Part 14
Background color
Font
Font size
Line height
Unicode
ထင်မှတ်မထားခဲ့သည့် Kite၏လုပ်ရပ်သည် မင်းခွန်မှိုင်းအား အတော်လေးထိတ်လန့်သွားစေသည်။ ရှင်းပြသည်ကိုနားမထောင်သည့်အပြင် နည်းနည်းမှတုံ့ဆိုင်းမှုမရှိဘဲ အနောက်ကဆာလောင်နေသည့် ခွေးအုပ်ကြားထဲ မင်းခွန်မှိုင်းကိုတွန်းထည့်ပေးလိုက်သောကြောင့် မျက်စိကိုစုံမှိတ်၍သာ ခွေးစာဖြစ်ခံဖို့စောင့်စားလိုက်တော့သည်။ ထွက်ပြေးလို့လည်းရနိုင်မည်တဲ့လား။ မည်သို့ဖြစ်နိုင်ပါမည်နည်း။
သို့ပေမဲ့ မသေချင်သေး။ သည်လိုပုံစံနှင့်အဆုံးမသတ်ချင်သေး။ ဖေကြီး၊​မေ​မေနှင့် ကိုသာတို့ကို မနှုတ်ဆက်ရသေးဘဲ၊ သူငယ်ချင်းတွေကိုမနှုတ်ဆက်ရသေးဘဲ သည်လိုပုံစံနှင့် ပျောက်ကွယ်မသွားချင်သေးချေ။
"ဂီး...."
ခွေးတွေကအနားကိုကပ်လာပြီထင်ပါရဲ့။ မာန်ဖီသံ တဂီးဂီးကို ခြောက်ခြားဖွယ်ကြားနေရချေပြီ။ လူကလည်းကြောက်ရွံ့စိတ်ကြောင့် တုန်ရီလာသည်။ လဲကျနေသည့်ခန္ဓာကိုယ်ကို ရွေ့လျားကြည့်ပေမဲ့ တဆတ်ဆတ်တုန်ရီနေရုံမှလွဲ၍ ကိုယ့်ခန္ဓာကိုယ်ပင် ကိုယ်မပိုင်တော့သလိုမျိုး လေးလံနေခဲ့သည်။ မြန်မြန်အဆုံးသတ်လိုက်စေချင်ပြီ။ ကြောက်ရွံ့စိတ်နှင့်သည်လိုနေရသည်မှာ အသက်ရှူကြပ်ရသည်။
မင်းခွန်မှိုင်း မျက်စိမှိတ်ပြီးစောင့်ဆိုင်းနေခဲ့သည်မှာ မိနစ်အနည်းငယ်ရှိလာသည်။ သို့ပေမဲ့ မည်သည့်ခံစားမှုမှမရှိ။ မည်သည့်နာကျင်မှုမှမရှိ။ မသိလိုက်ဘဲသေသွားလေပြီများလား။ စိတ်ကိုတင်းရင်း မျက်စိကိုဖွင့်ကြည့်မိတော့​ခွေး​တွေမရှိ​တော့​ချေ။ သို့​ပေမဲ့ မင်းခွန်မှိုင်း ခြေထောက်ရင်းတွင် ဒူးနှစ်ချောင်းထောင် ၊ ဒူးပေါ်တံတောင်ဆစ်တင်၊ လက်ပေါ်မေးထောက်ရင်း ပျင်းရိလေးတွဲစွာ ထိုင်ကြည့်နေသည့် Kiteကိုမြင်ရချိန် ဒေါသတွေ ထောင်းခနဲထွက်သွားမိသည်။ Kiteကတော့ စောစောကသူဘာမှလုပ်မထားသည့်ပုံစံနှင့် လူကိုကြည့်နေလေသည်။
"မင်းကသေရမှာမကြောက်ဘူးမှတ်တာ။ ကြောက်သားပဲ။ ကြောက်ရဲ့သားနဲ့ ဘာလို့ငါ့စကားကိုနားမထောင်တာလဲ"
မင်းခွန်မှိုင်းဘာမှကိုပြန်မဖြေနိုင်တော့အောင် ဆွံ့အမိသည်။ အရမ်းကိုလန့်နေခဲ့သည်၊ ကြောက်နေခဲ့သည် မဟုတ်လား။ Kiteအားစကားတစ်ခွန်းမှပြန်မပြောဘဲ ကုန်းရုန်းထရင်း ခြေညှပ်ဖိနပ်ကလေးကိုဖိနင်းကာ ခပ်ဆောင့်ဆောင့်လုပ်ရင်း ထွက်လာခဲ့လိုက်သည်။ Kiteကတော့ နောက်ကလိုက်လာလေပြီး အလိုက်မသိစွာ သူသိချင်တာတွေကိုသာ ဆက်တိုက်မေးနေသည်။
"မင်းဘယ်​တွေသွား​နေတာလဲ"
မင်းခွန်မှိုင်းပြန်မဖြေ။ Kiteကိုလည်းမကြည့်။ ရှေ့ကိုသာကြည့်ရင်း ကမူးရှူးတူး​လျှောက်​နေမိသည်။ Kiteကိုယခုအချိန်တွင် နည်းနည်းလေးမှမမြင်ချင်ပေ။ မင်းခွန်မှိုင်းဘာတွေဖြစ်ခဲ့လဲဆိုတာကို နားမထောင်ဘဲ အသေသတ်ဖို့ကြံသည်။ မုန်းသည်....။ အဲ့သည်ကောင်ကိုတော်တော်မုန်းမိသည်။
Taxiတစ်စီးခပ်သွက်သွက်ငှါးရင်း အိမ်ပြန်ခဲ့သည်။ Kiteကတော့ဘေးနားတွင် ပါလာစမြဲ။ သူ့ကိုမမြင်ချင်သောကြောင့် မျက်လုံးမှိတ်ပြီးအိပ်ချင်ယောင်သာ ဆောင်နေလိုက်တော့သည်။ ရုတ်တရက်အားလုံးကိုထားသွားရမည်ဟု အထင်ရှိခဲ့သည်။ ဝမ်းလည်းနည်း၊ စိတ်လည်းတိုတာကြောင့် မျက်ရည်ကစို့လာမိသည်။ ခံပြင်းစိတ်လို့ဆိုရလေမည်လား။ မျက်လုံးကိုဖိမှိတ်ထားသဖြင့် ဝဲတက်လာသည့်မျက်ရည်စများသည် မျက်လုံးထောင့်၌ သီးခိုနေလေသည်။ ထိုမျက်ရည်များကိုသုတ်ရန် ဟန်ပြင်တုန်း မျက်နှာတစ်ခြမ်းကို အနူးညံ့ဆုံးထိကိုင်လျက် မျက်ရည်စများကို ခပ်ဖွဖွဖိသုတ်ပေးသွားသော အေးစက်စက်လက်ချောင်းတွေ။ မင်းခွန်မှိုင်း မျက်နှာကိုအမြန်လွှဲ၍သာ ထိုလက်၏အထိအတွေ့ကို ရှောင်တိမ်းလိုက်မိသည်။ ကိုယ့်ကိုသတ်ဖို့ကြံရွယ်ခဲ့သည့်လက်တစ်စုံကို ယုံကြည်မှုမရှိ...။
အိမ်ကိုရောက်လေတော့ ဧည့်ခန်းထဲတွင်ထိုင်နေသည့် ကိုသာ့အား ပြေးဖက်လိုက်မိတော့သည်။ ကိုသာသည် သူ့အားရုတ်တရက်လာဖက်သည့်မင်းခွန်မှိုင်းကို နားမလည်ဖြစ်ပေမဲ့ တစ်ခုခုဖြစ်လာသည်ထင်သောကြောင့် ကျောလေးကိုပွတ်သပ်ပေးပြီး နှစ်သိမ့်ပေးလေသည်။
"ညီမှိုင်းလေး...ဘာဖြစ်လာတာလဲ။ အဝတ်အစားလည်းလဲမထားဘူး။ စတူဒီယိုမှာပါ ဒီအဝတ်အစားတွေနဲ့ နေနေတာလား။ ဒီငပျင်းလေးကတော့....."
မင်းခွန်မှိုင်းပြန်မပြောနိုင်။ ရင်ထဲတွင်အတော်လေးကို ဆို့နင့်နေမိသည်။ သည်လောက်မိမိချစ်ရသောမိသားစုနှင့် မည်သို့ခွဲရပါမည်နည်း။​စော​စောက Kiteဆိုသည့်ကောင်ကြောင့် ချက်ချင်းခွဲရတော့မည် ထင်ခဲ့မိသေးသည်။ နှလုံးသားကကွဲကြေသလိုခံစားရသည်။
"သားငယ်လေး...ပြန်လာပြီလား..."
မေမေပါရောက်လာလေသည်။
"အစ်ကိုကိုချွဲနေတယ်ကြည့်စမ်း...ဘာတွေပူဆာနေပြန်ပြီလဲ"
ကိုသာ့အားဖက်ထားသည်ကို မြင်ကာဆိုခြင်းဖြစ်သည်။ မင်းခွန်မှိုင်း ကိုသာ့ကိုဖက်ထားရာနေ မိခင်ကိုပြောင်းဖက်လိုက်ပြန်သည်။ မေမေက ခပ်တိုးတိုးရယ်လေ၏။
"သားငယ်လေး...ထူးထူးဆန်းဆန်းချွဲနေပါ့လား။"
မေမေကပြောရင်း သူ့ခေါင်းကိုညင်ညင်သာသာပုတ်လေသည်။
"ချွဲချင်နောက်မှချွဲ ငဆိုးလေး။ အခုရေသွားချိုးချည်သွား....ညစ်ပတ်မနေနဲ့"
မိခင်က သူဖက်ထားသည်ကိုလွှတ်ရင်း အပေါ်ထပ်ကိုတက်မည့်လှေကားဘက်သို့ တွန်းထုတ်လေသည်။ ကိုသာကလည်း မင်းခွန်မှိုင်းကုပ်ကိုလက်ကလေးနှင့် ဖိနှိပ်ပေးပြန်သည်။
"အလုပ်ပင်ပန်းလာတယ်ဆိုပြီး ငပျင်းကျမနေနဲ့။ သွား​တော့..."
မင်းခွန်မှိုင်းစိတ်မပါလက်မပါဖြင့် အပေါ်ထပ်သို့ တက်ခဲ့လေသည်။ အပေါ်ထပ်ရောက်မှ အောက်ထပ်ကမေမေတို့ကို တစ်ချက်ထပ်ငုံ့ကြည့်လိုက်သည်။ ကိုသာနှင့်မေမေတို့ တစ်ယောက်ကိုတစ်ယောက်မျက်စတွေပစ်ပြီး မင်းခွန်မှိုင်းတစ်ယောက်ဘာဖြစ်လာလဲ မေးနေကြခြင်းဖြစ်မည်။ မေမေတို့အား အမှန်အတိုင်းပြောလိုက်တော့လျှင် ကောင်းမည်လား...။
ကိုယ့်ဆံပင်တွေကိုထိုးဖွရင်း အခန်းထဲဝင်ကာ အိပ်ရာပေါ်ပစ်လှဲလိုက်တော့သည်။ ဘယ်အချိန်ကတည်းက အခန်းထဲရောက်နေမှန်းမသိသည့် Kiteသည် မင်းခွန်မှိုင်းကုတင်ဘေး၌ အခန့်သားထိုင်နေချေသည်။
မင်းခွန်မှိုင်းသည် သူ့အားမသိချင်ယောင်ဆောင်နေတာကြောင့် ကုတင်ပေါ်ပြောင်းထိုင်ရင်း သက်ပြင်းလေးချကာ မင်းခွန်မှိုင်းကိုစေ့စေ့ကြည့်သည်။
"ငါတအားစိတ်ပူသွားလို့ဖြစ်သွားတာ တောင်းပန်ပါတယ်။"
မင်းခွန်မှိုင်း Kiteကိုကျောပေးလိုက်လေသည်။ သူ့ဆီမှမည်သည့်စကားမျှ မကြားချင်တော့ချေ။
"မင်းခွန်မှိုင်း..."
မသိချင်ယောင်ဆောင်ပြီးနေလိုက်သည်။ သို့ပေမဲ့ Kiteကတော့ လက်မလျှော့...။
"မင်းငါ့ကိုစိတ်ဆိုးချင်ဆိုးလို့ရပါတယ်....ဒါပေမဲ့..."
"စိတ်ဆိုးတာမဟုတ်ဘူး....။ ငါမင်းကိုကြောက်သွားတာ..."
စိတ်တိုတိုနှင့်ထပြောမိလိုက်သည်။ Kiteသည် သူ့အား တောင်းပန်နေသည့်အကြည့်များဖြင့် ကြည့်လာလေသည်။ မင်းခွန်မှိုင်းကတော့ဂရုမစိုက် ၊ မျက်နှာလွှဲကျောပေး၍သာ။
"ငါလည်းမင်းကိုအဲ့လိုမလုပ်ချင်ခဲ့ပါဘူး။ ဒါပေမဲ့ မင်းကရုတ်တရက်ပျောက်သွားတော့ အရမ်းစိတ်ပူနေခဲ့တာ။ မင်းရှိမယ်ထင်တယ်နေရာတွေလိုက်ရှာရတာ နှံ့လို့။ ငါ့ခွေးတွေကိုအနံ့ခံရှာခိုင်းတော့လည်း အဲ့ကောင်တွေက ဘုရားဝန်းကိုပဲဆက်တိုက်ပတ်နေကြတာ။ မင်းပျောက်သွားတဲ့နာရီတွေအများကြီးအတွင်း ငါဘယ်လောက်တောင် ပူလောင်နေရလဲမင်းမသိပါဘူး"
"ငါမင်းကိုရှင်းပြမယ်လို့ပြောတာ မင်းနားထောင်လား။ နားမထောင်တဲ့အပြင် ငါ့ကိုသတ်ဖို့တောင် လုပ်သေးတယ်..."
"ငါတကယ်အဲ့အချိန်စိတ်လွတ်သွားလို့ပါ။ မင်းငါမသိအောင်ထွက်သွားတယ်မှတ်တာ။ မင်းဘယ်တွေရောက်နေခဲ့တာလဲ..."
Kiteအမေးကို သူမဖြေချင်။ သို့ပေမဲ့ ဖြေမှဖြစ်မည်။ မင်းခွန်မှိုင်းကြုံခဲ့ရသမျှကို Kiteကိုအသိပေးမှဖြစ်မည်။ ဒါမှ ဘာဆက်လုပ်ရမည်ကိုသိမည်။
"ငါ့ကို ဆံပင်အဖြူအရှည်တွေနဲ့နတ်ဆိုးတစ်ကောင်က မင်းနဲ့စတွေ့ခဲ့တုန်းကလိုနေရာမျိုးဆီ ခေါ်သွားတာ။ မှောင်မဲပြီး ဘာမှ...."
"ဆံပင်အဖြူအရှည်တွေနဲ့...."
Kiteကစကားလုံးတွေကိုလိုက်ရေရွတ်ရင်း စဉ်းစားနေလေသည်။
"သူကပြောတယ် ငါ့ကိုသတ်မှရမယ်တဲ့။ မဟုတ်ရင် မင်းကပျက်စီးသွားလိမ့်မယ်တဲ့။"
Kiteမျက်ခုံးတွေ ဆက်တိုက်တွန့်ချိုးသွားလေသည်။ ထို့အပြင် သူလက်သီးလေးကိုကျစ်ကျစ်ပါအောင် ဆုပ်ထားလေသည်။ Kiteနှင့်ဟိုဆံပင်ဖြူနတ်ဆိုးတို့သည် အဆင်မပြေကြတာများလား။
"သူမင်းကိုငါနဲ့ပတ်သက်ပြီး ဘာတွေပြောသေးလဲ..."
"ငါကောင်းကောင်းတော့မမှတ်မိတော့ဘူး။ သူပြောနေတဲ့စကားတွေကို ငါသိပ်နားမလည်ဘူး။ အတောင်ပံပယောဂသင့်ပြီး ပျက်စီးတာတွေရော ၊ ပြီးတော့ မင်းကငါ့ကြောင့်တစ်ခါသေပြီးပြီတဲ့....။"
"သူပြောတာအားလုံးကအလိမ်အညာတွေ...မယုံနဲ့။"
Kiteလေသံကမာနေသည်။ စိတ်တိုနေသည်ဆိုတာ အသိသာကြီးပင်။
"သူကပြောတယ်...ဟိုတစ်နေ့ကသံဆန်ကာကြီးငါ့အပေါ်ပြုတ်ကျသလိုမျိုး ထပ်လုပ်ပြီး နှလုံးသားအမြုတေကိုဖျက်ဆီးမယ်တဲ့။ ငါ့ကိုလည်းသတ်မယ်တဲ့...."
Kiteသည်ခေါင်းကိုတွင်တွင်ခါနေလေသည်။
"သူမင်းကိုထပ်မထိစေရဘူး။ ငါ့ကိုယုံ....။ နောက်ပြီး သူပြောခဲ့သမျှ မေ့လိုက်...။ အဲ့စကားတွေက အရေးမပါဘူး..."
မင်းခွန်မှိုင်းလည်း ထိုဆံဖြူနတ်ဆိုးပြောခဲ့သမျှကို နားလည်ချင်မိတာကတော့အမှန်ပင်။
"မင်း..မင်းငါ့ကြောင့်သေခဲ့ဖူးတယ်ဆိုတာ တကယ်မဟုတ်ဘူးပေါ့နော်....အင်း...အင်းလေ။ ငါကလည်းတုံးလိုက်တာ။ မင်းမသေလို့ဘဲ ငါ့ရှေ့မှာရှိနေတာ...ဟုတ်တယ်မလား"
မရဲတရဲဖြင့်မေးကြည့်မိတော့ Kiteက ခေါင်းညိတ်​လေသည်။
"အင်း....ငါပြောတာကိုပဲ ယုံပါ။ မင်းဒုက္ခရောက်နေခဲ့တာမသိဘဲ ငါလုပ်မိတာကိုလည်းတောင်းပန်ပါတယ်။ ပြီးတော့ ငါကမင်းကိုခြောက်ရုံပဲလုပ်တာပါ။ တကယ်လုပ်တာလည်းမဟုတ်ပါဘူး။ မင်းဘာသာအကြောက်လွန်သွားတာ"
သူကပင် လူကိုပြန်ပြီး အပြစ်တင်လိုက်သေးသည်။
"နောက်ဆိုအဲ့လိုထပ်မလုပ်နဲ့။ ငါမင်းကိုမုန်းမိတော့မလို့...."
Kiteကထိုင်နေရာကနေ ထရပ်လေပြီး သူ့ကိုခပ်စိမ်းစိမ်းလှည့်ကြည့်လေသည်။ တကယ် ပုံစံကိုကထောင့်မကျိုးချေ။
"တကယ်ဆို မင်း ငါ့ကိုမပြောဘဲလျှောက်သွားလို့ ဖြစ်တာနော်"
မင်းခွန်မှိုင်းပြန်ပြီးအပြစ်တင်ခံနေရတော့ မခံချင်ဖြစ်မိပေမဲ့ သူ့စကားနားမထောင်မိတာဆိုတော့လည်း စိတ်လျှော့ရသည်။
"ငါနောက်ဆိုသတိထားပါ့မယ်။
ကဲ...ရေချိုးလိုက်ဦးမယ်ကွာ။ တစ်နေကုန်ဘာမှလည်းမစားရသေးဘူး ဗိုက်ဆာနေပြီ"
လေးတိလေးကန်ဖြင့် ရေချိုးခန်းထဲဝင်ဖို့လုပ်စဉ် Kiteသည် မင်းခွန်မှိုင်းလက်ကို လှမ်းဆွဲလိုက်တာကြောင့် လှည့်ကြည့်လိုက်သည်။
"ဒီတစ်ည မင်းဘာသာမင်းဂရုစိုက်ပြီး နေနိုင်မလား။ ငါသွားစရာနေရာတစ်ခုရှိလို့...."
မင်းခွန်မှိုင်းဆံပင်တွေကိုထိုးဖွကာ ခေါင်းကုတ်ရင်း ခေါင်းညိတ်ပြလိုက်​တော့ Kiteကထွက်သွားဖို့ပြင်လေသည်။ မင်းခွန်မှိုင်းရုတ်တရက် ဆံဖြူနတ်ဆိုးစကားများကို သတိရသွားသဖြင့် ပြာပြာသလဲဖြင့် Kiteလက်ကိုပြန်ဆွဲလိုက်သည်။
"ဒါနဲ့...မင်းက ဘယ်သွားမှာလဲ။ မင်းမရှိတုန်း ငါ့ကိုဟိုဆံဖြူနတ်ဆိုး လာသတ်သွားရင် ဘယ်လိုလုပ်မလဲ"
"အမြု​တေနဲ့လူနဲ့သာမကွာစေနဲ့။ ရေချိုးလည်း လက်ပတ်မချွတ်နဲ့။ ငါအရမ်းမကြာပါဘူး။ မင်းသာဒီအချိန်အတွင်း အပြင်မထွက်ဘဲ အိမ်ထဲမှာငြိမ်ငြိမ်လေးနေပေး ၊ ဟုတ်ပြီလား။"
Kiteအဖြေကို မကျေနပ်နိုင်သေးသဖြင့် လက်ကိုမလွှတ်​သေးဘဲ Kiteအားမျက်မှောင်ကြီးကုတ်လျက် သေချာစူးစိုက်ကြည့်လိုက်သည်။
"ငါလုံခြုံတာ သေချာတယ်နော်...."
Kiteလည်း စိတ်မရှည်စွာဖြင့် မင်းခွန်မှိုင်းနဖူးကို တွန်းလိုက်တော့​နောက်ကိုယိုင်ထွက်သွား​လေသည်။ တအားကိုအမေးအမြန်းထူသည့်သတ္တဝါလေးပင်။ စကားကျတစ်စက်မှနားမထောင်ပေမဲ့ သေမှာတော့ကြောက်သည်။
"ငါ့စကားသာနားထောင်ရင် မင်းဘာမှမဖြစ်ဘူး သိရဲ့လား.....ခေါင်းမကောင်းတဲ့ပုစွန်လေးရဲ့"
"မင်းကြီးတော်ကို ပုစွန်"
မင်းခွန်မှိုင်းမကျေမနပ်ဖြင့် စွာကျယ်စွာကျယ်လုပ်ပုံကို Kiteကသဘောကျစွာပြုံးလေသည်။ သူ့ကို ဟာသပြောနေသည်များထင်နေလားမသိ။
Kiteသည် မသွားခင် မင်းခွန်မှိုင်းဆံပင်များကို အရဖွသွားသေးသည်။ ထို့နောက် ပျောက်သွားလေသည်။ မင်းခွန်မှိုင်းလည်း ရေချိုးခန်းထဲဝင်ပြီး ရေချိုးဖို့ရန်သာလုပ်တော့သည်။ ရေချိုးနေရင်း ဆံဖြူနတ်ဆိုးပြောသည့် အကြောင်းအရာများကို ပြန်စဉ်းစားနေမိသည်။ Kiteပြောသလို တကယ့်အလိမ်အညာတွေဟုတ်ပါရဲ့လား။ သည်လိုဆိုလျှင် အဘယ်ကြောင့်လိမ်ညာပြောရသနည်း။ သူအဓိကဖြစ်စေချင်သည့်အရာကရော အဘယ်နည်း။ Kiteကိုပြန်မချစ်စေချင်တာများလား....။ Kiteကရောဘာကြောင့် ပျက်စီးရာလမ်းကိုရွေးပါသနည်း။ ထိုအရာများသည် အလိမ်အညာမဟုတ်ဘဲ တကယ်ဖြစ်နေလျှင်ရော...။
"အား...."
ခေါင်းရှုပ်လာသေကြောင့် ခေါင်းလျှော်ရည်အမြှုပ်တွေ ပလုံစီနေသည့် ကိုယ့်ခေါင်းကိုသာအသေကုတ်ခြစ်ပစ်လိုက်တော့သည်။ ဇာတ်လမ်းတွေကို ရှုပ်နေတာပင်။
************************************
လရောင်ငယ်မတိုးထွက်နိုင်အောင် ကာရံထားသည့် ခြုံပဝါအနက်တစ်ထည်။ အေးစက်ခြင်းနှင့် တိတ်ဆိတ်ခြင်းတို့ကလည်း မိတ်ဖက်နေကြသည်။​မှောင်ရိပ်​တွေထဲက နီနီရဲရဲ​စောင့်ကြည့်​နေသည့်အရာ​များသည် နတ်ဆိုး​ခွေးတို့၏ မျက်လုံးများသာ။ သာမန်လူသားများ၊ နိမ့်ကျတဲ့ဝိဉာဉ်များအဖို့တော့ ဤနယ်မြေသည် ချောက်ချားဖွယ်။ နတ်ဆိုးတိုင်းပြည်၏ တစ်ပိုင်းတစ်ဒေသဖြစ်သည့် လွင်ပြင်တစ်ခု၊ အမည်ကား...အနက်ရောင်လွင်ပြင်။
ထိုအနက်ရောင်လွင်ပြင်၏ ဗဟိုတည့်တည့်၌ လွင်ပြင်၏သခင်လေးစံစားရာ နန်းတော်ရှိနေသည်။ အစောင့်အကြပ်​နတ်ဆိုး​ခွေးများနှင့် ပရလောကသားတချို့သည် နန်းတော်အပြင်၌ လှည့်ပတ်​နေကြသည်။ ကနုတ်ပန်းအပြည့်ခြယ်သထားသည့် နန်းတော်၏မဟူရာတံခါးဝရှေ့၌ Kiteရပ်လိုက်သည်နှင့် တံခါးချပ်များက အလိုအလျောက်ပွင့်သွားသည်။ Kiteကငြိမ်သက်အေးဆေးစွာဖြင့် နန်းတော်အတွင်း လျှောက်လှမ်းလာလေပြီး အနက်ရောင်မီးလျှံများဖြာထွက်နေသည့် ပလ္လင်ထက်၌ အခန့်သားထိုင်နေသည့် သခင်လေးရှေ့မှောက်တွင် ဒူးထောက်ခစားလိုက်လေသည်။
ပလ္လင်ထက်မှ သခင်လေးသည် ဖြည်ချထားသည့် သူ၏ဆံနွယ်အဖြူတွေကြားထဲ လက်ချောင်းများထိုးထည့်ကစားရင်း ရှေ့၌ခစားနေသည့် Kiteကိုလှမ်းကြည့်လိုက်လေသည်။
"အသင်ရောက်လာမယ်လို့ ကျွန်ုပ်ထင်သားပဲ"
ညစ်ကျယ်ကျယ်အပြုံးဖြင့် ဆိုလိုက်သည့် သခင်လေးကို Kiteကခေါင်းငုံ့လျက်သာ ခစားနေဆဲဖြစ်သည်...။
"အသင် ခုချိန်ထိ အသိတရားမဝင်သေးဘူးလား။ ဘာမဟုတ်တဲ့လူသားအတွက် ကိုယ့်ကိုကိုယ်အဆုံးစီရင်တော့မလို့လား"
ငြိမ်သက်နေခဲ့သည့် Kiteသည် ခနဲ့တဲ့တဲ့ပြုံးလေရင်း အနက်ရောင်လွင်ပြင်၏သခင်လေးဖြစ်သည့် ဆံဖြူနတ်ဆိုးကို မော့ကြည့်လိုက်လေသည်။
"ကျွန်ုပ်ဘာကြောင့်နတ်ဆိုးအနေနဲ့ ပြန်လည်မွေးဖွားလာခဲ့မိသလဲဆိုတာ သခင်​လေးအသိပဲဖြစ်မှာပါ။ သိသိရက်နဲ့ သခင်လေးကိုယ်တိုင်ပဲ ပြန်လည်ရှင်သန်ဖို့ ခွင့်ပြုခဲ့တာမဟုတ်ဘူးလား။ အခုမှဘာကြောင့်တားဆီးနေရတာလဲ"
သခင်​လေးသည် ပလ္လင်လက်တန်း၌ကျောမှီရင်း အပေါ်သို့မော့ကြည့်နေလေသည်။ ပြီးနောက် Kiteအားခပ်စောင်းစောင်းကြည့်လာပြန်သည်။
"အသင့်ဆန္ဒက သူအသက်ရှင်နေတုန်းကာလမှာ ကာကွယ်ပေးနိုင်ဖို့ပဲလေ။ ဘာကြောင့် သူသေဆုံးပြီးသွားတာ​တောင် အသက်ပြန်သွင်းဖို့ကြိုးစားနေရတာလဲ။ ဘာကြောင့်များ နှလုံးသားအမြုတေကို သုံးရတာလဲ။ အဲ့အမြုတေစေခိုင်းသလို ထိုလူသားသာ အသင့်ကိုချစ်မိသွားမယ်ဆိုရင် အသင်ဘာဖြစ်သွားမလဲဆိုတာ သိတယ်မဟုတ်လား"
Kiteခေါင်းပြန်ငုံ့မိသွားသည်။ သေပြီးသားလူကို အသက်ပြန်သွင်းနိုင်သည့် တစ်ခုတည်းသောစွမ်းအင်သည် နှလုံးသားအမြုတေပင်ဖြစ်သည်။ သို့သော် ပေးဆပ်မှုက ကြီးမားသည်။ အမြုတေဘက်မှဖြည့်ဆည်းပေးမှုအတွက် တောင်းဆိုချက်တွေရှိသည်မဟုတ်လား။ မင်းခွန်မှိုင်းသာ မိမိကိုမချစ်နိုင်လျှင် မင်းခွန်မှိုင်းအား အမြုတေမှဝါးမြိုလိမ့်မည်။ အကယ်၍ ချစ်သွားနိုင်ခဲ့ရင်လည်း ပေးဆပ်မှုတစ်ခုရှိပြန်သည်။
"ထိုလူသားကို ဘယ်အချိန်ထိစွဲလမ်းနေဦးမှာလဲ အသင်နတ်ဆိုး။ ရပ်တန့်ချိန်တန်နေပါပြီ။ လူသားတစ်ဦးအပေါ် မေတ္တာသက်ဝင်မိတဲ့နတ်ဆိုးတိုင်းရဲ့လမ်းစဉ်ဟာ ပျက်စီးခြင်းတွေချည်းပဲရှိတာပါ။ ကျွန်ုပ်ကတော့ အသင့်ကိုမပျက်စီးစေချင်ဘူး။ အသင်နဲ့ကျွန်ုပ်အပေးအယူလုပ်ခဲ့တာကို မှတ်မိတယ်မလား။"
Kiteကောင်းကောင်းမှတ်မိပါသည်။ သည်လောက်အရေးကြီးသည့်အပေးအယူကို မည်သို့မေ့နိုင်ပါမည်နည်း။ တစ်ယောက်သောသူအနားတွင် တစ်ဘဝစာကာကွယ်ခွင့်သာရမည်ဆိုလျှင် အနက်ရောင်လွင်ပြင်ကိုဆက်ခံပါမည်ဆိုသည့် ကတိကဝတ်တစ်ခု။
"အသင့်​ဆုတောင်းက ကျွန်ုပ်နားပေါက်ရောက်ခဲ့တယ်။ အဲ့ကတည်းက အသင့်စွဲလမ်းမှုကို ကျွန်ုပ်သဘောပေါက်ခဲ့သင့်တာ။ အခုတော့ အသင်က ကျွန်ုပ်ကို ဒီလွင်ပြင်မှာထပ်နေရအောင် လုပ်နေတာပဲ။ အစကတည်းကသာ အသင်ဒီလိုလုပ်မယ်မှန်းသိခဲ့ရင် တခြားလေလွင့်ဝိဉာဉ်တစ်​ကောင်ကို ခေါ်ဆောင်ပြီးပဲ နတ်ဆိုးသခင်ထံ ခစားခိုင်းပြီး နတ်ဆိုးအဖြစ်မွေးဖွားစေခဲ့မှာ"
"ကျွန်ုပ်တောင်းပန်ပါတယ် သခင်လေး။ သခင်လေး နောက်ဘဝကူးနိုင်ဖို့ ဒီနေရာကိုဆက်ခံရမယ့် ကျွန်ုပ်ကို လိုအပ်နေတာ ကျွန်ုပ်သိပါတယ်။ သို့ပေမဲ့လို့ ကျွန်ုပ်ရဲ့လူသားငယ် သေဆုံးချိန်မှာ ကျွန်ုပ်ဘာကိုမှမမြင်နိုင်ခဲ့ဘူး။ သူ့ကိုကယ်တင်ချင်တဲ့ဆန္ဒပဲ ပြင်းပြခဲ့မိတာကြောင့် အမြုတေကိုတောင်းဆိုခဲ့မိတာပါ။"
လွင်ပြင်သခင်လေးသည် ခေါင်းအသာယမ်းလေသည်။
"ရူးမိုက်ပါပေ့ အသင်နတ်ဆိုးရယ်။ အသင့်အတွက် အဲ့ဒီလူသားကအရေးပါသလို ကျွန်ုပ်အတွက်လည်း အသင်ကအရေးပါတယ်လေ။ ဒီတော့ ကျွန်ုပ် အဲ့ဒီလူသားကိုသတ်ရလိမ့်မယ်"
Kiteတုန်လှုပ်သွားမိသည်။ မဖြစ်၊ မင်းခွန်မှိုင်းအား မည်သူမျှမထိစေရ။
"ကျွန်ုပ်သူ့ကို မကာကွယ်နိုင်ခဲ့လို့ သူသေဆုံးသွားခဲ့ပြီးပြီ။ ဒီတစ်ခါတော့ ကယ်ခွင့်ပြုပါ သခင်လေး။ ကျွန်ုပ်တောင်းဆိုပါတယ်။ ကျွန်ုပ်မျက်စိရှေ့မှာ သူသေဆုံးသွားတာကို ထပ်မမြင်ပါရစေနဲ့..."
"အသင်..."
ပြောရခက်လွန်းသည့် Kiteအား လွင်ပြင်သခင်သည်စိတ်ဆိုးမာန်ဆိုးဖြင့် အော်လိုက်လေသည်။ Kiteကတော့ တုန်လှုပ်တုံ့ဆိုင်းမှုမရှိ။ ဒူးထောက်ခစားနေရာကနေ မတ်တပ်ကောက်ရပ်လိုက်ကာ လွင်ပြင်သခင်အား ရဲရဲဝံ့ဝံ့မော့ကြည့်လိုက်သညိ။
"ကျွန်ုပ်လမ်းမှာလာရှုပ်မယ်ဆိုရင် သခင်လေးတွေဘာတွေ ကျွန်ုပ်နားလည်နေမှာ မဟုတ်ဘူး။ အားလုံးကိုဖျက်ဆီးပစ်လိုက်မှာ...။ ဒါကြောင့် ကျွန်ုပ်လူသားငယ်ကို ထပ်မထိမိပါစေနဲ့..."
ထိုသို့ဆိုကာ ကျောခိုင်းလိုက်စဉ် လွင်ပြင်သခင်၏သတိပေးစကားကို ပြန်ရသည်။
"ကျွန်ုပ်ကို စိန်ခေါ်တာလား အသင်နတ်ဆိုး။ အသင့်အဆင့်က ကျွန်ုပ်ခြေဖဝါးအောက်မှာဆိုတာကို မေ့လျော့နေပြီလား..."
Kiteသည် ဂရုမစိုက်စွာနှုတ်ခမ်းတစ်ဖက်ရွဲ့လျက် မဲ့ပြုံးပြုံးလေပြီး သခင်လေးအားလှည့်ကြည့်လိုက်သည်။ ဒေါသရိပ်တွေကြောင့် အနီ​ရောင်သန်းလာသည့်သခင်​လေး၏ ဆံနွယ်များကိုကြည့်ကာ ထပ်ပြုံးလိုက်မိပြန်သည်။
"ကျွန်ုပ်လူသားငယ်အတွက် နတ်ဆိုးတိုင်းပြည်တစ်ခုလုံးကို ဖျက်ဆီးရမယ်ဆိုရင်​တောင် တုံ့ဆိုင်း​နေမိမယ်မထင်ဘူး။ သခင်လေးကိုဇီဝိန်ခြွေဖို့ဆိုတာက လွယ်ကူလွန်းပါတယ်"
"အဆင့်အတန်းမရှိတဲ့ကောင်...အပေအတေနတ်ဆိုး။ ကျွန်ုပ်က အသင်ပျက်စီးမှာကိုကာကွယ်​ပေး​နေတာပါ"
Kiteသည် ခနဲ့တဲ့တဲ့ရယ်ရင်း နှုတ်ခမ်းတစ်ချက်မဲ့လိုက်သည်။
"သခင်​လေး ဒီဘဝကနေလွတ်ကျွတ်ဖို့ ကျွန်ုပ်ကိုကာကွယ်တာပါ။ သခင်လေးအကျိုးအတွက် သခင်လေးကြည့်တာ။ နတ်ဆိုးသခင်ပြောဖူးတယ် ၊ နတ်ဆိုးအားလုံးက ကိုယ့်ဆန္ဒ ၊ ကိုယ်ဖြစ်ချင်တာကိုပဲ ဂရုစိုက်တဲ့တစ်ကိုယ်ကောင်းတွေတဲ့။ သခင်လေးကလည်း သခင်လေးအတွက်ပဲ သခင်လေးကြည့်သလို ကျွန်ုပ်ကလည်း ကျွန်ုပ်အတွက်ပဲကျွန်ုပ်ကြည့်တာ မဆန်းဘူး။ ဒါကြောင့် ကျွန်ုပ်ကိစ္စ​တွေဝင်မပါပါနဲ့။ ဝင်မရှုပ်ပါနဲ့။ မဟုတ်ရင် သခင်လေးကိုဝါးမြိုပစ်ဖို့ ဝန်လေးနေမိမှာ မဟုတ်ဘူး..."
"အသင်ကတကယ့်မကောင်းဆိုးဝါးဖြစ်​နေပြီ။ ကျွန်ုပ်ကိုကျွန်ုပ် အညှိုးကြီးလွန်းလို့ ဆိုးဝါးလှပြီမှတ်တာ အသင်ကမှ ပိုပြီးဆိုးနေတာပဲ။ ကောင်းပြီလေ....သင့်လမ်းသင်လျှောက်ပါ ၊ သို့ပေမဲ့ တစ်ခုတော့ ပြောပြချင်တယ်။ အသင့်လိုနိမ့်ကျတဲ့အ​စေခံ သက်​တော်​စောင့်သာသာကို ဘယ်သခင်ကမှ ပြန်မချစ်ဘူးဆိုတာကိုပဲ။ အရင်ဘဝကလည်းမဖြစ်နိုင်သလို အခုဘဝလည်းဖြစ်နိုင်မှာ မဟုတ်ဘူး။ အသင် သူ့ကိုနောက်ဘဝကူးခွင့်မပေးလိုက်တာဟာ မှားသွားတယ်ဆိုပြီး နောင်တရနေလိမ့်မယ်။ ဘာလို့လဲဆိုတော့ အမြုတေက သူ့ကိုဝါးမြိုတော့မှာလေ..."
"ကျွန်ုပ်ကို သူချစ်လာမှာပါ...."
မသေချာမရေရာလှသည့် အကြောင်းအရာတစ်ခုကို အားတင်းရင်းဆိုမိတော့ လွင်ပြင်သခင်က ဟားတိုက်ရယ်​မော​လေသည်။
"အဟာဟား..ဟား....."
အားရအောင်ရယ်လေပြီးမှ အရှိန်လေးသတ်ကာ လှောင်ရုံပြုံးတော့သည်။
"အိုး...ကျွန်ုပ်သိပြီ။ အမှန်တကယ်တော့ အသင်က ထိုလူသားကို ကယ်တင်ချင်တာထက် အချစ်ခံချင်တာကိုး....ဟားဟား...."
"မဟုတ်ဘူး...ကျွန်ုပ် သူ့ကိုကယ်တင်ချင်တာ..."
Kiteအကြောက်အကန်ငြင်းမိနေသည်။
"သေချာပြန်စဉ်းစားပါဦး အသင်ရဲ့။ အသင်က ထိုလူသားရဲ့အချစ်ကို တောင့်တနေတာပါ...။ ဒါကြောင့်လည်း ဘဝကူးခွင့်မပေးတာပေါ့....အသင်က သူ့ကိုသခင်တစ်ယောက်မို့ စောင့်ရှောက်ချင်တာမှမဟုတ်တာ။ သူ့ကိုမေတ္တာသက်ဝင်နေတာ....ဟားဟား....လူသားတစ်ယောက်အပေါ်မေတ္တာရှိမိလို့ နတ်ဆိုးအဖြစ်ဝင်စားသတဲ့။ ဘယ်လောက်ပြောင်မြောက်တဲ့ ပြက်လုံးလဲ..."
"ကျွန်ုပ်ကိုလှောင်နေလဲ အပိုပဲ သခင်လေး။ ကျွန်ုပ်ကတော့ သူ့ကိုရအောင်ကယ်မှာ။"
လွင်ပြင်သခင်သည် အဓိပ္ပါယ်ပါပါပြုံးလေပြီး Kiteကိုစိုက်ကြည့်လေသည်။
"သူ အသင့်အ​ပေါ် မေတ္တာရှိလာပါစေနော် Kite...အိုး...Kiteမဟုတ်ဘူး။ ကျွန်ုပ်ပြောချင်ဇောကြီးသွားတယ်။ အသင့်ကို သူမေတ္တာရှိလာပါစေနော်.....စွန်ရဲလေး...ဟားဟား....."
ထပ်မံထွက်ပေါ်လာသည့် လှောင်ပြောင်ရယ်မောသံ။ိ ထိုရယ်မောသံသည် မင်းခွန်မှိုင်းဟာ မိမိကိုဘယ်သောအခါမှ ချစ်လာမည်မဟုတ်ကြောင်းကို ဆိုလိုသည်။ အဘယ်ကြောင့်များ နှလုံးအိမ်များပင် နာကျင်လာရပါသနည်း။ မင်းခွန်မှိုင်းသည် မိမိကိုမေတ္တာသက်ဝင်ဖို့ဆိုတာက တကယ်ပဲ မဖြစ်နိုင်သည်ာကိစ္စလား....။ အမှန်တကယ်ပဲလား...။ ရင်ထဲမှ နာကျင်မှုသည် ပိုမိုပြင်းထန်လာပြီး စကားတချို့ကို ပြန်လည်ကြားယောင်လာမိသည်...။
"မင်းလိုနိမ့်ကျတဲ့အစေခံက ငါ့လိုသခင်ကို ဘယ်လိုစိတ်နဲ့များ ဒီလိုစကားမျိုးတွေ ပြောထွက်တာလဲ။ ရွံဖို့ကောင်းလိုက်တာ....ထွက်သွား...။ ငါ့​ရှေ့မှာ ထပ်ပေါ်မလာနဲ့တော့..."
ထိုသို့ဆိုရင်း ကျောခိုင်းလိုက်သည့် ကျောပြင်ငယ်လေးတစ်ခုကို မျှော်လင့်ချက်ကြီးစွာစိုက်ကြည့်နေခဲ့သည့် လူတစ်ယောက်လည်း ရှိခဲ့ဖူးသည်။
အချိန်အားဖြင့် မနက်၃နာရီ။ အိပ်ရာထက်၌ ခြေကားယားလက်ကားယားဖြင့် ကုတင်အပြည့်နေရာယူထားပြီး မျက်မှောင်ကြီးကုတ်ပြီး အိပ်နေသည့်ကောင်လေးလည်းရှိသည်။ အိပ်နေသည့်အချိန်သာမက နိုးနေသည့်အချိန်ဆိုလည်း မျက်နှာကြောတင်းတင်းနှင့် ဆူပုတ်ပုတ်ပါပင်။ သည်ကောင်လေးသည် တစ်ချိန်တုန်းက အလွန်ကိုမျက်နှာချို သဘောကောင်းပြီး ကြင်နာတတ်သည်ကောင်လေးဟုဆိုလျှင် မည်သူယုံပါမည်နည်း။
Kiteကိုယ်တိုင်လည်းမယုံနိုင်ခဲ့ချေ။ မင်းခွန်မှိုင်းဆိုသည့်ကောင်လေးသည် အဆိုးလေးဖြစ်သည်။ အသက်ကိုပုံမှန်အရှူအသွင်းလုပ်ရင်း အိပ်မောကျနေသည့် ကောင်းဆိုးလေး၏နဖူးပြင်၌ ဝဲကျနေသောဆံပင်တချို့ကို သပ်ဖယ်ပေးမိတော့ တွန့်လိမ်လာပြီး ပါးစပ်ကနေ ပွစိပွစိနှင့်တစ်ခုခုကို ရေရွတ်နေပြန်သည်။
အဲကွန်းလေကြောင့် အအေးမိမည်စိုးသဖြင့် စောင်လေးခြုံပေးပြန်တော့ ဆက်တိုက်ကိုကန်ချပြန်သည်။ အိပ်နေသည့်အချိန်တွင်တော့ ဂနာငြိမ်ပေးသင့်ပါသည်။ မတတ်သာသည့်အဆုံး သူအိပ်နေသည့်ဘေး၌သာ ကပ်ထိုင်ရင်း မျက်နှာလေးအားထိုင်ကြည့်ကာ အလိုလိုပြုံးမိသည်။
အမြဲကာကွယ်ပေးချင်တာကြောင့် ထပ်နှင်မထုတ်တော့လျှင်ကောင်းမည်။
မကြိုက်သည့်စကားများလည်း ထပ်မပြောမှာမို့ နှင်မထုတ်လိုက်ပါနဲ့လား ကျွန်ုပ်လူသားငယ်...။
Thanks For Reading
Note
Updateနောက်ကျသွားတဲ့အတွက်တောင်းပန်ပါတယ်။ လူကစိတ်တွေလေပြီး ပလပ်ကျွတ်နေတာကြောင့် ခွင့်လွှတ်တော်မူကြပါ။
Zawgyi
"ဂီး...."
You are reading the story above: TeenFic.Net