Chapter - [20]

Background color
Font
Font size
Line height

လွန်ခဲ့တဲ့ လအနည်းငယ်က...

"ပင်ပန်းလိုက်တာ အစ်မရယ်။"

ရိုက်ကွင်းကပြန်လာလာချင်း ခြေအိတ်တောင်မချွတ်နိုင်။ အိပ်ရာပေါ်မှာ အိုင်ပတ်တစ်လုံးနဲ့စာဖတ်နေပုံရတဲ့ အစ်မဆီကို ခုန်ပစ်ဝင်လိုက်မိတယ်။ အစ်မလည်တိုင်ကျော့ကျော့မှာ မျက်နှာအပ်မိမိချင်းမှာပဲ အနားမှာ ပျံ့သွားတဲ့ ကိုယ်သင်းနံ့သင်းသင်းလေးတွေ။ ရေချိုးပြီးခါစထင်ပါရဲ့။ ပုခုံးပေါ်ကို ဝဲကျနေတဲ့အစ်မရဲ့ဆံနွယ်ပျော့ပျော့လေးတွေဆီက စတော်ဘယ်ရီနံ့သင်းသင်းလေးရတယ်။ အမောကို ပြေသွားတာပဲ။

"အစ်မရဲ့ဗျူးလေး သနားပါတယ်။"

အစ်မက ဗျူးရဲ့ခေါင်းကိုခပ်ဖွဖွသပ်ပေးရင်း ခပ်တိုးတိုးပြောရှာပါရဲ့။ လက်တစ်ဖက်ကလည်း အိုင်ပတ်ကိုဘေးချပြီး ဗျူးကိုယ်ကို သိုင်းဖက်လာခဲ့တယ်။ ဗျူးဟာလည်း အစ်မခါးသိမ်သိမ်လေးကို ခပ်တင်းတင်းပြန်ဖက်ထားမိပြီး နဖူးထိပ်ကလေးကိုလာရိုက်ခတ်နေတဲ့ အစ်မရဲ့ထွက်လေနွေးနွေးကို ခံစားနေခဲ့တယ်။ အစ်မကိုအခုလိုဖက်ထားရတာ သိပ်နွေးထွေးပြီး နေလို့ကောင်းလိုက်တာ။ ဗျူးဆံနွယ်တွေကြားက အစ်မလက်ချောင်းလေးတွေရဲ့လှုပ်ရှားမှုတိုင်းဟာ ဗျူးမျက်လုံးတွေကို မှေးစင်းလာစေတယ်။

"အိပ်ချင်လိုက်တာ...အခုကိုအိပ်ချင်နေပြီ။"

"ဟိတ် မရဘူးလေ...ရေလည်းမချိုးရသေးဘဲ။"

ဗျူးရဲ့နှာခေါင်းချွန်ချွန်လေးကို ခပ်ဖွဖွဆွဲရင်း အစ်မကရယ်ပါတယ်။ ပြီးတော့ ခေါင်းလေးကို ချစ်စဖွယ်ယမ်းပြနေမှန်း မျက်ဝန်းတွေမှိတ်ထားလျက်နဲ့တောင်မှ ဗျူးသိနေပါတယ်။

"အစ်မကိုဖက်ပြီး ခဏလောက်အိပ်မယ်လေ...ပြီးမှ။"

အစ်မကို Puppy eyesလေးတွေနဲ့မော့ကြည့်ရင်း ဂျစ်တိုက်တော့ အစ်မက မျက်ဝန်းလေးတွေပိတ်သွားတဲ့အထိ သဘောကျစွာ ရယ်ပါတယ်။ မျက်ဝန်းအပြုံးလို့ခေါ်ကြတဲ့ ရယ်လိုက်ရင် မျက်လုံးလေးတွေကပါလိုက်ပြုံးနေသလို မှိတ်ကျသွားတဲ့အပြုံးမျိုးကို ဗျူးမြင်ဖူးတာ အစ်မနဲ့မှ ပထမဆုံးဖြစ်ပါတယ်။ အစ်မက ဗျူးရဲ့အရာတော်တော်များများအတွက် ပထမဆုံးပါပဲ။

အစ်မရဲ့ပါးဖောင်းဖောင်းလေးတွေကို ဗျူးလက်ညှိုးလေးတွေနဲ့ ထိတွေ့မိတော့ အစ်မကဗျူးကို ချစ်စဖွယ်မျက်စောင်းလေးထိုးလာပါရဲ့။ သူ့ပါးဖောင်းဖောင်းလေးတွေ သူများကိုင်တာမကြိုက်ပေမဲ့ ဗျူးနဲ့ပတ်သက်လာရင် အစ်မကအမြဲတမ်းခြွင်းချက်ထားပေးခဲ့တာ။ အစ်မက ဗျူးလက်ညှိုးလေးကို သူ့နှုတ်ခမ်းမှာအသာဆွဲကပ်ရင်း အစ်မရဲ့ ခပ်နွေးနွေးမျက်ဝန်းလေးတွေက ဗျူးမျက်ဝန်းတွေထဲကို နူးနူးညံ့ညံ့စိုက်ကြည့်တယ်။ ပြီးတော့ ဆူပါတယ်။

"ဒီကလေး ညစ်ပတ်တာ...မရဘူး...နောက်မှရေချိုးရင် အအေးမိလိမ့်မယ်။ ဗျူးက ရိုက်ကူးရေးတွေရှိသေးတယ်လေ မေ့နေတာလား။"

"ရွှတ်..!"

နှုတ်ခမ်းအိအိဖူးဖူးလေးကို ရွှတ်ခနဲခိုးနမ်းလိုက်တော့ အံ့သြမှုကြောင့် အစ်မမျက်ဝန်းလေးတွေ အဝိုင်းသား။ ဗျူးက လူလည်ပဲ။ အစ်မရဲ့ဆုံးမစကားတွေကို ဘယ်လိုရှောင်ရမလဲဆိုတာကို ကောင်းကောင်းသိနေပြီ။ ပြီးတော့ ဒီနည်းလမ်းကလည်း ဗျူးအကြိုက်ဆုံးနည်းလမ်းဖြစ်နေတာလေ။

"အခုမှပဲ အားရှိသွားတော့တယ်။ ရေချိုးပြီ...ဟီး။"

ငြိမ်သက်သွားတဲ့အစ်မကို မျက်စိတစ်ဖက်မှိတ်ပြရင်း ရယ်ကျဲကျဲပြောပြီး ဗျူးရေချိုးခန်းထဲ ဝင်လာခဲ့ပါတယ်။ အစ်မကတော့ မျက်နှာရဲရဲကလေးနဲ့ နှုတ်ခမ်းလေးကိုကိုင်ပြီး အိပ်ရာပေါ်မှာ ကျန်ခဲ့လေရဲ့။

အဖြူရောင်လကလေးဆီမှာ တစ်ခါတစ်ရံ ပန်းရောင်အငွေ့အသက်ကလေးတွေလွှမ်းနေတာ တွေ့ခဲ့ရင် အဲ့ဒါလကြတ်နေတာ မဟုတ်ပါဘူး။ ဂြိုဟ်သားလေးရဲ့ကျီစယ်မှုကြောင့် လကလေးရှက်နေခဲ့တာပါ။






•

ရေချိုးပြီးခါစခန္ဓာကိုယ်အပေါ်ကို လေအေးပေးစက်က လေအေးအေးတွေလာရိုက်ခတ်တဲ့အခါ ဗျူးဟာ ယောင်ယောင်မှားမှားနဲ့ ကိုယ်ကို ကျုံ့လိုက်မိပါတယ်။ စိုနေတဲ့ခေါင်းကို တဘက်နဲ့သုတ်၊ အစ်မအဆင်သင့်ထုတ်ပေးထားတဲ့ညအိပ်ဝတ်ကိုဝတ်ပြီး အပြင်ထွက်လာတော့ မီးဖိုချောင်ထဲက ရနံ့သင်းသင်းကိုရပါတယ်။

"အစ်မ ဘာတွေချက်နေတာလဲ။"

အစ်မခါးသိမ်သိမ်လေးကို သူ့လက်တွေနဲ့ရစ်ပတ်ပြီး တစ်ကိုယ်လုံးမြုပ်အောင်ဖက်ထားရတဲ့ခံစားချက်က ကမ္ဘာကိုအပိုင်ရထားသလိုပါပဲ။ တကယ်က ဗျူးဟာ လကမ္ဘာပေါ်မယ် ခြေချခဲ့တာပဲမဟုတ်လား။ အစ်မဆီမယ်ရော ဗျူးကိုထွေးပွေ့ထားမဲ့ ချိုင့်ခွက်လေးတွေ ဘယ်လောက်များရှိနေမလဲ။ အတွေးနဲ့တင် နွေးထွေးချင်စရာ။

"ဗျူးလေးအတွက် ပုဇွန်ထမင်းကြော်လေ။ ညစာမစားရသေးဘူးမလား။"

"အင်း......"

အစ်မရဲ့လည်ကုပ်ကလေးမှာ မျက်နှာအပ်ရင်း အစ်မရဲ့ကိုယ်သင်းနံ့သင်းသင်းလေးကို တစ်ဝကြီးရှုလိုက်တယ်။ အနံ့တွေကို Sensitive ဖြစ်တဲ့ဗျူးက အစ်မရဲ့ကိုယ်သင်းနံ့ကိုတော့ မရရင်မနေနိုင်လောက်အောင် Sensitiveဖြစ်တယ်။ အစ်မကတော့ ဗျူးအခုလိုတိုးဝှေ့တိုင်း အနေခက်ပြီး ခန္ဓာကိုယ်လေးတုန်သွားတတ်သေးရဲ့။ ဘယ်လိုကြည့်ကြည့် ချစ်စရာလေးမလား။

/Without saying a word
You can light up the dark./

စပီကာလေးကနေထွက်လာတဲ့ "When you say nothing at all" သီချင်းသံလေးက အစ်မရဲ့တိုက်ခန်းကျဥ်းကျဥ်းလေးထဲမယ် ပျံ့လွင့်လို့။ အလွတ်ရနေတဲ့စာသားတချို့ကို ခပ်တိုးတိုးလိုက်ညည်းရင်း ဗျူးဟာ အစ်မရဲ့ခါးလေးကို တင်းတင်းလေး ဖက်ထားမိပါရဲ့။

/Try as I may, I could never explain
What I hear when you don't say a thing./

အစ်မမျက်ဝန်းလက်လက်ကလေးတွေက ဗျူးကို နူးနူးညံ့ညံ့ကြည့်တိုင်း ဗျူးဟာနားရွက်ဖျားကလေးတွေပါ ရဲတက်လာတဲ့အထိ အရှက်သည်းရတာ အခါခါ။ စကားလုံးတွေအများကြီးမလိုပါဘဲ အစ်မမျက်ဝန်းတွေကို ဗျူးဖတ်တတ်ခဲ့ရတယ်။

/The smile on your face

Lets me know that you need me./

ဆံပင်ကိုစုပြီးချည်ထားလို့ ပြောင်ဝင်းနေတဲ့လည်ကုပ်သားဖွေးဖွေးကို ခပ်ဖွဖွငုံ့နမ်းတော့ အစ်မကိုယ်ပေါ်မှာ ကြက်သီးမွှေးညှင်းလေးတွေ ဖြန်းခနဲ။ လှည့်မကြည့်ပါဘဲ အစ်မနှုတ်ခမ်းလေးတွေ ကွေးညွတ်သွားတာကို ခံစားမိတယ်။ သိပ်ရှက်တတ်တဲ့အစ်မရဲ့ပါးပြင်ပေါ်မှာလည်း ခရမ်းချဥ်သီးလေးတွေသီးနေလောက်ရောပေါ့။

/There's a truth in your eyes
Saying you'll never leave me./

ဘယ်ဆီကိုပြေးပြေး အစ်မမျက်ဝန်းတွေနဲ့ပဲဆုံခဲ့ရတာပါပဲ။ အစ်မအရိပ်ကလေးကို လိုက်ရှာမိတယ်။ အစ်မကိုယ်သင်းနံ့လေးကို တောင့်တမိတယ်။ အစ်မရယ်သံလွင်လွင်လေးကို ကြားချင်တယ်။ အစ်မကိုယ်လေးကို ဖက်ထားချင်တယ်။ ကမ္ဘာကြီးပေါ်မှာ ဗျူးလုပ်ချင်တာတွေ များများစားစားမရှိပါဘူး။ တစ်ဝက်လောက်က အစ်မနဲ့တူတူလုပ်ချင်မိတာတွေ။

/The touch of your hand says you'll catch me wherever I fall./

အစ်မက သူ့ကိုတကောက်ကောက်လိုက်ရှုပ်နေတဲ့ဗျူးကို လက်လျှော့လိုက်ဟန်နဲ့ ခေါင်းယမ်းရင်း သီချင်းကို ခပ်တိုးတိုးလိုက်ညည်းပါတယ်။ ဗျူးဟာ အစ်မရဲ့သီချင်းညည်းသံလေးကို မျက်ဝန်းတွေကိိုမှိတ်ထားပြီး နားထောင်နေမိခဲ့တယ်။ အစ်မက ဗျူးပြန်လာတာကို အမြဲတမ်းစောင့်နေခဲ့တဲ့သူ။ အစ်မက ဗျူးရဲ့အိမ်ကလေးပဲ။ ဗျူးဘယ်လောက်ပဲအပြင်မှာ ပင်ပန်းခဲ့၊ ပင်ပန်းခဲ့ အစ်မအိမ်ရိပ်ကလေးနင်းလိုက်တာနဲ့တင် အရာရာက အဆင်ပြေသွားပြီ။

/You say it best when you say nothing at all./

နှစ်ယောက်သားရဲ့ကြားမှာ စကားလုံးတွေအများကြီးမလိုပါဘဲ မျက်ဝန်းအကြည့်တွေနဲ့ပဲ စကားပြောတတ်တာကတော့ ဗျူးတို့ရဲ့နှစ်ယောက်ထဲသိတဲ့ လျှို့ဝှက်ချက်ပဲပေါ့။

"မြည်းကြည့်ပါအုံး...အရသာအဆင်ပြေလား။"

အစ်မက ထမင်းကြော်နည်းနည်းကို ဖြည်းဖြည်းချင်းမှုတ်ပြီးတော့ ဗျူးကို ဂရုတစိုက်ခွံ့လာခဲ့တယ်။ ပါးစပ်တွင်းမှာ မွှေးခနဲ၊ ရှိန်းခနဲဖြစ်သွားတဲ့ အရသာကိုခံစားနေရင်း ဗျူးဟာ မျက်ဝန်းတွေကို မှိတ်ချလိုက်တယ်။ အစ်မရဲ့လက်ရာက ဘယ်အချိန်စားစား အမြဲတမ်းစားကောင်းနေတာပဲ။

"ဗျူးဗိုက်ပူပူလေးဖြစ်လာရင် အစ်မTrainerနဲ့ စကားပြောရမှာနော်။"

"ဟော အဲ့တော့ အစ်မရဲ့ဗျူးလေးက မစားဘူးလား။"

"စားမှာပေါ့...ပုဇွန်များများနဲ့နော် ဟီး။"

"အရူးလေး..."

ဗျူးနှာခေါင်းချွန်ချွန်လေးကို သူ့နှာခေါင်းလုံးလုံးလေးနဲ့ တိုးဝှေ့ရင်း အစ်မက ချစ်စနိုးလေးခေါ်လာပါတယ်။ ပြတင်းပေါက်ကနေ ဝင်လာတဲ့လေနုအေးလေးတွေကြား မခြောက်သေးတဲ့ ဗျူးဆံနွယ်တို့ဟာ လေထဲကိုဖြည်းဖြည်းချင်း လွင့်သွားရတယ်။

စပီကာကနေလွှင့်နေတဲ့ သီချင်းသံခပ်အေးအေး၊ ရင်ခွင်ထဲက အစ်မလှလှလေးရယ်၊ သူ့လက်နဲ့ကိုယ်တိုင်ပြင်ပေးတဲ့ နောက်ကျညစာပူပူလေးရယ်။ အရာရာဟာ ပြီးပြည့်စုံနေတာပဲ။






•

အမှတ်တမဲ့တွေက အမှတ်တရဖြစ်လာတဲ့အခါ သူဟာ မျက်ရည်ကျရတာပါပဲ။ ဖုန်းထဲက နှစ်ယောက်အတူရိုက်ခဲ့တဲ့ဓာတ်ပုံဟောင်းတွေကို ပြန်ကြည့်ရင်း ဗျူးဟာ နာနာကျင်ကျင်ပြုံးမိရတယ်။ အစ်မနဲ့နှစ်ယောက်တည်းအတူခရီးသွားခဲ့တုန်းက ကားမောင်းနေတဲ့ ဗျူးပုခုံးကိုမှီပြီး ကင်မရာကိုင်ထားတဲ့ အစ်မကပြုံးလို့။ အစ်မကိုဂျီကျပြီး ပုဇွန်အခွံခွာတိုင်းလည်း အစ်မက ဗျူးကို ငပျင်း​လေးလို့ ရယ်ပြုံးပြီးခေါ်ရင်း ခွာပေးတတ်သေးတယ်။ အပန်းဖြေစခန်းက အကောင်လေးတွေကို အစာကျွေးတုန်းက ဗျူးရဲ့လက်တံရှည်ကြီးတွေနဲ့ အရွက်တွေကိုကိုင်မြှောက်ထားလို့ အစ်မကဖက်ပြီးလိုက်လုနေတဲ့ ကလေးဆန်တဲ့ပုံလေးတွေ။ လိုက်ပြတဲ့ဂိုက်ဦးလေးကြီးတောင် သဘောကျနေတဲ့အထိ ဗျူးတို့က ချစ်စရာလေးဖြစ်ခဲ့တာ။

နေခြည်နည်းနည်းဖျော့တဲ့နေ့မျိုးဆို မြက်ခင်းစိမ်းတွေဆီကို ပျော်ပွဲစားထွက်ခဲ့ကြတယ်။ အသီးလေးတွေအပြန်အလှန်ခွံ့ကျွေးကြတဲ့အခါ ဗျူးကစပြီးတော့ အစ်မနှုတ်ခမ်းမှာကိုက်ထားတဲ့အသီးစိတ်ကို လုလုစားနေကျ။ အစ်မပေါင်ပေါ်မှာလှဲအိပ်ရင်း အစ်မစာအုပ်ဖတ်ပြတာကို အစ်မရဲ့ဆံနွယ်လေးတွေနဲ့ဆော့ရင်း ဗျူးကနားထောင်ခဲ့ဖူးတယ်။ အိပ်ယာနှိုးတဲ့အခါတိုင်း ဂျီတိုက်လွန်းတဲ့ ဗျူးကို အစ်မက ကလိထိုးပြီးနှိုးတတ်တဲ့ ပုံရိပ်လေးတွေ။ အဲ့ဒီလိုအခါမျိုးဆို မျက်ဝန်းတွေကိုမဖွင့်သေးတဲ့ ဗျူးကအစ်မကိုပါ အိပ်ယာပေါ်ဆွဲချပြီး အတင်းဖက်ထားတတ်တယ်။ ပြီးတော့ သွားမတိုက်ရသေးဘဲ အစ်မနှုတ်ခမ်းဖူးဖူးလေးတွေကို သက်သက်ရွှတ်ခနဲနမ်းပြီးမှ ထတတ်သေးတာ။

အင်တာဗျူးဖြေတိုင်း အစ်မလက်ကလေးတွေကို မသိမသာကိုင်ထားတတ်သလို အစ်မရဲ့ခေါင်းလေးကလည်း ဗျူးပုခုံးပေါ်ကို မှီလာတတ်သေးတယ်။ အစ်မရဲ့မျက်ဝန်းအကြည့်လေးတွေ ဗျူးဆီရောက်လာတိုင်း ဗျူးဟာရင်ထဲမှာ နွေးခနဲ။ ဗျူးရဲ့ဂျာကင်တွေကို အစ်မခေါက်ပေးတိုင်း ဗျူးက အစ်မကိုစပြီးတော့ ဂျာကင်အင်္ကျီကြီးတွေကို အစ်မကိုယ်သေးသေးပေါ်မယ် အတင်းဝတ်ပေးတတ်သေးတယ်။ အစ်မကြိုက်တဲ့ဘာဘယ်တီး ဝယ်လာပေးတိုင်းလည်း ဗျူးက အစ်မကိုဝယ်ပေးခဆိုပြီး အနမ်းလေးတွေတောင်းနေကျ။

ရုပ်ရှင်ကြည့်တဲ့ညတွေဆို နှစ်ယောက်သားဧည့်ခန်းကဆိုဖာပေါ်မှာ လုံးထွေးကြ။ တစ်ယောက်နဲ့တစ်ယောက် ပြောင်းဖူးပေါက်ပေါက်တွေနဲ့ ပေါက်ပြီးစကြ။ အစ်မရဲ့ ဖြူလွလွ ခပ်အိအိစောင်လေးတွေကြား တစ်ယောက်လက်တစ်ယောက်ကိုင်ထားရင်း ဒီခံစားချက်ကို မသိချင်ယောင်ဆောင်တတ်ကြတယ်။ စိတ်မာတယ်ထင်ရတဲ့ဗျူးက တကယ်တမ်းကျ အငိုသန်လေးဖြစ်ပြီး စိတ်ပျော့တယ်ထင်ရတဲ့အစ်မက ဝမ်းနည်းစရာဇာတ်ဝင်ခန်းတွေဆို ဗျူးနဖူးလေးကို ခပ်ဖွဖွအနမ်းပေးရင်း နှစ်သိမ့်ပေးတတ်တယ်။

ပြန်မရနိုင်တော့တဲ့အတိတ်တွေဆိုပေမဲ့ လူတွေဆိုတာ မဖြစ်နိုင်တာကိုမှ လိုချင်ကြတာမလား။ အစ်မကိုယ်လေးကို ထွေးပွေ့ထားခွင့်၊ အနမ်းပေးခွင့်၊ အစ်မဆီကဂရုစိုက်မှုလေးတွေရနိုင်ခွင့်တွေက သက်တမ်းကုန်တဲ့ရုပ်ရှင်လက်မှတ်လို ကုန်ဆုံးသွားခဲ့ပြီ။ ဒါပေမဲ့လည်းအစ်မရယ်...ဗျူးကတော့ အစ်မရဲ့နယ်ပယ်လေးထဲကို ထပ်ပြီးခြေချချင်တုန်းပါပဲ။

_________________________________

#tobecontinued

အရမ်းဝမ်းနည်းနေကြမှာစိုးလို့ သကြားလုံးတစ်လုံး ကျွေးလိုက်ပြီနော်။ 😉

Charm || 26 Mar,2025
Copyright 2025,Charm,All rights reserved
License - CC-BY-NC-SA


You are reading the story above: TeenFic.Net