Part 28

Background color
Font
Font size
Line height

Unicode

ဖြတ်သန်းဖူးသမျှမိုးညတိုင်း၌ အိပ်စက်ခြင်းဖြင့် ပျော်မွေ့ခဲ့သူတစ်ယောက်သည် တစ်ညသောအခါတွင်တော့ တစ်စုံတစ်ယောက်ပြန်လာမည့်အချိန်ကို စောင့်မျှော်လျက်ရှိနေသည်။

အချိန်ကား နှစ်နာရီထိုးနေချေပြီ။ မိုးတိတ်သွားသော်လည်း မိုးစက်အကြွင်းအကျန်တို့၏ တဖြောက်ဖြောက်မြည်သံကတော့ ခပ်လွင်လွင်ရှိဆဲပင်။ တစ်ချက်တစ်ချက် ရုတ်တရက်ထတိုက်သော လေပြင်းကိုခုခံဖို့ရာ ပြတင်းတံခါးကိုပိတ်၊ အိပ်ရာထက် စောင်ခြုံပြီးငုတ်တုတ်ထိုင်ကာ သူပြန်အလာကိုစောင့်မျှော်နေမိသည်။

သူဆိုသည်ကား Kite။

ဖေကြီးနှင့်မေမေတို့၏ မင်္ဂလာနှစ်ပတ်လည်ပွဲသို့ အလည်လာသော မိုးသက်လေပြင်းကြောင့် ကစားပွဲရပ်ပြီး အိမ်အသီးသီးပြန်ခဲ့ကြရသည်။ Kiteတစ်ယောက်လည်း ထိုအချိန်ကတည်းက ပျောက်သွားလေသည်။ မင်းခွန်မှိုင်းသုံးသပ်ချက်အရ​Kiteသည် အားနည်းသွားသောခန္ဓာကိုယ်အတွက် နတ်ဆိုးတိုင်းပြည်သို့သွားခြင်းဖြစ်မည်။ ဤသည်ကိုသိသိလျက်နှင့် အဘယ်ကြောင့်စောင့်နေမိသည်လဲဆိုသည်ကို မင်းခွန်မှိုင်းမသိပါလေ။

ပြီးခဲ့သည့်တစ်ခေါက် Kiteထွက်သွားသည့်ကိစ္စကိုစိတ်ထဲစွဲပြီး နောက်ထပ်ထွက်သွားမည်ကို ကြောက်နေခြင်းလည်းဖြစ်နိုင်သည်။ မညာတမ်းဝန်ခံရလျှင် Kiteပြန်မလာမည်ကို မင်းခွန်မှိုင်းစိတ်ပူပါသည်။

ထိုသို့စောင့်နေစဉ် တစ်ညနေလုံးစားထား၊ သောက်ထားသမျှကလည်း စတင်ဒုက္ခပေးချေပြီ။ ထို့ကြောင့် ရစ်နာလာသောဗိုက်ကိုဖိရင်း အိမ်သာထဲပြေးရပြန်၏။ ကိစ္စရှင်းပြီးနောက် အခန်းထဲပြန်အဝင်၊ ကုတင်ခြေရင်း၌ ကျောပေးထိုင်နေသော ခပ်မည်းမည်းအရာကြီးကြောင့် တွန့်ခနဲဖြစ်သွားမိသည်။ သေချာကြည့်ကာမှ Kiteပြန်ရောက်နေခြင်းဖြစ်သည်။ Kiteသည်ကျောပေးနေရာမှ တံခါးဖွင့်သံကြောင့် လှည့်ကြည့်လာသည်။ ထို့နောက် မင်းခွန်မှိုင်းအနားသို့လျှောက်လာပြီး ခေါင်းအနည်းငယ်စောင်းကာ မျက်လုံးချင်းဆုံအောင်ကြည့်သည်။

"မအိပ်​သေးဘူးလား။ ငါ့ကိုစောင့်နေတာလား"

"မင်းကိုစောင့်ရအောင် မင်းကဘာမို့လို့လဲ။ ကြောင်တောင်တောင်နဲ့။ ငါ့ဘာသာဗိုက်နာလို့ နိုးလာတာ"

ထိုသို့ဘုဆတ်ဆတ်ပြန်ပြောပြီး အိပ်ရာ​ပေါ်တက်စောင်ခြုံကာ မျက်လုံးမှိတ်လိုက်တော့သည်။ Kiteကိုစောင့်နေမိခဲ့သည်မှန်သော်လည်း ဝန်မခံချင်။ ယခုလိုစောင့်နေခဲ့မိသည်ကိုပင် ကိုယ့်ကိုယ်ကိုယ်စိတ်တိုမိပါသည်။

ရုတ်တရက်ကျောမလုံသလိုခံစားရသောကြောင့် လှည့်ကြည့်မိတော့ Kiteပြုံး​နေသည်ကို သတိထားမိလိုက်သည်။ Kiteသည် မျက်လွှာချပြုံးရင်းမှ ဆတ်ခနဲခေါင်းပြန်မော့ကြည့်တော့ မင်းခွန်မှိုင်းလည်း ဟန်မပျက်အိပ်ချင်ယောင်ဆောင်ရသည်။

အိပ်ပျော်သင့်ပါပြီ။ Kiteလည်းပြန်ရောက်ပြီမဟုတ်လား။ အဘယ်ကြောင့်မအိပ်နိုင်သေးပါသနည်း။

ကိုယ့်ကိုယ်ကိုယ်အိပ်ဖို့တွန်းအားပေးနေစဉ် နဖူးပေါ်သို့ အေးစက်သောလက်ချောင်းများ၏ အထိအတွေ့က ကျရောက်လာသည်။ မင်းခွန်မှိုင်း မျက်လုံးကိုပိုဖိမှိတ်လိုက်တော့ Kiteကပြောသည်။

"အိပ်ပျော်သွားပြီလား"

မင်းခွန်မှိုင်းပြန်မဖြေဘဲ အသက်ရှူမှန်ဖို့သာ ကြိုးစားနေမိသည်။ Kiteလည်း မင်းခွန်မှိုင်းအိပ်ပျော်သွားပြီအထင်ဖြင့် ဆံပင်တွေကို နဖူးပေါ်သို့ သေချာစွာသပ်တင်ပေးလိုက်သည်။ ထို့နောက် နှုတ်မှတိုးဖွဖွဆိုသည်။

"အိပ်မက်လေးတွေလှပပါစေ ကိုယ့်လူသားငယ်"

ဤတစ်ကြိမ်တော့ နှုတ်မှထွက်ဆိုလိုက်သည်မို့ မင်းခွန်မှိုင်းကြားနိုင်ခဲ့၏...။

************************************

""မမြင်အောင် ပုန်းကာဝှက်ကာရယ်....
အကြင်နာဖုံးဖိထားပါတယ်...""

လှေကားတစ်လျှောက် သီချင်းညည်းရင်းဆင်းလာသော ကိုသာ့အား မေမေကမသိမသာတစ်ချက်လှမ်းကြည့်ပြီး မင်းခွန်မှိုင်းဆီမျက်စပစ်လာသည်။

"သားငယ်...မင်းအစ်ကို သီချင်းတွေဘာတွေ ညည်းနေပါလား။ အထူးအဆန်း"

"သားလည်းမသိဘူးလေ"

ပခုံးလေးခပ်တွန့်တွန့်လုပ်ပြီး မသိချင်ယောင်ဆောင်တော့ မေမေက ကိုသာ့ကိုပဲတိုက်ရိုက်မေးရှာတော့သည်။

"မေမေ့သားကြီးက သီချင်းတွေဘာတွေညည်းလို့ပါလား"

ကိုသာသည် စားပွဲဝိုင်းတွင်ဝင်ထိုင်ရင်းဖြေလေသည်။

"ညက ညီမှိုင်းသူငယ်ချင်းဆိုပြသွားတဲ့ သီချင်းပါမေမေရဲ့။ သားပါးစပ်ကစွဲနေလို့။ ဪ...ဒါနဲ့ ဖေကြီးရော"

"မင်းဖေကြီးက ဒီနေ့အရေးကြီးကိစ္စရှိလို့ဆိုပြီး စောသွားတယ်။"

ကိုသာသည် ခေါင်းလေးတညိတ်ညိတ်ဖြင့် ကော်ဖီအေးဆေးထည့်သောက်သော်လည်း ဘေး၌ပေါင်မုန့်ကို အသားဖြတ်သလိုဆွဲကိုက်ပြီး စိတ်ဆိုးနေသူတစ်ယောက်ရှိနေပါသည်။ ဒေါ်မေမီသာလည်း ခုံ၌ဝင်ထိုင်ရင်း မနက်စာစစားမည်အပြု ဆူပုတ်နေသောမင်းခွန်မှိုင်းကြောင့် မျက်မှောင်အသာကြုတ်ရင်းမေးရသည်။

"သားငယ်ရုပ်က ဘာဖြစ်နေပြန်ပြီလဲ။ မနက်ခင်းစောစောစီးစီးတောင် ကြည်ကြည်လင်လင်မရှိဘူး။"

မင်းခွန်မှိုင်းက နှုတ်ခမ်းလေးတစ်ချက်မဲ့ရင်း ပြန်ဖြေသည်။

"မေမေက ကိုသာ့ကျ မေမေ့သားကြီးတဲ့။ သားဆိုရင် ဟိတ်ကောင် ၊ မင်း ၊ လူဆိုးကောင် ၊ ဂျစ်တူး..အဲ့လိုတွေပဲ ခေါ်တာ။"

"မဟုတ်တာကို ကြံဖန်ပြဿနာရှာပြီ သားငယ်ရယ်။"

"မေမေရယ် ညီမှိုင်းစိတ်ချမ်းသာအောင် မေမေ့သားငယ်လို့ ခေါ်ပေးလိုက်ပါ"

"အေးအေး...မေမေ့သားငယ်လေး။ ပူတူတူးလေး။ ဟုတ်ပြီလား"

ဒေါ်မေမီသာကရွဲ့တဲ့တဲ့ခေါ်တော့ မင်းခွန်မှိုင်းပိုစိတ်ဆိုးသည်။

"မေမေတို့က​ဖေကြီးမရှိတာနဲ့ သားကိုနှစ်ယောက်ဝိုင်းအနိုင်ကျင့်နေကြတာ။"

ထိုသို့ပြောတော့ ကိုသာကရယ်ရင်း ခေါင်းကိုအသာလှမ်းပုတ်သည်။

"ညီမှိုင်းတို့ကလေးတွေက တကယ်စကားအထအနကောက်ကြတာပဲ"

"ညီမှိုင်းတို့..."

မင်းခွန်မှိုင်း ကိုသာ့အားခပ်စူးစူးကြည့်လိုက်သည်။

"ညီမှိုင်းတို့ဆိုတော့ ကျွန်တော့်အပြင်ဘယ်သူရှိသေးတာလဲ"

အခုတလော ကိုသာထူးဆန်းနေသလိုမို့ မင်းခွန်မှိုင်းစိတ်ထင့်နေမိသည်။ ကိုသာသဘောကျနေသည်ဆိုသူမှာ​မေရွက်ဝါဆိုသောမိန်းမဖြစ်မနေဖို့လည်း ဆုတောင်းမိသည်။

"စကားအထအနလိုက်မကောက်နဲ့ ညီမှိုင်းရယ်။ တချို့စကားတွေက ဒီအတိုင်းစကားလှအောင်ပြောရတာ"

မင်းခွန်မှိုင်းဆက်ဂျစ်မတိုက်တော့ဘဲ မုန့်ကိုသာဆက်စားလိုက်သည်။ ကိုသာသဘောကျနေသည်ဆိုသောသူကို အရစုံစမ်းဖို့လည်း ဆုံးဖြတ်ထားသည်။ ညီအစ်ကိုအချင်းချင်း သည်လိုသွက်ဝှက်လို့ရရိုးလား။

မနက်စာစားပြီးသည်နှင့် မင်းခွန်မှိုင်းရော၊ ကိုသာပါ အလုပ်ကိုယ်စီသွားကြ​လေပြီ။ ကိုသာကတော့ ကားနှင့်၊ မင်းခွန်မှိုင်းကတော့ Kiteနှင့်ဖြစ်သည်။ ဘေး၌စာအုပ်တစ်အုပ်ကိုင်ဖတ်ရင်း အေးဆေးလျှောက်နေသောKiteအား မင်းခွန်မှိုင်းစပ်စုကြည့်လိုက်သည်။

"Kite...မင်းဘာဖတ်နေတာလဲ"

Kiteကစာအုပ်အမည်လေးကိုပိတ်လိုက်ရင်း လက်ကလေးနောက်ပစ်ကာဖြေသည်။

"နှလုံးသားအမြုတေရဲ့မှတ်တမ်း​လေ။ ငါကအသုံးပြုထားတဲ့သူဆိုတော့ သိသင့်သိထိုက်တာတွေ ဖတ်နေတာ"

"ဘာတွေရေးထားလဲ။"

ထပ်စပ်စုပြန်တော့ Kiteကစိတ်ရှည်လက်ရှည်ဖြေပေးသည်။

"အမြုတေကိုစပြီးအသုံးပြုခဲ့တဲ့သူက မဟူရာချောက်နက်ရဲ့သခင်လေးက စအသုံးပြုခဲ့တာ။ ဒါပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ သူကယ်ဖို့ကြိုးစားခဲ့တဲ့မိန်းကလေးက နဂိုကတည်းကချစ်သူရှိပြီးသားဆို​တော့ ရက်၃၀လုံး သူ့ချစ်သူနဲ့အတူအချိန်ဖြုန်းပြီး ကုန်ဆုံးသွားတာ။ သူ့ကိုပြန်မချစ်ခဲ့တော့ အမြုတေက ဖမ်းစားသွားတာပေါ့။ အဲ့အကြောင်းကို မဟူရာသခင်လေးက စာတမ်းလုပ်ပြီးမှတ်တမ်းတင်ထားတာ။ အမြုတေရဲ့အသုံးဝင်ပုံတွေ ၊ အကျိုးသက်ရောက်ပုံတွေ၊ ဒါတွေလည်းပါတာပေါ့"

"ဟုတ်လား။ ငါဖတ်ကြည့်ချင်တယ်။ ပေးဖတ်ပါလား"

မျက်လုံးကဝင်းလက်ပြီး ဆန္ဒပြင်းပြနေသည့်မင်းခွန်မှိုင်းလက်ထဲ စာအုပ်ကိုထည့်ပေးလိုက်သည်။ စာအုပ်အဖုံးသည် ကတ္တီပါသားလို့နူးညံ့နေ၍ မင်းခွန်မှိုင်းအတန်ပင်အံ့သြမိသည်။ စာအုပ်ကိုဖွင့်ပြီး လှန်ကြည့်မိတော့ မည်သည့်စာမျှမရှိ။ ရှေ့နောက်သေချာမွှေပြီးကြည့်သော်လည်း စာတစ်လုံးတစ်လေမှမရှိခဲ့။ မင်းခွန်မှိုင်းလည်း Kiteအားတစ်ချက်ပြန်ကြည့်ပြီး စာအုပ်ကိုဖွင့်ပြလိုက်သည်။

"Kite...ဒီမှာဘာမှမပါဘူးလေ"

Kiteကခေါင်းညိတ်သည်။

"အင်း။ မင်းမှမမြင်ရတာ။ ဒါကလက်ဆင့်ကမ်းထားတဲ့နတ်ဆိုးတွေပဲ ဖတ်ခွင့်ရှိတာလေ။ နောက်ပြီး နယ်ပယ်အသီးသီးက နတ်ဆိုးသခင်တွေပဲ ဒီစာအုပ်ကိုဖတ်လို့ရတာ"

မင်းခွန်မှိုင်းနှာခေါင်းရှုံ့ရင်း စာအုပ်ကို Kiteလက်ထဲပြန်ထည့်ပေးလိုက်သည်။ စာအုပ်ထဲတွင် Kiteနှင့်ပတ်သက်သည့်အရာများပါလေမည်လားဟု စပ်စုပါမည်ဆိုကာမှ ဖတ်မရသဖြင့် စိတ်ပျက်သွားမိခြင်းဖြစ်သည်။

စတူဒီယိုရောက်တော့ သူ့အား ကျော်ကြီးမှကြိုဆိုနေသည်။

"ခွန်မှိုင်း။ မင်းဒီနေ့စောသားပဲ။"

"တစ်ခါတလေစောရောက်ဖူးတယ်ရှိ​အောင်လို့​လေ။ ဒါနဲ့ ဟိုကောင်ငစိုင်းမလာသေးဘူးလား။"

"အေး မလာသေးဘူး။ နောက်ကျနေတယ်။ အဲ့ကောင်အသည်းကွဲနေတယ် ထင်တာပဲ"

"ဘာကိစ္စ ငစိုင်းကအသည်းကွဲရမှာလဲ"

"မနေ့က မင်းအစ်ကိုကြောင့်လေ။"

"ကိုသာကဘာလုပ်လို့လဲ"

"မင်းကလည်းပိန်းလိုက်တာ။ ကိုသာမနေ့ကပြောတယ်လေ။ သူ့မှာချစ်ရမယ့်သူရှိနေပြီလို့။ အဲ့တော့ ဟိုကောင်အသည်းကွဲပြီပေါ့ လဒရဲ့။"

မင်းခွန်မှိုင်းခေါင်းတဆတ်ဆတ်ညိတ်ရင်း လွယ်အိတ်ကိုခုံပေါ်တင်လိုက်သည်။​ကိုသာချစ်နေသည့်သူက မည်သူမှန်းမသိသေးပေမဲ့ ငစိုင်းမဟုတ်​လောက်ဟုထင်သည်။ အ​ကြောင်းပြချက်​တော့ ရေရေရာရာမရှိ။ သည်အတိုင်း ထင်မြင်ချက်တစ်ခုပင်ဖြစ်သည်။

ကျော်ကြီးသည် အလုပ်ပြန်သွားမလုပ်သေးဘဲ မင်းခွန်မှိုင်းအနား၌ရပ်ကာ တစ်ခုခုထပ်ပြောရန်ကြိုးစားနေသည်။

"ခွန်မှိုင်း..မင်းကိုငါပြောဖူးတဲ့ အစ်ကိုဝမ်းကွဲအကြောင်း မှတ်မိလား"

မင်းခွန်မှိုင်းမှတ်ဉာဏ်ထဲမှ ထိုအကြောင်းအရာကို ပြန်ရှာကြည့်လိုက်သည်။ မတွေ့။ ဦးနှောက်က အလုပ်မလုပ်သည်မှာကြာလေတော့ သံချေးကိုက်နေချေပြီ။

ပြန်မဖြေဘဲ အူတူတူလုပ်နေသောမင်းခွန်မှိုင်းအား ကျော်ကြီးစိတ်မရှည်တော့သောကြောင့် ကိုယ့်ဘာသာဆက်ပြောရသည်။

"မင်းပဲနတ်ဆိုးတွေတကယ်ရှိလားဘာညာမေးလို့ ငါ ငါ့အစ်ကိုဝမ်းကွဲကိုလှမ်းမေးပေးသေးတယ်လေကွာ။ မန္တလေးကအစ်ကိုလေ"

ထိုမှ မင်းခွန်မှိုင်းမှတ်မိသွားလေသည်။ Kiteနှင့်စတွေ့တွေ့ချင်းတုန်းက Kiteဆီကရှောင်ပြေးရန် အကူအညီရလေမည်လားဟု မေးဖူးသောအခိုက်အတန့်ဖြစ်သည်။

"သိပြီ သိပြီ။ နည်းနည်းကြာတော့ ငါမေ့သွားတာ"

ကျော်ကြီးကသက်ပြင်းတစ်ချက်ကောက်ချသည်။

"အေး..မင်းကမေ့နေ။ ငါက ဒီမှာသူပြင်ဦးလွင်လာမယ့်ရက်ကို မင်းနဲ့တွေ့လို့ရအောင် ချိတ်နေတာ။ မလိုတော့ရင်လည်း ငါဖျက်လိုက်မယ်"

"ဖျက်တော့မဖျက်ပါနဲ့။ ငါလည်းမေးချင်တာတွေ ရှိသေးတယ်။ သူကဘယ်နေ့လာမှာတဲ့လဲ"

"နောက်နှစ်ရက်နေရင်"

ကျော်ကြီးကပြောပြီးသည်နှင့် အလုပ်ပြန်သွားလုပ်တော့သည်။ မင်းခွန်မှိုင်းလည်း ကိုယ့်အတွေးနှင့်ကိုယ်ကျန်နေခဲ့သည်။ ယခင်က Kiteကိုရှောင်ရန် ထိုသူနှင့်တွေ့ချင်ခဲ့ပေမဲ့ ယခု၌ နှလုံးသားအမြုတေနှင့်ပတ်သက်ပြီး တစ်ခုခုများသိရလေမည်လားဟူသော မျှော်လင့်ချက်နှင့်တွေ့ချင်မိခြင်းဖြစ်သည်။

နှလုံးသားအမြုတေနှင့်ပတ်သက်ပြီး Kiteတစ်ခုခုကို ဖုံးကွယ်ထားကြောင်း မင်းခွန်မှိုင်းရိပ်မိနေသည်။ Kiteပြောမပြမှတော့ ကိုယ်တိုင်သိဖို့ကြိုးစားရမည်။

Kiteအကြောင်းတွေးမိ​တော့ အခန်းထောင့်သို့ ချက်ချင်းရောက်မိသွားသောအကြည့်အား မင်းခွန်မှိုင်းထိန်းလိုက်ချိန်ပင်မရလိုက်။ Kiteကတော့ မပျင်းမရိ မေးလေးထောက်ရင်း သူ့အားကြည့်ဆဲမို့ သက်ပြင်းအသာချရင်းမျက်နှာလွှဲရုံသာ။

************************************

ငစိုင်းတို့ခြံထဲတွင်​ဆောက်​နေဆဲ အဆောက်အအုံအားစစ်​ဆေးရန် ကားကို ငစိုင်းတို့အိမ်ဘက်သို့ဦးတည်လိုက်သည်။ ကိုသာ ခြံထဲဝင်ဝင်ချင်း ငစိုင်းနှင့်တိုး၏။ ငစိုင်းသည် စတူဒီယိုသွားရန် ကားထုတ်နေခြင်းဖြစ်သည်။

"စိုင်းလေး"

ကိုသာသည် ကားပေါ်မှဆင်းလာပြီး ငစိုင်းအားနှုတ်ဆက်လေသည်။ ငစိုင်းလည်း ကားပေါ်မတက်သေးဘဲ အလိုက်သင့်ပြန်နှုတ်ဆက်လိုက်သည်။

"ဟုတ်ကဲ့ ကိုသာ"

အနည်းငယ်ထူးဆန်းနေသော ငစိုင်းမျက်နှာအား ကိုသာက တစ်ချက်စူးစမ်းကြည့်လိုက်သည်။

"စိုင်းလေး အလုပ်သွားတော့မလို့လား။"

"ဟုတ် ကိုသာ။"

"စိုင်းလေး မနက်က မလာဘူးနော်။ ကိုသာစောင့်နေသေးတယ်။"

ငစိုင်း အပြေးလေ့ကျင့်ရန်မလာသည်ကို ပြောခြင်းဖြစ်သည်။ ကိုသာနှင့်အကြည့်ချင်းမဆုံအောင် ငစိုင်းခေါင်းအရင်ငုံ့လိုက်မိသည်။

"ကျွန်တော် နိုးတာနောက်ကျလို့ပါ"

ငစိုင်း ကိုယ့်လက်နှစ်ဖက်ကိုယ်ပြန်ဆုပ်နယ်ရင်း ပြောနေသည်ကို ကိုသာသတိထားမိလိုက်သည်။

"စိုင်းလေး ဒီ​နေ့ တစ်မျိုးဖြစ်နေသလိုပဲ။ နေမကောင်းဘူးလား"

နဖူးကိုစမ်းရန် လှမ်းလာသောကိုသာ့လက်ချောင်းရှည်များအား ရှောင်ရှားရန် ခြေတစ်လှမ်းနောက်ဆုတ်ပြီး ကားတံခါးကိုအလျင်အမြန်ဆွဲဖွင့်လိုက်သည်။

"နောက်ကျနေလို့ သွားတော့မယ်နော် ကိုသာ"

ခပ်သွက်သွက်နှုတ်ဆက်ပြီး ထွက်သွားသောငစိုင်းအား ကိုသာနားမလည်စွာဖြင့် ရပ်ကြည့်ရင်းကျန်နေခဲ့သည်။ ငစိုင်းလည်း ကားနောက်ကြည့်မှန်မှတစ်ဆင့် ကိုသာ့အားကြည့်ရင်း သက်ပြင်းလေးခပ်ယဲ့ယဲ့ချမိသည်။ ရောဂါအမည်တပ်မရသောရင်ဘတ်ထဲမှ နာကျင်မှုတစ်ခုကြောင့် စို့နင့်လာမိပြန်သည်။

မည်မျှပင် နာကျင်ပါစေ၊ စို့နင့်ပါစေဦးတော့။ ကိုသာနှင့်ဝေးဝေးနေမှ ဖြစ်မည်ဆိုသောအသိစိတ်ကို ဦးစားပေးရမည်။ ကိုသာ့တွင်ချစ်ရမည့်သူလည်း ရှိနေပြီမဟုတ်ပါလား။ ရှေ့ဆက်တိုးလို့မရသည်မှာ သေချာသွားခဲ့လေပြီ။

ငစိုင်းဆိုသည့်သူသည် ကိုသာပြောသလို ဂိမ်းမဆော့ဘဲ 'နိုင်ချင်တယ်'လို့ အော်နေသည့်ကလေးတစ်ယောက် မဟုတ်ခဲ့။ ကိုယ်မဝယ်နိုင်သည့်ဂိမ်းစက်လေးကို မှန်ပြတင်းပေါက်ကနေကြည့်ပြီး သဘောကျနေရသည့် ကလေးတစ်ယောက်သာသာရယ်ပင်ဖြစ်သည်။ မလိုချင်တာမဟုတ်၊ ဝယ်ဖို့မတတ်နိုင်ခဲ့ခြင်း။ ထို့နောက် ဝယ်နိုင်ခဲ့လျှင်တောင် ကိုယ့်လက်ထဲမှာ ကျိုးကျေပျက်စီးသွားမှာစိုးပြန်ပါသည်လေ။ မပိုင်ရက်ပါလေ။ တခြားသူလက်ထဲမှာဆိုလျှင်တောင် မြတ်နိုးစိတ်နှင့်ကြည့်နေဦးမှာပင်။

ယခုကိုသာ့ကိုရှောင်ရခြင်းအကြောင်းသည် ကိုယ်မတတ်နိုင်သည့်ဂိမ်းစက်ကို လိုချင်လောဘတက်ပြီး ငိုယိုနေသည့်ကလေးတစ်ယောက်အဖြစ် ပြောင်းလဲသွားမည်ကို စိုးသည့်စိတ်ကြောင့်ဖြစ်သည်။ ကိုသာနှင့်ပတ်သက်လာလျှင် ငစိုင်းမငိုချင်။ ကိုသာဆိုသူသည် သူ့အတွက်အမြဲကြည်နူးစေသည့် အာဟာရဓာတ်ကလေးဖြစ်သည်။ ငိုစေသည့် မျက်ရည်ဗုံးတစ်လုံးမဟုတ်။ 'ကိုသာ့ကြောင့်မျက်ရည်ကျရပါတယ်'ဆိုပြီးလည်း အပြစ်မဖြစ်စေချင်။ အတွေးတွေလွန်နေမှန်းလည်း သူသိပါသည်။ သို့ပေမဲ့ ဘာတတ်နိုင်မည်နည်း။ ငစိုင်းဆိုသည့်လူကိုက အတွေးသမားသီးသန့်....။

နေ့လယ်စာစားချိန်၌ တိတ်ဆိတ်မှုကို မင်းခွန်မှိုင်း စတင်ဖြိုခွဲလိုက်သည်။

"ငစိုင်း....မင်းတကယ် ကိုသာ့ကိုလက်လျှော့လိုက်ပြီလား"

"လက်လျှော့တာမဟုတ်ပါဘူး ခွန်မှိုင်းရယ်။ နဂိုမူလနေရာကို ပြန်သွားတာပါ။ 'ပိုနေမြဲ ၊ ကျားနေမြဲ'ပဲ ကောင်းပါတယ်။ ကိုသာ့အနားမှာတွယ်ကပ်​နေရင် ငါလောဘတွေတအားကြီးလာတာကလွဲပြီး ဘာမှထူးခြားလာမှာ မဟုတ်ဘူး။ ကိုသာ့မှာလည်း ချစ်တဲ့သူရှိနေပြီ။ ငါဆက်တွယ်ကပ်နေရင် အနှောက်အယှက်ဖြစ်လိမ့်မယ်"

"ဘာဆိုင်လဲ ငစိုင်းရာ။ ကိုသာချစ်နေတဲ့သူဆိုတာ မင်းလည်းဖြစ်နိုင်တာပဲ"

"ဟားဟား..."

ငစိုင်းသည် ထမင်းပန်းကန်ထဲဇွန်းပြန်စိုက်ပြီးရယ်လေသည်။ ရယ်ရင်းဝဲတက်လာသော မျက်ရည်များကို ဟန်ဆောင်ပန်ဆောင် လက်မဖြင့်ဖိသုတ်ရင်း ခေါင်းယမ်းလိုက်သည်။ ထို့နောက် လှောင်ပြောင်ခြင်းပါသောအကြည့်ဖြင့် မင်းခွန်မှိုင်းအားကြည့်သည်။ တကယ်တော့ ထိုအကြည့်သည် မင်းခွန်မှိုင်းကိုလှောင်ပြောင်းခြင်းမဟုတ်၊ ငစိုင်းဘာသာပြန်လှောင်ပြောင်ခြင်းဖြစ်သည်။

"ခွန်မှိုင်း။ မင်းကလေ..Cosplayerမလုပ်သင့်ဘူး။ စာရေးဆရာလုပ်သင့်တာ။ တအားစိတ်ကူးယဉ်တာပဲ"

ငစိုင်းစကားကို မင်းခွန်မှိုင်းမကျေမနပ်ပြန်ပြောမိသည်။

"စိတ်ကူးယဉ်တာ ငါမဟုတ်ဘူး ငစိုင်း။ ငါကဖြစ်နိုင်ချေရှိတာကိုပြောတာ။ ငါကငါဖြစ်ချင်တာကို လက်တွေ့လုပ်တယ်။ စိတ်ကူးယဉ်အတွေးသမားက မင်းမှအစစ်။ စိတ်ကူးထဲမှာ​တော့ မင်းကကိုသာ့လက်ကိုတွဲထားပြီး အပြင်မှာကျ အဝေးကိုရှောင်ပြေးနေတယ်။ မင်းရဲ့စိတ်ကူးနဲ့လက်တွေ့က တခြားစီပဲ။ ငါပြောတာ ဟုတ်တယ်မလား"

ငစိုင်းကအားအင်ချိနဲ့စွာပြုံးသည်။ မင်းခွန်မှိုင်းပြောသည်မှာမှန်သည်။ ငစိုင်း၏စိတ်ကူးနှင့်လက်တွေ့သည် လားလားမှမသက်ဆိုင်ခဲ့​ပေ။ ကိုသာ့အဝေးတွင်နေမည်ဟု ဘယ်လောက်ပင်ဆုံးဖြတ်နေပါစေ၊ အိပ်ရာဝင်ပုံပြင်တစ်ပုဒ်အနေဖြင့်တော့ ကိုသာ့လက်ကိုတွဲပြီး လျှောက်နေသွားနေသည့်ပုံရိပ်များ၊ ကိုသာ့ကြင်နာယုယမှုကို ခံယူခွင့်ရှိသည့် ချစ်သူတစ်ယောက်၏ပုံရိပ်များကိုတော့ ဖန်တီးနေကျပင်။

"မင်းတို့မျက်လုံးတွေမှိတ်ကြည့်လိုက်"

ငစိုင်းစကားသည် ကြောင်တောင်တောင်နိုင်လှသည်မို့ မင်းခွန်မှိုင်းနှင့်ကျော်ကြီးတို့ မျက်မှောင်ကြုတ်ရင်းသာ ကြည့်လိုက်ကြသည်။ ငစိုင်းကိုယ်တိုင်ကတော့ မျက်လုံးလေးမှိတ်ရင်း ခေါင်းအနည်းငယ်မော့ထားလေသည်။ ထို့အနေအထားနှင့်ပင် ငစိုင်းကဆက်ပြောသည်။

"မင်းတို့ဖြစ်ချင်တဲ့အရာတွေ၊ လိုချင်တဲ့အရာတွေကို ပုံဖော်ကြည့်။
အရမ်းလှတယ်မဟုတ်လား။ အမှန်တကယ်တော့ စိတ်ကူးတွေက လက်တွေ့ထက်ပိုလှတယ်။ ထိတွေ့ကိုင်တွယ်လို့မရတာကလွဲရင် အရမ်းစိတ်ချမ်းသာဖို့ကောင်းတယ်။ ဒီတော့ ငါအတွေးတွေကို ဖမ်းဆုပ်ထားမိတာ မှားလား"

ငစိုင်းမျက်လုံးဖွင့်လာသည်။ မင်းခွန်မှိုင်းနှင့်ကျော်ကြီးလည်း သက်ပြင်းပဲချနိုင်​တော့သည်။ ငစိုင်းကို ထိုကိစ္စနှင့်ပတ်သက်ပြီးတော့တော့ ယှဉ်မပြောချင်ကြချေ။ စိတ်ရှိတိုင်းပြောမိလျှင်လည်း ကိုယ်ချင်းမစာရာကျပေမည်။ အဆုံး၌ ငစိုင်းကျေနပ်လျှင်ပြီး​ရောဟုသာ တွေးပြီး လွှတ်ထားကြရတော့သည်။

************************************

"Kite မင်းဘယ်လိုထင်လဲ"

ခုတင်ထက်၌ နှစ်ယောက်သားအတူတူထိုင်လျက် ကြက်ကြော်စားရင်းမှ မင်းခွန်မှိုင်းထမေးလိုက်ခြင်းဖြစ်သည်။ Kiteသည် ကြက်ကြော်တစ်တုံးကို ထက်ပိုင်းပိုင်းနေရင်းမှ စိတ်ပျက်လက်ပျက်ကြည့်လာပြီး ဘာကိုဆိုလိုချင်မှန်းပြန်မေးရသည်။

"မင်းကဘာပြောလို့ ငါကဘာကိုဘယ်လိုထင်ရမှာလဲ"

မင်းခွန်မှိုင်း မျက်နှာကိုရှုံ့မဲ့မဲ့လုပ်ပြီး ကြက်ကြော်ကိုပါးစပ်ထဲပစ်ထည့်ကာ အားရပါးရဝါးသည်။ ပြီးမှ ပလုတ်ပလောင်းဖြင့်ပြန်ပြောသည်။

"ကိုသာနဲ့ငစိုင်းကိစ္စကို​ပြောတာ။ ကိုသာက ဘယ်သူ့ကိုများကြိုက်နေတာလဲမသိဘူး။ မင်းရော ဘယ်သူလို့ထင်လဲ"

Kiteစိတ်ပျက်လက်ပျက်သက်ပြင်းလေးချသည်။

"ငါလည်းဘယ်သိမလဲ မင်းခွန်မှိုင်းရယ်။ မင်းသိချင် ကိုသာ့ကိုကိုယ်တိုင်သွားမေးပေါ့"

"ငါလည်းအဲ့တာစဉ်းစားနေတာ။"

ခပ်တွေတွေလုပ်ရင်း အစားဆက်စားနေသည်မို့ Kiteနားညီးသက်သာသွားချေသည်။ ဤသည်ကလည်း သိပ်မကြာလိုက်ချေ။ ဆယ်မိနစ်လောက်နေတော့ စကားကစလာပြန်ပါသည်။

"ငါတကယ်သိရမှဖြစ်မယ်။ ဟိုကောင်ကြီး ခံစားနေရတာ ငါမကြည့်ရက်တော့ဘူး"

"သူများကိစ္စကို စိတ်ဝင်စားနေမယ့်အစား ငါတို့ကိစ္စကို ပိုအာရုံစိုက်သင့်တယ်လို့ ငါထင်တယ်။ ဆယ်ရက်ပဲကျန်တော့တာ မင်းသိတယ်မလား။"

"အာ...အဲ့ကိစ္စလား"

မျက်နှာကိုတစ်ဖက်သို့လှည့်သွားရင်း မသိချင်ယောင်ဆောင်သွားလေသည်။

"ငါ ကိုသာ့ကိုကိုယ်တိုင်သွားမေးတော့မယ်။ ကြက်ကြော်အစပ်တစ်တုံးချန်ထား။ အကုန်မစားနဲ့"

မှာချင်ရာမှာပြီး ခုတင်ပေါ်ကကောက်ဆင်းလျက် အနွေးဖိနပ်ကိုလျှပ်တိုက်စီးကာ တစ်ဖက်အခန်းသို့ကူးသွားသော မင်းခွန်မှိုင်းကိုကြည့်ပြီး Kiteပြုံးရုံပဲတတ်နိုင်ပါသည်။

ဆယ်ရက်....။
သည်လူသားမျက်နှာလေးကို ကြည့်ခွင့်ရမည့်အချိန်က ဆယ်ရက်ပင်ကျန်ပါတော့သည်။ ကျန်ရှိသည့်အချိန်တိုင်း သူ့အနားမှာပဲနေပြီး ဆက်ကြည့်နေရန်သာဆန္ဒရှိသည်။ သူ့အပြုအမူတိုင်းကို မှတ်ထားပြီးတစ်သက်တာသိမ်းဆည်းသွားမည်။ သည်လောက်ဆိုလျှင် လုံလောက်ချေပြီ။

"ကိုသာ...ကိုသာ..."

အခန်းတံခါးကို ဆက်တိုက်ခေါက်ပြီးခေါ်နေသော်လည်း ကိုသာထွက်မလာပေ။ ထို့​ကြောင့် ခွင့်မ​တောင်းဘဲ အခန်းတံခါးကို ကိုယ်တိုင်သာဖွင့်ဝင်လိုက်​သည်။ အချိန်က ကိုးနာရီခွဲသာရှိသေးသော်လည်း ကိုသာအိပ်သွားပြီဖြစ်သည်။ ကိုသာကအလုပ်ရှုပ်သူဆိုတော့ ပင်ပန်းနေပြီထင်ပါရဲ့။

ခုတင်ခြေရင်းကစောင်ကိုဆွဲယူပြီး ကိုသာ့ကိုယ်ပေါ်၌လွှားပေးလိုက်စဉ် နား၌တပ်ထားသောနားကြပ်ကိုမြင်လိုက်ရသည်။ သီချင်းနားထောင်ရင်း အိပ်ပျော်သွားခြင်းဖြစ်မည်။ လွတ်လွပ်လပ်လပ်အိပ်လို့ရစေရန် နားကြပ်ကိုဆွဲဖြုတ်ပြီး လက်အောက်ကဖုန်းကိုပါ အသာဆွဲယူလိုက်သည်။

ကိုသာဘာသီချင်းများ နားထောင်နေမည်လဲဟု စပ်စုချင်စိတ်ကြောင့် နားကြပ်တစ်ဖက်ကိုကောက်တပ်လိုက်သည်။ ကိုသာ့အကြိုက်ဆုံးအဆို​တော် Lလွန်းဝါ၏သီချင်း ၊ ဒါမှမဟုတ် Ed Sheeran၏သီချင်းတစ်ပုဒ်ဖြစ်မည်ဟု ခန့်မှန်းလိုက်သည်။ သို့သော် နားစည်ဝသို့တွန်းဝင်လာသော သီချင်းသံက...

"ငစိုင်း..."

မင်းခွန်မှိုင်းခန္ဓာကိုယ်တစ်ခုလုံး တောင့်ခနဲဖြစ်သွားပြီး မျက်လုံးပြူးသွားမိသည်။ နှစ်ပတ်လည်ညက ငစိုင်းဆိုသွားသောသီချင်းကိုနားထောင်ပြီး ကိုသာကအိပ်နေသည်ဆိုတာကို သူယုံပင်မယုံနိုင်။ အကယ်၍ သီချင်းကိုကြိုက်လျှင်တောင် မူရင်းအဆိုတော် အယ်လ်ဆိုင်းဇီ၏သီချင်းကို နားထောင်လို့ရပါလျက်နှင့် ငစိုင်းဆိုထားတာကိုမှ အဘယ်ကြောင့်နားထောင်နေပါသနည်း။

"ညီမှိုင်း..."

မျက်လုံးကိုပွတ်ရင်း နိုးလာသောကိုသာ့အား မင်းခွန်မှိုင်းမဝံ့မရဲကြည့်လိုက်မိသည်။ ကိုသာလည်း ထထိုင်ရင်း မင်းခွန်မှိုင်းလက်ထဲမှသူ့ဖုန်းကိုမြင်တော့ အနည်းငယ်ထူပူသွားဟန်ရသည်။ ကိုယ့်လည်ကုပ်ကိုပြန်ပွတ်ရင်း အကြည့်လွှဲသွားပြီး ခုတင်ပေါ်ကနေဖြည်းညှင်းစွာဆင်းလာသည်။ ထို့နောက် မင်းခွန်မှိုင်းလက်ထဲက ဖုန်းနှင့်နားကြပ်ကိုယူကာ စားပွဲပေါ်သို့သွားတင်လိုက်သည်။ ပြီးမှ မင်းခွန်မှိုင်းအနားပြန်လာကာ လက်က​နေဆွဲ​ခေါ်ပြီး ခုတင်အစွန်း၌ ထိုင်​စေသည်။

မင်းခွန်မှိုင်းကတော့ ကိုသာ့ဆီကကြားရမည့်စကားများကို စောင့်မျှော်လျက် တောင့်ခဲဆဲပင်။ ကိုသာကမပြောခင် သက်ပြင်းလေးချသည်။ ကိုသာမပြောခင်မှာပင် အခန်းထဲမသိအောင်ဝင်လာမိခြင်းအတွက် မင်းခွန်မှိုင်းစိတ်မလုံစွာဖြေရှင်းမိသည်။

"ကျ..ကျွန်တော် တံခါးခေါက်သေးတယ် ကိုသာ။ ကိုသာထွက်မလာလို့ ဝင်လာမိတာ။"

"ကိုသာဘာမှမပြောပါဘူး ညီမှိုင်းရဲ့။ အခု ကိုသာပြောတာကိုပဲ နားထောင်ပေး"

"ဟုတ်..ဟုတ်ကိုသာ"

"ညီမှိုင်းရိပ်မိ​လောက်ပြီထင်လို့​ပြောပြလိုက်​တော့မယ်။ နှစ်ပတ်လည်ညက ကိုသာပြောပြတဲ့တစ်ယောက်က စိုင်းလေးပဲ"

မင်းခွန်မှိုင်းခေါင်းသာညိတ်လိုက်သည်။ ထင်မထားခဲ့သည်က တကယ်ဖြစ်လာတော့ ဆွံ့အနေမိသည်။

"ကိုသာလည်းအစက စိုင်းလေးကို ညီတစ်ယောက်လိုသဘောထားတယ်ပဲ ထင်တာ။ ဒါပေမဲ့ ဝေယံမိုးထက်လာတဲ့နေ့က ညီမှိုင်းစကားတွေကို စိုင်းလေးတုံ့ပြန်တာကြည့်ပြီး ကိုသာရိပ်မိခဲ့တယ်။ သေချာသွားတဲ့အချိန်က စိုင်းလေးကို ကိုသာမနက်ခင်း အပြေးလေ့ကျင့်ရင်း တွေ့တဲ့အချိန်မှာ သေချာသွားတာ။ အရင်ကတည်းက ကိုသာ့ကိုလူတစ်ယောက်လိုက်ကြည့်နေတယ်လို့ ခံစားနေရတာ။ မနက်တိုင်း ဦးထုပ်အနက်ဆောင်း ၊ maskတပ်ထားတဲ့လူတစ်ယောက်က ကိုသာ့ကိုလိုက်ကြည့်နေတာ ကိုသာသိလိုက်တယ်။ အဲ့တာဘယ်သူလဲသိချင်လို့ တစ်ရက်ကျတော့ အဝေးကနေပြန်ချောင်းလိုက်တာ။ စိုင်းလေးဖြစ်နေတယ်။ ကိုသာအစက အရမ်းအံ့သြမိတယ်။ စိတ်ထဲလည်း တစ်မျိုးကြီးဖြစ်သွားသလိုပဲ။ ဒါပေမဲ့ ကိုသာသူ့ကိုမရှောင်ချင်ဘူး။ ကိုသာ့အပေါ်သူခံစားချက်ရှိနေတယ်ဆိုပြီး မရှောင်ချင်ခဲ့ဘူး။ အဲ့နေ့က စိုင်းလေးမှန်းသိသိချင်း ကိုသာပျော်သွားသလိုပဲ။ ဝမ်းသာအားရနဲ့ပြေးသွားမိလိုက်တယ်။ စိုင်းလေးကိုချစ်မိနေပြီလားဆိုတာ ကိုသာမသိပါဘူး။ ဒါပေမဲ့ စိုင်း​လေးကို ကိုသာနေ့တိုင်း​တော့တွေ့ချင်တယ်။ တွေ့ရင်ပျော်တယ်"

ကိုသာ့စကားအဆုံးသတ်သွားချိန်မှာ မင်းခွန်မှိုင်း ငစိုင်းအတွက်ပျော်မိသလို မနာလိုလည်းဖြစ်မိသည်။ ကိုသာ သူ့ကိုချစ်နေသည်မှာသေချာပါပြီ။ ထို့ကြောင့် မနာလိုဖြစ်သည်။ လက်သီးနှင့်ပါထိုးပစ်ချင်သည်။

"ဒါပေမဲ့ စိုင်းလေးက ကိုသာ့ကိုစိတ်ကုန်သွားပြီနဲ့တူတယ်"

"ကိုသာက ဘာလို့အဲ့လိုထင်တာလဲ"

မင်းခွန်မှိုင်း အားမလိုအားမရမေးမိသည်။ ကိုသာက ခေါင်းကြီးငုံ့ရင်း​ဖြေသည်။

"သူ ကိုသာ့ကိုရှောင်နေတာ ကိုသာသတိထားမိတယ်။ စိတ်ကုန်သွားပြီထင်ပါတယ် ညီမှိုင်းရယ်။"

"အဲ့ကောင်ကြီး ကိုသာ့ကိုစိတ်ကုန်တဲ့နေ့က ကိုသာနောက်ဘဝကူးရင်တောင် မဖြစ်နိုင်ဘူး သိလား။"

"ဟောဗျာ"

"မဟောဗျာ။ ကိုသာ့ကိုသူရှောင်နေတာက ကိုသာ့မှာချစ်တဲ့သူရှိနေပြီဆို​တော့ အနှောက်အယှက်ဖြစ်မှာစိုးလို့ရှောင်နေတာ။ ကိုသာက လူကြီးဖြစ်ပြီးပွင့်ပွင့်လင်းလင်းပြောမှပေါ့။ သွက်ဝိုက်နေမှတော့ ကျွန်တော့်သူငယ်ချင်းက တစ်မျိုးထင်မှာပေါ့။ သူကအစကတည်းက အတွေးကလွန်ပြီး အားကငယ်တတ်တာ။"

"ဘာလဲ။ ညီမှိုင်းက ကိုသာ့ကို ဖွင့်ပြောခိုင်းနေတာလား"

"အင်းလေ အင်းလေ"

မေးလေးဆတ်ဆတ်ငေါ့ရင်း ပြောပုံကို ကိုသာကရယ်သည်။ သူငယ်ချင်းဘက်တွင် အပြည့်အဝနေနေပါရော့လား။

"စိုင်းလေးတောင် ကိုသာ့ကိုတိတ်တိတ်လေးအကြာကြီးချစ်လာတာလေ။ ကိုသာလည်း အဲ့လိုနေလို့မရဘူးလား"

ကပ်သီးကပ်ဖဲ့ပြောသောကိုသာ့အား မင်းခွန်မှိုင်းရွဲ့ချင်လာသည်။

"ရတယ် နေလေ။ ကိုသာ အဲ့လိုလုပ်နေရင် ငစိုင်းကို တခြားသူနဲ့ကျွန်တော်ချိတ်ပေးလိုက်မှာ။ မလုပ်နိုင်ဘူး မထင်နဲ့နော်"

"ရက်စက်လှချည်လား ညီမှိုင်းရယ်"

"ရက်ရက်စက်စက်ပဲ။ ကိုသာ့ကို အချိန်သုံးရက်ပေးမယ်။ သုံးရက်အတွင်းမှမပြောရင်တော့ တခြားသူနဲ့ချိတ်ပေးမှာနော်။ ကျွန်တော့်သူငယ်ချင်းကို အကြာကြီးခံစားရအောင်လုပ်ရင် တွေ့မယ်"

ကိုသာ့အား ရာဇသံပေးပြီးသည်နှင့် ကိုယ့်အခန်းကိုယ်ဘောက်ဆွဘောက်ဆွ ပြန်လာခဲ့သည်။ ယခုမှ စိတ်ထဲပေါ့သွားသလို၊ ပိုပြီးလည်းလေးလံသွားသည်။

You are reading the story above: TeenFic.Net