Part 13
Background color
Font
Font size
Line height
Unicode
ဘုရားတရားနှင့် ဘယ်ဘဝကတည်းက ဝေးနေခဲ့မှန်းမသိသည့် မင်းခွန်မှိုင်းတစ်ယောက်၊ ယနေ့တော့ Kiteကျေးဇူးဖြင့် မဟာအံ့ထူးကံသာ ဘုရားသို့ရောက်လာလေသည်။ ရှပ်အဖြူကိုကြယ်သီးအ​လုံး​စေ့တပ်ပြီး​ယောပုဆိုးအနီ​လေးသည် ဖြူ​ဖွေးသည့်သူ့အသားအ​ရောင်နှင့် လိုက်ဖက်စွာပင်။ မည်သည့်မိတ်ကပ်မှလည်း လိမ်းခြယ်မထားဘဲ မျက်နှာ​ပြောင်ရှင်းရှင်းဖြင့် ဆံပင်ကိုလည်းအနောက်သို့ သေချာဖြီးသိမ်းထားပုံက မြင်ရခဲသည်။ ကြည့်​ကောင်းတာက​တော့ အမှန်။ ယခုမှလူကြီးပုံစံလေးနည်းနည်းပေါက်သလိုရှိသည်။ သို့ပေမဲ့ ပုံစံမကျသည်က သူဝတ်ထားသည့်ပုဆိုးပေသာ။
ပုဆိုးကောင်းကောင်းမရှိသဖြင့် ကိုသာ့ပုဆိုးကိုငှါးဝတ်လာခဲ့သည်။ ကိုသာသည် သူ့ထက်​အရပ်သုံးလက်မလောက် ရှည်သဖြင့် မင်းခွန်မှိုင်းအတွက် ပုဆိုးသည်အပေါ်လိပ်ဝတ်ထားရပြီး ခြေဖဝါးကလည်းမမြင်ရတော့ချေ။ တက်နင်းမိပြီး ကျွတ်မကျစေရန် ခါးပတ်ဖြင့်ပတ်လာမိ၍သာ တော်တော့သည်။ ကလန်ကလားကိုသာ့အား ယခုတော့သူအပြစ်တင်မိသည်။ ငါးပေတစ်ဆယ်နီးပါးအရပ်ပိုင်ဆိုင်သူကိုပင် ပုသည်ခံစားရအောင်လုပ်နိုင်သည်။
ဘုရားရင်ပြင်ပေါ်တက်ရန် လှေကားအဆင့်ဆင့်ကိုနင်းဖြတ်ရင်း တစ်ဝက်လောက်ရောက်တော့ အနောက်မှKiteကိုလှည့်ကြည့်လိုက်သည်။ Kiteသည်ရင်ပြင်ပေါ်မတက်သေးဘဲ အောက်၌ပင်ရှိသေးသည်။ လှေကားတစ်ထစ်ကိုပင် Kiteမတက်ရသေးသဖြင့် အောက်သို့ခပ်သုတ်သုတ်ပြန်ဆင်းကာ Kiteကိုခေါ်ရတော့သည်။
"Kite လာလေကွာ"
Kiteကခေါင်းအသာယမ်းလေသည်။
"ဒီလိုသာသနာ့နယ်မြေတွေကို ငါတို့ဝင်လို့မရဘူး။ မင်းပဲသွားပါ။ သိပ်တော့မကြာစေနဲ့။ နောက်ပြီး ငါ့ကိုအသိမပေးဘဲ ဘယ်မှမသွားနဲ့။"
"​ဝင်လို့မရဘူးလား....ဒါဆိုလည်း ငါမြန်မြန်ပြန်လာခဲ့မယ်"
မင်းခွန်မှိုင်းလှည့်ထွက်ဖို့အလုပ် Kiteပြောလိုက်သည့်စကားတစ်ခွန်းကြောင့် အောင့်သက်သက်ဖြစ်သွားရသည်။ စကားကား...
"မင်း ဩကာသလောက်တော့ရပါတယ်နော်"တဲ့။
မင်းခွန်မှိုင်းရုပ်သည် ဩကာသပင် မရမည့်ရုပ်ပေါက်နေသည့်ပုံပေါ်နေလေပြီလား တွေးမိသည်။ ငယ်စဉ်က မိခင်ထံမှ ဘုရားရှိခိုးသင်ယူဖူးပါသည်။ ရှိလည်းရှိခိုးဖူးပါသည်။ ကြီးလာမှသာ ဘုရားစင်နှင့် ဝေးကွာသွားရုံဖြစ်သည်။
"ပရိတ်ကြီးဆယ့်တစ်သုတ်တောင် ပြန်ရွတ်ပြလိုက်ဦးမယ်...ဟက်...မင်းခွန်မှိုင်းကိုအချဉ်မှတ်နေလား...ဘာ့ကာ(အရူး)"
အမှန်အတိုင်းပြောရလျှင်တော့ ပရိတ်ကြီးဆယ်တစ်သုတ်ဆိုသည်ကို နာမည်သာကြားဖူးပြီး ဘယ်ကစမှန်းတောင်မသိသူဖြစ်သည်။ သို့ပေမဲ့ ပိုပိုသာသာပြောမှ တော်ကာကျမည်ဖြစ်သဖြင့် ပြောလိုက်ခြင်းဖြစ်သည်။ အနောက်က ဘာ့ကာကတော့ Kiteကိုအမြင်ကပ်၍ ဂျပန်လိုအရူးဟုဆိုလိုက်ခြင်းဖြစ်သည်။ ကောင်းကောင်းတတ်တာကလည်း ဘာ့ကာနှင့် အအိရှိတယ်ရု(ချစ်တယ်)သာရှိသည်...။ ဂျပန်စာသင်တန်းတက်ဖူးပေမဲ့ အကြောင်းအရင်းတချို့ကြောင့် ဆက်မသင်တော့ဘဲ မေ့ပစ်ခဲ့လေပြီလေ။
Kiteသည် သူပြောသည့်စကားကိုနားမလည်သည့်ပုံဖြင့် မျက်ခုံးတစ်ဖက်တွန့်ချိုးလေသည်။
"နောက်ဆုံးကတစ်ခုကဘာကိုပြောတာလဲ"
Kiteသည် မင်းခွန်မှိုင်းanimeကြည့်သည့်အချိန် လိုက်မကြည့်သဖြင့် မသိခြင်းဖြစ်သည်။ မသိတော့ မင်းခွန်မှိုင်းပြောသမျှခံရမည်။ animeတိုင်းတွင် တွင်တွင်ကျယ်ကျယ်ပါသည့် ထိုစကားလုံးကို Kiteမသိခြင်းအတွက် မင်းခွန်မှိုင်းဂုဏ်ယူသည်။ အနည်းဆုံး သူ့တွင် Kiteအားဖဲ့ဖဲ့ရွဲ့ရွဲ့ပြောစရာစကားလုံး ရှိသေးသည်။
"ဘာဂါလို့ပြောတာပါ။ ဘုရားကပြန်ရင် ဘာဂါသွားဝယ်စားကြမယ်လို့..."
Kiteပုံစံကယုံချင့်မယုံချင်ပုံစံပင်။ သို့ပေမဲ့ အချိန်ကသိပ်ရတာမဟုတ်။ သူနှင့်စကားပြောနေတာနှင့်ပင် ဘုရားပေါ်ရောက်ရန် နောက်တစ်နေ့ကူးသွားနိုင်သည်။ ဘုရားတွင်လူရှင်းနေ၍သာတော်တော့သည်။ မဟုတ်လျှင် တစ်ယောက်တည်းစကားပြောနေသည်ဆိုပြီး ဝိုင်းကြည့်ခံရဦးမည်။
"နေမပူခင်မြန်မြန်တက်လိုက်ဦးမယ်"
ပုဆိုးကိုမသိမသာမရင်း ကားယားကားယားဖြင့် ရင်ပြင်တော်ပေါ်တက်သွားပုံက ရယ်ချင်စဖွယ်။ ခါးပတ်ပတ်ထားသည်ကိုပင် ကျွတ်ကျမှာကြောက်နေသေးသည်။
"မင်းခွန်မှိုင်း..."
လှေကားထိပ်ရောက်နေပြီးမှ Kiteခေါ်သံကြောင့် လှည့်ကြည့်လိုက်ပြီး မေးဆတ်ပြလိုက်သည်။
"ဒီဘက်ကပဲပြန်ဆင်းလာနော်။ ငါမသိဘဲ ချော်တောငေါ့ပြီး တခြားနေရာကမဆင်းနဲ့...ကြားလား"
ခေါင်းနှစ်ချက်ဆင့်ညိတ်ပြရင်း ဘုရားပေါ်တက်လာလိုက်သည်။ ဘုရားရိပ်တရားရိပ်က အေးချမ်းပါပေသည်။ လူရှင်းသည်ထင်ခဲ့ပေမဲ့ ဘုရားပေါ်တွင် လူအနည်းငယ်ရှိသည်။ နွေအကုန်​မိုး​ရောက်တော့မည်ဖြစ်သဖြင့် ခရီးသွားတော့နည်းလာချေပြီ။
သပ္ပါယ်လှသည့်ဗုဒ္ဓရုပ်ပွားတော်ကို ရိုရိုသေသေဦးညွတ်ချိုး ရှိခိုးကန်တော့ပြီးသည်နှင့် ရေသပ္ပါယ်လေသည်။ ရေသပ္ပါယ်ရင်းမှသတိရသည်က ဘုရားပန်းမေ့လာသည်သာ။ ရောက်လက်စနှင့် ဘုရားပန်းလေးလှူမည်ဟု ဆုံးဖြတ်ပြီး ဘုရားဝန်းတလျှောက် ပန်းသည်ကိုပတ်ရှာလိုက်သည်။ ပုံမှန်ဆို ဘုရားလှူရန်ကြာပန်းရောင်းသူတွေ ရှိနေကျပါပင်။ ဘုရားတစ်ဝန်းပတ်ရင်း နောက်ဆုံးတော့တွေ့ချေပြီ။
ကြာပန်းစည်းလေးကိုင်ကာ ပန်းရောင်းနေသည့်ကလေးထံသို့ သူခပ်သွက်သွက်လျှောက်သွားလိုက်သည်။ ပန်းသည်လေးသည် အောက်ကိုပြန်ဆင်းရန် သွားနေလေသည်။ အော်ကြီးဟစ်ကျယ်ဖြင့်ခေါ်လျှင်လည်း ရိုင်းရာကျမည်မို့ ခပ်သွက်သွက်လိုက်သွားမိသော်လည်း ထိုကလေးသွက်ချက်က အောက်ပင်ရောက်တော့မည်။
"ကောင်လေး နေဦး"
မတတ်သာသည့်အဆုံးအော်ခေါ်ရင်း ပုဆိုးကြီး ကို့ရို့ကားယားဖြင့် ဆင်းရပြန်ပါပြီ။ ကောင်လေးသည် ကြောင်တောင်တောင်ဖြင့် သူ့အားငေးကြည့်နေသည်။ နည်းနည်းပါးပါးတက်လာသည်မဟုတ်။ ဆင်းရတက်ရသည်မှာ ပျော်စရာကောင်းသည်များ မှတ်နေသည်လားမသိ။
အောက်ကိုရောက်တော့မှပင် သူ့ကိုစောင့်နေသည့် ကောင်လေးထံမှ ကျန်သမျှကြာပန်းအကုန်ဝယ်လိုက်သည်။ ထို့အပြင် ပြန်အမ်းရမည့်ငွေကိုပါမယူတော့ဘဲ ပေးလိုက်သည်မို့ ကောင်လေးမျက်နှာမှာ ခပ်ရွှင်ရွှင်။
"ကျေးဇူးပါ အစ်ကိုလေး။"
မင်းခွန်မှိုင်းပေးလိုက်သည့်ပိုက်ဆံကို ဘေးလွယ်အိတ်အဟောင်းလေးထဲ ထည့်လိုက်ပြီး မြောက်ကြွမြောက်ကြွဖြင့် ထွက်သွားလေသည်။ ကိုယ့်အတွက်ဘာရယ်မဟုတ်ဘဲ ပိုပေးလိုက်ပေမဲ့ သူတို့လေးတွေပျော်ရွှင်သွားခြင်းကို မြင်ရတော့ ပီတိတစ်ခုဖြစ်သွားသည်။ ရင်ထဲတွင်လှိုက်လှိုက်လှဲလှဲကြည်နူးမိသည်။ ဘာကြောင့်များ ယခင်ကသည်လိုတွေ မလှူမိပါလိမ့်။ သေခါနီးမို့လို့ စိတ်ကောင်းဝင်နေခြင်းဖြစ်မည်ဟု ကိုယ့်ကိုယ်ကိုယ်တွေးမိတော့ ရယ်ချင်ချင်။
ကိုယ့်အတွေးကို ခေါင်းတယမ်းယမ်းလုပ်ရင်း ဘုရားပေါ်ပြန်တက်ဖို့ဟန်အပြင် ရုတ်တရက်အမှောင်အတိကျသွားပြီး မင်းခွန်မှိုင်းမသိသောနေရာတစ်ခုသို့ ရောက်သွားလေသည်။ သေချာပြန်စဉ်းစားမိတော့ ဤနေရာသည် Kiteနှင့်စတွေ့တုန်းကလို ပုံစံမျိုး၊ ခံစားချက်မျိုးပင်။ Kiteခေါ်လာခြင်းများလား။ အန္တရာယ်တစ်ခုခုများဖြစ်လေပြီလား။
နေရာတစ်ခုလုံးကိုစူးစမ်းကြည့်ဖို့ကြိုးစားပေမဲ့ အမှောင်အတိသာကျလျက်ဖြစ်နေသောကြောင့် ကျောချမ်းလာမိသည်။
"K...Kite"
လေတိုးသံသာသာ တုန်တုန်ရီရီဖြင့်ခေါ်လိုက်ချိန် အမှောင်ရိပ်ထဲမှ လှုပ်ရှားမှုတစ်ခု။ သူ့ထံသို့တည့်တည့်လျှောက်လာတာပင်။ ပိန်ရှည်ရှည်ပုံစံကြောင့် Kiteဟုထင်မိ​သော်လည်း အမှန်တကယ်တော့ မဟုတ်ခဲ့။ တရုတ်သိုင်းကားများထဲကကဲ့သို့ ဝတ်ရုံရှည်အဖြူမျိုးကို ဝတ်ဆင်ထားသည့် ဖြူဖတ်ဖတ်လူတစ်ယောက်။ ဝါကျင်ကျင်မျက်ဝန်းများသည် သိမ်းငှက်တစ်​ကောင်၏ မျက်လုံးသဏ္ဍာန် ၊ နှာတံသေးသေးသွယ်သွယ် ၊ ခနဲ့တဲ့တဲ့ပြုံးထားသည့် နှုတ်ခမ်းပါး။ နောက်ပြီး ဆံပင်တွေကအဖြူရောင်ရှည်ရှည်​များဖြစ်ပြီး ခပ်မြင့်မြင့်မြှောက်စည်းထားကာ မျက်ခုံးတန်းနှစ်သွယ်ဘေး၌ ဆံနွယ်အနည်းငယ်စီ ချထားပုံက ကြည့်ကောင်းလွန်းလေသည်။ ထိုလူသည် မည်သူနည်း။ Kiteကဲ့သို့ နတ်ဆိုးများလား။ သို့ပေမဲ့ Kiteနှင့်လည်းမတူချေ။
ဆံနွယ်အဖြူရှည်ရှည်များနှင့်လူသည် မင်းခွန်မှိုင်းနှင့် မျက်နှာချင်းဆိုင်တွင် ရပ်လိုက်ပြီး ဟန်ပါပါပြုံးလေသည်။ မင်းခွန်မှိုင်းလည်းခပ်လန့်လန့်မို့ ခြေတစ်လှမ်းဆုတ်ဟန်ပြင်တော့ သူကတားသည်။
"ငါ့ကိုမကြောက်ပါနဲ့။ ငါက မင်းကိုလာကြည့်တာပါ"
အက်ကွဲရှတသည့်အသံအပြင် မျက်တောင်မခတ်ဘဲစိုက်ကြည့်နေသည့် သူ့ပုံစံကကြက်သီးထဖွယ်...။
"ကျွန်တော့်ကို...."
သူကထပ်ပြုံးသည်။
"ဟုတ်တယ် မင်းကိုငါစောင့်ကြည့်နေတာ ကြာပြီ"
မင်းခွန်မှိုင်းပို၍လန့်လာမိသည်။ ယခုသူ့ရှေ့တွင်ရောက်နေသူဟာ လူမဟုတ်တာသေချာသည်။ ထို့ကြောင့်ပင် ဤနေရာသို့ ရောက်လာရခြင်းမဟုတ်လား။
"ကျ..ကျွန်တော့်ကို ဘာလို့ခေါ်လာတာလဲ"
ဆံရှည်ဖြင့်လူသည် သူ့အားခါးကိုင်းပြီးကြည့်နေသည့် အနေအထားမှ ခပ်မတ်မတ်ပုံစံရပ်ကာ လက်ကလေးနောက်ပစ်လိုက်လေသည်။
"အနက်ရောင်လွင်ပြင်ကို ဆက်ခံရမယ့်သခင်အ​လောင်းအလျာက ပျက်စီးခြင်းလမ်းကိုရွေးထားတယ်လို့ သတင်းကြားမိလို့ပါ။"
အနက်ရောင်လွင်ပြင်။
ပျက်စီးခြင်းလမ်း...။ ဘာတွေလဲဟု သူတွေးမိသည်။ မင်းခွန်မှိုင်း သူပြောသမျှ တစ်လုံးမျှနားမလည်နိုင်။ ထိုစဉ် ဆံနွယ်ဖြူနှင့်လူသည် မင်းခွန်မှိုင်းမေးဖျားကို လက်ဖြင့်ကိုင်ကာဆွဲမော့ရင်း အနီးကပ်ကြည့်နေလေသည်။ ထို့နောက် နှုတ်ခမ်းတစ်ချက်ထပ်မဲ့ပြန်သည်။
"ဘာလို့များ လူသားတစ်ယောက်အတွက် ပျက်စီးခြင်းလမ်းကိုရွေးရတာပါလိမ့်။ တကယ်ဆို မင်းကြောင့် သူက တစ်ခါသေပြီးပြီပဲကို။"
မင်းခွန်မှိုင်းမျက်ခုံးတွေစုကုပ်သွားမိသည်။ မင်းခွန်မှိုင်းကြောင့် မည်သူသေဖူးပါသနည်း။ ဆံနွယ်ဖြူနှင့်လူသည် သူ့အားမေ့​ဖျားက​နေတစ်ဆင့် လည်မျိုကိုဆွဲကိုင်ပြန်လေသည်။ အကြမ်းပတမ်းတော့မဟုတ်၊ ကိုင်ထားသည်ဆိုရုံသာ။
"ငါ့နေရာကိုဆက်ခံမယ့်သူက အဲ့လိုအလုပ်တွေလုပ်နေတယ်ဆိုတာ ယုံတောင်မယုံနိုင်ဘူး။ တစ်ဘဝလောက်ပေးဆပ်ပြီးရင် တော်ရောပေါ့။ အခုတော့ နတ်ဆိုးတွေရဲ့အထွဋ်အမြတ်ဖြစ်တဲ့ တောင်ပံတစ်စုံလုံးကို ပ​ယောဂသင့်ခံခဲ့တဲ့အပြင် ပျက်စီးဖို့လမ်းကိုပါရွေးထားတယ်"
မင်းခွန်မှိုင်းတံတွေးသာမြိုချနိုင်ပြီး လှုပ်ပင်မလှုပ်နိုင်အောင် တောင့်ခဲနေမိသည်။ သူတို့နတ်ဆိုးဆိုသူများသည် လူနားလည်အောင်မပြောတတ်ကြချေ။ ပြောလိုက်လျှင် အထူးအဆန်းတွေချည်းပင်။
"ခင်ဗျားက ဘယ်သူလဲ"
အရဲစွန့်အားတင်းပြီးမေးလိုက်တော့ သူကခေါင်းခပ်စိပ်စိပ်ငြိမ့်ရင်း လည်ပင်းကိုကိုင်ထားသည်ကို လွှတ်လိုက်လေသည်။
"ငါမင်းကိုပုံပြင်တစ်ပုဒ်​ပြောပြမယ်။ နားထောင်မလား။"
မင်းခွန်မှိုင်း ပြန်မ​ဖြေဘဲသည်အတိုင်း ကြည့်​နေမိ​တော့ ဆံနွယ်ဖြူနှင့်လူက နှုတ်ခမ်းတစ်ဖက်ရွဲ့ပြုံးရင်း ဆက်ပြောလေသည်။
"လွန်ခဲ့တဲ့ နှစ်ပေါင်း၃၂၀လောက်က တရုတ်နိုင်ငံနဲ့မြန်မာနိုင်ငံနယ်စပ်​ဒေ​လေးတစ်ခုမှာ သူဆင်းရဲမိသားစုတစ်စုက ကလေးတစ်ယောက်ကိုမွေးဖွားခဲ့ကြတယ်။ နောက်ပြီး သူတို့မပြုစုနိုင်တာကြောင့် စွန့်ပစ်လိုက်ကြတယ်။ ကလေးကကံကောင်းချင်တော့ တရုတ်အဖိုးကြီးတစ်ယောက် ကောက်ယူမွေးစားတာခံလိုက်ရတယ်။ အဖိုးကြီးက အဲ့ဒေသလေးမှာ အချမ်းသာဆုံးသူဖြစ်တဲ့အပြင် စိတ်သဘောကောင်းပြီးကူညီတတ်တဲ့လူလို့ လူတိုင်းကထင်ခဲ့ကြတယ်။ သူတို့မမြင်တဲ့အကွယ်မှာ အဲ့လူကြီးက သူ့အိမ်ကကျွန်တွေကို သေမတတ်နှိပ်စက်နေတဲ့လူတစ်ယောက် ၊ တဏှာရာဂအားကြီးတဲ့လူတစ်ယောက်ဆိုတာ ဘယ်သူမှမသိခဲ့ကြဘူး။​ကောင်​လေးအတွက် ကံ​ကောင်းတယ်ထင်ခဲ့​ပေမဲ့ အမှန်တကယ်ကကံဆိုးခဲ့တာ​ပေါ့။ မွေးစားထားတဲ့ကောင်လေးကိုလည်း တစ်လျှောက်လုံးကျွန်လိုခိုင်းစေနှိပ်စက်ရင်း ကြီးပြင်းစေခဲ့တာ။"
ထိုလူပြောသမျှကို မင်းခွန်မှိုင်းစိတ်ဝင်တစား နားထောင်နေမိသည်။
"​နောက်ပြီး အဲ့လူရဲ့တဏှာရာဂဘယ်လောက်ကြီးလဲဆိုရင် အဲ့​ကောင်​လေးအရွယ်​ရောက်ချိန်မှာ​ယောက်ျားမှန်းသိသိရက်နဲ့ ကာမပြုကျင့်ဖို့ကြံတယ်တဲ့။ အဖိုးကြီးကအရွယ်ကျချိန် ကလေးက ယောက်ျားကာယစဖွံ့ဖြိုးချိန်ဆိုတော့ သူ့အကြံအစည်မအောင်မြင်ခဲ့ဘူး။ ကောင်လေးက အဖိုးကြီးကို သူ့ဆံနွယ်မှာထုံးချည်ထားတဲ့ ဆံထိုးနဲ့ ဇီဝိန်ချုပ်ပေးလိုက်တယ်။ ကောင်လေးလွတ်မြောက်သွားပြီ​ပေါ့။ ဒါပေမဲ့ အဲ့ဒေသကလူတွေက ကောင်လေးကိုဖမ်းချုပ်ပြီး မီးရှို့သတ်ခဲ့ကြတယ်တဲ့။ သူတို့က အဲ့အဖိုးကြီးကို ကျေးဇူးရှင်လို့မှတ်ယူနေကြတာလေ။ ကောင်လေးက အဖိုးကြီးဘယ်လိုလူစားလဲဆိုတာကို ရှင်းပြခဲ့ပေမဲ့ သူတို့ကမယုံခဲ့ဘူး။ ကောင်လေးကိုဖမ်းပြီး အရှင်လတ်လတ်ပဲ မီးရှို့သတ်လိုက်ကြတယ်။ ကောင်လေးခမျာ အပြစ်မရှိဘဲ သေသွားရရှာတယ်။ ကောင်လေးရင်ထဲမှာ အဲ့နေရာအပေါ် အညှိုးတွေအာဃာတတွေက​တော့ ကျန်ရှိနေခဲ့တယ်။ အပြစ်မရှိဘဲ သေခဲ့တာကြောင့် ကောင်းကင်ဘုံကိုတက်ခွင့်ရခဲ့ပေမဲ့ ကောင်လေးက အဲ့နေရာကိုပြန်ဖျက်ဆီးဖို့ပဲ အကြိမ်ကြိမ်ဆုတောင်းနေခဲ့တာကြောင့် လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာ​ကျော်မှာ သူပြန်မွေးဖွားလာတယ်။ နတ်ဆိုးတစ်ကောင်အနေနဲ့ပေါ့...ပြီးတော့ အဲ့နေရာ တစ်ခုလုံးကိုမီးလောင်တိုက်သွင်းပြီး ပြာချပစ်ခဲ့လိုက်တယ်....။"
သနားပဲသနားရမည်လား ၊ အပြစ်ပဲတင်ရမည်လား မသေချာသည့်အဖြေများနှင့် ထိုဆံဖြူလူကို ကြောင်ငေးနေမိသည်။ အဝေးကိုတွေတွေငေးရင်းပြောနေသည့် ဆံနွယ်ဖြူနှင့်လူကလည်း မင်းခွန်မှိုင်းကို တစ်ဖန်ပြန်စိုက်ကြည့်လာလေပြီး မင်းခွန်မှိုင်းမျက်နှာရှေ့ လက်ဖျောက်တစ်ချက်တီးလိုက်သဖြင့် မင်းခွန်မှိုင်းအသိစိတ်ပြန်ကပ်လာ​လေသည်။
"ပုံပြင်လေးကတော့ ဒါပါပဲ။ ဘယ်လိုလဲ နားထောင်လို့ကောင်းရဲ့လား"
ခပ်ယဲ့ယဲ့ရယ်ရင်းမေးလာခြင်းဖြစ်သည်။ သို့ပေမဲ့ ယခုအချိန်ထိ မင်းခွန်မှိုင်းမေးခွန်းကို မဖြေသေးတာ​ကြောင့် စိတ်မရှည်စွာ ထပ်​မေးလိုက်မိသည်။
"ခင်ဗျားကဘယ်သူလဲလို့ မေးနေတယ်လေ"
သူကမျက်ခုံးနှစ်ဖက်ကို ခပ်မြင့်မြင့်လေး ပင့်လေသည်။
"စောစောကပြောတဲ့ကောင်လေးက ငါပဲ။"
မင်းခွန်မှိုင်း ထင်တော့ထင်ခဲ့မိသားပင်။
"ကျွန်တော့်ကို ဘာလို့ဒီကိုခေါ်လာတာလဲ"
"ငါမင်းကိုလာကြည့်တာပါလို့ ပြောပြီးပြီပဲ။ နောက်ပြီး မင်းကိုငါကြိုပြောလိုက်မယ်။ မင်းသူ့ကို လုံးဝမချစ်မိစေနဲ့....ကြားလား...."
"ဘယ်သူ့ကိုပြောတာလဲ"
မင်းခွန်မှိုင်းအမှန်တကယ်ပင် နားမလည်၍ မေးနေခြင်းဖြစ်သည်။ သူ့စကားများသည် အဆက်အစပ်ရှိမှမရှိလေပဲ။
"သူဆိုတာ မင်းနာမည်ပေးထားတဲ့ Kiteဆိုတဲ့ကောင်ပေါ့"
"Kiteကိုကျွန်တော်ချစ်တာ မချစ်တာ ခင်ဗျားနဲ့ဘာဆိုင်လဲ"
ဆံဖြူနတ်ဆိုးကပခုံးလေးတစ်ချက်တွန့်သည်။
"သူကငါ့နေရာကို ဆက်ခံမယ့်သူ။ သူရောက်လာမှ ငါဘဝသစ်စနိုင်မှာ။ အဲ့တော့ သူ့ကိုပျက်စီးခွင့်ပြုလို့မဖြစ်ဘူး။ ငါနောက်နှစ်တစ်ရာမစောင့်နိုင်တော့ဘူး"
"ဘာကြောင့်လဲ...။ Kiteကဘာလို့ပျက်စီးရမှာလဲ။"
မင်းခွန်မှိုင်းအမေး​ကြောင့် သူပြုံးလိုက်သည့်ပုံစံက ကြောက်စရာကောင်းလွန်းသည်။
"မင်းတကယ်ဘာမှမသိတာပဲ။ သူကပြောမပြဘူးလား။ အင်းလေ ပြောပြလိုက်ရင် မင်းပိုပြီးတွန့်ဆုတ်သွားမှာစိုးလို့ နေမှာပေါ့။ မပူပါနဲ့ ဒီရက်ပိုင်းအတွင်းမှာတင် ငါမင်းကိုသတ်ပေးပါ့မယ်။ ဒါမှမဟုတ်လည်း မင်းကိုသတ်ခွင့်ရှိတဲ့ တစ်ဦးတည်းသောသူကိုပဲ သတ်ခိုင်းရမှာပေါ့။"
သတ်ခွင့်ရှိသူ.....။ မည်သူနည်း...။
သူက​ပြောရင်း မင်းခွန်မှိုင်းလက်ထဲမှ နှလုံးသားအမြုတေကို စိုက်ကြည့်လေသည်။ ပြီးတော့ လက်ကိုဆွဲယူပြီး အမြုတေပုလင်းကိုသေချာကြည့်သည်။
"သူကမင်းကိုသတ်မှာမဟု​တ်​လောက်ဘူး။ ဒီ​တော့​အမြု​တေပုလင်းကိုဖျက်ဆီးနိုင်ရင်ရပြီ။ မင်းဝိဉာဉ်ဖမ်းစားခံလိုက်ရရင် အရာအားလုံးပြီးပြီ။ သတိထားပြီး နေနော်...ငါကမင်းကိုတကယ်သတ်မှဖြစ်မှာမလို့...."
"ဒါဆို ဘာလို့အခုမသတ်လဲ"
မင်းခွန်မှိုင်း၏ရဲတင်းမှုကို သူသဘောကျသွားဟန်ရသည်။ ထို့နောက် သူ့လက်ထဲမှဆံထိုးဖြင့် မင်းခွန်မှိုင်းလည်ပင်းအားရွယ်ပြီး အရှိန်ပြင်းပြင်းထိုးစိုက်လိုက်သည်။
မင်းခွန်မှိုင်းကြောက်အားကြီးပြီး မျက်လုံးများဖိမှိတ်လိုက်မိသည်။ သို့ပေမဲ့ အချိန်အနည်းငယ်ကြာသည်အထိ ဘာနာကျင်မှုမှမခံစားရတာကြောင့် မရဲတရဲဖြင့် မျက်လုံးဖွင့်ကြည့်မိတော့ သူ့လည်ပင်းနှင့် တစ်လက်မအကွာလောက်တွင် ရပ်တန့်နေသည့် ဆံထိုး၏အချွန်ကိုတွေ့ရသည်။ သူတကယ်မထိုးတာလား။ မဟုတ်။ သူအားစိုက်ပြီးထိုးဖို့လုပ်နေတာပင်။ သို့ပေမဲ့ ပြန်ကန်ထွက်နေခြင်းဖြစ်သည်။
စူးစမ်းစွာကြည့်နေသည့် မင်းခွန်မှိုင်းကိုသူကတစ်ချက်ကြည့်လိုက်ပြီး ခပ်ရွဲ့ရွဲ့ပြုံးပြန်သည်။ ထို့နောက် ဆံထိုးကိုသူ၏မြှောက်စည်းထားသည့် ဆံနွယ်ကြားထဲ ထိုးထည့်လိုက်သည်။
"နှလုံးသားအမြုတေကမင်းကိုကာကွယ်ထားလို့ ငါမင်းကို အန္တရာယ်ပြုလို့မရဘူး။ သဘောပေါက်ပြီမလား...။ မဟုတ်ရင် မင်းသေတာကြာပြီ။ ဒါပေမဲ့ အခုချိန်ကစပြီး သတိထားပေတော့။ မင်းကို ကိုယ်တိုင်နာကျင်အောင်လုပ်လို့မရပေမဲ့ ငါတခြားအရာတွေကို ထိတွေ့လို့ရနေသေးတယ်။ ဟိုတစ်နေ့က သံဆန်ကာပြုတ်ကျသလိုမျိုးပေါ့။ နောက်တစ်ခါတော့ ဘာဖြစ်မလဲနော်၊ ဟဟား..."
ကျယ်လောင်သည့်ရယ်သံများကြား၌ သူပျောက်ကွယ်သွားလေသည်။ အမှောင်ကျနေသည့် ထိုနေရာဟာလည်း တဖြည်းဖြည်းအလင်းရိပ်ဝင်လာ​လေသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် မင်းခွန်မှိုင်းလည်း စောစောက ဘုရားပန်းဝယ်နေသည့်နေရာသို့ ပြန်ရောက်လာသည်။ ဘေးဘီကိုကြည့်မိတော့ နေတောင်ဝင်တော့မှာပါပင်။ လာတုန်းကမှ မနက်ခင်းပိုင်းပင်ရှိခဲ့သေးသည်။
ဘယ်အချိန်ကတည်းက လက်ထဲပြန်ရောက်နေမှန်းမသိသည့် ကြာပန်းများသည် ညှိုးကျနေချေပြီ။ ဘုရားပတ်ဝန်းကျင်မှာလည်း လူရိပ်ပင်မရှိတော့ချေ။ ဟိုဆံနွယ်ဖြူနတ်ဆိုးကောင်နှင့် စကားပြောခဲ့သည်မှာလည်း ခဏလောက်ပါပင်။ Kiteတော့သူ့ကိုစိတ်ပူနေတော့မည်။
ဘုရားပေါ်ပင်မတက်နိုင်တော့ဘဲ ဘေးကပတ်ပြီး Kiteစောင့်နေမည့် စောင်းတန်းဘက်သို့ ပြေးရတော့သည်။ သို့ပေမဲ့ မည်သူမျှမရှိ။ Kiteပြန်သွားလေပြီလား။ လိုက်ရှာနေတုန်းပဲလား။ အရူးတစ်ယောက်လို ဂနာမငြိမ် ဟိုကြည့်သည်ကြည့်လုပ်နေတုန်း ခြေထောက်ကို တစ်ခုခုလာထိသလိုခံစားရသဖြင့် ငုံ့ကြည့်မိတော့ ခွေးနက်ကြီးတစ်ကောင်...။
"အား..."
လန့်သွားမိ၍ ကစုန်ပေါက်ပင်ထခုန်မိလိုက်သည်။ နည်းသည့်အကောင်ကြီးမဟုတ်။ မျက်လုံးကြီးများကနီနီရဲရဲကြီးတွေအပြင် အစွယ်ဖွေးဖွေးသွားရည်တများများနှင့် ထိတ်လန့်ဖွယ်ရာ။
"မလာနဲ့လို့ ပြောနေတယ်...ရှေ့မတိုးနဲ့​နော်..."
မင်းခွန်မှိုင်းက ခြေတစ်လှမ်းနောက်ဆုတ်တိုင်း ခွေးနက်ကြီးကလည်း သူ့ထံတစ်လှမ်းတိုးလာသည်။ ကြောက်ကြောက်လန့်လန့်ဖြင့် မနက်တုန်းကလှေကားထောင့်အဆုံးတွင် ချွတ်ထားခဲ့သည့် ဖိနပ်ကြီးလျစ်ခနဲပြေးယူလိုက်ပြီး ခွေးကိုရွယ်လိုက်သည်။
"ငါတကယ်ရိုက်မှာနော်....ရှေ့တိုးမလာနဲ့ဆို...."
"ဂီး...."
မာန်ဖီသည့်အသံနှင့်ပင်ကျောပြင်က စိမ့်ခနဲ။ တစ်နေကုန် ဘယ်လိုကောင်တွေနှင့် တွေ့နေရပါသနည်း။ Kiteလာကယ်ရန် သူဆုတောင်းမိသည်။ ဘယ်​တွေရောက်နေပြန်ပြီလဲမသိ။ သူတော့ ခွေးစာဖြစ်တော့မည်နှင့်တူသည်။
မဝံ့မရဲဖြင့် နောက်ကိုဖြည်းဖြည်းချင်းဆုတ်စဉ် နောက်ကျောဘက်မှ တစ်ခုခုနှင့်ဝင်တိုက်မိလိုက်သည်။ ဘုရားလာသည့်လူကိုမမြင်မစမ်းနှင့် တိုက်မိလိုက်သည်ထင်ပြီး လှည့်ကြည့်မိလိုက်သည်။
"Kite...."
Kiteကမျက်နှာသေဖြင့် သူ့ကိုစိုက်ကြည့်နေသည်။ မင်းခွန်မှိုင်း ကြောက်အားလန့်အားဖြစ်နေရာကနေ Kiteကိုမြင်လိုက်ရတော့ အားတက်သွားကာ အားကိုးတကြီးဖြင့် ခေါ်လိုက်သော်လည်း Kiteကသူ့ကိုမလှုပ်မယှက်စိုက်ကြည့်နေဆဲ....။
"K...Kite"
ထပ်ခေါ်လိုက်တော့ Kiteသည် မင်းခွန်မှိုင်းအင်္ကျီကော်လာကို ဆောင့်ဆွဲလိုက်လေသည်။ Kiteအပြုအမူကြောင့် မင်းခွန်မှိုင်းမှာ အံ့အားသင့်မိသွားသည်။ သည်ကောင်ရူးများရူးသွားလေပြီလား။ Kiteသည် သူ့ကိုကြည့်မနေတော့ဘဲ စောစောကခွေးကိုလှမ်းကြည့်နေလေသည်။ မင်းခွန်မှိုင်းလည်း လည်ပြန်ကြည့်လိုက်မိတော့ ခွေးကတစ်ကောင်မဟုတ်တော့ချေ။ သုံးကောင်ဖြစ်နေချေပြီ။
Kiteသည် သူ့ခွေးများကိုကြည့်ကာ ခပ်ညစ်ညစ်​ပြုံး​သည်။
"ဗိုက်ဆာနေကြပြီလား...."
Kiteအပြောကြောင့် မင်းခွန်မှိုင်းမှာ မျက်လုံးပြူးမျက်ဆံပြူးဖြစ်သွားသည်။ ဤသည်မှာ Kite၏ခွေးများဖြစ်မည်။
"Ki...Kite.....ငါ....ငါပြောပြမယ်"
သူပြောသည်ကို Kiteကနားမထောင်ချေ။
"လူမကျ ဝိဉာဉ်မကျကောင်ရဲ့အသားကို မြည်းကြည့်စေချင်နေတာနဲ့ အတော်ပဲ..."
"Kite....ငါ​ပြောတာနား​ထောင်ဦးလို့။"
"မင်းငါ့စကားနားမထောင်ဘဲ ပျောက်သွားတာလေ...။ အရမ်းသေချင်နေတာလား...ဟမ်...မင်းခွန်မှိုင်း။ ငါကိုယ်တိုင်မင်းကိုအဆုံးသတ်ပေးရမလား။"
အင်္ကျီကော်လာကိုဆက်တိုက်ဆွဲဆောင့်ရင်း ဒေါသတကြီးမေးနေလေသည်။ သို့ပေမဲ့ မျက်လုံးများသည် အရောင်ပြောင်းနေပြန်သည်။ တစ်မျိုးတည်းမဟုတ်ဘဲ ဆက်တိုက်ကိုပြေးလွှားနေသည့် အရောင်များဖြစ်သည်။
"Kite....မင်း ငါပြောတာကို နားထောင်မှဖြစ်မယ်..."
Kiteကသက်ပြင်းချသည်။
"နောက်ကျသွားပြီ။
သူ့ကိုစားလိုက်တော့...."
စကားအဆုံးမှာပင် Kiteသည်မင်းခွန်မှိုင်းအား အနောက်ကခွေးအုပ်ကြားထဲ ဆောင့်တွန်းလိုက်လေ​တော့သည်....။
Thanks For Reading
Note
updateနောက်ကျသွားတယ်ရော...။ တောင်းပန်ပါတယ်ဗျ။ ဒီကြားထဲ ဟိုဟာလေးပြေးရေး ၊ ဒီဟာလေးပြေးရေးမလို့ပါ။ ဇာတ်ကနည်းနည်းရှုပ်လာပြီထင်တယ်နော်😁...။ ဘာတွေဆက်ဖြစ်မလဲ ဘာတွေဆက်ဖြစ်မလဲပေါ့....။
Zawgyi
"Kite လာလေကွာ"
"မင်းခွန်မှိုင်း..."
You are reading the story above: TeenFic.Net