Part 32
Background color
Font
Font size
Line height
Unicode
ပဲခူးရိုးမတစ်ခွင်၌ ကျေးငှက်သံများနှင့် စမ်းရေစီးကြောင်းတို့၏အသံများက သဘာဝကျကျ မြိုင်နေကြသည်။ တစ်ကမ္ဘာလုံး၌ဖြစ်နေသော စစ်ပွဲကြီးအား သူနှင့်မဆိုင်သလို ဥပေက္ခာပြုထားသောနေရာဟုပင် ခံစားရစေသည်။
ဤတွင် သားကိုရင်ဝယ်ပိုက်လျက် ခြေလှမ်းတုံ့နှေးနှေးဖြင့် ခြေဦးတည့်ရာသွားနေသော မိန်းမတစ်ဦးလည်းရှိ၏။ မည်မျှပင် ငြိမ်သက်သောပတ်ဝန်းကျင်၊ မည်မျှပင် ရင်အေးစေသောနေရာဖြစ်ပါမူ၊ သူ(မ)ရင်အတွင်း၌တော့ ငရဲကျနေသလိုခံစားနေရပါသည်။ ယခုအချိန်ထိ သူ(မ)ရှေ့တွင် လင်ဖြစ်သူသေဆုံးသွားသည်ကို မယုံနိုင်သေး။ အဝေးကမို့ အမြင်မှားတာဖြစ်နိုင်သည်ဟု ဖြေသိမ့်သော်လည်း အလိမ်အညာဖြစ်ကြောင်း ကိုယ်တိုင်သာသိသည်။
လင်ဖြစ်သူစေလွှတ်လိုက်သော မြိုင်စံအိမ်တော်သို့ရောက်သည်နှင့် သားငယ်ကိုခေတ္တမျှထားခဲ့ပြီး ရန်ကုန်သို့်အရောက်ပြန်မည်။ လင်ဖြစ်သူကိုအရရှာမည်။ ပြီးမှ ဤနေရာကိုပြန်လာမည်ဟု ဆုံးဖြတ်ပြီးနောက် ခြေလှမ်းတို့ကပိုသွက်လာသည်။ သို့သော် ထိုမြိုင်စံအိမ်တော်ဆိုသောနေရာကို ဤတောနက်အတွင်း မည်သို့ရှာရပါမည်နည်း။ ကိုမောင့်ပြောချက်အရဆိုလျှင် မြိုင်စံအိမ်တော်၏ပိုင်ရှင်သည် သစ်တောအရေးပိုင်တစ်ယောက်ဖြစ်ခဲ့ဖူးသည်။ ကိုမောင်နှင့်လည်း ကျောင်းတက်စဉ်က အင်မတန်ရင်းနှီးခဲ့သောမိတ်ဆွေဖြစ်သည်။ ယခု၌ မြိုင်စံအိမ်တော်ပိုင်ရှင်သည် နိုင်ငံရေးရာတို့ကြောင့် အရေးပိုင်နေရာမှအနားယူပြီး ရိုးမတော၏ဆိတ်ငြိမ်လှသောတစ်နေရာ၌ ငြိမ်းငြိမ်းချမ်းချမ်းနေနေလေသည်။
"အဟင့်...အဟင့်..."
အတွေးပေါင်းများစွာကို ရပ်တန့်စေလိုက်သော သားငယ်၏ငိုသံ။ ရီရီဇော်တစ်ယောက်လည်း ပင်ပန်းလွန်းလှပြီဖြစ်သောကြောင့် သစ်ပင်တစ်ပင်အောက်၌ထိုင်ကာ ကလေးကိုနို့ချိုတိုက်ကျွေးရင်း အနားယူမိသည်။ သူ(မ) ရိုးမထဲရောက်နေသည်မှာ တစ်ရက်ကျော်ပြီဖြစ်သော်လည်း နည်းနည်းမျှပင်မနားရသေး။ ဒီဇင်ဘာဆောင်း၏ အအေးဒဏ်ကိုလည်း တစ်ညတာအလူးအလဲ ခံပြီးပြီဖြစ်သောကြောင့် ကလေးတစ်ယောက်ကိုပိုက်လျက်ပင် မြိုင်စံအိမ်တော်ကို အလျင်အမြန်ရှာနေခဲ့သည်။ စိတ်ကအားအင်အပြည့်ရှိသေးသော်လည်း ခန္ဓာကတော့အားနည်းနေပြီမို့ သားငယ်ကို နို့တိုက်ရင်း မှေးခနဲအိပ်ပျော်သွားသည်။ သူ(မ)နိုးချိန်တွင် နေပင်ခေါင်းကျော်နေချေပြီ။ ကလေးငယ်ဟာလည်း သူ့လက်အတွင်း အိပ်ပျော်နေဆဲရှိသည်။
နားအတွင်း ဖြည်းဖြည်းချင်းစီးဝင်လာ​သော စမ်းရေသံ​ကြောင့် ရီရီဇော်အာခေါင်တွေခြောက်လာသည်။ ထို့ကြောင့် သားဖြစ်သူကို အသာအယာပွေ့ချီရင်း ရေရှိမည့်နေရာကိုလိုက်ရှာသည်။
သိပ်မကြာမီပင် သူ(မ) စမ်းချောင်းကိုတွေ့သည်။ တောတွင်းလိုဏ်ဂူတစ်ခုခုမှ ဖြတ်ပြီးစီးဆင်းလာခြင်းဖြစ်မည်။ ရေကခပ်တိမ်တိမ်ဆိုပေမဲ့ ကျောက်ခဲအများအပြားရှိနေသဖြင့် ရေကြည်သည်။ သစ်ရိပ်ဝါးရိပ်ကြောင့်​ပေလားမသိ ၊ စိမ်းနေသည်ဟုပင် ခံစားမိသည်။
ရီရီဇော်သည် ကလေးကို မလှမ်းမကမ်းသစ်ပင်အောက်တွင် အသာချပြီး စမ်းချောင်းမှရေကိုအဝသောက်သည်။ ကိုယ်လက်သန့်စင်၊ မျက်နှာသစ်လိုက်ပြီးနောက် အတော်လန်းဆန်းသွားသည်။ လက်မှရေများကိုခါပြီး ထအမည်အပြု သူ(မ)အနားသို့ သေနတ်များကိုယ်စီဖြင့် ရောက်လာသောလူတစ်စုကြောင့် အတော်လေးထိတ်လန့်သွားမိသည်။ ကြည့်ရသည်မှာ တောပုန်းများ (သို့မဟုတ်) ဓားပြများဖြစ်မည်။ သူ(မ)အလစ်ပြေးမည်အလုပ် နဖူးတည့်တည့်သို့ အေးစက်စွာထိတွေ့လာသော သေနတ်ပြောင်းဝကြောင့် ငြိမ်သက်စွာရပ်နေလိုက်ရတော့သည်။
"မင်းဒီတောထဲမှာ ဘာလုပ်နေတာလဲ။ မျက်နှာဖြူတွေဘက်က သူလျှိုလား။"
နဖူး၌သေနတ်တေ့ကိုင်ထားသောသူသည် သူ(မ)ကို သူလျှိုဟု ထင်နေခြင်းဖြစ်မည်။ ရီရီဇော့်မိခင်သည် ဆောင်ကြာမြိုင်မယ်တစ်ယောက်မို့ မျက်နှာဖြူတစ်ယောက်နှင့်မကအိပ်ဖူးချေမည်။ ရီရီဇော့်ဖခင်သည် မည်သူဆိုတာပင် ရီရီဇော်ပင်မသိခဲ့။ သို့သော် မျက်နှာဖြူသွေးပါပုံရသောရီရီဇော်သည် မြန်မာ့ထုံးတမ်းအညီဝတ်ဆင်သော်လည်း ဖြူဖပ်ဖပ်နှင့်နှာတံချွန်ချွန်၊ မျက်ဝန်းညိုညိုတို့ကြောင့် အင်္ဂလိပ်ဘက်မှဟု ထင်လည်းထင်လောက်စရာဖြစ်သည်။ စိုးမောင်နှင့်အကြောင်းပါခဲ့ခြင်းမှာလည်း ရီရီဇော် မိခင်ကဲ့သို့ ဆောင်ကြာမြိုင်မယ်ဘဝမရောက်ခင် စိုးမောင်နှင့်ခိုးရာလိုက်ခဲ့သောကြောင့် ဖြစ်သည်။
"ကျ..ကျွန်မက သူလျှိုမဟုတ်ရပါဘူးရှင်။"
"သူလျှိုမဟုတ်ရင် မိန်းကလေးတစ်ယောက်တည်း ဒီတောထဲရောက်လာစရာအကြောင်းမှမရှိတာ။ မင်းအဖွဲ့တွေ နောက်ကပါလာတယ်မဟုတ်လား"
"အို...မဟုတ်ရပါဘူးရှင်။ ဂျပန်တွေဗုံးကြဲတဲ့ဒဏ်ကိုကြောက်ဖို့ ရန်ကုန်ကနေ ဒီကိုပြေးလာခဲ့တာပါ။"
"ဪ...လက်စသတ်တော့ ရန်ကုန်ကကိုး။ ဒါဆို မင်းက မျက်နှာဖြူကောင်တွေဘက်ကဖြစ်ဖို့ ပိုများသွားပြီ"
"မဟုတ်ပါဘူး...ကျွန်မ..."
"အရင်က​ရောက်လာတဲ့ သူလျှို​တွေကလည်း ဒီလိုပုံ​တွေချည်းပဲ။ ငါတို့အဖွဲ့သားတွေ ထပ်အဆုံးရှုံးမခံနိုင်တော့ဘူး။ သူ့ကိုဖမ်းခဲ့လိုက်။ ဒါမှ သူ့နောက်က အဖြူကောင်တွေပါလာရင် တစ်ခါတည်း သေနတ်နဲ့ပစ်သတ်လို့ရမှာ။ ဒီကောင်တွေ ငါတို့ကိုလူပါးဝတာများနေပြီ။ ငါတို့ခဏခဏတော့ မခံနိုင်ဘူး။ ဖမ်းချုပ်ခဲ့လိုက်"
သေနတ်နှင့်ထောက်ထားသူနောက်မှ ဦးထုပ်ငိုက်စိုက်ဖြင့် ခေါင်းဆောင်ထင်ရသူ၏ အမိန့်ပေးခြင်းဖြစ်သည်။ တောပုန်းများသည် တောထဲရောက်လာသမျှ မျက်နှာဖြူတိုင်းကို သတ်ဖြတ်နေပုံရသည်။ ရီရီဇော်လည်း ကြောက်လန့်တကြားဖြင့် ဒူးထောက်ချရင်း တောင်းပန်လိုက်သည်။
"ကျွန်မ သူလျှိုမဟုတ်ပါဘူးရှင်။ ကျွန်မကို ခေါ်မသွားကြပါနဲ့။ ကျွန်မမှာ..."
သားဖြစ်သူပါကြောင်း ပြောမည့်ဆဲဆဲတွင် ဦးနှောက်၏တားဆီးမှုဖြင့် နှုတ်ဆိတ်လိုက်မိသည်။ သူ(မ)ကိုသာ သူလျှိုဆိုပြီးအတင်းစွပ်စွဲပြီးသတ်လျှင် သားဖြစ်သူပါ နောက်ကနေပါရလိမ့်မည်။ သည်လိုတော့မဖြစ်။ သားဖြစ်သူလည်းအန္တရာယ်ကင်းပြီး သူ(မ)လည်း ထွက်ပြေးနိုင်မည့်နည်းကိုစဉ်းစားရမည်။
"ကဲ..အချိန်တွေကုန်တယ်ဟေ့။ တို့တွေနောက်ပြန်လှည့်ရဦးမှာ။ ဒီအဖြူမကို ဖမ်းခဲ့လိုက်။"
"ကျွန်မက သူလျှိုမဟုတ်ပါဘူး။ ကျွန်မမညာပါဘူးရှင်။ တကယ်ပါ။"
"ဒါဆို မင်းသူလျှိုမဟုတ်မှန်း သက်သေခံမယ့်သူ ဘယ်သူရှိလဲ။ ပြောစမ်း။ မင်းဒီတောထဲပြေးလာတယ်ဆိုရင်တောင် အဖော်တော့ပါမှာလဲ။ ဘယ်မှာလဲ မင်းအဖော်"
စက်လှေနှင့်ပါလာသောသူများသည် တခြားနေရာများတွင် သွားပုန်းခိုကြသည်မို့ ရီရီဇော့်တွင်အဖော်မပါ။ သားဖြစ်သူကို ခေါ်ပြလိုက်လျှင်ကောင်းမည်လား။ သည်လိုလည်းမဖြစ်သေးချေ။ မိခင်ဘက်ကိုမျိုးရိုးလိုက်ပြီး ဖြူဖပ်ဖပ်ဖြစ်​နေ​သော သားဖြစ်သူကိုပါ သူလျှိုသားဟု ထင်ကြပေလိမ့်မည်။ မျက်လုံး​လေးမသိမသာ​စွေရင်း သားရှိရာသို့ကြည့်မိတော့ လူးလှိမ့်လာတော့မည့် သားဖြစ်သူသဏ္ဍာန်ကြောင့် ရင်ထဲထိတ်သွားမိသည်။ သည်ပုံစံအတိုင်းဆို မိသွားမည်ကသေချာနေချေပြီ။ ကြံရာမရတော့သည့်အဆုံး အလစ်ချောင်းကာ သားဖြစ်သူနှင့်ဆန့်ကျင်ဘက်သို့ သူ(မ)ပြေးသည်။ တောပုန်းအဖွဲ့ကလည်း နောက်ကနေလိုက်သည်။ အားအင်ကလည်းနည်းနေ၊ မိန်းကလေးတစ်ယောက်တည်းလည်းဖြစ်၍ ခဏနှင့်မိသွားမည်ကိုသိသည်။ သို့သော် သားငယ်လေးအန္တရာယ်ကင်းဖို့က အဓိကမို့ တတ်နိုင်သမျှခပ်ဝေးဝေးကို အူလှိုက်သည်းလှိုက်ငိုရင်းပြေးလျက်.....။
************************************
ညနေအနည်းငယ်စောင်းလာချေပြီ။ အပြစ်မဲ့သော ကလေးငယ်ကတော့ လောကကြီးအကြောင်း ဘာမှမသိဘဲအိပ်စက်နေဆဲ။ အိပ်စက်နေသည်ဆိုခြင်းထက် မိခင်ကိုမျှော်ကာအော်ဟစ်ငိုယိုပြီးနောက် မော၍ပြန်လည်အိပ်စက်သွားခြင်းပင်။
ဤအချိန်တွင် ဘိုများ(အင်္ဂလိပ်များ)ဝတ်သလို ကြိုးသိုင်းဘောင်းဘီ၊ ရှပ်ကြယ်သီးအင်္ကျီအဖြူလေးဖြင့် စမ်းချောင်းအထက်ပိုင်းစံအိမ်အတွင်းမှ ခြေလှမ်းသေးသေးဖြင့် သူ၏ပြတ်ကျသွားသော စွန်လေးအား ပတ်ရှာနေသည့်လေးနှစ်အရွယ်ကလေးတစ်ယောက် ရှိနေသည်။ သူ့အနောက်ခပ်လှမ်းလှမ်းတွင် သူ့အားအော်ခေါ်ရင်း လိုက်လာသောလူတစ်ယောက်လည်းရှိသည်။
"သခင်လေး မှိုင်း။ အဝေးကြီးကိုမသွားပါနဲ့ သခင်လေးရယ်။ တစ်ခုခုဖြစ်ရင် သခင်ကြီးက ဦးကြီးကို အလုပ်ဖြုတ်မှာ"
"ခဏလေးပါ ဦးကြီးရယ်။ သားစွန်လေး ဒီနားကျသွားတာကို မြင်လိုက်လို့ပါ"
"ဦးကြီးအသစ်ပြန်လုပ်ပေးပါ့မယ်ကွယ်။ မရှာပါနဲ့တော့။ ညနေလည်းစောင်းနေပြီ"
အနီးအနားတစ်ဝိုက်မှ လူသံများကြောင့် အိပ်ပျော်နေသောကလေးမှာနိုးလာပြီး ထငိုချေသည်။ ဘိုဆန်ဆန်ကလေးလေးလည်း ကလေးငိုသံကြားသည်နှင့် စူးစမ်းပြီးရှာကြည့်မိလိုက်တော့ စမ်းချောင်းဘေး ခပ်လှမ်းလှမ်းမှသစ်ပင်အောက်တွင် ငိုနေသောကလေးငယ်လေးကို တွေ့ရသည်။ ချက်ချင်းဆိုသလိုပင် ထိုကလေးငယ်ထံပြေးသွားလိုက်ပြီး ကလေးမျက်နှာကို အပေါ်စီးမှငုံ့ကြည့်လိုက်သည်။ ကလေးလေးကလည်း သူ့မျက်နှာကိုမြင်သည်နှင့် အငိုတိတ်သွားပြီး မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြင့် ကြည့်နေလေသည်။
မှိုင်းရဝေဆိုသည့် ကောင်လေးလည်း ကလေးဘေးတွင် ငုတ်တုတ်ထိုင်ချကာ ကလေးကိုစူးစမ်းကြည့်နေရင်း နောက်ကဦးကြီးဆီသို့ လှမ်းအော်သည်။
"ဦးကြီးရေ...ဒီကိုမြန်မြန်လာ.."
"သခင်လေးရယ်...ဘာလို့အောက်အထိဆင်းသွားရတာလဲ"
ခြေတစ်ဖက်သိပ်မသန်သော ဦးကြီးခမျာ ခြေထောက်လေး ဆတ ဆတဖြင့် အနားကိုရောက်လာပြီး ကလေးလေးကိုမြင်တော့ "ဟေ"ခနဲ အာမေဋိတ်ပြုလျက် မျက်လုံးများပင်ပြူးသွားသည်။
မှိုင်းရဝေလေးကတော့ ကလေးလေး၏လက်သေးသေးလေးကြားထဲ သူ့လက်ညှိုးလေးထိုးလျက်ဆုပ်ကိုင်စေပြီး ဦးကြီးကိုမော့ကြည့်ပြီးပြောသည်။
"ကလေးလေးကို အိမ်ခေါ်သွားလို့ရလားဟင် ဦးကြီး"
သည်တော့မှ ဦးကြီးကလည်း ကပျာကယာဖြင့်...
"အိုကွယ်...ဘယ်ကရောက်လာတဲ့ကလေး ၊ ဘယ်သူ့ကလေးမှန်းသိတာမဟုတ်ဘူး။ အခုတလော တောပုန်းတွေကလည်း သောင်းကျန်းလှပါဘိသနဲ့။ မဖြစ်ပါဘူး။ ကလေးပိုင်ရှင်က ဒီနေရာမှာခဏထားခဲ့တာနေမှာပါ။ ပြီးရင်ပြန်လာခေါ်မှာပေါ့။ ထားခဲ့လိုက်ပါ သခင်လေးရယ်။ သခင်ကြီးသိရင် ဆူနေပါဦးမယ်။ လာပါ...အိမ်ပြန်ရအောင်"
မှိုင်းရဝေသည် သူ့လက်ကိုလှမ်းဆွဲသောဦးကြီး၏လက်များအား ရှောင်ရှားပြီးခေါင်းခါလိုက်သည်။
"ဟင့်အင်း...မရဘူး။ ကလေးလေးကို ခေါ်မှာပဲ။ သားစွန်လေးက ဒီဘက်ကျသွားပြီး ကလေးလေးဖြစ်သွားတာနေမယ်"
"မဟုတ်တာ သခင်လေးရယ်"
"မသိဘူး။ ခေါ်ရမယ်။ ဦးကြီးမခေါ်လည်း သားခေါ်မယ်"
ကလေးအတွေးနှင့် ဇွတ်တရွတ်ခေါင်းမာပြီး ကလေးကို မချီတတ်ဘဲပွေ့ချီနေသောကြောင့် ဦးကြီးမှာ အလျင်အမြန်ကလေးကိုလုပြီး ချီလိုက်ရသည်။ မဟုတ်လျှင် သခင်လေးလက်ထဲမှပြုတ်ကျပြီး သူများကလေးတစ်ခုခုဖြစ်နေလိမ့်မည်။
ဦးကြီးသည် ကလေးမျက်နှာလေးကိုငုံ့ကြည့်ရင်း လက်ကလေးကိုဆုပ်ကိုမိတော့ အေးစက်၍နေသည်။
"ကလေးရယ်...မင်းလက်တွေကအေးစက်နေပါ့လား။ မင်းမိဘတွေ ဘယ်ရောက်နေလဲ..."
"အဲ့တာ သားရဲ့ကလေး..သားရဲ့စွန်ကလေး။ သားကိုပေး...သားကိုပေး"
အောက်ကနေ ခုန်ဆွခုန်ဆွဖြင့် ကလေးကိုတောင်းနေသော နောက်ကလေးတစ်ယောက်နှင့် ခက်ပါပေသည်။
"ဦးကြီးတို့ ဒီမှာခဏစောင့်ပြီး သူ့ဖေဖေ ၊ မေမေတွေ ပြန်လာခေါ် ၊ မခေါ်ကိုစောင့်ကြရအောင်။ ညမှောင်လို့မှ လာမခေါ်ရင် ဦးကြီးတို့ပဲ ခေါ်သွားကြတာပေါ့... ဟုတ်ပြီလား"
မှိုင်းရဝေ ခေါင်းမညိတ်ချင်ညိတ်ချင်နှင့်ညိတ်ပြီး ဦးကြီးလက်ထဲမှကလေး သူ့ထံရောက်ရန် မည့်သို့လုရမည်လဲဟု အလစ်ချောင်းနေမိသည်။
"သားရေ...။ ဦးကြီးထွန်း။ ဘယ်တွေရောက်ကုန်ကြတာလဲ"
မှောင်ရီပျို့လာသည်အထိ ပြန်မလာကြသေးသဖြင့် စိတ်မချသောဖခင်မှာ လိုက်ရှာရချေပြီ။ မှိုင်းရဝေနှင့် ဦးကြီးတို့လည်း ထိုင်ရာမှထကာ စမ်းရေကြောတစ်လျှောက် အထက်ပိုင်းသို့ပြန်တက်လာကြသည်။ မှိုင်းရဝေသည် သူတို့အားစောင့်ကြိုနေသော ဖခင်ဖြစ်သူအားတွေ့သည်နှင့် အလျင်အမြန်ပြေးဖက်ပြီး ဦးကြီးထံသို့ပြန်ဆွဲခေါ်လာသည်။
"ဖေဖေ..ဒီမှာ သားရဲ့စွန်လေးက ကလေးလေးဖြစ်သွားတယ်"
ဖခင်ဖြစ်သူလည်း ဦးကြီးလက်ထဲမှ သနားစဖွယ်ကလေးကိုတွေ့တော့ သက်ပြင်းလေးချမိသည်။ ဦးကြီးကလည်း ကလေးကိုမည်ကဲ့သို့တွေ့လာကြောင်း သက်ပြင်းလေးတချချနှင့်ပြောပြနေသည်။ ဖခင်ဖြစ်သူလည်း ကလေးအကြောင်းကိုနားထောင်ရင်း ကရုဏာသက်စွာ ညည်းညူလေသည်။ မှိုင်းရဝေကတော့ ကလေးကို အောက်ကနေ လှမ်းပြီးချော့မြှူနေသည်။ လူကြီးများစကားပြောလို့ပြီးနောက် မှိုင်းရဝေသည် ဖခင်ကိုမေးသည်။
"ဖေဖေ...ကလေးလေးကို သားနဲ့ခေါ်ထားမယ်နော်။ အဲ့တာ သားရဲ့စွန်ကလေး"
ဖခင်သည် မှိုင်းရဝေရှေ့ငုတ်တုတ်လေးထိုင်ချရင်း ခေါင်းကိုအသာပုတ်ပေးကာ ပွေ့ချီလိုက်သည်။ မင်းရဝေလည်း သည်တော့မှ ကလေးကိုသေသေချာချာမြင်ရတော့သည်။
"သားက ကလေးလေးကို ထိန်းနိုင်လို့လား"
မှိုင်းရ​ဝေသည် ခေါင်းလေးဆတ်ခနဲညိတ်လိုက်ရင်း ကလေးကိုလှမ်းကြည့်သည်။
"ထိန်းနိုင်ပါတယ် ဖေဖေရဲ့။ အဲ့တာ သား စွန်လေးကနေ ကလေးလေးဖြစ်သွားတာပဲဟာ...။ သူ့ကို စွန်ကလေးလို့ခေါ်ကြရအောင်...နော်"
"စွန်လေးဆိုရင် ခဏနဲ့ပြတ်ကျသွားမှာပေါ့ သားရဲ့။ ကလေးလေးကလည်း စွန်လေးဆိုရင် သားဆီမှာ အကြာကြီးနေမှာမဟုတ်ဘူးလေ"
"ဟင်..ဟုတ်လား။ သားကစွန်လေးတွေ ပြတ်ကျရင် အရမ်းငိုချင်တာ။ က​လေး​လေးကို သားဆီမှာ​နေအောင် ဘယ်လိုလုပ်ရမလဲဟင်"
"ဒါဆိုရင် သားကသူ့ကိုစွန်ရဲလေးလို့ ခေါ်သင့်တာပေါ့။ စွန်ရဲတွေက သူတို့သေကာမှပဲ မြေပေါ်ကို ပြုတ်ကျကြတာ။"
"စွန်ရဲ...ဟုတ်လား ဖေဖေ။"
"အင်း...သားကလည်းအဲ့ကျရင် ရစ်ဘီးကိုင်တဲ့ကောင်လေးမဟုတ်ဘူး။ သားက ကောင်းကင်ကြီးလုပ်ရမှာ။ ကောင်းကင်နဲ့စွန်ရဲတွေက သေကာမှခွဲလို့ရတယ်။ သားက ဒီကလေးလေးကို အသက်တွေကြီးတဲ့အထိ စောင့်ရှောက်နိုင်ပါ့မလား"
"စောင့်ရှောက်နိုင်ပါတယ် ဖေဖေ။"
ဖခင်လည်း ခေါင်းလေးတညိတ်ညိတ်ဖြင့် အိမ်ဘက်သို့လှည့်ဝင်သွားသည်။ ဦးကြီးကလည်း စွန်ရဲလေးကိုချီပြီး နောက်ကနေလိုက်လာသည်။ မှိုင်းရဝေကတော့ ဖခင်ပေါ်မှတစ်ဆင့် ဦးကြီးလက်ထဲမှကလေးအား သံယောဇဉ်မပြတ်နိုင်အောင်လိုက်ကြည့်နေသည်။ သူ့စိတ်ထဲတွင် ဦးကြီးက ကလေးကိုလွှတ်ပစ်လိုက်မည်ကိုစိုးရိမ်နေသည် မဟုတ်လား....။
ဤသို့နှင့် ကလေးတစ်ယောက်ရယ်သံက​နေ နှစ်ယောက်ရယ်သံဖြစ်လာသော မြိုင်စံအိမ်တော်သည် ယခင်ကထက်ပိုမိုစိုပြေလာလေသည်။ စံအိမ်တော်၏သခင်ကြီးမှာ ကြင်နာတတ်သူမို့ ကလေးတစ်ယောက်ပိုလာသည်ကိုလည်း ဝန်ပိုဟုမသတ်မှတ်။ သားအရင်းသဖွယ် စောင့်ရှောက်သည်။ သားဖြစ်သူ တစ်နှစ်သားလောက်ကတည်းက ဇနီးဖြစ်သူသည် နာတာရှည်ရောဂါနှင့် ဆုံးပါးသွားသည်ဖြစ်၍ ကလေးလည်းကောင်းကောင်းထိန်းနိုင်ခဲ့သည်။ အိမ်အစောင့်၊ အိမ်အကူတို့ကလည်းရှိသည်မို့ များများစားစား တာဝန်ယူစရာမလိုခဲ့။ သားဖြစ်သူလေးကလည်း ထိုကလေးရောက်လာမှပင် အဖော်ရသည်မဟုတ်လား။
ယခုဆိုလျှင် စွန်ရဲလေး သူတို့ဆီရောက်သည်မှာ ငါးနှစ်လောက်ရှိပြီဖြစ်သည်။ သူ့အစ်ကို မှိုင်းရဝေကလည်း သွားလေရာခေါ်သလို သူကလည်းနောက်ကနေ တကောက်ကောက်လိုက်လေ့ရှိသည်။ ခွဲမရသော ညီအစ်ကိုအရင်းပမာပင်ရှိကြသည်။
"စွန်ရဲလေး...ဒီနေ့ ကိုကိုတို့ဘယ်သွားကြမလဲ"
"သခင်​လေးသွားတဲ့နေရာ သားကလိုက်မှာပဲ။"
သခင်လေးဆိုသော အခေါ်အဝေါ်ကြောင့် မှိုင်းရဝေ စိတ်ထဲခုသွားသည်။
"ဘာလို့ ကိုကို့ကို သခင်လေးလို့ခေါ်ရတာလဲ"
စွန်ရဲလေးသည် သူ့မေးခွန်းကို ခေါင်းလေးကုတ်ရင်းဖြေသည်။
"ဦးကြီးက ပြောလို့ပါ။ ကိုကိုက တစ်နေ့ကျရင် ဒီအိမ်ရဲ့သခင်လေးဖြစ်လာမှာတဲ့။ အဲ့ကျရင် သားက ကိုကို့ကို စောင့်ရှောက်မယ့် အသက်စောင့်ဆိုလား..."
"သက်တော်စောင့်ပါ စွန်ရဲလေးရဲ့"
"အင်း...ဟုတ်တယ်၊ ဟုတ်တယ်။ အဲ့တာကြီးလုပ်ပြီး ကိုကို့ကို ကာကွယ်ရမယ်တဲ့။ ကိုကို့ကို အဲ့ကျရင် သခင်လေးလို့ခေါ်ရမယ်ဆိုလို့ အကျင့်ပါအောင်ခေါ်နေတာ"
"မ​ခေါ်ရပါဘူး။ ကိုကိုလို့ပဲ​ခေါ်။ ကဲကဲ....အခု​တော့ တောထဲကရွာလေးဆီ သွားလည်ကြရအောင်။"
"ကိုကိုကအဲ့ကိုရောက်ဖူးလို့လား။ သွားရောသွားတတ်လို့လား"
"ကိုကို တစ်ခေါက်နှစ်ခေါက်တော့ ရောက်ဖူးပါတယ်။ စွန်ရဲလေးလည်းရောက်ဖူးတယ်။ အဲ့တုန်းကငယ်သေးလို့ မမှတ်မိတာနေမှာ။ အဲ့ဘက်ကလုပ်တဲ့ မုန့်လက်ကောက်တွေကအရမ်းစားလို့ကောင်းတာ စွန်ရဲလေးရဲ့။ ကိုကို့မှာ ငွေနည်းနည်းရှိတယ်။ ကိုကိုတို့သွားစားကြမလား"
"ဟုတ် ဟုတ်"
ဤသို့နှင့် ကိုးနှစ်အရွယ်ကောင်လေးတစ်ယောက်သည်​ခြောက်နှစ်​ကျော်အရွယ်​ကောင်​လေးလက်ကိုတွဲရင်း ရိုးမအတွင်း၌ ထီးထီးတည်ရှိနေသော စံအိမ်တော်ကြီးမှထွက်လာကြသည်။ ရိုးမတစ်ခွင်ကို နှံ့နှံ့စပ်စပ်ရှိလှသောကလေးနှစ်ယောက်မို့ အကြောက်အလန့်မရှိ၊ သွားရဲလာရဲကြသည်။ သို့ပေမဲ့ ဦးကြီးမသိအောင်တော့ ထွက်ကြရသည်။ မဟုတ်လျှင် နှစ်ယောက်စလုံးပြန်တိုင်ခံရမည်မဟုတ်လား။
ရိုးမအတွင်းမှရွာလေးဆိုသည်က စစ်ဘေးရှောင်ရင်းရောက်လာသူများ စုစည်းနေထိုင်ကြရာမှ ရွာဖြစ်လာခြင်းဖြစ်သည်။ အချင်းချင်းရိုင်းပင်းကူညီပြီး နေကြရာကနေ ရွာလေးသည်အတော်စည်ကားလာချေပြီ။ ခေတ်စနစ်က သိပ်မကောင်းသေးသော်လည်း သူ့နေရာနှင့်သူအဆင်ပြေနေပြီဖြစ်သည်။
သူတို့နှစ်ယောက်ရွာထဲဝင်လာတော့ ရွာသူရွာသားတို့က ကြည့်ကွက်ကြည့်ကွက်လုပ်သွားကြသည်။ သူဆင်းရဲရွာသူရွာသားများကြားတွင် သန့်သန့်ပြန့်ပြန့်နှင့် ကလေးနှစ်ယောက်ရောက်လာသည်က ကြည့်ချင်စရာဖြစ်နေသည်။
သို့သော် နှစ်ယောက်လုံးသည် မည့်သူမှဂရုမစိုက်။ တစ်ယောက်လက်တစ်ယောက်တွဲရင်း မုန့်လက်ကောက်ရောင်းသူကိုသာ အသည်းအသန်ရှာဖွေနေကြသည်။
"ဟာ...ဟိုမှာတွေ့ပြီ"
လမ်းဘေး၌ ဗန်းချကာငုတ်တုတ်ထိုင်ရင်း ရောင်းနေသောမုန့်လက်ကောက်သည်ကို တွေ့သည်နှင့် နှစ်ယောက်တူတူပြေးသွားကြလေသည်။ ထို့နောက် ဆိုင်၌ပင်ထိုင်ကာ အဝအပြဲစားကြသည်။ ကောင်းလွန်းသဖြင့် အိမ်အတွက်ဝယ်သွားချင်ပါသော်လည်း လူကြီးတွေမသိဘဲ ရွာထဲသွားရကောင်းလားဆိုပြီး ဆူခံရချေမည်။ ရိုက်တာကခဏနှင့်ပြီးသော်လည်း ဆူသည်ကမပြီး။ သတိရတိုင်းဆူမည်။ ကြုံကြိုက်တိုင်းဆူနေဦးမည်။ ကံဆိုးလျှင် အပြင်ထွက်ဆော့ခွင့်ပါ ပိတ်ချေလိမ့်မည်။
"စွန်ရဲလေး...ဝရဲ့လား"
မှိုင်းရဝေမေးတော့ စွန်ရဲလေးက သူ့ဗိုက်သူလက်ကလေးဖြင့် ပုတ်ပြရင်းခေါင်းညိတ်သည်။
"ဝပြီ ကိုကို။ စားလို့လည်းကောင်းတယ်။"
"စားလို့ကောင်းရင် နောက်တစ်ခါကျမှ ထပ်လာစားကြမယ်။ အခု ရွာထဲခဏပတ်ပြီးရင် ပြန်ကြမယ်နော်။ မဟုတ်ရင် ကိုကိုတို့အကြာကြီးပျောက်သွားတာသိသွားမှဖြင့်..."
စကားကိုတစ်ဝက်တစ်ပျက်ဖြင့်ရပ်လိုက်သော်လည်း စွန်ရဲလေးကောင်းကောင်းနားလည်သည်။ နှစ်ယောက်သား ရွာထဲပတ်နေရင်းမှ ဒိုးပစ်နေသောကလေးများကိုတွေ့လေတော့ ဝင်ကြည့်ဖြစ်ကြသည်။
"မင်းတို့တွေ ရွာထိပ်တောင်ကုန်းပေါ်က စုန်းအဘိုးကြီးအကြောင်း ကြားပြီးပြီလား"
ဒိုးပစ်နေသောကောင်လေးတစ်သိုက်ထံမှ ထူးထူးဆန်းဆန်းစကားထွက်လာသောကြောင့် နှစ်ယောက်သား စိတ်ဝင်တစားနားထောင်မိကြသည်။
"ဟို...သရဲတွေမွေးတယ်ဆိုတဲ့ အဘိုးကြီးလား.."
တစ်ယောက်အမေးကိုတစ်ယောက်ကလည်း အမေးဖြင့်ဖြေရင်း တိုးတိုး တိုးတိုးပြောနေကြသည်။ မှိုင်းရဝေနှင့်စွန်ရဲလေးတို့ကလည်း စပ်စပ်စုစုနှင့် ထိုအဖွဲ့ထဲရောပြီး နားထောင်နေမိကြသည်။
"အေး...ဟုတ်တယ်။ အဲ့အဘိုးကြီး။ ငါဟိုတစ်​နေ့က ထင်းသွားကောက်ပြီးအပြန်မှာ အဲ့အဘိုးကြီးတဲဘက်ကဖြတ်လာ​တော့ သူ့ရယ်သံကြီးကြားလိုက်တာ ကြက်သီးတွေတောင်ထတယ်"
ပြောသည့်သူက ကြက်သီးထမထတော့မသိ။ မှိုင်းရဝေကတော့ တစ်ကိုယ်လုံးကျဉ်တက်သွားလေသည်။
"အဘိုးကြီးက ရယ်ရင်းပြောနေတာငါကြားခဲ့တယ်။ သေတဲ့လူတွေကို အသက်ပြန်သွင်းမယ်ဆိုလားပဲ"
"ကြောက်စရာကြီးပါကွာ။ မပြောပါနဲ့တော့။ ဒိုးပဲဆက်ပစ်ကြရအောင်"
သူတို့စကားစပြတ်သွားတော့ မှိုင်းရဝေနှင့်စွန်ရဲလေးတို့လည်း မျက်လုံးလေးကလည်ကလည်ဖြင့် ရွာထဲကထွက်ဖို့ လုပ်ကြတော့သည်။ ရွာထိပ်ရောက်တော့ စွန်ရဲလေးပြောသည်။
"ကိုကို။ ကျွန်တော်တို့ စောစောကကြားတဲ့အိမ်ကြီးဆီ သွားကြည့်ကြရင် ကောင်းမလား"
စွန်ရဲလေးအပြောနှင့်ပင် မှိုင်းရဝေဒူးတုန်ချေသည်။
"ဘာလို့သွားမှာလဲ စွန်ရဲလေးရယ်။ ကြောက်စရာကြီးပါ။ မှောင်လည်းမှောင်တော့မယ်။ ကိုကိုတို့ပြန်ကြရအောင်..နော်.."
"ဘယ်ကမှောင်ရမှာလဲ ကိုကိုကလည်း။ အစောကြီးရှိသေးတာကို"
"စောလည်းမသွားဘူးကွာ။ လာ...ပြန်ကြမယ်"
မှိုင်းရဝေပုံစံကိုကြည့်ပြီး စွန်ရဲလေးက ပြုံးစိစိလုပ်သည်။ ပါးစပ်ကိုလက်ကလေးနဲ့အုပ်ပြီး "ဟီးဟီး"ဟုလည်း ခိုးရယ်သေးသည်။
"စွန်ရဲလေးက ဘာရယ်တာလဲ"
"ကိုကိုကကြောက်တတ်လိုက်တာ"
"မကြောက်ပါဘူး။ ဘာလို့ကြောက်ရမှာလဲ။"
အကြီးတစ်ယောက်ဖြစ်ပြီး အငယ်ရှေ့တွင်ကြောက်ပြသည်က သိက္ခာကျသည်မို့ ခပ်တည်တည်ငြင်းမိသည်။
"မကြောက်ရင် လာ...အဲ့အိမ်သွားကြည့်ကြမယ်"
သူ့လက်ကိုဆွဲပြီး ခေါ်သွားသောစွန်ရဲလေးနောက် မှိုင်းရဝေလိုက်ရပါတော့သည်။ ကြောက်ကလည်းကြောက်သည်။ ကြောက်ပြလို့ကလည်းမဖြစ်နှင့် ဒုက္ခတော့ရောက်ချေပြီ။
"ဂလု.."
ဝါးခြမ်းများဖြင့် ဖရိုဖရဲကာထားသောခြံစည်းရိုးရှေ့တွင် မတ်တပ်ရပ်ရင်း မှိုင်းရဝေတံတွေးများကို အားတင်းကာမျိုချပုံကအသံပင်ကြားရလေသည်။
"ကိုကိုကြောက်လို့လား"
သူ့အားမော့ကြည့်ရင်း မေးလာသောကလေးကိုပြန်ငုံ့ကြည့်ကာ ခေါင်းအသာခါပြလိုက်သည်။
"အူး...ဝူး....."
တိုက်တိုက်ဆိုင်ဆိုင်ပင် နေ့ခင်းကြောင်တောင်ကြီး ထအူသောခွေးကြောင့် ကြက်သီးများဖြန်းခနဲထပြီး ကျောထဲစိမ့်သွားရပြန်သည်။ သူ့လက်ကိုဆွဲထားသည့်ကောင်လေးကတော့ အဘိုးကြီးရှိရာ အိမ်ထဲကိုဝင်ဖို့ပင် အားကြိုးမာန်တက်ဖြစ်နေသည်။
"ပြန်ရအောင် စွန်ရဲလေးရယ်။ သူများအိမ်ကို ဒီလိုဝင်တာမကောင်းပါဘူး"
"ကိုကိုကလည်း...။ သားကြည့်ချင်တဲ့ဟာကို"
သူ့လက်ကိုအတင်းဆွဲပြီး ခြံထဲတရွေ့ရွေ့ဝင်နေသောကလေးကြောင့် သူ့မှာတွန့်ဆုတ်တွန့်ဆုတ်ဖြင့် ပါသွားရပြန်သည်။ စွန်ရဲလေးသည် ရှေ့ကသွားနေရင်းမှ သူ့ကိုလှည့်ကြည့်ပြီး ပြုံးပြသည်။ ထို့နောက် လက်ကိုပိုမိုတင်းကြပ်စွာ ဆုပ်ကိုင်လေသည်။
"ကိုကိုကြောက်ရင် ကျွန်တော့်လက်ကို ကိုင်ထားနော်။ မကြောက်နဲ့။ ကျွန်​တော်ရှိတယ်။ တစ်ခုခုဖြစ်ရင် ကျွန်တော်ကာကွယ်ပေးမှာပေါ့။ ကျွန်တော့်လက်ကိုသာ မလွှတ်လိုက်နဲ့"
လူကြီးဆန်ဆန် ကျွန်တော်ဟုသုံးနှုန်းပုံကြောင့် မှိုင်းရဝေအံ့အားသင့်ရသည်။ သူစိတ်ချလက်ချလိုက်ပါစေရန် စွန်ရဲလေးသည် ရှေ့ကနေလူကြီးတစ်ယောက်လို ပြုမူနေပါရော့လား။ မှိုင်းရဝေ၏ကြောက်စိတ်များသည် မိုးပြေးလိုမျိုး ခဏနှင့်ချက်ချင်းပျောက်သွားပြီး စွန်ရဲလေးနှင့်အတူတူ ရှေ့ဆက်လိုက်သည်။
အိမ်ပေါက်ဝသည်ဖွင့်ထားသောကြောင့် မှောင်မှောင်မည်းမည်းအိမ်အတွင်းထဲ ဝင်ကြည့်မိကြသည်။ အရိုးခေါင်းများကိုတွေ့တော့ အနည်းငယ်လန့်မိသော်လည်း စွန်ရဲလေးရှိသောကြောင့် အနည်းငယ်စိတ်အေးရသည်။
"ကိုကို့လက်တွေ ချွေးပြန်နေတယ်..ဟဟား"
တိုးတိုးလေးပြောရင်း သူ့ကိုဟားနေပြန်သည်။ မှိုင်းရဝေလည်း ခေါင်းလေးအသာယမ်းရင်း ရှက်ပြုံးပြုံးရုံသာတတ်နိုင်သည်။
"ကြောက်စရာကြီးနော် ကိုကို"
"အင်း.."
သက်ပြင်းချသံနှင့်အတူပြန်ဖြေမိသည်။ ထိုစဉ် နောက်မှ တချွတ်ချွတ်အသံကြောင့် လှည့်ကြည့်မိတော့ ဆံပင်စုတ်ဖွား၊ မျက်လုံးပြူးပြူးဖြင့် တုတ်ကောက်ကြီး ကိုင်ထားသောအဘိုးကြီးတစ်ယောက်။ နှစ်ယောက်သားလည်း စဉ်းစားချိန်ပင်မရကြတော့ဘဲ အသားကုန်အော်ပြီးပြေးကြတော့သည်။
"အား....​ဖေဖေရေ..."
ပြေးသာပြေးသော်လည်း တစ်ယောက်လက်ကိုတစ်ယောက်လွှတ်ကြသည်မဟုတ်။ အကြောက်လွန်ပြီးပြေးသည်မှာ အိမ်ပင်ဘယ်လိုရောက်မှန်းမသိလိုက်ကြ။ ထိုနေ့က အမောတကောဖြင့် ပြန်လာသောကလေးနှစ်ယောက်အား ဆူဖို့ရာစောင့်ကြိုနေသောဖေဖေလည်းရှိနေခဲ့သည်။ နှစ်ယောက်သား နောက်ရက်အပြင်ထွက်မဆော့ရဟု အမိန့်လည်းချခံလိုက်ရသည်။
ဤမျှ ချစ်စရာကောင်းသော ကလေးနှစ်ယောက်ဘဝထဲသို့ မည်သို့သောကံကြမ္မာဆိုးတွေ ရောက်လာဦးမည်လဲဆိုသည်ကို ကံဇာတ်ဆရာမှအပ အခြားသူများ မသိနိုင်သေးပါလေ...။
Thanks For Reading
Zawgyi
"အဟင့်...အဟင့်..."
You are reading the story above: TeenFic.Net