Unicode
ခြံထဲသို့ အေးဆေးလမ်းလျှောက်ဝင်လာသော Kiteအား ငစိုင်းတို့ရော၊ ဖေကြီးတို့ပါ ဝိုင်းကြည့်နေကြသည်။ သူတို့အားလုံး Kiteကိုမြင်ကြပြီထင်ပါရဲ့။ မင်းခွန်မှိုင်းလည်း Kiteထံချက်ချင်းပြေးသွားလိုက်ပြီး အားလုံးရှေ့သို့ခေါ်လာကာ မိတ်ဆက်ပေးလိုက်သည်။
"ဖေကြီးနဲ့မေမေတို့.. သူက Kiteတဲ့။ သားသူငယ်ချင်း"
သူငယ်ချင်းဆိုသော အသုံးအနှုန်းကြောင့် ငစိုင်းနှင့်ကျော်ကြီးတို့ နားမလည်နိုင်စွာ မျက်ခုံးများတွန့်ကွေးသွားကြသည်။ မင်းခွန်မှိုင်းတွင် သူတို့အပြင် အခြားသူငယ်ချင်းမရှိသည်ကု သူတို့အသိဆုံးမဟုတ်လား။ အကယ်၍ ရှိခဲ့သည်ဆိုလျှင်တောင် ထိုသူငယ်ချင်းအကြောင်း ပြောပြဖြစ်မည်မှာအသေအချာ။ ယခုတော့ သူတို့ Kiteဆိုသောနာမည်ကို ကြားပင်မကြားဖူးကြပါလေ။
မေမေကတော့ တစ်ခုခုကိုသတိရသွားဟန်ဖြင့် Kiteလက်မောင်းတစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး...
"ဒီသားလေးကို မေမေမှတ်မိပြီ။ ဟိုတလောက သားကိုအိမ်ပြန်လာပို့တဲ့ ကလေးမလား။"
မင်းခွန်မှိုင်း မချိပြုံးလေးပြုံးရင်း ခေါင်းညိတ်မိသည်။ မေမေကတော့ Kiteအားစကားဆက်ပြောနေသည်။
"သားလေး...ဘာမှအားမနာနဲ့နော်။ သားငယ်လေး သူငယ်ချင်းတွေဆိုတော့ လွတ်လွတ်လပ်လပ်နေ။ ဟုတ်ပြီလား။"
"ဟုတ်"
Kiteကချိုချိုသာသာပြုံးရင်း ခေါင်းညိတ်လိုက်ပုံကို မင်းခွန်မှိုင်း တအံ့တသြကြည့်နေမိသည်။ Kiteဆီမှ ထိုသို့သော အပြုအမူမျိုးကို မမြင်ဖူးခဲ့သောကြောင့်ဖြစ်သည်။ မသိလျှင် တကယ့်လူတစ်ယောက်လိုပင် လိုက်လျောညီထွေရှိလှသည်။ မိဘနှစ်ပါးနှင့် မိတ်ဆက်ပေးပြီးနောက် ငစိုင်းတို့နှင့်ဆက်၍မိတ်ဆက်ပေးသည်။
"သူနဲ့ငါကလိုင်းပေါ်မှာ သူငယ်ချင်းဖြစ်တာ။ သူကလည်း ဒီကပဲဆိုတော့ ပိုခင်သွားတာပေါ့။ သူလည်း Cosplayerလုပ်တယ်လေ"
မင်းခွန်မှိုင်း ပေါက်ကရများပြောပြီး မိတ်ဆက်ပေးနေရသည်ဖြစ်သောကြောင့် စိတ်တော့မသန့်လှ။ ကျော်ကြီးသည် Kiteမျက်နှာအား ခပ်စူးစူးစိုက်ကြည့်ပြီး ပြောသည်။
"မျက်ကပ်မှန် ချွတ်ဖို့မေ့လာတာလား Kite။ မင်းမျက်လုံးက နီရဲနေတာပဲ"
Kiteသည် ကျော်ကြီးအားတစ်ချက်ကြည့်ပြီး ပြန်ဖြေပုံကြောင့် မင်းခွန်မှိုင်းခေါင်းမွေးများပင် ထောင်သွားမိသည်။ Kiteဖြေပုံက...
"မျက်ကပ်မှန်မဟုတ်ဘူး။ အဲ့တာက မျက်လုံးအစစ်။ မွေးကတည်းက အဲ့အရောင်ပဲ"
"ဟင်"
ကျော်ကြီးရော ငစိုင်းပါ သံပြိုင်အာမေဋိတ်ထွက်လာလေသည်။ အော်ရယ်ဂျင်နယ်မျက်လုံးအနီဆိုသည်မျိုးကို သူတို့မြင်ဖို့မပြောနှင့်၊ ကြားပင်မကြားခဲ့ကြသည်မဟုတ်။ အခြားအရောင်များကို မြင်ဖူးကြားဖူးပေမဲ့ ဂေါ်လီကဲ့သို့ကြည်တောက်သော မျက်လုံးအနီမျိုးကတော့ ဇာတ်ကားထဲ၌သာ တွေးဖူးကြသည်။
မင်းခွန်မှိုင်းလည်း Kiteပခုံးကို လက်ဖြင့်အသာပုတ်လိုက်ပြီး ဟန်ဆောင်ပန်ဆောင်ခပ်ဟဟရယ်ကာ စကားကိုလိုက်ဖာရသည်။
"ဟဟား...Kiteကမင်းတို့ကို စနေတာပါ။ အဲ့တာ မျက်ကပ်မှန်တပ်ထားတာ။ သူကမျက်လုံးအနီရောင် သဘောကျလို့လေ...ဟုတ်တယ်မလား..."
Kiteသည် မင်းခွန်မှိုင်းအား မျက်လုံးပြူးပြီးငုံ့ကြည့်လာသည်။ မင်းခွန်မှိုင်းလည်း မျက်လုံးပြန်ပြူးပြပြီး သတိပေးလိုက်တော့မှ Kiteကခေါင်းလေးတညိတ်ညိတ်လုပ်ကာ ပြန်ဖြေသည်။
"ဟုတ်တယ် ဟုတ်တယ်။ ကျွန်တော်က မျက်လုံးအနီရောင်သဘောကျလို့"
ငစိုင်းတို့နှင့် Kiteအားမိတ်ဆက်ပေးရသည်မှာ မလွယ်လှ။ ပြောသမျှစကားတိုင်းကို နောက်ကနေ လိုက်ထိန်းနေရသောကြောင့် သူတို့အနားကနေ မခွာရဲချေ။ Kiteကို Cosplayerဟုပြောမိတော့ ဟိုနှစ်ကောင်က ဘယ်ကာရိုက်တာတွေကို Cosplayတာလဲ၊ ဘယ်Animeတွေသဘောကျလဲ မေးတော့သည်။ Kiteမဖြေနိုင်မည်ကို မင်းခွန်မှိုင်းစိတ်ပူခဲ့သော်လည်း အတော်လေးပြန်ဖြေနိုင်ခဲ့သည်။ Kiteလည်း မင်းခွန်မှိုင်းအနားနေသည်ကများသောကြောင့် အနည်းအကျဉ်းတော့သိကောင်းပါသည်။ သို့မဟုတ်လည်း မင်းခွန်မှိုင်း၏စကားလုံးများကြောင့် သိတာလည်းဖြစ်နိုင်သည်။
ခဏအကြာတွင် ကိုသာထွက်လာတော့ ကိုသာနှင့်မိတ်ဆက်ပေးရပြန်သည်။ ဤသည်ကား အဆင်ပြေသည်။ ကိုသာက စကားမရှည် ၊ ဖော်ဖော်ရွေရွေနှုတ်ဆက်ပြီး မေမေတို့အနားရောက်သွားသည်။ ငစိုင်းမျက်လုံးကြီးကတော့ ကိုသာသွားရာလိုက်မြဲပင်။ ရေချိုးပြီးကာစမို့ ရေစိုနေသောဆံပင်များကို ကိုသာကသပ်တင်ထားပြီး မီခိုးရောင်ဆွယ်တာပွပွကိုမှ ဘောင်းဘီအမဲပွတတဖြင့် ပေါ့ပေါ့ပါးပါးပုံစံလေးဝတ်ထားပုံက ကြည့်ကောင်းနေသည် မဟုတ်လား။
"ဟော..ရွက်ဝါ"
ခြံထဲသို့ ကျော့ရှင်းလှပသောရွက်ဝါဆိုသည့် အမျိုးသမီးဝင်လာသောအခါ ကိုသာကသွားကြိုလေသည်။ ငစိုင်းမျက်လုံးကလည်း ထိုနေရာသို့ ငေးမောလျက်ရှိသည်။ သူတို့နှင့်ခပ်လှမ်းလှမ်း၌ ရယ်ရင်းမောရင်းနှုတ်ဆက်နေကြသော မေရွက်ဝါဆိုသောမိန်းမနှင့် ကိုသာ့အား ငစိုင်း သွေးမရှိသောမျက်နှာဖြင့် ငေးကြည့်နေမိသည်။ ထို့နောက် သက်ပြင်းလေးချကာ ခေါင်းငိုက်စိုက်ချလိုက်ပုံကြောင့် ဘေးနားမှသူငယ်ချင်းတစ်သိုက်မှာ အားမလိုအားမရဖြစ်ကြသည်။
ကိုသာသည် မေရွက်ဝါကိုခေါ်လာပြီး အကုန်လုံးနှင့်မိတ်ဆက်ပေးလေသည်။ မင်းခွန်မှိုင်းကတော့ နှုတ်ဆက်ချင်သလိုလို၊ နှုတ်မဆက်ချင်သလိုလိုလုပ်သော်လည်း ငစိုင်းကတော့ အားမရှိသောအပြုံးတုနှင့် ပြန်နှုတ်ဆက်လေသည်။
"ကိုသာ့ညီတွေက အချောတွေချည်းပဲနော်"
ကိုသာက ခပ်ဟဟလေးရယ်လေပြီး...
"ကိုသာ့ညီတွေပဲလေ။ ချောရမှာပေါ့"
ကိုသာ့အပြောကို ဟိုမိန်းမသည် ဟန်ပါပါလေးရယ်ပြန်သည်။ မင်းခွန်မှိုင်းလည်း မျက်စောင်းတစ်ချက်ထိုးပြီး မျက်နှာကိုမဲ့တဲ့တဲ့လုပ်လိုက်သည်။
"ဪ...ဒါက ကိုသာ့ညီရဲ့သူငယ်ချင်းအသစ်။ နာမည်က Kiteတဲ့"
"ဟုတ်လား။ တွေ့ရတာဝမ်းသာပါတယ်နော် မောင်လေး"
မေရွက်ဝါကပြောရင်း Kiteနှင့်လက်ဆွဲနှုတ်ဆက်လိုက်သည်။ ဤသည်ကို မင်းခွန်မှိုင်း မကြည်ကြည့်တစ်ချက်ကြည့်ပြီး နှာတစ်ချက်မှုတ်လိုက်မိသည်။ Kiteမျက်နှာကြီးကလည်း ပြုံးဖြီးနေသည်။ ထို့ကြောင့် စိတ်ထဲတွင် သူ့ပါးစပ်ကိုအကြိမ်ကြိမ်ဆွဲဖြဲမိနေပြီ ဖြစ်သည်။
"ကလေးတွေ ဗိုက်ဆာလောက်ရောပေါ့။ ကိုသာပြင်ပေးမယ်။ ထိုင်စောင့်ကြဦး။ ရွက်ဝါရော ထိုင်နှင့်နော်။"
ကိုသာကပြောပြောဆိုဆိုဖြင့်ထသွားပြီး တစ်ခါသုံးဖော့ပန်းကန်ပြားလေးများတွင် အကင်များအစီအရီထည့်ကာ စားပွဲခုံရှည်၌နေရာချသည်။ အလယ်၌ ဟော့ပေါ့အိုးကိုအပူမြှင့်ပြီး အသီးအနှံနှင့်အကင်များ၊ ခေါက်ဆွဲခြောက်များထည့်သည်။ ငါးမိနစ်လောက်ဆိုလျှင် အဆင်သင့်ဖြစ်ပြီဖြစ်သောကြောင့် အားလုံးလည်း နေရာယူလိုက်ကြသည်။ ဖေကြီးနှင့်မေမေတို့က ခုံရှည်ထိပ်၌နေရာယူသည်။
အားလုံးစစားဖို့ပြင်တော့ မင်းခွန်မှိုင်းအိမ်ထဲသို့ အပြေးဝင်သွားပြီး ဝိုင်ပုလင်းများသယ်ကာ ပြန်ရောက်လာသည်။ ပြီးမှပြုံးစစနှင့် ပုလင်းများကို စားပွဲပေါ်ကောက်တင်ပြီး...
"ဟော့ပေါ့နဲ့ အကင်က ဝိုင်လေးပါမှလိုက်တာ။ ဪ..မေမေနဲ့ဟိုအစ်မအတွက်က ရိုးရိုးအချိုရည်ပါနော်"
ဟိုအစ်မဆိုသောအသုံးအနှုန်းကြီးသည် လူတိုင်း၏နားတွင် ကန့်လန့်ဖြစ်နေသော်လည်း ကန့်လန့်ကောင် မင်းခွန်မှိုင်းကပြောသည်မို့ ဘာမှပြန်မပြောကြ။
စားသောက်၍ပြီးနောက် မီးပုံပွဲအသေးစားလေးလုပ်ဖြစ်ကြသည်။ မီးပုံဘေး၌ ဝိုင်းထိုင်ကာ စားလို့မပြီးသည့်သူကဆက်စား၊ သောက်သည့်သူကသောက်ဖြင့် ရှိနေကြသည်။ Kiteတစ်ယောက်ကတော့ မင်းခွန်မှိုင်းဘေး၌သာ ငုတ်တုတ်လေးထိုင် မေးလေးထောက်ရင်း မင်းခွန်မှိုင်းဘက်သို့ ခေါင်းတခြမ်းစောင်းနေသည့်အတွက် ပါးကိုလက်ညှိုးနှင့်ထိုး၍ ရှေ့တည့်တည့်သို့ လှည့်ခိုင်းလိုက်ရသည်။ ထိုသို့လှည့်ခိုင်းလိုက်သော်လည်း မျက်လုံးလေးဝေ့ဝေ့ပြီး အကြည့်ကတော့ မင်းခွန်မှိုင်းဆီ ရောက်ဆဲပင်။
"ဒီတိုင်းထိုင်နေမှာထက် တစ်ခုခုကစားကြမလား။"
မင်းခွန်မှိုင်းစကားကို အားလုံးကတက်ညီလက်ညီ ထောက်ခံကြသည်။
"ညီမှိုင်း ဘာကစားချင်လို့လဲ"
"အင်း....ဒီလိုပွဲမျိုးဆိုရင် Truth or Dareဆော့ကြတာ များတယ်။ ကျွန်တော်တို့လည်း အဲ့လိုဆော့ကြရအောင်။ ဝိုင်ပုလင်းလှည့်မယ်။ ပြီးရင် ပုလင်းရဲ့ခေါင်းပိုင်းဦးတည်ခံရတဲ့သူက အမှန်အတိုင်းပြောမလား ၊ ခိုင်းတာလုပ်မလား ရွေးပေါ့။ ပျော်စရာမကောင်းဘူးလား"
"ညီမှိုင်းသဘော"
မင်းခွန်မှိုင်းသည် ချက်ချင်းပင် ပုလင်းတစ်ခုပြေးယူပြီး ဝိုင်းပြန်ဖွဲ့လိုက်သည်။ မီးပုံကိုဝိုင်းမထိုင်တော့ဘဲ မီးပုံဘေး မြက်ခင်း၌သာ အားလုံးထိုင်ကြရသည်။ ပုလင်းကို အလယ်၌ထားသည်။ ဖေကြီးနှင့်မေမေတို့ကတော့ ခုံ၌ထိုင်လျက်ကြည့်နေကြသည်။
"ကိုသာ..ရွက်ဝါပြန်တော့မယ်။ လာကြိုနေပြီ"
ပွဲမစခင်မှာပင် မေရွက်ဝါပြန်သွားသောကြောင့် မင်းခွန်မှိုင်း ဝမ်းသာသလိုလိုရှိလှသည်။ ပွဲထဲတွင် သူ(မ)ရှိနေခြင်းက အနှောက်အယှက်အလုံးအရင်းနှင့် ဝင်သလိုခံစားရသည်။ ကိုသာ့နားကပ်ပြီး တိုးတိုး တိုးတိုးနှင့်ပြောသည့်အပြင် Kiteနှင့်ဘေးချင်းယှဉ်မို့ လာလာရယ်ပြသေးသည်။ ဤသည်ကို ဟိုKiteဆိုသောသတ္တဝါက ပြန်ရယ်ပြနေ၍ တံတောင်ဖြင့်တွတ်ထိုးရသည်မှာမနည်းလှ။ ကိုယ်သဘောမကျလျှင် ကိုယ့်နားကလူတွေကိုပါ သူနှင့်မပတ်သက်စေချင်သည့် စိတ်ပုတ်တစ်ခုရှိနေသည်လေ။
မေရွက်ဝါအား ကိုသာသည် ခြံဝအထိလိုက်ပို့ပြီး ကစားပွဲထံပြန်ရောက်လာသည်။ ငစိုင်းမျက်နှာကလည်း တစ်ချိန်လုံးသုန်မှုန်ပြီး အသံတိတ်နေသည်။ ကိုသာတို့ ဖေကြီးတို့နှင့် မျက်လုံးချင်းဆုံမိမှ ဟန်ဆောင်ပန်ဆောင်ပြုံးနေပုံက စိတ်မသက်မသာရှိလှသည်။
"ကဲ...ပုလင်းစလှည့်ပြီနော်"
ပထမအချီတွင် မဲပေါက်သူက မင်းခွန်မှိုင်းကိုယ်တိုင်ဖြစ်သည်။ ကိုယ့်အမြီးကိုယ်ပြန်တက်နင်းမိတာလောက် နာသည်မရှိလှ။ ယခုလည်း ကိုယ်လှည့်ပြီး ကိုယ့်ဘက်ပြန်ကျသည်ကမမိုက်လှချေ။
"ကဲ ငမှိုင်း ၊ Truth or Dare"
ကျော်ကြီးအမေးကို မင်းခွန်မှိုင်း အေးဆေးစွာဖြေသည်။
"Truth"
ထို့နောက် ကျော်ကြီးကပဲ ဆက်မေးသည်။
"မင်းကျောင်းတုန်းက စာခိုးချဖူးလား။ ခိုးချဖူးရင် ဘယ်လိုခိုးချခဲ့လဲပြောပြ"
ငယ်ကျိုးငယ်နာပြန်ဖော်ချေပြီ။ မိမိနောက်တွင် ဖေကြီးနှင့်မေမေရှိနေသည်ကို မေးမှမေးတတ်ပါလေ။ သို့သော် ဂိမ်းစည်းမျဉ်းအရဖြေရမည်သာ။
"အင်း ကိုးတန်းနောက်ဆုံးစာမေးပွဲ ဓာတုဖြေတဲ့နေ့က Definition မေ့သွားလို့ ဘေးနားက မှန်ကြောင်ကောင်ကို မေးဖူးတယ်။ ဒင်းကပြောမပြဘဲ ပြူးကြောင်ကြောင်နဲ့ကြည့်နေလို့ စိုက်ကြည့်ပေးလိုက်တာကြောက်ပြီး ပေတံမှာခဲနဲ့ရေးပေးဖူးတယ်"
မင်းခွန်မှိုင်းစကားအဆုံးမှာတင် မေမေ၏ခေါင်းခေါက်ခြင်းကို ခံလိုက်ရသည်။ ပါးစပ်ကလည်း 'လူဆိုးကောင်လေး'ဟု ရေရွတ်သွားသေးသည်။ Kiteကတော့ သဘောကျစွာပြုံးရင်းကြည့်မြဲ။
"မင်းကလည်း Definitionနှစ်မှတ်တန်တစ်ပုဒ်မရတာကို မေးရတယ်လို့။ တစ်ပုဒ်လွှတ်လိုက်ပြီးရော။ ဘာလဲ အမှတ်ပြည့်မရမှာစိုးလို့လား"
"ဟိတ်ကောင်...အဲ့တစ်ပုဒ်မှမဖြေရင် ငါမအောင်ဘူး လဒရဲ့။ အမှတ်က လေးဆယ်ပြည့်အောင် မနည်းရအောင်ဖြေနေရတာ။"
မင်းခွန်မှိုင်းစကားကြောင့် အားလုံးပွဲကျသွားကြသည်။
နောက်တစ်ပွဲစတော့ မဲပေါက်သူက မောင်မှိုင်တိုင် ငစိုင်းဖြစ်သည်။ ငစိုင်းက သက်ပြင်းလေးချပြီး အမှန်အတိုင်းပြောရန်ရွေးသည်။ သည်အခွင့်အရေးကိုစောင့်နေသည့် မင်းခွန်မှိုင်းအတွက်ကတော့ ကျေနပ်စရာဖြစ်သည်။
"မင်းတစ်ဖက်သတ်ချစ်နေတဲ့သူရှိတယ်မလား။ သူ့အကြောင်းပြောပြ"
ငစိုင်းခေါင်းချက်ချင်းထောင်လာပြီး မျက်လုံးပြူးသွားသည်။ ပြီးတော့ ခေါင်းလေးအသာယမ်းလေပြီး...
"တခြားဟာ ပြောင်းမေးကွာ။"
"မရပါဘူး။ ဒါပဲဖြေ ၊ မဖြေနိုင်ရင် ခိုင်းတာလုပ်"
ငစိုင်းသက်ပြင်းအရှည်ကြီးချလိုက်မိသည်။ မင်းခွန်မှိုင်းတို့က လူကိုချောက်ထဲပို့နေပြီဖြစ်သည်။
"ခိုင်းကွာ။ ဘာခိုင်းမှာလဲ"
နောက်တစ်ကြိမ်ခွင်ထဲ ကွက်တိရောက်လာပြန်သောကြောင့် မင်းခွန်မှိုင်းတို့က လူယုတ်မာပြုံးပြုံးလေသည်။ ပြီးမှ ခိုင်းသည်။
"ငါတို့ ပထမနှစ် Fresher Welcomeတုန်းက မင်းတက်ဆိုတဲ့သီချင်း ပြန်ဆိုပြ"
"မင်းခွန်..."
"စိုင်းလေးကသီချင်းဆိုတတ်တာလား။"
မင်းခွန်မှိုင်းအား တားချိန်မရလိုက်ခင်မှာပင် ကိုသာကဝင်မေး၍ ငစိုင်းခေါင်းညိတ်ရသည်။ ထိုအချိန်တွင် ကိုသာကပါ လင်းလက်သွားသည့်အပြုံးဖြင့် ငစိုင်းအား တွန်းအားပေးလေတော့သည်။
"ဆိုပြပါလား စိုင်းလေး။"
"ဟို..ကျွန်တော်..."
"ဆိုလိုက်စမ်းပါ ငစိုင်းရာ။ မင်း အဲ့သီချင်းကို ခဏခဏနားထောင်နေကျပဲကို"
"တခြားသီချင်းဆိုလို့မရဘူးလား"
"မရဘူး...အဲ့တုန်းကသီချင်းပဲ"
ကျော်ကြီးကပါ ကြားထဲဝင်ညှောင့်လေတော့ ငစိုင်းဘာမှပြန်ပြောချိန်မရတော့ပေ။
"ငါ့သားတို့သီချင်းဆိုမှာဆို ဖေကြီးဂစ်တာသွားယူပေးမယ်"
"ဖေကြီးဂစ်တာအိုကြီးက အသံတောင်ထွက်ပါဦးမလား"
မင်းခွန်မှိုင်းစကားကို ဖေကြီးက မဲ့ပြုံးလေးပြုံးပြီး ဟန်ပါပါပြန်ဖြေသည်။
"မင်းဖေကြီးက အဲ့ဂစ်တာအိုကြီးနဲ့ မင်းအမေကို ခြွေလာတာပါနော်"
ဖေကြီးစကားကို မေမေက ပြန်ချေပသည်။
"အထင်မကြီးနဲ့သားငယ်ရေ။ မင်းအဖေရဲ့ တတောင်တောင် တဒင်ဒင်သံကြောင့် နားထဲဂွမ်းဆို့ပြီး အိပ်ခဲ့ရတဲ့ရက်မနည်းဘူး"
မင်းခွန်မှိုင်းကဲ့သို့ ဘွင်းဘွင်းပြောတတ်သောမေမေ့ကြောင့် အားလုံးပွဲကျသွားလေသည်။ ဖေကြီးကတော့ သဘောကောင်းသူမို့ စိတ်မဆိုးဘဲ မင်းခွန်မှိုင်းတို့အုပ်စုနှင့်အတူ လိုက်ရယ်လေသည်။
"ကဲ ဂစ်တာလိုက်ယူ..လာ"
"ကိုသာသွားယူလိုက်မယ်"
ဖေကြီးနှင့်မေမေတို့နောက် ကိုသာလိုက်သွားပြီး ခဏအကြာတွင် ဂစ်တာလေးဆွဲကာ ပြန်ရောက်လာသည်။ဖေကြီးတို့တော့ ပြန်ပါမလာတော့ချေ။ ဂစ်တာသည် ဖေကြီးအပိုင်ဆိုပေမဲ့ ကိုသာလည်း တစ်ခါတရံတီးခေါက်တတ်သည်။ မော်ဒယ်ကတော့ ဟောင်းပေမဲ့ ကိုသာနှင့်ဖေကြီးလက်ကိုင်ဖြစ်သောကြောင့် သစ်လွင်မြဲပင်။ ထိုဂစ်တာသာ မင်းခွန်မှိုင်းလက်ထဲရောက်ခဲ့ပါက ချောင်တစ်နေရာရာတွင်ဖုန်တက်ပြီး ဆွေးနေမည်မှာအမှန်။
"စိုင်းလေး ဂစ်တာရောတီးတတ်လား။ မတီးတတ်ရင် ကိုသာတီးပေးမယ်။ နည်းနည်းပါးပါးတော့ရပါတယ်"
"ကျွန်တော်လည်း နည်းနည်းတော့ရတယ် ကိုသာ"
ဂစ်တာသည် ငစိုင်းလက်ထဲကို ရောက်သွားသည်။ ငစိုင်းသည် ဂစ်တာကိုပုံစံတကျကိုင်ပြီး သက်ပြင်းလေးတစ်ချက်ချသည်။ ထို့နောက် လက်ညှိုးလေးတစ်ချောင်းထောင်ရင်း မင်းခွန်မှိုင်းကို စိုက်ကြည့်ကာဆိုလာသည်။
"တစ်ပိုဒ်ပဲနော်..."
"အို ကေ"
လက်ညှိုးနှင့်လက်မကိုအဝိုင်းပုံစံလုပ်ပြပြီး မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်ကို ဘေးနားက Kiteသည် သဘောကျစွာရယ်ရင်း နှုတ်မှ 'အို ကေ'ဟုတိုးသက်စွာ လိုက်ရွတ်ဆိုလေသည်။ ဤသည်ကိုတော့ မင်းခွန်မှိုင်းသတိမထားမိခဲ့။
ငစိုင်း လက်တွင်းမှဂစ်တာလေးသည် သံစဉ်လွင်လွင်လေးတစ်ခု ထုတ်လွှင့်လာတော့သည်။
သီချင်းကား....
အယ်လ်ဆိုင်းဇီ၏
'တိတ်တိတ်ကလေးပဲချစ်သွားမယ်' မည်သော သီချင်းပင်ဖြစ်သည်။
"""အမှန်တကယ်... ဖွင့်ပြောပြချင်ပါတယ်..."""
ဆွေးမြေ့မြေ့ဆန်ဆန်အသံတွင်ကြေကွဲမှုထပ်ပေါင်းသောငစိုင်းအသံက သီချင်းနှင့်လိုက်ဖက်ညီစွာ ထွက်ပေါ်လာသည်။ အကြည့်တို့ကလည်း ကိုသာ့ဆီ၌ တဝဲလည်လည်ရှိနေသည်။
အဝေးကောင်းကင်ကိုလည်းတစ်ပြန် ၊ ကိုသာ့ဆီလည်းတစ်ပြန်။
"""ကိုယ်ချစ်ခဲ့တာ အမှန်ကွယ်
ကိုယ့်စိတ်ကူးအိပ်မက်တွေရယ်
အမှန်တကယ်...လှည့်စားဖို့ရာ မရည်ရွယ်
မျှော်လင့်ချက်သာ ပြန်လည် ဟန်ဆောင်ထိန်းသိမ်းကာရယ်
တကယ်ဆို အသည်းကွဲမှာ ကိုယ်ကြောက်နေတယ်
ဟိုအရင်လို မင်းကိုလေ တိုက်ဆိုင်ရင်ကွယ်...
မမြင်အောင် ပုန်းကာဝှက်ကာရယ်
ရင်ဆိုင်မင်းမျက်ဝန်းရဲ့အကြည့်တွေကို နားလည်တယ်
အပြင်မှာ မသိသလိုပဲနေမယ်
ရင်မှာရှိတာ မင်းပါကွယ်
အစဉ်သာပေးဆပ်ရင်း မင်းနောက်ကွယ်...
တိတ်တိတ်ကလေးပဲ ချစ်သွားမယ်...."""
သီချင်းပထမအပိုဒ်အဆုံးတွင် ငစိုင်း၏မျက်လုံးများသည် ကိုသာ့ထံပြန်လည်ရောက်ရှိသွားသည်။
ချစ်ရသူနှင့် ချစ်သူမဖြစ်နိုင်သည်မို့ တိတ်တိတ်ကလေးပဲ ချစ်သွားရန်သာ ဆန္ဒရှိပါသည်လေ။
ချစ်တိုင်း ပေါင်းဖက်ရအောင်လည်း ဘဝက ဝတ္ထုဇာတ်လမ်းတစ်ပုဒ်မှ မဟုတ်ခဲ့ပေပဲ။ တစ်နေ့တခြားကြီးထွားလာသည့် လောဘကိုအတောသတ်ဖို့ရာ သည်သီချင်းနှင့် ကိုယ့်ကိုကိုယ်ပြန်သတိပေးလိုက်သည်ဟု သဘောထားသည်။
သူတိတ်တိတ်ကလေးသာ ချစ်ပါမည်...။
"ဖြောင်း...ဖြောင်း... ဖြောင်း"
ပထမဦးဆုံးကိုသာ့ထံမှ လက်ခုပ်သံတစ်ခုထွက်လာပြီး မင်းခွန်မှိုင်းတုိ့၏ လက်ခုပ်သံတွေပါလိုက်လာကြသည်။
"စိုင်းလေးက အသံကောင်းလိုက်တာ။ မိန်းကလေးသီချင်းကို ဒီလောက်ကောင်းကောင်းဆိုနိုင်တာ အံ့သြတာပဲ။ အရမ်းမိုက်တယ်"
ကိုသာက လက်မလေးထောင်ပြီး ချီးကျူးသည်။ ငစိုင်းလည်း အားအင်ချိနဲ့စွာပြုံးရင်း ဘေး၌ဝင်ထိုင်လိုက်သည်။ ထိုအချိန်တွင်ကိုသာသည် သူ့ဘေး၌ ခဲလေးခုပြီးတင်ထားသော ကင်မရာကိုကောက်ယူလိုက်ပြီး ဗွီဒီယိုတစ်ခုကို ပြန်ဖွင့်လိုက်သည်။ ထိုဗွီဒီယိုကား ငစိုင်းသီချင်းဆိုနေသည်ကို ကိုသာခိုးရိုက်ထားသော ဗွီဒီယိုဖြစ်သည်။ ရိုက်ခွင့်တောင်းလျှင် မရမှန်းသိသောကြောင့် ခိုးရိုက်ထားခြင်းဖြစ်သည်။
ငစိုင်းလည်းကိုယ့်အသံကိုယ် ပြန်ကြားကြားချင်း ကိုသာ့ကင်မရာကို လှမ်းကြည့်လိုက်မိသည်။ ပြီးမှ မျက်ပြူးဆံပျာဖြင့် ကင်မရာကိုလက်ညှိုးထိုးကာ...
"ကိုသာ ဘယ်တုန်းကရိုက်လိုက်တာလဲ"
ကိုသာက မျက်လုံးလေးတွေမှေးကျသွားသည်အထိ ပြုံးလေးပြီး ကင်မရာကိုနောက်၌ ဝှက်ကာပြန်ဖြေသည်။
"စိုင်းလေးစဆိုကတည်းက ခိုးရိုက်လိုက်တာ။"
"ဟာ...ဖျက်လိုက်ပါ ကိုသာရာ။ ရှက်စရာကြီး"
ကိုသာ့နောက်ကျောဘက်မှကင်မရာကို ငစိုင်းလှမ်းလုဖို့ပြင်တော့ ကိုသာက နေရာရွှေ့လိုက်လေသည်။
"ကိုသာအမှတ်တရသိမ်းထားတဲ့ကိစ္စကို ဘာလို့ဖျက်ခိုင်းနေတာလဲ။ စိုင်းလေးအသံက ဒီလောက်ကောင်းတာကို။ ဖေကြီးတို့နှစ်ပတ်လည်အမှတ်တရပေါ့။"
"ကျွန်တော်ရှက်လို့ပါ"
ငစိုင်းက ခပ်မဲ့မဲ့လေးဆိုတော့ ကိုသာကမေးလေးထောက်ရင်း ခေါင်းစောင်ကာ လသံဖျော့ဖျော့လေးဖြင့် မေးသည်။
"ကိုသာကသိမ်းထားချင်လို့လေ...မရဘူးလား"
သည်လိုပြောမှတော့ ဟိုကောင်ရူးပြီပေါ့ ကိုသာရယ်ဟု မင်းခွန်မှိုင်းကောက်ချက်ချလိုက်မိသည်။ ထိုကောက်ချက်နှင့်ညီစွာပင် ငစိုင်းတစ်ယောက်လည်းကိုယ့်မျက်နှာကိုယ် လက်ဖြင့်ခဏအုပ်ကာ ရှက်ရှက်ဖြင့်လက်ခံရတော့သည်။
"ကိုသာ့သဘောဗျာ.."
ကလေးတစ်ယောက်သဖွယ် ချွဲတဲ့တဲ့လုပ်ပြောလိုက်သော ကိုသာ့ပုံစံလေးကြောင့် ရင်အခုန်လွန်ပြီး သေမသွားတာပင်တော်လောက်ပြီ။ ကိုသာသည် သဘောကျစွာရယ်ပြီး ငစိုင်းခေါင်းကိုလှမ်းပုတ်သည်။
ကြာလေရူးလေဖြစ်အောင် ပြုစားရက်သူပါလေ။
နောက်ဆုတ်မည်ကြံတိုင်း ရှေ့ကိုဆက်သွားဖန် လက်ကမ်းပေးနေသည့် အပြုအမူများကြောင့် တစ်ယောက်တည်းလမ်းမအလယ်တွင် အရူးတစ်ပိုင်းဖြစ်ရပါသည်။
"ကဲ...ပွဲပြန်စမယ် ပွဲပြန်စမယ်"
မင်းခွန်မှိုင်း၏စိတ်ကောင်းဝင်နှုန်း ကျဆင်းသွားခြင်းဖြစ်သည်။ တစ်ယောက်က မသိဘဲရူးအောင်လုပ်သလို နောက်တစ်ယောက်လည်း အရူးဆေးကျွေးမှန်းသိသိနှင့်စားနေသည့် အရူးကြီးဖြစ်နေချေပြီ။ သွက်သွက်ခါမသွားခင် အချိန်မီတားဆီးဖို့ရန်အတွက် မင်းခွန်မှိုင်းရောက်ရှိလာခြင်းဖြစ်သည်။
တတိယတစ်ကြိမ်မဲပေါက်သူက ကျော်ကြီးဖြစ်သည်။ ကျော်ကြီးက ခိုင်းတာလုပ်မည်ဆိုသောကြောင့် မျောက်ကကခိုင်းခြင်းဖြင့် ပြီးဆုံးလိုက်သည်။ ထို့နောက် နောက်တစ်ကြိမ်တွင် ပုလင်းခေါင်းဦးတည်ခံရသူမှာ ငစိုင်းထပ်ဖြစ်လေသည်။
"နောက်ထပ်ငါပဲလားကွာ"
ငစိုင်းကညည်းညူသည်။ ဤတစ်ကြိမ်တော့ ငစိုင်းကို မင်းခွန်မှိုင်းကမမေးဘဲ ကျော်ကြီးကမေးသည်။
"မင်းဘဝမှာ နောင်တရမိတဲ့ကိစ္စတစ်ခုပြော"
ငစိုင်းအနည်းငယ်တွေဝေသွားသည်။
"နောင်တရတဲ့ကိစ္စတွေက အများကြီးပဲကွ။ သိပ်မမှတ်မိတော့ပေမဲ့ အခုတလော ရမိတဲ့နောင်တတော့ရှိတယ်"
"ဒါဆိုလည်းပြော"
ငစိုင်းစကားကိုနားထောင်ဖို့ရာ အားလုံးစိတ်အားထက်သန်နေပြီး ငြိမ်သက်သွားကြသည်။
"ငါလောဘကြီးနေမိတယ်။ တစ်ယောက်သောသူကို အဝေးကငေးကြည့်ရတာမဝလို့ အနီးကပ်နိုင်ဖို့ ငါကြိုးစားခဲ့မိတယ်။ ဒါပေမဲ့...ဒါပေမဲ့ နီးစပ်သွားချိန်မှာ ငါရုန်းမထွက်နိုင်တော့ဘူး။ သူ့အနားမှာအမြဲနေချင်စိတ်တွေဖြစ်လာတယ်။ တခြားသူနဲ့သူအတူရှိနေရင် ငါစိတ်တိုလာတယ် ၊ ဝမ်းနည်းအားငယ်လာတယ်။ သူ့အနားမှာငါပဲအမြဲရှိနေချင်တော့တယ်။ ငါအရမ်းလောဘတွေတက်မိလာပြီ။ ဘယ်လောက်ပဲ လောဘတက်တက် သူနဲ့ငါကမဖြစ်နိုင်ဘူးလေ။ အဲ့ဒီတော့ ငါအရမ်းပူဆွေးရတယ်။ နာကျင်ရတယ်။ ငါသာ အဝေးကနေပဲကြည့်ပြီး နီးစပ်ဖို့မကြိုးစားခဲ့မိရင်ကောင်းမှာပဲ။ အခုတော့ အတောမသတ်နိုင်တဲ့လောဘတွေကြားမှာ ငါလမ်းပျောက်နေပြီ။ ဆက်သွားလို့မရပေမဲ့ နောက်မဆုတ်ချင်တော့ဘူး"
ငစိုင်းစကားအလုံးစုံသည် ကို့သာအားရည်ရွယ်နေသည်ဆိုသည်ကို ကိုသာမှအပအားလုံးသိနိုင်မည်ဆိုတာ မင်းခွန်မှိုင်းတပ်အပ်သိလိုက်သည်။ ကိုသာမသိနိုင်လို့ပင် ငစိုင်းသည်လိုပြောရဲခြင်းမဟုတ်လား။
ငစိုင်းစကားကို ကိုသာကအာရုံစိုက် နားထောင်နေပြီး အဆုံး၌ဝင်ပြောလေသည်။
"ကိုသာတစ်ခုပြောပြမယ် စိုင်းလေး။
ညီမှိုင်းတို့လည်းနားထောင်။"
အားလုံး၏အာရုံများသည် ကိုသာ့ဆီရောက်သွားကြပြန်သည်။
"ညီမှိုင်းတို့တွေ ဂိမ်းဆော့ဖူးကြတယ်မလား။"
Kiteမှအပ ကျန်သူအားလုံးခေါင်းညိတ်ကြသည်။
"ညီမှိုင်းတို့ ဂိမ်းကိုနိုင်ချင်ရင် ဆော့မှရမယ်။ မဆော့ဘဲနဲ့ နိုင်ချင်တယ်၊ နိုင်ချင်တယ် အော်နေလို့မရဘူး။ အဲ့မှာ စဆော့ပြီဆိုရင်လည်း ကစားပွဲတစ်ခုရဲ့ထုံးစံအရ အနိုင်အပြင် အရှုံးဆိုတာတော့ရှိမှာပဲ။ အနိုင်ကိုပဲအမြဲလိုချင်လို့မရဘူး။ အရှုံးကိုလည်းလက်ခံနိုင်ရမယ်။ ကိုသာပြောတာ သေချာနားထောင်...။
အမြဲနိုင်နေတဲ့ဂိမ်းတစ်ခုလောက် ပျင်းဖို့ကောင်းတဲ့ဂိမ်းမရှိဘူး။ အရှုံးဆိုတဲ့အရာပါတွဲပါနေတဲ့ဂိမ်းကမှ ပျော်ရွှင်မှုရှိတာ။ တကယ်တော့ အနိုင်ရခြင်းက ပျော်ရွှင်မှုမဟုတ်ဘူး။ အရှုံးကနေရုန်းထွက်နိုင်တာကမှ ပျော်ရွှင်မှု။
ညီမှိုင်းတို့ဘဝမှာလည်းဒီလိုပဲ။ ကိုယ်လိုချင်တာ ဖြစ်ချင်တာရှိရင် အရှုံးကိုတွေးမကြောက်နဲ့။ ရင်ဆိုင်လိုက်။ ဖြတ်ကျော်လိုက်။ ဒါမှပျော်ရွှင်မှုဆီရောက်မှာ။ ဒီတိုင်းရပ်နေတာထက်စာရင် တစ်ခုခုကိုလှုပ်ရှားလိုက်တာက အကောင်းဆုံးပဲ။ အရှုံးဖြစ်စေ ၊ အနိုင်ဖြစ်စေ အနည်းဆုံးတော့ ညီမှိုင်းတို့ကြိုးစားခဲ့တာပဲ။ မကြိုးစားဘဲကျရှုံးတဲ့သူထက် ကြိုးစားပြီးကျရှုံးတဲ့သူက အများကြီးသာတယ်။ အနိုင်ကိုပဲအမြဲမလိုချင်နဲ့။ အရှုံးကိုလက်ခံနိုင်တဲ့သူကသာ အောင်နိုင်ခြင်းအစစ်အမှန်ကိုရတာ။ ကိုသာပြောတာ သဘောပေါက်လား"
"ဟုတ်"
မင်းခွန်မှိုင်းနှင့်ကျော်ကြီးပြန်ဖြေသော်လည်း ငစိုင်းကတော့ အတွေးနယ်ပယ်တွင် နစ်မြောနေဟန်ရသည်။ ကိုသာ့စကားများသည် သူ့ကိုရှေ့ဆက်ဖို့ အားဖြစ်စေခဲ့ပြီလား။
နောက်တစ်ပွဲတွင် မဲပေါက်သူက ကိုသာဖြစ်သည်။ ကိုသာက အမှန်ပြောရန်ရွေးချယ်သည်။ မင်းခွန်မှိုင်းက မေးခွန်းထုတ်သည်။
"ကိုသာ့မှာ ချစ်ရမယ့်သူရှိနေပြီလား။ ဒါမှမဟုတ် ရင်ခုန်ရမယ့်သူရှိနေပြီလား။ အဲ့တာဖြေ"
"ညီမှိုင်းတို့ကလေးတွေကလည်း ဒီကိစ္စတွေချည်းပဲကွာ"
"ဒီအရွယ်ကလည်းဒါပဲစိတ်ဝင်စားတာ ကိုသာရဲ့"
ကိုသာ့စကားကို မင်းခွန်မှိုင်းကပြန်ချေပတော့ ကိုသာကရယ်သည်။ ငစိုင်းလည်း ပွဲထဲအာရုံပြန်ရောက်လာသည်။
"ကိုသာဖြေပါ့မယ်။ ကိုသာက အချစ်ကိုကောင်းကောင်းနားမလည်ဘူး။ ရင်ခုန်မခုန်ကလည်း မသိဘူး။ ဒါပေမဲ့ အခုတလော လူတစ်ယောက်ကို ခဏခဏတွေ့ချင်နေတယ်။ နောက်ပြီး သူ့ကိုတွေ့ရရင်ပျော်တယ်။ အနားမှာရှိနေပေးချင်တယ်။ အဲ့တာကိုအချစ်လို့ခေါ်ရင်တော့ ကိုသာ့မှာ ချစ်ရတဲ့သူရှိပြီပေါ့။"
"အဲ့တာ ဘယ်သူလဲ"
မျက်မှောင်ကြီးကုတ်ပြီး လေသံမာမာဖြင့်မေးသော မင်းခွန်မှိုင်းကို ကိုသာကခေါင်းလှမ်းပုတ်သည်။
"တစ်ခုပဲမေးရမှာလေ ကောင်လေး။ အကျင့်မပုတ်နဲ့"
မင်းခွန်မှိုင်းမကျေနပ်သလို ငစိုင်းရင်ထဲ၌လည်း စို့စို့နင့်နင့်ခံစားလိုက်ရသည်။ ကိုသာ့ထံတွင် ချစ်ရမည့်သူ ရှိနေပါပြီတဲ့။ နှလုံးသားကမချိလွန်း၍ အသက်ရှူဖို့ရန်ပင် ခက်ခဲပါသည်။ အပြင်ပိုင်း၌ ဟန်ဆောင်ပြုံးနေပေမဲ့ ရင်ထဲတွင်ပူလောင်နေချေပြီ။ ကိုသာချစ်နေသောသူက ဘယ်သူများလဲဟု တွေးတောနေမိသည်။
မေရွက်ဝါဆိုသော မိန်းကလေးများလား....။
ငစိုင်းတွေးရင်း ခေါင်းငိုက်စိုက်ကျသွားပြန်ပါသည်။ ကိုသာဖိတ်ထားသောဧည့်သည်သည် ထိုမိန်းကလေးတစ်ယောက်တည်းဆိုတော့ သူ(မ)ဆိုတာသေချာနေပါပြီ။ ကစားပွဲပြန်စသောအခါ အလှည့်ကျသူက Kiteဖြစ်သည်။ Kiteကို ကျော်ကြီးကမေးခွန်းထုတ်လေသည်။
"Kite....မင်းမှာရော ချစ်ရတဲ့သူရှိလား။ သူ့အကြောင်းပြောပြလေ"
Kiteက နှုတ်ခမ်းလေးတွန့်ရုံတစ်ချက်ပြုံးသည်။ မင်းခွန်မှိုင်းကတော့ တံတွေးတစ်ချက်မြိုချမိသည်။ Kiteက ဒူးတစ်ဖက်ထောင်ကာလက်ဖြင့်ပိုက်ရင်း မေးတင်လျက်ဖြေသည်။
"ချစ်ရတဲ့သူရှိတယ်။ ဒါပေမဲ့ သူ့အကြောင်းပြောရခက်ခက်ပဲ။ သူကမတူတော့ဘူး။ အရာအားလုံးပြောင်းလဲသွားတယ်။ ဒါပေမဲ့ သူဖြစ်နေလို့ကို ချစ်မိတုန်းပဲ"
"မင်းက သူ့ကိုဖွင့်ပြောပြီးပြီလား"
မေးခွန်းနှစ်ခုဆက်မေးသော်လည်း Kiteကဖြေသည်။
"သူ့ကိုချစ်တယ်လို့ ဘယ်တော့မှ ဖွင့်ပြောမှာမဟုတ်ဘူး။ သူကအဲ့စကားပြောတာ မကြိုက်ဘူးလေ။ ဒါပေမဲ့ ကျွန်တော်ချစ်တာ သူသိပါတယ်။"
ပဟေဋ္ဌိဆန်ဆန်စကားအဆုံး၌ မင်းခွန်မှိုင်းကို ငေးကြည့်လာသော Kite။ ရုတ်တရက် မိုးရနံ့ကိုသယ်ဆောင်သော လေပြင်းများကလည်း Kiteအကြည့်နှင့်တစ်ပြိုင်နက်တည်း တိုးဝှေ့လာသောအခါ နဖူးပြင်၌ချထားသော ဆံသားနုတို့က ယိမ်းနွဲ့သွားသည်။ ထိုဆံသားနုတို့နှင့်အတူ နှလုံးသားရဲ့အနက်ရှိုင်းဆုံးတစ်နေရာမှ လှုံ့ဆော်မှုကိုလည်း မင်းခွန်မှိုင်းရိပ်မိခဲ့ရသည်။
သူချစ်မိနေခဲ့ပြီ.....။
Thanks For
You are reading the story above: TeenFic.Net