အပြာနုရောင်ဝတ်ရုံရှည်ကို ကိုယ်ပေါ်လွှားကာ ကျောမတ်မတ်ထိုင်ရင်း ရေနွေးကြမ်းသောက်နေသည့်ယောကျာ်းပျိုသည် သူရှေ့မှ ဖြူဖတ်ဖြူရော် မျက်နှာဖြင့် စိုးရိမ်ကြောင့်ကျနေသည့် ပိန်ပိန်ရှည်ရှည်ယောကျာ်းအား တစ်ချက်မျှကြည့်ပြီးသော် ဆက်မကြည့်နိုင်သည့်နှယ် အကြည့်တို့လွဲလေသည် ။
" အစ်ကိုကြီး...ဒီလိုပဲ နေတော့မှာလားဗျာ ။ တစ်ခုခုကူစဥ်းစားပေးပါဦးလား "
ထိုပိန်ရှည်သည့်လူသည် ငိုတော့မလိုပင် ။
" အဲ့တာ မင်းကိစ္စလေ ။ ခေါင်းဆောင်ပေးထားတဲ့တာဝန်ကို ကျေပွန်အောင်မလုပ်နိုင်ဘဲ ငါ့ရှေ့လာငိုနေတာ ဘာတတ်နိုင်မှာမလို့လဲ "
အစ်ကိုကြီး၏စကားကြောင့် ထိုယောကျာ်းသည် အံ့သြတကြီးဖြစ်သွားရကာ မခံချင်မခံသာဖြစ်လာရသည် ။
" အစ်ကိုကြီးနဲ့လည်း ဆိုင်တာပဲလေဗျာ ။ အစ်ကိုကြီးတာဝန်ယူရတဲ့နယ်မြေမှာ ဖြစ်တာလေဗျာ "
" ငါ့ကို တာဝန်ပေးထားတာလား ။ မင်းကိုလား "
ထိုအပြာနုရောင်ဝတ်လူသည် ရေနွေးကြမ်းအသောက်မပြတ်ဘဲ ဆိုလာသည် ။
" အစ်ကိုကြီးအတွက် အကျိုးမယုတ်ပါဘူးဗျာ ။ မင်ယွန်းဂီကို အစ်ကိုကြီးရော ခေါင်းဆောင်ရော လုနေကြတာ ကျွန်တော်မသိတာကျ ။ ခေါင်းဆောင်မခိုင်းဘဲ မင်ယွန်းဂီအနား ချည်းကပ်တာတွေ အကုန် ကျွန်တော်သိတယ်ဗျ "
ထိုကဲ့သို့ ခြိမ်းခြောက်စကားကို အမှုမထားဟန် ထိုသူသည် အကြည့်လေးတောင် မစွန့်ကြဲလာပါချေ ။
" မင်းရော လွတ်မယ်ထင်လား ။ "
သောက်လက်စရေနွေးကြမ်းကို လက်စသတ်ပြီးနောက် ထိုလူသည် မတ်တပ်ထရပ်လာ၏ ။
" မင်း သွားတော့ ။ ငါ ခေါင်းဆောင်ကို ပြောထားပေးမယ် ။ "
ပိန်ရှည်ရှည်လူသည် ဝမ်းသာသွားသည် ။
" တကယ်ပြောထားပေးနော် အစ်ကိုကြီး "
" အကယ်၍များ ငါ့အကြောင်း တစ်စွန်းတစ်စများ ခေါင်းဆောင်ဆီက ကြားလာခဲ့ရရင် မင်းအသက်ကို အာမမခံနိုင်ဘူး ။ ပါးစပ်ပိတ်ပြီး တိတ်တိတ်နေပေးရင်တော့ မင်းအတွက် အကျိုးရှိမှာပေါ့ "
" စိတ်ချပါ အစ်ကိုကြီးရ ။ ကျွန်တော်နှုတ်လုံပါတယ် ။ "
ပိန်ရှည်သည့်သူသည် အစ်ကိုကြီးထံမှ လိုချင်သည့်ကတိစကားအားရရှိပြီးသည့်နှင့် နှုတ်ဆက်ကာ ပြန်သွားလေ၏ ။ ထိုသူသည် အပြင်ဖက်ရောက်ရောက်ချင်းပင် သူ၏ လုပ်ချိုနေသည့်အပြုံးတို့သည် ပျောက်ကွယ်သွားကာ အေးစက်စက်အငွေ့အသက်တို့ဖြစ်တည်လာခဲ့၏ ။ သူအနေဖြင့် သင်္ဘောပေါ်မှ ခုန်ချလိုက်ခြင်းကြောင့်သာ သေကံမရောက်ဘဲ လွတ်လာရခြင်း ဖြစ်သည် ။ အတွင်းဒဏ်ရာတွေသည် အရှင်းမပျောက်သေးရာ ကောင်းကောင်းအနားယူရန်လိုအပ်နေပါသေး၏ ။ ထို့အပြင် ပေးအပ်သည့်တာဝန်ကိုလည်း ကျေပွန်အောင်မစွမ်းဆောင်နိုင်ခဲ့ရာ သူသည် အစ်ကိုကြီးဖြစ်သူထံလာရောက်အပူကပ်ရပါတော့၏ ။ မည်မျှပင် အစ်ကိုကြီးဟု သကာရည်ဆမ်းကာ ဆိုစေဦးတော့ ထိုလူသည် သူစိမ်းတစ်ရံသာဖြစ်ရာ ယခုလို ခယနေရတာမျိုး သူ မနှစ်သက်ပေ ။ သို့သော်ငြား ခေါင်းဆောင်၏ ဒေါသကို ပြေစေသူမှာ အစ်ကိုကြီးပဲ ရှိလေရာ သူသည် နှိမ့်ချထားဖို့ရာသာ တတ်နိုင်ပေ၏ ။
မင်ယွန်းဂီအား မဖမ်းမိနိုင်ခဲ့ပါသော်ငြား တခြားသောရုပ်သေးမိစ္ဆာများကို ဘူလ်ယုံးတပ်ဖွဲ့ မရိပ်မိခင် အမြန် ထိန်းချုပ်သိုဝှက်လိုက်နိုင်သည့်အတွက် အဆိုးထဲက အကောင်းပင် ဖြစ်ချေသည် ။ ထို့အပြင် သူလွတ်သွားသည့်သားကောင်သည် မည်သူ့အတွက် ဖြစ်လိမ့်မည်နည်းဆိုသည်မှာလည်း စိတ်ဝင်စားစရာကောင်းနေပါ၏ ။ သူအနေဖြင့် ဤပွဲအား ဘေး၌ထိုင်ကြည့်ရုံသာဖြစ်ပြီး ကံကောင်းပါက အမြတ်အစွန်းလေးပါ စားရနိုင်ချေရှိပေသည် ။
အပြာနုရောင်ဝတ်လူသည် အခန်းထဲ လှည့်ပတ်သွားလာရင်း သူသည် အကြံထုတ်နေလေ၏ ။ သူ၏ အတန်ငယ် ကြည့်ကောင်းသည် ရုပ်ရည်သွင်ပြင်သည် တစ်စုံတစ်ရာအား နက်ရှိုင်းစွာတွေးတောနေလေရာ သူသည် ပတ်ဝန်းကျင်နှင့်အဆက်အသွယ်ပြတ်လုနီးပါးပင် ။
" သခင်လေးချွဲ..."
အပြင်ဖက်မှ အမျိုးသမီးတစ်ဦး၏ ချိုသာသည့်အသံကြောင့် သူသည် တည်ငြိမ်စွာတွေးနေရာမှ
" ဝင်ခဲ့လေ "
သခင်လေးချွဲသည် အခန်းတွင်းသို့ဝင်လာသည့်မိန်းမပျိုလေးအား ရင်ခွင်ထဲဆွဲသွင်းရင်းပင် သူ၏အကြည့်တို့သည် နူးညံညင်သာသွားလေ၏ ။
တော်ဝင်မျိုးနွယ်အား ခြိမ်းခြောက်မှုပြုကာ နန်းတော်ရာအတွင်း ထိတ်လန့်တကြားဂယက်ထစေခဲ့သည့်ဂုန်းအဆိပ်ကို ဖယ်ရှားပြီးသည့်နောက် အရာအားလုံးသည် နေသားတကျပြန်လည်ဖြစ်တည်လာပုံရပါသော်ငြား မုန်တိုင်းမလာခင် လေပြေသွေးနေသယောင်ပင် ထင်ရပါ၏ ။ ယခင်ကလို စကားစမြည်ဆိုနေကြပါသော်ငြား စိတ်အတွင်း၌ သံသယတို့စုခဲလျက် အခွင့်သာဖို့ရန်သာ စိတ်လောနေကြ၏ ။ ကြီးစွာသော ပျက်စီးမှုတို့အတွက် ကောင်းစွာအရှိန်ယူနေသည့် မုန်တိုင်းငယ်တစ်ခုအလားပင် ။
ယခုရက်ပိုင်း၌ အလုပ်ရှုပ်နေရသည့်ခေါင်းဆောင်ဂျွန်သည် ယနေ့၏နေ့လယ်ခင်းတွင်တော့ မိဖုရားခေါင်ကြီး၏အဆောင်၌ ရှိလို့နေသည် ။ မိဖုရားကြီး၏အခေါ်တွေ့လွှတ်မှုကြောင့် သူသည် လုပ်လက်စအလုပ်များကိုပင် ခဏထားခဲ့ကာ လာတွေ့ရခြင်းပင် ။ အထွေအထူးမဟုတ်ပါဘဲ နေ့လယ်စာအတူစားသောက်ရန်ဖြစ်လေသောအခါ ဂျွန်ဂျောင်းဂုခင်မျာ အောင့်သက်သက်ဖြစ်သွားရတော့သည် ။
အလုပ်ရှုပ်နေပါတယ်ဆိုမှ...။
သို့သော်လည်း မငြင်းဆန်နိုင်ရာ သားတစ်ယောက်၏တာဝန်ကို ကျေပွန်ရဦးမည်ပင် ။
သူ့ ကြိုက်နှစ်သက်သည့်စားစရာများအားထည့်ပေးလာရင်း မယ်မယ်သည် ဂရုစိုက်မှုပြုလာ၏ ။
" ဒခုတလော အလုပ်တွေရှုပ်နေတယ်လို့ကြားတယ် ။အစားရော သေချာစားဖြစ်ရဲ့လား ။ "
" စားဖြစ်ပါတယ် မယ်မယ် ။ မယ်မယ်ရော နေကောင်းတယ်မဟုတ်လား "
မယ်မယ်သည် သူ့အား ခပ်ဖွဖွလေး ပြုံးပြလာသည် ။
" ခန္ဓာကိုယ်ကတော့ အကောင်းအတိုင်းပါပဲကွယ် "
လက်ရှိဖြစ်ပျက်သွားသည့်ကိစ္စရပ်များကြောင့် မယ်မယ်ခင်မျာ စိုးရိမ်ကြောင့်ကြနေရမည်မှန်း သူ ခန့်မှန်းမိပေ၏ ။
" စိတ်ရော ကိုယ်ရော ကျန်းမာအောင်နေပါ မယ်မယ် ။ အကုန် အဆင်ပြေမှာပါ "
မယ်မယ်သည် ထိုစကားအား ထောက်ခံခြင်းလည်းမရှိ ၊ ငြင်းဆန်ခြင်းလည်း မပြုဘဲ တိတ်ဆိတ်နေရင်းသာ သူ့ပန်းကန်လုံးထဲသို့ ဟင်းများထပ်ထည့်ပေးလာ၏ ။
ဂျွန်ဂျောင်းဂုသည်လည်း တိတ်တိတ်နေရင်းသာ အစားဆက်စားနေလိုက်သည် ။
နေ့လယ်စာ စားသောက်ပြီးစီး၍ ရေနွေးကြမ်းသောက်ကာ ပြန်ရန်နှုတ်ဆက်မည့်အချိန်ကျမှသာလျင် မယ်မယ်က စကားဟလာခဲ့၏ ။
" သားကို မယ်မယ် တောင်းဆိုစရာရှိတယ် ။
" ဘာများလဲ မယ်မယ် "
ဂျွန်ဂျောင်းဂုသည် စူးစမ်းစွာ မယ်မယ်၏မျက်နှာရိပ်အား အကဲခတ်နေမိသည် ။
" အရင်ဆုံး သားမှာ သဘောကျတဲ့လူရှိနေပြီလား "
သူ ကြောင်နနလေး ခေါင်းခါပြလိုက်သည် ။
မယ်မယ်သည် သူ့အဖြေကို သဘောတွေ့သည့်နှယ်ဆက်ဆိုလာသည် ။
" သားကို မယ်မယ်ကိုယ်တိုင် အိမ်ထောင်ချပေးချင်တယ် ။ "
" ဗျာ ! "
သူ အံသြမိပါ၏ ။ တစ်ချိန်ချိန်တော့ ထိုစကားအားနှုတ်ဟလာမည်ကို သိထားပါသော်ငြား မယ်မယ်ဖက်ကအရင် စပြောလိမ့်မည်ဟု မထင်ထားခဲ့ပါချေ ။ ဖခင်ဖြစ်သူဖက်မှ အိမ်ထောင်ရေးနှင့်ပတ်သက်၍ မည်သည့်ကိုမျှ စီစဥ်ဆောင်ရွက်လာခြင်းမရှိလေရာ မယ်မယ်ကိုယ်တိုင်လည်း ဝင်ရောက်စွက်ဖက်လိမ့်မည်မဟုတ်ပေ ။ ယခုမူ အဘယ်ကြောင့်များ အရင်ဦးဆုံး စကားဟလာရပါသနည်း ။
" မယ်မယ် သဘောကျတဲ့လူများ ရှိနေလို့လား "
" အင်း ။ မင်အိမ်တော်က သမီးနဲ့ သားကို လက်ဆက်ပေးချင်တယ် ။ "
" မင်ဟာယောင်းနဲ့လား "
မယ်မယ်သည် ခပ်သာသာအသံပြုကာ ထောက်ခံလာသည် ။
" ဘယ််လိုဖြစ်လို့..."
သူ့အမေးကို မယ်မယ်သည် အေးအေးလူလူ ရေနွေးကြမ်းသောက်ရင်း ဖြေလာ၏ ။
" အမှန်အတိုင်းပြောရရင် မယ်မယ်တို့ဖက်မှာ အင်အားစုတဲ့သဘောပဲ ။ တလောက ဖြစ်ခဲ့တဲ့ကိစ္စရပ်ကြောင့် အခုဆို မယ်မယ်တို့ဖက်မှာ ဘယ်သူတွေရှိလဲဆိုတာ အခိုင်အမာ သိလာရပြီ ။ အဲ့လူတွေ မယ်မယ်တို့ကို ဆက်လက်ယုံကြည်ဖို့ ပိုပြီးအင်အားကြီးလာဖို့ မယ်မယ်တို့ဖက်ကနေ မက်လုံးကောင်းကောင်းပေးဖို့ လိုအပ်တယ် ။ "
မိဖုရားခေါင်ကြီးသည် မိမိ၏အင်အားစုအတွက် သားဖြစ်သူ၏ နှလုံးသားနှင့်ဘဝကို လဲလှယ်ခိုင်းမှုပြုရခြင်းအပေါ် စိတ်မသက်မသာဖြစ်ရသလို စိတ်မကောင်းခြင်းလည်း ဖြစ်ရပေသည် ။
" သားသဘောမကျရင် မယ်မယ် အတင်းမတိုက်တွန်းပါဘူး ။ ဒါက သားရဲ့ဘဝတစ်ခုလုံးနဲ့ဆိုင်တာမဟုတ်လား ။ ဒီကိစ္စမှာ မယ်မယ်အတ္တကြီးမိတယ်ဆိုတာ ဝန်ခံပါတယ် ။ ဒါပေမယ့်လည်း မင်အိမ်တော်ရဲ့အင်အားတစ်ရပ်ကိုသာ အလုံးစုံရခဲ့မယ်ဆိုရင် ဒီထက်ပိုကောင်းလာလိမ့်မယ် ။ "
ဂျွန်ဂျောင်းဂုသည် တိတ်ဆိတ်သွားရကာ လက်ထဲရှိ ကြွေခွက်အား စိုက်ကြည့်ရင်း မယ်မယ်၏ စကားများအား နားထောင်နေမိသည် ။ တစ်နေ့နေ့တစ်ချိန်ချိန်၌ ထိုကဲ့သို့ အင်အားစုအတွက် ကျိန်းသေပေါက် အင်အားကြီးမည့်တစ်စုံတစ်ဦးအား လက်ထပ်ရမည်အား သူ ကြိုတွေးထားမိပြီးသားဖြစ်ပါ၏ ။ သူသည် မိသားစုအတွက် ယောကျာ်းတစ်ယောက်ကိုလည်း လက်ထပ်ယူရနိုင်သလို ၊ မိန်းမတစ်ယောက်ကိုလည်း လက်ထပ်ယူရနိုင်ပါ၏ ။ ဤလောက်မြန်မြန်ဖြစ်လာမည်ဟု မတွေးထားမိခြင်းသာ ။
သူ့၏နှလုံးသားနှင့်ဘဝအတွက် အချိန်တစ်ခုယူကာ စဥ်းစားသင့်သည်ပင် ။
" ကျွန်တော် စဥ်းစားပါရစေဦး "
မယ်မယ်သည် တွေးထားပြီးနှယ် လက်ခံလာကာ အားတုံ့အားနာပြုံးရင်း ခေါင်းညိတ်ပြလာ၏ ။
ယခုမူ သူ့၏ဦးနှောက်အတွင်း အလုပ်အကြောင်းအပြင် အိမ်ထောင်ရေးပါ တွဲကပ်ပါလာရပြီ ဖြစ်သည် ။
အား!!! အချိုတစ်ခုခု စားဖို့လိုအပ်နေပြီလို့ !
အိပ်ရာမှနိုးနိုးချင်း ငုတ်တုတ်ထထိုင်လိုက်ရုံရှိသေးအပြင်ဖက်မှဂန်းလေး၏ ခပ်လောလောဆော်သြသံကို ဦးစွာ ကြားလိုက်ရသည် ။
" သခင်ငယ်လေး...အိပ်ယာထသင့်နေပြီဗျ ။"
အခန်းထဲဝင်လာသည့်ဂန်းလေးကို သူ ပြူးကြောင်ကြောင်လေးကြည့်နေစဥ်ပင် ရေဇလုံကြီးသည် သူ့ရှေ့မှောက်ရောက်လာ၏ ။
" မြန်မြန်မျက်နှာသစ်ပြီး သခင်မကြီးနဲ့သွားတွေ့ရမယ်ဗျ "
" ဘာလို့လဲ ? "
အိပ်မှုန်စုန်မွားမျက်လုံးတို့ကိုပွတ်သပ်ကာပျင်းရိပျင်းတွဲဖြင့် မျက်နှာသစ်လိုက်သည် ။
" သခင်လေးချွဲ ရောက်လာလို့ပေါ့ဗျ ။ "
" သခင်လေးချွဲ ? "
သူ၏ နားမလည်သယောင်အသံအနေအထားကြောင့် ဂန်းလေးသည် သက်ပြင်းလေးသာ ခိုးချလိုက်ပါတော့၏ ။
" သခင်ငယ်လေးရဲ့သူငယ်ချင်း သခင်လေး ချွဲယုံးထက်လေဗျ ။ အခုပဲ ရောက်လာတာ ။ ဒီရက်ပိုင်းတွေ ပျောက်ချက်သားကောင်းနေတာ အခုမှ ပြန်ပေါ်လာတာဗျ ။ သခင်ငယ်လေးရဲ့မတော်တဆအကြောင်း သူမသိလောက်ဘူးထင်တယ် ။ အခုပဲ သခင်မကြီးနဲ့အပန်းဖြေဆောင်မှာ စကားပြောနေကြတယ် "
မင်ယွန်းဂီသည် ခေါင်းတညိတ်ညိတ်သာ လုပ်လိုကွသည် ။ ချွဲယုံးထက်ဆိုသူမှာ ဖြူသလား ၊ မဲသလား သူမသိပါချေ ။ ဧည့်သည်မှာ အိမ်တိုင်ရာရောက်နေပြီ ဖြစ်ရာ သွားတွေ့ရဦးမည်ပင် ။
" သခင်ငယ်လေးတို့ချည်း စကားပြောရင်းလည်း ပြန်မှတ်မိလာနိုင်တာပဲ "
ဂန်းလေး၏စကားကို သူ ထောက်မခံလာပါ ။ ဒီအတိုင်း မင်ယွန်းဂီသည် အေးအေးလူလူသာ လမ်းလျောက်နေလိုက်သည် ။
အပန်းဖြေဆောင်သို့ရောက်သော် သခင်မကြီးမင်နှင့်လူစိမ်းယောကျာ်းအား ယှဥ်တွဲတွေ့လိုက်ရပါ၏ ။ ထိုသူတို့ချင်း စကားစမြည်ပြောနေကြသည်မှာ သူရောက်လာသည်ကိုတောင်မှ သတိမထားမိကြပေ ။
" အမေ "
သူ နှုတ်ဆက်လိုက်သောအခါမှသာလျှင် သခင်မကြီးမင်က မော့ကြည့်လာခြင်း ဖြစ်ပြီး ချွဲယုံးထက်သည်လည်း သူ့အား ပြုံးရွင်စွာ လှည့်ကြည့်လာပါ၏ ။
" ယွန်းဂီ..."
သူ့အား ရင်းနှီးဖော်ရွေစွာ ပခုံးဖက်လာသည့်လူအား သူ ခပ်ယို့ယို့လေး ပြုံးပြလိုက်သည် ။
" အဲ့လိုကြီး မပြုံးစမ်းပါနဲ့ကွာ ။ ငါလေ သခင်လေးချွဲ ။ ချွဲယုံးထက်လေ "
ထိုသူသည် သူ့မျက်နှာအားစေ့စေ့ကြည့်ကာ စူးစမ်းလာပြီသော အံ့သြသွားလျက် တစ်ဆက်တည်းပင်ညိုးငယ်သွားသည့်မျက်နှာအနေအထားပြောင်းသွားလေ၏ ။
" တကယ်ကြီး မမှတ်မိဘူးပဲ "
သခင်မကြီးက ဝင်ရောက်ကူပြောပေးလာသည် ။
" မင်းရဲ့သူငယ်ချင်းက တကယ်ကြီး အတိတ်မေ့သွားတာပါကွယ် ။ အခုထက်ထိလည်း ပြန်သတိမရလာသေးဘူး "
ချွဲယုံးထက်သည် မိမိရှေ့မှ အတိတ်မေ့နေသူအား စိုက်ကြည့်နေဆဲသာ ဖြစ်ပါ၏ ။ သူသည် သက်ပြင်းလေး သိသိသာသာချလာကာ ဝမ်းနည်းစွာ ဆိုလာသည် ။
" ဘယ်တတ်နိုင်မလဲဗျာ ။ "
မင်ယွန်းဂီသည် အားတုံအားနာသာ ပြုံးပြလိုက်ပါ၏ ။
" ဒီရက်ပိုင်း မတွေ့မိဘူး ။ ဘယ်တွေသွားနေတာလဲကွယ့် "
" အဖေ့ဘက်ကအဘွားက တွေ့ချင်တယ်ဆိုလို့ သွားနေရတာဗျ ။ နယ်ဖက်တွေ မသွားချင်ပါဘူး ။ "
ထိုသူက ငြီးငြီးငွေ့ငွေ့လေး ပြောလာသည် ။
" ရောက်လာမှတော့ နေ့လယ်စာ စားပြီးပြန်ပေါ့ ။ မင်းသူငယ်ချင်းနဲ့လည်း စကားပြောကြဦးပေါ့ "
" ပြောရမယ်ဗျ ။ ဒါမှ သူမြန်မြန်မှတ်မိလာမှာ "
သို့ဖြင့် သခင်မကြီးမင်သည် သူတို့အား စကား
စမြည်ပြောဖို့ရာ ထားခဲ့လေ၏ ။
မင်ယွန်းဂီသည် ထိုင်ခုံ၌ တိတ်တဆိတ်ထိုင်နေရင်းပင် ချွဲယုံးထက်အား အကဲခတ်မိသည် ။ ဤသူသည် နဂိုပိုင်ရှင်၏ သူငယ်ချင်းဟုဆိုပေ၏ ။ လူကောင်းလား ၊ လူဆိုးလား သူမသိနိုင်သော်ငြား တေလေကြမ်းပိုးလေးပင် ဖြစ်ချေမည် ။
" ယွန်းဂီ...မင်းနှယ့် ဘယ်လိုတောင် အတိတ်မေ့သွားရတာလဲကွာ "
" အဲ့လိုပဲ ဖြစ်သွားတယ် "
သူအများကြီး မရှင်းပြချင်ပေ ။
" ကိစ္စမရှိပါဘူးလေ ။ အရင်ကအကြောင်းတွေပြောပြရင် ပြန်မှတ်မိလာမှာပါ "
သူခေါင်းခါပြလိုက်သည် ။
" လုပ်ပြီးပြီ ။ မထူးဘူး "
" အို ငါနဲ့ထူးရင်လည်း ထူးမှာပေါ့ ။ မင်းသိလား ။ ငါတို့ပထမစတွေ့တုန်းက သေရည်ဆိုင်မှာလေ ။ သေရည်ပြိုင်သောက်ကြရင်း ဆုံကြတာ ။ အဲ့တုန်းက မင်းပုံစံက ဂျစ်ကန်ကန် ဘာမထိတဲ့ပုံစံဆိုတော့ ငါက အကဲစမ်းချင်သွားတာကွ ။ တော်တော်လေးအရက်သောက်နိုင်မယ် မထင်ထားဘူး ။ မင်းပုံစံက ချည်းကပ်ရခက်တော့ ပေါင်းသင်းရခက်မယ်ထင်ခဲ့တာ ။ အခုကျတော့လည်း ငါတို့တွေ သူငယ်ချင်းတွေဖြစ်ခဲ့ပါပေါ့လား "
ချွဲယုံးထက်က ဆက်ပြောလာသည် ။
" ငါ သွားတုန်းက မင်းကို ခေါ်သားပဲ ။ မင်းလိုက်ခဲ့ရင် အခုလို ဖြစ်မှာမဟုတ်ဘူး ။ အခုကျ ငါမျက်စိလွဲလိုက်တာနဲ့ မတော်တဆဖြစ်ပြီ ။ နည်းနည်းလေးတောင် စိတ်ချထားလို့မရပါလား "
ဘာစကားကြီးလဲဟ ။
မင်ယွန်းဂီသည် ပြုံးရုံလေးသာ ပြုံးလိုက်သည် ။
" မဖြစ်ဘူး ။ အမြန်မှတ်မိလာအောင်လို့ နေ့တိုင်းလာပြောမှရတော့မယ် "
ထိုအခါ မင်ယွန်းဂီတို့ ခေါင်းကုပ်ရတော့၏ ။ ရှင်းနာယွန်းတစ်ယောက်တည်းနှင့်ပင် ခေါင်းရှုပ်နေရာ ယခုမူ နောက်တစ်ယောက်ပါ ထပ်တိုးလာပြီ ဖြစ်သည် ။ သူသည် ခေါင်းခါခါ ၊ လက်ခါခါ ငြင်းလိုက်သည် ။
" မဟုတ်တာ ။ ကြာလာရင် သူ့ဘာသာ မှတ်မိလာမှာပါ "
" အခုထက်ထိ မင်းမိဘတွေကိုတောင် မမှတ်မိသေးတာ ဘယ်ကြာလို့ ဖြစ်မလဲ ။ လာကို လာမှဖြစ်မှာ "
သူ မည်သို့ပင် ငြင်းဆန်ပါစေ ချွဲယုံးထက်က လာမည်တကဲကဲဖြစ်လေရာ အင့်တင်တင်ဖြင့်သာ လက်ခံရပါတော့၏ ။
မူလက နေ့လယ်စာ စားသွားမည့် ချွဲယုံးထက်သည် အစီအစဥ်ပြောင်းကာ အိမ်သို့ပြန်သွားလေ၏ ။ ခရီးဆိုက်ရောက်ရောက်ခြင်း သူ့အား လာတွေ့ခြင်းဖြစ်ရာ မိဘအိမ်ကို ပြန်ဖို့ရန် လိုသည်ဟု ဆိုပေ၏ ။ စကားများမည့်ဟန်ပုံပေါ်သော်ကြောင့် မင်ယွန်းဂီသည်လည်း ဧည့်ဝတ်ကျေပွန်စွာ မဆွဲခေါ်ထားတော့ဘဲ မြန်မြန်သာ နှင်လွှတ်လိုက်ပေသည် ။
ချွဲယုံးထက်သည် မင်အိမ်တော်တံခါးမှ ကျော်ပြီးသည်နှင့် သူသည် ဤသို့ကျေနပ်ဖွယ် ပြုံးမိလေသည် ။
အရင်ကထက် ကိုင်တွယ်ရလွယ်မယ်ပုံပဲ ။
မင်အိမ်တော်မှ အငယ်ဆုံးသားလေးဖြစ်သည့် တတိယသခင်လေး ခေါ် မင်ယွန်းဂီလေး၏ ဘဝနေထိုင်မှုအကြောင်းကို ပြောပြရမည်ဆိုပါက တစ်ချို့များ အားကျသည်ဟု ဆိုလောက်မည် သို့မဟုတ် ကျန်းမာရေးနှင့်မညီညွတ်ဘူးဟုလည်း ဆိုနိုင်သည် ။ ဖခင်ကြီးသည် ဘဏ္ဍာရေးအမတ်မင်းဖြစ်ကာ သူ့၏ချမ်းသာကြွယ်ဝမှုတို့သည် သုံးမကုန်နိုင်အောင်ပင် ။ ထို့ကြောင့် စားဝတ်နေရေးအတွက် အလုပ်ရှာစရာမလိုသလို ချမ်းသာကြီးပွားရေးအတွက်လည်း ကုန်းရုန်းပိုက်ဆံရှာစရာမလိုပါချေ ။ တစ်နေ့ကို ထမင်း သုံးနပ် ။ တစ်နပ်လျှင် ဟင်းအမယ်ပေါင်းများစွာပါဝင်လေရာ တတိယသခင်လေးတစ်ယောက် ပြည့်ပြည့်ဖောင်းဖောင်းလေး မဖြစ်စရာအကြောင်းအရင်းမရှိပေ ။ ငွေရေးကြေးရေးက လိုတိုင်းရနေရသလို တချို့သူဌေးသားတွေလိုလည်း ရုပ်ရည်မှာ အနုတ်မပြပါချေ ။ ဖြူဝင်းနုအိသည့်အသားအရည်က မင်ယွန်းဂီ၏ ပြယုဂ် ။ နှင်းထုနှယ်ဖြူလွခြင်းကြောင့် နီစွေးစွေးရှိသည့် လက်ဖဝါး ၊ ခြေဖဝါးလေးများမှာ မွေးကင်းစကလေးအလား ။ သုံးမြောင့်သဏ္ဍာန်မျက်ဝန်းလေးတစ်စုံကမူ အတန်ငယ် ခြိမ်းခြောက်လို့ဟန်ရသော်ငြား ပြည့်ဖောင်းသည့်ပါးပြင်ဖွေးဖွေးနှင့် လုံးဝန်းသည့်နှာသီးထိပ်လေးကြောင့် ခပ်စွာစွာ ကြောင်ပေါက်လေးသဖွယ်ပင် ။ ရှည်လျားသည့်အရပ်ကိုပါ ထည့်ပေါင်းသော် တတိယသခင်လေးမင်သည် လူတိုင်းကြိုက်သည့် နှင်းဆီခိုင်ပင် ။
မှန်ရှေ့တစ်နေကုန်ထိုင်ရင်း ၎င်း၏ပုံရိပ်အား တစိမ့်စိမ့်ထိုင်ကြည့်နေသည့်သခင်ငယ်လေးကြောင့် ဂန်းလေးသည်လည်း စိတ်ပျက်လို့နေပါတော့၏ ။
ဘယ်ဘဝကတည်းက မှန်မကြည့်လာရလို့လဲဟ !
ငွေပုံပေါ်တက်ထိုင်ရသူ မင်ယွန်းဂီလေး၏ တစ်နေ့တာအကြောင်းအရာက ဒီလို ။
နံနက်မိုးလင်းသည်နှင့် အိမ်ရာမှငေါက်ခနဲထ ။ ရေချိုးသန့်စင်ပြီး မနက်စာစား ။ အညောင်းပြေအညာပြေ အိမ်တော်ဝင်း တစ်ပတ်ပတ် ။ မိဘတွေကို မနက်ခင်းနှုတ်ဆက် ။ ပြီး ပြန်အိပ် ။
တစ်ရေးနိုး နေ့လယ်စာစား ။ အစ်မဟာယောင်းဆီမှာ ပန်းချီနဲ့ပန်းထိုးပညာကို နှစ်နာရီလောက်သင် ။ ပြီး အဆာပြေမုန့်စား ။ ပြီး ပြန်အိပ် ။
မတော်လို့များ သခင်မလေးရှင်းလာရင် ခြံတံတိုင်းကနေ ကျော်ခွ ထွက်ပြေးပုန်းရှောင် ။
ညနေစောင်း တစ်ရေနိုး ။ ညစာစား ပြီး ရေချိုး ။ မိဘတွေကို နှုတ်ဆက် ။ တစ်နေ့တာမှတ်စုရေး ။ ပြီး အိပ် ။
ညနက်နေပြီဖြစ်သော်ငြား မအိပ်သေးဘဲ တကုပ်ကုပ်ဖြင့် စာရေးနေသည့် သခင််ငယ်လေးဘေးနားတိုးကပ်သွားရင် ဂန်းလေးသည် မနေနိုင်စွာ မေးမြန်းလိုက်သည် ။
" ဘာတွေရေးနေတာလဲဟင် "
မင်ယွန်းဂီသည် စုတ်တံအား ချလိုက်ပြီးသော် ရွင်ပျစွာ ဆိုလာသည် ။
" တစ်နေ့တာ အကြောင်းရေးနေတာ "
" တစ်နေ့တာအကြောင်း "
ဂန်းလေးခင်မျာ သခင်ငယ်လေးရေးသည့်ထိုစာလုံးလေးတွေက်ို သိချင်ပါသော်ငြား စာမဖတ်တတ်လေရာ သူသည် ပြောသမျှသာ နားထောင်နေလိုက်သည် ။
ညတိုင်းနီးပါး တကုပ်ကုပ်စာရေးလေ့ရှိလာသည့်သခင်ငယ်လေးကြောင့် ဂန်းလေးသည် ဘယ်အိမ်ကသခင်မလေးကိုများ ပိုးပန်းရန် ချစ်စာလွှာရေးနေသနည်းဟု တွေးနေခဲ့ရာ ယခုမူ တက်တက်စင်အောင်လွဲပါတော့၏ ။ ယခင်တုန်းကတည်းက ညအိပ်ယာဝင်ချိန်တိုင်း စာရေးတတ်သည့်သခင်ငယ်လေးကို သိရှိထားလေရာ ယခုအပြုအမူသည် သူ့အတွက် အထူးအဆန်းမဟုတ်ပါချေ ။
" ဒါဆို ဟိုးအရင်တုန်းကလည်း တစ်နေ့တာအကြောင်းတွေပဲ ရေးနေခဲ့တာလား "
ဂန်းလေး၏အမေးကို သူကြောင်နနလေး တုံပြန်လိုက်သည် ။
" အရင်ကလည်း ရေးတယ်လား "
" အင်း ။ အမြဲတမ်းမဟုတ်ပေမယ့် ရေးတယ်လေ ။ "
" အဲ့စာအုပ်တွေရော ဘယ်မှာလဲ ။ ပြောလို့မရဘူးလေ ။ စာတွေပြန်ဖတ်ရင်းလည်း ပြန်မှတ်မိလာမှာပေါ့ "
မင်ယွန်းဂီလေးသည် နဂိုပိုင်ရှင်အကြောင်းကို စိတ်ဝင်စားသွားရကာ သိချင်မိတော့သည် ။
" အဲ့ဒါက...သခင်ငယ်လေးက သူ့ဘာသာ သိမ်းထားမလို့ မသိဘူးဗျ ။ "
" ဟုတ်လား ။ "
သူ အံ့သြမိသည် ။
ဂန်းလေးလို စာမဖတ်တတ်တဲ့လူကိုတောင် ဖုံးကွယ်ထားတာဆိုတော့ ဘာတွေများ ရေးထားလို့လဲနော် ။
တအားသိချင်သွားပြီကွ ။
သူ တစ်ချက်စဥ်းစားကြည့်လိုက်သည် ။
အရေးကြီးတဲ့ပစ္စည်းဆိုတော့ အနီးဆုံးမှာပဲ ထားလောက်မယ် ထင်တယ် ။ နောက်ကျမှ တစ်ခန်းလုံး လှန်လှောရှာကြည့်ဦးမယ် ။
" ကြည့်ရတာ သခင်ငယ်လေး ပြန်သတိရတော့မယ်ထင်တယ်နော် ။ အရင်ကအတိုင်း လုပ်နေလို့လေ "
ဂန်းလေး၏ အတန်ငယ်တက်ကြွနေသည့်စကားကို သူ ခေါင်းခါရင်းသာ ဖြေလိုက်သည်။
" ဒီအတိုင်း ပျင်းလို့ စာရေးရုံပါ ။ တအားကြီး တွေးမနေနဲ့တော့ ။ "
တကယ်လည်း ပျင်းရိ၍သာ တစ်နေ့တာအကြောင်းရေးခြင်းဖြစ်ပြီး တော်တော်လေး စိတ်ပျက်စရာကောင်းသည့်နေထိုင်မှုပင် ဖြစ်ချေသည် ။ သူသည် ဂန်းလေးအား နှင်လွှတ်ပြီးသော် မြန်ဆန်စွာပင် အိပ်ရာဝင်လိုက်တော့သည် ။
ကြည့်ရသည်မှာ ထိုကဲ့သို့ ပျင်းရိငြီးငွေ့ဖွယ် ရှင်သန်သွားရတော့မည်ပင် ။
ယနေ့ည၌ အိပ်ယာမဝင်ခင် မင်ယွန်းဂီသည် သခင်ကြီးနှင့်သခင်မကြီးမင်တို့အား ထုံးစံအတိုင်း နှုတ်ဆက်ဂါဝရပြုသည် ။
" ကောင်းကောင်းအိပ်စက်အနားယူပါ အဖေနဲ့အမေ "
" သားလေးလည်း ကောင်းကောင်းအနားယူပါကွယ် "
" ဒါဆို ဒီလောက်နဲ့ပဲ "
မင်ယွန်းဂီသည် ပြန်လှည့်ထွက်မည်အပြု သခင်ကြီးမင်က ဟန့်တားလာခဲ့၏ ။
" ခဏလေးနေပါဦး ။ သားကို ပြောစရာရှိတယ် "
သခင်ကြီး၏မျက်နှာအသွင်အပြင်သည် ကြည့်မကောင်းလှရာ သတင်းကောင်းမဟုတ်တန်ရာဟု သူ တွေးမိသည် ။ တစ်လောကပဲ သူ့အား အိမ်ထောင်ပြုရန် လောဆော်နေသည့်မိခင်၏စကားအရ ထပ်မံကာ အိမ်ထောင်ပြုရန် တိုက်တွန်းတော့မည် ဖြစ်ပေလိမ့်မည် ။
တအားတွေကို ကြိုးစားနေကြတာပါလား ။
မည်သို့ပင်ဆိုစေ မင်ယွန်းဂီလေးသည် ကျိန်းသေပေါက် အိမ်ထောင်ပြုမည်မဟုတ်လေရာ အပြင်းအထန်ကန့်ကွက်ဖို့ရန် ကြံရွယ်ထားတော့၏ ။
" ပြောပါ အဖေ "
သခင်ကြီးသည် သူ့အား စေ့စေ့ကြည့်ရှုကာ ဖြေးညှင်းစွာ ဆိုလာ၏ ။
" မနက်ဖြန်ကျ သားကို စေ့စပ်ကြောင်းလမ်းဖို့လာလိမ့်မယ် "
" ကျွန်တော် အိမ်ထောင်မပြုချင်သေးဘူး "
တွေဝေမှုမရှိ သူဆိုလိုက်သည် ။
သခင်ကြီးသည် သူ့အား ခေါင်းခါပြလာ၏ ။ တဆက်တည်းပင် အကြောင်းအရင်းအား ပြောလာခဲ့သည် ။
" မရဘူး သား ။ မင်းမိန့်ဖြစ်တာကြောင့် ရှောင်လွဲလို့မရဘူး ။ "
" မင်းမိန့် ? "
သူ ကြောင်တောင်တောင်လေးဖြစ်သွားရင်း အလျင်အမြန်စဥ်းစားလိုက်သည်။
" အဲ့ဒါဆို...မင်းသမီးက ကျွန်တော့်ကို..."
မင်ယွန်းဂီလေးခင်မျာ အံ့သြလွန်း၍ ဆက်မဆိုနိုင်ချေ ။
ပြောတော့ဖြင့် ရှင့်ကို မကြိုက်ဘူးလေး ဘာလေး ။ အခုကျ အိမ်တိုင်ရာရောက် စေ့စပ်ကြောင်းလမ်းလာတယ်ပေါ့လေ ။
OH ! ဘယ်လိုလူပါလိမ့် ။
" မင်းသမီး မဟုတ်ဘူး ။ မင်းသား ( ၄ ) က စေ့စပ်ကြောင်းလမ်းချင်တာ "
သခင်ကြီး၏ အမှန်ထောက်ပြလာသည့်စကားကို သူ နားမလည်လိုက်ပေ ။
" ဗျာ ! ဘာပြောလိုက်တာလဲဟင် ။ မကြားလိုက်လို့ "
ဘေး၌ တိတ်ဆိတ်စွာထိုင်နေသည့်သခင်မကြီးမင်က ဝင်ကူပြောပေးလာ၏ ။
" မင်းသမီးက သားနဲ့စေ့စပ်ချင်တာမဟုတ်ဘဲ မင်းသား ( ၄ ) ၊ မိဖုရားခေါင်ကြီးရဲ့သားက သားနဲ့စေ့စပ်ချင်တာ "
ယခုတစ်ခါတော့ မင်ယွန်းဂီလေးသည် မျက်လုံးလေးပြူး ပါးစပ်အဟောင်းသားလေးဖြင့် ရှေ့မှမိဘများအား မယုံကြည်နိုင်ဟန် ကြည့်နေမိတော့သည် ။ သူ့၏နှုတ်သွက်သည့်လျှာဖျားလေးသည် ယခုမူ အာစေးမိလျက် ။
နားကြားမှားတာ ဟုတ် ။ နားကြားမှားလိုက်တာပဲ နေမှာ ။
" ဒါဆို ကျွန်တော်က ယောကျာ်းတစ်ယောက်နဲ့ လက်ထပ်ရမှာလား "
မင်မောင်နှံသည် ခေါင်းလေးပြိုင်တူညိတ်ပြရင်း မှန်ကန်ကြောင်း ပြသလာ၏ ။
What The F●●k !!!
ဘာလို့ ယောကျာ်းတစ်ယောက်က ငါ့ကို လိုချင်နေရတာလဲဟ ။
ပြီးတော့ မင်းသား ( ၄ ) ဆိုတာကရော ဘယ်သူလဲ ?
တစ်ခါမှမတွေ့ဖူးဘူးလေ ။ ဖြူသလား ၊ မဲသလားတောင်မသိတာ လက်ခံစရာလားလို့ ။
မင်ယွန်းဂီ၏ မျက်နှာနုနုလေးသည်တော့ ယခုအခါ တွန့်လိမ်ရှုံတွလျက် မဲမှောင်နေပေတော့သည် ။
" တိတိကျကျဆိုရရင် တော်ဝင်မင်းသားတစ်ပါးရဲ့ကြင်ယာတော်ဖြစ်လာတော့မှာ ။ မိသားစုဂုဏ်လည်း တက်ရာရောက်သလို သားလည်းပိုပြီးဂုဏ်ရှိလာလိမ့်မယ် "
သခင်မကြီးက အေးအေးလူလူပြောပြလာသည် ။
" သူက သားကို လိုချင်တာရော ဟုတ်ရဲ့လား ။ အစ်မဟာယောင်းနဲ့များ မှားနေတာလား မသိ "
သူကလည်း နည်းနည်းလေးမှ လက်မခံနိုင်သေး ။
" မမှားဘူး သား ။ မင်အိမ်တော်က တတိယသခင်လေးမင်ယွန်းဂီဆိုပြီး နာမည်အတိအကျနဲ့ စာလွှာပေးပို့လာခဲ့တာ ။ အဖေတို့လည်း အံ့သြမိတယ် ။ သားတို့ချင်း အဲ့လောက်ရင်းနှီးကြမယ် မထင်မိဘူးလေ ။ ရိုးရိုးသားသားခင်မင်ကြတယ် ထင်ခဲ့တာ "
နဂိုအကောင်ရေ...ဘာတွေမွှေထားတာလဲဟာ ။
မင်းရဲ့အရှုပ်ထုပ်ကြီးကို လာကြည့်ပါဦးလား ။ မင်းကြောင့်နဲ့ ယောကျာ်းရတော့မယ်ကွ ။
" သားဖက်ကတော့ ရိုးရိုးသားသားပါဗျ ။ ဘယ်လိုလက်ခံရမှာလဲဗျာ ။ နည်းလမ်းတစ်ခုခုများ မရှိတော့ဘူးလားဟင် "
မင်ယွန်းဂိီလေး ငိုချင်လာရသည် ။
" သားသာ သခင်မလေးရှင်းကို လက်ခံခဲ့မယ်ဆို ရှောင်လို့ရတာပေါ့ "
သူ့၏ ကံဇာတာသည် ကျိန်းသေပေါက် အိမ်ထောင်ပြုရမည့်ကံ ဖြစ်ပုံရသည် ။
" လက်ခံတယ် လက်ခံတယ် "
ဘယ်သူဘယ်ဝါမှန်းမသိတာကို လက်ထပ်ရတာထက် သခင်မလေးရှင်းကမှ တော်သေးလောက်မည် ။
" မရတော့ဘူး သားရယ်
You are reading the story above: TeenFic.Net