Part 2
Background color
Font
Font size
Line height
Unicode
သန်းခေါင်ကျော် တစ်နာရီထိုးကျော်ချိန်အထိ မီးရောင်အပြည့်ဖြင့် လှုပ်ရှားနေသေးသည့် မင်းခွန်မှိုင်း၏အိမ်။ ယနေ့သည် ဆယ်တန်းအောင်စာရင်းထွက်မည့်ရက်ဖြစ်သည်။ မင်းခွန်မှိုင်းမှလွဲ၍ ကျန်သည့်အိမ်သားအားလုံးခမျာ တောင်လျှောက်မြောက်လျှောက်နှင့် ဂနာမငြိမ်နိုင်ကြချေ။ မင်းခွန်မှိုင်းမှလွဲ၍ဟုဆိုရခြင်းကား ဆိုဖာပေါ်၌ မှောက်လျက်သာ အေးဆေးအိပ်နေသော အမျိုးကောင်းသားလေးကြောင့်ဖြစ်သည်။ သူ၏အအိပ်မက်မှုကို ဆယ်တန်းစာမေးပွဲresultပင် မတွန်းလှန်နိုင်ပါလေ။ ဖအေနှင့်မအေကတော့ လက်ဖျားများပင် အေးစက်၍နေချေပြီ။ သူကတော့ ဟောက်ကောင်းနေ၏။
"သားကြီးကလည်း ကြာလိုက်တာကွာ...။"
​ညဆယ့်တစ်နာရီကတည်းကပင်​ညီဖြစ်သူ၏အောင်စာရင်း သွားကြည့်မည်ဟုဆိုကာ ထွက်သွား​သော သားကြီးမင်းခွန်သာအား ဦးဥက္ကာစိုးအားမလိုအားမရဖြင့် မြည်တွန်တောက်တီးမိသည်။ ဖုန်းဆက်ကြည့်ရအောင်လည်း သူကဖုန်းမေ့ကျန်ခဲ့ပြန်သည်။
"နေပါဦး ကိုဥက္ကာရယ်။ အောင်စာရင်းကြည့်တယ်ဆိုတာ လွယ်တာမှတ်လို့။ လူတိုးရတယ် ၊ သေချာအောင်ကြည့်ရနဲ့။ သားကြီးခမျာလည်း သူ့ညီအတွက် စိတ်ပူ​နေရှာတာ။ သူအောင်စာရင်းထွက်တုန်းကတောင် အဲ့လောက်စိတ်မပူဘူး"
"​အေး....သားကြီးကသာ စိတ်ပူနေတာ။ မင်းရဲ့သားငယ်ကို ကြည့်ဦး။ အိပ်နေတာမှ သေနေသလားမှတ်ရတယ်"
"အဲ့လောက်ဟောက်နေတာ သေစရာလား​တော်...။ ရှင်ကလည်း။ ရှင်ပဲ ပြီးရင် သားလေး... သားလေးနဲ့ မ,နေပြီးတော့..."
"အေးပါကွာ။ ပြိုင်မငြင်းတော့ဘူး။ ဒီမှာ ရင်တုန်ရတဲ့ကြားထဲ မင်းကစကားနာထိုးနေသေးတယ်။ ဒါနဲ့ မေမီ၊ သားကြီးပြန်မလာသေးရင် သူ့ဆရာမတွေဆီ ဖုန်းဆက်မေးကြည့်ပါလား..."
"သားငယ်ရဲ့ကျူရှင်ဆရာတွေ ၊ ဆရာမတွေက အပြင်ကဆရာတွေချည်းပဲ ကိုဥက္ကာရဲ့။ ကျောင်းကဆရာတွေကို ကျွန်မသိပ်မသိဘူး"
"ဪ...မေမီရယ်..."
ဦးဥက္ကာစိတ်ပျက်လက်ပျက်ဖြင့် မင်းခွန်မှိုင်း​ခြေရင်းမှ ဆိုဖာအလွတ်၌ ထိုင်ချလိုက်တော့သည်။ သားကြီးပြန်အလာကို စောင့်ရုံပင်ရှိတော့သည်။ ဒေါ်မေမီသာလည်း ပုတီး​လေးစိပ်ရင်း အိမ်ရှေ့ခြံတံခါးသို့ တမျှော်မျှော်လုပ်နေမိသည်။ အောင်စာရင်းသိရတော့မှပင် စိတ်အေးနိုင်လိမ့်မည်။ မင်းခွန်မှိုင်းသည် ဆယ်တန်းရောက်သည်အထိပင် ကျူရှင်လစ်ပြီး ဂိမ်းဆိုင်ရောက်နေတတ်သူမို့ စိတ်ပူရသည်။ နှစ်ဝက်လောက်ရောက်​သည်အထိ စာကောင်းကောင်းမလုပ်၍ နေ့တိုင်းဆူရသည်။ နောက်ဆုံး ဆယ်တန်းပြီးလျှင် လုပ်ချင်ရာလုပ်ခွင့်ပေးမည်ဟု ကတိကဝတ်တွေပေးကာမှ အပတ်တကုပ်စာလုပ်တော့လေသည်။ ဘယ်လောက်ပင် ဉာဏ်ကောင်းစေဦး၊ နှစ်ဝက်လောက်မှ စာစလုပ်သဖြင့် အောင်ပါ့မည်လား စိတ်ပူနေမိသည်။
"မင်းခွန်မှိုင်း....ထစမ်း..."
ဦးဥက္ကာစိုးသည် မင်းခွန်မှိုင်း၏ တင်ပါးကိုခပ်စပ်စပ်ရိုက်၍ နှိုးနေခြင်းဖြစ်သည်။ သို့သော် မင်းခွန်မှိုင်းတို့က တုပ်တုပ်မျှမလှုပ် ၊ သူ့အားချော့သိပ်နေသည်ဟုပင် ထင်နေသည်လားမသိ။ နောက်ဆုံး လက်နှစ်ဖက်ကနေဆွဲထူကာ ထထိုင်ခိုင်းသည်ကို မျက်လုံးမဖွင့်...။
"မင်းခွန်မှိုင်းရေ...ထဟ။ အိမ်မှာ မီးလောင်နေပြီ..."
"ဗျာ...ဗျာ..."
ထိုအခါမှ ပျာယာခတ်ပြီး ပြူးပြဲထ​လာ​လေသည်။ သေမှာတော့ ကြောက်သားပင်။ မင်းခွန်မှိုင်းသည် ဖအေဖြစ်သူ၏လက်ကိုဆွဲကာ ဟိုကြည့်သည်ကြည့် မျက်လုံးကစားလေသည်။
"ဖေကြီး...မီးလောင်နေတယ်ဆို။ ဘယ်မှာလောင်တာလဲ။ ဘာလို့ထိုင်နေတာလဲ။ မီးသတ်ကားခေါ်လေ။"
သူကပင် ပြောရသည်ရှိသေး၏။ ကုလားသေကုလားမောအိပ်နေစဉ်က သူမဟုတ်သည့်အတိုင်း။
"အိမ်ထဲမှာ လောင်တာမဟုတ်ဘူးဟေ့။ ငါ့ရင်ထဲမှာ လောင်နေတာ မင်းခွန်မှိုင်းရဲ့။ မင်းကို တကယ်အံ့သြပါတယ်ကွာ။ ဒီလိုအချိန်မှာ ဘယ်လိုစိတ်နဲ့အိပ်နေနိုင်တာလဲမသိဘူး။ ဒီမှာ မင်း​ဖေကြီးရင်ပူ​လို့​သေ​တော့မယ်"
သည်တော့မှ မင်းခွန်မှိုင်းသည် စိတ်ပျက်လက်ပျက် သက်ပြင်းလေးကောက်ချသည်။ စိတ်ပူစရာမဟုတ်သည်ကို စိတ်ပူနေကြပြန်သည်။ ကိုယ့်သားကိုယ်ပင် မယုံနိုင်ကြ။ မင်းခွန်မှိုင်း စိတ်ထဲတွင် မကျေမနပ်ဖြစ်မိသည်။
"သားပြောပြီးသားလေ။ သားဖြေခဲ့တာ သားသိတယ် ၊ သားအောင်မှာပါဆိုဗျာ။ ကိုသာကရော ခုထိပြန်မလာသေးဘူးလား"
"မလာသေးလို့ပေါ့ကွ"
အောင်စာရင်းအခြေအနေအစစ်အမှန်ကို မသိရသေးခင်အထိ သားဖြစ်သူစကားကိုယုံပြီး စိတ်မအေးနိုင်ပါလေ။
"မေမေ ၊ ဖေကြီး..."
မိဘများအား အော်ခေါ်လျက် အိမ်ထဲသို့ပြေးဝင်လာသည့် မင်းခွန်သာကြောင့် ဦးဥက္ကာရော ၊ ဒေါ်မေမီပါ ရင်ခုန်မှုအဆုံးထိမြင့်တက်သွားကြသည်။ မင်းခွန်မှိုင်းသည်ကတော့ အိပ်မှုန်စုံမွှားဖြင့် ထိုင်မြဲထိုင်လျက်နေနိုင်သော်လည်း မိဘနှစ်ယောက်ကတော့ မင်းခွန်သာအနားကပ်ကာ လှုပ်လှုပ်ရှားရှားဖြစ်နေကြသည်။
"သားကြီးရယ်...သွားတာကြာလိုက်တာ။ ပြောပါဦးကွာ။ ဒီမှာ ဖေကြီးရင်တုန်နေပြီကွ။
"ကျောင်းပေါက်မှာပဲ ကားဘီးပေါက်သွားတာ ဖေကြီးရေ...။ ပိုက်ဆံအိတ်ကလည်းယူမလာမိတော့ ကားငှါးလို့လည်းမရဘူးလေ။ သားမှာပြေးလာရတာ"
မင်းခွန်သာလည်း ပြေးလာရသဖြင့် မောနေသည့်အတွက် ချက်ချင်းမဖြေနိုင်သေးချေ။ အသက်ကို ဝအောင်ရှူပြီးမှ ခါး​ထောက်လျက် မျှော်လင့်တကြီးစောင့်စားနေသည့် မိခင်နှင့်ဖခင်ကို ခပ်ပြုံးပြုံးဖြင့် ကြည့်လိုက်သည်။ သည်လိုစကားမျိုးကို ဖေကြီးနှင့်မေမေ့အား သေချာကြည့်ပြီး ပြောမှဖြစ်မည်။
"ညီမှိုင်း အောင်တယ် မေမေနဲ့ဖေကြီးရဲ့။ အဲ့တာအပြင် ဇီဝတစ်ဘာသာဂုဏ်ထူးပါသေးတယ်။"
"တကယ်လား သားကြီး..."
ဖေကြီးသည် မယုံသင်္ကာအသံဖြင့်မေးတော့ မင်းခွန်မှိုင်းမျက်စောင်းလှမ်းထိုးမိသည်။
"သေချာတယ်ဖေကြီးရဲ့။ သားသေချာကြည့်လာတာ"
မိဘနှစ်ပါးခမျာ ယခုမှအသက်ရှူနိုင်ကြတော့လေသည်။ ဒေါ်မေမီသာဆိုလျှင် မျက်ရည်များပင်ကျလာသဖြင့် ဦးဥက္ကာစိုးမှာ ပခုံးဖက်လျက် နှစ်သိမ့်ပေးရသည်။ မင်းခွန်သာသည် မင်းခွန်မှိုင်းအနားသွားထိုင်ပြီး စုတ်ဖွာပြီးသားဆံပင်များကို လက်နှစ်ဖက်စလုံးဖြင့် အားပါးတရဆွဲမွှေပစ်လိုက်သည်။
"ငဆိုးကောင်လေးက အဲ့လောက်တော်တာကို အပျင်းထူလေးလုပ်နေတယ်...ဟုတ်လား...."
ညီဖြစ်သူ၏လည်ပင်းကိုသိုင်းဖက်လျက်သား ချီးကျူးလိုက်သည်။ မင်းခွန်မှိုင်းကိုယ်တိုင်လည်း ပျော်မိသည်။ အောင်မည်ကိုသိသော်လည်း ဂုဏ်ထူးမမှန်းခဲ့။ သို့သော် ဇီဝတစ်ဘာသာဂုဏ်ထူးပါခဲ့သည်။ တစ်မှတ်တန်အားလုံးနီးပါး ရွှီးရွှီးရွှမ်းရွှမ်းတရုတ်ကားရိုက်ခဲ့သည့်အတွက် ပါမည်ဟုမထင်ခဲ့ခြင်းဖြစ်သည်။ ယခုတော့ ကြက်ကန်းဆန်အိုးတိုးသွားပြီထင်သည်။
"ဖေကြီးနဲ့မေမေတို့ ညီမှိုင်းကို ကတိပေးထားတာမမေ့နဲ့နော်။ ညီမှိုင်းဝါသနာပါတာပဲ လုပ်ခိုင်းရမယ်။ ညီမှိုင်းက တာဝန်ကျေတာထက်ကို ပိုထားတာ"
ဦးဥက္ကာနှင့် ဒေါ်မေမီတို့လည်း ကတိအတိုင်း သားဖြစ်သူ၏ဆန္ဒကိုခွင့်ပြုဖို့ ဆုံးဖြတ်ပြီးသားပင်။ သားနှစ်ယောက်နှင့် မျက်နှာချင်းဆိုင်ထိုင်လိုက်ရင်း မင်းခွန်မှိုင်း၏ဆန္ဒကိုမေးကြသည်။
"သားငယ် ဘာဆက်တက်ချင်လဲ။ ဘာလုပ်ချင်လဲ ပြော။ မေမေတို့ထောက်ပံ့ပေးမယ်"
မင်းခွန်မှိုင်းသည် ကိုသာ့အား အားကိုးကြီးစွာ တစ်ချက်စောင်းငဲ့ကြည့်လိုက်သည်။ ကိုသာက ခေါင်းအသာညိတ်ပြတော့မှ လက်သီးကိုတင်းတင်းဆုပ်လျက် စပြီးပြောလေသည်။
"သား အခု E-majorပဲတက်မယ်။ ကျောင်းတက်ရင်းနဲ့ သားဝါသနာပါတဲ့အလုပ်ကိုလုပ်ဖို့ပြင်ဆင်ပြီး လိုအပ်တဲ့သင်တန်းတွေလည်းတက်မယ်။ ကျောင်းပြီးတာနဲ့ အဲ့အလုပ်ကို သေချာပေါက်စလုပ်မယ်"
"သားငယ်က ဘာလုပ်မှာလဲ"
မိခင်မှဝင်မေး​လေသည်။ ဖေကြီးသည်ကတော့ အရာအားလုံးလက်ခံပေးမည့်ပုံဖြင့် ခပ်ငြိမ်ငြိမ်သာ။
"သား Cosplayerလုပ်ချင်တယ်။"
"အဲ့တာ ဘာကိုပြောတာလဲ သားငယ်..."
မင်းခွန်မှိုင်းသည် မိခင်အမေးကိုမဖြေသေးဘဲ မျက်လွှာတစ်ချက်ချလိုက်သည်။ မိဘများ သည်အလုပ်အား မည်သို့မြင်ကြမည်လဲမသိ။ လက်မခံနိုင်ဖို့ကများသဖြင့် ပြောရန်ခက်ခဲနေသည်။ ကိုသာသည် သူ့ပခုံးအားခပ်တင်းတင်းဆုပ်ကိုင်​ပေးလိုက်သောကြောင့် မင်းခွန်မှိုင်းအနည်းငယ် အားတက်လာမိသည်။ ကိုသာသည် သူ့အားအနားလည်နိုင်ဆုံးသူမို့ ကိုသာဘေးမှာရှိနေခြင်းက စိတ်သက်သာရာရစေသည်။
"သားတို့ သူငယ်ချင်းတွေ Date With Your Hotaruဆိုတဲ့ အွန်လိုင်း ပရိုဂရမ်တစ်ခုလုပ်ဖို့စီစဉ်ထားတယ်မေမေ။ သား Anime​တွေအရမ်းကြိုက်တာ မေမေသိမှာပါ။"
"စကားကိုဝိုက်မနေနဲ့ သားငယ်။ ရှင်းရှင်းသာပြော"
ဤသည်မှာ ဖေကြီး၏စကားဖြစ်သည်။
"အလွယ်ပြောရရင် Anime​ထဲက ကာရိုက်တာတွေ ၊ Fictional ကာရိုက်တာ​တွေရဲ့ပုံစံတူ လိုက်လုပ်တာကို Cosplayတယ်လို့ခေါ်တာပါ။ သားကအဲ့လိုလုပ်ချင်တယ်..."
"အဓိပ္ပါယ်မရှိတာကွာ။ အပြင်မှာမရှိတဲ့ ဇာတ်ကောင်တွေကို လိုက်လုပ်တော့ ဘာအကျိုးထူးမှာတဲ့လဲ"
ဖေကြီးတို့ သည်လိုပြောမည်ဆိုတာ မင်းခွန်မှိုင်းကြိုတွေးခဲ့ပြီးသားဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ဝါသနာ ၊ ကိုယ်မြတ်နိုးရာကိုတော့ ပျက်စီးမခံနိုင်။ ရအောင်လုပ်မှာပင်။
"သားက ဒီအတိုင်း Cosplayerသက်သက်မဟုတ်ပါဘူး ဖေကြီးရဲ့။ Anime​တွေ ရုပ်ပြFictionတွေကို သဘောကျတဲ့လူတွေရှိကြတယ်။ သူတို့မြတ်နိုးတဲ့ ကာရိုက်တာတွေကို အပြင်မှာမြင်ဖူးချင်တဲ့သူတွေရှိကြတယ်။ သားတို့က သူတို့တွေ့ချင်တဲ့ကာရိုက်တာတွေကို ပုံစံတူလိုက်လုပ်ပြီး သူတို့နဲ့တစ်ရက်တာ ဒိတ်လုပ်ပေးမှာပါ။ သူတို့ရဲ့မျှော်လင့်ချက်ရောင်ခြည်လေးတွေကို ပိုးစုန်းကြူးလေးတွေအနေနဲ့ ခဏပေါ်လာပေးတဲ့သဘောပေါ့။ အဲ့အတွက် သင့်​တင့်တဲ့အဖိုးအခလည်း တောင်းမှာပါ။ ဖေကြီးတို့ ခွင့်ပြုဖို့ပဲလိုတော့တာ..."
မေမေနှင့်ဖေကြီးတို့သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကြပြီး သူ့ဘက်ပြန်လှည့်လာကြသည်။ ထို့နောက် ဖခင်မှ စကားစဆိုလာသည်။
"ဖေကြီးတို့က ကတိပေးထားတာဆိုတော့ လုပ်ပေးရတော့မှာပေါ့။ တားလည်း သားငယ်ကအတင်းလုပ်မှာပဲလေ ၊ အဲ့ဒီတော့လိုက်လျောပေးရတာပေါ့။ ဒါပေမဲ့ ဘဝအသက်မွေးဝမ်းကြောင်းအတွက်​အလုပ်တစ်ခုရှိလာရင်လည်း လက်လွှတ်မခံရဘူးနော် သားငယ်။ သား ပျော်တဲ့အလုပ်ကိုလည်းလုပ် ၊ သားဘဝအတွက်လည်း အလုပ်လုပ်ရမယ်၊ ဖေကြီးပြောတာ သဘောပေါက်လား"
မင်းခွန်မှိုင်းဝမ်းသာလွန်း၍ ထကမတတ်။ ဆယ်တန်းအောင်ခြင်းထက် ယခုကဲ့သို့ခွင့်ပြုချက်ရခြင်းကို ပိုပျော်မိသည်။
"ကိုသာကရော ကျွန်တော့်ကိုဘာပေးမှာလဲ။ ဂုဏ်ထူးပါထားတာနော်...ဟင်းဟင်း..."
မိဘများပြီးတော့ နှိပ်စက်ဖို့ မင်းခွန်သာဘက်ကိုလှည့်လာချေပြီ။ ရုပ်က တစ်ခုခုကြံနေသည့်ရုပ်မို့ အစ်ကိုဖြစ်သူမှာ ခပ်လန့်လန့်။
"ညီမှိုင်းကို ကိုသာက ကတိတော့ပေးမထားပေမဲ့ လက်ဆောင်တော့ပြင်ဆင်ထားပါတယ်"
"တကယ်လား၊ ဘယ်မှာလဲ"
ကိုသာသည် ခပ်ပြုံးပြုံးခေါင်းညိတ်သည်။ အောင်စာရင်းမထွက်ခင်ကတည်းက လက်ဆောင်ကို ကြိုပြင်ဆင်ထားပေးသော အစ်ကိုဖြစ်သူကို အချစ်တိုးရသည်။ အဲ့​သည်လောက်ကို ချစ်ဖို့​ကောင်းသည့်ကိုသာ။ ကိုသာသည် အပေါ်ထပ်ခဏတက်သွားပြီး သိပ်မကြာခင်မှာပင် အောက်ပြန်ဆင်းလာသည်။ လက်ထဲ၌လည်း အညိုရောင်စက္ကူအိတ်တစ်ခုဆွဲလာသည်။
"ရော့...ညီမှိုင်း။ ကိုသာမှာထားတာကြာပြီ။ မနေ့ကပဲ ပစ္စည်းရောက်လို့ သွားယူထားတာ"
မင်းခွန်မှိုင်း စိတ်ဝင်တစားဖြင့် စက္ကူအိတ်ထဲမှ ဘူးလေးအား ဆွဲထုတ်လိုက်သည်။ ဘူးအဖုံးကိုဆွဲဖွင့်လိုက်ပြီး အထဲတွင်မြင်လိုက်ရသည့်အင်္ကျီကြောင့် မျက်လုံးများပင်ပြူး၍ အသက်ရှူရပ်သွားမတတ်ဖြစ်မိသည်ပြောလျှင် ပိုသည်ထင်လိမ့်မည်။ ကိုသာကတော့ ဘေး၌မေးလေးထောက်လျက် သူ့အားပြုံး၍ကြည့်​နေသည်။
"ထုတ်ကြည့်လိုက်ပါဦး ညီမှိုင်းရဲ့"
ထုတ်ကြည့်စရာမလိုအောင် Logoပုံစံကိုမြင်သည်နှင့်ပင် သိနေပြီ။ Attack On Titanကားထဲမှ ဇာတ်ကောင်များဝတ်သည့် ဝတ်စုံပုံစံတူဖြစ်သည်။ အလွန်လိုချင်ခဲ့ပေမဲ့ မှာမရတော့ဘဲပစ္စည်းပြတ်သွားသောကြောင့် လက်လွှတ်ခဲ့ရသည်။ ယခုတော့ လက်ထဲရောက်လာလေပြီ။ ထိုAnimeထဲမှ ခါးဝက်​လောက်သာရှိသည့်အညိုရောင် ဂျာကင်အ​ပေါ်ထပ်ကို ဝတ်ဆင်လိုက်ပြီး မတ်တပ်ကောက်ရပ်ကာ ညာဘက်လက်သီးကိုဆုပ်လျက် ဘယ်ဘက်ရင်အုံသို့ကပ်လိုက်သည်။ ဘယ်လက်ကတော့ ကျောနောက်ခါးနား၌ ရေပြင်ညီထားသည်။ ဤသည်မှာ AOT(Attack On Titan)၏ ဖော်ဆောင်မှုတစ်ခုပင်။
"ကိုသာ...ဘယ်လိုလဲ။ ကျွန်တော် Leviနဲ့တူသွားပြီလား..."
Animeဇာတ်​ကောင်​များအား ထိုမျှလောက်ထိရူးသွပ်​သော မင်းခွန်မှိုင်း​ပါလေ။ ကိုသာရော၊ မေမေရော၊ ဖေကြီးကပါ သူ့ကိုကြည့်ရင်းသ​ဘောကျစွာရယ်ကြလေသည်။ ထို့အတွက် အရူးတစ်ယောက်ကဲ့သို့ ခံစားရသည်။ မည်သို့ပင်ဖြစ်စေ မင်းခွန်မှိုင်းပျော်ပါသည်။ သည်နေ့ထက် ပိုပျော်စရာ​ကောင်းသည့်​နေ့ဆိုသည်မှာလည်း ရှိမည်မဟုတ်ချေ။ ဆယ်တန်းကိုဂုဏ်ထူးတစ်ဘာသာဖြင့် အောင်သလို အိမ်ကလည်း မိမိဆန္ဒကိုခွင့်ပြုပေးသည်။ အဆစ်အနေဖြင့် ကိုသာ​ပေးသောလက်​ဆောင်​ပင် ပါ​သေး၏။
***********************************
၅နှစ်ခန့်ကြာခဲ့လေပြီ။
"ဟူး...ပင်ပန်းပါ့။ ငါမနက်ဖြန်နားမယ်နော်..."
"နားလို့မရသေးဘူး ခွန်မှိုင်းရ။ မနက်ဖြန် ချိန်းထားတဲ့သူရှိတယ်"
မင်းခွန်မှိုင်း သူ၏သူငယ်ချင်းနှစ်ယောက်နှင့် အတူထောင်ထားသည့် Anime Showroomစတူဒီယို​လေးသည် စိတ်ဝင်စားသူများသလို သူတို့၏ Date With Your Hotaruပရိုဂရမ်ကလည်း စိတ်ဝင်စားသူမနည်းလှ။ Animeနှစ်သက်သူများသည် မကြာခဏဆိုသလို မင်းခွန်မှိုင်းအား ဒိတ်လုပ်ရန်ငှါးတတ်သည်။ မင်းခွန်မှိုင်းနှင့်ဒိတ်သည်ဆိုခြင်းထက် သူတို့နှစ်သက်သည့် ကာရိုက်တာနှင့် ဒိတ်သည်ဟုဆိုလျှင် ပိုမှန်လိမ့်မည်။
ယခုတစ်ပတ်ဆိုလျှင် နားရက်တစ်ရက်ပင်မရသေးချေ။ ညနေစောင်းမှ စတူဒီယိုလေးပြန်ရောက်လို့ နားမည်ဟု ဆိုကာရှိသေး အလုပ်ကစောင့်နေပြန်သည်။ မင်းခွန်မှိုင်း လျှာတစ်လျစ်လေးတစ်ချက်ထုတ်လျက် တစ်ရှူးအစိုဖြင့် မိတ်ကပ်များကိုဖျက်နေရင်းမှ သက်ပြင်းချမိသည်။ မည်မျှပင်ဝါသနာပါသည့်အလုပ်ဖြစ်စေ ပင်ပန်းတာကတော့ ပင်ပန်းတာပင်။ သည်မိတ်ကပ်၊ သည်အဝတ်အစားတွေနှင့် တစ်နေကုန်နေရသည်က လွယ်သည်မဟုတ်။
"ငါ့ကို မျက်ကပ်မှန်ကူဖြုတ်ပေးပါဦး ငစိုင်းရဲ့။ ဟိုကောင် ကျော်ကြီးဘယ်သွားနေလဲ"
ငစိုင်းသည် မင်းခွန်မှိုင်း၏မျက်ကန်မှန်ကိုသေချာစွာ ဖြုတ်ပေးပြီး ဆေးပြန်စိမ်နေရင်းမှ ဖြေသည်။
"ကျော်ကြီးက ကားဂိတ်သွားတယ်။ ငါတို့ဟိုတစ်ခေါက်ကမှာထားတဲ့ပစ္စည်းတွေရောက်ပြီဆိုလို့။ ငါက ဒီမှာအ​စောင့်ကျ​နေတာ။ မင်းရော ဒီနေ့အဆင်ပြေလား။"
မင်းခွန်မှိုင်း မျက်ခုံးလေးတစ်ချက်ပင့်ရင်း သုတ်ထားသည့်တစ်ရှူးများကိုလုံးထွေးကာ တံခါး​ပေါက်နားမှာရှိသည့် အမှိုက်ပုံးထဲလှမ်းပစ်ထည့်လိုက်သည်။
"ပြေတာကပြေပါတယ်ကွ။ ဒါပေမဲ့ ငါဒီတစ်ပတ်တစ်ရက်မှ မနားရသေးဘူးလေ။ မနက်ဖြန် မင်းပဲသွားလိုက်တော့ ၊ ငါဆိုင်စောင့်မယ်။ ဒီရက်ပိုင်း နေနည်းနည်းပြင်းတော့ ငါနုံးနေပြီ"
ငစိုင်းသည် ကျောမှီမပါသည့် စတီးထိုင်ခုံလေးကို ခွထိုင်လိုက်လျက် မင်းခွန်မှိုင်းလက်ထဲ Laptopထည့်​ပေးပြီး Messengerထဲမှ အမှာစာအား ဖတ်ခိုင်းလိုက်သည်။
မင်းခွန်မှိုင်းဆိုသည့် Cosplayerကိုပင် ငှါးချင်ပါသည်တဲ့။ ငွေဘယ်လောက်ပဲ ပိုပေးရ ၊ ပေးရဆိုပင်။ သူ့ချစ်သူကောင်မလေးမွေးနေ့အတွက် ကောင်မလေးကြိုက်သည့် Haikyuuထဲမှ Kageyama Tobioအား Cosplayလုပ်ပြီး Dateပေး​စေချင်ပါသည်တဲ့။
ဘယ်နှယ့်...။ ကိုယ့်ချစ်သူကောင်မလေးမွေးနေ့အား တခြားသူနှင့်ဒိတ်ပေးသူက ရှိပါသေးသည်တဲ့။ အံ့သြစရာဟု မင်းခွန်မှိုင်းတွေးမိသည်။ မင်းခွန်မှိုင်းကို အဘယ်ကြောင့်ငှါးချင်သလဲဆိုတာ မင်းခွန်မှိုင်းသဘောပေါက်သည်။ မင်းခွန်မှိုင်းသည် နဂိုကတည်းကပင် Kageyamaမျက်နှာပေါက်နှင့် ခပ်ဆင်ဆင်မဟုတ်ပေလား။ ကြံဖန်ပြီးဂုဏ်ယူလိုက်သည်။ မတူလည်း မိတ်ကပ်နှင့်တူအောင် ပြင်ရုံပင်၊ ခက်ခက်ခဲခဲမရှိချေ။ Laptopကို ငစိုင်းလက်ထဲ ပြန်ထည့်ပေးလိုက်သည်။
"နေရာနဲ့အချိန်မေးထားလိုက်တော့ ငစိုင်း။ အချိန်ကတော့ နှစ်နာရီပဲပေးနိုင်မယ်လို့ပြောလိုက်ကွာ။ သူများရည်းစားနဲ့ အကြာကြီးမနေချင်ဘူး။ မဟုတ်ရင် ဂျေတွေဝင်ပြီး ငါကြားထဲက သမခံနေရလိမ့်မယ်"
မင်းခွန်မှိုင်းကခပ်ဟဟရယ်ရင်း အဝတ်အစားလဲရန် အခန်းတွင်းသို့ဝင်သွားလိုက်တော့သည်.....။
နောက်တစ်နေ့ညနေ နှစ်နာရီခွဲလောက်ကတည်းက ချိန်းထားသည့်ပန်းခြံသို့ မင်းခွန်မှိုင်းရောက်နှင့်နေသည်။ ချိန်းဆိုထားသည့်အချိန်မှာ လေးနာရီမှဖြစ်​သော်လည်း စောလာခြင်းမှာ မိတ်ကပ်နှင့်အဝတ်အစားပြင်ဆင်ရန်ဖြစ်သည်။ ကြိုပြင်လာခဲ့လျှင် အဝတ်အစားများတွန့်ကျေပြီး ရာသီဥတုကြောင့် မိတ်ကပ်များ ပျက်ကုန်မည်စိုးသောကြောင့်ဖြစ်သည်။ နွေရာသီကတော့ ပြင်ဦးလွင်လည်းပူတာပေပင်။ မိုးကြီးအုံ့ပြီးပူနေသည်မှာ မသိလျှင် ပေါင်းအိုးထဲထည့်ပြုတ်ခံထားရသည် ဖက်ထုပ်များကဲ့သို့ခံစားရသည်....။
အများသုံးအိမ်သာသို့သွားကာ အဝတ်အစားလဲ ပြင်ဆင်လိုက်သည်နှင့် လေးနာရီထိုးကာနီးသွားသည်။ မိတ်ကပ်လိုက်ပြင်ပေးရသည့် ကျော်ကြီးသည်လည်း သူ့အားညူညူစူစူပြောပြီး ပြန်သွားလေသည်။ သိပ်တော့မပူအိုက်တော့ပေမဲ့ အပူရှိန်ရှိသေး၏။ Haikyuuထဲမှ Kageyamaကျောင်းတွင်ဝတ်သည့် အဖြူရောင်ရှပ်အင်္ကျီနှင့် ဘောင်းဘီအမဲကိုဝတ်ဆင်လိုက်သည်။ Kageyamaသည်​ဘောလီ​ဘောအသင်း၏ Setterမို့​အားကစားဝတ်စုံဝတ်လျှင်ရ​သော်လည်း ပန်းခြံ၌ချိန်းဆိုမှုဖြစ်သဖြင့် သင့်​လျော်သောဝတ်စုံကိုသာ​ရွေးထားခြင်းဖြစ်သည်။ အပေါ်ထပ်ကိုတော့ မဝတ်နိုင်တော့ချေ။ မဟုတ်လျှင် သည်ဖက်ထုပ်ပြုတ်ကြီးနူးအိပြီး အရည်ပျော်တော့မည်။ အိမ်ကနေဝတ်လာသည့်အဝတ်အစားများကို အိတ်အမဲတစ်လုံးထဲကောက်ထည့်ပြီး အပြင်မထွက်ခင် မှန်သေချာကြည့်ကာ ရှေ့ဆံပင်ကိုပုံမပျက်သေချာချလိုက်သည်။
ထို့နောက် Kageyamaအကြိုက် ပဲနို့ဘူးလေးအား ပိုက်ဖြင့်ဖောက်ကာသောက်ရင်း အေးအေးဆေးဆေးထွက်လာခဲ့သည်။ ချိန်းထားသည့်သူလည်း ရောက်လောက်ပြီ။ ထင်သည့်အတိုင်းပင်။ ပန်းခြံထဲပြန်ဆင်းလာစဉ် သူ့ထံသို့ပြေးလာသည့် မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုမိန်းကလေးသည် ပန်းရောင်အဖျော့ဂါဝန်လေးနှင့် ဆံပင်တစ်ဖက်ကိုကား ကလစ်ဖြင့်ထိုးသိမ်းပြီး ကျန်တစ်ဖက်၌ပခုံးထက်ဖြာကျစေလျက် လှချင်တိုင်းလှနေသည်။
ကြည့်နေရင်း ထိုမိန်းကလေးအား မြင်ဖူးသလိုခံစားလာရသည်။ အနားရောက်လာပြီး သူ့ရှေ့ရပ်လိုက်ကာမှ ပိုသေချာသွားသည်။ ဆုံမည့်ဆုံတော့ မင်းခွန်မှိုင်း၏ရည်းစားဟောင်း နန်းနွယ်ထွန်းဖြစ်နေသည်။ သူ(မ)ကတော့ သူ့အားမှတ်မိဟန်မပေါ်။ သူကြိုက်သည့်ကာရိုက်တာကြီးကို ရှေ့တည့်တည့်၌မြင်နေရတော့ ပြုံးဖြီးနေသည်။
"မင်္ဂလာပါ နန်းလေး..."
မင်းခွန်မှိုင်း၏အသံနှင့် အခေါ်အဝေါ်ကြောင့် သူ(မ)အနည်းငယ် ကြောင်သွားသည်။ ထို့နောက် မျက်နှာကိုသေချာစိုက်ကြည့်လာပြန်သည်။ မင်းခွန်မှိုင်းသည် လက်နောက်ပစ်ကာ ခါးကိုင်းလျက် သူ(မ)မျက်နှာရှေ့ကပ်သွားပြီး ခပ်မဲ့မဲ့ရယ်ပြလိုက်သည်။
"ငါ့ကိုမမှတ်မိဘူးလား။ နင့်ရဲ့ရည်းစားဟောင်းကြီး ကိုကိုခွန်မှိုင်းလေ..."
"ဘာ...."
သူ(မ)မျက်လုံးပြူးမျက်ဆံပြူးဖြင့် ထအော်ချေသည်။ မင်းခွန်မှိုင်းလည်း သဘောကျစွာရယ်ပစ်လိုက်သည်။ ပြီးမှ ရယ်ခြင်းကိုအတောသတ်လိုက်ပြီး လက်ပိုက်လျက် သူ(မ)အား မေးဆတ်ပြလိုက်သည်။
"ငါ နင့်ကိုမြင်တော့တော်တော်အံ့သြသွားတယ် သိလား.... နန်းနွယ်။ ငါမှတ်မိပါ​သေးတယ်။ နင်ငါ့ကို Animeအရူးကောင်လို့ပြောပြီး ဖြတ်သွားတာလေ။ အခုကျတော့ ဘယ်လိုဖြစ်တာလဲ..."
နန်းနွယ်ထွန်းသည် သက်ပြင်းတစ်ချက်ချပြီး မဲ့ရွဲ့သည်။ မကုန်နိုင်သေးသောရေစက်ကို အပြစ်တင်နေခြင်းဖြစ်မည်။ နန်းနွယ်ထွန်း ကျွတ်စုတ်သပ်လျက်မျက်နှာလွှဲလိုက်သည်ကို မင်းခွန်မှိုင်းက ခပ်မဲ့မဲ့ဖြင့်လိုက်ကြည့်လေသည်။
"နင်နဲ့ငါပြတ်တယ်ဆိုတာက နင်က အဲ့Animeတွေပဲကြည့်နေပြီး ငါ့ကိုအချိန်မပေးလို့ပြတ်တာ။ ငါလည်း ကြည့်တော့ကြည့်ပါတယ်။ နင်ကလွန်လွန်းတယ်လေ။ ငါနဲ့ချိန်းတွေ့လည်း ဖုန်းထဲကနေကြည့်တယ်။ အဲ့တော့ ငါဖြတ်တာဆန်းသလား။ ဘာလဲ...နင်ကအဲ့တာကို ဖီးလ်ဖြစ်နေတာလား။"
နန်းနွယ်ထွန်စကားကြောင့် မင်းခွန်မှိုငး အကျယ်ကြီးအော်ရယ်မိသည်။ ရယ်ရလွန်း၍ ပါးတွေပင် ညောင်းလာသလိုရှိတာကြောင့် မေးရိုးအောက်ပိုင်းကို လက်ညှိုးလက်မဖြင့် ဖိကာနှိပ်နယ်လိုက်သည်။
"ငါ့အတွက် နင်ရှိရှိမရှိရှိဘာမှမထူးခြားဘူး။ သဘောပေါက်လား။ တက္ကသိုလ်နောက်ဆုံးနှစ်ရောက်ပြီး ရည်းစားလေးတောင်မထားဖူးဘူးဆိုပြီး သူငယ်ချင်းတွေလိုက်နှိမ်နေလို့ ငါ့မျက်လုံးထဲနည်းနည်းလေးလှသလိုရှိတဲ့နင့်ကို ဖွင့်ပြောခဲ့တာ။"
ခွန်မှိုင်းစကားသည် နန်းနွယ်ထွန်း၏မာနကို ဆွလိုက်သလို အမျက်ချောင်းချောင်းထွက်စေသည်။ နန်းနွယ်ထွန်းအံတင်းတင်းကြိတ်လျက် သက်ပြင်းကိုတစ်ဆုံးထိချကာ စိတ်လျှော့လိုက်သည်။ မဟုတ်လျှင် ဤနေရာမှာတင် သကောင့်သားကို အစိမ်းလိုက်ဝါးစားမိလိမ့်မည်။
"ငါလည်းနင့်လိုပဲ ရည်းစားမရှိဘူးဆိုပြီး သူငယ်ချင်းတွေက ခဏခဏစနေလို့ နင့်ကို ပြန်ကြိုက်လိုက်တာအကောင်ရဲ့။ တကတည်း...အခု နင်မှန်းသိရင်ငါမလာခဲ့ဘူး။ မွေးနေ့မှာ ကျက်သရေကိုတုံးတယ်။ နင့်ကိုငှါးခလည်း တစ်ပြားမှမပေးနိုင်ဘူး။ နင်နဲ့လည်းမဒိတ်ဘူး ပြန်မယ်..."
နန်းနွယ်ထွန်းစိတ်တိုတိုဖြင့် ဆူအောင့်ရင်းလှည့်ထွက်သွားလေသည်။ မင်းခွန်မှိုင်းလည်း အနောက်ကနေ ထိုငတိမကို ကျိန်ဆဲလျက်ကျန်နေခဲ့သည်။ မိမိကိုပက်ပက်စက်စက်ပြောပြီး ဖြတ်သွားသည့် နန်းနွယ်ထွန်းအကြောင်းတွေးတိုင်း အောင့်သက်သက်ခံစားရသည်။
"ဘဝဆက်တိုင်း ဒီလိုဟာမနဲ့မကြုံပါရစေနဲ့။"
သူကပင် မိမိကိုကျက်သရေတုံးသလေး ဘာသလေးနှင့်...။ အချိန်ကုန်ခံပြီးလာရသည်ကို ပိုက်ဆံကျမပေးချင်။
"ကပ်စေကုပ်မ"
အမျိုးမျိုးကျိန်ဆဲလို့ဝတော့မှ အိမ်ပြန်ဖို့ဆုံးဖြတ်လိုက်သည်။ စိတ်ရှုပ်ရှုပ်နှင့်မို့ အဝတ်အစားပင်မလဲဖြစ် ၊ စတူဒီယိုလည်း မသွားချင်တော့ပေ။ Shopping Centreတစ်ခုတွင် လိုအပ်သည်များနှင့် ညဘက်ဗိုက်ဆာလျှင်စားဖို့ မုန့်အနည်းငယ်ဝယ်ပြီးမှ ကားငှါး၍အိမ်ပြန်ခဲ့သည်။ ရပ်ကွက်လမ်းကြားကလမ်းပြင်နေသည်မို့ ကားဝင်၍မရ။ ထို့ကြောင့် လမ်းထိပ်မှစပြီး အထုပ်တွေဖြင့် လမ်းလျှောက်ခဲ့ရသည်။
လမိုက်ညမို့ ကောင်းကင်ကလည်းမှောင်မိုက်နေသည်။ တစ်နေကုန် ပူထားသမျှ ညကျတော့ လေပြေအေးအေးက တစ်ချက်တစ်ချက်ထတိုက်လိုက်တော့ ကြက်သီးများပင်ထလာသလိုလို...။ လမ်းကိုခပ်သွက်သွက်လျှောက်နေရင်းမှ အိမ်တစ်အိမ်မှခွေးသည် သူ့အားထိုးဟောင်လေသည်။ ထိုခွေးသည် ယခုမှဟောင်ဖူးသည်တော့မဟုတ်။ မင်းခွန်မှိုင်းကိုတွေ့တိုင်း ခဏခဏဟောင်တတ်သည်။ စိတ်ရှုပ်လာပါသည်ဆိုကာမှ ခွေးကဟောင်တော့ စိတ်ထဲတင်းသွားမိသည်။ ခွေးပိုင်ရှင်တွေကလည်း​ခွေးရှိနေသည်ကို ခြံတံခါးပိတ်မထားချေ။ ယခုတော့ ခွေးကခြံပြင်ထွက်ထွက်ဟောင်နေသည်။ စိတ်ပျက်စရာကောင်းလှ၏။
"ဟိတ်ကောင်...သိပ်စွာမနေနဲ့။ ငါတင်းလာတာနော်။ ငါ့မြင်တိုင်းဟောင်ရမယ်လို့ မင်းသခင်ကသင်ထားလား...ဟမ်..."
ခွေးရှေ့တွင် ငုတ်တုတ်ထိုင်ချပြီး ခွေးနှင့်ရန်ဖြစ်နေမိသည်။ အမွေးစုတ်ဖွားလေးပေမဲ့ မည်သို့မျှချစ်ဖို့မကောင်းသည့်အကောင် ၊ နှုတ်သီးကလည်း ကွက်မည်းနေသေးသည်။
"မင်း နောက်တစ်ခါ ငါ့ကိုဟောင်ရဲဟောင်ကြည့်စမ်း။ အဆိပ်ခပ်ထားတဲ့အစာကျွေးပစ်မယ်...မင်းခွန်မှိုင်းကို ဘာမှတ်..."
စကားမဆုံးခင်မှာပင် ခွေးသည် မင်းခွန်မှိုင်းမျက်နှာကို တက်ဟပ်သောကြောင့် အလန့်တကြားနောက်သို့ဆုတ်လိုက်ရာ အရှိန်လွန်ပြီး လမ်းလယ်ခေါင်တည့်တည့် ထိုင်လျက်သား ပြုတ်ကျသွားလေသည်။ တစ်ချိန်တည်းမှာပင် တိုက်ဆိုင်စွာဖြင့် လမ်းကြားတစ်ခုထဲမှ ကားတစ်စီးသည် အရှိန်ပြင်းပြင်းထွက်လာလေသည်။ မင်းခွန်မှိုင်း ထဖို့ကြိုးစားသော်လည်း ခြေထောက်ခေါက်သွားသောကြောင့် မထနိုင်ဖြစ်သွားသည်။
လမ်းပြင်နေသောကြောင့် ထိုလမ်း၌ ကားမောင်းခွင့်ပိတ်ထားသည်ကို ဘယ်ကားကများ....။ အတွေးမဆုံးလိုက်ခင်မှာပင် သူ့ထံပြေးဝင်လာသည့်ထိုကား။
နောက်ဆုံးမြင်လိုက်ရသည်ကလည်း ထိုကား၏မီးရောင်စူးစူးပေသာ......။
Thanks For Reading
Note
Updateက နှစ်ရက်ခြားတစ်ခါ upမယ်နော်။ ဒီကြားထဲ ကိစ္စလေးတွေရှိလို့နောက်ကျမယ်ဆိုရင်လည်း ကြိုပြောပါ့မယ်။ အားပေးကြပါဦးနော်...ကျေးဇူးပါ။
Zawgyi
You are reading the story above: TeenFic.Net