အခန်း ၃ (U/Z)

Background color
Font
Font size
Line height

Part 3 Started - 1.2.2025 8:08 PM

(နည်းနည်းနောက်ကျသွားလို့ မီယားနဲပါ(⁠ᗒ⁠ᗩ⁠ᗕ⁠)

Unicode

"ဪ ကိုအောင်ဘချစ် နိုးပြီလား လာလာထမင်းကြမ်းစားရ‌အောင် ထိုင်ပါဦးဗျ၊ကိုချစ်ဘအောင်ရောလာလေ"

နာဂနှင့်ဓာတ်ခဲ မနက်မိုးလင်းသည်နှင့်မျက်နှာသစ်သွားတိုက်ကာ သူကြီးအိမ်အောက်သို့ဆင်းလာချိန် သူကြီးမှမနက်စာခေါ်ကျွေး၏။
မျက်နှာသစ်၊သွားတိုက်ပြီးပြီဖြစ်သောကြောင့် အစာအိမ်မှလည်းဆန္ဒပြ‌နေ၏။သို့ဖြစ်၍ သူကြီးအခေါ်အား မငြင်းပဲထမင်းဝိုင်းတွင်ဝင်ထိုင်လိုက်၏။
ယခု‌‌တစ်ညထပ်တည်းခွင့်ပေးရန်သူကြီးအားနာဂတို့ အားနာနာဖြင့် ထပ်မံတောင်းဆိုထားသေးသည်။‌အကြံဖန်ဖြင့်ဆေးဘူးများလာရောင်းသော်လည်း အမှန်ကန်အားပေးကြသည်မို့ဆက်ရောင်းပါလားဟု ဖွားလေးက အကြံပေးသဖြင့်သူကြီးကပါတားသည်။
သို့ဖြစ်၍ ထပ်မံတည်းရန်တောင်းဆိုခဲ့ရခြင်းဖြစ်၏၊နောက်တစ်ချက်အနေဖြင့် ဝန်ခံရလျှင် နာဂကိုယ်တိုင်လည်း ကြင်သူလေးဖြင့်မခွဲချင်သေး။
နာဂနှင့်ဓာတ်ခဲဝင်ထိုင်ချိန် အဘွားဒေါ်စိန်မှ ထမင်းပူပူလေးများထည့်ထားသည့် ထမင်းနှစ်ပန်းကန်အား ကမ်းပေးလာကာ နွေးထွေးစွာပြုံးပြသည်။
နာဂနှင့်ဓာတ်ခဲလည်း ပြန်ပြုံးပြကာ အရသာရှိရှိလွေးကြမည်။
ကြွေပန်းကန်ဝါကျင့်ကျင့်လေးထဲတွင် ထမင်းပူပူလေးများနေရာ ယူထားကာ ဟင်းများအနက်ရနံ့တလှိုင်လှိုင်ဖြစ်နေသည်မှာ ဆိတ်သားခြောက်ဖုတ်ပင်။လတ်လတ်ဆက်ဆက် မီးကင်၍ဖုတ်ထားသောဆိတ်သားခြောက်ဖုတ်များပေါ်သို့ အညာပဲဆီစစ်စစ်ကလေး စိမ်စမ်းထားပုံမှာ ထမင်းပူပူနှင့်လိုက်ဖက်လှသည်။
ငပိဖုတ်ညိုညိုနှင့် ပဲကြီးခြမ်းသုပ်တို့မှာလည်း အရသာရှိလှ၏။သူကြီးအိမ်က မနက်စာပီသသည့်အလျောက် ပဲကြီးခြမ်းနှင့်လက်ဖက်အုပ်ပေါ်တွင် လက်သန်းလောက်ပုစွန်ခြောက်ကြီးများတင်ထား၏။ငါးကျီးခြောက်မီးကင်များကိုလည်း လက်ဖက်ကလေးနှင့် ရောနှပ်ထား၏။
နာဂမှာ ထမင်းဝိုင်းထိုင်ရုံပဲရှိသော်ငြား တပည့်ဖြစ်သူမောင်ဓာတ်ခဲမှာ ထိုးသိပ်ကြိတ်နေလေပြီ။

"ဟိတ်ကောင် လူမှုရေးမသိဘူးလား၊ဖြေးဖြေးစား"

တိုးတိုးတိတ်တိတ်ကြိတ်ကာ ဟောက်မှ သူကြီးနှင့်ဖွားလေးက ပြုံးသည်။

"ရပါတယ် ကိုအောင်ဘချစ်ရဲ့၊ညက ညစာ သိပ်မစားကြဘူးမလား စားပါ‌စေ၊စားစား ကိုချစ်ဘအောင်စား"

"ကျုပ်က အားနာလို့ပါဗျ"

စကားပြောရင်းပင် နာဂမှဖွားလေး၏ပန်းကန်ထဲသို့ ဆိတ်သားခြောက်ဖုတ်အရင်ဦးချ၏။
ပြီးမှ သူကြီးပန်းကန်ထဲသို့ထည့်ပေး၏။
နာဂ၏ အပြုမူကြောင့်ဖွားလေးမှ တပြုံးပြုံးပင်

"ဟို..ဖွားလေးနဲ့သူကြီးက အသက်အကြီးဆုံးထင်လို့ ဦးချပြီးစားတာပါဗျ"

"အမယ်လေး‌တော် ဆေးဆရာလေးက သိတက်လိုက်တာ၊လူကြီးကိုဦးချပြီးစားတာတဲ့ လူရည်မွန်လေးပါတော်"

ဖွားလေး၏ စကားကြောင့် သူကြီးမှလည်းပြုံးယောင်ယောင်လေးပင်။

"ဟုတ်ပါ့ဖွားလေးရယ် ကိုအောင်ဘချစ်က လိမ္မာလိုက်တာနော်၊ဒါဖြင့် သားကရော သားကရောလို့ ဟင်..သားကရော မလိမ္မာဘူးလားလို့"

သူကြီးကိုသက်လူမှပြောပြောဆိုဆိုဖြင့် ဖွားလေး၏ ခါးကိုကလိထိုးကာ အတင်းဖက်၏။
ဖွားလေးကလည်း ရယ်သည်။

"အဟားဟား အယ် ဟဲ့ကောင်လေး ဖယ်စမ်းဖယ်စမ်း မကြီးမငယ်နဲ့၊ဧည့်သည်တွေရှေ့မှာ အားနာစရာကြီး"

အဘွားနှင့်မြေးဖြစ်သူ၏ မြင်ကွင်းအားကြည့်ကာ နာဂကြည်နူးမိသည်။
နာဂ၏အဘိုးအဘွားများရှိနေပါကလည်း ဤသို့ပင်ချွဲမိမည်ထင်၏။
သူကြီးကိုသက်လူ၏ မိမိကိုယ်ကိုယ် "သား"ဟု သုံးနှုန်းခြင်းကိုလည်း ပြုံးမိ၏။
ကြင်သူလေးသည် သူ့အဖွားနှင့်သာဆိုလျှင် ထိုသို့လည်း ချစ်စရာကောင်းတတ်ပါလား။
သို့ဖြစ်၍ သူကြီးအိမ်၌စားရသော မနက်စာသည် အရသာအရှိဆုံးဖြစ်ခဲ့ပါ၏။

~~~~~~~~~~

မနက်စာစားပြီးသောအခါ သူကြီးမှခဏနားပါဦးဟုဆိုသဖြင့် နာဂနှင့်ဓာတ်ခဲရွာထဲသို့ ဆေးရောင်းမထွက်ဖြစ်သေးပေ။
မနက်စာစားပြီး ဖွားလေးမှ လူကြီးပီပီပုတီးစိပ်နေ၏။ခဏအကြာ ကိုတာလီဖိုး ရောက်လာပြီးကောက်ရိုးများ လာတိုက်ပေးလေသည်။
သူကြီးမှလည်း ထိုကောက်ရိုးများနေရာချရန်အတွက် ညွှန်ကြားပေးနေ၏။သို့ဖြစ်၍ သူကြီးနှင့်အတူ နာဂပါ အိမ်နောက်ဖေးရောက်နေလေ၏။ဓာတ်ခဲသည်တော့ အိမ်အရှေ့မှာပင်၊နာဂလည်း အသာလေးအသင့်သားမနေချင်သဖြင့် ကောက်ရိုးများပုံရန် ကူပေးမည့်အလုပ်သူကြီးမှ တား၏။

"ဟာ ကိုအောင်ဘချစ် ထားပါဗျာ ထားပါ၊မလုပ်ပါနဲ့ ဧည့်သည်က ဧည့်သည်လိုနေပါဗျာ နေနေထားလိုက်"

"ကျုပ် ဒီတိုင်းကြီးမနေချင်လို့ပါ ရပါတယ်"

"မလုပ်ပါနဲ့ဆိုဗျာ"

"ရပါတယ်ဆိုဗျာ"

သူကြီးကိုသက်လူနှင့်နာဂ ဆက်ငြင်းနေရာသို့ မောင်ဓာတ်ခဲမှ ဘယ်ကနေဘယ်လိုရောက်လာမှန်းမသိရောက်လာကာ..

"ဟာ အာဒဲ အာစတိ စခန်းမှာမလုပ်ဖူးတာတွေလုပ်နေတယ် ဖယ်ဖယ် မောင်ဓာတ်ခဲလုပ်မယ်"

မောင်ဓာတ်ခဲ၏စကားထဲ စခန်းနှင့် မောင်ဓာတ်ခဲဆိုတာပါလာသောကြောင့် နာဂမှမျက်လုံးပြူး၊မျက်ဆံပြူးကာ မျက်လုံးတစ်ဖက်အားဇွတ်တွေမှိတ်ပြရတော့သည်။
ထိုအခါမှ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ကိုယ်တော်ချောက သူ့ပါးစပ်သူအသာအုပ်ကာ နာဂနှင့်အကြည့်ချင်းဆုံမှ သွားဖြီးပြ၏။သူကြီးမှ မောင်ဓာတ်ခဲ၏မပီမသစကားခပ်ဝဲဝဲအား ရှင်းရှင်းလင်းလင်းမကြားမိလို့ ကံသီသွားသည်။

"ကဲပါ သွားသွား ကိုအောင်ဘချစ်ရော ကိုချစ်ဘအောင်ရော မလုပ်နဲ့သွား၊အစ်ကိုနဲ့တာလီဖိုးလုပ်ပါ့မယ်"

"ဟုတ်တယ် ကိုကြီးတာလီဖိုးရှိတယ် ချစ်ညီလေးတို့ သွားသွား"

ဆရာတပည့်နှစ်ယောက် ထိုအခါမှလက်လျှော့လိုက်ရကာ ထပ်မံသွားဖြီးပြရသည်။
ထိုစဉ် နာဂ၏ခြေထောက်နားသို့ ကြောင်လေးတစ်ကောင် ရောက်လာကာသူ့ကိုယ်လေးနှင့်တိုးဝှေ့၏။
ကြောင်လေးမှာ အဝါနှင့်အဖြူကြားလေးဖြစ်ပြီး ပုပုလုံးလုံးနှင့်ချစ်စရာ‌လေးပင်။
နဂိုဓာတ်ခံ တိရိစ္ဆာန်ချစ်တတ်သည့် နာဂအဖို့ ကြောင်လေးကို မြင်သည်နှင့်ထိုင်ချမိ၏။တပည့်ဖြစ်သူကိုလည်း လက်ကုပ်ကာ

"အဟားဟား ဟိတ်ကောင်ကြည့်စမ်း ချစ်စရာလေး"

"အာဒဲ ဟုတ်ပါ့အာစတိ..ချစ်တော့ချစ်စရာလေး ဒါပေမယ့်မောင်ဓာတ်ခဲ အီးပါချင်လို့အိမ်သာသွားဦးမယ်ဗျ ဟီးဟီး..."

"ဟာ ဒီကောင် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌သွားသွားထွက်ကျကုန်မယ်"

ညှောင်~~~

ကြောင်သံနှင့်နာဂတို့အသံကြောင့် သူကြီးကိုသက်လူသည်လည်း ကျောခိုင်းရာမှလှည့်ကြည့်လာသည်။
နာဂနှင့်ကြောင်လေးအားမြင်သည်နှင့်သူကြီးသည် အံ့ဩစွာပြော၏။

"ဟာ ဖေ့သားလေးပုတစ် ပျောက်နေတာကြာပြီ"

သက်လူ ကိုအောင်ဘချစ်အနားမှ ပျောက်ဆုံးနေသည့် မိမိကြောင်လေးအား ပွေ့ယူလိုက်၏။

"အမယ်လေးဗျာ ကြည့်ပါဦး ဖေ့သားလေးပျောက်နေတာ ဖေ့ကိုလွမ်းလို့အိမ်ပြန်လာတာပေါ့ ဟုတ်လားသား..ဟင် သားလေး ဟုတ်လားကွ ဟင်"

သက်လူမှ ကြင်ကြင်နာနာပြောဆို နေသော်လည်းမွေးရကျိုးနပ်သည့် မောင်ပုတစ်မှာ သက်လူကိုယ်ပေါ်က ခုန်ဆင်းပြီးကိုအောင်ဘချစ် ခြေထောက်နားသို့ပြေးကပ်၏။
သဘောက သူ့ကိုချီပါဟုပင်

"ချီလိုက်ပါလား ကိုအောင်ဘချစ်"

"ဪ ဟုတ်..ဟုတ် ချီလိုက်မယ်နော်"

‌"အမယ် ငြိမ်နေတာပဲ၊အစ်ကိုနဲ့ဆိုရင် သိပ်မနေဘူး ဒီကောင်ကလူလည်းမကပ်ဘူးကွ လူကြောက်တယ်၊အခုကိုအောင်ဘချစ်ကို ဘာစိတ်ကူးပေါက်ပြီးခင်နေလဲမသိဘူး အင့်ကွာ ရော့ မွေးရကျိုးမနပ်တဲ့ကောင်လေး"

ကိုသက်လူမှ မျက်မှောင်လေးကုပ်ကာ ပုတစ်လေး၏ခေါင်းအား လက်သီးဖြင့်ခပ်ဖွဖွလေးထု၏။နာဂမှာ ကြောင်ကိုပင် အူယားရမလိုလို၊လူကိုပင် ကိုက်စားရမလိုလို ဟက်ခနဲပင်ရယ်ရင်း ခေါင်းခါမိ၏။

"ဟေ့ ကိုအောင်ဘချစ်က အစ်ကိုကြောင်ကိုသားဆိုပြီးခေါ်လို့ ရူးနေတယ်ထင်ပြီးလှောင်တာလား"

စစနောက်နောက်နှင့်သက်လူ ထိုလူ့အား မေးငေါ့မေးလိုက်သည်၊ထိုအခါ သူကသွားတန်းများပေါ်အောင်ပင်ရယ်ကာ သဘောကျနေ၏၊ပြီးမှ "မဟုတ်ပါဘူးဗျ"ဟု ဆိုသည်။

ကြောင်ကိုကိုင်သည်မှာ သက်လူထက်ပင်သူက နူးညံ့၏။
အသာအယာဖွဖွကလေးနှင့် သေချာပွေ့ချီထား၏။ပုတစ်၏ခေါင်းအားဖွဖွပွတ်ပေးနေသော သူ့လက်များမှာသွေးကြောစိမ်းများထင်းနေ၏။
မျက်လုံးများမှာလည်း ညကကဲ့သို့ကြင်နာမှုများရွှန်းဝေနေပြန်သည်။
တက်ကြွသောကိုယ်ဟန်နှင့် ပြုံးတုံ့တုံ့မျက်နှာအား သက်လူကြာကြာကြည့်နေမိသည်။
မိမိကိုယ်ကိုယ်လည်း လူယောင်္ကျားတစ်ယောက်အား ငေးနေမိသည်ဟုအမှတ်မရသေး။
၁ မိနစ်မျှငေးပြီးမှ အသိကပ်လာသည်။
သက်လူအသိကပ်လာတော့ သူ့ထံမှအသံတစ်သံထွက်လာလေသည်။

"အ့.."

သက်လူလျင်လျင်မြန်မြန်ကြည့်လိုက်တော့ မောင်ပုတစ်လက်ချက်ပင်။
ဘာကြောင့်မှန်းမသိ မောင်ပုတစ်မှ သူ့လက်
ကောက်ဝတ်အထက်နားသို့ကုပ်ကာ ထွက်သွား၏။
နက်အောင်ကုပ်လိုက်သည်နှင့်တူသည်၊သူ့ဒဏ်ရာမှာ သွေးစအနည်းငယ်စို့နေသည်။

"ဟာ ကိုအောင်ဘချစ်အဆင်ပြေရဲ့လား"

"ရပါတယ်ဗျ..ကျုပ်သူ့ခေါင်းကိုပွတ်တာ ရပ်သွားလို့ထင်တယ် တစ်ချက်ကုပ်သွားတာ"

"ပုတစ်ကတော့လေ တကယ့်ကောင်ပဲ၊ခဏနော်"

ခဏနော် ဟုပြောကာသူကြီးကိုသက်လူသည် သူ့ခါးကြားမှ လက်ကိုင်ပဝါ ဝါကျင့်ကျင့်လေးအားထုတ်ကာ နာဂဒဏ်ရာအား ဖိထားပေး၏။
ရုတ်တရက်မို့ဆက်ကနဲ တုန်သွားရသည်။

"ကြည့်ပါဦး သွေးတွေထွက်သွားတာ ခဏ အစ်ကိုဆရာခိုသွားယူလိုက်မယ်"

"ဗျာ...အာ ရပါတယ်သူကြီး ဒဏ်ရာကအဲ့လောက် မနက်..."

ပြာပြာသဲသဲ ထိုင်ရာမှထမည်လုပ်သော ကိုသက်လူအား နာဂသူ့လက်ကောက်ဝတ်မှလှမ်းဆွဲမိသည်။
လှမ်းဆွဲလိုက်သည့်အရှိန်ကြောင့် မြေပြင်သို့စောင့်စောင့်ထိုင်ရပ် ပြန်ကျသွားပြီး ကိုသက်လူ၏မျက်လုံးများမှ နာဂမျက်လုံးများဆီသို့အကြည့်များ တဖန်ရောက်လာလေသည်။

ဒုတ်..ဒုတ်..ဒုတ်..

ဖြစ်ပြန်ပြီ၊သက်လူ၏ ရင်ခုန်သံများတဖန်ပြန်ကြွလာပြန်ပြီ။
အဘယ်ကြောင့် အနှီအမျိုးသားနှင့်မှ ရင်ခုန်သံများထကြွရသနည်း။
အဘယ်ကြောင့် မျက်လုံးချင်းဆုံတိုင်း ရင်းနှီးသလိုခံစားနေရပါသနည်း။
အဘယ်ကြောင့် အနှီအမျိုးသား၏ မျက်ဝန်းများအား ကြာကြာကြည့်မိပါသနည်း။
အဘယ်ကြောင့် အနှီအမျိုးသားနှင့်ဆုံမှ ထူးထူးဆန်းဆန်းခံစားရပါသနည်း။
အဘယ်ကြောင့် အမျိုးသားအချင်းချင်း ဤသို့ခံစားနေရပါသနည်း။
မိမိစိတ်ထဲ မေးခွန်းများစွာထုတ်နေမိပြီး ထိုအခါတော့ ထိုအမျိုးသား၏တန်ပြန်အကြည့်များအား သက်လူအရင်မျက်နှာလွှဲပစ်မိသည်။
မျက်နှာမလွှဲပါက မိမိ၏ထူးထူးဆန်းဆန်းရင်ခုန်သံများအား သူကြားကာ လှောင်ရယ်လိမ့်မည်။

"ဒါဆို ဟို..ဒီလက်ကိုင်ပဝါနဲ့ဖိထားနော်"

နာဂ၏လက်အား သူကိုယ်တိုင်လက်ကိုင်ပဝါလေးနှင့်ဖိပေးလာသည်။
လက်ကိုင်ပဝါလေးပေါ်မှ တောင်တန်းသဏ္ဍာန်ပန်းချီလေးအားမြင်သော် နာဂခေတ္တအံ့ဩရ၏။
ကိုသက်လူမှာလည်း သူနှင့်ဆင်တူလက်ကိုင်ပဝါလေးရှိသည်တဲ့လား။
မဟုတ်မှလွဲ ထိုတောင်တန်းများသည်.."နာဂတောင်တန်း"များ ဖြစ်သည့်ဟန်....

~~~~~~~~~~

"ပုတစ်က အချွဲကောင်လေးပါတော်၊အခုလည်း ဆေး‌ရောင်းဆရာလေးကို အချွဲလွန်ပြီးထဖောက်တာ"

နာဂကြောင်ကုတ်ခံရသည်ဟုကြားသဖြင့် ဖွားလေးမှအိမ်ရှေ့တန်းလျားပေါ်သို့ခေါ်လာကာ ကြက်ပူထိုးပေး၏။
ကိုသက်လူလည်း အိမ်ထဲသို့ဝင်ပြီး ဆရာခိုရှာနေဟန်တူသည်။
ခဏအကြာ ကိုသက်လူသည် လက်မှာဆရာခိုဘူးလေးကိုင်လာပြီး အိမ်ထဲမှထွက်လာ၏။

ကိုသက်လူ အိမ်ထဲမှ ထွက်လာလာချင်းတန်းလျားပေါ်ထိုင်မည်အလုပ်တွင် သူဝိုင်းရှေ့အားရုတ်တရက်ကြည့်မိကာ အံ့ဩမှုများကို သူ့မျက်နှာထက်တွင်တွေ့လိုက်ရသည်။
အံ့ဩမှုများနှင့်မျက်နှာထားအပြီး ကိုသက်လူဆီမှစကားသံပါထွက်လာ၏။

"မိုးသောက်.."

သူကြီးအသံသွားရာသို့ နာဂနှင့်ဖွားလေးလိုက်ကြည့်မိတော့ ခရီးဆောင်အိတ်ကိုကိုင်ကာ ပခုံးတွင်ကျောပိုးအိတ်တစ်လုံးကိုလွယ်ထားသည့်အမျိုးသားတစ်ဦးကို တွေ့ရ၏။
ထိုလူအားတွေ့တော့ကိုသက်လူက အပြေးသွားနှုတ်ဆက်သည်။
ကိုသက်လူ ထိုလူ့အနားရောက်တော့ သူက နာဂ၏နှလုံးသားအား သိမ်းကျုံးဖက်၏။
ကိုသက်လူထက်မြင့်သောအရပ်ကား နာဂထက်တော့နိမ့်မည်ထင်၏၊မြို့သားစတိုင် ဂျင်းဝမ်းဆက်ကိုဝတ်ဆင်ထားကာ ရှူးဖိနပ်အဖြူရောင်ကိုလည်းစီးထားသေးသည်။
လက်တွင်လည်း တန်ဖိုးကြီးအနက်ရောင်နာရီတစ်လုံးအားပက်ထားကာ နေကာမျက်မှန်တစ်လတ်ကိုလည်းတက်ဆင်ထားသေး၏။
သူ၏ရွှေအိုရောင်ဆံပင်များကိုလည်း သေချာပုံသွင်းထားသေးသည်။သူကြီးကိုသက်လူကလည်း ထိုလူဖက်ထားသည်ကို ပြန်ဖက်၏။
ထိုလူ မိမိအသည်းအား သိမ်းကျုံးဖက်ပြီးပြုံးနေသည်မှာ မိုးမမြင်လေမမြင်မို့ နာဂလက်သီးများကိုတင်းနေအောင်ဆုတ်ထားမိ၏။
ထိုအချိန် မိမိအနားသို့ တပည့်ဖြစ်သူလည်းမောင်ဓာတ်ခဲလည်းရောက်လာကာ သူပါစူးစမ်းသလိုကြည့်နေ၏။
ဖွားလေးကတော့ ဘယ်အချိန်ထိုလူတို့အနားရောက်သွားသည်မသိ နာဂကိုကြက်ပူထိုးနေရင်းတန်းလန်းကြီးထားသွား၏။
ထိုလူအနားတွင် မြေးအဖွားနှစ်ယောက်လုံး ပြုံးနေသည့်ဟန်။

"တောက်ခ်..."

"အာဒဲ အာစတိ သူကဘယ်သူလဲ"

"မသိလို့ ငါလည်းကြည့်နေတာပေါ့ကွ..ပုံစံကိုကကွာ မြို့သားလိုလိုဘာလိုလိုနဲ့ ငါတောင်မဖက်ရသေးတာကိုကွာ"

"စိတ်လျှော့ဗျ စိတ်လျှော့"

မိမိ၏ဆရာဖြစ်သူမှာ ထိုမြင်ကွင်းအားကြည့်ရင်းကြည့်ရင်း ရှူးရှူးရှဲရှဲဖြစ်နေသည်မို့ မောင်ဓာတ်ခဲအရိပ်ခြေကြည့်နေရသည်။
စက္ကန့်ပိုင်းအတွင်း သူကြီးကိုသက်လူ၊ဖွားလေးနှင့် ထိုလူတို့သည် မောင်ဓာတ်ခဲတို့ရှိရာသို့ဦးတည်လာ၏။
ထိုလူ၏အထုတ်များကိုလည်း သူကြီးမှကူဆွဲပေး‌လာသည်။

"ကိုအောင်ဘချစ်တို့ရှိတာနဲ့ အတော်ပဲဗျာ၊ဟောဒီမှာ အဖော်ရပြီ ဧည့်သည်တစ်ယောက်ထပ်တိုးလာတယ်"

"မင်္ဂလာပါခဗျ"

ထိုလူက သူ့ပါးချိုင့်များပေါ်အောင် ဖော်ရွေစွာပြုံးပြပြီး နာဂဆီသို့လက်ကမ်းပေးလာသည်မို့ မျက်မှောင်တစ်ချက်ကုပ်မိသည်။
သဘောက သူနဲ့လက်ဆွဲနှုတ်ဆက်ပါဟုပင်

"မင်္ဂလာပါ"

ထိုမြို့သားကမ်းပေးလာသောလက်အား နာဂခပ်တင်းတင်းလေးဆုပ်ကာ နှုတ်ဆက်ပေးသောကြောင့် ထိုလူ့မျက်နှာမှာအနည်းငယ်တော့ပျက်ယွင်းသွားသည်။
နာဂဘက်မှလည်း ပြန်ပြုံးပြကာ ခဏအကြာလွှတ်ပေးလိုက်၏။

"မိုးသောက် ဒါကအစ်ကိုတို့ရွာကိုဆေးလာရောင်းတဲ့ တိုင်းရင်းဆေးသမား‌တွေ၊ရွာထဲမှာတည်းဖို့အဆင်မပြေလို့ အစ်ကို့အိမ်မှာတည်းတာကွ နာမည်က ကိုအောင်ဘချစ်နဲ့ကိုချစ်ဘအောင်တဲ့"

"ဟုတ်အစ်ကို ကျွန်တော်မှတ်ထားပါ့မယ်"

"ကိုအောင်ဘချစ် ဒါက မိုးသောက်တဲ့၊အစ်ကို မြို့မှာကျောင်းတက်တုန်းက မိုးသောက်တို့အိမ်ကစားအိမ်သောက်အိမ်လေ၊အစ်ကို့ထက် ငါးနှစ်ငယ်တယ် ကိုအောင်ဘချစ်ထက်လည်းငယ်မယ်ထင်တယ် အခုသူအလည်လာတာ"

"ဟုတ်ကဲ့ ကျုပ်မှတ်ထားပါမယ်"

ထိုမြို့သားက နာဂဘေး၌ဝင်ထိုင်ကာ ဖွားလေးနှင့်ကိုသက်လူက မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်၏။
ထို့နောက် ကိုသက်လူမှထိုလူအား ရေနွေးကြမ်းငှဲ့ပေးသည်။

"အစ်ကို ကျွန်တော်ရွာထဲပတ်ကြည့်ချင်တယ်"

"နားပါဦးမင်းကလည်း အခုမှရောက်တာမဟုတ်ဘူးလား"

"ဟုတ် ဒါပေမယ့်အခုပတ်ကြည့်ချင်တာ...အစ်ကိုလိုက်ပို့ပေးနော်..နော်...အစ်ကို"

မိုးသောက်က ခွေးပေါက်လေးတစ်ကောင်လို သက်လူအားမျက်လုံးရွဲကြီးများနှင့်ကြည့်ကာ ချွဲ၏။
ဒါက သူတစ်ခုခုတောင်းဆိုချင်တိုင်းလုပ်တက်သည့်အပြုမူပင်။
သက်လူမှတ်မိပါ၏၊မိမိမြို့မှာ တက္ကသိုလ်တက်စဉ်က မိုးသောက်တို့အိမ်ကိုပင်မှီခိုခဲ့ရသည်။
မိုးသောက်၏ ဖခင်သည် သက်လူတို့တက္ကသိုလ်၏ကထိကပင်။
ကထိက,ကမိဘနှစ်ပါးမရှိပဲ အဖွားဖြစ်သူ၏အုပ်ထိန်းမှုအောက်တွင်သာနေရသော သက်လူအား အင်မတန်ချစ်၍ သူ့သားအရင်းသဖွယ်ဂရုဏာထား၏။သို့ဖြစ်၍ သူ့အိမ်၌ထားစေကာမူ အိမ်နှင့်ကျောင်းကူးသန်းစေ၏။
အစစအရာရာလည်း ကူညီပံ့ပိုးပေးခဲ့သည်။
သက်လူတက္ကသိုလ်တက်စဉ်တွင် မိုးသောက်လေးက ဆယ်တန်းဖြေနေတုန်းပင်။
မိမိကျောင်းတစ်ဖက်နှင့်ဆယ်တန်းဖြေမည့် မိုးသောက်အားလည်း စာကူပြပေးရ၏။
မိမိကျေးဇူးရှင်၏ သားဖြစ်သောကြောင့် ဂရုတစိုက် ညီ‌‌အရင်းလေးသဖွယ်ချစ်ပါသည်။

မိုးသောက်ကလည်း သက်လူအား သူ့အစ်ကိုအရင်းသဖွယ်ချစ်၏။ယခုလည်း မိမိရွာအားဗြုန်းဆိုင်းကြီးလာလည်သည်။
ပုံမှန်အားဖြင့် မိုးသောက်သည်မိဘနှစ်ပါးအား ခင်တွယ်ရှာကာ မိဘနှင့်ဝေးရာသို့မသွားဖြစ်ပေ။ယခုတွင်တော့ သက်လူရွာအားလာလည်၏။
သေချာသည်မှာ ထိုကောင်လေး အိမ်နှင့်တစ်ခုခုဖြစ်လာဟန်တူသည်။
သက်လူလည်း ရိပ်မိသောကြောင့် များများစားစားမမေးဖြစ်ပါ၊သူစိတ်ပါလာပါက တစ်လုံးမကျန်ဖွင့်ဟလာမည်ကိုသိသည်။
ယခု မတွေ့တာကြာသည့်မိမိညီအရင်းလို ချစ်ခင်ရသူလာ‌တော့ သက်လူဝမ်းသာရပါသည်။

"အဟားဟား အေးပါ အေးပါ၊လာ သွားမယ် အစ်ကိုလိုက်ပို့မယ်"

"‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဟုတ်ပြီကွ....."

"ကလေးလေးလိုပဲ ငါ့ညီလေးက၊ဖွားလေး သား ဒီအကောင်ကိုရွာထဲလိုက်ပြလိုက်ဦးမယ်နော် သူ့အထုတ်တွေ သားပြန်မှအိမ်ထဲသွင်းလိုက်မယ်၊ကိုအောင်ဘချစ် ဒဏ်ရာကိုဂရုစိုက်ပါဗျ သွားပြီနော်"

မိမိအား ဂရုစိုက်ဖို့သတိရသေးသည့်အတွက် နာဂပြုံးမိသော်ငြား ထိုမြို့သားမှကိုသက်လူ၏လက်မောင်းအားခိုတွဲကာ အတူယှဉ်သွားကြသည့်မြင်ကွင်းကိုတော့ နာဂလားလားမျှမနှစ်သက်‌ပေ။
နာဂမျက်စိတစ်ဆုံး ထိုမြင်ကွင်းအားလိုက်ကြည့်မိပါသည်။

"ညီကိုတွေအဲ့လိုချစ်ကြတာကွယ့် ကဲကဲ မောင်အောင်ဘချစ်တို့လည်း နားချည်ဦးကွယ်"

ဖွားလေးမှ တပြုံးပြုံးဖြင့်ပြောကာအိမ်ထဲဝင်သွား၏။

သက်လူတို့ရွာထဲပတ်ကြည့်ရာတွင် ရွာသူရွာသားများက သူကြီးဖြစ်သူအား လေးလေးစားစားနှုတ်ဆက်ကြ၏။
မိုးသောက်အားမြင်ကြသော် လူချောလေးပါလားဟုချီးကျူးကြသဖြင့် ကိုယ်တော်ချောမှာ ပြုံးလို့ပျော်လို့ပင်။
သက်လူအားလည်း အစ်ကိုချောလာတယ်ဟု တဖွဖွပြောသဖြင့် မနေတက်စွာ အာရုံပတ်လွှဲရတော့၏။
ဒီလိုနှင့် သက်လူနှင့်မိုးသောက်ရွာ၏အထင်ကရ ရေကန်ကျယ်ကြီးဆီသို့ရောက်ခဲ့ပါတော့သည်။
ကန်ဘောင်ရှိ ညောင်ပင်အိုကြီး၏အရိပ်အောက်တွင် သက်လူတို့ထိုင်ကာ ကန်ရေပြင်အားငေးရင်း စကားစမြည်ပြောဖြစ်ကြသည်။

"အခု အစ်ကိုမေးလို့ရပြီလား မိုးသောက်"

"ဘာကိုလဲ အစ်ကို"

"မင်း ဘာလို့အိမ်ပေါ်ကဆင်းလာလဲ ဆိုတာကိုလေ"

"အာ...အစ်ကိုကလည်း အိမ်ပေါ်ကဆင်းလာတာမဟုတ်ပါဘူး ကျွန်တော်ကဒီတိုင်း..."

"အစ်ကို့ကိုမလိမ်ချင်စမ်းပါနဲ့ မင်းကိုစာပြလာတဲ့ ကောင်ပါကွ မင်းအ‌ကြောင်းကို အစ်ကိုကမင်းဖေဖေနီးပါးသိတယ်၊ဒီကိုလာတာလည်း တစ်ခုခုကိုရှောင်ပြေးလာတာမဟုတ်လား"

သက်လူ၏စကားကြောင့် ကန်ရေပြင်ကိုခဲနှင့်ပေါက်ကာ ဆော့ကစားနေသည့် မိုးသောက်၏လက်များရပ်တန့်သွားသည်။
ခေတ္တမျှ မိုးသောက်ဆီမှဘာစကားမျှပြန်မလာပဲ ကန်ရေပြင်ကိုသာ ငေး‌နေ၏။

"ဟူး...."

"အစ်ကို့ကိုရင်ဖွင့်လို့ရတယ်..."

ထိုအခါလည်း မိုးသောက်ဘက်မှ ငြိမ်သက်ဆဲပင်။
ဘာစကားတစ်ခွန်းမျှမပြောပဲ ကန်ရေပြင်သို့ငေးနေဆဲပင်။

"အစ်ကို"

"အင်း"

"ကျွန်တော်....ကျွန်တော်ကလိင်တူစိတ်ဝင်စားတဲ့သူတစ်ယောက်"

"........"

ဒီတစ်ခါ ငြိမ်သက်သွားရသူမှာ သက်လူကိုယ်တိုင်ပင်။

"ကျွန်တော်ဒီလိုပြောလိုက်တဲ့အတွက် အစ်ကိုလည်းဖေဖေ့လိုစိတ်ပျက်သွားမယ်ဆိုတာ သိပါတယ်၊ဒါပေမယ့်...ဒါပေမယ့်..."

"အစ်ကိုစိတ်မပျက်ပါဘူး"

"ဗျာ...."

"အစ်ကိုနားလည်ပါတယ်၊အင်း....အမှန်တိုင်းပြောရရင် မင်းဒီလိုဆိုတာကို အစ်ကိုသိပ်အံ့ဩသွားတယ် ဘာဖြစ်လို့လဲဆိုရင် မင်းအစ်ကိုကိုယ်တိုင်လည်း ယောင်္ကျားလေးတွေကိုသဘောကျလို့ပဲ..အစ်ကို့လိုလူမျိုး ရှိသေးပါလားဆိုပြီးအစ်ကိုအံ့ဩသွားတာ"

"တကယ်ကြီးလား အစ်ကို"

"အင်း...ဒါကမဖြစ်သင့်ဘူးဆိုတာအစ်ကိုသိပါတယ် အစ်ကိုလည်းမင်းလိုပဲလေ၊ဒါပေမယ့် ဘယ်သူမှမသိခင် အစ်ကိုအရင်ကိုယ့်ကိုယ်ကိုယ်သိလို့ ဖုံးကွယ်ခဲ့တာဒီနေ့အထိပဲ မင်းပြောကြည့် ရှက်စရာကြီးမဟုတ်လား.."

"ဗျာ ဒါကရှက်သင့်တာတော့မဟုတ်ပါဘူးအစ်ကိုရယ်၊ဖြစ်သင့်လို့ဖြစ်ရတာပဲ ကျွန်တော်လို့ လိင်တူစိတ်ဝင်စားတာနဲ့အပြစ်တစ်ခုကိုကျူးလွန်မိတယ်လို့သက်မှတ်လို့မရဘူး၊ကျွန်တော်ကတော့ ဒါကိုအပြစ်လို့မြင်ဘူး ဖေဖေကတော့ ဝဋ်ကျွေးလို့ပြောတာပဲ"

"ဆရာပြောတာလည်း ဟုတ်ချင်ဟုတ်မှာပေါ့...."

"ဟင့်အင်း ဖေဖေပြောတာမမှန်သေးဘူးအစ်ကို..ဒါက ကျွန်တော်တို့သွေးသားအရ ဖြစ်တည်လာတာပဲ၊ဒီလိုဖြစ်လာတဲ့ ကျွန်တော်တို့ကရှက်ရမှာမဟုတ်ပဲ ဒီလိုဖြစ်နေတဲ့ကျွန်တော်တို့လိုလူတွေကို လှောင်ပြောင်ရှုံ့ချနေတဲ့လူ‌တွေကမှရှက်ရမှာအစ်ကို..ကျွန်‌တော်ကိုယ့်ကိုယ်ကိုယ် မညာချင်ဘူး၊အစ်ကိုလည်း မညာပါနဲ့..."

"အစ်ကိုက ကိုယ့်ကိုယ်ကိုယ်ညာတယ် ဟုတ်လား.."

"အင်း အစ်ကို ကိုယ့်ကိုယ်ကိုယ်ညာလို့ပဲလွန်ခဲ့တဲ့ဆယ်နှစ်က အဲ့ဒီအစ်ကိုနဲ့အဆက်ဖြတ်ခဲ့တာမဟုတ်လား၊ကျွန်တော်အခုမှ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌သဘောပေါက်တယ်"

"တော်..တော်စမ်းပါ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌မိုးသောက်ရာ၊ပြန်ကြမယ်ကွာ"

"မပြန်ဘူး ကျွန်တော်စိတ်ရှင်းချင်သေးတယ်"

"ဟူး..ပြောရခက်ပါလား ငါ့ညီရာ"

"အစ်ကိုသိလား..ကိုကို့လိုလူမျိုးကို ကျွန်တော် သဘောကျမိတာမမှားဘူးဆိုတာ"

"ဘယ်ကိုကိုလဲ"

"ကျွန်တော့်ချစ်သူ"

"အင်း..ဆက်ပြောပါဦး"

"ကိုကိုက ဆရာဝန် ကျွန်တော့်လိုရုပ်ချောတယ်၊သဘောကောင်းတယ် လူနာတွေအပေါ်သိပ်ကြင်နာတက်တာ...ကျွန်တော့်ကိုလည်း ကိုကိုသိပ်ချစ်တာပဲတဲ့"

"အခုရော မင်းကိုကိုကဘယ်မှာလဲ"

"ဖေဖေသိသွားတော့ ကိုကိုနဲ့အဆက်သွယ်ဖြတ်ခိုင်းတယ်၊ကိုကိုက ကျွန်တော်တို့အချစ်ကိုယုံပြီး ကျွန်တော့်ကိုရအောင်ဆက်သွယ်ပါတယ်..ဒါပေမယ့် ကျွန်တော်အခု ကိုကို့ကိုအဆက်သွယ်ဖြတ်ပြီး ဒီကိုလာခဲ့တာ"

"ဘာလို့လဲ"

"ကိုကို့ ဂုဏ်သိက္ခာကိုမထိခိုက်စေချင်ဘူး"

"အင်း"

"ကိုကိုက ဆရာဝန်ဆိုတော့ ဂုဏ်သိက္ခာနဲ့ရပ်တည်နေတဲ့လူတစ်ယောက်..ဒီလိုလူက ဒီလိုဆိုတာကျွန်တော်လက်ခံနိုင်ပေမယ့် တခြားရှူထာင့်ကကြည့်မယ်ဆိုရင် လူတွေလက်ခံနိုင်မှာမဟုတ်ဘူးလေ ဒါကြောင့် အထိခိုက်နည်းမဲ့လမ်းကိုကျွန်တော်ရွေးလာတာ"

"ဒီတော့ ငါ့ညီလေးက စွန့်လွှတ်ခဲ့တယ်ပေါ့"

"ဖမ်းဆုပ်ဖို့အဆင်မပြေသေးမှတော့ စွန့်လွှတ်ရမှာပဲလေ ကျွန်တော်အစ်ကို့ဆီမလာခင်ပြိုလဲပြီးပါပြီ၊ကျွန်တော်အဆင်ပြေပါတယ် ဒီမှာကျွန်တော်အပန်းဖြေပြီးရင် ဖေဖေတို့ဆီပြန်ပြီး ဖေဖေဖြစ်စေချင်တဲ့အတိုင်း ကြိုးစားနေဖို့ပဲဆုံးဖြတ်ထားတယ်"

"မင်းဖြစ်ချင်တာမရှိဘူးလား"

"ဖြစ်ချင်တာတော့ရှိတာပေါ့အစ်ကို ဖြစ်သင့်တာကိုရွေးတဲ့သဘောပါပဲ"

"အင်း..အေးပေါ့ မင်းမှန်ပါတယ်"

"အမှန်ဆို ချစ်ခြင်းတိုင်းကဖြူပါတယ်အစ်ကိုရယ်...မုန်းနေတာနဲ့ယှဉ်ရင် ချစ်နေတာကပိုပြီးအင်အားကြီးပါတယ်ဗျာ၊ကျွန်တော်တို့အချစ်ကလည်း သာမန်လိုပဲဖြစ်ကြောင်း နှလုံးသားဖြူတဲ့သူတိုင်းခံစားမိမှာပါ...ဒီ‌လောကမှာမေတ္တာတွေထပ်တူကျတာလောက် ပျော်စရာကောင်းတဲ့အချိန်ရှိပါဦးမလားအစ်ကို...."

"........"

"ကျွန်တော်အစ်ကို့ကို သတိပေးချင်တာက အကယ်၍..အစ်ကို အမျိုးသားတစ်ယောက်ကိုချစ်မိသွားတဲ့အခါ အစ်ကို့နှလုံးသားကလာတဲ့စကားသံတွေကိုပဲ နားထောင်ပါ၊ဦးနှောက်နဲ့နှလုံးသားမှာ လွန်ခဲ့တဲ့ဆယ်နှစ်က ဦးနှောက်ကိုအစ်ကိုရွေးခဲ့ပြီးပြီမဟုတ်လား အစ်ကိုတာဝန်ကျေပါတယ်၊လာမဲ့အနာဂတ်မှာတော့ အစ်ကို့နှလုံးသားစကားကိုပဲ အစ်ကိုကြားနိုင်ပါစေလို့..ကျွန်တော်မျှော်လင့်တယ်"

အတည်ပေါက်နှင့် စကားလုံးတစ်လုံးချင်းစီအားအလေးနက်ပြောနေသည့် မိုးသောက်အားသက်လူကြည့်နေရုံသာတက်နိုင်‌‌ပါသည်။
ထိုစကားများနောက် မျောပါရင်းအတွေးတို့သည် လွန်ခဲ့သည့်ဆယ်နှစ်ဆီသို့....

----------

ကဲ ဒီတစ်ပိုင်းလေးလည်းပြီးသွားပါပြီ။
ရှေ့ကအတိုင်း အမှား‌ရှိခဲ့ရင် မချွင်းမချန်ဝေဖန်ပေးကြပါလို့ ထပ်မံတောင်းဆိုချင်ပါတယ်နော်။
နာဂသက်လူလေးက တစ်ပတ်ကိုတစ်ပိုင်းနှုန်းနဲ့ အပတ်စဉ်စနေနေ့တိုင်း Update ရှိပါမယ်ရှင်။
တစ်ပတ်ကို တစ်ပိုင်းပဲမို့ ဖတ်ရတာအားမရပါဘူးဆိုရင်တော့ Complete ဖြစ်မှဖတ်ဖို့အကြံပေးချင်ပါတယ်😁
ကဲ ဒါဆိုရင် နောက်တစ်ပတ်စနေနေ့ပြန်
ဆုံရအောင်နော် (⁠ ⁠╹⁠▽⁠╹⁠ ⁠)

စာဖတ်ပရိတ်သက်များထံသို့ မေတ္တာများစွာဖြင့် သျှား(⁠≧⁠▽⁠≦⁠)

-------------

Zawgyi

Part 3 Started - 1.2.2025 8:05 PM




You are reading the story above: TeenFic.Net