Started - 25.1.2025 8:00 PM
Unicode
နံနက်အရုဏ်တက်ချိန် ၅:၀၀ ဝန်းကျင်
"အာစတိ...အာစတိရေး၊အာစတိ"
စခန်းအတွင်းမှ ဗိုလ်နာဂနေထိုင်ရာ သစ်သားတဲအိမ်ရှေ့တွင် မောင်ဓာတ်ခဲတစ်ယောက် ကုတ်ချောင်းကုတ်ချောင်းဖြင့် လေသံလေးတိုးညှင်းစွာဆရာသမားဖြစ်သူအားခေါ်နေရ၏။
"အာဒဲ အာစတိရေးလို့"
လေသံလေးဖြင့်ဘယ်လိုခေါ်ခေါ် အာစတိမှာထွက်မလာ။
သူကြီးကိုသက်လူကို သွားချောင်းရန်တိုင်ပင်ထားသည့် ကိစ္စများမေ့သွားပြီလားဟုတွေးမိကာ တဲအိမ်တံခါးကိုဆွဲဖွင့်မည်အလုပ် မိမိနောက်မှတစ်စုံတစ်ရာရှိနေသည်ဟု ခံစားမိ၏။
သို့ဖြစ်၍ နောက်သို့လှည့်ကြည့်သော်...
"အောင်မယ်လေးဗျ အာစတိရ၊လန့်လိုက်တာ အာစတိကိုတဲထဲမှာထင်နေတာကို"
"အစီစဉ်တစ်ခုဆွဲထားရင် ငါဘယ်တုန်းကမေ့တက်လို့လဲကွ၊မင်းထက် ဝီရိယကောင်းလို့ဆရာဖြစ်နေတာ ကြိုနိုးနေတယ်ဆိုတာမသိဘူးလား၊ဖယ် ငါ့တဲရှေ့က"
"အာစတိကလည်းဗျာ မောင်ဓာတ်ခဲလည်း ဝီရိယရှိရှိလာနှိုးတာပဲကို"
"စကားမများနဲ့ သွားငါ့တဲထဲက အထုတ်တွေသွားယူချည်၊ဆေးဘူးတွေရော ပါပြီလား"
"ပါပြီဗျ ဒါနဲ့ အာဒဲ ဘယ်နှစ်ညနေမှာမို့လို့လဲ အာစတိရ"
"လျှာမရှည်စမ်းနဲ့ကွာ ဟိုရောက်မှပြောမယ်၊အထုတ် သွားယူချည်တော့သွား"
"ဟုတ်...ဒါနဲ့အာစတိ ပုဆိုးမဝတ်ဖူးပဲဘာလို့ဝတ်တာတုန်းဗျ၊ချောလှချည်လား"
"အဟမ်း အေးပေါ့ သူကြီးအမြင်မှာ ပထမဆုံးတွေ့ရုံနဲ့တင် ချောချောလေးဖြစ်ချင်လို့"
ယနေ့မှ မောင်ဓာတ်ခဲ၏အာစတိသည် ကချင်ကွက်ပုဆိုးနက်ပြာရောင်နှင့် အသားရောင်ချည်သားအင်္ကျီ လက်ရှည်အားတွဲဖက်ဝတ်ဆင်ထား၏။
ဆံပင်များကို ခါတိုင်းလိုစုစည်းချည်နှောင်မထားသော်ငြား အုန်းဆီနှင့်သေချာပုံသွင်း ဖီးလိမ်းထားဟန်တူ၏။
ပုံမှန်လို လည်သာဖိနပ်အရှည်အားမစီးထားပဲ သားရေခြေညှပ်ဖိနပ်ကိုသာ စီးထား၏။
ပုံစံမှာတော့ အထူးသေသပ်လှ၏။မသိလျင် တကယ့်လူကောင်းလေးလိုလိုပင်၊ဓားပြဗိုလ်ပုံစံနှင့် လားလားမျှမဆိုင်ပေ။
မောင်ဓာတ်ခဲတွေးမိ၏.."ဘဲနဲ့တွေ့မှာ အဲ့လောက်လို လို့လားဟ"
ဒီလိုနှင့် ရောင်နီလာစအချိန်အတွင်း ကျွန်းကန်သာရွာသို့ ဗိုလ်နာဂနှင့်တပည့်ဓာတ်ခဲတို့ ချီတက်ခဲ့ကြတော့သည်။
~~~~~~~~~~
စခန်းနှင့်ကျွန်းကန်သာပင်မရွာကြီးသည် မိုင်အတော်များများဝေးသည်မို့ ရွာစဉ်ရွာဆက်ဖြတ်ကျော်ပြီးနောက်တွင် နာဂတို့ပန်းတိုင်သို့ရောက်ခဲ့လေသည်။
ကျွန်းကန်သာကိုရောက်တော့ အချိန်ကား မနက် ၈ နာရီဝန်းကျင်ပင်ဖြစ်လို့နေ၏။
မိုးစင်စင်လင်း၍ နေရောင်ကျဲကျဲလည်းဖြာထွက်နေချိန်ဖြစ်၏၊ကျွန်းကန်သာပင်မရွာကြီးကို နာဂရောက်ဖူးသည့်အကြိမ်ရေနည်း၏။ကျွန်းတောသာဆယ့်နှစ်ရွာအုပ်စု၏ ရွာများကိုခြေရာပေါက်အောင်ရောက်ဖူးသော်ငြား ပင်မရွာကြီး ကျွန်းကန်သာကိုတော့မလာဖြစ်သည်မှာ နှစ်များတောင်ကြာချေပြီ။
ရွာကြီးသည် အရင်အတိုင်းမပြောင်းလဲ၊နာဂစိတ်ထဲ လွန်ခဲ့သည့်ဆယ်နှစ်က အတိုင်းပင်ရှိနေသေးသည်ဟုထင်၏။
ညောင်ပင်၊ကုက္ကိုလ်ပင်၊စိန်ပန်းပင်၊ပိတောက်ပင်၊မန်ကျည်းပင်နှင့်သရက်ပင်ကြီးများက အရင်တိုင်းပင်ကြီးထွားရှင်သန်နေ၏။
အပင်ကြီးများဖြင့် အဓိကဝန်းရံထားသောရွာကြီးဖြစ်၍ ယခုလိုပူပြင်းလွန်းသည့် နွေရာသီမှာတောင် ရွာသူရွာသားများအေးအေးလူလူနေနိုင်ကြ၏။
ရွာဦးကျောင်း၏ ဘယ်ဘက်ခြမ်းမှာလည်း ကျွန်းကန်သာရွာဆိုသည့်အတိုင်း ကျွန်းပင်ကျွန်းကိုင်းများဖြင့် ပတ်လည်ဝိုင်းထားသော ရေကန်ကျယ်ကြီးရှိ၏။
ထိုကန်ကြီးသည် ရွာသူရွာသားများ အဓိကအားထားသောက်သုံးရသော သောက်သုံးရေအတွက်တာဝန်ယူ၏။ရွာဦးကျောင်း၏ မျက်နှာချင်းဆိုင်တွင်တော့ "ကျွန်းတောသာဆယ့်နှစ်ရွာအုပ်စု ကျွန်းကန်သာရွာ မှ ကြိုဆိုပါ၏"ဟူသော ဆိုင်းဘုတ်အကြီးကြီးကိုတွေ့ရသည်။
ရွာထဲသို့ခြေလှမ်း သုံးလေးဆယ်လောက်လှမ်းဝင်ပြီးရင်တော့ ရွာကြီး၏ကြီးမားကျယ်ပြန့်ပုံနှင့် လမ်းအသွယ်သွယ်ကိုတွေ့ရ၏။
အိမ်များ၊ကြက်ဝက်ကျွဲနွားများ၊လူများနှင့် အပင်ကြီးများသည် ရွာ၏နေရာအသီးသီး၌နေရာယူ၊ရှင်သန်ကြ၏။
"ဟိုးထား..ဟိုထား အာစတိဟိုမှာ ဘာကြီးလဲသိလားအာစတိ"
"ကျွဲလား"
"ဟာ မဟုတ်ဘူးလေဗျာ"
"မင်းနှမကြီးပဲ ကျွဲပဲတွေ့တာလေကွ ဒါမှမဟုတ်ကျွဲဖင်လား"
"ဟာ..ပိုဆိုးကုန်ပြီ၊ဒီဘက်ကိုလှည့် ဒီဘက်ကိုလှည့်ပြီးကြည့်အာစတိရ ဒီမှာတွေ့လား သူကြီးအိမ်"
"ဟေ ရောက်ပြီလားကွ"
"ဟုတ်တယ်ဗျ"
ဓာတ်ခဲ၏လက်ညှိုးထိုးရာအရပ်သို့ကြည့်လိုက်သောအခါ ဟုတ်သည် သူကြီးကိုသက်လူ၏အိမ်ကိုပင်တွေ့ရ၏။
ဆယ့်နှစ်ရွာအုပ်စုကြီး တစ်ခုလုံးကို အသက်အရွယ်ငယ်ငယ်နှင့် အုပ်ချုပ်စည်းရုံးနိုင်သော သူကြီးဖြစ်သူ၏အိမ်ဖြစ်သည့် အလျောက်ရွာလည်၌ထီးထီးကြီးရှိနေ၏။
အိမ်ကြီးမှာ နှစ်ထပ်အိမ်အမျိုးစားဖြစ်ပြီး ရေနံချေးများ နက်မှောင်နေအောင်သုတ်ထား၏။
ခြံဝိုင်းမှာလည်းကျယ်ဝန်းကာ ဝါးခက်များနှင့်စည်းရိုးခက်ထားပုံမှာ သေသေသပ်သပ်ရှိ၏။
ဝိုင်းထဲတွင်လည်း အပင်များစုံလင်အောင်စိုက်ထားပုံရ၏။
"အာစတိ အဲ့တာဆိုအထဲကိုဝင်ကြမလား"
"ဟာ နေဦးအပြင်ကနေ ခဏချောင်းရအောင်၊သူကြီးအိမ်ထဲကထွက်လာပြီး တော်တော်ကြာမှဝင်မယ်"
"ဟုတ်ဟုတ်"
~~~~~~~~~~~~~
နာဂနှင့်ဓာတ်ခဲတို့ သူကြီး၏ခြံစည်းရိုးများအပြင်ဘက်တွင် ကုပ်ချောင်းကုပ်ချောင်းနှင့်ထိုင်ချောင်းနေ၏။
ခြံစည်းရိုးများမှာ ဝါးခက်များဖြင့်ကာရံထားသည့်အပြင် နွယ်ပင်များပါတွယ်တက်နေတော့အတွင်းမှလူသည် အပြင်ကိုမမြင်ရပါ။
ဝိုင်း၏ထောင့်ကျသော နေရာဘက်တွင်ထိုင်ချောင်းနေပြီး ခဏကြာသော် အိမ်ထဲမှ
ပုံရိပ်ဖြူဖြူလေး တစ်ခုထွက်လာသည်။
"လူလေးရယ် ၈ နာရီတောင်ကျော်နေပြီ၊အိပ်လှချည်လား ရပ်ရေးရွာရေးသွားရဦးမယ်လေကွယ်"
"ဟုတ်ဖွားလေး၊သားညက ရွာကအိမ်ထောင်စုဇယားတွေပြန်စစ်နေတာနဲ့ ညည့်နက်သွားလို့နောက်ကျမှထမိတာ"
"အေးအေးသား မျက်နှာကိုသွက်သွက်သစ်နော်၊မနက်အစောပိုင်းက ကိုထိပ်တင်ကြီးလာသွားတယ်၊သူ့ဝိုင်းသစ် စည်းရိုးခက်မဲ့ကိစ္စလေးတိုင်ပင်ချင်လို့ လာကြည့်ပေးပါဦးတဲ့၊ထမင်းကြမ်းစားပြီးရင် သွားလိုက်နော်လူလေး"
"ဟုတ်ဟုတ် ဖွားလေး"
သည်လိုနှင့် မျက်နှာသစ်ရန် ကျောက်ဆည်နားသို့သက်လူထွက်လာလေသည်။
ပခုံးပေါ်၌ပြာနုနု မျက်နှာသုပ်ပဝါတစ်ထည်တင်လာကာ မျက်နှာသစ်ရန်စတင်တော့သည်။စည်းရိုးအပြင်မှ နှစ်ယောက်သည်လည်းယခုထိပင် ဝိုင်းထဲမဝင်သေး။
"တောက်ခ် ချစ်စရာလေးကွာ"
"ဟုတ်ပါ့အာစတိရာ အာဒဲ သူကြီးဆိုတဲ့လူကတကယ်ချစ်စရာလေး"
"ငါသွားပြီး ဖက်နမ်းလိုက်ရင်ကောင်းမလား"
"ဟာ အာစတိကလည်း၊အခုချိန်သွားဖက်ပြီးနမ်းမှတော့ အာဒဲ လက်သီးနဲ့ထိုးခံရမှာပေါ့"
"အသည်းယားတာကိုးကွ"
ရှပ်အင်္ကျီအဖြူလက်ရှည်လေးအား လက်မောင်းနားအထိခေါက်တင်ထားက အကွက်စိပ်ပုဆိုးကိုမှ အစိမ်းနှင့်အနက်ရောထားသည့်အဆင်လေးအား ဝတ်ဆင်ထားသည်မှာဖြူဝင်းလွန်းသည့် သူကြီးကိုသက်လူ၏အသားအရည်နှင့်တင့်တယ်လိုက်ဖက်နေ၏။
သားရေဖိနပ်အနက်ရောင်စိုစိုလေးအားစီးထားသည့် ခြေဖမိုး၊ခြေဖဝါးတို့မှာ ဖြူဝင်း၍အစိမ်းရောင်သွေးကြောလေးများအထင်းသားမြင်နေရ၏။
ရေခွက်တစ်ဖက် သွားတိုက်တံတစ်လတ်နှင့်သွားများကိုသန့်ရှင်းနေပြီး ပလုတ်ကျင်းလိုက်တိုင်းဖောင်းထွက်လာသည့်ပါးမို့မို့လေးများကို နာဂတစ်ယောက်အူမယားပဲမနေနိုင်ပင်။
"အား ဘာလေးလဲပြေးကိုက်ချင်စရာလေးကွာ"
ကိုသက်လူ၏လှုပ်ရှားမှုတစ်ခုချင်းစီတိုင်းကို အလေးနက်လိုက်ကြည့်နေရသည်မှာ နာဂအတွက်နှစ်ခြိုက်စရာပင်။
ဖြူဝင်းကြည်လင်နေသော သူကြီးကိုသက်လူ၏မျက်နှာလေးနှင့်၊ပါးမို့မို့လေးပေါ်တွင် စံပယ်တင်မှည့်လေးတစ်ပေါက်လည်းနေရာယူထား၏။
နဖူးပေါ်သို့ ဝဲကျနေသည့်ဆံပင်လေးများ လေအဝှေ့တစ်ချက်ချက်ကျီစယ်တိုက်ခက်မှုကြောင့် လွင့်ပြယ်သွားပုံလေးသည် နာဂ၏အသည်းအားအခိုင်လိုက် ခြွေယူသွားသလိုပင်။
ယောင်္ကျားလေးတို့သဘာဝအတိုင်း ခြေထောက်၊လက်ထောက်တွင်တော့ မွှေးညှင်းအနက်ရောင်နုနုလေးများနေရာယူထား၏။
ကိုသက်လူ၏အရပ်ကားတော့ ၅ ပေနှင့် ၁၁ လက်မနီးပါးရှိသည်ဟု တပည့်များ၏စုံစမ်းမှုအရသိရ၏။
နာဂတစ်ယောက် ငေးရင်းမောရင်းနှင့်ပင် အနောက်မှတစ်စုံတစ်ရာမိမိ တင်ပါးအားလာထိနေသလိုခံစားမိ၏။
"ဟ ဓာတ်ခဲ မင်းဘာလုပ်တာတုန်း"
"ဗျာ ဘာလုပ်လို့တုန်းဗျ..အ့ အာစတိမောင်ဓာတ်ခဲဖင်ကို ဘာကြီးနဲ့ထိုးနေတာလဲ"
"ဟိတ်ကောင် ထိုးတာကမင်းကွ၊ဘာလို့ ငါ့ဖင်ကို တုတ်နဲ့လာထိုးနေတာလဲ"
"ဟာ အာဒဲ မောင်းဓာတ်ခဲဘယ်မှာထိုးလို့..."
ဓာတ်ခဲပြောပြောဆိုဆိုနှင့် အနောက်သို့လှည့်ကြည့်ရာ ကောက်ရိုးအပြည့်တင်လာသည့်လှည်းကြီးကိုတွေ့ရ၏။
"ဟ အာစတိရေး နောက်လှည့်ကြည့်ဦး"
"ဟေ....ဟာ"
လှည်းပေါ်မှလူသည် နာဂတို့အားမျက်မှောင်ကြီးကုပ်ပြီး စူးစမ်းသလိုကြည့်ပြီးနောက် ဟီးခနဲသွားကြီးဖြီးပြလာသည်။
"ဗျို့ နောင်ကြီးတို့ကဘယ်ရွာကလဲဗျ၊ရွာကိုဘာလာလုပ်တာတုန်း ဘာလို့သူကြီးအိမ်ကြီးကို ချောင်းနေတာတုန်းဗျ မဝင်ရဲလို့လား လာလာကျုပ်လိုက်ပို့မယ် တက်လှည်းပေါ်ကို"
"ဗျာ..."
ထိုလူ၏ဖော်ရွေမှုကြောင့် ဆရာတပည့်နှစ်ယောက်မှာကြောင်အအပင်။
"ဪ..ကျုပ်ကိုကြောက်နေတာထင်တယ်၊အဟဲဟဲ အင်းပေါ့လေ ကျုပ်ကဗလနဲ့ဇနဲ့ ရုပ်ကလည်းအတော်ချောချောဆိုတော့ မျက်နှာစိမ်းတွေကြောက်တာမဆန်းပါဘူး၊ရွာကကလေးနဲ့ခွေးတွေတောင် ကျုပ်တွေ့ရင်ပုန်းကြတာလေ အဲ့လိုဗျအရှိန်အဝါကအဟဲဟဲ ဒါနဲ့ကျုပ်က တာလီဖိုးလို့ခေါ်တယ်ဗျ သူကြီးရဲ့သူငယ်ချင်းအရင်းခေါက်ခေါက်လေ ရွာရဲ့အဓိကလူဆိုလည်းမမှားဘူးပေါ့ဗျာ အဟဲဟဲ"
မမေးပဲနှင့် ဖြေချင်တာတွေဖြေ၊ပြောချင်တာတွေပြောနေသောလူအား နာဂတို့ဆရာတပည့်နှစ်ယောက် သွားပေါ်အောင်ရယ်ပြရုံသာတက်နိုင်ပါတော့သည်။
ထိုသူ နာဂကိုမသိတာကိုတော့ ဝမ်းသာရမည်။
ကျွန်းတောသာ ဆယ့်နှစ်ရွာအုပ်စု၏ ရွာတော်တော်များများက "ဗိုလ်နာဂ" ကိုမြင်ဖူး၊တွေ့ဖူး၊ကြားဖူးသော်ငြား ကျွန်းကန်သာရွာကြီးမှရွာသူရွာသားများသည်တော့ မမြင်ဖူးချေ။
သည်လိုမမြင်ဖူးအောင်လည်း သေချာစီစဉ်ထားခဲ့၍ လောလောဆယ် ဓားပြဗိုလ်အနေနှင့်မဟုတ်ပါဘဲ သာမန်လူတစ်ယောက်အနေနှင့်သာသိထားကြစေရန် အစီစဉ်ချခဲ့သည်။
"ရပါတယ် ချစ်ကိုကြီး၊ချစ်ညီလေးတို့ သူကြီးအိမ်ရှေ့ပဲရောက်နေပြီကို ကိုယ့်ဟာကိုယ်ပဲဝင်လိုက်ပါ့မယ်ဗျ ဟီးဟီး"
နာဂမှ စကားလှအောင်ကြည့်ပြောရသည်။
"ဪ ချစ်ညီလေးရယ်၊ရပါတယ်ဆို ကိုကြီးလည်းသူကြီးအတွက် ကောက်ရိုးလာတိုက်ပေးတာပါကွာ လာလာ ဝိုင်းထဲဝင်လိုက်၊ကိုကြီးရှိတယ် မကြောက်နဲ့သွား ရှေ့ကသွား"
"အယ်..အာ ဟုတ်ဗျ"
~~~~~~~~~~~
"ငသက်ရေ ဆရာတာဝင်ခဲ့ပြီဟေ့ ဟေဟေး"
"ဟေ ငတာလာကွာ၊အေး ဟိုဟာ ကောက်ရိုးတွေကို အိမ်နောက်မှာပုံထားလိုက်ကွာ"
"အေးအေး ငါလှည်း အနောက်ကိုမောင်းသွားလိုက်မယ်၊ဒီမယ် ဧည့်သည်တွေလည်းပါလာတယ်မင်းအိမ်ရှေ့မှာတွေ့လို့ ငါခေါ်လာတာ၊အိမ်ထဲခေါ်လိုက်ပါဦးကွာ"
"အေးအေး၊ဒီက အစ်ကိုတို့ကြွပါခင်ဗျ"
ကိုသက်လူမှ အိမ်ရှေ့အမိုးအောက်ရှိ တန်းလျားရှည်နှင့်စားပွဲနားသို့ ဖိတ်ခေါ်၏။
နာဂတို့အားထိုင်စေကာ ရေနွေးကြမ်းငဲ့ပေးနေ၏။ထိုမှတဆင့် သူကိုယ်တိုင်ထိုင်ကာ စကားစတော့သည်။
"ဒီကအစ်ကိုတို့က.."
"ကျုပ် သူကြီးထက်ငယ်ပါတယ်ဗျ"
အရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင်းအမျိုးသားက မိမိစကားအားဖြတ်ပြောလိုက်သဖြင့် သက်လူသိပ်တော့ ကြည့်မရပါ၊သို့သော်ငြား အနှီအမျိုးသား၏စကားကိုသာ ဦးစားပေးပြန်ဆက်ရတော့သည်။
"ဪ ဟုတ်ပါပြီခဗျ၊ဒါဆို ငါ့ညီတို့က အစ်ကို့အိမ်ကိုလာတာ ဘာကိစ္စများရှိလို့လဲ"
ထိုအခါ သက်လူရှေ့တွင်ရှိသော အမျိုးသားမှစကားဆက်သည်။သူနှင့်အတူပါလာသည့် တပည့်ဖြစ်ဟန်တူသူသည်တော့ တစ်လုံးမှဝင်မပြောချေ။
"ဒီလိုပါ သူကြီး၊ကျုပ်တို့က ဟိုး..ဘက် တောင်ကုတ်အုပ်စုကလာခဲ့တဲ့ ဆေးရောင်းတဲ့သူတွေပါဗျ ကျုပ်တို့ရွာဘက်မှာ နာမည်တအားကြီးနေတဲ့လျက်ဆားပုလင်းလေး လာရောင်းတာပါဗျ"
"ဪ ဟုတ်ကဲ့၊ဒါဆိုရင် ပုလင်းပုံစံလးအစ်ကို့ကိုပြလို့ရမလား ငါ့ညီ"
"ဒီမှာပါဗျ"
"ပုလင်းလေးကတော့ ပုပုဝိုင်းဝိုင်းနဲ့ချစ်စရာလေးကွ၊အေး အမှတ်တံဆိပ်က...ဟင် ဇောင်းရွတ်တဲ့..အမ် ဇောင်းရွတ်ဆိုတော့..အဲ ဇွတ်ရောင်းတာပေါ့ဗျ"
သက်လူ၏စကားကြောင့် ဆေးရောင်းသူအမျိုးသားမှာ ရေနွေးကြမ်းငုံနေရာမှ မျိုချရမလိုလို၊ထွေးရမလိုလိုနှင့် မျက်လုံးပြူးမျက်ဆံပြူးကာ လက်တွေခါပြနေ၏။
"မဟုတ်..အဟွတ်အဟွတ် မဟုတ်ပါဘူးသူကြီးရယ်၊ဇွတ်မရောင်းပါဘူးဗျာ ကျုပ်တို့ဘိုးဘေးဘီဘင်လက်ထပ်ကတည်းက ပေးလာတဲ့နာမည်ပါဗျ"
"ဪ ဒီလိုကိုး၊ဒါဆို သုံးစွဲပုံကရော ငါ့ညီ"
ထိုမှတစ်ဆင့် လျက်ဆားပုလင်း၏သုံးစွဲပုံအညွှန်း၊အကျိုးကျေးဇူးနှင့်အသုံးပြုရမည့်ပုံစံများအား နာဂနှင့်ဓာတ်ခဲမချွင်းမချန်ရှင်းပြရတော့၏။သူကြီးကိုသက်လူမှလည်း ခေါင်းတညိတ်ညိတ်ဖြင့် သဘောတွေကျနေ၏။သူကြီးကိုသက်လူ၏ အာရုံစိုက်မှုအား ရယူနိုင်မည်မှာ ဒီနည်းအပြင်မရှိတော့ပေ။နာဂစုံစမ်းမိသလောက် သူကြီးကိုသက်လူက မြန်မာတိုင်းရင်းဆေး၏ ပရိတ်သက်အကြီးစားပင်။အဖွားဖြစ်သူနှင့်နေလာတာကြာသည်နှင့်အမျှ အဖွား၏ဓာတ်များကူးကာ အဘိုးကြီးပေါက်စလေးလိုပင် မြန်မာဆေးမှ မြန်မာဆေးမှီဝဲ၏။
ယခုလည်း ထိုဆေးကိုမှီဝဲပါက အရပ်လည်းရှည်လာမည်ဟုပြောမှ သဘောအကျကြီးကျနေကာ သုံးပုလင်းအားပေးသွား၏။
"ကဲ ရှင်းသွားပြီဗျား၊ဒါဆိုရင် ငါ့ညီတို့ ပြန်လို့ရပြီဗျား"
"ခင်ဗျာ အခုမှရောင်းပြီးရုံရှိသေးတာလေ"
"ဪအေး ဟုတ်သားပဲကွ၊ဒါဆို ရွာထဲပတ်ရောင်းဦးမှာပေါ့"
"ဟုတ်ပါတယ်ဗျ အဲ့ဒီအတွက် ကျုပ်တို့သူကြီးကိုအကူညီတောင်းစရာရှိလို့ပါ"
"ဘာများလဲ အစ်ကိုကူညီနိုင်တာရှိရင် သေချာကူညီပေးပါ့မယ်ဗျ"
"ကျုပ်တို့က သူကြီးသိတဲ့အတိုင်းမိုင်တော်တော်များများဝေးတဲ့ တောင်ကုတ်ဘက်ကလာတာ ဆိုတော့ခရီးကလည်းပန်းတယ်ဗျာ၊ဆေးတွေကလည်းများတော့ ဒီနေ့ရွာထဲပတ်ရောင်းချင်သေးတယ် အဲ့တာဒီညတစ်ညလောက် ရွာမှာတည်းခိုလို့ရမလားဗျ"
"ဪ ရပါတယ်၊ဒါဆိုရင် အစ်ကိုစီစဉ်ပေးပါ့မယ်ငါ့ညီတို့ ပြီးရင်အစ်ကို့သူငယ်ချင်းတာလီဖိုးနဲ့လိုက်သွားချည်ကွာ၊သူ့အိမ်မှာအိပ်လို့ရတယ်"
"မရပါဘူးဗျ..ကျုပ်ကသူကြီးနဲ့အိပ်ချင်တာပါ"
"ဟမ်"
"အယ် မဟုတ်ပါဘူးဗျ ကျုပ်သူကြီးအိမ်မှာ တည်းချင်တယ်လို့ပြောတာပါ၊တည်းချင်တယ်ဆိုတာဟို..သူကြီးအိမ်ကပိုအဆင်ပြေမယ်ထင်လို့ပါဗျ ဆေးပုလင်းတွေနဲ့ဆိုတော့တခြားအိမ်မှာထားရင်အဆင်မပြေမှာဆိုးလို့ပါ"
"ဪ ဟုတ်ပြီဟုတ်ပြီဗျား၊ဒါဆို ရွာထဲပတ်ရောင်းချည်ဦး၊ညနေစောင်းရင် အစ်ကို့အိမ်ပြန်လာခဲ့ကွာ ဟုတ်လား"
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်သူကြီး"
"ဒါနဲ့ ငါ့ညီတို့နာမည်က.."
"ကျုပ်နာမည်က အောင်ဘချစ်ပါ ဒီဘက်ကအသားမဲမဲနဲ့ကောင်ကတော့ ချစ်ဘအောင်"
"ဪ..နာမည်တွေက ရှေ့နောက်ပဲနော်၊ကြားရတာ ကောင်းပါတယ်ဗျ တစ်မျိုးတော့တစ်မျိုးလေးပေါ့"
အာစတိစကားကြောင့် နင်နေရာကနေ သူကြီးကိုသက်လူ၏နောက်ဆက်တွဲစကားလာမှသာ ဓာတ်ခဲနေသာထိုင်သာရှိတော့၏။
သူကြီးကိုသက်လူအား သွားဖြီးပြကာ ထိုအိမ်မှာတင် အာစတိ၏အကြံနှင့်တစ်ညတည်းဖြစ်ခဲ့တော့လေသည်။
~~~~~~~~~~
သူကြီးကိုသက်လူအိမ်၌ တည်းခိုကာ တစ်အိမ်တည်းနီးနီးကပ်ကပ်ကြီးနေရခြင်းကို အသားမကျလို့လား၊နွေညကပူပြင်းလွန်းလို့လားမသိ..နာဂတစ်ယောက်အိပ်မပျော်ပေ။
ဆရာဖြစ်သူမှာ ဟိုလှိမ့်ဒီလှိမ့်နှင့် အတွေးများကာအိပ်မရသော်လည်း ဘေးမှတပည့်ဖြစ်သူ ဓာတ်ခဲမှာမူ မော်တော်ခုတ်မောင်းသလို တဖူးဖူး တခူးခူးဖြင့်ဟောက်လိုက်မှောက်လိုက် ကုလားသေ ကုလားမောအိပ်နေ၏။
ဧည့်သည်မို့ စောစောအိပ်ရမည့် ဝတ္ထရားကိုသိသော်ငြား ဘယ်လိုအိပ်အိပ်မပျော်သည်မို့ အောက်ဆင်းကြည့်ရန်သာဆုံးဖြတ်လိုက်သည်။
ကိုသက်လူပေးထားသည့် မီးခွက်တစ်ခွက်အားကိုင်ကာ အိမ်အောက်ဆင်းလာခဲ့၏။
လျှပ်စစ်မီးမရသေးသော ရွာကြီးဖြစ်တာကြောင့် တစ်ရွာလုံးမှာမှောင်မဲတိတ်ဆိတ်နေပြီး ကောင်းကင်ယံမှာသာ ထိန်ထိန်လင်းနေသော သဘာဝမီးသီးလမင်းကြီးကိုတွေ့ရ၏။
နာဂအောက်ကို ဆင်းလာတော့ ကိုသက်လူမှာမအိပ်သေးပဲ မီးအိမ်တစ်လုံးဖြင့်စာရင်းဇယားများစစ်ဆေးကာ အလုပ်ရှုပ်နေ၏။
စာကြည့် မျက်မှန်ဖြစ်ဟန်တူသော မျက်မှန်အဝိုင်းကိုင်းနက်လေးကို တပ်ဆင်ထားကာ မြင်းခေါင်းစွတ်ကျယ်တစ်ထည်နှင့်ပုဆိုးအနီရောင်လေးအားဝတ်ဆင်ထား၏။
နွေဖြစ်လို့ ပူသည်ထင်၏ နားထင်များအထက်တွင် ချွေးစလေးများတွေ့ရကာ ဆံနွယ်များနှင့် ရောယှက်နေ၏။
နာဂဆင်းလာတာကိုမြင်တော့ သွားတန်းလေးများပေါ်အောင် ဖော်ရွေစွာရယ်ပြ၏။
"ကိုအောင်ဘချစ် အိပ်မပျော်ဘူးလား"
ကိုသက်လူ၏စကားကြောင့် ဟင် အောင်ဘချစ်၊ဘယ်သူက အောင်ဘချစ်ပါလိမ့်ဟုပင် နာဂလန့်သွားရ၏။
"ဟုတ်ကဲ့ သူကြီး၊အိပ်ရာပြောင်းလို့ထင်တယ် ဟိုလှိမ့်ဒီလှိမ့်နဲ့အိပ်မပျော်ပါဘူးဗျာ"
"ဪ ဒါဆိုအစ်ကိုနဲ့လာထိုင်ပါလား၊လာ ရေနွေးကြမ်းလေးဘာလေး သောက်ရအောင်"
"ဟုတ်ကဲ့"
ကိုသက်လူ၏ ညွှန်ကြားချက်အရ တန်းလျားတွင်ဝင်ထိုင်လိုက်၏။
"အိပ်ရာပြောင်းရင်ဒီလိုပါပဲ ငါ့ညီရ၊ဟို ချစ်ဘအောင်ရောအိပ်သွားပြီလား"
"သူကတော့ ပြောမနေပါနဲ့ဗျာပင်ပန်းသွားလို့ထင်တယ်၊အိပ်သွားလေရဲ့ သူကြီးရောမအိပ်သေးဘူးလား"
"အစ်ကိုကဒီချိန်မအိပ်သေးဘူး၊စာရင်းတွေပြန်စစ်နေတာရယ် နောက်ပြီးတော့အခုရက်ပိုင်းအစ်ကိုတို့ရွာဘက်မှာ ဓားပြတွေသောင်းကျန်းနေတယ်ဆိုလို့အခြေနေကြည့်နေတာ"
"ဪ.....ဓားပြတွေကဆိုးလားဗျ"
"ဆိုးတာပေါ့ငါ့ညီရ၊အစ်ကိုကြားတာတော့ ပစ္စည်းဥစ္စာဆို ပြောင်အောင်သိမ်းတယ်ဆိုပဲ၊သူကြီးတစ်ယောက်အနေနဲ့ မထိန်းချုပ်နိုင်သေးတာတော့ရှက်မိတာပါ့ကွာ"
"အဲ့လိုမတွေးပါနဲ့ဗျာ ဆယ့်နှစ်ရွာအုပ်စုကြီးပဲကို နည်းတာမှတ်လို့ ဘယ်ထိန်းချုပ်ပေးဖို့လွယ်ပါ့မလဲနော၊ဒါနဲ့ သူတို့ကဓားပြတိုက်ပြီးရလာတဲ့ပစ္စည်းတွေကို ဘာလုပ်တာတဲ့လဲဗျ"
"အစ်ကိုကြားတာတော့ ဟိုးဘက်သရက်ခြံရွာသားတွေ သူတို့စခန်းကိုသွားချောင်းတုန်းက ဘာမှပြောင်ပြောင်လတ်လတ်မတွေ့ရဘူးတဲ့ ပြောချင်တာကတော့ ဓားပြတိုက်ထားတဲ့ပစ္စည်းတွေနဲ့တောက်တောက်ပြောင်ပြောင်မနေဘူးပေါ့ကွာ၊အဲ နောက်နေ့ရောက်တော့စခန်းက နေရာ ပြောင်းသွားတယ်တဲ့ ရွာသားတွေကိုတော့လာချောင်းတာမိတာတောင် လက်စမတုံးဘူးဆိုလား၊အေး ဒါပေမယ့် ဖြစ်နိုင်တာက ဓားပြတိုက်လာတဲ့ပစ္စည်းတွေကိုတစ်နေရာရာမှာ ဝှက်ထားရင်ကော"
"အဲ့လိုမဟုတ်ပဲ လိုအပ်နေတဲ့နေရာတွေကို လှူလိုက်တယ်ဆိုရင်ရော သူကြီး..."
"ဟမ်.."
"ဪ..ကျုပ်ပြောတာက ဘာမှမဟုတ်တော့ပါဘူး၊ဒါနဲ့ အဲ့ဒီဓားပြအဖွဲ့ရဲ့ ဗိုလ်ကိုရောသူကြီးမြင်ဖူးလား"
"ဟင့်အင်း အစ်ကိုတင်မဟုတ်ဘူး၊တစ်ရွာလုံးမမြင်ဖူးတာ အစ်ကိုတို့ ကျွန်းတောသာအုပ်စုမှာဓားပြတိုက်ခံရတဲ့ရွာ သုံးရွာလောက်ပဲရှိဦးမယ်၊အဲ့ဒီကရွာသားတွေတော့မြင်ဖူးမှာပေါ့"
"သူ့ပုံစံကို ဘယ်လိုထင်လဲသူကြီး"
"ဘယ်လို ထင်ရမှာလဲ၊အသားမဲမယ်"
"ဟာ.."
"ဗိုက်ပူမယ်.."
"ဟင်"
"မုတ်ဆိတ်မွှေးထူထူနဲ့ အနုတ်စုတ်ဂုတ်စုတ်"
"ဟိုက်..."
"အရပ်ပုပု၊မဲမဲသန်သန် အသက်က ၄၀ လောက်"
"အောင်မယ်လေးဗျာ"
"ယုတ်မာမယ်၊မဒိန်းကောင် လူသတ်ကောင် အလကားကောင်ဖြစ်မှာပေါ့ တောက်ခ် ပြောရင်းနဲ့ဒေါသထွက်လာပြီ ဒီကောင့်ကိုအမြန်ဖမ်းပြီး သက်ဆိုင်ရာအပ်ရမယ်"
"အောင်မယ်လေးဗျာ ရစရာကိုမရှိပါဘူး၊သူကြီး သူ့ကိုမမြင်ဖူးပဲနဲ့ ဘယ်လိုဖမ်းမှာတုန်း"
"လာကာမှ လာရော့ပေါ့ငါ့ညီရာ၊ကဲပါ အဲ့ဒီအကုသိုလ်အကောင်တွေအကြောင်းမပြောချင်ပါဘူး လာလာအိပ်ရအောင် အစ်ကိုလည်းအိပ်တော့မယ်"
"ဟုတ်ကဲ့ ဒါနဲ့သူကြီး.."
"ဟင် ဘာဖြစ်လို့လဲ"
တန်းလျားပေါ်ဘေးချင်းကပ်ထိုင် နေရာမှ အတူထကာသက်လူ၏ပခုံးပေါ်သို့ ကိုဘချစ်မှသူဝတ်လာသည့် တထွန်ကွက်ကျားအပေါ်အင်္ကျီအပါးလေးအား ထပ်ပေးလာ၏။
"ဟို..မအေးပေမဲ့ ခြင်ကိုက်မှာဆိုးလို့သူကြီး"
"ဪ..အင်း ရပါတယ်ကိုအောင်ဘချစ်ပဲ ဝတ်ထားလိုက်ပါ ရော့"
"မဟုတ်တာ သူကြီးပဲဝတ်ထားလိုက်ပါ"
"ဪ ရပါတယ်ဗျာ ရော့ကိုအောင်ဘချစ်ပဲဝတ်"
အပေါ်အင်္ကျီလေးမှာ နာဂတလှည့်၊သက်လူတလှည့်နှင့် ကြားညပ်နေရှာ၏။အင်္ကျီတစ်ထည်အား နှစ်ယောက်ကိုင်ကာရှေ့တိုး နောက်ဆုတ်ဖြစ်နေရာမှ အဖြစ်ပျက်တစ်ခုအဖြစ်ပြောင်းလဲသွားတော့သည်။
"ဪ သူကြီးပဲဝတ်ပါဆို အောင်မယ်လေးဗျ"
"အင့်..."
ရှေ့တိုးနောက်ဆုတ်လုပြီးပေးနေကြရာမှ သက်လူအားလွန်ကာ ခဲတစ်လုံးအားခလုပ်တိုက်မိသွားသည်၊နောက်ပြန်ကျပြီထင်၍မျက်လုံးနှစ်လုံးအား ကျစ်ကျစ်ပါအောင်မှိတ်လိုက်ကာ ရင်ဆိုင်မည့်အလုပ် မိမိခါးအားလက်တစ်စုံမှ လှမ်းဖမ်းပေးထား၏။
"သူကြီး အဆင်ပြေရဲ့လား..."
ဒုတ်..ဒုတ်..ဒုတ်..ဒုတ်
အားလွန်ကျကာနီး၍ လန့်သွားသည်လား ကိုအောင်ဘချစ်နှင့်မျက်လုံးချင်းရုတ်တရက်ဆုံမိသည်လားမသိ..သက်လူရင်ခုန်သံများမှာတော့ သာမန်ထက်နှစ်ဆကျယ်လောင်လာသလိုခံစားရ၏။ထိုလူ၏မျက်နှာမှာ လရောင်အောက်တွင်ပိုကြည်လင်နေ၏၊မျက်ဝန်းများမှာ ကြင်နာမှုအပြည့်ပါသလိုခံစားရကာ လင်းလက် တောက်ပနေသေးသည်။မင်းသားရှုံးအောင်မချောသော်ငြား ဆေးရောင်းသူတစ်ယောက်၏ရုပ်ရည်ထက်သာလွန်ကာ ချောမောခံ့ညား၏။မေးရိုးများမှာထင်းထွက်နေကာ နှုတ်ခမ်းတစ်ဝိုက်နှင့် မေးတစ်ဝိုက်တွင်မုတ်ဆိတ်ငုတ်တိုလေးများနေရာယူထား၏။
အသားအရည်သည် ညိုတဲ့ဘက်မပါသော်လည်း ဖြူလွန်းသည်လည်းမဟုတ်။
ဂုတ်ထောက်နေသောဆံနွယ်များအား ဖြည်ချထားပြီး ဆံနွယ်ရောင်နှင့်မျက်ခုံးမွှေးအရောင်တို့မှာ အတွဲညီစွာပိတုန်းရောင်ဖြစ်နေ၏။
မျက်ဝန်းဖြူဖြူထဲမှ မျက်ဆံနက်နက်သည်စူးရှသည့်ဘက်ကိုလည်းသွား၏။
ထိုလူ့မျက်ဝန်းမှာ ညှို့အားများပင်ရှိနေလားမသိ သက်လူကြာကြာမကြည့်နိုင်ပေ။
"ရ..ရပါတယ် ဒါဆိုသွားရအောင် ကို..ကိုအောင်ဘချစ်"
"ဟုတ်ကဲ့..သူကြီး"
ပြာလဲ့နေသောလရောင် အောက်တွင်သူကြီးကိုသက်လူ၏မျက်နှာလေးမှာ ဝင်းပနေ၏။
မျက်ဝန်းများမှာ အနည်းငယ်ဝိုင်းစက်နေ၏၊စေ့စေ့ပိတ်ထားသော နှုတ်ခမ်းလွှာများမှာ စိတ်လှုပ်ရှားသည်ထင်၏ အနည်းငယ်တုန်လှုပ်နေသည်။နှာတံစင်းစင်းနှင့်အပြိုင် မျက်တောင်လေးများမှာလည်း ခပ်စင်းစင်းဖြစ်နေ၏။
ပါးမို့မို့လေးများနှင့် နဖူးမို့မို့လေးသည် မွှေးကြူချင်စရာအတိဖြစ်လောက်အောင် မြတ်နိုးဖွယ်ရာကောင်း၏။
လရောင်အောက်ဖြစ်သဖြင့် ဖြူဝင်းသည့်အသားရည်မှာ နဂိုထက်ပိုဖြူဝင်း၏။
ရွှန်းလဲ့ကြည်လင်နေသော မျက်ဆံညိုညိုလေးမှာ ဘိုးဘေးတွေဆီကအမွေရခဲ့ဟန်တူသည်။
နဖူးပေါ်ဝဲကျနေသောဆံနွယ်များမှာလည်း နွေလေနှင့်ထိတွေ့သောအခါယိမ်းလိုက် ယိုင်လိုက်ပင်။
ရိုးရိုးလူများအတွက် သူကြီးကိုသက်လူ၏ရုပ်ရည်သွင်ပြင်သည် သာမန်ပဲထင်ရသော်ငြား အသေးစိတ်ရှူမြင်ရတာကိုကြိုက်နှစ်သက်သည့်နာဂအတွက် ၁ မိနစ်စာမြင်ကွင်းလေးမှ ကြည်နူးစေ၏။ကြာကြာကြည့်လျှင် ကြင်သူရှက်သွားမှာဆိုးသဖြင့်လွှတ်ပေးလိုက်ရ၏။
မိမိကိုယ်တိုင်လည်း နားများနီနေလေပြီ..
"ကောင်းသောညပါ သူကြီး"
လရောင်ဖြာထွက်နေသော နွေည၏မိုးကောင်ကင်အောက်တွင် အမျိုးသားနှစ်ဦးရှက်သွေးဖြာလျက်ရှိနေ၏။
ဘာကိုရှက်လို့ ရှက်နေမှန်းထိုသူတို့ကိုယ်တိုင်ပင်သိမည်မထင်။
သေချာသည်မှာ စားပွဲအောက်မှခြင်နိုင်ဆေးခွေလေးမှာတော့ အားငယ်နေရှာလျော့မည်။
-------------
အပိုင်းနှစ်လည်းဖတ်ပြီးကြပြီဆိုတော့ နောက်ထပ်အပိုင်းသုံးမှာ ဆက်ဆုံရအောင်ပါ။
အမှားရှိခဲ့ရင်လည်း မချွင်းမချန်ထောက်ပြပေးကြမယ်လို့ မျှော်လင့်ပါတယ်။
Goodnight!!ʕっ•ᴥ•ʔっ
မေတ္တာများစွာဖြင့် သျှား ♡
-------------
Started - 25.1.2025 8:00 PM
Zawgyi
"အာစတိ...အာစတိရေး၊အာစတိ"
"အာဒဲ အာစတိရေးလို့"
You are reading the story above: TeenFic.Net