရဝေ သူနှင့်ပခုံးချင်းယှဉ်နိုင်သည့်အရပ်ရှိသော ကောင်လေးကို ကလေးတစ်ယောက်သဖွယ် ကရုဏာသက်စွာကြည့်ရင်း ခေါင်းညိတ်လက်ခံမိပါတော့သည်။ ဖခင်ဦးထွန်းလူခမျာလည်း ယခုမှပြုံးနိုင်သည်။ ကလေးနှစ်ယောက်ကြားက ကြီးမားလှသော သံယောဇဉ်ကလည်း သူ့နှလုံးသည်းပွတ်တို့ကို လှုပ်နှိုးနေသလိုပင် ခံစားရသည်။

မိုးရနံ့သင်း​သော​လေ​ကြောင့် ညကားအေးစိမ့်၏။ မှိုင်းရဝေသည် သူ့ဘေးတွင် အိပ်နေသောကောင်လေးအား စောင်ထခြုံပေးမိသည်။ မိမိလေးနှစ်အရွယ်လောက်တုန်းက မိမိ၏စွန်ကလေးမှာ ဤကလေးဖြစ်သွားသည်ဟု ထင်ခဲ့သည်ကိုတွေးမိတော့ ပြုံးမိပြန်သည်။ တကယ်လည်း သူ့အတွက်တော့ဤကလေးဟာ စွန်လေးဖြစ်ပါသည်။ သို့သော် လေပေါ်ကိုတော့ သူဘယ်တော့မှလွှတ်မည်မဟုတ်။ လွှတ်မိလျှင် မတော်တဆပြတ်ကျသွားမည်ကို စိုးရိမ်ပါသည်။ ဖေဖေပြောသလိုဆိုရင်တော့ သူဟာစွန်ရဲလေး၊ မှိုင်းရဝေကတော့ ကောင်းကင်ပေါ့။ ဘာကြီးပဲဖြစ်နေပါစေ၊ အမြဲမခွဲဘဲ အတူရှိနေလျှင်တော်ပါပြီ။

"ကိုကို...နိုးနေတာလား"

မှိုင်းရဝေစောင်ခြုံပေးလိုက်သောကြောင့် သူနိုးသွားခြင်းဖြစ်မည်။ ထိုကလေးသည် ငယ်ငယ်ကတည်းက အအိပ်ဆတ်ပါတကား။ ငယ်ငယ်တုန်းကဆိုလျှင် မှိုင်းရဝေသူ့ဘေးနားမှ ထသွားမိသည်နှင့် အိပ်နေရာမှနိုးလာပြီး အော်ငိုတတ်သောသူဖြစ်သည်။ တစ်ချိန်လုံးကလေးတစ်ယောက်ပီပီနေထိုင်လာသော မှိုင်းရဝေသည် သူ့ထက်အငယ်ရောက်လာသောအခါတွင် အလိုလိုပို၍ ရင့်ကျတ်လာသည်။

"နောက်ကျနေပြီ အိပ်တော့။ အိပ်မပျော်ရင် သားခေါင်းပုတ်ပေးမယ်"

ပြောပြောဆိုဆိုနှင့် စွန်ရဲလေးသည် သူ့ကိုရင်ခွင်ထဲကောက်ထည့်ပြီး ခေါင်းပုတ်ပေးလေသည်။ ထိုအကျင့်ကား သူ့ဆီမှကူးစက်သွားသောအကျင့်ဖြစ်ပေမည်။ စွန်ရဲလေးအိပ်မပျော်သည့်အချိန်တိုင်း သူသည်လိုပင် သိပ်ပေးခဲ့ဖူးသည်မဟုတ်ပေလား။ သူ့အတွေးမဆုံးခင်မှာတင် သူ့ခေါင်းပေါ်မှအထိအတွေ့သည် ဆက်လက်လှုပ်ရှားခြင်းမရှိတော့ဘဲ ငြိမ်သက်သွားသောကြောင့် မော့ကြည့်မိတော့ မိမိကိုသိပ်နေသည့်သူက အရင်အိပ်ပျော်သွားပါသည်။ မှိုင်းရဝေရယ်ရုံသာတတ်နိုင်ပြီး စွန်ရဲလေးကိုပြန်ဖက်ကာ အိပ်လိုက်တော့သည်။

လပိုင်းခန့်ကြာသောအခါ မှိုင်းရဝေကျောင်းတက်ဖို့ကိစ္စဖြစ်လာခဲ့သည်။ မူလအစီအစဉ်အရ သူတို့မိသားစုတစ်စုလုံး မြို့သို့ပြောင်းမည်ဟု စဉ်းစားထားခဲ့သော်လည်း မြိုင်သခင်ကြီးဦးထွန်းလူ၏ ကျန်းမာရေးအခြေအနေကြောင့် ရွှေ့ပြောင်းဖို့ရာ မလွယ်ကူနိုင်ခဲ့ပေ။ ထို့ကြောင့် မှိုင်းရဝေကိုသာ ယုံကြည်စိတ်ချရသောအိမ်တော်ထိန်းတစ်ယောက်နှင့် မြို့သို့စေလွှတ်ပြီး ပညာသင်စေခဲ့သည်။ မှိုင်းရဝေအစကငြင်းသော်လည်း တစ်အိမ်လုံး၏ဆန္ဒမို့ အလျှော့ပေးပြီးမြို့တက်ခဲ့ရသည်။ အိမ်ကစထွက်သည့်နေ့က သူငိုခဲ့သော်လည်း စွန်ရဲလေးကမူမငို။ မျက်ရည်စတို့ကိုမြင်နေရပါလျက်နှင့် မျက်ရည်တစ်စက်မထွက်။ 'ကိုကိုစာတွေအများကြီးသင်ခဲ့နော်'ဟူသော စကားဖြင့်သာ နှုတ်ဆက်သည်။

ဤသို့နှင့် မြို့ကျောင်းတွင် ကျောင်းတက်စာသင်ရင်း အချိန်များကုန်ဆုံးစေခဲ့သည်။ စာရေးတတ်ဖတ်တတ်ပြီးသားဖြစ်သောကြောင့် သူကျောင်းစတက်ကတည်းက သုံးတန်းမှစတက်ခဲ့ရသည်။ ကျောင်းပိတ်ရက်နည်းနည်းရလျှင် ရိုးမသို့သူပြန်လေ့ရှိသည်။ ထိုအချိန်တွင် သူ့အားဝမ်းသာအားရကြိုဆိုတတ်သော စွန်ရဲလေးကြောင့် အမောပြေတတ်သည်။ ဖေဖေ၏ကျန်းမာရေးကတော့ တိုးတက်လာခြင်းမရှိ၊ ဒုံရင်းအတိုင်းပင်ရှိသည်။ သို့သော် ဆိုးဆိုးဝါးဝါးတော့မဖြစ်​သေး။

ကိုးတန်းနှစ်နွေရာသီတွင်တော့ မှိုင်းရဝေရိုးမသို့မပြန်ဖြစ်တော့ပေ။ နောက်နှစ်တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာများကြိုလေ့လာခြင်းဖြင့် အချိန်ကုန်စေခဲ့သည်။ သည်စာမေးပွဲပြီးလျှင် အိမ်၌တစ်သက်လုံးပြန်နေတော့မည်ဟူသောစိတ်က သူ့ကိုခွန်အားဖြစ်စေခဲ့သည်။

"အရပ်ကြီးရှည်လာလိုက်တာ။ ကိုကို့ကိုတောင် ကျော်နေပြီ"

ဆယ်တန်းပြီး၍ ရိုးမပြန်လာသောအခါတွင် စွန်ရဲလေးသည် သူ့ထက်အရပ်ပိုထွက်နေချေပြီ။ အနည်းဆုံး သုံး၊ လေးလက်မလောက်ကတော့ ကွာမည်ချည်းသာဖြစ်သည်။ အရပ်ကရှည်သော်လည်း ခန္ဓာကိုယ်ကတော့ ပိန်သည့်အထဲတွင်ပါသည်။ ညှပ်ရိုးများဆိုလျှင် ထောင်ထွက်နေသည်မှာ အဝေးကကြည့်လျှင်ပင် မြင်နေရမည်ဖြစ်သည်။ ဆံပင်တို့ကလည်း ဖရိုဖရဲဖြင့်ကုပ်ထောက်နေချေပြီ။ မျက်ကွင်းများညိုနေသည်ကတော့ လူမမာအဖေကြီးကိုပြုစုရသောကြောင့် အိပ်ရေးပျက်သည့်လက္ခဏာများကို ဆောင်နေခြင်းဖြစ်သည်။

"သခင်လေးက ချောလာလိုက်တာ။ အသားတော့နည်းနည်းညိုသွားတယ်"

'ကိုကို'ဟူသောနာမ်စားအစား 'သခင်လေး'ဟူသောနာမ်စားကြောင့် မှိုင်းရဝေမျက်မှောင်ကြုတ်လျက်သားဖြစ်သွားသည်။ မတွေ့ရသည့်နှစ်နှစ်အတွင်း စူးရှရှအသံလေးသည် သြတောရှတသည့်ဘက်သို့ပြောင်းသွားရုံမျှမက အခေါ်အဝေါ်အသုံးအနှုန်းကအစ ပြောင်းသွားပါပြီတကား။

"သခင်လေးလို့ဘာလို့ခေါ်တာလဲ။ ကိုကိုမကြိုက်တာကို"

ထိုသို့ရန်တွေ့မိတော့ သူကရယ်သည်။ သူ့ပုံစံမှရင့်ကျတ်လာခြင်း​တွေကို မြင်ရသည်။ မျက်လုံးအကြည့်တို့ကအစ စူးရှပြတ်သားနေသယောင်ယောင်။

"ကိုကိုလို့မခေါ်တော့ဘူး။ ကိုကိုလို့ခေါ်ရင် ကျွန်တော်ကပဲ သခင်လေးကိုမှီခိုနေမိလိမ့်မယ်။ ကျွန်တော် သခင်လေးကိုမမှီခိုချင်ဘူး။ ကျွန်တော်က စောင့်ရှောက်ချင်တာ။"

အနေဝေးလို့သွေးအေးသည်ဟုဆိုရမလား၊ လူကြီးဖြစ်လာလို့ပဲဆိုရလေမလား၊ မည်သို့ပင်ဖြစ်စေ မိမိမျက်စိထဲတွင် ကလေးတစ်ယောက်သဖွယ်မြင်သောကြောင့် ကျွန်တော်ဟူသောအသုံးအနှုန်းကလည်း နားထဲတွင် ကန့်လန့်တိုက်​နေသလိုပင်။

"ကိုကိုက အကြီးလေ။ စောင့်ရှောက်ရင်းစောင့်ရှောက် ကိုကိုကပဲစောင့်ရှောက်ရမှာပေါ့။"

"အဲ့လိုတော့မရပါဘူး။ ကျွန်တော့်ကိုစောင့်ရှောက်တယ်ဆိုတာက ငယ်ငယ်တုန်းက။ အခုက ကျွန်တော် လူကြီးဖြစ်လာပြီ။ သခင်လေးကိုပြန်စောင့်ရှောက်နိုင်ပြီ။ ကျွန်တော်က ငယ်ငယ်ကတည်းက သခင်လေးကို စောင့်ရှောက်ချင်ခဲ့တာပါ။ အခုတော့ ကိုယ်တိုင်စောင့်ရှောက်ခွင့်ရတော့မယ်"

စွန်ရဲလေးစကားကို သူနားမလည်နိုင်။ အထူးအဆန်းတွေကြားနေရသလိုဖြစ်နေသည်။ သူ့မျက်နှာရိပ်မျက်နှာကဲကို စွန်ရဲလေးက အလိုက်သိစွာ ပြန်ရှင်းပြသည်။

"သခင်လေး ကောလိပ်ဆိုတာကြီးတက်တဲ့အချိန်ကျရင် သခင်လေးနောက်ကိုလိုက်ဖုိ့ ကျွန်တော့်ကို ထည့်ပေးမယ်တဲ့။ အဲ့တာ ကျွန်တော်အခုလူကြီးဖြစ်လာလို့ ထည့်ပေးလိုက်တာမဟုတ်လား။ သခင်လေးအနားမှာ​နေချင်ရင် သခင်လေးကို စောင့်ရှောက်နိုင်မယ့်အရွယ်ရောက်မှဖြစ်တာမဟုတ်လား..."

စွန်ရဲလေးစကားကို မှိုင်းရဝေ ဟက်ဟက်ပက်ပက်ရယ်ရင်း ခေါင်းကိုမမီမကမ်းလှမ်းပုတ်မိသည်။

"အခုမှမင်းအသက်က ဆယ့်​ငါးနှစ် ဆယ့်ခြောက်နှစ်ပဲရှိသေးတယ်ဆိုတာ သိရဲ့လား။ လူကြီးသိပ်ဖြစ်ချင်မနေနဲ့။ ကဲ လာပါ။ အိမ်ထဲဝင်ရအောင်။ ဖေဖေတို့နဲ့တွေ့ရဦးမယ်"

မှိုင်းရဝေသည် စွန်ရဲလေးပခုံးကို လက်တစ်ဖက်ကဖက်ရင်း ပစ္စည်းတွေကို နောက်တစ်ဖက်က သယ်မည်ပြုတော့ စွန်ရဲလေးကလက်မခံ။ သူတစ်ယောက်တည်းသာ အကုန်သယ်သွားပြီး အခန်းထဲသွားထားသည်။ တကယ့်လူကြီးလေးဖြစ်နေပါပေါ့လား။

ထိုနေ့ညကလည်း သူနှင့်အတူစွန်ရဲလေးလာမအိပ်တော့ချေ။ မှိုင်းရဝေခန့်မှန်းချက်အရ ဦးကြီးစနက်သာဖြစ်ပေမည်။ ဦးကြီးကိုယ်တိုင်ကလည်း ဖေဖေ့ကိုအနီးကပ်ပြုစုစောင့်ရှောက်သူဆိုတော့ သူ့ကိုလည်း စွန်ရဲလေးကစောင့်ရှောက်စေချင်ပုံရသည်။ ထို့ကြောင့်လည်း သူပြန်မလာနိုင်သည့်အချိန်အတွင်း အဆင့်အတန်းဟူသောတံတိုင်းတစ်ခုကို ခြားလိုက်ဟန်တူပါရဲ့။

"ကိုကိုတို့ ရွာဘက်သွားကြရအောင်။ အဲ့ကမုန့်လက်ကောက်ကို အရမ်းသတိနေတာ"

ပြန်ရောက်ရောက်ချင်းသတိရမိသည်က ငယ်ငယ်ကစွန်ရဲလေးနှင့်အတူ ခဏခဏသွားဝယ်စားဖူးသော ထိုအရာပင်ဖြစ်သည်။

"သခင်လေးသွားရာ ကျွန်တော်ကလိုက်မှာပေါ့"

တသခင်လေးတည်း သခင်လေးနေသောစွန်ရဲလေးကို သူဘာမှထပ်မပြောနိုင်တော့ချေ။ သဘောရှိသည့်အတိုင်းသာခေါ်စေတော့သည်။ မှိုင်းရဝေမတားတော့သည့်အတွက် စွန်ရဲလေးလည်းစိတ်ချမ်းသာမိသည်။ သူနှင့်မှိုင်းရဝေတို့ခွဲခဲ့ရသည့်အကြောင်းရင်းကား သူသည် မှိုင်းရဝေကိုမစောင့်ရှောက်နိုင်သေးသောကြောင့် ဖြစ်သည်။ မကာကွယ်ပေးနိုင်သောကြောင့်ဖြစ်သည်။ ထိုအရာတို့မှသင်ခန်းစာယူကာ သူမြန်မြန်ရင့်ကျတ်ဖို့ကြိုးစားသည်။ ဖေဖေ့အနားတွင်ဦးကြီးနေရသည်မှာ သခင်ကြီးဟုခေါ်ပြီး စောင့်ရှောက်ပေးသောကြောင့်ဟု သူထင်သည်။ သူကလည်း မှိုင်းရဝေအနားတွင်နေချင်သောကြောင့် ဦးကြီးခေါ်သလို သခင်လေးဟုခေါ်ကာ အမြဲကာကွယ်စောင့်ရှောက်နိုင်မှ ဖြစ်မည်ဟူသောအတွေးက ခန္ဓာကိုယ်တစ်ခုလုံးကိုသာမက စိတ်များကိုပင် တိုက်စားထားလေတော့သည်။

နှစ်ယောက်သား ရွာထဲဝင် မုန့်လက်ကောက်စားပြီးတော့လည်း မပြန်နိုင်သေးဘဲ ရွာကိုပတ်ကြပြန်သည်။ ဒိုးပစ်သောကလေးများတွေ့လျှင်လည်း အရဝင်ကြည့်ကြသေးသည်။

"ဒီတစ်ခေါက် တောင်ကုန်းပေါ်က စုန်းအဘိုးကြီးဆီသွားဖို့ မပူဆာတော့ဘူးလား"

မှိုင်းရဝေ၏မေးခွန်းကို သူကတက်ကြွစွာပြန်ဖြေသည်။

"သခင်လေးသွားရင်လိုက်မှာပေါ့။ ဒါပေမဲ့ ငယ်ငယ်တုန်းကလို ထွက်မပြေးတော့ဘူး။ ကျွန်တော်က သခင်လေးရှေ့ကနေ ကာကွယ်ပေးမှာ"

"မင်းကိုဘယ်သူက အတင်းကာကွယ်ခိုင်းနေလို့လဲ။ ကာကွယ်မယ်ဆိုတာချည်းပဲပြောနေတယ်။"

"ကျွန်တော်က သခင်လေးကို ကာကွယ်စောင့်ရှောက်နိုင်မှ သခင်လေးအနားမှာ နေခွင့်ရမှာလေ။ မဟုတ်ရင် အိမ်မှာထပ်ကျန်ခဲ့ဦးမှာ။ ကျွန်တော်အရမ်းအထီးကျန်နေခဲ့တာ။ သခင်လေးကိုလည်း အရမ်းသတိရတယ်။ ညဘက်တွေဆို တော်တော်နဲ့အိပ်မပျော်ဘူး။ မနှစ်ကနွေပေါက်တုန်းကဆိုရင် သခင်လေးများ ကျွန်တော့်ကိုသတိရပြီးပြန်လာမလားလို့ တောလမ်းလေးထဲ မျှော်ရတာ လည်ပင်းတွေတောင်နာတယ်။"

မှိုင်းရဝေစိတ်မကောင်းဖြစ်မိသွားသည်။

"ကိုကို မနှစ်ကပြန်မလာနိုင်ကြောင်း အိမ်ကိုစာထည့်ပေးခဲ့တယ်လေ။ စွန်ရဲလေးအတွက်တောင် မြို့က စားစရာတွေ ထည့်ပေးလိုက်သေးတာ၊ မရဘူးလား"

"ရပါတယ်။ ဒါပေမဲ့ ကျွန်​တော်က သခင်​လေးနဲ့မှ အတူတူစားချင်တာ​လေ။ သခင်​လေးက ပြန်မလာတော့ ကျွန်တော်တစ်​ယောက်တည်းစားနေရမှာ။ အဲ့တာကြောင့် ဟင်းချက်တဲ့အဒေါ်ကြီးကို ပေးလိုက်တယ်။"

စမ်းရေစီးသံနှင့်သစ်ရွက်များအပေါ် ဖိနင်းသွားသောခြေသံများမှအပ အရာရာသည် ပြန်တိတ်ဆိတ်သွားသည်။​အ​နေ​ဝေးပြီးနော် သူ့အပေါ်အေးစက်သွားပြီထင်ခဲ့သော်လည်း အမှန်တကယ်၌ ရင့်ကျတ်ဖို့ကြိုးစားပြီး ကလေးဆန်နေသေးသည့်စိတ်ကလေးနှင့် ကောင်လေးပါလေ။ သူ့အနား၌အမြဲလိုလို တွယ်ကပ်နေတတ်သည့်ကောင်လေးပါပဲလေ။ အခေါ်အဝေါ်၊ အသုံးအနှုန်းများပြောင်းချင်ပြောင်းသွားမည်။ သူ့အပေါ်ထားသည့်သံယောဇဉ်ကတော့ တစ်စိုးတစိမှ ပွန်းပဲ့ခြင်းမရှိခဲ့ပါတကား။

"ညကျရင် ကိုကိုနဲ့လာအိပ်လေ။ ကိုကိုတို့နှစ်ယောက်အတူမအိပ်ရတာ ဘယ်လောက်ကြာပြီလဲ"

"သခင်နဲ့သက်တော်စောင့်ဆိုတာ တူတူအိပ်လို့မရဘူးတဲ့ သခင်လေးရဲ့"

စွန်ရဲလေးစကားတစ်ခွန်းပြန်ပြောတိုင်း သူ့ခမျာ သက်ပြင်းမချဘဲ မနေနိုင်အောင် ပင်ပန်းလွန်းလှသည်။

"ကိုကိုတို့ကြားမှာ အဲ့စည်းတွေမထားနဲ့ကွာ။ မဟုတ်ရင် မင်းကို ကိုကိုဘယ်တော့မှ မခေါ်ဘဲနေလိုက်တော့မှာ"

"စိတ်တော့မဆိုးပါဘူး။ သခင်လေးသဘောအတိုင်းနေပါ့မယ်"

"အေး...အဲ့တာဆို သခင်လေး၊ သခင်လေးဆိုပြီးခေါ်တဲ့အကျင့်ကိုပါ တစ်ခါတည်းဖျောက်ထား။"

စွန်ရဲလေးခေါင်းငိုက်စိုက်ချသွားသည်။ နောက်ပြီး ခေါင်းအသာယမ်းရင်း လေသံတိုးဖွဖွဖြင့်ပြန်ဖြေသည်။

"သခင်လေးလို့ပဲ ခေါ်ပါရစေ။ ကျွန်တော်က သခင်လေးရဲ့ညီတစ်ယောက် ထပ်မဖြစ်ချင်တော့ဘူး။ အဲ့ကျရင် ကျွန်တော့်ကိုပဲ သခင်လေးက ကာကွယ်နေရမှာ..."

"ကဲ..အဲ့စကားကိုတော်ပါတော့ကွာ။ စွန်ရဲလေး သဘောပဲ။ ကိုကိုဘာမှမပြောတော့ဘူး။ အခုတော့ နေ့လယ်စာစားချိန်အမီ အိမ်ကိုပြန်လျှောက်ကြတာပေါ့"

သူအိမ်ပြန်ရောက်ပြီးရက်အနည်းငယ်ကြာသည့်အခါ သူနှင့်စွန်ရဲလေးတို့ ပြန်လည်ရင်းနှီးလာကြသည်။ စကားပြောရ သိပ်လက်ပေါက်မကပ်တော့ပေ။ အရင်လို ပွင့်ပွင့်လင်းလင်း ပြုံးပြုံးပျော်ပျော်ပြန်ဖြစ်လာသည်။ နေ့စဉ်နေ့တိုင်းလိုလို နှစ်ယောက်သား တောထဲပတ်သွားကြသည်။ စွန်ရဲလေးသည် ရိုးမအထာကို အတော်ကျွမ်းကျင်နေပြီဖြစ်သောကြောင့် အမဲလည်းလိုက်နိုင်နေပြီဟု ဦးကြီးဆီမှပြန်ကြားရသည်။ ယနေ့လည်း သူငှက်ပစ်သွားမည်ဆိုပြီး လေသေနတ်တစ်လက်ကိုင်ကာ ပလိုင်းတစ်လုံးခါး၌ချိတ်လျက် အိမ်ထဲကထွက်သွားသည်။

"စွန်ရဲလေး ဘယ်လဲ။ ကိုကိုလိုက်မယ်လေ"

စွန်ရဲလေးသည် သူ့နောက်မှပြေးလိုက်လာသော မှိုင်းရဝေအား ချက်ချင်းလှည့်ကြည့်ရင်းစောင့်သည်။ သူ့မျက်ဝန်းအတွင်း သခင်လေးမှိုင်းသည် အင်မတန်မှချစ်စဖွယ်ကောင်းသည်။ အပြုံးလေးတစ်ခုကလည်း သူ့မျက်နှာတွင်အမြဲတစေကပ်ပါနေသည်။ ထိုအပြုံးက စွန်ရဲလေး၏စိတ်နှလုံးပျော်ရွှင်မှုဖြစ်သည်။

"ကိုကို့ကိုမခေါ်ဘဲ တစ်ယောက်တည်းဘယ်သွားမလို့လဲ"

"ငှက်သွားပစ်မလို့"

လက်ထဲကလေသေနတ်ကိုမြှောက်ပြရင်းဖြေလေသည်။ မှိုင်းရဝေချက်ချင်းပင် စွန်ရဲလေးလက်ထဲမှ သေနတ်ကိုလုပြီး ခြုံတစ်ခုထဲသို့လွှတ်ပစ်လိုက်သည်။ ရုတ်တရက်လုပ်လိုက်ခြင်းဖြစ်၍ စွန်ရဲလေးခမျာ အံ့သြလျက်သာရှိသည်။

"ငှက်စားချင်ရင် ရွာဘက်မှာ မီးခိုးကျပ်တိုက်ထားတာတွေရောင်းတယ်။ ကိုကိုဝယ်ကျွေးပါ့မယ်။ ကိုယ်တိုင်တော့မသတ်ပါနဲ့။ ငရဲကြီးတယ်"

"ကျွန်တော်က စားချင်လို့မဟုတ်ပါဘူး။ ဒီအတိုင်း အပျင်းပြေလိုက်ပစ်ရုံပါ"

ထိုစကားကို မှိုင်းရဝေပိုပြီးအလိုမကျဖြစ်ရသည်။ ကိုယ့်စိတ်ပြေရာပြေကြောင်းအတွက် တစ်ပါးသူအသက်ကို အဘယ်ကြောင့်သတ်ချင်ရပါသနည်း။

"မပစ်ရဘူး။ မင်းပစ်လိုက်တဲ့ငှက်ကလေး​သေသွားရင် သူ့အဖော်လေး ဝမ်းနည်းနေမှာပေါ့။"

"ငှက်တွေကဝမ်းနည်းတတ်လို့လား သခင်လေးရဲ့"

"သတ္တဝါတွေမှာလည်း ခံစားချက်ရှိတယ် စွန်ရဲလေးရဲ့။ ကိုကိုတို့လူတွေဟာလည်း သတ္တဝါထဲက သတ္တဝါပဲ။ ကိုကိုတို့တောင် ခံစားချက်ရှိရင် သူတို့လည်း ခံစားချက်ရှိမှာပဲ မဟုတ်ဘူးလား။ ကိုယ်ချင်းစာစိတ်ရှိရတယ် စွန်ရဲလေးရဲ့။ မတော်လို့ ကိုကိုသေသွားရင် စွန်ရဲလေးလည်း ဝမ်းနည်းမှာပဲ မဟုတ်ဘူးလား"

"သခင်လေးက ဘာကိစ္စသေရမှာလဲ။ မသေရပါဘူး။ ကျွန်တော်ရှိနေတာကို ဘာလို့သေရမှာလဲ။"

မှိုင်းရဝေက ဥပမာအနေဖြင့်ပြောသော်လည်း စွန်ရဲလေးကမူ အပူတပြင်းဖြစ်လျက် အသံကျယ်ကျယ်ဖြင့်ငြင်းနေသည်။

"ကိုကို သဘောပြောပြတာပါ။ အဲ့လောက်ကြီး စိတ်လှုပ်ရှားစရာ လိုလို့လား"

"ကျွန်တော်ရှိနေလျက်နဲ့တော့ သခင်လေးက သေစရာမှမလိုတာ။ ကျွန်တော်က ဒီအတိုင်းထိုင်ကြည့်နေမယ်ထင်တာလား"

"အဲ့ကိစ္စကိုဘာလို့ အသည်းအသန်ဖြစ်နေရတာလဲ။ လူဆိုတာက တစ်နေ့ကျရင် သေရမှာပဲမဟု​တ်လား။ ဘယ်သူမှတားဆီးနိုင်မှာမဟုတ်ဘူးလေ"

မှိုင်းရဝေရှင်းပြ​နေစဉ်ပင် စွန်ရဲလေးမျက်ဝန်းအိမ်မှ မျက်ရည်တို့သည် အတားအဆီးမရှိဆက်တိုက်စီးဆင်းလာတော့သည်။ မှိုင်းရဝေလည်း ဘာလုပ်ရမှန်းမသိ တောင့်ခဲသွားမိသည်။ ထို့နောက် စွန်ရဲလေးပခုံးတစ်ဖက်ကိုဆုပ်ကိုင်ရင်း အကြောင်းအရင်းကိုမေးရတော့သည်။ သူမရှိသည့်အတောအတွင်းဘာတွေများဖြစ်ခဲ့၍ စွန်ရဲလေးယခုလိုဖြစ်နေရပါသနည်း။

"စွန်ရဲလေး...ဘာလို့ငိုတာလဲ။ ကိုကိုဘာလုပ်မိလို့လဲ။ မငိုနဲ့လေ...။ ဒီလို မျက်ရည်မလွယ်ရဘူးလေ ကောင်လေးရဲ့.. သိရဲ့လား။ မင်းကတကယ့်ကို အခုထိ ကလေးပါကွာ"

"ကျွန်တော်ကလေးမဟုတ်တော့ဘူး။ လူကြီးဖြစ်နေပြီ။ သခင်လေးကို ကာကွယ်နိုင်နေပြီ"

ရှိုက်သံတစ်ဝက်နှင့် လူကိုအရပြန်ပြောသေးသည်။

"ကဲ...လာ လာ။ ဟိုသစ်ပင်နားခဏသွားထိုင်ရအောင်"

စွန်ရဲလေးကိုလက်ဆွဲခေါ်ပြီး သစ်ပင်တစ်ပင်အောက်၌ထိုင်ခိုင်းသည်။ ထို့နောက် သစ်ရွက်တစ်ရွက်ကို အလယ်၌ချိုင့်စေပြီး ကတော့ပုံသဏ္ဍာန်ပြုလုပ်ကာ စိမ့်စမ်းရေအနည်းငယ်ပြေးခပ်ပြီး စွန်ရဲလေးကိုသောက်စေလိုက်သည်။ ရေသောက်ပြီးတော့မှ မှိုင်းရဝေလည်း သူ့စိတ်ထဲတစ်မျိုးဖြစ်နေသည့်အရာကို မေးရတော့သည်။

"စွန်ရဲလေးကို ကိုကိုမေးစရာရှိတယ်"

"....."

"ကိုကိုမရှိတုန်း စွန်ရဲလေးကို ဘယ်သူကဘာတွေပြောလို့ အခုလိုဖြစ်နေရတာလဲ။ ဦးကြီးက ဘာတွေပြောထားသေးလို့လဲ"

"ဦးကြီးက သခင်လေးကို စောင့်ရှောက်ဖို့ပဲပြောတာပါ။ ဒါပေမဲ့... "

ဒါပေမဲ့ဆိုသောနောက်ကစကားကိုပြောရန် သူအားအနည်းငယ်ယူနေရပုံရှိသည်။ မှိုင်းရဝေလည်း ငြိမ်သက်စွာပင်စောင့်စားနေလိုက်သည်။

"ဒါပေမဲ့....သခင်လေးပြန်မလာတဲ့နွေရာသီတုန်းက ကျွန်တော် ရွာထဲကို တစ်ယောက်တည်း ခိုးထွက်ခဲ့တယ်။ အဲ့မှာ တောင်ကုန်းထိပ်က စုန်းအဘိုးကြီးအိမ်ကိုလည်း သွားခဲ့သေးတယ်။"

"အို..."

စိုးရိမ်မှုဖြတ်ပြေးသွားသော အာမေဋိတ်တစ်ခု သူ့နှုတ်မှ ထွက်လိုက်မိသည်။

"ကျွန်တော် အဲ့မှာ အဘိုးကြီးကိုတွေ့ခဲ့တယ်။ သူက ကျွန်တော့်ကိုမေးတယ်။ ထွက်မပြေးတော့ဘူးလားတဲ့"

"သူမှတ်မိနေတာလား"

"ဟုတ်တယ် သခင်လေး။ ကျွန်တော်တို့နှစ်ယောက် ခိုးဝင်ခဲ့တာကို သူမှတ်မိနေခဲ့တယ်။ သူက​ပြောတယ်။ ကျွန်တော်ချစ်ရတဲ့သူတစ်ယောက်မှာ သေကိန်းမြင်တယ်တဲ့။ ကျွန်တော့်မှာ ချစ်ရတဲ့သူဆိုလို့ သခင်လေးပဲရှိတာလေ..."

"အဲ့အဘိုးကြီးကရူးနေတာပါ စွန်ရဲလေးရယ်။ စိတ်ထဲမထားပါနဲ့"

"သူကပြောတယ်။ အခုနှစ်ကစပြီး သခင်လေးအနားကနေ ကျွန်တော်ခွာမသွားမိပါစေနဲ့တဲ့။ ရက်ပိုင်းလောက်ကွဲကွာသွားတာနဲ့ ကျွန်တော်တို့နှစ်ယောက်သေကွဲကွဲရမယ်တဲ့"

"မဟုတ်တာပဲ။ အဲ့တာတွေ ကိုကိုမယုံပါဘူး။ ကံကြမ္မာကို ဘယ်သူကမှဖန်တီးတာမဟုတ်သလို ဘယ်သူကမှလည်း အနာဂတ်ကိုကြိုမသိနိုင်ပါဘူး"

မှိုင်းရဝေမည်သို့ပင် ဖျောင်းဖျပါစေ၊ စွန်ရဲလေး လက်မခံ။ အစိုးရိမ်လွန်မြဲဖြစ်သည်။ နောက်ဆုံးတော့ ဖျောင်းဖျဖို့မကြိုးစားဘဲ သူစိတ်ချမ်းသာအောင်ပြောဖို့သာဆုံးဖြတ်ပြီး စုတ်ဖွာလှသည့်ဆံပင်တွေကို ဆွဲဖွပစ်လိုက်သည်။

"အဲ့လောက် ကိုကို့နားမှာနေချင်ရင် အမြဲနေ။ ဟုတ်ပြီလား။ ဘယ်တော့မှမခွဲဘူး...ကတိပေးတယ်။"

သူ့ကိုယ်သူလူကြီးဟုသုံးနှုန်းနေပါသော်လည်း ကလေးများကတိပေးသဖွယ်လက်ချင်းချိတ်ပြီး ကလေးပေးခိုင်းပြန်ပါသည်။ မှိုင်းရဝေလည်း သူ့စိတ်တိုင်းကျ လက်ချင်းချိတ် ကတိပေးလိုက်ပြီး...

"ကတိပေးပြီးပြီနော်၊ ဘာမှစိတ်မပူနဲတော့။"

ထိုမှ နှစ်ယောက်သားငြိမ်းချမ်းရေးရရှိသွားပြီး တောထဲလျှောက်လည်ကြသည်။ စွန်ရဲလေးကိုကောက်ရခဲ့သည့် စမ်းချောင်းလေးနားလည်း သွားထိုင်ကြသည်။ ရှေးဟောင်းနှောင်းဖြစ်များ ပြန်ပြောကြသည်။ အရာအားလုံးသည် ပုံမှန်အတိုင်း အပြောင်းအလဲမရှိ ဆက်လက်ရှင်သန်ဆဲ၊ သာယာဆဲဖြစ်သည်။

မုန်တိုင်းနောက်တွင် လေပြည်ပါသလို လေပြည်တစ်ခု၏နောက်၌လည်း မိုးသက်လေပြင်းတစ်ခုပါလာတတ်သည်။ လောကနိယာမအရ ဘဝဆိုသည်က နိမ့်ချည်မြင့်ချည်ရှိမည်သာဖြစ်သည်။ တည်ငြိမ်နေသောဘဝဟူ၍ မည်သူ့ထံတွင်မှမရှိ။ ပြဿနာတစ်ခုမဟုတ် တစ်ခုကတော့ ကြုံရဆုံရမည်သာဖြစ်သည်။ ပြဿနာကြီးကြီးဖြစ်မလား၊ သေးသေးပဲဖြစ်မလားဆိုတာကတော့ ကိုယ့်ဆုံးဖြတ်ချက်နှင့် ရင်ဆိုင်ပုံအပေါ် မူတည်မည်ဟုထင်သည်။

"သခင်ကြီးဆုံးပြီ သားရယ်..."

ခုတင်ပေါ်၌ အသက်မဲ့နေသောဖခင်၏ခန္ဓာကိုယ်မှ သွေးကြောများကို ဦးကြီးကိုယ်တိုင်စမ်းသပ်ပြီး မျက်ရည်စမ်းစမ်းဖြင့် ပြောလာသောအခါ မှိုင်းရဝေကမ္ဘာတစ်ခုလုံး ဆိတ်သုဉ်းသွားသည်။ အရာအားလုံးသည် အဖြူအမဲတွေဟု ထင်ရလောက်သည်အထိ ရုပ်ထွက်မကောင်းတော့ချေ။ နားထဲ၌အသံတို့ကလည်းဝိုးတဝါး။

'ဖေဖေ'ဟုပင် ကျယ်ကျယ်မခေါ်နိုင်ဘဲ လေတိုးသံသာသာဖြင့်​ခေါ်ကာ ခုတင်ဘေး၌ ဒူးထောက်လျက်ထိုင်ချမိသည်။ မျက်ရည်ပူတို့ကလည်း အဆက်မပြတ်ကျဆင်းလာချေပြီ။

"သခင်လေး..."

နားထဲသို့တိုးဝင်လာသောစွန်ရဲလေး၏ အသံခပ်သဲ့သဲ့ကြောင့် မဝံ့မရဲပြန်ကြည့်မိတော့ သူ့မျက်လုံး၌လည်း မျက်ရည်များပြည့်လျှံနေသည်။ မှိုင်းရဝေ သူ့အားတင်းကျပ်စွာပွေ့ဖက်တော့ သူကပြန်လည်ပွေ့ဖက်ထားပေးသည်။ သို့သော် သူမငိုခဲ့။ သူ့ထံတာဝန်ကျရောက်လာသော ရင်ခွင်ထဲကလူသားငယ်ကို ကာကွယ်ဖို့သာ စဉ်းစားတွေးတောနေခဲ့သည်။

ဦးထွန်းလူ၏ အသုဘပြီးစီးသွားနောက် အရာရာသည် တစ်ဖန်ငြိမ်သက်သွားပြန်သည်။ ရယ်သံမောသံတို့ပျောက်ကွယ်နေသည်မှအပ နေ့ရက်တို့က ပုံမှန်လည်ပတ်ဆဲဖြစ်သည်။

သို့​သော် ရွှေတောင်ကြီးပြိုသောအခါဝယ် မလိုတမာရှိသူများက အခွင့်အခါချောင်း၍ ရောက်လာကြတော့မည်သာ။

Thanks For Reading

Zawgyi





You are reading the story above: TeenFic.Net