Unicode
ညက မိုးတဖြောက်နှစ်ဖြောက်ကျထားသောကြောင့် မင်းခွန်မှိုင်းကွေး၍ကောင်းနေသည်။ ယမန်ညကမင်းခွန်မှိုင်း ဘယ်အချိန်အိပ်ပျော်သွားသလဲဆိုတာ ကိုယ့်တိုင်ပင်မသိချေ။ အိမ်ပြန်ရောက်သည်နှင့် ထမင်းမစား၊ အဝတ်အစားမလဲဖြင့် အိပ်ရာပေါ်ပြေးတက်ကာ စောင်ခေါင်းမြီးခြုံရင်း ယောက်ယက်ခတ်နေသောအတွေးများကို ချုပ်သိမ်းလိုက်သည်။ အတွေးဆိုသည်မှာလည်း မင်းခွန်မှိုင်းအတွက် ပထမဆုံးလှုပ်လှုပ်ရှားရှားဖြစ်သွားသော ရင်တစ်ခွင်ကြောင့်ဖြစ်သည်။
"မင်းခွန်မှိုင်း...အလုပ်သွားရမှာမဟုတ်ဘူးလား။ ထတော့..."
မိုးအေးအေးမို့ကွေးကောင်းနေသဖြင့် ဘေးနားမှ လာနှိုးနေသည့်သူအား မင်းခွန်မှိုင်းဂရုမစိုက်၊ အင်းမှန်းမသိ၊ အဲမှန်းမသိသော ညီးညူသံကိုပြုကာ ပြန်အိပ်နေမိသည်။
"မင်းခွန်မှိုင်း...မင်းခွန်မှိုင်း..."
နာမည်ကိုဆက်တိုက်ခေါ်ပြီး နှိုးနေသောကြောင့် သက်ပြင်းတစ်ချက်ကောက်ချပြီး မျက်လုံးဖွင့်ကြည့်မိတော့ သူ့အားအပေါ်စီးမှ ကြည့်နေသည့်Kiteကိုမြင်သည်နှင့် ဘာကြောင့်ရယ်မသိ အသက်အောင့်မိလိုက်သည်။ Kiteကလည်း သူ့အားပြန်စိုက်ကြည့်နေသဖြင့် ဆတ်ခနဲတစ်ဖက်ကိုလှည့်လိုက်ရင်း စောင်ကိုမျက်နှာထိ ပြန်တက်ခြုံလိုက်သည်။ ရင်ဘတ်ထဲမှ နွေးတေးတေးဖြင့် ထုထည်ကြီးမားနေသောအရာကလည်း ပြန်၍နိုးထလာပြန်သည်။
Kiteနှင့်ဘာကြောင့်များ မျက်နှာချင်းမဆိုင်နိုင်ဖြစ်နေရတာပါလိမ့်။ တံတွေးလေးတစ်ချင်မျိုချရင်း ကျောဘက်မှ Kiteကိုချောင်းကြည့်မိတော့ Kiteသည် သူ့အား မျက်မှောင်ကြီးစုကုပ်လျက် စိုက်ကြည့်နေပုံက ကြက်သီးများပင်ထစေသည်။
"မင်းခွန်မှိုင်း...မင်းအလုပ်မသွားဘူးလား..."
"အင်း...သွားမှာ သွားမှာ.."
ပျာပျာသလဲဖြင့်ပြန်ဖြေရင်း စောင်ကြီးခြုံလျက် ရေချိုးခန်းသို့ပြေးဝင်ပြီးကာမှ စောင်ယူလာခဲ့ကြောင်းသတိရကာ လုံးထွေးလျက် အခန်းထဲသို့ ပြန်ပစ်ထုတ်လိုက်ပြီး ရေချိုးခန်းတံခါးကို အမြန်ချက်ချလိုက်သည်။ Kiteနှင့်သည်လောက် အခန်းခြားသွားမှပင် မင်းခွန်မှိုင်းအသက်ရှူချောင်သလို ခံစားရသည်။ ပုံမှန်မဟုတ်ဘဲ လှုပ်ရှားနေသည့်ရင်ဘတ်ကို လက်ဖြင့်ဖိဆုပ်ရင်း မျက်လုံးများကိုမှိတ်ကာ ကိုယ့်ခေါင်းကိုယ်တံခါးနှင့် တဒုံးဒုံးဆောင့်နေမိသည်။
"ငါဘာဖြစ်နေတာလဲကွာ....စိတ်ရှုပ်လိုက်တာ..."
တီးတိုးရေရွတ်ရင်း တံခါးနှင့်ခေါင်းကို ဆက်၍မိတ်ဆက်ပေးနေစဉ် သတိလက်လွတ်ဖြင့် အားပြင်းပြင်းတစ်ချက်ဆောင့်မိသွားပြီးခေါင်းတစ်ခုလုံး အီစလံဝေသွားလေသည်။
"မင်းခွန်မှိုင်း ဘာဖြစ်တာလဲ"
တံခါးဆောင့်သံပြင်းပြင်းကြောင့် Kiteသည်စိုးရိမ်တကြီးဖြင့် လှမ်းမေးတော့ မင်းခွန်မှိုင်းက "ဘာမှမဖြစ်ဘူး။ ရတယ်"ဟုသာ ဖြေလေသည်။ မင်းခွန်မှိုင်းဆိုသည့်ကောင်လေးသည် တစ်ခါတလေ အိပ်ချင်မူးတူးနှင့်ရေချိုးခန်းထဲ ချော်လဲတတ်သည့်အတွက် မစိုးရိမ်၍မဖြစ်။
မင်းခွန်မှိုင်းခမျာ ရေချိုးပြီးတော့လည်း ကိုယ့်အခန်းကိုယ်အေးဆေးမဝင်နိုင်ရှာ။ တံခါးကိုအသာဖွင့်ပြီး အထဲတွင် Kiteဘယ်နားရှိလဲချောင်းရသေးသည်။ Kiteသည် မင်းခွန်မှိုင်း၏ပွစိတက်နေသော စားပွဲတွင် စာအုပ်တစ်အုပ်ဖတ်နေပြန်သည်မို့ ခြေသံမကြားအောင် တစ်လှမ်းချင်းလှမ်း၍ အခန်းထဲဝင်ကာ အဝတ်အစားအမြန်လဲပြီး Kiteကိုချောင်းအကြည့်၊ သူ့အားဘယ်အချိန်ကတည်းက လက်ကြီးပိုက်ကြည့်နေမှန်းမသိသော Kiteမျက်လုံးတွေနှင့် တည့်ဆုံလေသည်။ ထို့ကြောင့် အကြည့်ကိုချက်ချင်းလွှဲလိုက်ပြီး...
"အလုပ်နောက်ကျတော့မှာပဲ...."
တစ်ယောက်တည်းစကားတွေပြောရင်း လွယ်နေကျကျောပိုးအိတ်ထဲ ဖုန်းကောက်ထည့်ကာ ပခုံး၌လွယ်လျက်အောက်ထပ်သို့ ဆင်းလာပြီး မနက်စာစားရန် ဝင်ထိုင်လိုက်သည်။ မေမေထည့်ပေးသော ကော်ဖီခွက်လေးကို ယူကာသောက်မည်ရှိသေး ၊ သူ့အားစိုက်ကြည့်နေသည့် ဖေကြီးနှင့်ကိုသာကြောင့် နင်သွားရပြန်သည်။ ကော်ဖီခွက်ကိုအသာပြန်ချပြီး ဖေကြီးနှင့်ကိုသာတို့အား မျက်လုံးပြူးဖြင့်ပြန်ကြည့်တော့ နှစ်ယောက်သားက အတိုင်အပေါက်ညီစွာ ထရယ်လေသည်။
"အမလေး...ဟိုသားအဖနှစ်ယောက် ဘာတွေသဘောကျနေတာတုန်း"
မေမေက ခုံမှာဝင်ထိုင်ရင်းမေးသည်။ ဖေကြီးကရယ်ရင်း မင်းခွန်မှိုင်းကိုလက်ညှိုးထိုးပြသည်။
"မင်း သားမင်းပြန်ကြည့်စမ်းပါ မေမီရယ်။"
မေမေက မင်းခွန်မှိုင်းကိုကြည့်လာသည်။ ထို့နောက် ဖေကြီးဘက်ပြန်လှည့်သွားပြီး...
"သားငယ်က ဘာဖြစ်လို့တုန်း ကိုဥက္ကာရဲ့။"
"မေမီရယ်...မင်းကလည်း သေချာကြည့်မှပေါ့။ သားငယ်မျက်နှာကိုသွားကြည့်ခိုင်းတာမဟုတ်ဘူး။ အဲ့မှာ အင်္ကျီကိုကြည့် ၊ ရှေ့နောက်ပြောင်းပြန်ကြီးဝတ်လာတာ။"
ထိုမှပင် မင်းခွန်မှိုင်းကိုယ့်အင်္ကျီကိုယ်ပြန်ငုံ့ကြည့်မိသည်။ အမှန်တကယ် ရှေ့နောက်ပြောင်းပြန်ဝတ်ထားတာပင်။ အင်္ကျီကရှေ့နဲ့နောက်အတော်လေး ကွာခြားသည့်အင်္ကျီ။ လည်ပင်းလည်းဟိုက်သလို အရှေ့ဘက်တွင်ပုံပါပြီး နောက်ကျောကအရှင်းဖြစ်သည်။ သည်လိုမျိုးအင်္ကျီကို ပြောင်းပြန်ဝတ်လာသည်ဆိုတော့ ဖေကြီးတို့ရယ်သည်ကို အပြစ်ပြော၍မရ။ သို့ပေမဲ့ အနည်းငယ်ရှက်မိတာကြောင့် စိတ်တော့ဆိုးချင်ချင်။
"သားငယ်ရယ်...ဘယ်လိုဖြစ်တာလဲ။ ဖေကြီး သားကို ဒီလိုကမောက်ကမနဲ့တွေ့ဖူးတာ ပထမဆုံးပဲ။ အမြဲမှန်ရှေ့မှာ တစ်ကိုယ်လုံးကို ဝအောင်ကြည့်ပြီးမှ အောက်ဆင်းတတ်တဲ့မင်းက ဒီနေ့ဘယ်လိုဖြစ်လဲ။"
"သား...အလုပ်နောက်ကျမှာစိုးလို့ အမြန်ဝတ်လာတာပါ"
"ဟုတ်ရော ဟုတ်ရဲ့လား သားငယ်ရယ်။ မင်း ရည်းစားတွေဘာတွေ ရနေပြီလား။ အခုတလော အိမ်ပြန်နောက်ကျတယ် ၊ မနေ့ကလည်း တစ်နေကုန်ပျောက်နေတယ်ဆို။ အခုကျလည်း အင်္ကျီတွေပြောင်းပြန်ဝတ်လာတယ်။ ငါ့သားပုံစံက မူကိုမမှန်ဘူး"
"မရှိပါဘူး ဖေကြီးရာ။ ဖေကြီးသားက ဖေကြီးလို လူပျိုကြီးပဲလုပ်မှာဗျ..."
မင်းခွန်မှိုင်းစကားကို တစ်အိမ်လုံးကသဘောကျစွာ ရယ်လေသည်။ မင်းခွန်မှိုင်းကိုယ်တိုင်လည်း ရယ်ရင်း အင်္ကျီပြန်လှည့်ဝတ်ရန် အောက်ထပ်ကရေချိုးခန်းသို့ ဝင်ဖို့ပြင်တော့ ဖေကြီးက လှမ်းအော်သည်။
"ဖေကြီးတို့ရှေ့မှာ လဲလည်းရပါတယ် သားငယ်ရယ်။ မင်းကအရိုးခြောက်မှန်း အကုန်လုံးသိပြီးသား..."
"ဖေကြီးလျှောက်မပြောနဲ့။ သားဗိုက်မှာကပ်နေတဲ့ ပေါင်မုန့်ခြောက်လုံးက ဖေကြီးကော်ဖီနဲ့တို့စားတောင် မကုန်ဘူး"
မရှိမဲ့ရှိမဲ့ အရစ်ထရုံမွေးကင်းစပေါင်မုန့် ခြောက်လုံးအား ဖေကြီးမြင်စေရန် အင်္ကျီလေးလှန်ပြမိလိုက်စဉ် စောစောကသူထိုင်နေသည့်ခုံ၌ထိုင်ရင်း သူ့အားမေးထောက်ကြည့်နေသည့် Kiteကြောင့် တံခါးကိုအမြန်ဆောင့်ပိတ်ပစ်လိုက်သည်။
ယခင်ကတည်းက Kiteသည် ထိုကဲ့သို့လိုက်ကြည့်နေကျပါပင်။ ယခုကျမှ အထူးအဆန်းတွေဖြစ်နေသောကြောင့် ကိုယ့်ကိုယ်ကိုယ်လည်း နားမလည်နိုင်ဖြစ်ရသည်။ Kiteနှင့်မျက်နှာချင်းဆိုင်ရမည်ကိုကြောက်၍ ရူးချင်မိသည်။
အင်္ကျီလဲဝတ်ပြီးတော့ မနက်စာဆက်မစားတော့ဘဲ အိမ်ကနေ ခပ်သုတ်သုတ်ထွက်လာခဲ့သည်။ Kiteဆိုသည့်ကောင်ကတော့ နောက်ကလိုက်မြဲလိုက်သည်။ နောက်ကလိုက်လာမှန်းသိသိ၊ မျက်နှာချင်းမဆိုင်ရဲမှန်းသိသိနှင့် မသိမသာခိုးကြည့်မိသည့် မင်းခွန်မှိုင်းဟာ အရူးပါလေ။ Kiteတစ်ယောက် သူဘာသာအေးအေးလူလူဖြစ်နေသည်က မင်းခွန်မှိုင်းအားစိတ်တိုစေပြန်သည်။ မင်းခွန်မှိုင်းကတော့ တစ်ယောက်တည်းကမ္ဘာတွေ ပျက်နေသလောက် သူကတော့ဘာမှမဖြစ်ခဲ့သလိုပင်။
"မင်းခွန်မှိုင်း.."
နောက်ကလှမ်းခေါ်လိုက်သည့် Kiteကြောင့်မင်းခွန်မှိုင်း တွန့်ခနဲရပ်လိုက်မိသည်။ ထို့နောက် လှည့်မကြည့်ဘဲ...
"ဘာလဲ.."
Kiteသည်မင်းခွန်မှိုင်းဘေးသို့ ရောက်လာပြီး ခေါင်းကြီးအောက်စိုက်ထားသည့် မင်းခွန်မှိုင်းနှင့်အကြည့်ချင်းဆုံစေရန် ခါးကိုင်းပြီးကြည့်သည်။ မင်းခွန်မှိုင်းကလည်း ချက်ချင်းဆိုသလို ခေါင်းပြန်မော့ရင်း Kiteနှင့်ဆန့်ကျင်ဘက်သို့ မျက်နှာလွှဲလိုက်သောကြောင့် Kiteအလိုမကျစွာ မျက်မှောင်ကြုတ်လိုက်မိသည်။
"မင်းငါ့ကိုရှောင်နေတာလား..."
မင်းခွန်မှိုင်းခန္ဓာကိုယ်လေး နောက်တစ်ကြိမ်တွန့်သွားပြန်သည်။ ပြီးမှ ဘာမှမဖြစ်သလိုရယ်ကာ ဆက်လျှောက်သွားရင်း ပြန်ဖြေသည်။
"ငါကမင်းကို ဘာကိစ္စရှောင်ရမှာလဲ။ ဟာသတွေ လာပြောနေတယ်။ ဟဟား..."
Kiteသည် မင်းခွန်မှိုင်းကို အမီလိုက်လျှောက်ရင်း မျက်နှာကိုသေချာလိုက်ကြည့်ပြန်သည်။ မျက်လုံးချင်းမဆုံမိစေရန် ရှောင်နေသည်ကအသိသာကြီးပင်။
"မင်းဘာဖြစ်နေတာလဲ"
"ဘာမှမဖြစ်ပါဘူးဆို။ မင်းပါးစပ်ပိတ်ထားစမ်းပါ။ တခြားလူတွေက မင်းကိုမြင်ရတာမဟုတ်ဘူး။ မင်းနဲ့စကားများနေရင် ငါ့ကိုအရူးလို့ထင်ကုန်မယ်"
ထိုသို့ပြောပြီးသည်နှင့် လမ်းကိုအမြန်ဆုံးလျှောက်ကာ Kiteနှင့်ခပ်ဝေးဝေးနေကြည့်ဖို့ ကြိုးစားမိသည်။ Kiteနှင့်နီးသည့်အချိန်နှင့်ဝေးသည့်အချိန်က အနည်းငယ်တော့ကွာခြားသည်။ ဝေးနေသည့်အချိန်တွင် အသက်ရှူချောင်သလိုခံစားရပြီး ဘေးနားရှိလျှင်တော့ အနေခက်သည်။
တက္ကစီထဲတွင်လည်း မင်းခွန်မှိုင်းနားကြပ်တပ်ပြီး မျက်လုံးမှိတ်နေလိုက်သည်။ Kiteဘာလုပ်နေလဲဆိုသည်က စဉ်းစားစရာမလိုအောင်သိပြီးသားပင်။ သေချာပေါက် သူ့ကိုလိုက်ကြည့်နေမှာဖြစ်သည့်အတွက် မသိချင်ယောင်ဆောင်နိုင်သည့်နည်းကို ရွေးရသည်။ သို့သော်ငြားလည်း Kiteနှင့်နီးကပ်နေသည်ဟူသော ခံစားချက်က မင်းခွန်မှိုင်းကိုမရိုးမယွဖြစ်စေပြန်သည်။
သည်ခံစားချက်သည် ဘယ်အချိန်မှာမှ ရပ်တန့်မည်လဲမသိ။ အမှန်တကယ်ပင် ယခုလိုဖြစ်နေသည်ကို မင်းခွန်မှိုင်းမကြိုက်။ Kiteနှင့်ပိုဝေးကွာသလို ခံစားနေသည့်အပြင် ယခင်အတိုင်းပုံမှန်ဆက်ဆံဖို့အတွက်လည်း ခက်ခဲနေပြန်သည်။ အဘယ်ကြောင့် ယခုလို ခံစားနေလဲဆိုသည်ကို တစ်ယောက်ယောက်က ပြောပြနိုင်လျှင် သူစိတ်သက်သာနိုင်မည်ထင်သည်။
"ကိုပေါ်တော်မူ...နေမှကောင်းရဲ့လား။ ဘီယာနာကျသွားတယ်ထင်ပါ့..."
ငစိုင်းသည် စတူဒီယိုအဝင်ကတည်းကပင် မင်းခွန်မှိုင်းအား ခနဲ့တဲ့တဲ့ကြိုဆိုလေသည်။ မင်းခွန်မှိုင်းသည် သူ့အားခနဲ့နေသည့်ငစိုင်းကို မျက်စောင်းတစ်ချက်ခဲပြလိုက်တော့ ငစိုင်းကရယ်ပြီး ပခုံးကိုလှမ်းပုတ်သည်။
"ဒီနေ့ ကျော်ကြီးမလာဘူး။ မင်းနဲ့ငါပဲရှိမယ်..."
"အဲ့ကောင်က ဘာဖြစ်လို့တုန်း..."
"သူ့ကောင်မလေးက မနေ့ညက ဖုန်းဆက်ပြီး ပြန်ချော့တယ်တဲ့။ အဲ့တာနဲ့ ဒီနေ့မနေနိုင်မထိုင်နိုင်နဲ့ သွားတွေ့တာနေမှာပေါ့။"
"ဟင်း...ဟိုနေ့ကကျ သူပဲဘုန်းကြီးကောက်ဝတ်တော့မလိုလို ၊ လောကီကိုစိတ်ကုန်နေပြီလိုလို ပြောပြီးတော့ အခုကျ..."
"ပြောမနေနဲ့။ အဲ့ကောင်က သူ့ကောင်မလေးကို သည်းသည်းလှုပ်။ မင်းက ဒါမျိုးတွေမခံစားဖူးတော့ ဘယ်သိမလဲ"
မင်းခွန်မှိုင်းဆက်မပြောတော့ဘဲ ကွန်ပျူတာရှေ့တွင်သာဝင်ထိုင်ရင်း အီးမေးလ်စစ်နေလိုက်တော့သည်။ ငစိုင်းကလည်း ကျော်ကြီးလုပ်နေကျ သန့်ရှင်းရေးပိုင်းကို တာဝန်ယူလုပ်နေရင်းမှ မင်းခွန်မှိုင်းအနားရောက်လာပြန်၏။
"ကိုဘုန်းကျော်စွာဆိုတဲ့လူကြီး ဆေးရုံရောက်နေတယ်တဲ့ မင်းသိလား"
"ဘယ်လိုဖြစ်တာလဲ"
မင်းခွန်မှိုင်းသိသိရက်နှင့် မသိချင်ယောင်ဆောင်ရပါသည်။
"ချော်လဲပြီးလက်ကျိုးသွားတယ်ဆိုလားကွာ ၊ ဒီပြင်ဦးလွင်ဆေးရုံမှာပဲ တင်ထားရတယ်တဲ့။ မန္တလေးတောင် မပြန်နိုင်သေးဘူးလို့ ကြားတယ်။ အဲ့လူကြီးက မင်းနဲ့ငြိမိတိုင်း တစ်ခုမဟုတ်တစ်ခုဖြစ်နေသလိုပဲ"
"ငါနဲ့ဘာဆိုင်လို့လဲ..."
သူနှင့်ကိုဘုန်းကျော်စွာအတူရှိခဲ့သည်ကို သိသွားခြင်းများလားဟု စိတ်ထဲပူပန်သွားမိကာ အကြောက်အကန်ပြန်ပြောမိတော့ ငစိုင်းက...
"ဟုတ်တယ်လေ။ သူလက်ကျိုးတာ မင်းကိုဖုန်းဆက်တဲ့နေ့ကပဲ ဖြစ်တာ။ အဲ့တာကြောင့် မင်းနဲ့ငြိတိုင်း တစ်ခုမဟုတ်တစ်ခုဖြစ်နေတယ်လို့။ ကြည့်ရတာ မင်းနဲ့ဓာတ်မတည့်ဘူးနဲ့တူတယ်"
တော်ပါသေး၏။ ငစိုင်းသိနေခြင်းမဟုတ်။ သိသွားလည်းကိစ္စမရှိပေမဲ့ စကားတွေရှည်ပြီးရှင်းပြနေရမည်ကို သူမလုပ်ချင်တော့ချေ။ ထိုနေ့ညက Kiteသာရှိမနေလျှင် မင်းခွန်မှိုင်းအတွက်တော့ ရင်လေးစရာပင်။
"အဲ့လူကြီးကလည်းနော်...။ မင်းကိုဘာကြည့်ကြိုက်လဲမသိဘူး။ မင်းအကြောင်းမသိလို့နေမှာပါကွာ။ သိရင်တော့ မင်းခွန်မှိုင်းဆိုတာကို နာမည်ကြားတာနဲ့ တာ့တာလုပ်နေမှာ။ မင်းကရော သူ့ကိုစိတ်မဝင်စားဘူးလား"
"ခွေးစကားတွေလာပြောနေတယ်။ မင်းပဲစိတ်ဝင်စားပါလား"
ပါးစပ်ကလည်းပြောရင်း ခြေထောက်ကလည်း ငစိုင်းကိုလှမ်းကန်ရင်း ဆိုလေသည်။ ငစိုင်းက ချက်ချင်းရှောင်လိုက်ပြီး...
"ငါ့မှာစိတ်ဝင်စားစရာ ကိုသာရှိပြီးသား"
"မင်းနော်...ငါ့အစ်ကိုကို"
အစ်ကိုကိုအူတိုတတ်လွန်းသည့်အကျင့်အား လျှော့နိုင်ပေမဲ့ ငစိုင်းကသည်လိုစတိုင်းသူမကြိုက်လှချေ။ ကိုသာ့ကိုကြိုက်ကြောင်း ကိုသာ့ညီရှေ့တွင်လာပြောတာမျိုးက စိတ်ကသိကအောက်ဖြစ်စေသည်။ ကိုသာ့ရှေ့တွင်ကျ မခုတ်တတ်သည့်ကြောင်သာမက အမွေးနှုတ်ခံထားရသည့်ကြောင်လို မျက်နှာငယ်ဖြင့်ဖြစ်သည်။ မူယာမာယာတွေနှင့်ငစိုင်း...။
"ဒီနေ့ ဒိတ်လက်ခံထားတာမရှိဘူးလား ငစိုင်း"
"မရှိဘူး။ မနက်ဖြန်တော့ ငါတို့ဓာတ်ပုံရိုက်ရမယ်။ အွန်လိုင်း cosplayပြိုင်ပွဲတစ်ခုက ငါတို့ကို ဒိုင်အဖြစ်အကူအညီတောင်းပြီး ငါတို့မလုပ်ဖူးတဲ့ကာရိုက်တာတစ်ခုကို cosplayထားတဲ့ပုံလေး လိုချင်ပါတယ်တဲ့။"
"အမယ်...ငါတို့က ဒိုင်တွေဘာတွေလုပ်ရမယ်ပေါ့"
မင်းခွန်မှိုင်းအနည်းငယ်မြောက်ကြွမြောက်ကြွ ဖြစ်သွားသည်။ ဒိုင်လုပ်ပေးရန် တောင်းဆိုခံရဖို့က လွယ်သည်မှမဟုတ်ဘဲမဟုတ်လား။
"ခက်ခက်ခဲခဲတော့မဟုတ်ပါဘူးကွာ။ ပြိုင်ပွဲဝင်တွေရဲ့ ပုံတွေကိုငါတို့ကကြည့်ပြီး သူတို့သတ်မှတ်ထားတဲ့အမှတ်ပေါ်မှာ အမှတ်ပြန်ပေးရုံပဲ။ လွယ်ပါတယ်။ အဓိကက သူတို့က သူတို့ပေ့ခ်ျလူသိများအောင် ငါတို့ကိုငှါးလိုက်တဲ့သဘောပဲ။ ပြိုင်ပွဲဆိုတာ ဟန်ပြလောက်ပဲ။"
"အင်းလေ...ဒါကတော့ ဖြစ်နေကျပဲလေ။ လုပ်ရမှာပေါ့"
ငစိုင်းကခေါင်းတညိတ်ညိတ်ဖြင့် လှည့်ထွက်သွားပြီးကာမှ ပြန်လှည့်လာပြန်သည်။
"အဲ့ပွဲအကြောင်းပြောမှ သတိရတယ်။ ဒီနေ့ ပစ္စည်းမှာထားတာတွေရောက်မှာ ၊ အဲ့တာမင်းစာတိုက်မှာ သွားယူပေးပါလား"
"ဒလစ်ဗာရီနဲ့ပို့ခိုင်းလိုက်လေ။ အလုပ်ရှုပ်တာကို"
"ကျော်ကြီးဆို အမြဲကိုယ်တိုင်သွားယူတာ။ မင်းက ကဂျီကဂျောင်ကိုကျတယ်။ ငါတို့ပစ္စည်းတွေက သေချာစစ်ယူမှရတဲ့ဟာတွေ ငမှိုင်းရဲ့။ သွားလိုက်စမ်းပါ။"
"အဲ့လောက်အရေးကြီးရင် မင်းသွားပါလား"
"ဒါဆို မင်းစတူဒီယိုသန့်ရှင်းရေး လုပ်မှာလား ပြော.."
မင်းခွန်မှိုင်းပါးစပ်ပိတ်သွားမိသည်။ ပစ္စည်းသွားယူသည်ကသက်သာသည်။ သန့်ရှင်းရေးလုပ်ရသည်က မသက်သာ။ စတူဒီယိုသည် ကားလမ်းမဘေးမှာမို့ ဖုန်ကနေ့တိုင်းတက်၍မဆုံးချေ။ နောက်ပြီး စတူဒီယိုတွင်က အခြားကထိကထလုပ်စရာကလည်း သေးသေး သေးသေးနှင့် စုလိုက်လျှင်ခပ်များများပေမို့ အပြင်ထွက်ပြီး လမ်းသလားလိုက်ခြင်းက ပိုကောင်းမည်။
"အင်းလေ...မင်းပင်ပန်းမှာစိုးလို့ ငါပဲအနစ်နာခံပြီး သွားလိုက်ပါ့မယ်"
"ဟုတ်ကဲ့ ကျေးဇူးကြီးလှကြောင်းပါ သခင်လေး"
ငစိုင်းကရွဲ့တဲ့တဲ့ပြောရင်း အနောက်ထဲပြန်ဝင်သွားလေသည်။ မင်းခွန်မှိုင်းလည်း ငစိုင်းနှင့်စကားပြောရသည်မှာ မောပြီမို့ စားပွဲပေါ်တွင်အဆင်သင့်ထားရှိသော ရေသန့်ဘူးလေးကိုအမော့၊ သူ့ကိုစိုက်ကြည့်နေသော Kiteအား မျက်လုံးထောင့်မှမြင်လိုက်ရသည်နှင့် ပါးစပ်ထဲမှရေများသည် ဖွီခနဲမြည်အောင် ပန်းထွက်လာပြီး ရေသီးသွားလေသည်။
"အဟွတ်...အဟွတ်..."
ရေသီးသွားသဖြင့်ချောင်းဆက်တိုက်ဆိုးရင်း ရေအနည်းငယ်ပေသွားသောကွန်ပျူတာကို တစ်ရှူးနှင့်အမြန်သုတ်ရသည်။ ပျက်သွားလျှင်မလွယ်။ ကွန်ပျူတာကို တစ်ရှူးဖြင့်သုတ်ရင်း ချောင်းဆက်တိုက်ဟန့်နေမိတုန်း ကျောပြင်ကိုညင်သာစွာ ပွတ်တိုက်ထိတွေ့လာသော အထိအတွေ့ကြောင့် လှည့်ကြည့်မိတော့ Kiteဖြစ်နေပြန်သည်။
"ရေသီးရင် သေတတ်တယ် မင်းခွန်မှိုင်းရဲ့။ ဂရုစိုက်မှပေါ့"
Kiteသည်ကျောပြင်ကိုပုတ်ပေးရင်းဆိုတော့ မင်းခွန်မှိုင်းလည်း ခေါင်းကိုချာခနဲပြန်လှည့်လိုက်ပြီး ဇက်ကလေးပုလိုက်မိသည်။ ရင်ဘတ်ထဲတွင်လည်း တစ်ခုခုကလှုပ်ရှားလာပြန်သည်။
"အဆင်ပြေသွားပြီလား..."
Kiteကြောင့် ရေသီးနေတာပင် ဘယ်ရောက်သွားမှန်းမသိတော့ချေ။ Kiteသည် ကျောကိုဆက်ပြီးပုတ်ပေးနေသေးသောကြောင့် မတ်တပ်ကောက်ရပ်လိုက်ပြီး အိတ်ကိုဆွဲယူကာ စတူဒီယိုကနေထွက်လာလိုက်တော့သည်။ Kiteကိုလည်းတစ်စက်ကလေးမျှ လှည့်မကြည့်ခဲ့။ မကြည့်ဖြစ်အောင်လည်း ကြိုးစားသည်။ အလကားနေရင်း Kiteကိုရှောင်နေမိသည့်အတွက် အားနာပေမဲ့ သူလည်းမတတ်နိုင်။ ကိုယ်တိုင်မနေတတ် မထိုင်တတ်ဖြစ်နေသည်ကို ကိုယ်သာအသိလေ။
ယခုတော့ ပစ္စည်းယူဖို့သာ အာရုံစိုက်လိုက်ပြီး စာတိုက်ရှိရာသို့ ဦးတည်လိုက်တော့သည်။ စာတိုက်ဘေးတွင် အထက်တန်းကျောင်းတစ်ကျောင်းရှိနေသည်။ ကလေးများ၏စာဆိုသံများသည် ငှက်ဆိုးထိုးသံလိုပင်။ အခြားသူများသည် ကျောင်းတွေဘာတွေမြင်လျှင် လွမ်းသလောက် မင်းခွန်မှိုင်းကတော့ မမြင်ရလေကောင်းလေဆိုသည့်အမျိုးဖြစ်သည်။ ကိုယ့်ကိုဆယ်နှစ်မက စာတွေအတင်းကျက်ခိုင်းပြီး ကိုယ်ဖြေဖို့မပြောဘဲနှင့် ဖြေခိုင်းသည့်စာမေးပွဲများကလည်း နည်းသည်မဟုတ်တာ။ ယခုကျ မှတ်မိလားဆို တစ်လုံးမျှပင်မသိချင်တော့ချေ။ အမှန်အတိုင်းဆိုရလျှင် အခုချိန် ကကြီးကနေ အ အထိရေးခိုင်းကြည့်ပါက ဋ ၊ ဋ္ဌ နှင့် ဍကို မြန်မာအဘိဓာန်ပြန်ကြည့်မှ ကွဲပြားမည့်သူများ မနည်းလှ။ ထိုအထဲတွင် မင်းခွန်မှိုင်းလည်းပါသည်။
စာသင်ကျောင်းအကြောင်း ဂန္ဓဝင်ရသများဖွဲ့ဆိုပြီးနောက် ကိုယ့်အလုပ်ကိုယ်လုပ်ရတော့မည်။ စာတိုက်ထဲဝင် ပစ္စည်းယူပြီး ပြန်ထွက်အလာ၊ ကလေးများ နေ့လယ်ထမင်းစားကျောင်းဆင်းချိန်နှင့် တိုးလေသည်။ ဤအချိန်သည် ကလေးများအပျော်ဆုံးအချိန်ဖြစ်သည်။ သည်အချိန်ကိုအချိန်ပိုသင်နေသည့် ဆရာမတစ်ယောက်ကလည်း ရှိနေဦးမှာပင်။ မင်းခွန်မှိုင်းကတော့ ကျောင်းတက်စဉ်က ထိုသို့ကြုံရတိုင်း အခန်း၏သူရဲကောင်းဖြစ်ခဲ့သည်။ အကြောင်းကား အတန်းပြီးသည်ကို ဆရာမက ဆက်သင်နေလျှင် "ဆရာမအချိန်ကျော်နေပြီ"ဟု ထပြောတတ်သည့်သူမဟုတ်ပေလား။ ဆရာမများ၏ အကြင်နာဖြာဝေနေသော နဂါးမျက်စောင်းများကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ခဲ့ဖူးသည့် အတန်း၏ဟီးရိုးကြီးဖြစ်သည်။
"မင်္ဂလာပါ ဆရာမ"
ကျောင်းထဲမှ ထွက်လာသော အနည်းငယ်ဝဖိုင့်ဖိုင့်ရှိသည့် ဆရာမတစ်ဦးကိုတွေ့တော့ အကျင့်ပါနေသညမက တစ်ကြောင်း၊ ယဉ်ကျေးမှုနှင့်လေးစားမှုရယ်ကတစ်ကြောင်း၊ စုစုပေါင်းနှစ်ကြောင်းဖြင့် ခေါင်းလေးငုံ့ရင်း နှုတ်ဆက်မိတော့ ဆရာမကလည်း အပြုံးချိုချိုဖြင့် ပြန်နှုတ်ဆက်သည်။
"အေးအေး...မင်္ဂလာပါသားရယ်"
ဆရာမကပြန်နှုတ်ဆက်ရင်း မင်းခွန်မှိုင်းမျက်နှာကိုမြင်တော့ မျက်နှာပြန်တည်ပြီး မျက်မှောင်ကြုတ်သွားလေသည်။ မင်းခွန်မှိုင်းလည်း အူတိအူကြောင်ဖြင့် ပြန်ကြည့်နေမိတော့ ဆရာမက ခေါင်းတညိတ်ညိတ်ဖြင့် တစ်ခုခုကိုသိသွားပုံပြုသည်။ ထို့နောက် ခါးတစ်ဖက်ထောက်လေပြီး....
"ဟဲ့...နင်ငါ့ကိုမမှတ်မိဘူးလား"
"ဗျာ ဆရာမ။"
မင်းခွန်မှိုင်းကို ဆရာမကသိနေပုံရပေမဲ့ မင်းခွန်မှိုင်းကတော့ မျက်လုံးထဲတွင်ဖမ်း၍မမိချေ။ ထို့ကြောင့် ရို့ရို့ကျိုးကျိုးနှင့်ပင် ပြန်မေးရသည်။
"ကျွန်တော် ဆရာမနဲ့စာသင်ဖူးတာလား ဗျ"
လေးတိလေးကန်ဖြင့်မေးမိတော့ ဆရာမက သက်ပြင်းချသည်။
"စာတော့မသင်ဖူးဘူး။"
ဒါဆိုတော်ပါသေးရဲ့ ဟုမင်းခွန်မှိုင်း တွေးလိုက်မိသည်။ ကိုယ့်အားသင်ဖူးသည့်ဆရာအား မမှတ်မိခြင်းက အင်မတန်မှရှက်စရာကောင်းသည်မဟုတ်လား။
"ဒါပေမဲ့ ငါနင့်ကိုကောင်းကောင်းမှတ်မိတယ်။"
"ဗျာ..."
မင်းခွန်မှိုင်းအမှန်တကယ်ပင် ဆရာမကိုမသိပါလေ။ ဆရာမကကျသူ့အားမှတ်မိနေသည်ဆိုတော့....။
"ဆယ်တန်းတုန်းက နင့်ခုံနံပါတ်က ***-***မဟုတ်လား"
မင်းခွန်မှိုင်းအတော်လေးပြန်စဉ်းစားယူမှ မှတ်မိသည့် ခုံနံပါတ်ကို ဆရာမကမှတ်မိနေသောကြောင့် မအံ့သြဘဲမနေနိုင်တော့ချေ။
"ဟုတ်..ဟုတ်ပါတယ် ဆရာမ"
"အေး...ဘိုင်အိုဖြေတဲ့နေ့က နင်ဖြေတဲ့အခန်းမှာ ငါအခန်းစောင့်ကျတာ Femaleနဲ့ Male မှားဆွဲတဲ့ကောင်ရဲ့။ ငါကမှားနေလို့ ပြင်မလားဆိုပြီး ဘေးကနေ မှားမှန်းသိအောင် ပြူးကြည့်ပေးနေတာကို အဖြေလွှာကိုလက်နဲ့ကာပြီး "သားဖြေနေတုန်း အဖြေလွှာကိုအဲ့လိုကြီးလိုက်ကြည့်နေရင် မဖြေတတ်လို့ မကြည့်ပါနဲ့ဆရာမ" ဆိုပြီး ပြန်ပြောတာ နင်မဟုတ်လား"
မင်းခွန်မှိုင်း ယခုမှပင် ထိုအချိန်တုန်းကဆရာမ၏ပုံစံကို ရုပ်လုံးပေါ်တော့သည်။ ဟုတ်သည်။ သူတကယ်ကြီး ထိုသို့ပြောခဲ့မိတာပင်။ သို့ပေမဲ့ Femaleနှင့်Maleမှားဆွဲတာကိုတော့ ယခုမှသိတာအမှန်။ သည်လိုမှားခဲ့တာတောင် ဂုဏ်ထူးထွက်ခဲ့သေးသည်။ မိမိကမင်းခွန်မှိုင်းမဟုတ်ပါလား။
"ကျွန်တော်က တကယ်မဖြေတတ်လို့ ပြောတာပါ ဆရာမရဲ့။ အဲ့တုန်းကပြောမိလို့ ကန်တော့နော် ဆရာမ။"
"ရပါတယ်ကွယ်။ ငါလည်းကျောင်းသားဘဝကလာတာပဲ။ အဲ့လိုမျိုးဖြစ်တတ်တာကို သိပါတယ်။ မင်းကတော့ ပြောကိုပြောရဲတာပါ။ ငါတစ်ခါမှမင်းလိုကျောင်းသားမကြုံဖူးဘူး။ အဲ့တာကြောင့်မှတ်မိနေတာ။ အတန်းထဲကကလေးတွေကိုလည်း ပြောပြနေကျ။ ကဲကဲ...ဆရာမသွားဦးမယ်"
"ဟုတ် ဆရာမ"
မင်းခွန်မှိုင်းလည်း ဆရာမကျောပေးလိုက်သည်နှင့် ကုပ်လေးပုလိုက်မိသည်။ ကိုယ့်ကိုယ်ကိုယ် အဲ့သည်လောက်ဆိုးခဲ့မှန်း ပြန်ကြားရသည်နှင့်ပင် ကြက်သီးထစရာကောင်းသည်။ လူကဆိုးပေမဲ့ ရုပ်ကချောနေတော့ ခက်သားလား။ မည်သူမျှ အပြစ်မြင်လို့မရကြဘူးမဟုတ်လား။
ကိုယ့်ကိုယ်ကိုယ်သဘောကျစွာဖြင့် ကျေကျေနပ်နပ်ပြီးပြုံးရင်း မျက်ခုံးပင်ပင့်လိုက်မိသည်။ ဂုဏ်ဆာသည်ဆိုသည်မှာ ဤကဲ့သို့ဖြစ်မည်။ ဂုဏ်ဆာနေတာနှင့်ပင် Kiteအနားမှာရှိနေသညာကို မေ့ပြီးမြောက်ကြွမြောက်ကြွလုပ်နေစဉ် Kiteက သူ့လက်ထဲမှပစ္စည်းအိတ်များကို လာဆွဲလိုက်သဖြင့် လန့်သွားမိသည်။
"ငါသယ်ပေးမယ်လေ။ လေးတယ်မလား"
Kiteကတစ်ခါတည်း သူ့အိတ်များကိုသယ်ပြီး ရှေ့ကလျှောက်သွားလေသည်။ Kiteနောက်မှလိုက်လာရင်း Kite၏ကျောပြင်ကို မြင်ရသည်ကလည်း စိတ်လုံခြုံမှုတစ်ခုပေသာ.....။
စတူဒီယိုပြန်ရောက်တော့ မင်းခွန်မှိုင်း ဆိုဖာလေးတွင်ပစ်လှဲရင်း အမောဖြေလိုက်သည်။ ငစိုင်းကလည်း အလုပ်မရှိသဖြင့် ပြန်သွားပြီဖြစ်သည်။ ငစိုင်းတို့ခြံထဲမှ နေရာလွတ်တွင် တိုက်ခန်းငယ်တစ်ခုထပ်ဆောက်နေသည့်အတွက် သူလည်းအနည်းငယ်အလုပ်များနေသည်။ တကယ်ဆို သူမပြန်လည်းဖြစ်ပါသည်။ ကိုသာနှင့်တွေ့ချင်၍ ဉာဏ်ဆင်သည်ကို သည်ကလူမသိလျှင် ခက်မည်။
လောလောဆယ်တော့ ကားစီးလိုက် လမ်းလျှောက်လိုက်မို့ ခါးညောင်းတာကြောင့် လှဲလျက်အပျင်းကြောဆန့်နေတုန်း သူ့အားစိုက်ကြည့်နေသည့် Kiteနှင့်အကြည့်ချင်း ဆုံပြန်သည်။ စိတ်ညစ်ညစ်နှင့်မျက်နှာကြီးကို လက်ဖြင့်အုပ်ချလိုက်ပြီး...
"မင်း ငါ့ကိုလိုက်ကြည့်မနေစမ်းနဲ့ Kiteရာ"
"ငါ့မှာလုပ်စရာက ဒါပဲရှိတာကို ဒါမလုပ်ရင်ဘာလုပ်ရမှာလဲ။ မင်းကိုက ဒီနေ့ဘာဖြစ်နေမှန်းမသိတာ။ ငါ့ကိုရှောင်နေသလိုပဲ။ ဘာလို့လဲ။ ငါမင်းကိုမနေ့က ပြောတဲ့စကားကြောင့်လား"
"ဘယ်ကသာ...မဟုတ်တာကြီး။ ငါက မင်းပြောတဲ့စကားကြောင့် မင်းကိုရှောင်ရအောင် အပျိုဖြန်းလေးလား...။ ဟဟား...ဟာသပဲ။"
ပြောသာပြောလိုက်ပေမဲ့ မင်းခွန်မှိုင်းရင်တွေ ခုန်နေပါသည်လေ။ တရိပ်ရိပ်ကြီးထွားလာသောအရာမှာ နှလုံးသား၏ထုထည်ဆိုသည့်အချက်ကို မင်းခွန်မှိုင်းရိပ်မိနိုင်ဦးမည်ဟုမထင်...။
မျက်နှာကြီးဆက်တိုက်လွှဲပြီး ပြောနေသည့် မင်းခွန်မှိုင်းကို Kiteသိပ်၍ စိတ်မရှည်ချင်တော့ချေ။ ထို့ကြောင့် ဆိုဖာပေါ်လှဲအိပ်နေသော မင်းခွန်မှိုင်း၏ ပခုံးတစ်ဖက်စီပေါ်တွင် လက်တင်ကာဖိထားလိုက်ပြီး မျက်လုံးချင်းဆုံစေတော့ အံ့သြတကြီး မျက်လုံးပြူး၍ပြန်ကြည့်ပြီး အကြည့်ကိုပြန်ရှောင်သွားပြန်သည်။
"Kite....မင်း...မင်းဘာလုပ်တာလဲ။ ဖယ်စမ်း..."
"မင်းငါ့ကိုမရှောင်ဘူးဆိုရင် အခုငါ့မျက်လုံးကြည့်လေ။ ဘာလို့မျက်နှာလွှဲထားတာလဲ။"
"ငါ့ဘာသာလွှဲချင်လို့လွှဲတာ ဘာဖြစ်လဲကွာ။ မင်းဆီကခွင့်ပြုချက်ယူရဦးမှာလား။"
"မင်းအခုလိုလုပ်နေတာက ငါ့စိတ်ကိုဒုက္ခပေးနေတယ် မင်းခွန်မှိုင်း။ မင်းရှောင်နေတော့ ငါမနေတတ်တော့ဘူး။ ငါဘာအမှားများလုပ်မိလဲလို့ ခဏခဏစဉ်းစားရတာ ငါ့ခေါင်းတွေပူနေပြီ"
"ငါမရှောင်ပါဘူးဆို Kiteရာ။ မင်းဘာဖြစ်နေတာလဲ"
မင်းခွန်မှိုင်းသည် Kiteလက်တွေကိုတွန်းဖယ်ပြီး ငုတ်တုတ်ထထိုင်ရင်း ခေါင်းငိုက်စိုက်ချထားပြန်သည်။ ပြောင်ချောချောဖြစ်နေသဖြင့် ဆွဲဆုပ်မရသည့် ဆိုဖာအသားတွေကို ကုပ်ခြစ်ဆွဲဆုတ်ဖို့ ကြိုးစားနေသည်ဆိုတာကိုတော့ Kiteမသိခဲ့။
"မင်းပုံစံက ဒီနေ့လုံးဝမှားယွင်းနေတယ်။ မင်းတခြားသူတွေနဲ့စကားပြောတာ ပုံမှန်ပေမဲ့ ငါ့တစ်ယောက်တည်းကိုပဲ ပြောင်းလဲနေတယ်။ ဘာဖြစ်လို့လဲ...။ ငါနဲ့မျက်နှာချင်းမဆိုင်ချင်လို့လား။ ငါ့ကိုမမြင်ချင်လို့ ရှောင်နေတာလား။ မင်းမမြင်ချင်ရင်ပြောလေ။ အကြောင်းပြချက်မမေးဘဲ ငါပျောက်နေပေးမှာပေါ့။ အခုလိုကြီး လုပ်မနေနဲ့။ မင်းပုံစံကိုကြည့်ရတာနဲ့တင် ငါ့သက်တမ်းတစ်ဝက်တိုတယ်။"
မင်းခွန်မှိုင်းရှောင်နေမိသည်က Kiteအတွက်ထိုမျှလောက်ပင် ထိခိုက်စေမည်ဟု သူမထင်ခဲ့မိ။
"ငါ...ငါကိုယ်တိုင်လည်း သိမှမသိဘဲ Kiteရာ။ လောလောဆယ်တော့ ငါမင်းနဲ့မျက်နှာချင်းဆိုင်ဖို့ ခက်နေတာ အမှန်ပဲ။ ဘာကြောင့်လဲ ငါမသိဘူး။"
Kiteသည် မင်းခွန်မှိုင်းကိုခါးကိုင်း၍ကြည့်နေရာမှ ပြန်၍မတ်သွားပြီး လေပူတစ်ချက်မှုတ်ထုတ်လိုက်သည်။
"မင်းသိသွားရင် အခုလိုတွေဖြစ်မယ်လို့ ထင်ခဲ့သားပဲ။ ဒါတောင် ငါမင်းကိုချစ်တယ်လို့ ပြောထားတာမဟုတ်ဘူး။ ငါ့ခံစားချက်ကို မင်းစိတ်ကသိထားဖို့ပဲပြောရုံရှိသေးတာ။ အဲ့တာတွေကြောင့်လည်း ငါပြောလို့မဖြစ်တာ။ အဲ့လိုတွေပြောတိုင်း မင်းငါ့ကိုမုန်းတီးပြီး ရှောင်ဖယ်သွားမှာကို အမြဲကြောက်နေခဲ့မိတာ။ ဒါပေမဲ့ မင်းငါ့ကိုချစ်လာနိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ သိထားပေးဖို့ ပြောခဲ့မိတယ်။ ငါ့ကိုအခု မင်းမမြင်ချင်ရင် ငါပျောက်ကွယ်ပေးမယ်။ မင်းစိတ်မသက်မသာဖြစ်နေတာ ငါမကြည့်ရက်ဘူး။
You are reading the story above: TeenFic.Net