Unicode
ခပ်သင်းသင်းလွင့်ပျံ့လာသောမိုးရနံ့ကို အားရစွာရှူစိုက်နေသည့်မင်းခွန်မှိုင်းအား ကိုသာကားမောင်းရင်း တစ်ချက်စောင်းကြည့်သည်။ မင်းခွန်မှိုင်းကမူ ကားပြတင်းပေါက်ပေါ် လက်တင်ရင်းဖြင့်သာ အပြင်ကိုဆက်ငေးလျက် မိုးရနံ့ကိုခံစားဆဲပင်။
"အအေးမိဦးမယ်။ မှန်ပြန်တင်လိုက်ပါလား ညီမှိုင်းရဲ့"
မင်းခွန်မှိုင်းသည် ကိုသာ့အားတစ်ချက် လှည့်ကြည့်ရင်း ခပ်ပြုံးပြုံးပြန်ဖြေလိုက်သည်။
"လေထဲမှာ ပါလာတဲ့မိုးနံ့လေးရှူရတာ ကြိုက်လို့ပါ ကိုသာရဲ့။ ပြီးတော့ ချမ်းစိမ့်စိမ့်လေးနဲ့ နေလို့ကောင်းတယ်"
"ညီမှိုင်းသဘော။ ဪ...ဒါနဲ့ ညီမှိုင်း ဒီနေ့လေ စိုင်းလေးတစ်မျိုးဖြစ်နေသလိုပဲနော်။ ကိုသာပဲ စိတ်ထင်လို့လားမသိဘူး။"
ငစိုင်းအကြောင်းပြောလာသော ကိုသာကို မင်းခွန်မှိုင်း မျက်မှောင်ကြုတ်၍ကြည့်လိုက်မိသည်။ ကိုသာက ငစိုင်းအကြောင်း စိတ်ဝင်စားသည်ဆိုသည်မှာ ထူးဆန်းနေသည်ဟု ခံစားရခြင်းကြောင့်ဖြစ်သည်။
"သူကအစကတည်းက အဲ့တိုင်းပါပဲ ကိုသာရာ။ ဘာလို့လဲ။ ကိုသာက သူ့ကိုစိတ်ပူလို့လား"
"အင်း"
အေးအေးလူလူပြန်ဖြေလိုက်သော အဖြေကြောင့် မင်းခွန်မှိုင်းမျက်လုံးပြူးရပြန်ပါသည်။ ငစိုင်းအပေါ် ကိုသာခံစားချက်များ ရှိနေလေပြီလားဟု အတွေးချော်မိစဉ် ကိုသာကဆက်ပြောသည်။
"ညီမှိုင်းသူငယ်ချင်းက ကိုသာ့ညီပဲလေ။ ကိုသာ့ညီတွေမျက်နှာပျက်နေတာကို ကိုသာကစိတ်မပူဘဲ နေမလား။"
ကိုသာ့စကားကြောင့် မင်းခွန်မှိုင်းနှုတ်ခမ်းကို ခပ်မဲ့မဲ့လုပ်ပြီး ကိုသာ့အားမကြည်ကြည့် ကြည့်လိုက်မိသည်။ ထို့နောက် အကြည့်ကိုလွှဲကာ ဂျစ်တိုက်ပါတော့သည်။
"ငစိုင်းက ကိုသာ့ညီမဟုတ်ပါဘူးနော်။ ကျွန်တော်ကမှ ကိုသာ့ညီ။ စိတ်ပူချင် ကျွန်တော့်ကိုစိတ်ပူလေ။"
ကလေးမဟုတ် သူငယ်မဟုတ်နှင့် အထအနကောက်ပြီး စိတ်ကောက်နေသောညီဖြစ်သူကြောင့် ကိုသာရယ်မိတော့ မျက်စောင်းအကြီးကြီးထိုးခံလိုက်ရသည်။ ယောက်ျားလေးဖြစ်ပြီး မျက်စောင်းကြီးကလည်း ကြောက်ဖို့ကောင်းချက်ပင်။
"ညီမှိုင်းကို စိတ်ပူရအောင် ညီမှိုင်းက အခုဘာဖြစ်နေလို့လဲ"
"အခု ကိုသာ့ကို ကျွန်တော်စိတ်ဆိုးတယ်ဗျာ။ အဲ့တာ ဘာပြန်လုပ်ပေးမှာလဲ"
ကိုသာကရယ်ရင်း မင်းခွန်မှိုင်းခေါင်းကို လက်တစ်ဖက်ဖြင့် အသာအယာလှမ်းပုတ်ပြီးနောက် ကားစတီယာရင်အား သေချာစွာပြန်ထိန်းကိုင်သည်။
"ညီမှိုင်းရယ်။ ကလေးလည်းမဟုတ်တော့ဘဲနဲ့ ဘာလို့ အဲ့လောက်အူတိုရတာလဲ။ ကိုသာ မိန်းမယူသွားရင် ဘယ်လိုလုပ်မလဲ ပြော"
"ကိုသာက မိန်းမယူမယ်ပေါ့"
မျက်နှာသေကြီးဖြင့် မေးလာပုံက လူသတ်တော့မည့်နှယ်။ ကိုသာလည်း မင်းခွန်မှိုင်းကို စချင်စိတ်ကြောင့် ခပ်ရွဲ့ရွဲ့လေးပြန်ဆိုလိုက်သည်။
"ဒါပေါ့။ ယူမှာပေါ့။ အဲ့ကျရင် ညီမှိုင်းခိုင်းတာတွေ ကိုသာလိုက်လုပ်ပေးလို့မရတော့ဘူး။ ကိုသာ့မိန်းမခိုင်းတာတွေပဲ လိုက်လုပ်ပေးရတော့မှာ"
ကိုသာလည်း မင်းခွန်မှိုင်းကိုစသာစရပေမဲ့ မျက်နှာရိပ်မျက်နှာကဲကိုတော့ သေချာအကဲခတ်ရသည်။ စိတ်တွေဆိုးပြီး ကားပေါ်ကခုန်ဆင်းသွားမှဖြင့် မလွယ်လှ။ မင်းခွန်မှိုင်းကတော့ မျက်နှာကိုခပ်ချီချီမော့ရင်း ကိုသာ့အားမျက်လုံးရွေ့ရုံစောင်းကြည့်လိုက်ပြီး...
"ဒါဆိုလည်း ကိုသာ့မိန်းမကို ကျွန်တော်က ပြန်ခိုင်းစားပစ်မှာပေါ့။ ကိုသာက သူ့အလုပ်လုပ်ပေးရတော့ ကျွန်တော့်အလုပ်တွေ သူပြန်ခိုင်းမှာ"
"ဟောဗျာ။ လုပ်မပေးရင် ဘယ်လိုလုပ်မတုန်း ညီမှိုင်းရဲ့"
"အဲ့ကျရင် အဲ့မိန်းမကို ဆံပင်ကနေဆွဲပြီး အိမ်ပေါ်က ကန်ချမှာ။ ဒလိမ့်ခေါက်ကွေးကျအောင်ကို ကန်ချမှာ။ ခြေထောက်နဲ့ ဟောဒီလို ၊ ဟောဒီလိုကန်မှာ"
စကားအပြင် ဟန်အမူအရာနှင့်ပါကန်ပြနေသော မင်းခွန်မှိုင်းကြောင့် ကိုသာအားရပါးရရယ်မိတော့သည်။ မင်းခွန်မှိုင်းလည်း ကိုသာ့နည်းတူလိုက်ရယ်သည်။ ကိုယ့်ဘာသာပြောပြီးသဘောတွေကျနေသော မင်းခွန်မှိုင်းကိုကြည့်ရင်း ကိုသာသက်ပြင်းလေး ခပ်ယဲ့ယဲ့ချမိပြန်သည်။
သည်လိုကောင်ဆိုးလေးတွင် ဘယ်လိုဖူးစာဖက်မျိုး ရှိလာလေမည်လဲမသိ။ သူနှင့်တွဲမည်ဆိုလျှင် သေချာပေါက်ကို သည်းခံနိုင်မှဖြစ်မည်။ စိတ်မထင်လျှင်မထင်သလို ပြောရုံမက သဝန်ကအရမ်းကြောင်တတ်သေးသည်။ အစ်ကိုကိုတောင် သူများမပေးချင်တာ ၊ သူ့ချစ်သူကိုသာဆိုလျှင် မျက်လုံးနှင့်ပင် စွေကြည့်ခံပါ့မလားမသိ။ အမှန်တကယ်တော့ သဝန်တို၊ အူတိုသည်ဆိုတာထက် သူ့ကိုဂရုမစိုက်တော့မည်ကိုစိုး၍ လိုက်ပြီးစိတ်ပုတ်နေသည့် ကလေးပါလေ။ ဘယ်သူနှင့်တူလို့များ သည်လောက်ဆိုးပါလိမ့်။
"ကိုသာ ကျွန်တော့ကိုလမ်းထိပ်ကစတိုးဆိုင်ရောက်ရင် ကားရပ်ပေးဦး။ ကျွန်တော့်အခန်းထဲမှာ စားစရာမရှိတော့ဘူး"
"ဟုတ်ပြီ ဟုတ်ပြီ"
ကိုသာရဲ့ 'ဟုတ်ပြီ ဟုတ်ပြီ'ဟူသောစကားအဆုံးတွင် ကားကရုတ်တရက်ထိုးရပ်သွားလေသည်။ မင်းခွန်မှိုင်းလည်း အနည်းငယ်ကြောင်သွားပြီး ကိုသာ့အားငေးကြည့်မိတော့ ကိုသာကသက်ပြင်းလေးချ ခေါင်းလေးကုတ်ရင်း ကားပေါ်ကဆင်းသွားကာ ကားစက်ဖုံးကိုဖွင့်ကြည့်လေသည်။ မင်းခွန်မှိုင်းလည်း ကားပေါ်ကလိုက်ဆင်းတော့ ကိုသာက ကားစက်ဖုံးကိုပြန်ပိတ်ပြီး ဖုန်းကိုထုတ်တာ ကားပြင်ဆိုင်သို့လှမ်းဆက်လေသည်။ ပြီးမှ မင်းခွန်မှိုင်းအား ကြည့်လာပြီး...
"ကားကအခုတလော ခဏခဏပျက်နေတယ် ညီမှိုင်းရေ။ ကြည့်ရတာ ပစ္စည်းလဲရမယ်ထင်တယ်။ ညီမှိုင်းပြန်ချင်ပြန်နှင့်လေ ရှေ့တစ်လမ်းဆိုရင်တောင် လမ်းထိပ်ရောက်နေပြီပဲ။ ကိုသာ နောက်ကနေ ကားပြင်ပြီးမှ လိုက်ခဲ့မယ်"
ကိုသာ့ကားလေး တစ်ခါတလေကပ်စီးရ၍ ဇိမ်ယူရလေမလား အောက်မေ့မိသော်လည်း ယခု၌လမ်းလျှောက်ရမည့်ကိန်းဆိုက်သောကြောင့် မင်းခွန်မှိုင်းမျက်နှာက ရှုံ့မဲ့သွားသည်။ မိမိကိုယ်က ကားစီးရမည့်ကံမပါခြင်းဖြစ်မည်။
"ကိုသာက အင်ဂျင်နီယာဖြစ်ပြီး ကားမပြင်တတ်ဘူးလား"
သည်လိုဆိုမိတော့ ကိုသာကရယ်သည်။
"နည်းနည်းပါးပါးတော့ ကြည့်တတ်ပါတယ် ညီမှိုင်းရဲ့။ ဒါပေမဲ့ ပစ္စည်းလဲတာဘာညာကျတော့ ကိုသာ့ဆီမှာ အခုရှိလို့လား။ ဆိုင်မှာလုပ်မှရမယ့်ကိစ္စလေ။ ကဲပါ ညီမှိုင်းရယ်။ ကိုသာ့ကို မရစ်ပါနဲ့တော့။ အိမ်မြန်မြန်ပြန်တော့။ မိုးကရွာမယ့်ပုံပဲ။ စတိုးဆိုင်ဝင်မယ်ဆိုလည်း ကြာမနေနဲ့ဦး။"
"အဲ့တာဆို ကျွန်တော်သွားပြီ"
"ခွေးလိုက်ဆွဲဦးမယ် ပြေးလွှားမနေနဲ့ဦး"
ကိုသာ့စကားကို သဘောကျစွာရယ်ရင်း စတိုးဆိုင်ရှိရာသို့ ခပ်သွက်သွက်လျှောက်လာလိုက်သည်။ ညဘက် ဇာတ်ကားကြည့်ရင်း စားရန်မုန့်ရွေးနေတုန်း သက်ပြင်းအရှည်ကြီးချမိပြန်သည်။
ယခုအချိန်ဘေးနားတွင် Kiteသာရှိလျှင် အာလူးကြော်ဘူးတွေရောင်စုံယူပြီး နောက်ကနေ တကောက်ကောက်လိုက်နေမှာ အသေအချာပင်။ တကယ်ပဲအချိန်အကြာကြီး ပစ်ထားနိုင်လိုက်တာဟုတွေးမိတော့ စိတ်ကသိကအောက်ဖြစ်ရသည်။ အချိန်အကြာကြီးဟုဆိုသော်လည်း တစ်ရက်ခွဲလောက်ရယ်ပင် ရှိသေးသည်။ ဤသည်မှာပင် အတော်ကြာနေသယောင်ယောင်ရှိသည်။
သူတောင်နေနိုင်သေးသည်ကို မိမိကဘာကိစ္စမနေနိုင်ရမည်နည်း။ မရှိတာပိုတောင်ကောင်းသေးသည် မဟုတ်လား။ သူ့အကြောင်းမတွေးဘဲ နေနိုင်အောင်ကြိုးစားမည်ဟု ဆုံးဖြတ်ချက်ချရင်း အာရုံလွှဲမိအောင် ဆိုင်ပိုင်ရှင်ဖွင့်ထားသော သီချင်းကို အာရုံစိုက်ကြည့်မိလိုက်သည်။
သီချင်းကား....
🎼ငါချစ်မိလို့လား
မသိစိတ်တွေက မင်းဆီစွန်လို ပျံဝဲသွား....
လေထဲတိုက်ဆောက်တာ နောင်တမရဘူးကွာ
ငါချစ်မိနေတာ၊ မင်းသိရင်များ ကဲ့ရဲ့လို့နင် လှောင်နေမလား
အုပ်စိုးခန့်၏ချစ်တဲ့အကြောင်းသီချင်းမှ စာသားများကြောင့် မင်းခွန်မှိုင်း ငိုချင်စိတ်ပင်ပေါက်သွားသည်။ သီချင်းက မသိလျှင် မိမိကိုပဲ စောင်းဆိုနေသလိုလို။
ရွေးထားသောမုန့်ထုပ်များကို ကောင်တာပေါ်ဆောင့်ခနဲတင်ပြီး ဦးလေးကြီးကို မကျေမနပ်စိုက်ကြည့်လိုက်တော့ ဦးလေးကြီးက ဇက်ကလေးပုပြီး မျက်လုံးချင်းမဆုံအောင် ရှောင်ရှားသွားလေသည်။ မင်းခွန်မှိုင်းဆိုသည့်ကလေးသည် သူ့ဆိုင်လာတိုင်း ဘာမှမလုပ်သော်ငြားလည်း တစ်လောကလုံးသူ့လုပ်စာထိုင်စားနေသလိုမျိုး မျက်နှာထားကြောင့်ရှိန်ရသည်။ နောက်ပြီး နိုင်ကလည်းနိုင်စားသေးသည်။ ငယ်ငယ်ကတည်းက သည်ဆိုင်တွင် လာအားပေးနေကျမို့ ရင်းနှီးနေတော့ ပိုဆိုးပါသည်။ သည်ကလေးက ငဂျစ်ကလေးရယ်မို့ အရစ်မခံရအောင် ရှောင်တာအကောင်းဆုံးပင်။
မင်းခွန်မှိုင်းသည် ပလတ်စတစ်အိတ်အကြီးတစ်လုံးဖြင့် စုထည့်ထားသောမုန့်ထုပ်ကို ဦးလေးကြီးလက်ထဲမှ ဆတ်ခနဲဆွဲယူလိုက်ပြီး သီချင်းပြောင်းပေးဖို့ ပြောလိုက်သည်။
"အဲ့သီချင်းကြီးကို ပြောင်းလိုက်စမ်းပါဗျာ။ ကြားရတာ အဆင်မပြေဘူး"
"ဒီသီချင်းက ဘာဖြစ်လို့လဲ ငါ့တူရယ်။ နားထောင်လို့ ကောင်းပါတယ်"
မထင်မှတ်ဘဲပြန်ပြောပြီးကာမှ မင်းခွန်မှိုင်း၏ဒေါသငွေ့ထောင်းထောင်းထနေသောမျက်နှာကြောင့် ချက်ချင်းဆိုသလို သီချင်းကိုကျော်ပေးလိုက်သည်။ သည်တော့မှ မင်းခွန်မှိုင်းလည်း ကျေနပ်သွားသည့်ဟန်ဖြင့် ဆိုင်ထဲကနေ ခပ်ကျော့ကျော့လေးထွက်ရန် ခြေလှမ်းပြင်ပြီး မှန်တံခါးကိုတွန်းအဖွင့် နောက်ကအမှီလိုက်လာသော သီချင်းစာသားတစ်ခု...
🎼စိတ်တွေမင်းဘက်ယိမ်းနေတယ်
အဆင့်ကျော်ဖို့အတွက်တော့ မလုံမလဲ
ငါမင်းရှေ့ရောက်ရင် ယုန်ကလေးဖြစ်သွားတယ်🎼
သည်ဦးလေးကြီးမှာ အုပ်စိုးခန့်ပရိသတ်ဖြစ်ပုံရသည်။ ဆက်တိုက်ကို အုပ်စိုးခန့်သီချင်းတွေချည်း ဖွင့်နေတာပင်။ စောစောက ချစ်တဲ့အကြောင်း ၊ ယခု၌ ချစ်နေပြီ သီချင်း။
မင်းခွန်မှိုင်း မျက်မှောင်ကြီးကုတ်ပြီး လှည့်ကြည့်လိုက်တော့ ဦးလေးကြီးဆတ်ခနဲတွန့်သွားသည်။ ထို့နောက် လက်ညှိုးကြီးထိုးလာသောကြောင့် ခြေတစ်လှမ်းမသိမသာဆုတ်လိုက်မိပြန်သည်။
"အဲ့သီချင်းလည်း မကြားချင်ဘူး။ မနက်ဖြန်ကျ ဂျပန်သီချင်းတွေလာကူးပေးမယ်။ ကျွန်တော်လာရင်အဲ့တာတွေပဲ ဖွင့်ပေး"
"အေး အေးပါ ငါ့တူရာ"
ထစ်ထစ်အအဖြင့်ပြန်ဖြေသည့် ဦးလေးကြီးအား မင်းခွန်မှိုင်းခပ်စူးစူးတစ်ချက်စိုက်ကြည့်ပြီး ပွစိပွစိဖြင့်ထွက်လာလိုက်တော့သည်။ စိတ်တိုတိုဖြင့် လမ်းပေါ်မှာတွေ့သမျှ ခဲလုံးတိုင်းကိုလည လိုက်ကန်ကျောက်မိသည်။
"ငါသူ့ကိုသတိမရပါဘူး။ မကြိုက်ပါဘူးဆို....အား...ဟား....အမေရေ...။ အမေ့သား ကွေးနေပြီထင်တယ်....အား...."
ကိုယ့်ဆံပင်တွေကိုပြန်ဆွဲရင်း လမ်းမပေါ်၌ အော်ဟစ်နေသော မင်းခွန်မှိုင်းကြောင့် လမ်းဘေး၌အိပ်ပျော်နေသော ခွေးများပင် ခေါင်းထောင်လာကြသည်။
"အဲ့ကောင်ကြီးကို ဘာလို့သတိရနေတာလဲ..ချီးပဲ..."
အော်ဟစ်ရင်း လမ်းဘေး၌ထောင်နေသော အုတ်နီခဲတစ်လုံးအား ပြေးကန်လိုက်စဉ် ခြေဖဝါးစောင်းနှင့်မကန်မိဘဲ ခြေချောင်းများဖြင့် ကန်မိသောကြောင့် အကြောအချဉ်များအားလုံး အီစိမ့်သွားကာ မျက်ရည်များပင် ဝဲတက်လာမိသည်။ ထို့ကြောင့် ခြေချောင်းတွေကိုဖိကိုင်ရင်း လမ်းမဘေး တင်ချထိုင်ပစ်လိုက်တော့သည်။
ဘာလုပ်လုပ် Kiteကိုသတိနေရသဖြင့် ကိုယ့်စိတ်ကိုယ်နားမလည်နိုင်ဖြစ်ရသည်။ တကယ်ပဲ သူ့အပေါ် စိတ်ရှိနေမိပြီလား။ မဖြစ်နိုင်။ သည်အတိုင်း သူငယ်ချင်းလို သတိရတာရော မဖြစ်နိုင်ဘူးလားဟု တွေးကြည့်မိသည်။ ဖြစ်နိုင်တာပဲ မဟုတ်လား။ သူငယ်ချင်းနှင့်ရန်ဖြစ်ပြီး ရုတ်တရက်ခွဲရလျှင် လူတိုင်းအခုလိုပင် သတိရကြမည်မဟုတ်လား။
"အင်း..ဟုတ်တယ် ဟုတ်တယ်။ ငါကအဖြောင့်။ ဘယ်တော့မှ မကွေးဘူး။ ဒီအတိုင်း သတိရတာ။ အင်း အင်း"
တစ်ယောက်တည်းတွေး၍ တစ်ယောက်တည်းပြန်ဖြေကာ ခေါင်းတညိတ်ညိတ်လုပ်လိုက်တော့ စိတ်သက်သာရာရသွားသလိုပင်။ ထို့ကြောင့် မတ်တပ်ရပ် ဖုန်တွေသဲတွေခါထုတ်ကာ ပြုံးပြုံးကြီး အိမ်ပြန်လမ်းသို့ လျှောက်လှမ်းလိုက်သည်။ ပါးစပ်ကလည်း "သူငယ်ချင်းမို့လို့ သတိရတာပါ။ ဟိုလိုမဟုတ်ဘူး။ ငါကအဖြောင့်"ဟု ဆက်တိုက်ရေရွတ်သွားသေးသည်။
"ငါတို့ဆုံကြပြန်ပြီနော်"
အမှောင်ရိပ်ကြီးစိုးနေသော လမ်းကြားငယ်မှ ထွက်ပေါ်လာသော အသံကြောင့် မင်းခွန်မှိုင်းခြေလှမ်းများကို ရပ်တန့်ပြီး လမ်းကြားအတွင်းစူးစမ်းကြည့်လိုက်သည်။ ထိုစဉ် လမ်းကြားအတွင်းမှ လှုပ်ရှားလာသောအရာတစ်ခု ၊ လူတစ်ယောက်ဟုဆိုလျှင်ပိုမှန်မည်။ သူ့ထံတည့်တည့်မတ်မတ်လျှောက်လှမ်းလာသည့် ထိုအရာကို စိုက်ကြည့်နေမိတုန်း ဖျော့တော့တော့အလင်းအောက်ရောက်သည်နှင့် မြင်သာလာသည့် ဆံနွယ်အဖြူနှင့်နတ်ဆိုး၏သဏ္ဍာန်။
မင်းခွန်မှိုင်းခြေကိုတစ်လှမ်းဆုတ်ရင်း နောက်ကိုလှည့်ကြည့်လိုက်မိသည်။ မင်းခွန်မှိုင်းမေ့သွားသည့်တစ်ချက်က သူ့နောက်တွင် Kiteရှိမနေဘူးဆိုသည့်အချက်ပင်။ ဆံနွယ်အဖြူဖြင့်နတ်ဆိုးသည် ခပ်အေးအေးပြုံးရင်း မင်းခွန်မှိုင်းရှေ့နီးနီးကပ်ကပ်တွင်ရပ်လိုက်သည်။ မင်းခွန်မှိုင်းလည်း ကြောက်စိတ်ကိုထိန်းရင်း မော့ကြည့်တော့ သူကနှုတ်ခမ်းထောင့်စွန်းလေးတွန့်ရုံပြုံးပြန်သည်။
"ခင်..ခင်ဗျား ဘာလာလုပ်ပြန်တာလဲ"
မင်းခွန်မှိုင်းမေးခွန်းကို ဆံဖြူနတ်ဆိုးက လက်ကလေးနောက်ပစ်ရင်း မျက်နှာနားအနီးကပ်ကြည့်ကာ ဖြေသည်။
"မင်းဆီကသိချင်တာလေးတစ်ခုရှိလို့ပါ"
မင်းခွန်မှိုင်းခြေတစ်လှမ်းနောက်ဆုတ်မိတော့ သူက ပခုံးကိုလှမ်းထိန်းကိုင်ပြီး အနားတိုးကပ်လာပြန်သည်။
"မင်းနဲ့ဆက်ခံသူတို့ကြားမှာ ဘာတွေဖြစ်ခဲ့ကြလဲ။"
"ဘာဖြစ်ရမှာလဲ"
"တစ်ခုခုဖြစ်ခဲ့တယ်ထင်တာ။ ဘာလို့လဲဆိုတော့ ဆက်ခံသူက နတ်ဆိုးတိုင်းပြည်ထဲမှာ တစ်ယောက်တည်းလျှောက်သွားနေတယ်လေ။ တကယ်ဆို မင်းနဲ့အတူရှိနေရမှာ မဟုတ်ဘူးလား။"
"Kite...Kiteကအဲ့ဒီကိုရောက်နေတာလား"
Kiteအမှန်တကယ်ပင် သူ့အနားက ထွက်သွားသည်မို့ မင်းခွန်မှိုင်းဝမ်းနည်းစိတ်ဝင်မိသလိုလိုခံစားရသည်။ ဆံဖြူနတ်ဆိုးသည် ခေါင်းလေးအသာညိတ်ရင်း မင်းခွန်မှိုင်းပခုံးအားကိုင်ထားသည့်လက်ကို ဖယ်ပေးလိုက်သည်။
"မင်းသူ့ကိုဒီတိုင်းဆက်လွှတ်ပေးထားပါလား။ နောက်ထပ် ၁၂ရက်မတိုင်ခင်ထိပေါ့"
နောက်ထပ်၁၂ရက်ဆိုသောစကားတွင် မင်းခွန်မှိုင်းခေတ္တတွေသွားမိသည်။ ဟုတ်၏။ သူအသက်ရှင်ရန် ၁၂ရက်သာကျန်တော့သည်။ ဆံဖြူနတ်ဆိုးသည် ပြောလက်စစကားကိုဆက်သည်။
"သူ့ကိုမချစ်နိုင်မယ့်အတူတူ ဘေးနားခေါ်ပြီး ဒုက္ခတွေမပေးနဲ့တော့။ ကျန်တဲ့ရက်တွေမှာ ပျော်ပျော်နေ၊ ပြီးရင်အမြုတေဝါးမြိုတာ ခံလိုက်။ ဒီလိုဆိုရင် အရာအားလုံးအေးအေးချမ်းချမ်းပြီးဆုံးသွားလိမ့်မယ်"
"ကျွန်တော်က Kiteကို မချစ်ဘူးလို့ ခင်ဗျားကိုဘယ်သူပြောလို့လဲ"
စိတ်ရင်းအမှန်လား၊ မခံချင်စိတ်လား ဝေခွဲမရသောအကြောင်းပြချက်ဖြင့် ဤသို့ဆိုမိခြင်းဖြစ်သည်။ ထိုစကားကြောင့်ပင် ဆံဖြူနတ်ဆိုး၏မျက်နှာမှအပြုံးများသည်လည်း လေထဲချက်ချင်းလွင့်ပါသွားပြီး တင်းမာသောမျက်နှာထားအဖြစ်ပြောင်းလဲသွားသည်။
ဆံဖြူနတ်ဆိုးသည် မတ်တပ်ရပ်နေသော မင်းခွန်မှိုင်းအား ဗဟိုပြု၍တစ်ပတ်လည်ပတ်လျှောက်ရင်း မာထန်သောအသံဖြင့်ဆိုလေသည်။
"မင်းသူ့ကိုချစ်လို့မရဘူးလို့ ငါပြောထားတယ်နော်"
"အဲ့တာ ခင်ဗျားကိစ္စမှ မဟုတ်တာ။ ခင်ဗျားစကားကို ကျွန်တော်ကဘာကိစ္စက နားထောင်ရမှာလဲ"
ဆံဖြူနတ်ဆိုးသည် အနည်းငယ်ငြိမ်ကျသွားပြီး ရုတ်တရက်ထရယ်လေသည်။ မင်းခွန်မှိုင်းလည်း ကြောင်ကြည့်နေမိတော့ သူကရယ်ခြင်းကို အတောသတ်ပြီး ရယ်သံနှောသော လေသံဖြင့်ပြောသည်။
"အိုးဟိုး...မင်းတော်တော်အတ္တကြီးတာပဲ။ အင်းလေ။ မင်းကိုလည်းအပြစ်မဆိုသာပါဘူး။ မင်းကဘာမှမှမသိဘဲကိုး။"
"ခင်ဗျားဘာတွေပြောနေတာလဲ"
သိချင်စိတ်ပြင်းပြသွားသော မင်းခွန်မှိုင်းမျက်နှာကို ဆံဖြူနတ်ဆိုးသည် သဘောကျစွာကြည့်ရင်းပြုံးပြန်သည်။ သူတကယ်လိုချင်ခဲ့သည့်အခြေအနေရောက်လာပြီ မဟုတ်လား။
"မင်းနဲ့ဆက်ခံသူကြားက ဆက်နွယ်မှု။ မင်းမသိခဲ့တဲ့ ဆက်နွယ်မှုတွေအကြောင်းကို မင်းသိသွားရင် မင်းနှုတ်က သူ့ကိုမေတ္တာရှိကြောင်း ဘယ်တော့မှပြောထွက်မှာမဟုတ်တော့ဘူး"
"ပြောမယ့်ကိစ္စကိုရှင်းရှင်းပြော။ ပဟေဋ္ဌိတွေဖွက်မနေနဲ့။"
"မင်းတကယ်သိချင်နေပြီပဲ။ ပြောပြရမှာပေါ့"
ဆံဖြူနတ်ဆိုး၏စကားကို နားထောင်ရန် အားသန်နေစဉ် ညာဘက်အရပ်မျက်နှာရှိ အမှောင်ရိပ်ထဲမှ တိုးထွက်လာသောသူတစ်ယောက်၏စကားသံ။
"ခင်ဗျားပါးစပ်ကို ခင်ဗျားဘာသာပိတ်မလား ကျွန်ုပ်ပိတ်ပေးရမလား"
ထိုသူကား...
"Kite"
ရဲတောက်နေသောမျက်ဝန်းအစုံဖြင့် မင်းခွန်မှိုင်းထံ လျှောက်လှမ်းလာသည့်Kite။
ထင်မှတ်မထားဘဲ ရောက်လာသော Kiteကြောင့် မင်းခွန်မှိုင်းရင်ထဲသိမ့်ခနဲ ကြည်နူးမှုကိုခံစားလိုက်ရသည်။ ကိုယ်တိုင်ပင်မသိလိုက်ဘဲ Kiteဆီပြေးသွားမိသည်အထိကို ပျော်နေခဲ့မိသည်။ Kiteသည်သူ့ရှေ့ရောက်လာသော မင်းခွန်မှိုင်းအား လက်ကောက်ဝတ်မှဆွဲယူကာနောက်သို့ပို့ရင်း ဆံဖြူနတ်ဆိုးအား မျက်နှာချင်းဆိုင်လိုက်သည်။
ဆံဖြူနတ်ဆိုးကတော့ ခြောက်ကပ်ကပ်လေးပြုံးရင်း သက်ပြင်းချသည်။
"ဟူး...နည်းနည်းပါးပါး ယဉ်ကျေးမှုရှိပါဦး အသင်ရဲ့။ အသင်ဘယ်လိုပဲပြောပြော သင်ကကျွန်ုပ်ထက် အဆင့်နိမ့်သူပါ။ သခင်လို့မသုံးနှုန်းရင်တောင် သင်နဲ့ကျွန်ုပ်လို့တော့ သုံးနှုန်းသင့်တယ်။"
"ကိုယ့်ဘဝနဲ့ကိုယ်နေ။ ကျွန်ုပ်ဘဝကို လာမရှုပ်နဲ့။ ခင်ဗျားဘာသာ ဘာကြီးဖြစ်ပါစေ ကျွန်ုပ်ဂရုမစိုက်ဘူး။ ကျေးဇူးပြုပြီး မင်းခွန်မှိုင်းအနားထပ်မလာပါနဲ့။"
"ကျွန်ုပ်က စကားနည်းနည်းပြောရုံပါ"
"ကောင်းကောင်းမွန်မွန်ပြောနေတုန်း ထွက်သွားပေးပါ။ မဟုတ်ရင်..."
"ကောင်းပါပြီ။ ကောင်းပါပြီ။ စိတ်လျှော့ပါ။ ကျွန်ုပ်သွားပါ့မယ်"
ရယ်သံခပ်သဲ့သဲ့ဖြင့်ပြောပုံက Kiteကိုဒေါသဖြစ်စေပုံရသည်ကို တင်းကျပ်စွာဆုပ်ထားသော လက်သီးတစ်ဆုပ်က သက်သေထူလေသည်။ ဆံဖြူနတ်ဆိုးသည် ချက်ချင်းမသွားသေးဘဲ Kiteကိုကျော်ပြီး မင်းခွန်မှိုင်းကိုကြည့်လေသည်။ Kiteကလည်းချက်ချင်းဆိုသလို ပိတ်ကာပြန်တော့ ဆံဖြူနတ်ဆိုးကရယ်သည်။ ပြီးမှ...
"မင်းနဲ့ငါနဲ့စကားပြောလို့ မပြီးသေးဘူးနော်။ သိချင်တာတစ်ခုခုရှိရင် ငါ့ကိုဆင့်ခေါ်လိုက်။ ငါအားလုံးပြောပြမယ်။"
စကားဆုံးသည်နှင့် ဆံဖြူနတ်ဆိုးသည် တစ်ခါတည်းပျောက်ကွယ်သွားသည်။ Kiteလည်း သူ့နောက်တွင်ရှိသော မင်းခွန်မှိုင်းကိုတစ်ချက်လှည့်ကြည့်ပြီး ဆက်လျှောက်သွားသည်။ မင်းခွန်မှိုင်းလည်း ချက်ချင်းအမှီလိုက်ရင်း Kiteမျက်နှာကို အရလိုက်ကြည့်မိတော့ Kiteကမျက်လုံးတစ်ချက်စွေကြည့်ပြီး ရှေ့ကိုဆက်သွားသည်။
ကလေးမဟုတ် သူငယ်မဟုတ်နှင့် စိတ်ဆိုးနေပြန်သည်။ မသိမသာအနားလိုက်ကပ်ရင်း Kiteနှင့်မျက်လုံးချင်းဆုံအောင်လိုက်ကြည့်ပြီး မျက်လုံးချင်းဆုံသည်နှင့်....
"ငါ့ကိုစိတ်ဆိုးနေသေးလား"
Kiteသည်သွားနေရာမှ တုန့်ခနဲရပ်လိုက်သောကြောင့် မင်းခွန်မှိုင်းလည်း လိုက်ရပ်ရင်း Kiteနှင့်မျက်နှာချင်းဆိုင်လိုက်သည်။ အနည်းငယ်မျက်နှာပူပေမဲ့ Kiteနှင့်စကားပြောချင်စိတ်၊ အရင်လိုပြန်နေချင်စိတ်တို့ကြောင့် ချော့ဖို့ကြိုးစားမိသည်။ ယခုလိုတွေလုပ်နေမိသဖြင့် မင်းခွန်မှိုင်း ကိုယ့်ကိုယ်ကိုယ်နားမလည်နိုင်တော့ချေ။ မိမိဘာသာ မင်းခွန်မှိုင်းရောဟုတ်ရဲ့လားဟု ပြန်တွေးမိသည်အထိ မင်းခွန်မှိုင်းမပီသတော့ပေ။
"ငါ့ကိုစိတ်ဆိုးနေသေးလားလို့"
မဝံ့မရဲမေးမိတော့ Kiteကမျက်လွှာချထားရာကနေ မျက်လုံးလှန်ကြည့်လာသဖြင့် မင်းခွန်မှိုင်းရင်တွင်း တတိယကမ္ဘာစစ်ဖြစ်သည့်နှယ် ခုန်ပေါက်နေသော နှလုံးသားတစ်စုံကြောင့် အကြည့်ကိုလွှဲချမိလိုက်ပြန်သည်။ သည်လိုအကြည့်လွှဲသွားတော့ Kiteက ဟက်ခနဲရယ်သည်။ ထို့နောက် ခါးလေးကိုင်းပြီး မင်းခွန်မှိုင်းမျက်နှာလေးကို ခေါင်းလေးစောင်းကာကြည့်လာသည်။
"စိတ်ဆိုးတာက ဘယ်သူလဲ"
"မင်းလေ။ မင်း ငါ့ကိုစိတ်ဆိုးပြီး ထားသွားတာလေ"
ဖြေသာဖြေလိုက်ပေမဲ့ Kiteမျက်နှာကိုကြည့်သည် မဟုတ်။
"ငါကစိတ်ဆိုးတာမဟုတ်ပါဘူး။ မင်း ငါ့ကိုမုန်းသွားပြီမှတ်လို့ ထွက်သွားပေးတာပါ။"
"ငါမင်းကို မုန်းတယ်ပြောမိလို့လား"
"မပြောပေမဲ့ မင်းငါ့ကိုရှောင်နေတယ်လေ"
Kiteကပြောရင်းငြိမ်သက်သွားပြန်သည်။ ပြီးမှ လေသံလျော့လျော့လေးဖြင့် ဆက်ပြောသည်။
"အခုလိုမျိုးပေါ့။ မင်းငါ့ကိုတောင် မကြည့်တော့ဘူးလေ"
မင်းခွန်မှိုင်း Kiteအား မျက်လုံးတစ်ချက်လှန်ကာကြည့်ပြီး အကြည့်ကိုလွှဲမိပြန်သည်။ ထို့နောက် ကိုယ့်ကုပ်ပိုးလေးကို လက်ဖြင့်အသာပွတ်ပြီး ခေါင်းမော့လိုက်သည်။ သို့သော် ခေါင်းကတော့ အပေါ်ကိုမော့ပေမဲ့ လည်ကိုတော့စောင်းထားဆဲ။
"အဲ့တာကကွာ။
အဲ့တာက မင်းကငါ့ကို ရည်းစားစကားပြောတာကိုး။ ငါကမျက်နှာပူလို့ မျက်နှာချင်းမဆိုင်ရဲတာ။ မင်းကအထင်လွဲသွားတာ"
Kiteသည် မင်းခွန်မှိုင်းခေါင်းစောင်းသည့် လားရာအတိုင်း ခေါင်းကိုလိုက်စောင်းပြီး မျက်နှာလေးကိုမြင်အောင်ကြည့်သည်။ မတွေ့ရသည့်နှစ်ရက်လောက်တွင် မျက်နှာလေးပင်ချောင်ကျပြီး မျက်ကွင်းများက ညိုမည်းနေသည်။ ကောင်းကောင်းမအိပ်ဘူးထင်ပါရဲ့။
"ငါ မင်းကိုရည်းစားစကားပြောတာ မဟုတ်ပါဘူး။ မင်းက ငါ့ဘက်ကပြောမှ ပြန်ချစ်မယ်ဆိုလို့ မင်းစိတ်ထဲက သိထားလို့ရတယ်လို့ပြောတာ။ ချစ်တယ်လို့ပြောတာမှ မဟုတ်ဘူး"
"တူတူပဲလေ ဘာကွာလို့လဲ"
ဤတစ်ကြိမ်တော့ Kiteနှင့်မင်းခွန်မှိုင်းတို့ အကြည့်ချင်းဆုံချေပြီ။ စကားနည်းနည်းပြောပြီးငြင်းခုန်လိုက်တော့ အနည်းငယ်စိတ်ပေါ့သွားသည့်သဘောပင်။
"မတူပါဘူး။ မင်းသိထားဖို့ပဲပြောတာ။ ဖွင့်ပြောတာ မဟုတ်ဘူး"
"Kite မင်း သပ်သပ်အကျင့်ပုတ်တာကွာ"
ယခုမှပင် မြင်နေကျ မင်းခွန်မှိုင်းလေးပြန်ဖြစ်သွားသည်မို့ ဆံပင်လေးများကို ညင်ညင်သာသာဖွမိလိုက်သည်။ ထို့အပြင်နှုတ်မှလည်း "မင်းအနားမှာနေတာများတော့ အကျင့်ကူးသွားတာ"ဟုဆိုမိတော့ နဂါးမျက်စောင်းကြီးအထိုးခံရပါသေးသည်။
'ဖြောက်...ဖြောက်'
ဦးခေါင်းပေါ်ဆက်တိုက်ကျလာသော မိုးစက်များကြောင့် မင်းခွန်မှိုင်းလည်း ကောင်းကင်သို့မျက်နှာမူပြီး မိုးရေစက်တို့ကိုခံယူမိသည်။ ချက်ချင်းဆိုသလိုပင် Kiteသည် မင်းခွန်မှိုင်းပခုံးကိုဖက်လိုက်သောကြောင့် တွန့်ခနဲဖြစ်သွားမိသည်။ မင်းခွန်မှိုင်းမရုန်းခင် Kiteကသူ့အား ငုံ့ကြည့်လေပြီး....
"မိုးမိရင်ဖျားလိမ့်မယ်။ ငါနဲ့ထိထားရင် မိုးမစိုတော့ဘူး"
Kiteပြောသည့်စကားသည်အဟုတ်ပင်။ Kite သူ့ကိုထိလိုက်ချိန်ကတည်းက မိုးကသည်းထန်လာသည်။ သို့သော် အဝတ်အစားများက စိုမသွားချေ။ ခန္ဓာကိုယ်ပေါ်သို့ ဆက်တိုက်ကျနေသောမိုးရေစက်တို့၏ ထိတွေ့အေးစက်မှုကိုခံစား၍ရသော်လည်း နည်းနည်းမျှစိုမသွားသောကြောင့် အံ့သြရသည်။ Kiteကိုယ်တိုင်ကတော့ နတ်ဆိုးမို့မစိုပေမဲ့ Kiteထိလိုက်သောမင်းခွန်မှိုင်းပါ မစိုတော့တာက အံ့သြဖွယ်ကောင်းသည်လေ။
Kiteကြောင့်မိုးရေမစိုတော့ပေမဲ့ လှုပ်ရှားနေသော ရင်ခွင်ကြောင့် ရုန်းထွက်လိုက်မိသည်။ သို့နှင့်တစ်ပြိုက်နက် မင်းခွန်မှိုင်းခန္ဓာကိုယ်တစ်ခုလုံးကို စိုးမိုးလာသော မိုးရေစက်များကြောင့် ချမ်းစိမ့်စိမ့်ဖြစ်သွားသည်။ Kiteသည် မင်းခွန်မှိုင်းအား ပြန်ထိဖို့ကြိုးစားသောအခါ သူခပ်ဝေးဝေးသို့ပြေးလိုက်မိသည်။ Kiteသည် မင်းခွန်မှိုင်းနောက်ပြေးလိုက်ရင်း...
"မင်းခွန်မှိုင်း မိုးမိမယ်လို့ ပြောနေတယ်။ ခုချက်ချင်း အဲ့မှာရပ်လိုက်"
မင်းခွန်မှိုင်းကတော့ Kiteစကားကိုနားမထောင်၊ မိုးရေထဲပြေးနေရင်းမှ ပြောင်စပ်စပ်ဖြင့် လှည့်ကြည့်လာသည်။
"မိအောင်လိုက်ဖမ်းလေ။"
"မင်းခွန်မှိုင်း။ ကလေးလည်းမဟုတ်ဘဲနဲ့ ပြောရမခက်နဲ့ကွာ။ လာစမ်းပါ။ မိုးကြာကြာမိရင် မကောင်းဘူး"
"ဘလာ ဘလာ"
လျှာလေးထုတ်ပြပြီးဆက်ပြေးသွားသော မင်းခွန်မှိုင်းနောက်သို့ Kiteအမြန်လိုက်ရပါတော့သည်။ အစွမ်းသုံးပြီး လိုက်ဖမ်းလျှင်ရသော်လည်း အကျင့်ပုတ်သည်ဟု ဆိုကာပြဿနာရှာခံရမည်ကိုသိသောကြောင့် ကိုယ့်ခြေထောက်ကိုသာအားကိုးရသည်။ မင်းခွန်မှိုင်းတို့က အိမ်ရှေ့ရောက်သည်အထိပင် မဝင်သေးဘဲ အိမ်ကျော်ပြေးသည့်အမွှေစိန်ပင်ဖြစ်သည်။
"မင်းခွန်မှိုင်း။ တော်တော့လို့ပြောနေတယ်။ မင်းမိုးစိုတာကြာနေပြီ"
"မင်းမိရင် ငါတော်မယ်လို့ပြောတယ်လေ"
"မင်းခွန်မှိုင်း"
"ဘာလဲ ဘာလဲ"
"ရပ်ကွာ။ ငါစိတ်မရှည်တော့ဘူးနော်"
"ဟဟား"
Kiteအားလှောင်ရယ်ပြီး ဆက်ပြေးသွားပြန်သည်။ Kiteသူ့ကိုမိလည်းအတင်းရုန်းကာ ပြေးပြန်သည်။ ထိုညက မိုးရွာထဲတွင် ပြေးလွှားဆော့နေသည့် ကောင်လေးနှစ်ယောက်အား မြင်သူအချို့မြင်ကြလိမ့်မည်။
မိုးရေများစိုရွှဲနေပြီး ရှေ့ကပြေးနေသော ကောင်လေးတစ်ယောက်နှင့် ထိုကောင်လေးအား ဆူငေါက်ရင်းလိုက်ဖမ်းနေသည့် ဆံနွယ်အဖြူမဲစပ်ကြားဖြင့် ကောင်လေးတို့၏ ကစားပွဲသည် အချိန်အတော်ကြာမှပြီးလေသည်။
ရယ်သံခပ်လွင့်လွင့်ဖြင့် ပျော်ရွှင်နေသောသူတို့နှစ်ဦးကြားတွင် ချစ်ခြင်းမေတ္တာကိုခံစားမိလိုက်၍ ဆံနွယ်ဖြူနတ်ဆိုးသည် ခနဲ့တဲ့တဲ့လေးပြုံးလိုက်မိသည်။ သိသိလျက်နှင့်ရူးနေသော ဆက်ခံသူအား လွှတ်ထားသင့်ရဲ့လား သူ့မှာတွေးတောရသည်။ ကိုယ့်ကိုဒုက္ခဖြစ်စေမည့်အရာကိုမှ တပ်မက်စွဲလမ်းပြီး ပျော်ရွှင်နေသည့်အရူးနတ်ဆိုးအား သူမကျေမနပ်ဖြစ်မိသည်။
"ဒီလောက်တောင်ပဲ ထိုလူသားအပေါ်စွဲလမ်းလေသလား အသင်။"
နှုတ်ကပင် ခပ်ဖွဖွရွတ်ဆိုလိုက်မိသည်။ ဤသို့ဆိုလျှင် မိမိလည်း မတားလိုတော့ချေ။ သို့သော် လူသားဘက်ကသာ သိချင်သည့်ဆန္ဒရှိလာလျှင်တော့ တုံ့ဆိုင်းမှုမရှိဘဲပြောပြရမည်ပင်။
ဥပါဒါန်ကြောင့် ဥပဒ်ဖြစ်သည်တဲ့။
ဥပါဒါန်ဆိုသည်က စွဲလမ်းမှု ၊ ဥပဒ်ဆိုသည်က ဘေးအန္တရာယ်။
စွဲလမ်းမှုဆိုသောအရာကြောင့် ကပ်တွယ်လာသည့် ဘေးအန္တရာယ်သည် မည်မျှကြီးမားကြောင်း အဘယ်သူသိနိုင်ပါမည်နည်း။
Thanks For Reading
BGM-ချစ်တဲ့အကြောင်း(အုပ်စိုးခန့်)
You are reading the story above: TeenFic.Net