Unicode
မနက်ကိုးနာရီတိတိတွင် စတူဒီယိုစဖွင့်ပြီဖြစ်သောကြောင့် မင်းခွန်မှိုင်းမှလွဲ၍ ငစိုင်းနှင့်ကျော်ကြီးတို့ရောက်နေချေပြီ။ ပစ္စည်းတစ်ခုချင်းစီကို သန့်ရှင်းရေးလိုက်လုပ်နေသည့် ကျော်ကြီးအား ငစိုင်းမှလက်လာတို့လိုက်သည်။
"ဟိုကောင် ခွန်မှိုင်းအခုချိန်ထိ နိုးရောနိုးလားမသိဘူး။ ဖုန်းလှမ်းဆက်ကြည့်ဦး"
ကျော်ကြီးကခေါင်းတစ်ချက်ယမ်းလေသည်။ မင်းခွန်မှိုင်းကိုနှိုးမည့်အစား ကျားဖင်သာပြေးနှိုက်လိုက်ချင်ပါ၏။
"အိပ်ပါစေကွာ။ ဒီနေ့အလုပ်အပ်ထားတာလည်း ရှိတာမှမဟုတ်တာ။ မန်းလေးမှာတုန်းက သူပင်ပန်းထားတော့ အခုမှပေါင်းအိပ်နေတာနေမှာပေါ့"
အလုပ်လုပ်ရတာခြင်းတူပေမဲ့ မင်းခွန်မှိုင်းသည် ပိုပင်ပန်းတတ်လေသည်။ ပိုပင်ပန်းသည်ဆိုသည်ထက် ပိုအပျင်းကျသည်ဟုဆိုလျှင် ပိုမှန်မည်။ မရှိတော့လည်း နားအေးသည်မို့ ငြိမ်းချမ်းခြင်းကို ဆက်လက်ထိန်းသိမ်းထားလိုက်သည်။
"ဒါနဲ့ကျော်ကြီး။ ငါမနက်ဖြန် မနက်ပိုင်း စတူဒီယိုမလာဘူးနော်။"
"ဟေ ဘာလို့"
"ငါ့အမေက ခြံရဲ့လွတ်နေတဲ့နေရာမှာ တိုက်ခန်းအသေးလေးဖွဲ့ချင်လို့တဲ့။"
"မင်းအိမ်မှာ မင်းရယ် ၊ မင်းမေမေရယ်နှစ်ယောက်တည်းရှိတာကို ထပ်ဆောက်ဦးမလို့လား"
ဟုတ်၏။ ငစိုင်းဖခင်သည် ငစိုင်းအထက်တန်းလောက်မှာပင် ဆုံးပါးသွားခဲ့သည်မဟုတ်လား။ ညီအစ်ကိုမောင်နှမလည်းမရှိသည့် ငစိုင်းသည် မိခင်ကိုတွယ်တာရှာသည်။ ကံကောင်းသည်က ငစိုင်းဖခင်သည် သူတို့သားအမိအား အေးဆေးနေနိုင်လောက်သည့်အခြေအနေတွင် ထားခဲ့ပေးခြင်းပင်။
"စတိုခန်းထဲက စာအုပ်အဟောင်းတွေနဲ့ ပစ္စည်းတချို့ကို သီးသန့်သိမ်းချင်လို့တဲ့။ အဲ့တာ ငါမနက်ဖြန် အင်ဂျင်နီယာနဲ့သွားတွေ့ရမှာ"
ငစိုင်းစကားကို ကျော်ကြီးသည် ဝမ်းသာအားရဖြစ်သွားပုံဖြင့် ပခုံးကိုဖြောင်းခနဲလာရိုက်သည်။
"ဟေ့ကောင်....အဲ့တာ မင်းကိုသာ့ဆီသွားဖို့ အခွင့်အရေးနော်..."
ငစိုင်းသက်ပြင်းလေးချမိသည်။
"မသွားပါဘူးကွာ။ ငါ ကိုသာနဲ့နှစ်ယောက်တည်းမတွေ့ရဲပါဘူး"
"မတွေ့ရဲရင် အလုပ်လိုက်သွားပေါ့ကွ။ သိတဲ့သူနဲ့ဆိုတော့ ပိုတောင်အဆင်ပြေသေးတယ်မဟုတ်ဘူးလား။ ပြီးတော့ ကိုသာနဲ့ရင်းနှီးဖို့အခွင့်အရေးလေ။ ဘာတွေစဉ်းစားနေတာလဲ"
"ငါကြောက်တယ်ကွ။ ကိုသာ ငါ့ကိုမကြိုက်ရင် ဘယ်လိုလုပ်မလဲ"
ငစိုင်းအား ကျော်ကြီးမကျေမနပ်ဖြင့် နားရင်းသာအုပ်မိတော့သည်။ ကြိုက်လိုက်တာလည်း တစ်ပိုင်းသေ ၊ သတ္တိကကျတစ်စက်ပင်မရှိ။
"မင်းကိုအလုပ်အပ်ခိုင်းနေတာ။ ဖွင့်ပြောခိုင်းနေတာမဟုတ်ဘူး အရူးရဲ့။"
"ခွန်မှိုင်းကတော့ကြိုက်မှာမဟုတ်ဘူး၊ သေချာတယ်ကွ။ ကိုသာ့နားငါကပ်ရင်ကို သူငါ့ကိုသတ်တော့မယ့် အတိုင်းပဲ။"
"ငမှိုင်းကအပြောသာဆိုးတာပါကွာ။ စိတ်ရင်းကကောင်းတယ်။ မင်းသာ ကိုသာ့ကိုတကယ်ချစ်ရင် အဲ့ကောင်လက်ခံမှာပါ။ အရင်ဆုံး ကိုသာနဲ့ရင်းနှီးအောင်လုပ်ဦး ငေးကြည့်ကောင်ရဲ့"
ကျော်ကြီးပြောလည်းခံရမည်သာ။ အမြဲတမ်းငေးကြည့်နေဖို့ပင် ငစိုင်းခေါင်းထဲရှိပါသည်လေ။ ထို့ကြောင့် သူဟာငေးကြည့်ကောင်ပေါ့။
"ငါ...ငါကြိုးစားကြည့်ပါမယ်"
ယုံကြည်ချက်မရှိစွာဖြင့် ထွက်လာသည့်စကားဖြစ်သည်။ ကိုသာ့အနားရောက်လျှင် အလိုလိုလူကကျုံ့သွားသလို ခံစားနေရတာ ဘယ်လိုလုပ်ရပါ့။
************************************
ကိုသာ့လုပ်ငန်းခွင်သို့ ငစိုင်းတစ်ယောက် မချင့်မရဲလိုက်သွားမိသည်။ ကိုသာတို့အိမ်အထိ သွားပြောလည်းဖြစ်ပေမဲ့လို့ မင်းခွန်မှိုင်းကိုကြောက်ရသောကြောင့် လုပ်ငန်းခွင်ထဲလိုက်လာမိခြင်းပင်။ အကာအကွယ်ဦးထုပ် အဝါအနီကြားလေးဆောင်းထားပြီး ကြယ်သီးတပ်ရှပ်အင်္ကျီအဖြူလွလွလေးသည် ကိုသာ့ကိုယ်ပေါ်၌ လိုက်ဖက်လွန်းစွာ....။ သည်လိုရိုးရိုးရှင်းရှင်းပုံစံလေးကပင် ကိုသာနှင့်အလိုက်ဖက်ဆုံးများလား...။ မြင်နေရသည့်ကျောပြင်လေးကပင် ကြည့်ကောင်းနေဆဲ။
ထိုစဉ် ကိုသာ့ဘေးသို့ အမျိုးသမီးတစ်ဦးရောက်လာသည်။ ကိုသာနှင့်ရွယ်တူလောက်ပင်ရှိမည်။ ငယ်ငယ်ချောချော အင်ဂျင်နီယာမလေးတစ်ယောက်ဖြစ်သည်။ ဘာရယ်မဟုတ်၊ စိတ်ထဲတွင်သိမ်ငယ်စိတ်ဝင်သွားမိသည်။ ပြန်လှည့်လိုက်လျှင် ကောင်းမည်လား...။
နောက်ဆုံးတော့ စိတ်ကိုဒုန်းဒုန်းချပစ်လိုက်သည်။ 'အလုပ်အပ်ဖို့လာတာ ၊ အလုပ်ကိစ္စလေးပဲ။ ဘာမှမတွေးနဲ့။ ရှေ့ဆက်တိုး...။'
"ကိုသာ..."
နောက်ကျောဘက်၌ရပ်ရင်းခေါ်တော့ ကိုသာလှည့်ကြည့်လာသည်။ ထို့နောက် အံ့သြသွားဟန်လေးဖြင့် သူ့အားနှုတ်ဆက်သည်။
"ငစိုင်းပါလား။ ဘာကိစ္စလဲ ငါ့ညီ"
ကိုသာ့ဘေးမှမိန်းကလေးသည် ထွက်မသွားသေးဘဲ ငစိုင်းကိုလှည့်ကြည့်လာလေသည်။ အနီးကပ်ကြည့်တော့ မိန်းကလေးကပိုလှသည်။ ကိုသာနှင့်ဘေးချင်းယှဉ်ရပ်လိုက်တော့ လိုက်ဖက်လွန်းနေသည်....။ အတွေးလွန်ကာ တုန်လှုပ်လာမိ၏။
"ကျွန်တော်အလုပ်ကလေးအပ်ချင်လို့ ကိုသာ။ အဲ့တာ ကိုသာကူညီနိုင်မလားလို့"
ကိုသာသည် သူ့အကျင့်အတိုင်း ခပ်ချိုချိုလေးပြုံးသည်။ ဘယ်အချိန်ကြည့်ကြည့် ရိုးမသွားနိုင်သည့်အပြုံး။ အဘယ်ကြောင့် ထိုမျှလောက်ထိ အပြုံးလေးသည်လှရပါသနည်း။
"ရတာပေါ့။ ကိုသာကူညီရမှာပေါ့။ အခုတော့ အလုပ်ခွင်မှာမို့ နောက်ရက်မှအေးဆေးချိန်းပြီး ပြောလို့ဖြစ်တယ်မလား.."
"ဟုတ်...ဟုတ်ကိုသာ။ ရပါတယ်။"
"ဒါမှမဟုတ် ညနေ ညီမှိုင်းအိမ်ပြန်ရင် လိုက်လာခဲ့လေ"
ငစိုင်းချက်ချင်းခေါင်းခါလိုက်မိသည်။ မင်းခွန်မှိုင်း စိတ်ဆိုးပြီး ကိုသာ့ကိုသူကြိုက်နေတာတွေ ပြောလိုက်လျှင် ကိုသာသူ့အား ရွံရှာရှောင်ဖယ်သွားမည်ကိုစိုးသည်။
"ကျွန်တော်တို့ဆိုင်တစ်ဆိုင်မှာ ထပ်ဆုံကြမယ်လေ။ ကိုသာအချိန်ရတယ်မလား"
"အင်း ရပါတယ်။ ဪ....အချိန်လေးညှိဖို့ ကိုသာ့ကို မင်းဖုန်းနံပါတ်လေးပေးထားလိုက်လေ"
ငစိုင်းဝမ်းသာအားရဖြင့် အိတ်ထဲမှဖုန်းကိုထုတ်နေစဉ် ကိုသာ့ဘေးမှမိန်းကလေးသည် စကားဝင်ဆိုလာ၏။
"ကိုခွန်သာ့ရဲ့ညီလေးလား"
"ကိုယ့်ညီလေးရဲ့သူငယ်ချင်းပါ။
မိတ်ဆက်ပေးရဦးမယ်...။ ငါ့ညီ...။ ဒီက ကိုယ့်လုပ်ဖော်ကိုင်ဖက် မေရွက်ဝါတဲ့။"
ငစိုင်းစိတ်မပါလက်မပါ ခေါင်းညိတ်ပြလိုက်သည်။ ကိုသာသည် တခြားမိန်းမတစ်ယောက်အား သူနှင့်မိတ်ဆက်ပေးနေခြင်းကို စိတ်ထဲတွင်ခံရခက်နေသည်။ ကိုသာနှင့်ငစိုင်းဆိုတာ ဘာမှမဆိုင်ပေမဲ့ သဝန်တိုနေမိသည်။ ဘာကြောင့်များ ထိုမျှလောက်ထိ သဘောထာသေးသိမ်နေရပါလိမ့်ဟု ကိုယ့်ကိုကိုယ်ပြန်အပြစ်တင်မိသည်။ ကိုသာသည် သူတို့အား ဆက်ပြီးမိတ်ဆက်ပေးနေသည်။
"ရွက်ဝါ..။ ဒါက ကိုယ့်ညီ မင်းခွန်မှိုင်းရဲ့သူငယ်ချင်း။ နာမည်က...."
ကိုသာရပ်တန့်သွားသည်။ အဘယ်ကြောင့်နည်း။ ကိုသာသည် ကုပ်ကိုလက်ဖြင့်ကိုင်လေရင်း အားနာပြုံးလေးပြုံးပြလာသည်။ ကိုသာ သူ့နာမည်ကိုတောင် မသိတာများလား...။
"ဆောရီး ငါ့ညီရာ။ ညီမှိုင်းက ငစိုင်း ၊ ငစိုင်းနဲ့ပဲခေါ်နေလို့ မင်းနာမည်အရင်းကို ကိုယ်မမှတ်မိဘူး။"
ငစိုင်းခေါင်းငုံ့ရင်း ကိုယ့်ကိုယ်ကိုယ်လှောင်ပြုံးတစ်ချက် ပြုံးလိုက်မိသည်။ သိပ်ကိုချစ်ရသည့်ကိုသာသည် ငစိုင်းဆိုသူ၏နာမည်ကိုပင် မသိပါ၏တဲ့။ သိပ်ကိုဉာဏ်ကောင်းလွန်းသည့် ကိုသာ့ဦးနှောက်ထဲတွင် ငစိုင်းအတွက်နာမည်လေးပင် နေရာမရှိခဲ့။ ရင်ထဲမှဆစ်ခနဲနာကျင်စပြုလာ၏။ နှုတ်ခမ်းကိုတစ်ချက်ဖိကိုက်ပြီး ကိုသာ့ကိုမော့ကြည့်မိသည်။ မျက်ရည်တွေဝဲနေမည်လားဆိုတာတော့ ငစိုင်းကိုယ်တိုင်မသိ။ အံကိုတင်းတင်းကြိတ်ရင်း တံတွေးကိုမျိုချလိုက်သည်။
"ကျွန်တော့်နာမည် စိုင်းဝေယံပါ ကိုသာ။ ကိစ္စလေးရှိသေးလို့ ပြန်ခွင့်ပြုပါဦး"
သည်လောက်သာပြောနိုင်ပြီး လှည့်ထွက်လာခဲ့မိသည်။ ဖုန်းနံပါတ်လည်းမပေးဖြစ်ခဲ့။ ရင်ထဲတွင်အုံကြွလာသည့် အရာကြီးသည် နှလုံးသားကိုဒုက္ခပေးနေလေသည်။ နှလုံးသားကသိမ်ငယ်လွန်း၍ ကျုံ့ဝင်ပြီးသေးသေးလေးပင် ကျန်တော့သလိုခံစားရသည်။ ကိုသာနှင့်သူသိလာသည်မှာ ၇နှစ်ရှိခဲ့ပြီ။ မင်းခွန်မှိုင်းအိမ်ကိုလည်း အကြိမ်တစ်ရာမကရောက်ဖူးခဲ့ပါလျက်နှင့် ကိုသာသည် သူ့နာမည်အရင်းကိုပင်မသိ။ ငစိုင်းမပြောပြခဲ့မိလို့များလား။ သေချာပေါက်ကို ပြောပြခဲ့ဖူးပါသည်။ မင်းခွန်မှိုင်းသည် ကိုသာနှင့်သူတို့ကို မိတ်ဆက်ပေးခဲ့သည့်အချိန်တုန်းကတည်းက 'ကျွန်တော့်နာမည် စိုင်းဝေယံ'ပါဆိုပြီး ပီပီသသကိုမိတ်ဆက်ခဲ့ဖူးသည်။ တစ်ခါတည်းပြောပြဖူးလို့ ကိုသာမေ့သွားသည်ထင်ပါရဲ့။ ကိုသာ့အားအပြစ်မဆိုလို။ ငစိုင်းလိုလူအတွက် ကိုသာ့တွင်ပေးစရာနေရာရှိဖို့ဆိုတာ အိပ်မက်ပင်။ လူကိုမဆိုထားနှင့်၊ နာမည်လေးအတွက်ပင် ကိုသာ့စိတ်ထဲမရှိ။ သိမ်ငယ်မိလွန်း၊ ဝမ်းနည်းမိလွန်း၍ ကိုသာ့ရှေ့ဆက်နေဖို့ အင်အားကင်းမဲ့ခဲ့သည်။ သည်ကကောင်သည် ခပ်ပျော့ပျော့ခပ်ညံ့ညံ့လူစားရယ်ပင်။ ကိုသာနှင့်ပတ်သက်လာလျှင် ခံစားလွယ်လွန်းသည့် လူပျော့ရယ်ပင်...။
************************************
စတူဒီယိုသွားဖို့ရာ အိမ်မှလမ်းထိပ်သို့ အရင်ဆုံးထွက်လာရသည်။ လမ်းထိပ်ရောက်မှ ကားငှါး၍ရမည်။ တစ်ခါတလေ မြင်းလှည်းလေးစီးပြီး ငြိမ့်ငြိမ့်ညောင်းညောင်း သာသာယာယာသွားချင်ပါသော်လည်း နောက်ကျလျှင် ကျိန်ဆဲမည့်ငနဲနှစ်ကောင်ကြောင့် ကားသာငှါးရသည်။ မနေ့ကလည်း နောက်ကျသဖြင့် ဆူခံထိသေးသည်။ ထို့ကြောင့် ဖခင်အား ကားဝယ်ပေးရန်ပြောသည်ကို လူကိုမယုံသဖြင့် မဝယ်ပေးနိုင်ဟု ဆိုသည်။ ကိုယ့်သားကိုယ် လာကြောင့်အဲ့ဒီလောက်ထိ ယုံကြည်စိတ်ချရတာလဲဟုပင် ရွဲ့တဲ့တဲ့တွေးမိသေးသည်။
"Kite"
ဘေးနားတွင်အေးအေးလူလူလျှောက်လာသည့် Kiteကိုခေါ်လိုက်တော့ သူကမေးဆတ်ပြသည်။ ဆိုလိုတာက 'ဘာလဲ ပြော'ပေါ့။
"မင်းမှာ နေရာတစ်နေရာကနေ နောက်တစ်နေရာအမြန်ရောက်သွားနိုင်တဲ့ အစွမ်းလေးဘာလေးမရှိဘူးလား။"
"မင်းကငါ့ကိုဘာထင်နေတာလဲ မင်းခွန်မှိုင်း။ စွမ်းအားရှင်များမှတ်နေတာလား။"
"မေးကြည့်တာပါကွာ။ မင်းကလေ စကားပြောတာ နည်းနည်းမှကိုအချိုးမပြေဘူး"
မကျေမနပ်ဖြင့် အားပါးတရပြောပြီးကာမှ ဘေးဘီကိုကြည့်မိတော့ လမ်းသွားလမ်းလာတချို့သည် မင်းခွန်မှိုင်းအား ကြည့်ကွက်ကြည့်ကွက်လုပ်သွားလေသည်။ Kiteကိုသူတို့မမြင်ရသောကြောင့် မင်းခွန်မှိုင်းတစ်ယောက်တည်း စကားတွေပြောနေသည်ဟုမြင်ကာ အရူးထင်သွားကြခြင်းဖြစ်မည်။ သက်ပြင်းကိုချရင်း Kiteအားပေစောင်းစောင်းကြည့်ကာ ဆူပုတ်ပုတ်ဖြင့် လမ်းကိုသာဆက်လျှောက်လိုက်တော့သည်။
စတူဒီယိုရောက်တော့ ညနေပိုင်းဒိတ်လုပ်ပေးရန်ရှိသည်ဟု ကျော်ကြီးကဆိုလေသည်။ ငစိုင်းသည် အိမ်တွင်ကိစ္စရှိသည်ဟုဆိုကာ မနက်ပိုင်းမလာသောကြောင့် ကျော်ကြီးနှင့်မင်းခွန်မှိုင်း နှစ်ယောက်တည်း စတူဒီယိုအစောင့်ကျလေသည်။ ငစိုင်းတစ်ယောက် ကိုသာ့ဆီသွားသည့်ကိစ္စကို ကျော်ကြီးက မပြောဘဲဖုံးပေးထားခြင်းဖြစ်သည်။ မဟုတ်လျှင် နှစ်ကောင်သားစကားနာတွေထိုးပြီး နားပူနေမှာစိုးရသည်။
ဆယ်နာရီခွဲလောက်ကျ ငစိုင်းပြန်ရောက်လာသည်။ တစ်မနက်လုံးမအားဘူးဆိုပြီး ရောက်တော့လာသေး၏။
"ဟိတ်ကောင် ငစိုင်း...မင်းဘာတွေအလုပ်ရှုပ်နေတာလဲ"
E-mailထိုင်စစ်ရင်း ငစိုင်းကိုလှမ်းကြည့်ကာ မေးလိုက်တော့ ငစိုင်းသည် ခေါင်းအသာယမ်းလေသည်။
"ဒီလိုပါပဲကွာ။ အရေးမကြီးပါဘူး"
လေသံကအားမရှိသည့်အပြင် မျက်နှာကညှိုးငယ်နေသည်။ ကိုယ့်သူငယ်ချင်းတစ်ယောက်လုံးမျက်နှာမကောင်းတာကို မသိရလောက်သည်အထိ မင်းခွန်မှိုင်း မအသေးချေ။ ငစိုင်းအနားသို့သွားလိုက်ပြီး ပခုံးကိုဆုပ်ကိုင်လိုက်သည်။
"မင်းဘာဖြစ်လာတာလဲ ငစိုင်း။ မျက်နှာလည်း မကောင်းဘူး။ နေမကောင်းလို့လား..."
ငစိုင်းသည်အားအင်ချိနဲ့စွာပြုံးပြသည်။
"ငါနည်းနည်းခေါင်းနောက်နေလို့နေမှာပါ။ နေလည်းပူတယ်လေ။"
ထိုသို့ဆိုရင်း စားပွဲပေါ်ကရေသန့်ဘူးလေးကို ဖွင့်သောက်နေသည်။ ငစိုင်းတကယ်ထေခါင်းနောက်နေတာမဟုတ်မှန်း မင်းခွန်မှိုင်းသိသည်။ စူးစမ်းစွာဖြင့် ကြည့်နေမိတော့ ငစိုင်းကရယ်လေပြီး မင်းခွန်မှိုင်းဆံပင်တွေကို ဆွဲဖွလေသည်။
"ငါဘာမှမဖြစ်ပါဘူး။ ခေါင်းနောက်နေလို့ပါဆို ခွန်မှိုင်းရာ။ စိတ်ပူမနေနဲ့။ ဒီနေ့ E-mailတွေမင်းအကုန်စစ်ရမှာ။ ငါခေါင်းနောက်လို့မလုပ်နိုင်သေးဘူး"
မင်းခွန်မှိုင်းရိပ်မိသွားမည်စိုးသောကြောင့် စတူဒီယိုအတွင်းဘက်သို့ မသိမသာဝင်သွားလိုက်တော့သည်။ သိုာသော် အတွင်းထဲတွင် သန့်ရှင်းရေးလုပ်နေသည့် ကျော်ကြီးနှင့်တည့်တည့်တိုးလေသည်။ ငစိုင်းကိုမြင်လေတော့ အနားချက်ချင်းရောက်လာပြီး လေသံတိုးတိုးဖြင့် မေးလေသည်။
"အဆင်ပြေရဲ့လား ငစိုင်း။ တွေ့ခဲ့လား"
ငစိုင်းခေါင်းသာညိတ်ပြသည်။ ဘာအပိုမှလည်းထပ်မပြောချေ။ အမှန်တကယ်ဆို ကိုသာနှင့်တွေ့လာလျှင် တက်ကြွနေရမည်မဟုတ်လား။ ယခုကျ ထိုင်းမှိုင်းနေတာပင်။
"မင်းဘာဖြစ်လာတာလဲ"
ငစိုင်းကခပ်ယဲ့ယဲ့ပြုံးလိုက်သည်။ ယခုအချိန်တွင် စတူဒီယိုလေးကပင် သူ့အတွင် အရမ်းကြီးကျယ်ခမ်းနားလွန်းနေသလို ခံစားရပြီး သေးသိမ်နေမိသည်။ နာမည်လေးမသိသည့်ကိစ္စကို သူကိုယ်ကပိုမိနေခြင်းဖြစ်ပါမည်လေ။
"ငါ့နာမည်ကိုမင်းသိလား ကျော်ကြီး..."
ကျော်ကြီးသည် သူ့အားမျက်မှောင်ကြုတ်ကာကြည့်လာပြီး ကျောပြင်ကိုဖြောင်းခနဲရိုက်လေသည်။
"မင်းရူးသွားပြီလား ဟိတ်ကောင်။ ငါတို့ပေါင်းလာတာ ၇နှစ်ကျော်တော့မယ်။ မင်းနာမည်မသိစရာလား သောက်ရူးစိုင်းဝေယံရဲ့။ နေပူလို့ဂေါက်သွားပြီလား"
"အေးကွာ...ငါရူးသွားပြီထင်တယ်"
ငစိုင်းနှင့်ကျော်ကြီးပြောနေသည့်စကားများကို မင်းခွန်မှိုင်းခိုးနားမထောင်မိဘဲ ကြားလိုက်ရသည်။ သို့ပေမဲ့ အဖြေမထွက်။ ဘာတွေများဖြစ်လို့ ငစိုင်းသည်လောက်ထိ သုန်မှုန်နေရပါသနည်း။ တစ်ခုခုထူးခြားနေတာသေချာသည်။ တစ်ခုခုကို ဖုံးကွယ်ထားချင်နေသည်မှာလည်း သေချာသည်။
မင်းခွန်မှိုင်းအလုပ်ထဲသိပ်စိတ်မရောက်လှ။ စိတ်ထဲတစ်ခုခု ခုနေသလိုပင်။ ငစိုင်းဘာတွေများခံစားနေရပါလိမ့်။ အမြဲတမ်းပွင့်လင်းပြီး ပျော်ပျော်နေတတ်သည့်ကောင်ကို ယခုလိုပုံစံကြီးနှင့်မြင်ရသည်မှာ အဆင်မပြေလှ။ နောက်ရက်မှပင် အတင်းစစ်မေးရတော့မည်။ ဒိတ်လုပ်ပြီးစတူဒီယိုသို့အပြန် မေးကြည့်ဖို့တွေးခဲ့ပေမဲ့ ငစိုင်းသည်ပြန်နှင့်ပြီမဟုတ်လား။
သင်းတို့အတွက်ပူရတာနှင့် ရှေ့ကကြည့်နေသည့်ဇာတ်ကားကို အာရုံမရောက်တော့ချေ။ လွတ်သွားသည့်အပိုင်းများသို့ နောက်ပြန်ရစ်နေစဉ် အခန်းတံခါးဖွင့်သံကြောင့် လှမ်းကြည့်မိတော့ ကိုသာရောက်လာခြင်းဖြစ်သည်။ မင်းခွန်မှိုင်းအခန်းသို့ ကိုသာလာခဲပါသည်။ မင်းခွန်မှိုင်းကသာလျှင် ကိုသာ့အခန်းထဲ ခဏခဏသွားရှုပ်နေကျဖြစ်သည်။
"ကိုသာ ဘာကိတ်.."
"ညီမှိုင်းသူငယ်ချင်းဖုန်းနံပါတ်တောင်းမလို့။"
မင်းခွန်မှိုင်း သံသယဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။
"ညီမှိုင်းသူငယ်ချင်း ငစိုင်းလေ။ သူ့ဖုန်းနံပါတ်ရှိလား"
"ကိုသာကဘာလို့သူ့ဖုန်းနံပါတ်လိုချင်တာတုန်း"
မင်းခွန်မှိုင်းအလိုမကျစွာမေးလိုက်မိသည်။ ကိုသာနှင့်ငစိုင်း ဘာတွေရှုပ်နေကြသနည်း။ ကိုသာသည် အရစ်ရှည်နေသော မင်းခွန်မှိုင်းကိုစူးစိုက်စွာကြည့်လျက် ကုတင်ပေါ်လာတက်ထိုင်သည်။
"ဒီနေ့ ကိုသာ့ဆီသူလာသွားတယ်"
ငစိုင်းက ကိုသာ့ဆီသွားခဲ့တာပင်။ ငစိုင်းနှင့်ကျော်ကြီးတို့ တိုးတိုး၊တိုးတိုးလုပ်နေကြသည့် ကိစ္စကို သူယခုမှသဘောပေါက်သည်။ ကိုသာကဆက်ပြောသည်။
"ကိုသာ့ကိုအလုပ်အပ်ချင်လို့တဲ့။ ကိုသာကနောက်ရက်မှတွေ့ဖို့ချိန်းမလို့ ဖုန်းနံပါတ်တောင်းတာ သူကမပေးဘဲပြန်သွားတယ်။ အဲ့တာကြောင့် ညီမှိုင်းကိုလာမေးတာ"
ငစိုင်းသည် ကိုသာဖုန်းနံပါတ်တောင်းသည်ကိုမပေးဘဲ ပြန်သည်တဲ့။ မဖြစ်နိုင်ချေ။ အမှန်တကယ်ဆို ထိုကောင်ကြီးအပျော်လွန်ပြီး ထတောင်ကနေနိုင်သေးသည်။ ယခုက လူသေကောင်ကြီးကဲ့သို့သာ တွေ့ခဲ့ရသည်။
"သူကဘာလို့ပေးမသွားတာလဲ"
"ကြည့်ရတာ သူစိတ်များဆိုးသွားသလားမသိဘူး"
"ငစိုင်းကဘာကိုစိတ်ဆိုးတာလဲ"
"ဒီလိုကွာ...ကိုသာ့မိတ်ဆွေ မေရွက်ဝါနဲ့ညီမှိုင်းသူငယ်ချင်းကို ကိုသာမိတ်ဆက်ပေးမိတယ်။"
"ဟင်...အဲ့မိန်းမကိုကျွန်တော်ကြည့်မရဘူးနော် ကိုသာ။ လှတယ်ဆိုပြီးမာန်တက်နေတာ"
မင်းခွန်မှိုင်းနှင့်လည်း မေရွက်ဝါဆိုသည့်မိန်းမကို ကိုသာမိတ်ဆက်ပေးဖူးသည်။ ဘာဓာတ်လဲတော့မသိပေမဲ့ မြင်ရုံနှင့်ပင် ဘဝင်မကျဖြစ်ခဲ့သည်။ သူ(မ)သည် စကားပြောလျှင်လည်း ဟန်ပန်အမူအရာတွေပိုလွန်းသည်။ ပြုံးလျှင်လည်း ဟန်ဆောင်ပြုံးကြီးနှင့်တူသည်။
"ကိုသာအဲ့မိန်းမကိုကြိုက်နေတာလား"
ကိုသာချက်ချင်းခေါင်းယမ်းလေသည်။
"မဟုတ်တာ ညီမှိုင်းရယ်။ လုပ်ဖော်ကိုင်ဖက်ပါ။ ကိုသာစိတ်ဝင်စားတဲ့သူမရှိသေးပါဘူး။ ညီမှိုင်းလုပ်တာနဲ့ စကားလမ်းကြောင်းတွေလွဲကုန်ပြီ။ ငစိုင်းကိစ္စပြန်ဆက်မယ်။ ကိုသာမိတ်ဆက်ပေးတော့ကွာ အဲ့မှာ သူ့နာမည်ကို ကိုသာမေ့သွားတယ်။ ညီမှိုင်းက အမြဲ ငစိုင်း ၊ ငစိုင်းဘဲခေါ်နေတော့ ကိုသာကငစိုင်းပဲစိတ်စွဲနေတာ။ နာမည်အရင်းမမှတ်မိသလိုဖြစ်သွားတယ်လေ။ အဲ့တာကို သူစိတ်မကောင်းဖြစ်သွားတာလားမသိဘူး။"
မင်းခွန်မှိုင်း သည်တစ်ခေါက်တော့ ကိုသာ့ကိုပင်စိတ်ဆိုးမိတော့သည်။ ငစိုင်းမျက်နှာမကောင်းခြင်းမှာ ကိုသာ့လက်ချက်ပင်။ တခြားမိန်းမတစ်ယောက်နှင့်ငစိုင်းအား မိတ်ဆက်ပေးသည့်အပြင် ငစိုင်းနာမည်ကိုပင် မေ့နေသည်ဆိုတော့ ငစိုင်းရင်ကွဲနာကျလောက်သည်။ သူ့ခမျာ ကိုသာ့အားအသေအလဲကြိုက်ပါလျက် မင်းခွန်မှိုင်း ဝင်ဝင်နှောက်နေသဖြင့် ရှေ့ဆက်မတိုးဘဲ ငေးကြည့်နေသည့်ကိစ္စ။
"ကိုသာဗျာ...အင်ဂျင်နီယာလုပ်နေပြီး ကျွန်တော့်သူငယ်ချင်း နာမည်လေးတောင်မသိဘူးလား"
"ဆိုင်မှမဆိုင်ဘဲ ညီမှိုင်းရယ်။ ညီမှိုင်းကလည်း အမြဲသူတို့ကိုနာမည်အရင်းခေါ်တာမှမဟုတ်တာ။ ကိုသာနဲ့ဆိုတာကလည်း သိနေပေမဲ့ စကားသိပ်ပြောတာမဟုတ်ဘူးလေ။"
"ဘာပဲဖြစ်ဖြစ် နာမည်လေးတော့ကိုသာသိသင့်တယ်လေ။"
မင်းခွန်မှိုင်း ကိုသာ့ကိုပင်အပြစ်ပြောမိတော့သည်။ ငစိုင်းသည် စိတ်သဘောထားကောင်းသလို စိတ်ကနုသည်။ ဖအေမရှိသည့်အပြင် သူ့ကိုယ်သူ ဂေးဖြစ်နေခဲ့၍သိမ်ငယ်နေခဲ့သည်။ ကိုသာ့ကိုကြိုက်မိတော့လည်း မင်းခွန်မှိုင်းကြောင့်ဆိုခြင်းထက် ကိုသာ့အနားကပ်ဖို့ပင် သူကိုယ်တိုင်မဝံ့မရဲဖြစ်တတ်သည်။ သူ့ဘာသာ စိတ်အားတင်းပြီးနေနေရသူပါလေ။ ဤသည်ကို ကိုသာကနာမည်လေးပင် အသိအမှတ်မပြုဘူးဆိုတော့ ခံစားသွားတာမဆန်း။ ကိုသာနှင့်သူ လုံးလုံးမသိလို့ဆိုထားဦး ၊ အခုကသိနေလျက် ၊ အိမ်ကိုဝင်ထွက်နေလျက်နှင့်ကို ကိုသာသည်စိတ်ထဲမရှိခြင်း။
ကိုသာ့အား သူလက်ညှိုးကြီးကောက်ထိုးပစ်လိုက်သည်။
"မနက်ဖြန် စတူဒီယိုကိုလိုက်ခဲ့။ ငစိုင်းကိုပြန်တောင်းပန်"
"ကိုသာအလုပ်တွေရှိသေးတယ် ညီမှိုင်းရဲ့"
"မသိဘူး။ ကျွန်တော့်သူငယ်ချင်း ကိုသာ့ကြောင့် စိတ်မကောင်းဖြစ်သွားတာ။ ကိုသာပြန်တောင်းပန်ရမယ်။"
"ကိုသာလည်းသူအဲ့လောက်ထိ စိတ်ထိခိုက်မယ် မထင်မိလို့ပါကွာ။ ညီမှိုင်းသူငယ်ချင်း ကျော်ကြီးဆိုတဲ့တစ်ယောက်နာမည်ဆိုလည်း ကိုသာသိတာမှမဟုတ်ဘဲ"
"သိတာတွေ မသိတာတွေမပြောနဲ့တော့။ တကယ်လို့ ကျွန်တော်သာအတိတ်မေ့ပြီး ကိုသာ့ကိုရော ကိုသာ့နာမည်ပါမေ့သွားရင် ဘယ်လိုလုပ်မလဲ။ ကိုသာဝမ်းနည်းမှာပဲမလား"
"အဲ့တာက ညီမှိုင်းက ကိုသာ့ညီဖြစ်တယ်။ ညီမှိုင်းကို ကိုသာကချစ်တော့ ဝမ်းနည်းမှာပဲလေ။"
"အင်းလေ အခုလည်းအဲ့လိုပဲလေ။ ကိုသာပဲ ငစိုင်းကို ကိုသာ့ညီအရင်းလိုသဘောထားတယ်ဘာညာပြောနေပြီးတော့ အခုလိုမမှတ်မိတာကျတော့..."
"ကဲ ကိုသာတောင်းပန်ပါ့မယ်ကွာ...။ ရပြီလား။ အခုတော့သွားအိပ်တော့မယ်။ ညီမှိုင်းလည်းအိပ်တော့"
ကိုသာသည် မင်းခွန်မှိုင်းခေါင်းကိုခပ်ဖွဖွပုတ်ပြီး သူ့အခန်းသူပြန်သွားတော့လေသည်။ မင်းခွန်မှိုင်းကတော့ ဇာတ်ကားဆက်ကြည့်ဖို့ပြင်လိုက်စဉ် ဘေးနား၌ အကုန်နားထောင်နေသည့်Kiteသည် သူ့အားစကားနာလာထိုး၏။
"မင်းကဘယ်ဆိုးလို့လဲ စိတ်ကောင်းတော့ရှိသား။ မင်းကိုတစ်ချိန်လုံးအကျင့်ပုတ်လို့ထင်နေတာ"
"အောင်မာ...ငါကဘာကိစ္စစိတ်ကောင်းမရှိရမှာလဲ။ ငါသာစိတ်ကောင်းမရှိရင် မင်းကိုမုန့်တွေဝယ်ကျွေးနေမှာတောင် မဟုတ်ဘူး။ ကျေးဇူးမတင် ဟိုဟာလှန်ပြမလုပ်နဲ့"
"ဘယ်ဟာလဲ"
မပြောချင်၍ ဟိုဟာလို့ပြောလိုက်သည်ကို ရအောင်မေးလာသေးသဖြင့် ဘုကြည့်ကြည့်လိုက်သည်။
"မင်းဘယ်ဟာလှန်ပြချင်လဲ"
Kiteသည်ပခုံးလေးတွန့်ပြီး နှုတ်ခမ်းတစ်ချက်မဲ့သည်။
"မင်းကရောဘာကြည့်ချင်လဲ"
မျက်နှာချင်းထိလုနီးပါးကပ်ရင်း မေးလာလေသည်။ စကားပုံသုံးမိသည့်မင်းခွန်မှိုင်းကိုက စမှားခြင်းပါလေ။ တစ်သက်လုံး လူတကာကို နိုင်စားလာခဲ့သမျှ သည်နတ်ဆိုးကောင်နှင့်မှခံနေချေပြီ။ စိတ်ထဲ၌ခံပြင်းမိသည်။ အနိုင်မရလျှင် သူသည်ညအိပ်ပျော်မည်မထင်။ ထို့ကြောင့် မျက်နှာကိုခပ်မော့မော့လုပ်ကာ Kiteအား ရဲရဲတင်းတင်းပြန်ကြည့်လိုက်သည်။ Kiteမျက်လုံးအနီရောင်များသည် သည်နေ့ကျမှ အရောင်ဖျော့နေသယောင်ယောင်....။ စိတ်ကိုတင်းရင်းသူဆက်မေးမိသည်။
"မင်းဘာပြရဲလဲ"
Kiteသည်မျက်ခုံးလေးတစ်ချက်ပင့်သည်။ မင်းခွန်မှိုင်းမှာ ပြောသာပြောလိုက်ရပေမဲ့ ခပ်လန့်လန့်ရှိလှသည်။
"မင်းကြည့်ရဲမှာလား"
မင်းခွန်မှိုင်း၏မော့ထားသောမျက်နှာကို မေးဖျားလေးမှကိုင်ပြီး မေးပုံကြောင့် ခန္ဓာကိုယ်တွင်ရှိသမျှ အမွေးအမျှင်အားလုံး ထောင်တက်ကုန်သည်။ တော်သင့်ချေပြီ။ အရှုံးပေးလိုက်တော့မည်။ မေးဖျားကိုကိုင်ထားသည့် Kiteလက်ကို ရိုက်ချလိုက်ပြီး မသိချင်ယောင်ဆောင်အကြည့်ကိုလွှဲလိုက်သည်။
"နောက်တောင်ကျတော့မယ်။ ငါအိပ်ပြီ"
Laptopကြီးကိုဝရုန်းသုန်းကာပိတ်ပြီး စောင်ပုံထဲတိုးဝင်လိုက်တော့ Kiteကရယ်သည်။ ဒါလူကိုသက်သက်လှောင်ခြင်းမှန်းသိပေမယ့် ဘာမှပြန်မလုပ်နိုင်။ သင်းကနတ်ဆိုးဆိုတော့ တစ်ခုခုဆိုမင်းခွန်မှိုင်းသည် ခံဘက်ကချည်းပင် မဟုတ်လား။ ကိုယ့်ကိုကိုယ်ကာကွယ်သည်မှာ အကောင်းဆုံးပင်။
"ရယ်မနေနဲ့။ ငါအိပ်နေပြီ ၊ နားညီးတယ်"
Kiteကမသိမသာလေးထပ်ပြုံးသည်။
"အဲ့တာကြောင့်ပြောပါတယ် မင်းကအကျင့်ပုတ်ပါဆို"
Kiteစကားကိုမကျေနပ်သောကြောင့် စောင်ပုံထဲကနေ Kiteရှိမည့်နေရာကိုမှန်းပြီး ကန်ပစ်လိုက်သည်။
"မင်းသာနှာဘူးကောင်"
Thanks For Reading
Note
Zawgyi
"ဟေ ဘာလို့"
You are reading the story above: TeenFic.Net