Part 22
Background color
Font
Font size
Line height
Unicode
မိုးအေးအေးနှင့် ကော်ဖီသောက်ကောင်းနေကြသည့် မင်းခွန်မှိုင်းတို့ သူငယ်ချင်းသုံးယောက်အား ကိုသာ ဘေးကကြည့်၍ ပြုံးလိုက်မိသည်။ ညီဖြစ်သူသည် စကားကတတ် ၊ သွက်သွက်လက်လက်ဆိုတော့ အပေါင်းအသင်းများက ချစ်ကြသည်။ အမြဲရန်သတ်နေကြပေမဲ့ သူတို့အခင်အမင်မပျက်ကြချေ။ ကိုသာကတော့ အနေအေးသူမို့ လူတိုင်းနှင့်အဆင်ပြေသော်ငြားလည်း အပေါင်းအသင်းရယ်လို့ မည်မည်ရရမရှိ၊ ရောက်သည့်နေရာတွင်​တွေ့သည့်သူနှင့် အဆင်ပြေအောင်နေရုံသာပင်။
"ငါ့ကို အပြင်မှာညစာလိုက်ကျွေး ငဂျစ်။ လိုင်းပေါ်မှာ စကားပြောတိုင်း ငါလာရင် စားချင်တာလိုက်ကျွေးမယ် ပြောထားတာ မင်းမှတ်မိတယ်မလား"
"ငါပြောမိလို့လား"
ပြောတုန်းကပြောပြီး ယခုမှ မသိချင်ယောင်ဆောင်နေသည့် မင်းခွန်မှိုင်းအား ထုရိုက်ချင်စိတ်သာပေါက်တော့သည်။
"မင်းမမှတ်မိလည်း ငါမှတ်မိတယ်။ လိုက်ကျွေးရမယ်။ အပိုတွေမပြောနဲ့"
"အေးပါ ဝေလငါးရယ်။ မင်းကလည်း ငတ်ဖို့ချည်းပဲ"
မင်းခွန်မှိုင်းသည် ဝေယံမိုးထက်နှင့်ပြောနေရင်းမှ ငစိုင်းဘက်သို့ လှည့်ကာမျက်နှာမူလိုက်သည်။
"မင်းရော လိုက်ခဲ့လေ ငစိုင်း"
ငစိုင်းက ကော်ဖီခွက်လေးကို လက်မှမချဘဲ နှုတ်ခမ်းတစ်ဖက်ကို ခပ်ရွဲ့ရွဲ့မဲ့လေပြီး...
"တော်ပါပြီကွာ။ မင်းတို့ပဲ သွားပါ။ ငါ ခဏနေပြန်တော့မှာ။"
"လိုက်ခဲ့စမ်းပါ ငစိုင်းရာ။ ငါက ကျွေးခဲတယ်နော်။ မင်းသိတယ်မလား"
"ငါသိပါတယ် ခွန်မှိုင်းရာ"
ငစိုင်းကို မင်းခွန်မှိုင်း ဇွတ်အတင်းခေါ်နေစဉ် ဝေယံမိုးထက်သည် ကိုသာပါလိုက်ရန်မဲဆွယ်လေသည်။
"ကိုသာရော လိုက်ခဲ့ပါလား။ လူများတော့ ပိုပျော်ဖို့ကောင်းတာပေါ့"
ကိုသာက ခြေထောက်လေးချိတ်ကာ ထိုင်နေရင်း ခေါင်းလေးအသာခါသည်။
"ကိုသာမလိုက်တော့ပါဘူး။ ကလေးတွေကြားထဲ ကိုသာရှုပ်သလို ဖြစ်နေပါ့မယ်။ ငါ့ညီတို့သူငယ်ချင်း​တွေပဲ သွားကြပါ"
"ကျွန်တော်က တစ်ခါတလေမှ လာလည်တာနော် ကိုသာ။ လိုက်ခဲ့ပါ ကိုသာရဲ့။ ကျွန်တော်နဲ့ငဂျစ်နဲ့ နှစ်ယောက်တည်းဆို ရန်ချည်းသတ်နေလို့ ညစာစားတဲ့ဆီ ရောက်မှာမဟုတ်ဘူး"
ဝေယံမိုးထက်စကားကို ကိုသာကသဘောကျစွာရယ်သည်။ ဤသည်ကိုပင် ငစိုင်းစိတ်ထဲ ခိုးလိုးခုလုဖြစ်ပြီး မကြေနိုင်မခဲနိုင်ဖြစ်မိသည်။ ကိုသာနှင့်ဝေလငါးဆိုသူတို့ ရင်းနှီးနေသည်ကို နည်းနည်းလေးမျှသဘောမကျနိုင်။
"ကဲပါ ကိုသာ လိုက်ခဲ့ပါမယ်"
ကိုသာသဘောတူလိုက်သောအခါ ပြုံးဖြီးသွားသည့် ဝေယံမိုးထက်ပါးစပ်အား ငစိုင်းဆွဲဖြဲချင်သလိုလိုဖြစ်မိသည်။ ကိုယ်နှင့်မသိမရင်းနှီးသည့်လူတစ်ယောက်အား ထိုင်ကြည့်နေရင်းပင် မုန်းမိဖူးသည်ဆိုလျှင် သူဟာပထမဆုံးဖြစ်ပေမည်။ ကိုသာနှင့်သူမဆိုင်သည်ကို သူ့ဘာသာသိသည်။ သို့သော် တခြားသူက မိမိရှေ့လာပြီး ကိုသာ့အားရောနေသည်ကို ပြုံးပြုံးကြီး ထိုင်ကျေနပ်နိုင်လောက်သည်အထိတော့ ငစိုင်း သမာဓိအားမကောင်းနိုင်သေး။
မီးတောက်မီးလျံများလျှံထွက်နေသည့် ငစိုင်းမျက်နှာကြီးကို တစိမ့်စိမ့်အရသာခံကြည့်ပြီး ခိုးရယ်နေသူမှာ မင်းခွန်မှိုင်းပင်ဖြစ်သည်။ သဝန်တိုသည့်မျက်နှာဆိုသည်မှာ ယခုကဲ့သို့မျက်နှာမျိုးပါလားဟု ကောက်ချက်ချမိသည်။ ယခုအချိန် ငစိုင်းသာ နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားမည်ဆိုလျှင် ဝေလငါးအတွက်တော့ စိတ်မကောင်းစရာပင်။ ညစာကို အပြင်ထွက်မစားရ​တော့ဘဲ လတ်လတ်ဆတ်ဆတ် ဝေလငါးကင်ကို မင်းခွန်မှိုင်းစားရပေလိမ့်မည်။ အလိုက်မသိ အရိပ်အကဲမသိသော ဝေလငါးကတော့ ကိုသာနှင့်အရွှန်းဖောက်နေပြန်သည်။
"ကိုသာ့မှာချစ်သူရှိလား..."
ကိုသာကနှာခေါင်းလေးရှုံ့သည်။
"ကိုသာ့စိတ်ထဲအဲ့ကိစ္စမရှိသေးပါဘူး။ မင်းတို့ကလေးတွေကလည်းနော်... ကိုသာ့ကိုအဲ့ကိစ္စပဲ မေးနေကြတာ။ ဘာလဲ...ကိုသာ့ရုပ်က ချစ်သူရှိတဲ့ရုပ် ပေါက်နေလို့လား"
"ပေါက်တာပေါ့ ကိုသာရဲ့။ ကိုသာက ဒီလောက်ချောတာ။ ကျွန်တော်သာ ကိုသာ့လို မျက်နှာလေးရှိရင် ရည်းစားတွေအများကြီးထားမှာ။ ကိုယ့်ကိုလာကြိုက်သမျှလူတွေကိုလည်း စာနာသနားသောအားဖြင့် ပြန်ကြိုက်ပေးဦးမှာ"
"ဟော...ဒီကောင်လေးနဲ့တော့ ခက်ပါပြီ"
ကိုသာ့မျက်နှာကအမြဲချိုမှန်း ငစိုင်းသိသော်လည်း ယခု၌ ကိုသာမျက်နှာချိုသည်ကို နည်းနည်းမှမကြိုက်ချင်​တော့​ချေ။ ကိုသာ့ဆီမှ သပ်သပ်စကားနှိုက်နေသည်မှာ အသိသာကြီးမဟုတ်ပါလား။ တော်တော်ဉာဏ်များသည့်ကောင်။ သူနှင့်ကိုသာ့အား သည်အတိုင်းကြာကြာလွှတ်ထားလျှင် မလွယ်နိုင်ချေ။ ကိုသာ့လို အဖြူထည်သဘောကောင်းမနောကောင်းလေးကို ဟိုကိုဉာဏ်များက ရအောင်ကပ်မည်မှာသေချာသည်။
"ငါလိုက်ခဲ့မယ် ခွန်မှိုင်း"
"ဟေ.."
ရုတ်တရက်ကြီး ထလိုက်မည်ဟုဆိုလိုက်သော ငစိုင်းကြောင့် မင်းခွန်မှိုင်းမျက်ခုံးအစုံ ပင့်တက်သွားမိသည်။
ဪ...အချစ်ရဲ့စွမ်းအားတွေ ၊ အချစ်ရဲ့စွမ်းအားတွေ။ မလွယ်ပါ့လား။ လူ့စိတ်ကိုချက်ချင်းပြောင်းလဲပစ်နိုင်တာပင်။
"ချက်ချင်းကြီးပါလား ငစိုင်းရယ်။ ငါ့ကိုအားနာလို့လား။ အားမနာနဲ့နော် သူငယ်ချင်း။ မင်းကိစ္စရှိရင် ပြန်လို့ရတယ်။ နောက်အခေါက်ကျမှ လိုက်ခဲ့ပေါ့"
မင်းခွန်မှိုင်းဆိုသည့် အယုတ်တမာလေးသည် သက်သက်မဲ့ အကျင့်ယုတ်ချေပြီ။ ကိုသာနှင့်ဝေလငါးတို့ နီးစပ်မည်စိုးသောကြောင့် ငစိုင်းလိုက်ဖို့ဆုံးဖြတ်လိုက်မှန်း ကောင်းကောင်းသိလျက်နှင့် အယုတ်တမာအမှုကိုပြုသည်။ လူယုတ်မာပြုံးနှင့်မျက်ခုံးလေး ပင့်ပင့်ပြနေသော မင်းခွန်မှိုင်းကို ငစိုင်းကြည့်ရင်းကြည့်ရင်း ဆွဲထိုးချင်လာသည်။
"ငါက ကိုသာတစ်ယောက်တည်းဖြစ်နေမှာစိုးလို့ပါ။ မင်းနဲ့မင်းသူငယ်ချင်း အလွမ်းသယ်ပြီးစကားပြောနေတုန်း ကိုသာတစ်ယောက်တည်း ပျင်းနေမှာပေါ့။ အဲ့တာကြောင့် ငါကလိုက်တာ"
"ဪ....ကိုသာ့ကြောင့်ပေါ့နော်။ အင်းပါ အင်းပါ။ အေးပေါ့လေ။ မင်းစိတ်ပူရှာမှာ​ပေါ့။ ဘာလို့လဲဆိုတော့ မင်းက ကိုသာ့ကို...."
'ကိုသာ့ကို'ဆိုသောအနားကျမှ တစ်လုံးချင်းလေးလံစွာပြောရင်း ကိုသာ့ဆီမျက်လုံးဝေ့လိုက်သည့် မင်းခွန်မှိုင်းပါးစပ်ကို ငစိုင်းအမြန်ပိတ်ရပါသည်။
"မင်း..မင်းအစ်ကိုက ငါ့အစ်ကိုပဲလေ။ အဲ့တော့ ငါစိတ်ပူတာပါ။ မင်းကော်ဖီတွေအေးကုန်တော့မယ်။ သောက်လိုက်ဦး"
မင်းခွန်မှိုင်းသည် မျက်နှာလေးမဲ့ကာရွဲ့ကာလုပ်ရင်း ခေါင်းလေးတဆတ်ဆတ်ညိတ်သည်။ ကိုသာမသိစေချင်မှန်းသိ၍ သက်သက်အကျင့်ယုတ်နေသည့် ငမှိုင်းပါလေ။ ယခုအချိန် ဘေး၌ကိုသာသာမရှိလျှင် ထသတ်မိမည်မှာ ရာခိုင်နှုန်းအပြည့်ပင်။
"အိုးကမပူ စလောင်းကပူတဲ့။ ညီအရင်းဖြစ်တဲ့ငါကမပူရဘူး။ မင်းကပူပေးနေတယ်။ ထူးဆန်းလိုက်တာနော်။ ဘာလို့များပါလိမ့်"
စကားကို ဟိုလိုလိုသည်လိုလိုပြောနေသော ညီဖြစ်သူကို ကိုသာပင်နားမလည်စွာ စူးစိုက်ကြည့်လာသည်။ ငစိုင်းခမျာလည်း ဆပ်ပြာသည်လင်ပျောက်သလို ပျာယာတွေခတ်ပြီး ကိုသာ့မျက်နှာအရိပ်အကဲကို ကြည့်လိုက်၊ မင်းခွန်မှိုင်းအား တောင်းပန်သည့်အကြည့်ဖြင့် ကြည့်လိုက်ဖြင့် အလုပ်ရှုပ်ရပါတော့သည်။ မင်းခွန်မှိုင်းသည် စကားကိုသူမနိုင်မချင်း ရပ်မည့်သူမှမဟုတ်ပေပဲ။ စောစောကတည်းက ပြိုင်မငြင်းဘဲ အလျှော့ပေးခဲ့သင့်သည်။ ယခုတော့ ကိုသာတစ်မျိုးထင်သွားပြီ ထင်ပါရဲ့။
ကိုသာ့မျက်နှာကို အားတုံ့အားနာဖြင့် ခိုးကြည့်နေသော ငစိုင်းကိုကြည့်၍ မင်းခွန်မှိုင်းသနားမိသလိုလိုပင် ရှိလာသည်။ စိတ်ကောင်းလေးမွေးပြီး ပြန်ဖြေရှင်းမှဖြစ်မည်။
"ငါကစတာပါ"
မင်းခွန်မှိုင်းဆိုသည့်ကောင်လေးအား လူအများက အကျင့်ပုတ်ဟုထင်ကြပေမဲ့ အမှန်တကယ်တော့ အတွင်းစိတ်ဖြူစင်သန့်ရှင်းရိုးသားနူးညံ့သည့် ကောင်လေးမဟုတ်လား။ မိမိကိုအမြင်တွေမှားနေကြတော့ ရင်ထဲပင်မကောင်းချင်ချင်ဖြစ်ရသည်။ ထင်ကြပါစေလေ။ မင်းခွန်မှိုင်းက ဂရုစိုက်မည်မဟုတ်။ "ဟားဟား"ဆိုပြီးသာ အော်၍ရယ်လိုက်ချင်ပါသေးသည်။
"ညီမှိုင်းရေ သူငယ်ချင်းကိုမစပါနဲ့ကွာ။ သူနေရခက်နေပြီ"
ကိုသာက ဘုမသိဘမသိဝင်ရှင်းပေးမှ ငစိုင်းသက်ပြင်းချနိုင်သည်။ ကိုသာသိမည်ကို ထိုမျှလောင်ပင် ကြောက်လေသလော။
"ကဲ...ကျွန်တော်အင်္ကျီသွားလဲလိုက်ဦးမယ်။ ကိုသာရော မလဲဘူးလား"
"မလဲတော့ပါဘူး။ အနွေးထည်တစ်ထပ်ပဲ အပေါ်ကထပ်ဝတ်လိုက်တော့မယ်။ ညီမှိုင်းပဲ ပဲသွားများတော့"
မင်းခွန်မှိုင်းလည်း ထိုင်ရာမှထပြီး အပေါ်ထပ်သို့တက်ရန် ဟန်ပြင်စဉ် ဝေယံမိုးထက်က...
"ကိုသာက နဂိုချောဆိုတော့ ဘာမှပြင်ဆင်စရာမလိုဘူးလေ။ ကိုသာ့လိုမချောတဲ့သူကတော့ ပြင်ရဆင်ရတာပေါ့။ ဟုတ်တယ်မလား စိုင်းလေး"
သူ့အားစိုင်းလေးဟု ခေါ်လိုက်သော ဝေယံမိုးထက်ကို ငစိုင်းက ရှုတည်တည်ကြီးကြည့်ပေးလိုက်တော့ ဝေယံမိုးထက် မသိမသာမျက်နှာလွှဲလိုက်ရသည်။ မင်းခွန်မှိုင်းလည်း ဝေယံမိုးထက်ကို ရန်ပြန်မတွေ့သာတော့ဘဲ အပေါ်ထပ်သို့သာပြေးတက်ခဲ့သည်။ သည်နေ့က ငစိုင်းနှင့်ဝေလငါးတို့၏ပွဲသာဖြစ်သည်။ မင်းခွန်မှိုင်းက ပွဲကြည့်ပရိတ်သတ်အဆင့်ဖြင့်သာ နေဦးမည်။ ကိုသာကတော့ အနိုင်အရှုံးဆုံးဖြတ်မည့် ဒိုင်လူကြီးဖြစ်မည်။
ဆိုင်ရောက်သည့်တိုင် ကိုသာ့ဘေးမှနေရာကို ရရန်ကြိုးစားနေသူနှစ်ဦးကြောင့် မင်းခွန်မှိုင်းစိတ်ပျက်စွာပင် ကိုသာနှင့်မျက်နှာချင်းဆိုင်၌သာ ဝင်ထိုင်လိုက်သည်။ ညစာကျွေးမည့်သူက ကိုသာလား၊ မင်းခွန်မှိုင်းလားပင် မသဲကွဲနိုင်တော့ချေ။ ဟင်းတွေမှာပြီး ရှေ့ရောက်သည်နှင့် ကိုသာ့ပန်းကန်ထဲသို့ အပြိုင်ထည့်ကြသည်အထိ ကျက်သရေတုံးကြသေးသည်။ ဝေယံမိုးထက်သည် ကိုသာ့အားဖားပြီး ထည့်ပေးခြင်းဖြစ်ပေမဲ့ ငစိုင်းအမြင်တွင်တော့ တစ်မျိုးဖြစ်ပုံရမည်။ ထို့ကြောင့် ငစိုင်းပင် အနိုင်မခံအရှုံးမပေး ဟိုဝေလငါးနှင့်ပြိုင်နေလေသည်။
"အာ...ငိုချင်လာပြီ။ ကိုသာ့ကျထည့်ပေးကြတယ်။ ငါ့ကျထည့်ပေးမယ့်သူ တစ်ယောက်မှမရှိဘူး"
"ဘာလို့ထည့်ပေးရမှာလဲ။ ငါတို့က ယဉ်​ကျေးမှုအရ အကြီးကိုအရင်ဦးချတာ။ မင်းက အကြီးမှမဟုတ်တာ။ ကိုယ့်ဘာသာထည့်စား"
"အေးလေ..ကိုယ့်ဘာသာထည့်စား"
ဝေလငါးစကားကို ငစိုင်းကပါထောက်ခံပြီး ပြောပေးလေသည်။ နှစ်ယောက်သားက အခုကျ အတိုင်အပေါက်ညီနေပြန်သည်။ လူလေးယောက်ရှိနေပြီး မင်းခွန်မှိုင်းသာ တစ်ယောက်တည်းအထီးကျန်နေရချေပြီ။ ယခုအချိန်Kiteသာရှိလျှင် ကောင်းမည်။ Kiteက မင်းခွန်မှိုင်းဆိုသည့် လူတစ်ယောက်တည်းကိုပင်ကြည့်ပြီး မင်းခွန်မှိုင်းကိုပင်ဂရုစိုက်သည်။ ယခုတော့...။
မင်းခွန်မှိုင်းကိုယ်တိုင်ပင် မရိပ်မိဘဲ Kiteအားတမ်းတနေမိသည်ဆိုတာကို သတိများထားမိလျှင် ကိုယ့်ကိုကိုယ်ပြန်ထုရိုက်နေမည်မှာ အသေအချာပင်။
"ညီမှိုင်းလေးကို ကိုသာကထည့်ပေးမှာပေါ့"
ကိုသာကပြောပြောဆိုဆိုနှင့် မင်းခွန်မှိုင်းအကြိုက်တွေချည်း ပန်းကန်ထဲထည့်ပေးကာမှ သုန်မှုန်နေရာကနေ ပြုံးဖြီးသွားတော့လေသည်။ ထမင်းစားလို့ပြီးသည်နှင့် သောက်စရာတစ်ခုခုနှင့် အချိုပွဲမှာဖြစ်ကြသည်။
"ကိုသာ ကျွန်တော် Toiletသွားဦးမယ်။ အချိုပွဲလာရင် မစားနဲ့ဦးနော်။ ကျွန်တော့်ကိုစောင့်ဦး။ လာမှတူတူစားမယ်"
သူ့အကြိုက်အချိုပွဲတွေကုန်သွားမည်စိုး၍ မှာကြားနေသည့် မင်းခွန်မှိုင်းပါလေ။ ကိုသာက ခပ်ပြုံးပြုံးခေါင်းလေးညိတ်သည်နှင့် မင်းခွန်မှိုင်း စိတ်ချလက်ချ ထွက်လာလိုက်သည်။ နောက်က ဝေယံမိုးထက်ပါလာသည်ကိုပင် သတိမထားမိခဲ့ချေ။ ရေအိမ်ဝင်ပြီး လက်ဆေးစင်ကျမှ ဝေယံမိုးထက်ပါလာမှန်းသိသည်။ ဝေယံမိုးထက်သည် မင်းခွန်မှိုင်းအနားကပ်ရင်း ဟိုကြည့်သည်ကြည့်ဖြင့် တီးတိုးကပ်ဆိုလေသည်။
"ငဂျစ်။ ငါမင်းကိုမေးစရာရှိလို့။ တစ်မျိုးတော့မထင်နဲ့"
မင်းခွန်မှိုင်း လက်ကိုတစ်ရှူးဖြင့်သုတ်ရင်းတန်းလန်း မျက်မှောင်ကြုတ်၍ကြည့်လိုက်မိသည်။ ထူးထူးဆန်းဆန်း စကားပလ္လင်တွေခံနေသည်။
"ဘာမေးမလို့လဲ"
"ဟိုလေ..မင်းသူငယ်ချင်း စိုင်းလေးဆိုတဲ့တစ်ယောက်ကလေ..."
ပြောရင်းရပ်သွားပြန်ပြီး ဂနာမငြိမ်ဘဲ ဟိုကြည့်သည်ကြည့်ကြည့်ပြန်သည်။ မင်းခွန်မှိုင်းလည်း စိတ်မရှည်စွာဖြင့် ...
"ဘာဖြစ်လဲ ငစိုင်းက"
ဝေယံမိုးထက် မျက်တောင်လေးပုတ်ခတ် ပုတ်ခတ်လုပ်ပုံက ရယ်စရာတော့အကောင်းသားပင်။
"သူက ကိုသာ့အပေါ်တစ်မျိုးပဲလားလို့။ ငါပြောချင်တာကကွာ။ သူ ကိုသာ့ကိုကြိုက်နေတယ်လို့ ငါခံစားမိတယ်"
မင်းခွန်မှိုင်း ဟက်ဟက်ပက်ပက်ရယ်လိုက်မိသည်။ ငစိုင်းတို့ ထိန်းမနိုင်သိမ်းမနိုင်ဖြစ်ပုံများ ဘေးလူပင် ရိပ်မိကုန်ချေပြီ။ သို့ပေမဲ့ ကိုသာကတော့ ယခုအထိမသိသည်မှာ အံ့သြစရာပင်။ သိသိလျက်နှင့်များ မသိချင်ယောင်ဆောင်နေလေသလား။
ဟုတ်ချင်မှလည်းဟုတ်ပေမည်။ ကိုသာက ဉာဏ်ကောင်းပြီး​တော်​ပေမဲ့ သည်နေရာကျမှ ထုံနေတာလည်းဖြစ်နိုင်သည်။ ကိုယ့်အစ်ကိုကို မကောင်းတွေးခြင်းမဟုတ်ပေမဲ့ လူမှန်လျှင် တစ်နေရာတော့ ထုံတတ်ကြတာပင်မဟုတ်လား။
"မင်းသိရင်လည်း မသိချင်ယောင်သာ ဆောင်နေလိုက် ဝေလငါးရေ။ ဟိုကောင် ငစိုင်းက ကိုသာသိမှာ သေအောင်ကြောက်တာကွ"
ထိုသို့ဆိုရင်း ဝေယံမိုးထက်၏ပခုံးကိုပုတ်ကာ ဆိုင်အတွင်းသုိ့ ပြန်ဝင်သွားလိုက်တော့သည်။ ဝေယံမိုးထက်လည်း အူလည်လည်ဖြင့်နောက်ကနေပါလာလေသည်။
ထို့နောက်အချိုပွဲစားရင်း ဝေယံမိုးထက်သညာ ငစိုင်းနှင့်ကိုသာ့ကို အကဲခတ်နေလေသည်။ ဝေယံမိုးထက်လည်း စောစောကလောက် ကိုသာ့အားသိပ်မကပ် ၊ သိပ်မဖားဖြစ်တော့ပေ။ ငစိုင်း၏နဂါးမျက်စောင်းကြီးသည် သူ့ကျောအားအကြိမ်ကြိမ် ချမ်းစေသည်မဟုတ်ပါလား။
"ကိုသာ"
မင်းခွန်မှိုင်းသည် ဖရဲသီးဖျော်ရည်လေးသောက်ရင်း ကိုသာ့အားခေါ်လေတော့ ကိုသာကမျက်ခုံးလေးပင့်ရင်း မေးဆတ်ပြသည်။ သည်လိုအပြုအမူလုပ်တော့လည်း ညီအစ်ကိုနှစ်ယောက်က ခပ်ဆင်ဆင်ရယ်ပင်ဟု ငစိုင်းကောက်ချက်ချလိုက်မိသည်။ သို့သော် ကိုသာကတော့ ပိုကြည့်ကောင်းသည်မှာအမှန်။ မင်းခွန်မှိုင်းက ငစိုင်းဆီမျက်လုံးကိုတစ်ချက်ဝေ့ပြီးမှ ကိုသာ့အား ပြုံးစိစိဖြင့်ပြန်ကြည့်လာကာ...
"ကိုသာ့ကိုလေ လူတစ်ယောက်က လွန်ခဲ့တဲ့ ခြောက်နှစ်ကျော် ခုနစ်နှစ်လောက်ကတည်းက​နေ ခုထိ ချစ်​နေတယ်ဆိုတာ ကိုသာသိရင်ဘယ်လိုနေမလဲ"
"အဟွတ်...အဟွတ်..."
မင်းခွန်မှိုင်းမေးခွန်းကြောင့် ဖျော်ရည်သီးပြီးချောင်းဆိုးသူမှာ မေးခံရသောကိုသာမဟုတ်၊ ငစိုင်းပင်ဖြစ်သည်။ ကိုသာက ကပျာကယာဖြင့် ငစိုင်းကျောကုန်းလေးကို အသားပွတ်ပေးတော့ ငစိုင်းမျက်နှာကြီးရဲတက်လာပုံကိုကြည့်ကာ မင်းခွန်မှိုင်းရယ်ချင်မိသည်။ ငစိုင်းခမျာ မင်းခွန်မှိုင်းစနက်ကြောင့် အပျိုဖြန်းပုံစံပေါက်နေလေသည်။ ငစိုင်းအဆင်ပြေသွားကာမှ မင်းခွန်မှိုင်းလည်း ဆက်မေးလိုက်သည်။
"ကိုသာ ကျွန်တော်မေးတာဖြေဦးလေ။ အဲ့လိုသာဆိုရင် ကိုသာသူ့ကိုပြန်ချစ်မှာလား"
ပဟေဠိဆန်သော မင်းခွန်မှိုင်း၏အမေးကို ကိုသာက မျက်ခုံးလေးတွန့်ရင်းတုန့်ပြန်သည်။ ငစိုင်းကတော့ မင်းခွန်မှိုင်းကို တောင်းပန်လေသလား၊ ထသတ်လေမလား ဝေခွဲမရသောအကြည့်ဖြင့်ကြည့်နေသည်။ မင်းခွန်မှိုင်းလည်း ငစိုင်းအားမျက်ခုံးလေးဆက်တိုက်ပင့်ပြရင်း လျှာထုတ်ပြလိုက်သည်။ ကိုသာက သက်ပြင်းလေးတစ်ချက်ချလေရင်း မင်းခွန်မှိုင်းအမေးကိုဖြေသည်။
"ဒီလိုခေတ်ကြီးမှာ အဲ့လောက်အချိန်အကြာကြီး တစ်ဖက်သတ်ချစ်နိုင်မယ့်သူက ရှားပါတယ် ညီမှိုင်းရယ်။ သူတို့ချစ်ရင်ဖွင့်ပြော ၊ တကယ်လို့ငြင်းလိုက်ရင် နောက်တစ်ယောက်ပြောင်းသွားမှာပဲ။ အကယ်၍ ဖွင့်မ​ပြောဘဲ​နေတယ်ဆိုရင်​တောင် အချိန်နည်းနည်းကြာရင် လက်လျှော့ချင်ပြီး သူတို့အပေါ်ဂရုစိုက်တဲ့ ချစ်တဲ့လူတစ်ယောက်ဆီ ပါသွားမှာပဲ ညီမှိုင်းရဲ့။"
ကိုသာ့အဖြေကြောင့် ငစိုင်းမသိမသာခေါင်းယမ်းလိုက်သည်။
အဲ့သည်လောက်အချိန်အကြာကြီးချစ်နိုင်မည့်သူ၊ ကိုသာပြောတဲ့ ရှားလှပါသည်ဆိုသည့်လူမျိုးသည် ကိုသာ့အတွက်ရှိနေသည်ဆိုတာကို ကိုသာမသိပါလေ။ ဖွင့်မပြောရက်၍၊ ဖွင့်မပြောရဲ၍ဟူသည့် ဤနှစ်ချက်နှင့်ပင် အချိန်အကြာကြီး တစ်ဖက်သတ်ချစ်နေခဲ့သည့်သူမှာ ဟောသည်က ငစိုင်းပါဆိုပြီး မဏ္ဍပ်တိုင်တက်ပြခွင့်မှမရှိဘဲမဟုတ်လား။
မင်းခွန်မှိုင်းသည် ခေတ္တမျှ အရိပ်အကဲကြည့်ပြီး ဆက်ပြောပြန်သည်။
"ရှိရင်လည်းရှိမှာပေါ့ ကိုသာရဲ့။ အဲ့လိုရှားရှားပါးပါးလူက ကိုသာ့အတွက် ရှိချင်ရှိနေမှာလေ။ သူ့မှာ အကြောင်းကိစ္စတွေရှိနေလို့ ဖွင့်မပြောဖြစ်တာလည်း ဖြစ်နိုင်တာပဲ။ ဥပမာ ကိုသာနဲ့အဆင့်အတန်းကွာလို့ ၊ ဒါမှမဟုတ် ယောက်ျားတစ်ယောက်ဖြစ်နေလို့..အဲ့လိုမျိုးပေါ့"
ယောက်ျားတစ်ယောက်ဖြစ်နေလို့ဟူသောစကားတွင် ငစိုင်းခေါင်းကိုဆတ်ခနဲမော့ရင်း မင်းခွန်မှိုင်းကိုကြည့်လိုက်မိသည်။ မင်းခွန်မှိုင်းမည်သည်ကိုရည်ရွယ်နေပါသနည်း။ ဤနေးခွန်များသည် သူ့အတွက် မည်သည့်အကျိုးရှိပါသနည်း။ ကိုသာငြင်းလိုက်သည်ကို ငစိုင်းအား ကြားစေချင်ခြင်းလား။
မဝံ့မရဲမျက်ဝန်းများဖြင့် ကိုသာ့ကိုခိုးကြည့်မိတော့ ကိုသာကတည်တည်ငြိမ်ငြိမ်ရှိ​နေသောကြောင့် နှလုံးခုန်သံပိုမြန်လာသည်။ ကိုသာ့မျက်နှာသည် တည်သွားသလိုပင်။ ထို့နောက် ကိုသာက ဖျော်ရည်ခွက်​လေးကိုကောက်ကိုင်ကာ ကျန်လက်တစ်ဖက်က ခုံပေါ်တင်ရင်းမေးလေးထောက်လေသည်။
"ကိုသာအချစ်ကို ကောင်းကောင်းနားလည်တာတော့ မဟုတ်ပေမဲ့ ကိုသာ့ကိုအဲ့လောက်ထိ ချစ်တဲ့သူရှိနေရင်​တော့ ပျော်မိမယ်ထင်တယ်။ ကိုသာ့ဘက်က ချစ်နိုင်မချစ်နိုင်ဆိုတာက နောက်မှဖြစ်လာမယ့် အရာတွေဆိုတော့ ကိုသာအာမမခံနိုင်ဘူး။ သူဟာ ဆင်းရဲသည်ဖြစ်စေ ၊ ချမ်းသာသည်ဖြစ်စေ ၊ ယောက်ျား၊မိန်းမ ဘာပဲဖြစ်နေပါစေ ၊ ကိုသာသူ့ကိုချစ်ချင်လည်း ချစ်မိသွားမှာပဲလေ။ ကိုယ့်ကိုအကြာကြီးချစ်လာတာတွေ ၊ အခုမှချစ်တာတွေ ၊ လုံးဝမချစ်တာတွေက ကိုသာ့အချစ်ကို ဆုံးဖြတ်မယ့်အရာတွေ မဟုတ်ဘူး။ သူ့အလိုလိုဖြစ်တည်လာပြီး ချစ်သွားတာကမှ အချစ်ပဲ။ ဘယ်အချိန်ကတည်းက ချစ်မိသွားလဲဆိုတာကိုလည်း သိမှာမဟုတ်ဘူး။ အကြောင်းပြချက်လည်းမရှိဘူး။ ဘာလို့ချစ်လဲဆိုရင် သူဖြစ်နေလို့ချစ်တယ်ဆိုတာမျိုးပေါ့"
အချစ်အကြောင်းနားမလည်ဟုဆိုသည့် ကိုသာက အချစ်ကို ရိုးရှင်းစွာပုံဖော်ပြသွားပုံကြောင့် ငစိုင်းစိတ်သက်သာရာရမိသလို အားလည်းတက်မိသည်။ ကိုသာ့အချစ်တွင် ယောက်ျား မိန်းမခွဲခြားမှုလည်း မရှိဘူးဆိုတော့ ငစိုင်းအတွက် ခြေတစ်လှမ်းထပ်လှမ်းရန် အားအင်ပေးနေသလိုပင်။
ငစိုင်းက မျက်နှာရွှင်သွားပေမဲ့ မှိုင်ကျသွားသူက မင်းခွန်မှိုင်းဖြစ်သည်။ Kiteသာယခုအချိန်ရှိလျှင် ကိုသာ့အားထောက်ခံပြီး သူ့အားချစ်၍ရကြောင်းတွတ်ထိုးနေမည်ဖြစ်သည်။ သူKiteကိုသတိရသည်။
***********************************
"အသင်နတ်ဆိုး။ ဒီလိုဆိုရင် အသင်က အသင့်လူသားဆီကို လုံးဝပြန်မသွားတော့ဘူးလား"
နတ်ဆိုးသခင်၏အမေးကို Kiteပြန်မဖြေနိုင်ဘဲ ခေါင်းအောက်စိုက်ချလိုက်မိသည်။ မင်းခွန်မှိုင်းသည် မိမိအားမြင်ပင်မမြင်ချင်တော့သူ မဟုတ်ပါလား။ သည်အတိုင်းလွှတ်ထား၍လည်း မဖြစ်သေးသောကြာင့် အနားမှာတော့ရှိနေရဦးမှာပင်။ သူ့အားမမြင်စေဘဲ စောင့်ရှောက်ရပါလိမ့်မည်။
"အသင့်လူသားက လူသားစင်စစ်မဟုတ်ဘူးနော် အသင်။ သူ့ခန္ဓာကိုယ်ကို ရယူချင်တဲ့မကောင်းဆိုးဝါး​တွေ၊ ပရ​လောကသား​တွေ တစ်ပုံကြီးပဲ။ သူ့ကိုအမြုတေက ကာကွယ်ထားတယ်ဆိုရင်တောင် အမှတ်မထင် ချွတ်မိသွားရင် ချက်ချင်းဒုက္ခရောက်နိုင်တယ်။ ဒါ့အပြင် လွင်ပြင်သခင်ကလည်း အမြုတေအစွမ်းတွေ အသင့်ပေါ်သက်ရောက်စေချင်တာမဟုတ်ဘူး။ အသင့်လူသားက အသင့်အပေါ်မေတ္တာရှိနေရင်တောင် ဖွင့်မပြောနိုင်အောင်သူတားလိမ့်မယ်။ အသင်မြန်မြန်ပြန်သွားတာအကောင်းဆုံးပဲ"
"ကျွန်ုပ်လူသားက ကျွန်ုပ်ကိုမြင်ချင်တာ​တောင် မဟုတ်ဘူး။ မေတ္တာရှိလာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး သခင်။"
"ဒီလိုဆိုရင် အသင်နတ်ဆိုးက ထိုလူသားကို အမြုတေဖမ်းစားခွင့် ပြုတော့မယ်ပေါ့"
"ကျွန်ုပ်အဲ့လိုလုံးဝအဖြစ်ခံမှာမဟုတ်ဘူး သခင်"
စိတ်အလိုအလျောက် အသံကျယ်သွားပုံကို နတ်ဆိုးသခင်က သဘောကျစွာရယ်သည်။
"အို...အသင်နတ်ဆိုးရယ်။ အစွဲအလမ်းကလည်း ကြီးလိုက်တာ"
"ကျွန်ုပ်လူသားကို ကျွန်ုပ်မျက်စိရှေ့မှာ ထပ်သေခွင့်မပြုနိုင်ဘူး။ ကျွန်ုပ်က လူသားငယ်အတွက် ပျော်ရွှင်ဖို့မသေချာတဲ့နောင်ဘဝဆိုတာထက် လူသားငယ်ပျော်ရွှင်တဲ့ဘဝလေးမှာ အသက်ရှင်နေစေချင်ရုံပါ။ ကျွန်ုပ်ဆန္ဒကဒီလောက်လေးပါပဲ။"
နတ်ဆိုးသခင်သည် ကရုဏာသက်စွာ သက်ပြင်းချသည်။ Kiteကိုယ်တိုင်လည်း သက်ပြင်းလိုက်ချမိသည်။
"ကျွန်ုပ်ပြန်တော့မယ် သခင်"
"ကောင်းပါပြီ အသင်။ အသင့်ဆန္ဒ​တွေ ပြည့်ဝပါစေလို့ ကျွန်ုပ်ဆန္ဒပြုပါတယ်"
အမှောင်ရိပ်ကြီးစိုးပြီး ခြောက်သွေ့သောတိုင်းပြည်အတွင်း ခြေလှမ်းသွက်နေသည့် နတ်ဆိုးတစ်ကောင်အား မြင်လိုက်မိသည့်နတ်ဆိုးတိုင်းက ကရုဏာသက်မိကြသည်။ ထိုခြေလှမ်းသွက်နေသည့် နတ်ဆိုးသည် တစ်ချိန်က တောင်ပံဖြန့်ရင်း နတ်ဆိုးဂုဏ်ဝါအပြည့်ရှိခဲ့သူဟု ဆိုဖွယ်ရာပင် မရှိတော့ချေ။ နတ်ဆိုးတို့၏အထွဋ်အမြတ်ဖြစ်သည့် တောင်ပံတစ်စုံလုံးကို ပယောဂသင့်ခံခဲ့သည့် သနားစရာနတ်ဆိုးတစ်ကောင်အဖြစ်သာ အမြင်ရှိကြပေတော့သည်။
ကိုးဆယ့်ကိုးရာခိုင်နှုန်းသော နတ်ဆိုးများသည် အမုန်းတရား အစွဲအလမ်းဖြင့် နတ်ဆိုးဖြစ်ကြပေမဲ့ သည်နတ်ဆိုးကတော့ လူသားတစ်ယောက်အပေါ် မေတ္တာသက်ဝင်မိပြီး ကြီးစွာသောဥပါဒါန်စွဲကပ်သူ ဖြစ်လာခဲ့သည်။ မေတ္တာတရားဖြင့် ကြောက်မက်ဖွယ်ရာပေးဆပ်ခြင်းကို ပြုလုပ်ခဲ့သူဖြစ်သည်။
ဤသည်ကို လူသားငယ်သာသိသွားခဲ့လျှင် သူ့အစားပြန်ပေးဆပ်သွားပေလိမ့်မည်။ ထိုရည်ရွယ်ချက်ကို ဆုပ်ကိုင်ရင်း လူသားငယ်အနားအရင်ရောက်နေသူမှာ
အနက်ရောင်လွင်ပြင်၏ သခင်လေးပင်ဖြစ်သည်...။
Thanks For Reading
Note
Merry Christmas ပါရှင်😘
Zawgyi
"ငါပြောမိလို့လား"
"တော်ပါပြီကွာ။ မင်းတို့ပဲ သွားပါ။ ငါ ခဏနေပြန်တော့မှာ။"
"ငါလိုက်ခဲ့မယ်
You are reading the story above: TeenFic.Net