Unicode
စတူဒီယိုကို မင်းခွန်မှိုင်းနှင့်ထားခဲ့ကာသောက်စရာအချို့ဝယ်ပြီးသည်နှင့် ငစိုင်း၏ကားမောင်းနှုန်းသည် ပိုမိုမြန်ဆန်လာသည်။ အိမ်တွင် ကိုသာရှိနေဖို့မျှော်လင့်ရင်း အရှိန်ပိုတင်မိပြန်သည်။ ခြံထဲ၌ တိုက်ခန်းသစ်ထပ်ဆောက်ရန် လုပ်နေသဖြင်ာ ကိုသာလည်းရှိနေတတ်သည်။ ကိုသာ့အား နေ့တိုင်းတွေ့ချင်သောကြောင့် ထိုတိုက်ခန်းပြီးသွားမည်ကိုပင် ငစိုင်းကြောက်ပါသည်။
အချိုရည်တွေမျိုးစုံတော့ ပါလာတာပင်။ ကိုသာက ဘယ်တစ်ခုကြိုက်မည်လဲမသိ။ မနေ့က ကိုသာသောက်ရန်ဖျော်ရည်တစ်ခွက်သွားပေးတော့ ကိုသာကငြင်းသည်။ "ကိုသာ့လူတွေက ပင်ပင်ပန်းပန်းအလုပ်လုပ်နေချိန်မှာ ကိုသာက မတ်တပ်လေးရပ်ကြည့်နေရတာ။ သူတို့ကို ဒီလိုအေးဆေးကြည့်ရတာတောင် လွန်ပါပြီ။ စားသောက်ပြပြီးတော့ မနေချင်ပါဘူး"ဟုဆိုခဲ့သည်။ ဘယ်လောက်တောင် သဘောဖြူလိုက်ပါသနည်း။ ထို့ကြောင့်လည်း ပိုပိုပြီးမြတ်နိုးမိလာသည်ထင်ပါရဲ့။
အိမ်ပြန်ရောက်တော့ ကိုသာရှိနေသေးသည်မို့ ငစိုင်းမျက်နှာကြီးက ရောင်ပြန်ဟပ်နိုင်သည့်နှယ် ဝင်းလက်တောက်ပသွားလေသည်။ ဝယ်လာသည့် အထုပ်များကိုဆွဲရင်း ကိုသာ့အနားအပြေးသွားမိတော့ ကိုသာကအပြုံးလေးဖြင့် ကြိုဆိုသည်။ ကိုသာ၏ဝတ်စားပုံသည် အထူးပြောစရာမလိုဘဲ ရိုးရိုးရှင်းရှင်းပါပင်။ အင်္ကျီအဖြူ ၊ စတိုင်ပန့်အမည်းလေး၊ သည်လောက်ပင်။ သည်လောက်လေးနှင့်ကို လွန်စွာမှကြည့်ကောင်းနေပြီဖြစ်သည်။ မြင်လိုက်ရသည်နှင့် အမောကိုပြေရသည်။ အမေပြောတဲ့ အမောပြေဆိုသည်မှာ ကိုသာဖြစ်မည်။
"စိုင်းလေး...ပြန်လာတာ စောသလိုပဲ"
ငစိုင်းခေါင်းကုတ်ရင်း ရယ်လိုက်မိသည်။ ပြီးမှ ကိုသာ့လက်ထဲ အထုပ်တွေကိုထည့်ပေးလိုက်သည်။
"ကိုသာတို့ဖို့ ကျွန်တော်ဝယ်လာတာ။ အားလုံးအတွက်နော်...။ ကိုသာတစ်ယောက်တည်းမဟုတ်ဘူး။"
ငစိုင်းပြောသည်ကို ကိုသာကရယ်သည်။ ဘာတွေသဘောကျပြန်ပါလိမ့်။ ရယ်ရင်းငစိုင်းခေါင်းပေါ် လက်ဖဝါးလေးအုပ်မိုး ထိကိုင်လာတော့ ဇက်ကလေးပင်ပုပြီး ကျေကျေနပ်နပ်ခံယူလိုက်မိပြန်သည်။
"စိုင်းလေးကတော့ ခက်ပြီ။ ကိုသာ့စကားတိုင်းကို အထအနလိုက်ကောက်ပြီး အရွဲ့များတိုက်နေသလား..."
"မဟုတ်တာဗျာ။ ကျွန်တော်က ကိုသာတို့ အမောပြေသောက်ရအောင် ဝယ်လာတာပါ။ တစ်မျိုးမထင်ပါနဲ့"
ငစိုင်းမျက်နှာ အနည်းငယ်ညှိုးကျသွားတော့ ကိုသာကခေါင်းကို နောက်တစ်ကြိမ်ပုတ်ပြန်သည်။ ကြာလျှင် ရူးတော့မှာပင်။ သည်လိုလေးနေရသည့်အပေါ် သူ့မှာကြည်နူးမှုများစွာပင်။ ကိုသာသာ ယခုလိုလေး ခေါင်းအမြဲပုတ်ပေးမည်ဆိုလျှင် ခေါင်းကြီးပုပ်ပြီးချိုင့်ဝင်သွားပါစေ၊ ခံမိမည်ထင်သည်။
"ကဲပါ။ ဝယ်လာရကျိုးနပ်အောင် သောက်ပါ့မယ်။"
ကိုသာကပြောရင်းနှင့် အလုပ်သမား၊ လုပ်ဖော်ကိုင်ဖက်အားလုံးကို ငစိုင်းဝယ်လာသည်များအား ဝေငှပေးပြီး နောက်ဆုံးကျန်သည့်ဟာကိုမှ သူယူလေသည်။ ကိုသာ့အပြုအမူလေးများသည် တကယ်အတုယူစရာကောင်းပြန်သည်။ ကိုသာ့ကိုချစ်မိသည့် အကြောင်းအရာများထဲတွင် သည်လိုလေးစားအားကျရသည့်အချက်တွေလည်း ပါသည်မဟုတ်လား။ ချစ်ခင်လေးစားတန်ဖိုးထားဆိုသည့်ဆုအား အပိုင်ရထားသည့် ကိုသာပါလေ။
ကိုသာသည် အချိုရည်ဘူးလေးကို ဖောက်သောက်ရင်း သူ့အားငေးကြည့်သည့် ငစိုင်းကိုကြည့်လာကာ မျက်ခုံးလေးပင့်ပြသည်။ ဘယ်လိုလဲ...ကျေနပ်ပြီမလားပေါ့။
"ကိုသာ စားချင်တာဘာရှိလဲ။ ကျွန်တော် မနက်ဖြန်ဝယ်လာပေးမယ်"
ကိုသာအား စကားမရှိစကားရှာပြောချင်သောကြောင့် မေးလိုက်မိတော့ ကိုသာကအောက်နှုတ်ခမ်းလေးကို အနည်းငယ်ရှေ့ထုတ်ပြီး မျက်လုံးလေးကိုခေတ္တမျှ အပေါ်ကိုပင့်ကြည့်သည်။ သူ့ကိုယ့်သူလုပ်မိနေမှန်းမသိဘဲ အကျင့်ပါနေသည့်အကျင့်လေးဖြစ်မည်။ ထ်ုပုံစံလေးသည် တကယ့်ကိုချစ်စရာကောင်းကြောင်း ကိုသာမသိနိုင်ပါလေ။ ငစိုင်းမှာတော့ အသက်ရှူဖို့ပင် အနိုင်နိုင်ကြိုးစားပြီး ငေးနေရ၏။
"ကိုသာ မနက်ဖြန် တခြားအလုပ်ရှိလို့ မလာဖြစ်ဘူး စိုင်းလေးရဲ့။"
ငစိုင်းစိတ်ပျက်လက်ပျက် ဖြစ်သွားပုံကို ကိုသာက ခေါင်းလေးစောင်းကာကြည့်လာသည်။
"ကျွေးချင်လည်း နောက်မှကျွေးပေါ့။ ကိုသာ့ဖုန်းနံပါတ် ရှိတယ်မလား။ ဖုန်းဆက်လိုက်လေ။ တကယ်ဆို ကိုသာကတောင် ကျွေးရမှာ။ ကလေးဆီက ကပ်စားသလို ဖြစ်နေပါပြီ..."
ကိုသာကပြောရင်း အပေါ်နှုတ်ခမ်းလေးကိုလက်ညှိုးလေးဖြင့်ဖိရင်း ရယ်လေသည်။ ထို့ကြောင့် ကိုသာရယ်သည်ကို သေချာမမြင်လိုက်ရ။ ဘာကြောင့်များ သည်လောက်လှသည့်အပြုံးအား ဖုံးကွယ်လိုက်ရပါလိမ့်။
"ကျွန်တော်က ကလေးမှမဟုတ်တာ ကိုသာကလည်း..."
မိမိကို ကိုသာက ကလေးလိုမြင်နေသည့်အပေါ် သူမကြိုက်လှ။ ကိုသာသည် မျက်လုံးလေးကိုအနည်းငယ်မှေးစိုက်ကာ ငစိုင်းကိုကြည့်ပြန်သည်။ ငစိုင်းခမျာ ရင်တွေအခုန်လွန်လာ၍ ချက်ချင်းအကြည့်လွှဲပစ်လိုက်ရသည်မှာ နှမြောဖို့တော့အကောင်းသားပင်။
"ကိုသာ့ထက်ငယ်ရင် ကလေးပဲပေါ့။နောက်ပြီး စိုင်းလေးက ညီမှိုင်းသူငယ်ချင်းလေ။ ညီမှိုင်းကိုလည်း ကလေးလို့ပဲမြင်တော့ စိုင်းလေးလည်း ကလေးပေါ့"
ငစိုင်း ဘာမှဆက်မပြောနိုင်တော့ဘဲ ဟုတ်ကဲ့ပါ အဖေဟု ဆိုလိုက်ချင်ပါသည်။ အသက်က ဘယ်လောက်မှမကွာပေမဲ့ ဦးလေးကြီးဆိုဒ်နှင့် အသည်းယားအောင် လာလုပ်နေသည်။ သက်ပြင်းကိုအရှည်ကြီးချပြီး လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ရင်း စိတ်ကိုထိန်းရပါသည်လေ။ ယခုအချိန် ဘေးနားတွင် ဖက်လုံးတစ်လုံးလောက်ရှိလျှင် ကောင်းမည်ဟုတွေးမိပြန်။ ဖျစ်ညှစ်ပြီး ကိုက်ပစ်လိုက်ချင်တာပင် သိတော့သည်။
"တီ...တီ..."
ကိုသာ့ဖုန်းမှ အသံမြည်လာခြင်းဖြစ်သည်။ ကိုသာသည် ခြံဝဘက်သို့ခဏလျှောက်သွားပြီး ဖုန်းပြောလေသည်။ ပြီးမှ သူ့အနားပြန်ရောက်လာသည်။
"ကိုသာ ပြန်တော့မယ်။"
"ကိုသာ အလုပ်ရှိသေးလို့လား"
ငစိုင်းချက်ချင်းဆိုသလို မေးလိုက်မိသည်။ မပြန်စေချင်သေးဘူးမဟုတ်လား။ ညစာအိမ်တွင်စားသွားရန် ဖိတ်မည်ကြံကာရှိသေးသည်။ ယခုတော့ပျက်ချေပြီ။
"အလုပ်မဟုတ်ပါဘူးကွာ အရှုပ်ပါ"
ကိုသာကပြောရင်းဆိုရင်း ရယ်ပြန်သည်။ တကယ့်ကို မျက်နှာလေးက ချိုလို့...။
"ညီမှိုင်းက သူ့ကိုလာကြိုပါတဲ့။"
ကိုသာပြောသလို တကယ့်အရှုပ်ပင်။ မင်းခွန်မှိုင်းဆိုသည့် အရှုပ်ထုပ်ကြီးကို ငစိုင်းမေတ္တာသာ ပို့လိုက်မိတော့သည်။ ကိုသာနှင့်သူတူတူရှိနေမှန်းသိသိနှင့်
ကိုသာကတော့ အလုပ်ရှုပ်နေလည်း သူ့ညီခေါ်လို့ကတော့အပြစ်မမြင်၊ ပြုံးပြုံးပင်။
"ကြေးအိုးလည်း စားချင်လို့ လိုက်ကျွေးတဲ့။ ကိုသာတာဝန်ပျက်တာများနေပြီလို့တောင် ပြောသေးတယ်။ ဟုတ်တော့ဟုတ်တယ်။ ကိုသာ အခုတလော ညီမှိုင်းလေးကို ဂရုမစိုက်ဖြစ်ဘူး။ အလုပ်တွေရှုပ်နေလို့ လာကြိုခိုင်းရင်တောင် မကြိုဖြစ်တာများတယ်။ အခု ကိုသာသွားတော့မယ်နော် စိုင်းလေး"
"ဟုတ် ကိုသာ"
မဟုတ်ချင် ဟုတ်ချင်နှင့် ခေါင်းအသာညိတ်၍ လက်ခံလိုက်ပါတော့သည်။ ကိုသာနှင့်ပတ်သက်ပြီး တဖြည်းဖြည်းကြီးလာသည့် လောဘကိုလည်း လျှော့နိုင်မှ တော်ကာကျပေရော့မည်။ အနားတွင်ရှိပြီးရင်း ရှိချင်နေမိ၍ ခက်ပါသည်။ အရူးအမဲသားကျွေးသည်ဟု ဆိုရလေမလား ၊ ငစိုင်းဆိုသည့်ကောင်က ကိုသာ့အနားမှာနေရလေ ပိုစွဲလမ်းလေ ၊ ပိုရူးသွပ်လေဖြစ်နေတော့သည်။
************************************
မနက်ခင်းစောစော စတူဒီယိုသို့ ရောက်နေသည့်မင်းခွန်မှိုင်းကြောင့် ငစိုင်းရော ကျော်ကြီးပါမျက်လုံး ပြူးရလေသည်။ အမြဲနောက်ကျမှရောက်တတ်ပြီး တစ်ခါတလေဆို ပင့်ဖိတ်ပြီးခေါ်မှရသည့် ငမှိုင်းသည် စတူဒီယိုသို့ သူ့တို့ထက်အလျင်ကြိုရောက်နေပါသည်တဲ့။ ဒိုင်လုပ်ရမည်ကို တက်ကြွနေခြင်းလား။ စတူဒီယိုသော့က တစ်ယောက်တစ်ချောင်းရှိသည့်အတွက် ငမှိုင်းတို့ ရောက်ကတည်းက ကွန်ပျူတာရှေ့တွင် ခေါင်းစိုက်နေလေသည်။
ငစိုင်းလည်း အနားသွားပြီး ပခုံးကိုထိကိုင်လိုက်တော့ သူ့အားမော့ကြည့်လာသည့် ညိုမည်းနေသည့်မျက်လုံးတစ်စုံကြောင့် လန့်ပြီးနောက်ပင်ဆုတ်လိုက်မိသည်။ မျက်ကွင်းကြီးကို ညိုမည်းနေတာပင်။
"ခွန်မှိုင်း...မင်းတစ်ညလုံး animeတွေကြည့်ပြန်ပြီလား။ ဒီနေ့ ဖိုတိုရှုတင်ရှိတယ်ဆိုကာမှကွာ။ မင်းမျက်လုံးကြီးက လက်နှိုက်ကြည့်ရင်တောင် တစ်ချောင်းလုံးဝင်အောင် ချိုင့်နေပြီ"
ငစိုင်းကဆူပူနေပေမဲ့ မင်းခွန်မှိုင်းကတော့ အရူးပြုံးနှင့်ပြုံးလိုက်သောကြောင့် ငစိုင်းတစ်ယောက် ကြက်သီးများပင် ဖြန်းခနဲထသွားလေသည်။ ကျော်ကြီးလည်း ငစိုင်းဘေးနားရောက်လာပြီး မင်းခွန်မှိုင်းမျက်နှာကိုကြည့်ကာ စိတ်လေသွားမိသည်။ မင်းခွန်မှိုင်းဆိုသည့်သတ္တဝါလေးသည် တစ်နေ့တစ်မျိုး ပြဿနာရှာလိုက်ရမှ ကျေနပ်သည့်အကောင်ပါလေ။
ကျော်ကြီးကိုယ်တိုင် မညည်းသာတော့ဘဲ ငစိုင်းပခုံးကိုသာ ပုတ်လိုက်ပြီး...
"ဒီအသေကောင်ရုပ်ကို မိတ်ကပ်များများ ဖို့ရတော့မှာပဲ။ မတတ်နိုင်ဘူး။ ထားလိုက်တော့"
ငစိုင်းလည်း သက်ပြင်းလေးချရင်း ခေါင်းညိတ်ရတော့သည်။ မင်းခွန်မှိုင်းလည်း ရီဝေဝေမျက်လုံးများဖြင့် ကွန်ပျူတာထဲ ခေါင်းပြန်စိုက်သွားသည်။ တစ်ညလုံး animeကြည့်နေခဲ့ပြီး ယခုကျမှအိပ်ငိုက်လာ၍ မည်သို့ပြုရပါ့။
အမှန်အတိုင်းပြောရလျှင်တော့ Kiteဆိုသည့်ကောင်အား စိတ်တိုပြီး အိပ်မရခြင်းဖြစ်သည်။ သူ့ကိုနည်းနည်းလေးရှောင်လိုက်မိသည်ကို ထိုသို့ထွက်သွားသည်က ကောင်းလေသလော။ တစ်ညလုံးလည်း ပြန်ပေါ်မလာပါလေ။ ဘေးနား၌ ရှိနေမည်လားဟုခေါ်ကြည့်လျှင်လည်း သူ့ကိုသတိရတယ်ထင်ကာ ဘဝင်တွေမြင့်ဦးမည်။ နောက်ကွယ်တွင် ကျိတ်ရယ်ချင်ရယ်ဦးမည်။ ထို့ကြောင့် သူ့ဘာသာစိတ်ပြေပြီး ပြန်ပေါ်လာလေမလားဟု တစ်ညလုံး Animeကြည့်ရင်း စောင့်မိသည့်အဖြစ်ကို ဆိုက်ရောက်သွားခြင်းဖြစ်သည်။ သို့သော် သူကတော့ လုံးဝပေါ်မလာခဲ့ချေ။ သူ့အားပစ်သွားခဲ့ပြီများလား။
"သူ့ဘာသာသွားတာ ငါကဘာဂရုစိုက်ရမှာလဲ။ ငါနဲ့ဘာမှမဆိုင်ဘူး။ သွားပါစေ ၊ ဝေးဝေးမှာနေတော့ ပိုတောင်ကောင်းသေး။ အကုန်အကျတောင် သက်သာသေး။ သွား...သွား...."
စာရိုက်သည့်ကီးဘုတ်ကြီးအား အားရပါးရထုထောင်းရင်း အော်ဟစ်ပြောဆိုနေသည့် မင်းခွန်မှိုင်းကြောင့် ငစိုင်းနှင့်ကျော်ကြီးတို့ မျက်လုံးများ ပြူးရပြန်ပါသည်။ ထို့နောက် တစ်ယောက်နှင့် တစ်ယောက်ပြန်ကြည့်ကာ မင်းခွန်မှိုင်း ရူးသွားပြီဟု ကောက်ချက်ချလိုက်တော့သည်။
နာရီအနည်းငယ်ကြာတော့ မင်းခွန်မှိုင်းနှင့်ငစိုင်းတို့ကို အဝတ်အစားလဲစေပြီး ဓာတ်ပုံရိုက်ဖို့ လုပ်ရတော့သည်။ မင်းခွန်မှိုင်းတစ်ယောက် မိတ်ကပ်လိမ်းရင်း ငိုက်ငိုက်ကျသွားသဖြင့် eye linerများပေပွကုန်ကာ ခဏခဏပြန်လိမ်းနေရသောကြောင့် ကျော်ကြီးဒေါသ ဖြစ်ချင်လာသည်။
"မင်းခွန်မှိုင်းရေ...သေမယ်ဆိုလည်း ဓာတ်ပုံလေး ရိုက်ပြီးမှ သေ။ ခဏလောက် တောင့်ခံလိုက်ဦး။ မဟုတ်ရင် ပိုက်ဆံမရဘဲနေမယ်"
မင်းခွန်မှိုင်း အိပ်ချင်မူးတူးဖြင့် ခေါင်းသာညိတ်လေသည်။ ထို့ကြောင့် ငစိုင်းကို အနီးနားစတိုးဆိုင်မှ energy drinkတစ်ခုဝယ်ခိုင်းပြီးတိုက်ကာမှ ခေါင်းထောင်လာသည်။ ဒါတောင် သောက်တုန်းက ကျော်ကြီးမှာ အမေကကလေးကိုရေတိုက်သလို ဘူးကိုပါးစပ်နားတေ့ပြီး သေချာတိုက်ရသည့်အဖြစ်။ အနည်းဆုံး နိုးလာပေး၍ကျေးဇူးတင်ရမည်။
"ကဲ...စရိုက်ရအောင်"
စတူဒီယိုထဲတွင် ဓာတ်ပုံရိုက်သည့်နေရာ အသင့်ရှိသည်။ ကျော်ကြီးကလည်း ဓာတ်ပုံကောင်းကောင်းရိုက်တတ်သူမို့ အထွေအထူးကင်မရာမန်းတွေဘာတွေငှါးစရာမလို။ ခဏလေးနှင့် အဆင်ပြေပြေ ချောချောမွေ့မွေ့ ပြီးသွားလေသည်။
ပြီးသည်နှင့် မင်းခွန်မှိုင်းခမျာ ဟန်ပင်မဆောင်နိုင်ဆော့ဘဲ ဆိုဖာပေါ်ပြေးလှဲပြီး အိပ်တော့သည်။ အဝတ်အစားလေး ထလဲပါဦး ပြောသည်ကိုပင်မလဲ။ တော်တော်လေးကို အားအင်ကုန်ဆုံးသွားသည့်ပုံပင်။ မင်းခွန်မှိုင်း၏ အိပ်ချိန်စက်ဝန်းရက်စက်ချက်က နေ့လယ်စာစားရန် နှိုးသည်ကိုပင် မထတော့ချေ။ နည်းနည်းလေးပင် မလှုပ်မယှက်ဘဲ ဝမ်းလျားမှောက်ကြီးအိပ်နေသောကြောင့် သေသွားမည်စိုးသဖြင့် သူငယ်ချင်းနှစ်ယောက်မှာ သူ့နှာဖျားရှေ့လက်ညှိုးလေးထည့်ကာ အသက်ရှူသေးလား စမ်းကြည့်ရသည်မှာအမောပင်။
ဝတ်ထားသည့် Jabami Yumekoအင်္ကျီလေးမှ အားမနာ။ အိပ်နေလိုက်သည်မှာ ခုနစ်ဘဝအိပ်ရေးပျက်ထားသလိုပင်။ Kakeguruiထဲမှ Yumeko၏အဝတ်အစားပုံစံသည်မင်းခွန်မှိုင်းနှင့် လိုက်တာတော့အတော်လိုက်သည်။ မိတ်ကပ်အစွမ်းလေးကလည်းထက်လိုက်တော့ လုံးဝကွက်တိဖြစ်သွားခဲ့သည်။
"ငမှိုင်းရေ....၃နာရီထိုးနေပြီနော်။ စတူဒီယို ပိတ်ချိန်ကပ်နေပြီ ထတော့"
အချိန်အတော်ကြီးလင့်နေပြီဖြစ်ပြီး မင်းခွန်မှိုင်းလည်း အိပ်ရေးတော့ဝချေပြီ။ နေ့လည်မကျ ဘာမကျကြီးအိပ်မိသည့်အတွက် ခေါင်းတော့သိပ်မကြည်ချင်။ ဗိုက်ကလည်းဆာနေပြီဖြစ်သည့်အတွက် နေ့လယ်က ငစိုင်းတို့ဝယ်ထားသည်များကိုသာ ဆက်စားရသည်။ စားပြီးလို့ ရေသောက်နေတုန်း ဆိုင်ရှေ့တွင် ကားတစ်စီးလာရပ်သဖြင့် ထွက်ကြည့်မိလိုက်သည်။ ကားထဲက ထွက်လာသူက တခြားသူတော့မဟုတ်။ ကိုဘုန်းကျော်စွာပေသာ....။ ပြဿနာရှာရန်ရောက်လာခြင်းလားမသိ။ လူမှုရေးအရကြိုဆိုရမည့်တာဝန်တော့ရှိသည်။
"ကိုဘုန်းကျော်စွာ...မန္တလေးမပြန်ရသေးဘူးလား"
"ဟုတ်တယ် မင်းခွန်မှိုင်းရေ။ ဒီမှာ ကိုယ့်လက်ကိုသာ ကြည့်တော့"
ကိုဘုန်းကျော်စွာသည် ပတ်တီးအဖွေးသားစီးထားသည့် သူ့လက်ကောက်ဝတ်အား မြှောက်ပြလေသည်။ မင်းခွန်မှိုင်းစိတ်ထဲလည်း ကိုယ့်အပြစ်မကင်းသလို ခံစားရသည်။
"ဘယ်..ဘယ်လိုဖြစ်တာလဲ ကိုဘုန်းကျော်စွာ"
မသိချင်ယောင်ဆောင်ပြီးမေးတော့ ကိုဘုန်းကျော်စွာက ဟက်ခနဲတစ်ချက်ရယ်ချလေသည်။ ပြီးမှ မင်းခွန်မှိုင်းနားနား တိုးကပ်ပြီး...
"စိတ်တော့မရှိနဲ့နော်။ ကိုယ့်စိတ်ထဲ ထင့်နေလို့။"
ဘာရယ်မဟုတ်၊ မင်းခွန်မှိုင်း တံတွေးတစ်ချက် မျိုချလိုက်မိသည်။ ကိုဘုန်းကျော်စွာက ဆက်ပြောသည်။
"မင်းအနားမှာ တစ်ယောက်ယောက်ရှိနေတယ် မဟုတ်လား"
"ခင်ဗျာ..."
ကိုဘုန်းကျော်စွာရိပ်မိသွားပြီလားဟု ထိတ်ခနဲဖြစ်သွားမိသည်။ ကိုဘုန်းကျော်စွာသည် ခြောက်ကပ်ကပ်ပြုံးလေပြီး...
"ကိုယ်စိတ်ထင်တာပဲလားတော့မသိဘူး။ ကိုယ် မင်းအနားကိုကပ်ဖို့ကြိုးစားတိုင်း တစ်ခုမဟုတ် တစ်ခုဖြစ်တယ်။ မင်းခွန်မှိုင်းကိုယ်တိုင်တော့ သိချင်မှသိလိမ့်မယ်။ ကိုယ်ကတော့ ကိုယ်တွေ့ပဲ..အဟက်...။ ကိုယ် မင်းကိုသဘောကျလို့ ကိုယ့်စတူဒီယိုအတွက် လိုချင်ခဲ့မိတာအမှန်ပါ။ မင်းCosplayထားတဲ့ပုံတွေမြင်ရလေ ကိုယ်ပိုသဘောကျလေပဲ။ ဟို...ကိုယ်ပြောတာ မင်းရဲ့ပရိသတ်တစ်ယောက်အနေနဲ့နော်။ ကိုယ်မင်းဆီအခုလာဖို့တောင် မနည်းအားမွေးပြီး လာရတာ..."
ကိုဘုန်းကျော်စွာ အတော်ကိုလန့်သွားခဲ့ပုံရသည်။ ဒါလည်း တစ်ရန်တော့ကင်းတာပင်။ Kiteကျေးဇူးမဟုတ်လား။ သူ့အကြောင်းမတွေးချင်ပေမဲ့ တွေးမိပြန်သည်။
"ကိုဘုန်းကျော်စွာ အထဲဝင်ဦးလေ။ အထဲမှာ ကျွန်တော့်သူငယ်ချင်းတွေလည်း ရှိပါတယ်။"
"ကိုယ်မဝင်တော့ဘူး။ အလုပ်ရှိလို့ ပြန်ရမှာ။ မင်းကို ဒီအတိုင်းဝင်နှုတ်ဆက်ရုံပါပဲ။ နောက်ပြီး ကိုယ်နဲ့ပတ်သက်ပြီး စိတ်ရှင်းစေချင်လို့ပါ။ ကိုယ်မင်းရဲ့ပရိသတ်တစ်ယောက်အနေနဲ့ပဲ ဆက်ရှိနေမှာပါ"
ကိုဘုန်းကျော်စွာကနှုတ်ဆက်ပြီး သူ့ကားနားကို ပြန်လျှောက်သွားသည်။ ပြီးမှ ကားတံခါးကိုဖွင့်ရင်း မင်းခွန်မှိုင်းအား ပြန်လှည့်ကြည့်လာပြီး...
"မင်းက Yumekoပုံစံနဲ့လည်း လိုက်တာပဲ။"
စသလိုလို အတည်လိုလိုပြောပြီး ကိုဘုန်းကျော်စွာ ထွက်သွားတော့သည်။ မင်းခွန်မှိုင်းလည်း ယခုမှပင် အဝတ်အစားမလဲရသေးမှန်းသတိရကာ ရှက်ကိုးရှက်ကန်းဖြစ်မိပြန်သည်။ တကယ်ဆိုးဆိုးဝါးဝါး ဆံပင်တုပင် မချွတ်ရသေးချေ။ အိပ်ထားတာသဖြင့် ဖွာလန်ကျဲပြီး မိတ်ကပ်ကလည်း ဖရိုဖရဲဖြစ်နေချေပြီ။ သည်ပုံစံကို Kiteမြင်လျှင် ဘာပြောဦးမည်လဲမသိ။ သူသဘောကျမည်လား၊ လိုက်စနေဦးမည်လား။
Kiteကစိတ်ရှုပ်စရာပင်ဖြစ်သည်။ ဘေးနားတွင်အမြဲရှိနေခဲ့ပြီး ယခုလိုကြီး ရုတ်တရက်ပျောက်ထွက်သွားတော့ သူပဲမနေတတ်ဖြစ်ရသည်။ အစကတည်းက ပေါ်မလာခဲ့လျှင်ကောင်းမည်။ ယခုတော့ သူ့အကြောင်းချည်း ခေါင်းထဲပြည့်နေရပြီ။
"ထွက်စမ်း...ထွက်စမ်း.."
ကိုယ့်ဦးခေါင်းကိုယ် ဘယ်ညာပြန်ရိုက်ပြီး Kiteနှင့်ပတ်သက်သည့်အတွေးများအား ခါထုတ်ပစ်လိုက်သည်။
အဝတ်အစားလဲ မိတ်ကပ်ဖျက်၊ နောက်ရက်လုပ်ရမည့်အလုပ်များကို စိစစ်ပြီး ပြန်မည်ကြံကာရှိသေး ဒေဝါမိုးက စ၍ရွာပါတော့သည်။ မိုးတိတ်အောင် စောင့်ရတော့မည့်ပုံပင်။
"ခွန်မှိုင်း...ငါတို့ပြန်ပြီ"
ငစိုင်းနှင့်ကျော်ကြီးတို့က သူတို့ကားကိုယ်စီနှင့်မို့ အေးဆေးပြန်၍ ရသည်။
မင်းခွန်မှိုင်းဆိုသည့်ကောင်လေးကတော့ မိဘတွေရဲ့အသုံးစားရိတ်ကို တစ်ဖက်တစ်လမ်းက ချွေတာပေးနေသည့် အလိမ္မာတုံးဖြစ်သည့်အတွက်မေမေပေးထားသည့် ခြေနှစ်ချောင်းနှင့် ဖေကြီးပေးထားသော ကားခကိုအသုံးချပြီး အိမ်ပြန်လမ်းကို လှမ်းတော်မူရမည်။ အိမ်ပြန်လမ်းသည် နန်းမဆန်လှပေမဲ့ လူကတော့နန်းဆန်နေ၍တော်ပါသေးသည်။ ဖြေသာသေးသည်မဟုတ်လား။
"ခွန်မှိုင်း ငါနဲ့လိုက်ခဲ့လေ။ လိုက်ပို့ပေးမယ်"
ငစိုင်းကအလိုက်တသိမေးရှာသည်။ ငစိုင်းကအလိုက်သိသလို မင်းခွန်မှိုင်းကလည်း ငစိုင်းအကြံကိုသိသူဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ အိမ်ကိုအေးအေးဆေးဆေးရောက်လျှင် ပြီးတာမို့ လက်ခံလိုက်သည်။ မင်းခွန်မှိုင်းက မိုးစိုသည်ကို မကြိုက်သူတော့မဟုတ်။ ကြိုက်ပါသည်။ သို့သော် ရှေ့ရက်တွေမှာနေပူထားပြီး ရုတ်တရက်ကောက်ရွာသည့် မိုး၌ အက်စစ်ဓာတ်အမြောက်အမြားပါတတ်သည်။ အရေပြားတွေ ပျက်စီးတတ်သည်။ ထို့ကြောင့် ယနေ့ မိုးမစိုချင်။
ငစိုင်းသည် သူ့အားအိမ်သို့တစိုက်မတ်မတ်လိုက်ပို့ပေးမှတော့ မင်းခွန်မှိုင်းကလည်း ဧည့်ဝတ်ကျေရတော့မည့် တာဝန်ရှိသည်။ ထို့ကြောင့် အိမ်သို့ဝင်ရန် ဖိတ်မံတကပြုတော့ ကိုယ်တော်ချောက မငြင်းချေ။ ချက်ချင်းကားပေါ်ကဆင်းလေသည်။ ကိုသာလည်း ပြန်ရောက်ပြီထင်သည်။ အိမ်ရှေ့တွင် ကားရှိနေလေသည်။ မင်းခွန်မှိုင်း ဖိနပ်ကိုချွတ်ကာ အိမ်ထဲသို့ ဝင်ဝင်ချင်းမြင်လိုက်ရသူကြောင့် ဝမ်းသာအားရဖြစ်သွားကာ ထိုသူအား ပြေးဖက်လိုက်မိတော့သည်။
"ဟိတ်ကောင် ဝေလငါး..."
ဝေလငါးဆိုသူမှာ မင်းခွန်မှိုင်း၏ငယ်သူငယ်ချင်းဝေယံမိုးထက် ဖြစ်သည်။ ရှစ်တန်းနှစ်တွင် သူ့အဖေတာဝန်ကျရာမြို့သို့ လိုက်သွားတ
သောကြောင့် မင်းခွန်မှိုင်းနှင့် ကွဲသွားခြင်းပင်။ ဝေယံမိုးထက်သည် မင်းခွန်မှိုင်း ကျောပြင်ကို ခပ်စပ်စပ်လေးပုတ်သည်။
"ငဂျစ်ကောင်။ ငါ့ကိုမှတ်မိသေးတယ် ဟုတ်လား"
မင်းခွန်မှိုင်းလည်း ဝေယံမိုးထက်အား ဖက်ထားသည်ကို လွှတ်လိုက်ကာ မျက်မှောင်ကြုတ်၍ ကြည့်ပေးလိုက်သည်။
"မင်းရဲ့ဝေလငါးရုပ်ကြီးကိုမှ မမှတ်မိရင် ငါက မင်းခွန်မှိုင်း ဘယ်ဟုတ်တော့မလဲ"
ဝေယံမိုးထက်သည် မင်းခွန်မှိုင်းစကားကို သဘောကျစွာရယ်သည်။ ငယ်ကျင့်ကိုနည်းနည်းမျှ မပျောက်၊ ဘယ်သူ့ကိုမဆို နည်းနည်းတော့ နှိပ်ကွပ်လိုက်ရမှ ကျေနပ်သည့် အစုတ်ပလုတ်ကောင်လေးပေပင်။
"မင်းလည်း ခုထိ ငဂျစ်ပဲ မဟုတ်လား။ ဂေါ်လီရိုက်တိုင်း စည်းခိုးပစ်တဲ့ ငညစ်၊ သူ့ကိုပြောရင် ဂျစ်တိုက်ပြီး တုတ်နဲ့လိုက်ရိုက်တဲ့ ငဂျစ်။"
"အဲ့တာ ငယ်ငယ်တုန်းကပါ။ ဪ...နေဦး။ မင်းကို ငါ့သူငယ်ချင်းနဲ့ မိတ်ဆက်ပေးမယ်။"
နောက်မှာရပ်နေသည့် ငစိုင်းလက်ကိုဆွဲခေါ်ကာ သူတို့အချင်းချင်းမိတ်ဆက်ပေးလိုက်သည်။
"သူ့နာမည်က စိုင်းဝေယံ ၊ ငစိုင်းလို့ခေါ်လို့ရတယ်။ ပြီးတော့...ငစိုင်း။ ဒီကောင်က ဝေယံမိုးထက်တဲ့။ ငါကတော့ ဝေလငါးလို့ပဲခေါ်တာ။ ရုပ်ကိုကြည့်လေ။ ဝေလငါးရုပ်နဲ့..."
မင်းခွန်မှိုင်းက ဝေယံမိုးထက်အား မိတ်ဆက်ပေးရင်း ခွက်ထိုးခွက်လန်ရယ်လေသည်။ သူများကို ဖဲ့ပြီးသဘောတွေကျနေသည်မှာ လွန်လွန်းပါပေသည်။
"ဟော...ညီမှိုင်းပြန်ရောက်နေပြီကိုး။ အဲ့တာကြောင့် ကိုသာအသံကြားပါတယ်လို့။ စိုင်းလေးလည်း ပါလာတာပဲ"
ကိုသာသည် ဝေယံမိုးထက်အား မင်းခွန်မှိုင်းမလာခင် ဧည့်ခံထားသည်ထင်ပါရဲ့။ ထမင်းစားခန်းမှ ကော်ဖီခွက်လေးကိုင်ကာ ထွက်လာပြီး ဝေယံမိုးထက်ရှေ့၌ ခွက်ကလေးကို ညင်ညင်သာသာချပေးလေသည်။
"ဟုတ်ကဲ့ ကိုသာ။ ကျွန်တော် ခွန်မှိုင်းကိုလိုက်ပို့တာ။ မိုးတွေရွာနေတော့ သူအိမ်ပြန်နောက်ကျမှာစိုးလို့..."
ငစိုင်းသည် မခုတ်တတ်သည့်ကြောင်လေးပုံစံ ဖြစ်သွားချေပြီ။ လူတွေက အတော်လည်း အပြောင်းအလဲမြန်တတ်ကြသည်ကိုး။ တရားပင် ပေါက်ချင်လာသည်။
"စိုင်းလေးလည်း ထိုင်လေ။ ကိုသာ ကော်ဖီဖျော်ပေးမယ်။ မိုးရွာနေတော့ ကော်ဖီလေးသောက်လိုက်ရင် နွေးသွားမှာ။ ညီမှိုင်းရော သောက်မှာလား..."
"ငြင်းစရာလား ကိုသာကလည်း။ ကျွန်တော့်ကို နှစ်ခွက်စာဖျော်ပေး"
"ဟုတ်ပြီ ဟုတ်ပြီ။ ခဏလေးထိုင်စောင့်ကြဦး"
ကိုသာက ပြောပြောဆိုဆိုနှင့်အထဲ ဝင်သွားတော့ ဝေယံမိုးထက်က မင်းခွန်မှိုင်းကို ပြုံးစိစိဖြင့် ကြည့်လာပြီး...
"မင်းအစ်ကိုက ငယ်ငယ်ကထက်တောင် ပိုချောလာတယ်နော် ငဂျစ်။ ယောက်ျားလေးချင်းတောင် ကြွေလောက်တယ်။ ဟီးဟီး...ငါတောင်ကြည့်ရင်း သဘောတွေကျနေတာ"
ဝေယံမိုးထက်သည် အစအနောက်သန်သူမို့ စလိုက်သော်ငြားလည်း မင်းခွန်မှိုင်းဘေးမှ ငစိုင်းတစ်ယောက် မီးလောင်နေချေပြီ။ မီးတောက်မီးလျံများအား မမြင်ရပေမဲ့ တစ်နေရာရာမှ မီးလောင်နေသည့်ညှော်နံ့က တော်တော်ဆိုးဆိုးကို ရနေသလိုပင်။ ဝေယံမိုးထက်တွင် ကောင်မလေးရှိသည်ဆိုတာကို မင်းခွန်မှိုင်းပဲ သိသည်မဟုတ်လား။ ဖေ့စ်ဘွတ်ခ်တွင် သူနှင့်သူ့ကောင်မလေးပုံများကို မြင်နေကျဖြစ်သည်။ မင်းခွန်မှိုင်းက အစ်ကိုကိုထိတာမကြိုက်မှန်းသိ၍ သက်သက်လိုက်စနေခြင်းဖြစ်သည်။ သို့ပေမဲ့ ဤတစ်ကြိမ် လောင်သူက မင်းခွန်မှိုင်းမဟုတ်၊ ငစိုင်းပေသာ။
ငစိုင်း၏လူသတ်တော့မည့်အကြည့်များကြောင့် မင်းခွန်မှိုင်းပင် ကြက်သီးထမိသလိုလိုရှိလာသည်။ ဝေယံမိုးထက်ကတော့ မင်းခွန်မှိုင်း ပေါင်ကိုလက်ညှိုးလေးဖြင့် တို့တိတို့တိလာလုပ်သဖြင့် မင်းခွန်မှိုင်းက မေးဆတ်ပြလိုက်တော့ သူကရယ်ကျဲကျဲဖြင့်...
"မင်း...မင်းသူငယ်ချင်းက ငါ့ကိုစိုက်ကြည့်နေသလိုပဲနော်...။"
မင်းခွန်မှိုင်းလည်း ငစိုင်းကိုတစ်ချက် လှည့်ကြည့်လိုက်သည်။ ငစိုင်းကချက်ချင်းဆိုသလို မသိချင်ယောင်ဆောင်သွားသည်။
"မင်းကိုချောလို့ကြည့်တာ နေမှာပေါ့ကွာ..."
"ဪ...ဟုတ်လား။ ငါဒီနေ့ ချောနေတာလား"
ရွဲ့ပြောလို့ ပြောမှန်းမသိ အရူးဘုံမြောက်လုပ်နေပြန်သည်။ မင်းခွန်မှိုင်းလည်း ကြားကနေ နေရခက်မိသည်။ ဝေယံမိုးထက်တွင် ကောင်မလေးရှိကြောင်း ငစိုင်းကိုပြောပြလိုက်လျှင် ကောင်းမည်လား။
မကောင်းလောက်ပါလေ။ ငစိုင်းတစ်ယောက် သဝန်တွေတိုပြီး ဒေါပွနေသည့်မျက်နှာကြီးကို ကော်ဖီလေးတစိမ့်စိမ့်သောက်ရင်း သူအရသာခံချင်ပါသေးသည်။
************************************
သစ်ပင်အိုကြီးပေါ်၌ ပင်စည်ခြောက်သွေ့သွေ့ကို မှီကာတွေးငေးနေသည့် ဆက်ခံသူနတ်ဆိုးအား မြင်မိကြောင်း အနက်ရောင်လွင်ပြင်၏သခင်လေးထံ သတင်းရောက်လာလေသည်။
"သူများကိစ္စတွေထဲ ကျွန်ုပ်ဝင်ပါလိုစိတ်တော့ မရှိပေမဲ့လို့ ယခုကိစ္စက ကျွန်ုပ်နှင့်လည်း သက်ဆိုင်တယ်။ မင်းခွန်မှိုင်းဆိုသည့်လူသား ဆက်ခံသူကို မချစ်မိဖုိ့ရာ သတိပေးရမည့်တာဝန်က ကျွန်ုပ်လက်ထဲမှာပဲရှိတယ်။ အသင်တို့ အဲ့ဒီလူသားဘေးမှာ ဘယ်လိုအစောင့်အရှောက်တွေ ရှိနေသေးလဲ စုံစမ်းခဲ့ကြ"
"ကျွန်ုပ်တို့ စုံစမ်းခဲ့ပြီးပါပြီ သခင်လေး။ ဆက်ခံသူစောင့်ရှောက်နေသည့် လူသားဘေးမှာ ဆက်ခံသူရဲ့အစေအပါး ခွေးသုံးကောင်သာ ရှိပါတယ်။ သခင်လေးသွားမယ်ဆိုရင်တော့ သူတို့အန္တရာယ်ပေးလို့ရမှာမဟုတ်ပါဘူး။"
"အင်း...ဒီကိစ္စက အချိန်ဆွဲလို့တော့ မဖြစ်ဘူး။ ဆက်ခံသူ အဲ့ဒီလူသားအနားပြန်မသွားနိုင်သေးအောင် သင်တို့ကစောင့်ကြည့်ပြီး အချိန်ဆွဲထားပေးကြ။ ကျွန်ုပ်က ထိုလူသားကို သတိသွားပေးမယ်"
"အမိန့်အတိုင်းပါ သခင်လေး"
အစေအပါးဝိဉာဉ်တို့ ထွက်သွားသည်နှင့် လွင်ပြင်၏သခင်လေးလည်း လူ့ဘုံသို့ ခြေချဖို့ရာ အသင့်ပြင်တော့သည်။ မိမိနောက်ဘဝကူးနိုင်ဖို့ရာ ဆက်ခံသူရှိနေမှ ဖြစ်မည်။ နောက်ထပ်နှစ်တစ်ရာစောင့်ပြီး ဆက်ခံသူမရှာချင်တော့ချေ။
ဤသို့ဆက်ခံသူရှိစေရန် လူသားသည် ဆက်ခံသူကိုမချစ်စေဖို့ရာ အရေးကြီးသည်။ အစွဲအလမ်းကြီးပြီး ကတိကဝတ်ကိုပင် ချိုးဖောက်ခဲ့သည့် ဆက်ခံသူသည် သူ့အသက်၊ သူ့ခန္ဓာကိုယ်ကို လူသားအတွက်ဆို နှမြောမည့်သူမဟုတ်။ ကာယကံရှင်က မနှမြောမှတော့ နှမြောပေးမည့် လူသားကို အသုံးချရပေမည်။ အမြုတေ၏ အစွမ်းမသက်ရောက်စေဖို့ရာ လူသားကို စတေးရပေမည်။
Thanks For Reading
Note
တအားရှည်မှာစိုးလို့ ဒီလောက်နဲ့ဖြတ်ချလိုက်တယ်နော်။😁 တန်းလန်းကြီးဆိုပြီး မလောင်ပါနဲ့။ updateမှန်တော့မှာမလို့ မဆူနဲ့နော်။ ဆာဒါးငှဲ...။
Zawgyi
You are reading the story above: TeenFic.Net